Chapter 109
Extra 1.5.2
သူက တိုက်ခိုက်ရန် အချိန်အတော်ကြာ ပြင်ဆင်ထားသည့်အတွက် သွမ့်ချန်ချင်းကို မသိမသာ ရပ်တန့်သွားစေသည့်တိုင် သူက မရပ်ခဲ့။
ထို့နောက်တွင် နှင်တံက သွမ့်ချန်ချင်း၏ လက်ထဲသို့ ကျဆင်းသွားတော့သည်။
သွမ့်ချန်ချင်းက အရှိန်ကို တင်လိုက်သည့်တိုင် စိတ်စွမ်းအင်အစိုင်အခဲ၏ ကျေးဇူးဖြင့် အခြေတည်အဆင့်ကို ကျော်ြဖတ်ကာ နိုးထနိုင်စ ပြုနေပြီဖြစ်ပြီး ရှဲ့ယွင်နန်ကို ပြန်လာရှာခဲ့ခြင်း ဖြစ်သည်။
သူက ၎င်းကို အချိန်ကြာကြာ ထိန်းမထားနိုင်ကြောင်းနှင့် သူ့ခွန်အားမှာ မတည်ငြိမ်သေးကြောင်း သိထားပေသည်။
သူသာ စိတ်စွမ်းအင်များ ကုန်ဆုံးသွားပါလျှင် အဆိုးဆုံးအဆင့် အနေဖြင့် အရူးလေးဘဝသို့ နောက်တစ်ကြိမ် ပြန်ရောက်သွားနိုင်ပေသည်။ ထိုအခါ ရှဲ့ယွင်နန်ကို မည်သူကမှ ကာကွယ်ပေးနိုင်တော့မည် မဟုတ်။
နှစ်ဦးလုံး အတူတူပင် သေသွားနိုင်ပေသည်။
သူက အလွန် စိုးရိမ်နေမိတော့၏။ ကံကြမ္မာက သူ့ကို တစ်ကြိမ်တစ်ခါမှ မျက်နှာသာ မပေးခဲ့ဖူးသည့်တိုင် ယခုတစ်ကြိမ်တွင်မူ အခွင့်အရေး ပေးလာခဲ့သည်။
ခေါင်းဆောင်ကျောက်ရဲ့ နှင်တံက မှော်လက်နက်ကြီး ...
ပြီးတော့ သူ့လက်ထဲမှာ စိတ်စွမ်းအင်ကျောက်ခဲပါ ရှိနေတာဆိုတော့ ဒီ မှော်လက်နက်ကို စိတ်စွမ်းအင်ကျောက်တုံးနဲ့ အသက်သွင်းနိုင်တယ်ဆိုတဲ့ သဘောပဲ ...
ကောင်းလိုက်တာ ...
သူသာ မှော်လက်နက်ကို လုယူနိုင်ပြီး စိတ်စွမ်းအင်ဗဟိုချက်ကို သုံးပြီး အဲဒီ့လူတွေကို သတ်နိုင်မယ်ဆိုရင် .. ရှဲ့ယွင်နန်လည်း သေချာပေါက် ဘေးကင်းသွားမှာ ..
သွမ့်ချန်ချင်းက တုန့်ဆိုင်းခြင်းမရှိ တိုက်ခိုက်လိုက်သည်။
သူ လှုပ်ရှားလိုက်သည်ကို မြင်လိုက်သည့်အခါ ရှဲ့ယွင်နန်၏ မျက်နှာလည်း အကြီးအကျယ် ပျက်ယွင်းသွားတော့သည်။
“သို့သို့ ...”
ဒုတိယစရိုက်က အရူးလေးနှင့် လုံးဝ မတူညီသည့်တိုင် သူက သို့သို့ကို မသေစေလိုပေ။
သို့သော် အခြေအနေမှာ သူ မှန်းထားသည်ထက်ပင် ပိုမိုနေသေး၏။
သို့သို့က သူ့ကို အမြဲ ခြောက်လှန့်ခဲ့သည့် ပစ္စည်းကို ဆွဲလုလိုက်သည်။
သို့သော် သို့သို့က ထိုပစ္စည်းကို ဆွဲလုပြီးသည်နှင့် တစ်ပြိုင်နက် တိုက်ခိုက်ခံရသည့်နှယ် အော်သံတစ်ချက် ခပ်အုပ်အုပ် ထွက်ပေါ်လာသည်။
သူ အဆင်ပြေရဲ့လား ...
ရှဲ့ယွင်နန်က ချက်ခြင်း ဝှီးချဲပေါ်မှ ထရပ်လိုက်သည်။
သွမ့်ချန်ချင်းက အမှန်တကယ် မသက်မသာ ဖြစ်နေပေသည်။ သူသည် အခြေတည်အဆင့်ကို ကျော်ဖြတ်ထားကာစသာ ဖြစ်သည့်အတွက် ခန္ဓာကိုယ်အား ထိန်းချုပ်နိုင်စွမ်းမှာ လုံလောက်အောင် မသန်မာလှသေးချေ။
အနည်းငယ်ပင် မူးနောက်နောက် ဖြစ်သွား၏။
သို့သော် နှင်တံကို ရလိုက်သည်နှင့်တစ်ပြိုင်နက် အလွန် စိတ်ကျေနပ် အံ့ဩမိသွားတော့သည်။
ဒီနှင်တံမှာ တကယ်ကြီးကို ကုသရေးစွမ်းအင်တွေ ပါနေတာပဲ ...
သူက တွေးပင် တွေးမနေတော့ဘဲ ထိုနှင်တံကို ရှဲ့ယွင်နန်ထံ အသုံးပြုလိုက်သည်။
အလင်းရောင်တစ်ခုက ရှဲ့ယွင်နန်ထံ ဦးတည်ပျံသန်းသွားပြီး သူ့ကို ကုသပေးကာ မတ်တပ်ရပ်ရန် လုံလောက်သည့် ခွန်အားများ ဖြည့်ဆည်းပေးခဲ့သည်။
ထို့နောက် ချက်ခြင်းပင် သွမ့်ချန်ချင်းသည် သူ့ကိုယ်ပိုင်ခွန်အားနှင့် စိတ်စွမ်းအင်တို့ကို စုစည်းကာ ကျောက်မိသားစု ခေါင်းဆောင်ကို တိုက်ခိုက်လိုက်တော့သည်။
ဒီလူကို သတ်ကို သတ်မှာ ...
သူ၏ လက်ရှိခွန်အားဖြင့်ပင် နှင်တံကို ထိန်းချုပ်ရန်မှာ အလွန် လွယ်ကူလှရာ စိတ်စွမ်းအင်ဗဟိုချက်ပါ ရှိနေသည့်အခါ ပြောစရာပင် မလိုတော့ချေ။
ခေါင်းဆောင်ကျောက်ကို တိုက်ခိုက်လိုက်သည်နှင့်တစ်ပြိုင်နက် ထိုသူ၏ ဦးခေါင်းခွံ ပွင့်ထွက်သွားတော့သည်။
သို့သော် သွမ့်ချန်ချင်းက သူ့စိတ်စွမ်းအင်များ ရှိနေသေးသည့်တိုင် တစ်ခုခု မှားယွင်းနေသည်ဟု ခံစားမိလိုက်သည်။
သူ့ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့။
သွမ့်ချန်ချင်း၏ အရှိန်အဝါနှင့် အကြည့်များမှာ လုံးဝဥဿုံ ပြောင်းလဲသွားတော့သည်။ သူက ပါးစပ်ကို ဖွင့်ကာ ရှေ့တွင် ရှိနေသည့် လူသေကို ကြည့်လိုက်သည်။
သူက ခေါင်းဆောင်ကျောက်၏ ဘေးတွင် ရပ်ကာ ဝံပုလွေအခွံထဲ ရပ်နေသည့် ယုန်သူငယ်သဖွယ် နှင်တံကို ကိုင်လျက် ကြောင်အစွာဖြင့် ကြည့်နေသည်။
ရှဲ့ယွင်နန်က ချက်ခြင်း သဘောပေါက်သွား၏။
အရူးလေး ပြန်ရောက်လာပြီ ...
ခန္ဓာကိုယ်ကို ထိန်းချုပ်ထားတဲ့ ဒုတိယစရိုက် ပျောက်သွားပြီး သို့သို့က အရူးလေး ပြန်ဖြစ်သွားပြီ ...
မကောင်းတော့ဘူး ...
ဒုတိယစရိုက်မှာ အလွန်ခက်ထန်ကာ မျက်စိတစ်မှိတ်အတွင်းမှာပင် လူသတ်နိုင်သည့်တိုင် အရူးလေးကမူ မည်သည့်အရာကိုမှ နားမလည်။ အင်အားကြီးလှသည့် ရန်သူနှင့် ရင်ဆိုင်သည့်အခါ ဒဏ်ရာပင် ရသွားပေလိမ့်မည်။
အရူးလေး၏ ဒုတိယစရိုက်က ကုသပေးသွားသည့်အတွက် ရှဲ့ယွင်နန်၏ အခြေအနေမှာ အနည်းငယ် တိုးတက်လာကာ အရူးလေးကို ကယ်တင်ရန် လုံလောက်သည့် ခွန်အားများ ရှိနေပြီ ဖြစ်သည်။
သူပင် မလှုပ်ရှားရသေး၊ အရူးလေးက ရုတ်တရက် လှုပ်ရှားလာပြန်သည်။
“မင်းတို့အားလုံးက မကောင်းတဲ့ကောင်တွေ ...”
အရူးလေးက နှင်တံကို ဝှေ့ယမ်းကာ ဟန့်လီဝမ်ကို တိုက်ခိုက်လိုက်သည်။
သွမ့်ချန်ချင်း၏ သန်မာလှသော လူသတ်လိုစိတ်များက သူ့အသိစိတ်ထဲတွင် ကျန်ရစ်နေဆဲပင်။
ဒီလူက ရန်သူပဲ ...
“အား အား အား မကောင်းတဲ့ကောင် တိုက် ...”
အရူးလေးက အော်ဟစ်ရင်းပင် ပစ်ခတ်မှုများကို ဆက်တိုက် ပေးပို့လိုက်တော့သည်။
သူက ထိုတိုက်ခိုက်မှုများ ထုတ်လုပ်ရန် စိတ်စွမ်းအင် ဗဟိုချက်ကို မှီခိုနေရသည်။ တိုက်ခိုက်မှု တစ်ခုချင်းစီမှာ အားနည်းကာ မတိကျသော်ငြား အရေအတွက်မှာမူ များပြားလှသည်။
တစ်ခုပြီးတစ်ခု ဆက်တိုက် တိုက်ခိုက်မှုများက ရန်သူထံ တရစပ် ဝင်ရောက်လာတော့သည်။
ခေါင်းဆောင်ကျောက်၏ လူများမှာ ထိုင်မနေနိုင်ကြတော့. အဖော်သားရဲများက အရူးလေးကိုသာ တိုက်ရိုက် ဦးတည်လာကြတော့သည်။ သို့သော် အရူးလေးက အံ့ဩစရာ ကောင်းလောက်အောင်ပင် ရှောင်တိမ်းကာ နှင်တံဖြင့် ပြန်လည်ပစ်ခတ်နေလိုက်သည်။
သူက အဖော်သားရဲကိုပင် ဆင့်ခေါ်ခြင်း မရှိ၊ နှင်တံနှင့်သာ တိုက်ခိုက်နေလိုက်သည်။
ယဇ်ဆရာအကြီးအကဲ၏ နှင်တံသည် အစောပိုင်းကတည်းက ကျောက်မိသားစုလက်ထဲသို့ ရောက်သွားခဲ့သည်။ သူတို့က ၎င်းကို အသုံးပြုရန်များစွာ သုတေသန လုပ်ခဲ့ကြသော်ငြား မည်သူကမှ ကောင်းစွာ မသိခဲ့ကြ။ သို့သော် ထိုအရူးက ၎င်းကို သူ့လက်မောင်း၏ အစိတ်အပိုင်း တစ်ခုနှယ် ဝှေ့ယမ်းနေပေသည်။
ဒီလူက ဘယ်သူလဲ ဘာလို့ သူ့အကြောင်း နည်းနည်းလေးတောင် မကြားဘူးရတာလဲ ...
မုန်းစရာ ရှဲ့ယွင်နန်က ဒီလိုလူမျိုးကို ဖွက်ထားလိမ့်မယ်လို့ ထင်ကို မထင်ထားဘူး ...
အား အား အား ...
“မင်းတို့ကို သတ်ပစ်မှာ ...”
“လူဆိုးတွေ အကုန် မကောင်းတဲ့ကောင်တွေ ...”
“မင်းက အဆိုးဆုံးပဲ နန်နန့်အပေါ် မကောင်းဘူး ...”
...
အရူးလေးက အားလုံးကို ဆက်တိုက် တိုက်ခိုက်နေကာ သူ့အမြင်တွင် အဆိုးဆုံးဖြစ်သည့် ဟန့်လီဝမ်ကို ပိုပြီး ဦးစားပေး တိုက်ခိုက်ခဲ့သည်။
မူလက သူတို့သည် ရှဲ့ယွင်နန်ကို သတ်ကာ သူ့လူများအား ထိန်းချုပ်ရန် ကြံထားသည့်အတွက် ဟန့်လီဝမ်ကို ကာကွယ်ရန် နဝမအဆင့် တိုက်ခိုက်သူများ ရှိနေသေးသည်။
သို့သော် အရူးလေးထံမှ အဆက်မပြတ် တိုက်ခိုက်ခံရသည့်အခါ သူ့ကို မကာကွယ်နိုင်တော့။ ထို့ကြောင့် ဟန့်လီဝမ်ကို စွန့်လွှတ်လိုက်ကြတော့သည်။
အလယ်အလတ်အဆင့် တိုက်ခိုက်သူ ဖြစ်သည့် ဟန့်လီဝမ်သည် သူ့ကို ကာကွယ်မည့်သူ မရှိသည့်အတွက် ချက်ခြင်းသေဆုံးသွားတော့သည်။
၎င်းမှာ လွန်စွာ ရိုးရှင်းလှသည်။ အရူးလေးက ပစ်ချက်နှစ်ချက်ဖြင့်သာ အထူးတလည် တိုက်ခိုက်လိုက်သည်။ တစ်ချက်က ဟန့်လီဝမ်၏ ခေါင်းကိုဖြစ်ကာ ထို့နောက်တွင် ခန္ဓာကိုယ်ကို ပစ်ခတ်လိုက်သည်။
ထို့နောက် သူက မမေ့မလျော့ ကျိန်ဆဲလိုက်သေး၏။
“နန်နန်က ငါ့အပိုင်ကွ ခွေးသား ..”
တိုက်ပွဲကို ကြည့်နေသော ရှဲ့ယွင်နန် “...”
အရူးလေးကို တိုက်ခိုက်နေကြသူများ “...”
မော်နီတာမှတစ်ဆင့် ကြည့်နေသည့် ရှချင်နှင့် အခြားသူများ “...”
ရှချင်က မော်နီတာကို ဖွင့်မိသည့်အတွက်ပင် နောင်တရလာမိတော့သည်။
ဒီလောက် အချိန်တိုလေး အတွင်းမှာကို ဘာတွေ မြင်လိုက်မိတာလဲ ...
သူတို့ကို ကြည့်ခွင့်ပြုထားလို့လား ...
သူမက ဒါကို အတူတူ ကြည့်ပေးမယ့်လူ တစ်ယောက်လောက် တကယ်ကြီး ရှာချင်လာပြီ ...
သူမနှင့်အတူ အခြားလူများလည်း အများအပြား ကြည့်နေကြသည့်အတကွက် ဘော့စ်၏ ခွေးသွေးအချစ်မှာ ကြာရှည် ဖုံးကွယ်ထား၍ မရတော့ချေ။
ရှချင်က သူမ၏ မိသားစုဝင် မြို့အရှင်၏ အချစ်ဇာတ်ထုပ်အား မည်ကဲ့သို့ ဖုံးဖိသင့်ကြောင်း တွေးတောနေစဉ် တစ်ဖက်ရန်သူ၏ ဘက်တော်သားများကမူ နှင်တံကိုင်ထားသည့် အရူးလေးမှာ အလွန် ကြောက်စရာ ကောင်းလွန်းသည်ဟုသာ ခံစားမိကြသည်။
ရှဲ့ယွင်နန်က ဒီလိုမျိုး ကြောက်စရာ လူသတ်သမားကို ဖွက်ထားလိမ့်မယ်လို့ ဘယ်သူက ကြိုသိထားမှာလဲ ...
သူတို့က ရှဲ့ယွင်နန်ကို သတ်ရန် ရောက်လာခဲ့ကြခြင်း ဖြစ်သော်ငြား မည်သူကမှ ထောင်ချောက်အတွင်းသို့ မဆင်းသက်လို။
“လက်နက်ချလိုက်တော့ ...”
လူတစ်ယောက်က ထွက်ပြေးရန် ပြင်နေရင်း ထအော်လိုက်သည်။
ဒေါသထွက်နေသော အရူးလေးက မည်သူ့ကိုမှ ထွက်ပြေးခွင့် ပြုလိမ့်မည် မဟုတ်ချေ။
“မပြေးနဲ့ ...”
အရူးလေးက အော်ဟစ်လိုက်သည်။ ထို့နောက် သူတို့နောက် ပြေးလိုက်ကာ မြင်မြင်သမျှကို ရမ်းသန်းပစ်ခတ်လိုက်တော့၏။
အရူးလေး၏ လိုက်လံဖမ်းဆီးခြင်းကို ခံကြရသူများမှာလည်း နောင်တရမိသွားကြတော့သည်။
သူတို့တွေ ရှဲ့ယွင်နန်ကို မတိုက်ခိုက်ခဲ့သင့်ဘူး ...
သို့သော် အမြန်ဆုံးအရှိန်ဖြင့် ထွက်ပြေးခဲ့ကြသူများပင်လျှင် မလွတ်မြောက်နိုင်ခဲ့။
သွမ့်ချန်ချင်း ရှဲ့ယွင်နန်ကို သွားရှာကတည်းက ရှချင်သည် ရှဲ့ယွင်နန်၏ လက်ထဲရှိ ဖောက်ခွဲရေးပစ္စည်းများကို ထိန်းချုပ်သည့် ရီမုအား ပိတ်လိုက်သည့်အတွက် ၎င်းမှာ မည်သို့မှ အသုံးမဝင်တော့။ ထိုမျှသာမက သူမသည် ယုံကြည်ရသူ အားလုံးကို ခေါ်ထားကာ ကျောက်မိသားစုနှင့် အသေအကြေ တိုက်ခိုက်ရန် အဆင်သင့်ပြင်ထားခဲ့သည်။
သူတို့၏ လူများက ဆေးရုံတစ်ခုလုံးကို ဝိုင်းရံထားနှင့်နေပြီး ဖြစ်သည်။
အသေအကြေ တိုက်ခိုက်မည့် တိုက်ပွဲနှင့် မတူဘဲ ရေနစ်နေသော ခွေးတစ်ကောင်အား ဝိုင်းရိုက်သည်နှင့်ပင် တူနေသေးသည်။
အရူးလေးက သူတို့နောက်သို့ လိုက်ကာ လူအချို့ကို သတ်လိုက်ပြီးနောက် အားလုံး ဖမ်းဆီးခံလိုက်ရသည်ကို တွေ့လိုက်ရတော့သည်။
သူက နှင်တံကို လွှတ်ချရန် တွန့်ဆုတ်နေမိ၏။
အကုန်လုံးကို ဖမ်းမိသွားပြီဆိုတော့ .. သူတို့ကို သတ်လိုက်သင့်လား ...
သူက သတ်လိုသော်ငြား ရှဲ့ယွင်နန်၏ လူများက ထိုလူများကို ကြိုးဖြင့် ချည်နှင့်နေကြပြီး ဖြစ်သည်။ သူတို့တွင် ထိုသူများအား သတ်ရန် အကြံမရှိကြသည့်ဟန်ပင်။
အရူးလေးက ဟန့်လီဝမ်ကို ကာကွယ်ခဲ့သည့် နဝမအဆင့် တိုက်ခိုက်သူအား စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။
“မသတ်ပါနဲ့ ... ငါ့ကို မသတ်ပါနဲ့ လက်နက်ချပါ့မယ် ... အနာဂတ်မှာလည်း မင်းအတွက် အားလုံး လုပ်ပေးပါ့မယ် ...”
အရူးလေး၏ အပြစ်ကင်းစင်သည့် အကြည့်တို့ကို တွေ့လိုက်ရသည့်အခါ ထို နဝမအဆင့် တိုက်ခိုက်သူမှာ ရုတ်တရက် ပြိုလဲကျသွားတော့သည်။
ဒီတစ်ယောက်က ပုံစံကြည့်တော့ ရူးသလိုလိုနဲ့ တကယ် ကြောက်စရာကြီး ...
သူ မသေချင်သေးဘူး .. အသက်ရှင်ချင်တယ်လို့ ...
သူက နဝမအဆင့် တိုက်ခိုက်သူ ဖြစ်လာဖို့ ခက်ခက်ခဲခဲ ကြိုးစားထားခဲ့ရတာ .. သေချာပေါက်ကို အသက်ရှင်ရမှ ဖြစ်မယ် ...
မည်သူ့ကိုမှ မသတ်ရန် ဆုံးဖြတ်လိုက်ပြီးနောက် အရူးလေးသည် နောက်ပြန်လှည့်သွားလိုက်သည်။
ရှချင်က ဆေးရုံကို ဝိုင်းရံထားရန် လူအချို့ စီစဉ်ထားခဲ့သည်။ တိုက်ပွဲ ပြီးသွားပြီဖြစ်ကြောင်း သိလိုက်ရသည့်အခါ သူမက အခြားလူများကို ဦးဆောင်လျက် လျှို့ဝှက်ဥမင်မှတစ်ဆင့် ရှဲ့ယွင်နန် ရှိရာသို့ သွားလိုက်သည်။
ရှဲ့ယွင်နန်ကို တွေ့လိုက်ပြီးနောက် စကားတစ်ခွန်းမှ မပြောရခင်မှာပင် အရူးလေး ပြန်ရောက်လာသည်။
ယနေ့မတိုင်ခင်အထိ သူမသည် အရူးလေးမှာ အဆင့်မြင့် ယဇ်ဆရာတစ်ဦးဖြစ်ကြောင်း သိထားသည့်တိုင် ကလေးတစ်ဦးကဲ့သို့သာ ချော့မော့ပြောဆိုဆက်ဆံခဲ့သည်။ သို့သော် ယခုမူ ...
ဘယ်ကလေးက ဒီလို ကြောက်စရာ ကောင်းလို့လဲ ...
ပြီးတော့ သူက ရူးနေတာလည်း မဟုတ်ဘူး အရမ်းအရမ်းကို တည်ကြည်တဲ့ ဒုတိယစရိုက် ရှိနေတာ ...
အရူးလေးအပေါ် သူမ၏ အမြင်တို့မှာ လုံးဝဥဿုံ ပြောင်းလဲသွားတော့သည်။ သူမက သူ့ကို လှည့်ကြည့်လိုက်သော်ငြား ...
အရူးလေးက အနားသို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် ချက်ခြင်း မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျဆင်းလာတော့သည်။
တစ်ယောက်ယောက်က သူ့ကို အနိုင်ကျင့်လိုက်သည့်နှယ်ပင်။
1.5.2