အပိုင်း ၁၀၈ (Extra)
Viewers 21k

Chapter 108

Extra 1.5.1




ဆေးရုံရှိ ရှဲ့ယွင်နန်၏ အခန်းတွင် ...


ဤရက်များအတွင်း ရှဲ့ယွင်နန်သည် သူ့အချိန် အများစုကို လဲလျောင်းလျက်သာ ကုန်ဆုံးခဲ့ရသည်။ ထို့ကြောင့် သူ၏ အစစအရာရာ ယိုယွင်းပျက်စီးနေသော ခန္ဓာကိုယ်အဖို့ မတ်တပ်ရပ်ခြင်းကပင်လျှင် အလွန် ပင်ပန်းဖွယ် ကောင်းလှပေသည်။ 


သို့သော် ယခု လူတစ်ဦး ရောက်လာနေ၏။ 


ရှချင် အရူးလေးနှင့်အတူ ထွက်သွားပြီးနောက် သူက တစ်ဖြည်းဖြည်း ထထိုင်ခဲ့သည်။ 


သူ့အခန်းထဲတွင် အရူးလေး၏ အငွေ့အသက်များစွာ ကျန်ရစ်နေ၏။ ထိုအချိန်များမှာ သူ့အဖို့ ရှားရှားပါးပါး စိတ်အေးချမ်းခဲ့ရသည့် အချိန်များပင် ဖြစ်သည်။ 


သူက တွေဝေမိန်းမောနေရာမှ နိုးထကာ အိပ်ယာဘေးရှိ ဝှီးချဲပေါ်သို့ ခက်ခက်ခဲခဲ တက်လိုက်ပြီးနောက် အပြင်ဘက်ရှိ ဧည့်ခန်းထဲသို့ ထွက်ကာ စောင့်နေလိုက်သည်။ 


သူက သူ့ခန္ဓာကိုယ်မှာ ပြန်လည်သက်သာနေပြီ ဖြစ်ကြောင်းနှင့် သူ့ဒဏ်ရာများမှာလည်း ရန်သူကို ချေမှုန်းရန် တမင်တကာ ကြံစည်ထားသည်များသာ ဖြစ်ကြောင်း သတင်းလွှင့်စေခဲ့သည်။ 

သူ့လူများကလည်း ထို “ဆက်ခံသူ”ထံ အာဏာလွှဲအပ်သည်ဆိုသည့် သဲလွန်စများကို တမင်တကာ ချစ်ရစ်ခဲ့ကြသည်။ 


ရန်သူ့ဘက်တော်သားများက ထိုသတင်းအကြောင်း စတင် စုံစမ်းကြသည့်အခါ သူက သူ့တည်နေရာကို တမင်တကာ ပေါက်ကြားစေလိုက်သည်။ 


သူ့ကို ခြေနင်းတုံးဟု သဘောထားကာ ဖယ်ရှားလိုကြသူများ မကြာမီ ရောက်လာကြတော့မည် ဖြစ်သည်။ 


သူက ထိုလူကို နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ရသည်။ 


အစောပိုင်းတွင် ထိုသူ၏ လက်ထဲ၌ ဝှက်ဖဲများစွာ ရှိနေကာ နေရာတွင် ထိုင်နေရင်း အကြံအစည်များစွာ ချမှတ်နိုင်ခဲ့သော်ငြား လတ်တလောတွင် သူ့ပြိုင်ဘက်အိုကြီး၏ လက်ထဲ၌ အင်အား နည်းသည်ထက် နည်းလာကာ ပိုမိုပြီး စိတ်မရှည် ဖြစ်လာတော့သည်။


တံခါးမှာ တွန်းဖွင့်ခံလိုက်ရ၏။ 


သင့်တင့်လျောက်ပတ်သည့် အပြုံးတစ်ခုကို ချိတ်ဆွဲထားသည့် ရှဲ့ယွင်နန်၏ အမူအယာတစ်ခုလုံး ရုတ်ချည်း အေးခဲသွားတော့သည်။ 


ဘာလို့ အရူးလေးက ဒီမှာ ရှိနေရတာလဲ ...


အရူးလေးကို အဝေးကို ခေါ်သွားကြပြီ မဟုတ်ဘူးလား သူက ဘယ်လိုလုပ် ဒီမှာ ရှိနေတာလဲ နေပါဦး ဒီလူက အရူးလေး မဟုတ်ဘူး ...


ထိုလူက အရူးလေး၏ အဝတ်အစားများကို ဝတ်ဆင်ကာ အရူးလေးနှင့် တစ်ပုံစံတည်း တူညီနေသည့်တိုင် သူ့အကြည့်တို့မှာ အရူးလေး၏ ရိုးစင်းလှသော အကြည့်များနှင့် လုံးဝဥဿုံ ကွဲပြားနေသည်။ 


ဒီလူ၏ အရှိန်အဝါမှာလည်း အလွန် မွန်းကြပ်ဖွယ် ကောင်းလှသည်။ 


ဒီလူက အရမ်း .. အရမ်းကို သန်မာလွန်းတယ် သူက ဘယ်သူလဲ ...


စက္ကန့်ပိုင်းအတွင်းမှာပင် ထိုလူက သူ့အရှိန်အဝါကို ပြန်သိမ်းသွားကာ ရှဲ့ယွင်နန်ကို စိုက်ကြည့်လိုက်သည်။ 


“ကောင်းတယ် သိပ်ကို ကောင်းတယ် ရှဲ့ယွင်နန် ခင်ဗျားက ကျွန်တော့်ကို ဆွဲထုတ်ပြီးတောင် အဝေးကြီးကို ပို့လိုက်သေးတယ်ပေါ့ ခင်ဗျားရဲ့ အကြံက ဘာလဲ ...”


ဤသည်မှာ အရူးလေး၏အသံ ဖြစ်သည့်တိုင် အရူးလေးက စကားကို ဤကဲ့သို့ ပြည့်ပြည့်စုံစုံ မပြောနိုင်။ ရှဲ့ယွင်နန်က ချက်ခြင်း သတိကပ်သွားကာ မေးလိုက်သည်။


“မင်းက ဘယ်သူလဲ ...”


“ခင်ဗျားရဲ့လူ ...”


သွမ့်ချန်ချင်းက ပြောလိုက်သည်။ 


ရှဲ့ယွင်နန်က သူ့ကို အေးစက်စွာ စိုက်ကြည့်ရင်း ဖြစ်ပျက်ခဲ့သည်များကို ပြန်တွေးနေ၏။ 


သူ့ခန္ဓာကိုယ် အခြေအနေမှာ အလွန် ဆိုးရွားနေသော်လည်း ဝှီးချဲပေါ်တွင် ခါးကို ဆန့်တန်းလျက် ခပ်မတ်မတ် ထိုင်နေသည့် သူ့ပုံစံကြောင့် မည်သူမှ အထင်မသေးရဲကြချေ။ 


သွမ့်ချန်ချင်းကလည်း အတော်လေး စိတ်အနှောင့်အယှက်ဖြစ်နေ၏။ သူက ထိုသူကို သဘောကျသည့်တိုင် သူ့ကို စွန့်ပစ်ကာ သေလမ်းရှာနေကြောင်း သိလိုက်ရသည့်အခါ ဒေါသစိတ်တို့ ထိန်းချုပ်၍ မရစွာ ထွက်ပေါ်လာတော့သည်။ 


နောက်ဆုံးတွင်တော့ သူ့ထံမှ စကားသံ ထွက်လာတော့သည်။ 


“ကျွန်တော်က သို့သို့ပဲ .. သူ့ရဲ့ ဒုတိယစရိုက် ...”


သူက ရှဲ့ယွင်နန်၏ သံသယစိတ်ကို အချိန်တိုအတွင်း လျော့ချရန် လိုအပ်ပေသည်။ 


သူ၏ ဇစ်မြစ်အမှန်မှာ မယုံကြည်နိုင်စရာ ကောင်းလွန်းလှသည့်အတွက် ထိုသို့သာ ပြောလိုက်ရတော့သည်။ 


“ဒုတိယစရိုက်လား ...”


ရှဲ့ယွင်နန်က ကြောင်အသွားသည်။ 


“ဟုတ်တယ် ခင်ဗျားပဲ စဉ်းစားကြည့်လေ ဘယ်လိုလုပ်ပြီး အရူးတစ်ယောက် စီနီယာအဆင့် ယဇ်ဆရာဖြစ်နိုင် ပြီးတော့ တောထဲမှာ အကြာကြီး နေနိုင်မှာလဲ ...”


သွမ့်ချန်ချင်းက ပြောလိုက်သည်။ 


ရှဲ့ယွင်နန်က သူ့ကို အရူးလေးဟု သူ့သဘောနှင့်သူ ခေါ်ခဲသည့်တိုင် တစ်ခြားသူများက သူ့ကို အရူးလေးဟု ခေါ်သည်အား ကြားလိုက်ရသောအခါ အနည်းငယ် မသက်မသာ ဖြစ်သွားတော့သည်။


သို့သော် သူ့တွင် အရူးလေးနှင့် ပတ်သက်၍ သံသယများ ရှိခဲ့ဖူးသည်။ ရှောင်ဟွား၏ စကားများအရ အရူးလေးသည် အလွန် ထူးဆန်းကာ စုံစမ်းစစ်ဆေးမှုများအား မည်သို့ ရှောင်လွှဲရမည်ကို သိနေသည်။ ဥပမာအားဖြင့် သူက အချိန်ကြာမြင့်စွာ ပျောက်ဆုံးနေခဲ့သည့်တိုင် စီနီယာအဆင့် ယဇ်ဆရာ ဖြစ်ခဲ့သည်။ ဒုတိယဥပမာမှာ သူသည် အမှန်တကယ်ပင် တောအုပ်ထဲတွင် နေထိုင်ခဲ့၏။ မည်သည့်အရာကိုမှ နားမလည်ပါလျှင် သူသည် မည်သို့မှ ရှင်သန်နိုင်မည် မဟုတ်ချေ။ 


သို့သော် ဒုတိယစရိုက် ရှိနေလျှင်မူ ထိုအချက်များအားလုံး ယုတ္တိရှိသွားပေသည်။ 


ဘယ်နေရာကနေ ရောက်လာမှန်း မသိတဲ့ ဒုတိယစရိုက်ကို ကြည့်ရတာ နည်းနည်းလေးမှကို ရူးနေတဲ့ပုံ မပေါ်ဘူး သူ့ကို လာရှာတာ ဘာလုပ်ချင်လို့ပါလိမ့် ...


ရှဲ့ယွင်နန်၏ နှလုံးသားတစ်ခုလုံး လေးလံသွားကာ ရှင်းမပြတတ်လောက်အောင် ရှက်ရွံ့သွားတော့သည်။ 


ထို ဒုတိယစရိုက် ဆိုသည့် အရာမှာ အရူးလေး ကြုံတွေ့ခဲ့သမျှနှင့် သူ့အကြောင်း အားလုံးကို ကျိန်းသေ သိနေပေလိမ့်မည်။ 


သူ့လို သက်လတ်ပိုင်း အမျိုးသားတစ်ယောက်က အရူးလေးကို သူနဲ့အတူနေဖို့ ချော့မော့ပြောခဲ့တာ ... ဒါကို သိသမျှ လူတိုင်းက သူ့မှာ မကောင်းတဲ့အကြံအစည် ရှိနေတယ်လို့ပဲ ထင်ကြမှာပဲ ...


မဟုတ်သေးဘူး အခုလို အတွေးထဲ မျောနေလို့ မဖြစ်ဘူးလေ အခုလက်ရှိ ဒီနေရာက အရမ်း အန္တရာယ်များနေတာ အရူးလေးက ချက်ခြင်း ထွက်သွားမှ ဖြစ်မယ် ...


ရှဲ့ယွင်နန်က သူ့အတွေးများကို ပြန်ရုတ်သိမ်းကာ ရေခဲသဖွယ် အေးစက်သည့် အသံဖြင့် ပြောလိုက်သည်။ 


“မင်းကို မလိုချင်လို့ အဝေးပို့လိုက်တာပေါ့ မင်းက ဒီမှာ ဘာလုပ်နေတာလဲ ...”


တစ်ဖက်လူက သူ့ကို မည်သို့ပင် ထင်သွားပါစေ သူက ထိုသူကို အခုချက်ခြင်း ထွက်သွားစေလိုပေသည်။ 


သွမ့်ချန်ချင်းက ဒေါသတကြီး ရယ်မောလိုက်သည်။ 


“ခင်ဗျားက ကျွန်တော့်ကို မလိုချင်တာတောင် ချစ်ပါတယ်လို့ ပြောသေးတယ်ပေါ့ ခင်ဗျားရဲ့ ပိုင်ဆိုင်မှုတွေကိုတောင် ပေးခဲ့ချင်သေးတယ်ပေါ့ ခင်ဗျားက ကျွန်တော့်ကို ချစ်နေတာ အရှင်းကြီး သေလောက်အောင်ကို ချစ်နေတာလို့ ...”


ရှဲ့ယွင်နန်က တစ်ဖက်လူသည် သူ၏ တိတ်တခိုး ဝန်ခံချက်ကို ကြားသွားလိမ့်မည်ဟု မထင်ထားခဲ့။ 


“ပါးစပ်ကို ပိတ်ထားလိုက်စမ်း မင်းက ဘာလုပ်ချင်တာလဲ ...”


“ဘာမှ မလုပ်ချင်ဘူး ခင်ဗျားပဲ ကျွန်တော့်ကို ချစ်နေတာ မဟုတ်ဘူး ကျွန်တော်ကလည်း ခင်ဗျားကို ချစ်နေတာ သေရမယ် ဆိုရင်တောင် အတူတူပဲ သေချင်တယ် ...”


ဒုတိယစရိုက်ကလည်း သူ့ကို သဘောကျနေတာလား ...


ရှဲ့ယွင်နန်၏ သူငယ်အိမ်တို့ ကျုံ့ဝင်သွားကာ နှလုံးခုန်သံများ မြန်ဆန်လာသော်ငြား အသံမှာမူ အေးစက်နေဆဲပင်။ 


“ဒီကနေ ထွက်သွားစမ်း မင်းကို မချစ်ဘူး ...”


သွမ့်ချန်ချင်း၏ နှလုံးသားတစ်ခုလုံး နာကျင်သွားပြန်၏။


ထိုအချိန်တွင် ရှဲ့ယွင်နန်က မီးပုံထဲ ဓာတ်ဆီလောင်းလိုက်ပြန်သည်။ 


“ငါက အရူးလေးကို ရိုးစင်းလို့ သဘောကျမိရုံလေးပဲ ဒါကို အချစ်လို့ မခေါ်နိုင်ဘူး မင်းအတွက်တော့ .. မင်းက သူစိမ်းတစ်ယောက်သာသာပဲ .. ထွက်သွား ...”


ထိုစကားများက သူ့ကို နှင်ထုတ်ရန် တမင်တကာ ပြောနေခြင်းဖြစ်ကြောင်း သိထားသည့်တိုင် သွမ့်ချန်ချင်းသည် ရှဲ့ယွင်နန်အား အိပ်ယာပေါ် ဆွဲခေါ်ကာ ရိုက်နှက်လိုစိတ်များ ဖြစ်ပေါ်လာတော့သည်။ 


ကောင်းပြီ အခုတော့ မဟုတ်သေးဘူး အနာဂတ်ကျမှပေါ့ .. ဒီနေ့ကိစ္စကို သေချာပေါက် မှတ်ထားတယ် ...


“ရှဲ့ယွင်နန် နေဦး လူတစ်ယောက် လာနေတယ် ...”


သွမ့်ချန်ချင်းက ချက်ခြင်း သူ့ဘေးသို့ သွားလိုက်သည်။ 

သူက မည်သည့်အရာများ ဖြစ်နေမှန်း မသိသော်ငြား ရှဲ့ယွင်နန်က သူ့ကို နှင်ထုတ်ကာ တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေရာ ထိုသူမှာ ရှဲ့ယွင်နန်၏ ရန်သူတော် ဖြစ်ပေလိမ့်မည်။ 


ထို့အပြင် ထိုသူ ရောက်လာနေပြီ ဖြစ်သည်။ 


သွမ့်ချန်ချင်း၏ စကားများကို ကြားလိုက်ရသည့်အခါ ရှဲ့ယွင်နန်၏ အမူအယာများ ပြောင်းလဲသွားသော်ငြား စိုးရိမ်ရုံမှအပ သူ့တွင် မည်သည့်အရာကိုမှ လုပ်နိုင်စွမ်း မရှိ။ သွမ့်ချန်ချင်း၏ စကား မဆုံးသေးခင်မှာပင် လူတစ်ဦး ပြေးဝင်လာသည်။ 


လက်ထဲတွင် နှင်တံကို ကိုင်ထားကာ အထက်တန်းကျကျ ဝတ်ဆင်ထားသည့် အသက် ၆၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးက လူတစ်စုကို ခြံရံလျက် ဝင်လာသည်။ သူ့ဘေးတွင် အသက် ၂၀ ဝန်းကျင် လူငယ်တစ်ဦးလည်း ပါလာ၏။ 


နှင်တံကို ကိုင်ထားသူမှာ ရှဲ့ယွင်နန်ကို ဆန့်ကျင်သူများ၏ နောက်ကွယ်မှ ကြိုးကိုင်သူ ကျောက်မိသားစုခေါင်းဆောင်ဖြစ်ကာ သူ့ဘေးရှိ လူငယ်လေးကမူ ရှဲ့ယွင်နန် အချိန်များစွာ အကုန်ခံပြီး ပျိုးထောင်ခဲ့သည့် ဆက်ခံသူ ဟန့်လီဝမ် ဖြစ်သည်။ 


မူလက ရှဲ့ယွင်နန်သည် ဟန့်လီဝမ်အပေါ် အချိန်နှင့် အင်အားအများအပြား ရင်းနှီးကာ ပျိုးထောင်ပေးခဲ့ပြီး များစွာလည်း မျှော်လင့်ထားခဲ့သည်။ ထို့ကြောင့် တစ်ဖက်သူမှာ အမှန်တကယ်တွင် ရန်သူ့ဘက်တော်သားတစ်ဦး ဖြစ်ကြောင်း သိလိုက်ရသည့်အခါ များစွာ စိတ်ထိခိုက်သွားခဲ့မိသည်။ 


ထိုကိစ္စများ ဖြစ်ပွားခဲ့သည်မှာ ထိုက်သင့်သလောက် ကြာမြင့်နေပြီဖြစ်၍ သူသည် ဟန့်လီဝမ်၏ သက်ရောက်ခြင်းကို မခံရတော့ပေ။ 


သူ့ဘေးရှိ သွမ့်ချန်ချင်းက စိတ်အခြေအနေ မကောင်းလှ. ဟန့်လီဝမ်ကို စိုက်ကြည့်ကာ သူ့ကို သေသည်အထိ ရိုက်သတ်လိုစိတ်များ ဖြစ်ပေါ်နေတော့သည်။ 


သူက ထိုသူကို ရှဲ့ယွင်နန်၏ ဘေးတွင် ကပ်လျက် မြင်ရလေတိုင်း မည်မျှ သဝန်တိုခဲ့ရကြောင်း မှတ်မိနေပါသေးသည်။ ထိုလူက ရှဲ့ယွင်နန်ကို အဖော်ပြုပေးနိုင်သည့်အတွက်လည်း မနာလို အားကျခဲ့ရ၏။ 


ထိုသူက သစ္စာဖောက် ဖြစ်နေလိမ့်မည်ဟု တစ်ခါမျှပင် တွေးမကြည့်ဖူးခဲ့။ 


ခေါင်းဆောင်ကျောက်က ရှဲ့ယွင်နန်ကို ကြည့်ကာ ပြောလိုက်သည်။ 


“ရှဲ့ယွင်နန် မင်းက တကယ်ကြီး မသေ ...”


“ကံကောင်းလို့ပါ ...”


ရှဲ့ယွင်နန်က ပြောလိုက်သည်။ 


ဟန့်လီဝမ်ကို တွေ့နေရသည့်တိုင် တည်ငြိမ်နေဆဲဖြစ်သော ရှဲ့ယွင်နန်၏ အမူအယာကို တွေ့လိုက်ရသည့်အခါ ခေါင်းဆောင်ကျောက်က ထပ်ပြောလိုက်ပြန်သည်။ 


“မင်းက ဟန့်လီဝမ်အကြောင်း သိနေပြီးသားလား .. ငါတော့ မင်းကို လျော့တွက်လိုက်မိတာပဲ ..."


“ကျွန်တော်လည်း ခင်ဗျားကို လျော့တွက်မိတာပါပဲ ခင်ဗျားလို ကျောက်မိသားစုရဲ့ အာဏာတိုက်ပွဲမှာ ဝင်မပါတဲ့သူက နောက်ကွယ်က ကြိုးကိုင်သူ ဖြစ်နေလိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့မိဘူးလေ ...”


သူ့လေသံမှအပ အမူအယာမှာ အလွန်ပေါ့ပါးနေကာ သူ့အား ဝန်းရံထားသူများနှင့် ပတ်သက်၍ စိုးရိမ်ခြင်း အလျဉ်း မရှိသည့်ဟန်ပင်။ ထို့ကြောင့် ခေါင်းဆောင်ကျောက်က အလွန် စိတ်အနှောင့်အယှက် ဖြစ်လာတော့သည်။


“ရှဲ့ယွင်နန် ငါ မင်းကို အမြဲတမ်း လေးစားခဲ့တာ ငါတို့တွေ အချိန်အကြာကြီး တိုက်ခိုက်ခဲ့ကြတာဆိုတော့ ဒီနေ့ မင်းကို မျက်နှာသာပေးလိုက်မယ် ...”


“ဘာကိုလဲ ...”


ရှဲ့ယွင်နန်က သူ့ကို စိုက်ကြည့်လိုက်သည်။ 


ခေါင်းဆောင်ကျောက်က ပြုံးပြလိုက်သည်။ 


“ရှဲ့ယွင်နန် မင်းမှာ ဘယ်လိုလှည့်ကွက်တွေ ရှိနေတာလဲ လုကျင်းချန်းလိုမျိုး ဖောက်ခွဲပြီးတော့ ငါတို့နဲ့အတူ သေချင်တာတော့ မဟုတ်ပါဘူးနော် မင်းမှာ ဒီလို အခွင့်အရေး ရှိမှာ မဟုတ်ဘူး ...”


ထိုသို့ပြောကာ နှင်တံကို ရှဲ့ယွင်နန်ထံ ချိန်ရွယ်လိုက်သည်။ 


သူက လှည့်ကွက်တစ်ခုခု ရှိနေကြောင်း သိထားသည့်တိုင် ရှဲ့ယွင်နန်ကို သတ်ရန်အတွက် ရောက်လာခဲ့ဆဲပင်။ 


ရှဲ့ယွင်နန်က သူတို့ကို ဒုက္ခများစွာ ပေးခဲ့ရာ ထိုသူ သေသွားပါမှသာ စိတ်အေးရပေလိမ့်မည်။ 


ထို့အပြင် ရှဲ့ယွင်နန်သာ သေသွားပါလျှင် ဟန့်လီဝမ်အကြောင်း သိသည့်သူလည်း အများအပြား ကျန်ရှိတော့မည် မဟုတ်။ ထိုသို့ဖြင့် ဟန့်လီဝမ်ကို အသုံးချကာ ရှဲ့ယွင်နန်၏ အင်အားစုများကို ပြဿနာဖြစ်စေပြီး အင်အားပြိုလဲအောင် လုပ်နိုင်မည် ဖြစ်သည်။ 


ခေါင်းဆောင်ကျောက်၏ လူများက သူတို့ကိုယ်သူတို့ ကာကွယ်ရန် အဖော်သားရဲများကို ဆင့်ခေါ်လိုက်ကာ သူနှင့် ဟန့်လီဝမ်ကမူ သံချပ်ကာကို ဝတ်ဆင်ပြီး နဝမအဆင့် တိုက်ခိုက်သူများ၏ ကာကွယ်မှုနောက်တွင် ရပ်နေလိုက်သည်။ 


ရှဲ့ယွင်နန်က သူ့ကိုယ်သူ ဖောက်ခွဲသည့်တိုင် သူတို့ဘက်ကလည်း ပြင်ဆင်မှုများစွာ ပြုလုပ်ထားပြီးဖြစ်၍ ရှုံးနိမ့်လိမ့်မည် မဟုတ်ပေ။


ရှဲ့ယွင်နန်က ပြုံးလိုက်သည်။ 


ကျောက်မိသားစုက သူ့ကို တကယ်ကို အမြင့်ကြီးတွေ တွေးထားကြတာပဲ သူ့ခန္ဓာကိုယ်က ဒီလောက်အထိ ယိုယွင်းပျက်စီးနေတာ ဘယ်လိုလုပ် ဖောက်ခွဲရေးစွမ်းရည် ရှိတော့မှာလဲ ...


သူက ဖောက်ခွဲရေးပစ္စည်းများကို အသုံးပြုရန် ပြင်ဆင်ကာ ပြဇာတ်ကခဲ့ခြင်း ဖြစ်သည်။ 


သူက ဤအဆောက်အဦး၏ အောက်ရှိ မြေအောက်လမ်းကြောင်းတစ်ခုလုံးတွင် ဖောက်ခွဲရေးပစ္စည်း အများအပြား တပ်ဆင်ထားခဲ့သည်။ သူ့ကြွယ်ဝမှု အားလုံးကို အသုံးပြုကာ ထိုပစ္စည်းများအား လေ့လာပေါင်းစပ်ခဲ့ပြီး ၎င်းတို့၏ ပေါက်ကွဲအားမှာ နဝမအဆင့် တိုက်ခိုက်သူတစ်ဦးနှင့် အတူတူပင် ဖြစ်သည်။ 


သူသာ လက်ထဲရှိ ရီမုကို နှိပ်လိုက်ပါလျှင် ဤနေရာတစ်ခုလုံး ပေါက်ကွဲထွက်သွားမည် ဖြစ်သည်။ 


သို့သော် အရူးလေးက သူ့ကို ပြန်လာရှာကာ ဘေးနားတွင် ရပ်နေသည့်အတွက် ထိုခလုတ်ကို မနှိပ်နိုင်တော့။ 


အရူးလေးသည် စီနီယာအဆင့် ယဇ်ဆရာတစ်ဦး ဖြစ်ပေသည်။ နောက်ဆုံးကျန်ရစ်သည့် စီနီယာအဆင့် ယဇ်ဆရာကို သူနှင့်အတူ သေလမ်းသို့ ခေါ်မသွားနိုင်။ 


ရှဲ့ယွင်နန်မှာ အပြင်းအထန် ဒဏ်ရာရနေသည့်တိုင် သူ့လက်များမှာမူ လွန်စွာ ခိုင်မြဲလွန်းလှသည်။ သို့သော် သူ ကြံစည်ထားသည်များအား တွေးလိုက်မိချိန်တွင် ရုတ်တရက် တုန်ရီစ ပြုလာတော့၏။ 


သူ တုန့်နှေးနေချိန် သွမ့်ချန်ချင်းက ပြေးထွက်လာသည်။ 


သူ့အရှိန်မှာ မြန်လွန်းလှသည့်အတွက် မျက်နှာချင်းဆိုင်တွင် ရပ်နေသူများပင် မတုန့်ပြန်နိင်ခဲ့။ သူတို့ တုန့်ပြန်နိုင်သည့် အချိန်တွင် သွမ့်ချန်ချင်းက သူတို့၏ အရှေ့တည့်တည့်သို့ ရောက်နေပြီ ဖြစ်သည်။ 


ခေါင်းဆောင်ကျောက်က စိတ်စွမ်းအင်ကျောက်တုံးကို လက်ထဲတွင် ကိုင်ထားရင်း နှင်တံကို အသုံးပြုမည်ပြုစဉ် သွမ့်ချန်ချင်း၏ ဖိနှိပ်မှုကို ခံလိုက်ရကာ သူ့မျက်နှာမှာလည်း အကြီးအကျယ် ပျက်ယွင်းသွားတော့သည်။ 


သူ့လို နဝမအဆင့် တိုက်ခိုက်သူက ဒီလိုလူတစ်ယောက်ကိုတောင် မခုခံနိုင်ဘူးတဲ့လား ...


သူက နှင်တံကို သွမ့်ချန်ချင်းထံ ချိန်ရွယ်လိုက်သည်။ 



1.5.1