အပိုင်း ၁၀၇ (Extra)
Viewers 21k

Chapter 107

Extra 1.4.2




ရှဲ့ယွင်နန်ကို သက်တော်စောင့် အများအပြားက ကာကွယ်ထားသည့်အပြင် နောက်ကွယ်တွင်လည်း တပ်ဖွဲ့ကြီးတစ်ဖွဲ့ ရှိနေသေးသည့်အတွက် သွမ့်ချန်ချင်းမှာ သူ့အနား ကပ်နိုင်မည့် အခွင့်အရေး မရခဲ့။ အဝေးမှသာ ကြည့်နေခဲ့ရသည်။ 


ထိုသို့ဖြင့် ရှဲ့ယွင်နန်၏ ခန္ဓာကိုယ်အခြေအနေမှာ အလွန် ဆိုးဝါးနေကြောင်း တွေ့ရှိသွားတော့၏။ 


သို့သော် သူသည် အဆင့်နိမ့် ယဇ်ဆရာတစ်ဦးမျှသာ ဖြစ်သည့်အတွက် ရှဲ့ယွင်နန်ကို ကုသမပေးနိုင်။ 


ရှဲ့ယွင်နန်မှာ သူ သဘောကျရသူ ဖြစ်သည်။ ရှဲ့ယွင်နန်ကြောင့်သာ မဟုတ်ပါလျှင် သူသည် အသက်ပင် ရှင်နိုင်လိမ့်မည် မဟုတ်သည့်အတွက် ထိုသူကို မသေစေလိုပေ။ 


နောက်ဆုံးတွင်တော့ ဤကမ္ဘာသို့ ရောက်လာစဉ်က သူ ပထမဆုံး တွေ့ခဲ့သည့် ခန္ဓာကိုယ်ကို သတိရသွားတော့သည်။ 


ဟုန်ယဲ့မြို့တော်ကို အံ့ဖွယ်သားရဲများက တိုက်ခိုက်ခဲ့သည်။ သဲလွန်စအားလုံးကို ဆက်စပ်စဉ်းစားပြီးနောက် သူသည် အကြောင်းအရင်းကို မှန်းဆနိုင်သွားတော့သည်။ 


စိတ်စွမ်းအင် ဗဟိုချက် .. အဲဒါ သူ ဒီကမ္ဘာကို ရောက်လာကာစက ပထမဆုံး ခန္ဓာကိုယ်ထဲကနေ အမွေရလိုက်တဲ့ စိတ်စွမ်းအင် ဗဟိုချက်ကြောင့် ဖြစ်လာတာပဲ ... 


သူသာ အဲဒီ့ စိတ်စွမ်းအင် ဗဟိုချက်ကို ရမယ်ဆိုရင် ခွန်အားတွေ အမြန် တိုးတက်လာပြီး ရှဲ့ယွင်နန်ကို ကယ်တင်ပေးနိုင်မှာ ...


သူ့ရဲ့ စိတ်ဝိဉာဉ်ကလည်း ဒီ့ထက်ပိုပြီး မြန်မြန် သက်သာလာလိမ့်မယ် မဟုတ်လို့ကတော့ လက်ရှိ သူ့ရဲ့ ကျင့်ကြံနှုန်းနဲ့သာဆို ဒီခန္ဓာကိုယ်ကို သူ အပြည့်အဝ ထိန်းချုပ်နိုင်တဲ့အချိန်ဆို သေနေလောက်ပြီ ...


ဒါဆို ဒီဘဝကြီးက အလကားကြီး ဖြစ်သွားမှာ မဟုတ်လား ...


ပြီးတော့ သူသာ နောက်တစ်ကြိမ် ပြန်စရမယ်ဆို သေချာပေါက်ကို အကုန် မေ့သွားမှာ ...


ခန္ဓာကိုယ်ကို ထိန်းချုပ်ပြီးနောက် သွမ့်ချန်ချင်းသည် ဟုန်ယဲ့မြို့တော်မှ ထွက်ခွာကာ တောအုပ်ထဲသို့ ဝင်သွားလိုက်သည်။ 


တောအုပ်ထဲက ဘဝမှာ အလွန် ခက်ခဲကြမ်းတမ်းလွန်းသည့်တိုင် ကံကောင်းထောက်မစွာဖြင့် သူက သိစိတ်ဝိဉာဉ်ကို အသုံးပြုကာ အံ့ဖွယ်သားရဲများအား စိတ်ထွေပြားသွားစေနိုင်သည့်အတွက် ၎င်းတို့က သူ့ကို လျစ်လျူရှုသွားခဲ့ကြသည်။ 


ဟုန်ယဲ့တောအုပ်ထဲရှိ အင်အားကြီး အံ့ဖွယ်သားရဲများသည် စိတ်စွမ်းအင်ဗဟိုချက်ကို အပိုင်သိမ်းရန် နှစ်ပေါင်းများစွာ တိုက်ခိုက်နေခဲ့သည်။ စိတ်စွမ်းအင် ဗဟိုချက်ကို ရသွားသည့် မည်သည့် သားရဲမဆို အခြား အံ့ဖွယ်သားရဲ အားလုံး၏ ဝိုင်းအုံတိုက်ခိုက်ခြင်းကို ခံခဲ့ရပေသည်။ 


အဆုံးတွင် တောအုပ်ထဲရှိ အင်အားအကြီးဆုံးသားရဲ သေဆုံးသွားကာ စိတ်စွမ်းအင် ဗဟိုချက်ကို တောင်အစွန်းတွင် နေထိုင်သည့် လင်းယုန်တစ်ကောင်က ယူသွားပြီး ၎င်း၏ အသိုက်ထဲတွင် သိမ်းထားခဲ့သည်။ 


တောင်အစွန်းသို့ တက်ကာ သွမ့်ချန်ချင်းသည် လင်းယုန်ငှက်ကို အာရုံထွေပြားစေပြီး ထို အသိုက်ထဲမှ စိတ်စွမ်းအင် ဗဟိုချက်ကို တိတ်တဆိတ် လဲလှယ်ခဲ့လိုက်သည်။ 


သူ့ခန္ဓာကိုယ်နှင့် စိတ်ဝိဉာဉ်၏ ပေါင်းစပ်မှုမှာ ယခင်ကထက် ပိုမိုကောင်းမွန်လာ၍သာ တော်သေးသည်။ သူခန္ဓာကိုယ်က စိတ်စွမ်းအင် ဗဟိုချက်ကို ကျင့်ကြံရာတွင် အသုံးပြုရုံသာမက .. ၎င်းကို ဖုံးကွယ်၍ မြင့်မြတ်မြို့တော်ရှိ ရှဲ့ယွင်နန်ကို ရှာဖွေခဲ့သည်။ 


ထိုစိတ်စွမ်းအင် ဗဟိုချက်ကြောင့် သူ့ခွန်အားများ အလျင်အမြန် တိုးတက်လာကာ များမကြာမီ စီနီယာအဆင့် ယဇ်ဆရာ ဖြစ်သွားတော့သည်။ တစ်ချိန်တည်းမှာပင် ဉာဏ်ရည်လည်း ပိုမို ကောင်းမွန်လာကာ တစ်ဖြည်းဖြည်း စကားပြောနိုင်စ ပြုလာတော့သည်။ 


နောက်တစ်ကြိမ် နိုးထလာကာ မြင့်မြတ်မြို့တော်သို့ အမြန်ဆုံး ဦးတည်ထွက်ခွာလာလိုက်သည်။ 


သွမ့်ချန်ချင်းက သူ မလုပ်နိုင်မည်ကို စိုးရိမ်နေမိ၏။ 


တောအုပ်ကို ကျော်ဖြတ်ကာ မြင့်မြတ်မြို့တော်အနီးသို့ ချဉ်းကပ်ရန် နှစ်နှစ်ခန့် အချိန်ယူခဲ့ရသည်။ မြို့ထဲသို့ မည်ကဲ့သို့ ဝင်သင့်ကြောင်း စဉ်းစားနေစဉ် တစ်စုံတစ်ယောက် ရှဲ့ယွင်နန်ကို တိုက်ခိုက်ခဲ့၏။ 


ထိုအချိန်က သူသာ ခြေတစ်လှမ်း နောက်ကျခဲ့ပါလျှင် ရှဲ့ယွင်နန်မှာ သေနှင့်နေလောက်ပြီ ဖြစ်သည်။ 


ရှဲ့ယွင်နန်ကို ကယ်တင်ပြီးနောက် သွမ့်ချန်ချင်းသည် နောက်တစ်ကြိမ် အိပ်မောကျသွားရပြန်၏။


သူ နောက်တစ်ကြိမ် နိုးလာသည့်အခါ သူနှင့် ရှဲ့ယွင်နန်သည် ဂူထဲတွင်ပင် ရှိနေဆဲ ဖြစ်သည်။ သို့သော် ရှဲ့ယွင်နန်က စားသောက်ဆေးကြောသန့်စင်ပြီး ဖြစ်သည်။ 


ရှဲ့ယွင်နန်ကို ကယ်တင်ပြီးကာမှ သူသည် အခြေတည်အဆင့်ကို မပြီးဆုံးသေးသည့်အတွက် လုံလောက်သော ခွန်အား မရှိ၊ ရှဲ့ယွင်နန်ကို ပိုပြီး သက်သာလာစေရန် တူနှစ်ကိုယ် ကျင့်ကြံစဉ်ကသာ လုပ်ပေးနိုင်မည်ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ 


ထို့ကြောင့် အရူးလေးက ရှဲ့ယွင်နန်နှင့် တူနှစ်ကိုယ် ကျင့်ကြံခဲ့ခြင်း ဖြစ်သည်။ 


ခန္ဓာကိုယ်နှင့် စိတ်ဝိဉာဉ်ကို ခွဲထုတ်ထားခြင်း မရှိဘဲ သူ့ကိုယ်သူ အရူးလေးဟု မခေါ်နိုင်။ ဤခန္ဓာကိုယ်၏ လုပ်ရပ်အားလုံးမှာ သူ၏ လွှမ်းမိုးမှုကြောင့် ဖြစ်လာသည်များသာ ဖြစ်ပေသည်။ 


သူက ရှဲ့ယွင်နန် မခုခံနိုင်သည်ကို အခွင့်ကောင်းယူကာ ထိုသို့သော လုပ်ရပ်မျိုးကို လုပ်ခဲ့သည်။ ထိုအခိုက်၌ သွမ့်ချန်ချင်းသည် မည်ကဲ့သို့ တုန့်ပြန်ရမည်မှန်း မသိခဲ့ကြောင်း ဝန်ခံရပေမည်။ 


ရှဲ့ယွင်နန်က သူ့ကို မုန်းသွားလောက်လား ...


ခန္ဓာကိုယ်ကို ထိန်းချုပ်ပြီး ရှဲ့ယွင်နန်ကို ရှင်းပြလိုက်ရမလား ...


ထိုသို့ အတွေးများအကြား ရှုပ်ထွေးနေစဉ် ရှဲ့ယွင်နန်၏ ငယ်သားများ ရောက်လာခဲ့သည်။ 


သူ၏ စိတ်စွမ်းအင်နှင့် ကြည့်လိုက်သည့်အခါ ရောက်လာသူမှာ လုရှောင်ရန်ဖြစ်ကြောင်း သိလိုက်ရသည့်အတွက် စိတ်အေးသွားရသည်။ တစ်ချိန်တည်းမှာပင် ရှဲ့ယွင်နန်ကို ကယ်တင်ရန် သူ့ခွန်အားကို မည်ကဲ့သို့ တိုးမြှင့်သင့်ကြောင်း စဉ်းစားစ ပြုလာတော့၏။ 


ရှဲ့ယွင်နန်၏ အခြေအနေမှာ ဆိုးဝါးလွန်းသောကြောင့် သူ့အနေဖြင့် အနည်းငယ်မျှပင် မနှောင့်နှေးရဲ။ 


ရှဲ့ယွင်နန်ကို ကယ်တင်ရန်အတွက် အခြေတည်အဆင့်သို့ မဖြစ်မနေ ရောက်ရှိရမည် ဖြစ်သည်။ 


ရှဲ့ယွင်နန်နှင့်အတူ လိုက်လာပြီးနောက် တစ်ဖက်လူသည် စိတ်ချရသည့် နေရာတွင် ရှိနေကြောင်း အတည်ပြုပြီးသည်နှင့် တစ်ပြိုင်နက် သူ့စွမ်းရည်များ တိုးတက်လာအောင် အစွမ်းကုန် ကြိုးစားလိုက်တော့သည်။ 


ရလဒ်အနေဖြင့် ထိုကိစ္စများအား ရှင်းပြရန် သူ့ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့၊ ၎င်းက သူ့ကို စိတ်စွမ်းအင်များစွာ ကုန်ခမ်းစေပေသည်။ 


သူ့အချိန်အများစုကို ကျင့််ကြံခြင်းဖြင့် ကုန်ဆုံးခဲ့ကာ တစ်ဖက်တွင် ရှဲ့ယွင်နန်ကိုလည်း အကဲခတ်နေခဲ့သည်။ အထူးသဖြင့် သူတို့နှစ်ဦး တူနှစ်ကိုယ်ကျင့်စဉ်ကို ကျင့်ကြံသည့် အချိန်တိုင်းလိုလို ဖြစ်သည်။ 


ရှဲ့ယွင်နန်က အနည်းငယ် အိုမင်းလာကာ မျက်လုံးထောင့်စွန်းတွင် အရေးအကြောင်းများ ထွက်နေပြီး ယခင်ကကဲ့သို့ လှပခန့်ညားခြင်း မရှိတော့။ 


သို့သော် သွမ့်ချန်ချင်း၏ စိတ်အသက်မှာလည်း မငယ်လှရာ ထိုသို့သော ပုံစံမျိုးကပင်လျှင် သူ့အတွက် ငယ်ရွယ်ချောမောသော ရှဲ့ယွင်နန်ထက် ပိုမိုကာ စွမ်းဆောင်ရည် ရှိနေပေသည်။ 


ထို့အပြင် အံ့ဩစရာကောင်းသည့်အချက်မှာ ရှဲ့ယွင်နန်ကလည်း သူ့ကို သဘောကျနေခြင်း ဖြစ်သည်။ 


ဒီလို လူတစ်ယောက်ရဲ့ သဘောကျတာကို ခံရတာ .. တကယ်ကို လေထဲ လွင့်မျောသွားချင်စရာ ခံစားချက်မျိုးပဲ ...


သူ့ခန္ဓာကိုယ်ပါ သက်ရောက်ခံလိုက်ရကာ အရူးလေးက ရှဲ့ယွင်နန်နှင့် တစ်ချိန်လုံး အတူတူ ရှိနေရန် မစောင့်ဆိုင်းနိုင်တော့။ 


ထို့နောက်တွင် ရှဲ့ယွင်နန်က သူ့ကို ဆွဲထုတ်သွားခဲ့သည်။ 


ခန္ဓာကိုယ်က သတိလစ်သွားသော်ငြား ရှဲ့ယွင်နန်က "ကိုယ် မင်းကို ချစ်တယ်” ဟု ပြောလိုက်ချိန်တွင် သူ့အသိစိတ်သည် များစွာရှင်းလင်းနေပေသည်။ 


သူလည်း ရှဲ့ယွင်နန်ကို ချစ်တယ် ...


သို့သော် ရှဲ့ယွင်နန်ကမူ သေရန် စိတ်ကို ပြင်ဆင်ထားပြီး ဖြစ်သည်။ 


သူက ရှဲ့ယွင်နန်ကို အပြစ်မတင်နိုင်။ အကြောင်းမှာ တစ်ဖက်လူက သူ့ဒဏ်ရာများမှာ ကုသ၍ ရနိုင်ကြောင်း မသိထား၍ ဖြစ်သည်။ 


သို့သော် ထိုသို့ သိထားသည့်တိုင် ဒေါသများ ထိန်းမရစွာ ထွက်မိနေဆဲပင်။ 


ရှဲ့ယွင်နန်ရဲ့ အတွေးတွေ အကုန်လုံးက ဒီကမ္ဘာက လူတွေအတွက်ပဲလား ဟမ် .. သူ့အတွက်သူတောင် မတွေးတော့ဘူးလား ပြီးတော့ ငါ့ကိုလည်း တကယ့် အရူးလေးတစ်ယောက်လို ဆက်ဆံနေတာလား ...


အရူးလေးသာ နိုးလာပြီး ရှဲ့ယွင်နန်ကို မတွေ့တော့ရင် ဘယ်လောက်တောင် နေရခက်သွားလိမ့်မလြ ရှဲ့ယွင်နန်က ဘာလို့ အရူးလေးရဲ့ အကူအညီကို ယူပြီးတော့ သူနဲ့အတူ မနေချင်တာလဲ ...


ရှဲ့ယွင်နန်က သူ့ကို သဘောကျနေတာ တကယ် မဟုတ်ဘူးလား ...


ရှဲ့ယွင်နန်က တကယ်တမ်း ပြောရရင် ဒီလိုဘဝမျိုးနဲ့ မနေချင်လောက်ဘူး ...


ထိုအချိန်တွင် သွမ့်ချန်ချင်းမှာ သူ့နှလုံးသား တစ်ခုလုံးအား ဓားဖြင့် မွှေနှောက်နေသလို အလွန် နာကျင်ကာ နောင်တလည်း ရမိလာတော့သည်။ 


ဘာလို့ ခန္ဓာကိုယ်ကို ထိန်းချုပ်ပြီး ရှဲ့ယွင်နန်ကို စောစောစီးစီး ရှင်းမပြမိခဲ့တာလဲ .. သူက အချိန်လေး နည်းနည်းပဲ လိုအပ်ခဲ့တာပါ ....


စိတ်ကို အေးအေးထားစမ်း ...


စိတ်ကို အေးအေးမထားနိုင်ရင် ရှဲ့ယွင်နန်ကို ကယ်နိုင်မယ့် အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး ....


အခု သူက အရမ်းကို အားနည်းလွန်းနေတယ် ဒီခန္ဓာကိုယ်ကို အသုံးပြုနိုင်တယ်ဆိုရင်တောင် ရှဲ့ယွင်နန်ကို ကူညီဖို့ ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး .. အခြေတည်အဆင့်ကို ချိုးဖျက်နိုင်ဖို့ကမှ တကယ်ကို အရေးအကြီးဆုံးပဲ ...


ဤရက်ပိုင်းအတွင်း သူတို့နှစ်ဦးသည် တူနှစ်ကိုယ် ကျင့်ကြံခြင်းကို ကြိမ်ဖန်များစွာ ဆောင်ရွက်ခဲ့ကြသည့်အတွက် အကျိုးကျေးဇူးများစွာ ရခဲ့ပေသည်။ ထို့အပြင် ရှဲ့ယွင်နန်က နဝမအဆင့် တိုက်ခိုက်သူလည်း ဖြစ်နေသေးသည်။ 


သူက အခြေတည်အဆင့်၏ နောက်ဆုံးအဆင့်သို့ ရောက်နေပြီဖြစ်ကာ နောက်ဆုံးခြေလှမ်းကို လှမ်းနိုင်ရန်သာ လိုတော့သည်။ 


ရှချင်က သွမ့်ချန်ချင်းကို သယ်ဆောင်ကာ လျှို့ဝှက်လမ်းကြောင်းမှတစ်ဆင့် အနီးအနားရှိ အိမ်တစ်လုံးသို့ ခေါ်လာလိုက်သည်။ 


ထိုနေရာတွင် လူအများအပြား စောင့်ဆိုင်းနေ၏။ 


တိတ်တဆိတ် ငိုကြွေးရင်း သူမက အမိန့်များကို တစ်ခုပြီးတစ်ခု တည်ငြိမ်စွာဖြင့် ပေးနေလိုက်သည်။ 


သွမ့်ချန်ချင်း၏ နှလုံးသားထဲတွင် မီးဟုန်းဟုန်း တောက်လောင်နေကာ ထိုမီးပုံက ပြင်းလွန်းအားကြီး၍ သူ့ကိုယ်သူပင် ပြာချမိလုမတတ်ပင်။ 


သူ အမြန်ဆုံး ချိုးဖျက်နိုင်မှ ရမယ် မဟုတ်ရင် ရှဲ့ယွင်နန် သေတော့မှာ ...


သူ အာဟာရ ချို့တဲ့နေတာကို သတိပြုမိလို့ ဒဏ်ရာနေတဲ့ ခန္ဓာကိုယ်ကို တရွတ်ဆွဲပြီး နို့မှုန့်ထုပ်တွေ ပြန်ယူလာပေးတဲ့ ရှဲ့ယွင်နန် ...


ကန်စွန်းဉခြောက်လေးအတွက် အသားခြောက်တွေ ပြန်ပေးခဲ့တဲ့ ရှဲ့ယွင်နန် ...


သူ ငိုတဲ့အခါ နှစ်သိမ့်ပေးတဲ့ ဒဏ်ရာရနေတဲ့ ရှဲ့ယွင်နန် ...


သူ့ကို အရင် စနမ်းခဲ့တဲ့ ရှဲ့ယွင်နန် ...


ပြီးတော့ တအားကို ပြင်းထန်တဲ့ နာကျင်မှုတွေကြောင့် အထူးတလည် ဖော်စပ်ထားတဲ့ အကိုက်အခဲပျောက်ဆေး သောက်မှပဲ နည်းနည်း သက်သာရာရတဲ့ ရှဲ့ယွင်နန် ...


သူ သေသွားတော့မှာ ...


ဆိုဖာပေါ်တွင် နေရာချထားခြင်း ခံရသည့် သွမ့်ချန်ချင်းက ရုတ်တရက် မျက်လုံး ဖွင့်လိုက်သည်။ 


အကြပ်အတည်းက အလျင်အမြန် ရင့်ကျက်ကာ အခက်အခဲကို ကျော်လွှားနိုင်သည့် အစွမ်းသတ္တိများ ပေးစွမ်းပေသည်။ 


သူ နိုးလာသည်ကို မြင်လိုက်သည့်အခါ ရှချင်၏ မျက်နှာထား ရုတ်တရက် ပြောင်းလဲသွားပြီး သူ့ကို ချော့မော့လိုက်သည်။ 


“သို့သို့ နိုးလာပြီလား မင်းကို မြို့အရှင်ကို ကူရှာပေးမယ်နော် ...”


သွမ့်ချန်ချင်းက ရုတ်တရက် မတ်တပ်ထရပ်ကာ ပြောလိုက်သည်။ 


“ရှဲ့ယွင်နန်ကို ရှာချင်တယ် ...”


ရှချင်က ပြောလိုက်သည်။ 


“ဒါဆို နောက်ကလိုက်ခဲ့ မင်းကို သွားရှာပေး ...”


သွမ့်ချန်ချင်းက သူမ၏ စကားကိုပင် အပြီးအထိ မစောင့်။ နောက်နားရှိ လျှို့ဝှက်လမ်းကြောင်း တံခါးကို လှပ်ကာ ပြေးထွက်သွားလိုက်သည်။ 


ရှချင်၏ မျက်နှာမှာ အကြီးအကျယ် ပျက်ယွင်းသွားတော့သည်။ 


“ရပ်လိုက်စမ်း ...”


အိမ်ထဲရှိ လူသန်ကြီးအားလုံး လမ်းကို ပိတ်ထားလိုက်သည်။ သို့သော် သူတို့က ယခုလက်ရှိ သွမ့်ချန်ချင်းကို မည်သို့မှ မတားဆီးနိုင်။ တစ်ယောက်ပြီးတစ်ယောက် အလဲထိုးခံလိုက်ရတော့သည်။


မျက်စိတစ်မှိတ်အတွင်းမှာပင် သွမ့်ချန်ချင်းက လျှို့ဝှက်လမ်းကြောင်းမှတစ်ဆင့် ပျောက်ကွယ်သွားတော့သည်။ 


“ငါတို့တွေ ဘာလုပ်သင့်လဲ လိုက်သွားကြမလား ...”


တစ်ယောက်က မေးလိုက်သည်။ 


“မလိုဘူး ...”


ရှချင်၏ အကြည့်တို့က တစ်ဖြည်းဖြည်းချင်း လင်းလက်သွားသည်။ 


သူမအနေဖြင့် နောက်ပြန်မဆုတ်နိုင်၊ လုပ်စရာအများအပြား ရှိနေပေသည်။ အရူးလေးအတွက်မူ သူ့ခွန်အားမှာ သူမ တွေးထားသည်ထက်ပင် ပိုပြီး သန်မာနေသေးရာ ...


သူက မြို့အရှင်ကို ကယ်နိုင်လောက်လား ...


သူမက နောက်ထပ်တစ်ခု အမိန့်ပေးလိုက်သည်။ 


“ဆေးရုံထဲက မော်နီတာနဲ့ ချိတ်လိုက် ငါ အဲဒီ့ဘက်က အခြေအနေကို သိချင်တယ် ပြီးတော့ မြို့အရှင်ရဲ့ ရီမုကွန်ထရိုးထဲမှာ ပေါက်ကွဲစေတဲ့ ဗုံး ပါနေတာ အဲဒါကိုလည်း ပိတ်လိုက် ငါတို့ဘက်က တိုက်ခိုက်သူတွေရော ဘယ်ရောက်နေလဲ အဆင်သင့် ပြင်ထားကြ တိုက်ပွဲက ကြမ်းတော့မှာ ...”


သူမက မြို့အရှင်ကို ဘယ်လိုနည်းနဲ့မှ သေခွင့် မပြုနိုင်ဘူး ...


မြို့အရှင်က သေဖို့ အဆင်သင့် ပြင်ထားပြီးသား ဆိုရင်တောင် သူ့ကို ကောင်းကောင်းမွန်မွန် အသက် ဆက်ရှင်သွားစေချင်နေတုန်းပဲ ...



1.4.2