အပိုင်း ၁၁၂ (Extra)
Viewers 21k

Chapter 112

Extra 1.8.1




အရူးလေးက ရှဲ့ယွင်နန်ကို “အသည်းနှလုံး မရှိတဲ့သူ” ဟူသည့် အကြည့်တို့ဖြင့် စိုက်ကြည့်လိုက်သည်။ 


အလကားသပ်သပ် အပြစ်ဖို့ခံလိုက်ရသည့် ရှဲ့ယွင်နန်က ကူကယ်ရာမဲ့စွာဖြင့် မေးလိုက်သည်။ 


“ဘာလို့ အဲဒီ့လို ပြောတာလဲ ...”


အရူးလေး “ခင်ဗျားက ကျွန်တော့်ကို မကြိုက်ဘူးလေ ...”


ရှဲ့ယွင်နန်က သက်ပြင်းချလိုက်သည်။ 


“ကိုယ်က မင်းကို အရမ်း သဘောကျတာပါ ...”


သို့သော် ထိုစကားများ ကြားလိုက်သည့်အခါ အရူးလေးက ပို၍ပင် ဒေါသထွက်လာတော့သည်။ သူ့ကိုယ်သူလည်း မည်သည့်အကြောင်းကြောင့် ဒေါသထွက်နေမှန်း မသိ။ သို့သော် လွန်စွာ စိတ်တိုနေကာ ရှဲ့ယွင်နန်က သူ့ကို မကြိုက်ဟု ခံစားမိနေခဲ့သည်။ 


ဆူပုတ်နေသည့် သူ့မျက်နှာကို မြင်ကာမှ ရှဲ့ယွင်နန်သည် အရူးလေးနှင့် သွမ့်ချန်ချင်းမှာ အတွေးတစ်ခုတည်းကို မျှဝေသူများ ဖြစ်ကြကြောင်း သဘောပေါက်သွားတော့သည်။ သို့မဟုတ်ပါလျှင် အရူးလေးက ဒေါသထွက်လိမ့်မည် မဟုတ်ချေ။ 


သူတို့က တကယ်ကြီးကို လူတစ်ယောက်တည်းပဲ ...


ဒါပေမယ့် တစ်ယောက်က အဖြူထည် နောက်တစ်ယောက်က အနိုင်ကျင့်တတ်တဲ့သူ ... ကွာခြားချက်က လုံးဝကို အကြီးကြီးပဲ ...


ဒေါသထွက်နေတာတောင် အရူးလေးက ချစ်စရာကောင်းနေတုန်းပဲ ...


သူက အရူးလေး၏ ခေါင်းကို လှမ်းကိုင်လိုက်သည်။ 


သို့သော် အရူးလေးက ရှောင်တိမ်းလိုက်၏။ 


“မထိနဲ့ ...”


ထို့နောက် သူက ရှဲ့ယွင်နန်၏ ခေါင်းကို လှမ်းကိုင်လိုက်သည်။ 


“လုပ်နိုင်တယ် ခင်ဗျားကို ဖမ်းထားနိုင်တယ် ဟီးဟီး ...”


ရှဲ့ယွင်နန် “...”


သွမ့်ချန်ချင်းက သူ့ကို ဖမ်းချုပ်ထားမယ်လို့ ပြောတာကို အရူးလေးလည်း သိနေတာဟ ...


အရူးလေးက ထိုထက်ပင် ပိုပြီး သိနေသေးသည်။ 


“ဆရာဝန် .. ဆရာဝန်တစ်ယောက်ရှာ အချိန်ဇယားဆွဲ .. ကျွန်တော် အဲဒါကို စောင့်ကြည့်နေမှာ ...”


၎င်းကို အလွန်အရေးကြီးသည့် ကိစ္စတစ်ခုအဖြစ် သတ်မှတ်ကာ သူက ရှဲ့ယွင်နန်၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်ကို မျက်စိဒေါက်ထောက် ကြည့်နေခဲ့သည်။ 


အရူးလေးက ဆရာဝန်ကို သူကိုယ်တိုင် မရှာနိုင်သည့်အတွက် ရှဲ့ယွင်နန်ကိုသာ အမြန် ရှာခိုင်းလိုက်သည်။ 


ရှဲ့ယွင်နန်ကလည်း သူ့ကျန်းမာရေးကို ဂရုစိုက်လိုသည့်အတွက် ချက်ခြင်း ဆရာဝန်တစ်ဦးကို ခေါ်လိုက်သည်။ 


ဆရာဝန်က ရောက်လာပြီးနောက် ချက်ခြင်း ပြောလိုက်သည်။ 


“မြို့အရှင် ကျွန်တော်က ပြန်လည်ထူထောင်ရေး အစီအစဉ်ကို ပြင်ဆင်ထားပြီးပါပြီ အရှင်လည်း အလုပ်ကို လုံးဝ လွှတ်ချထားပြီး အားပြန်မွေးဖို့ကိုပဲ အာရုံစိုက်ထားပေးပါ ...”


ထို့နောက် သူက စာရင်းစာရွက် အရှည်ကြီးတစ်ရွက်ကို ထုတ်လာကာ ရှဲ့ယွင်နန်အား လုပ်ဆောင်ရမည်များကို မှာကြားလိုက်သည်။ 


ရှဲ့ယွင်နန်က အလေးအနက် နားထောင်နေကာ အရူးလေးကလည်း ဘေးမှနေ၍ ခေါင်းတဆတ်ဆတ် ငြိမ့်နေခဲ့သည်။ 


ဆရာဝန်က အဆင့်မြင့် ကြီးကြပ်သူ မဟုတ်သည့်အတွက် တိုက်ပွဲကို မကြည့်လိုက်ရ၊ ထို့ကြောင့် မနေ့က ဖြစ်ပျက်ခဲ့သည်များကို များစွာ သိမထားခဲ့ချေ။ 


ထို့ကြောင့် သူ့အဖို့ အရူးလေးသည် ယခင်ရက်များက အရူးလေးပင် ဖြစ်နေဆဲ ဖြစ်သည်။ အရူးလေးကို မြင်သည့်အခါ သူက ပြုံးကာ မေးလိုက်သည်။ 


“ဘာတွေ ခေါင်းငြိမ့်ပြနေတာလဲ မင်းက နားလည်လို့လား ...”


“နားလည်တာပေါ့ ...”


အရူးလေးက စိတ်မကြည်တော့။ 


“ဒါဆိုလည်း ပြန်ပြောကြည့် ..."


ထိုသို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် အရူးလေးက သူ့အစီအစဉ်ကို တစ်လုံးချင်း ပြန်ရွတ်ပြလိုက်သည်။ 


ဆရာဝန်က အလွန် အံ့အားသင့်သွားရ၏။ 


“မင်းက အရမ်းကို ဉာဏ်ကောင်းတာပဲ စီနီယာအဆင့် ယဇ်ဆရာ ဖြစ်နေတာ မထူးဆန်းတော့ပါဘူး ...”


သူက နည်းနည်း ရူးကြောင်ကြောင်နိုင်ပေမယ့် မှတ်ဉာဏ်ကတော့ တကယ်ကို ကောင်းတာပဲ ...


အရူးလေးက ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြောလိုက်သည်။ 


“ကျွန်တော်က စီနီယာအဆင့် ယဇ်ဆရာထက်တောင် ပိုပြီး အင်အားကြီးပါသေးတယ်နော် ...”


“ဒါဆိုလည်း မြို့အရှင်ကို စောင့်ရှောက်ပေးပါဦး ...”


ဆရာဝန်က ထပ်ပြီး ပြုံးပြလိုက်ပြန်သည်။ 


“သေချာပေါက်ကို စောင့်ရှောက်ပေးမှာပါ ...”


အရူးလေးက အထူးတဆန်း ထပ်ပြောလိုက်သည်။ 


“သူ့ကို သော့ခတ်ထားပြီး အပြင်ထွက်ခွင့်လည်း မပေးဘူး သူက ကျွန်တော့် အပိုင်ပဲ ဟီးဟီး ...”


ဆရာဝန် “.. မိုက်လိုက်တာ ...”


ဒီအရူးလေးက ဘယ်လိုမျိုး စနောက်ရမလဲ ဆိုတာကိုလည်း သိနေတာပဲလား ...


အရူးလေးက ပို၍ပင် ဂုဏ်ယူမိသွားတော့သည်။ 


ထို့ကြောင့် သူတို့ကို စားစရာ လာပေးသည့် ဝန်ထမ်းလေး ရောက်လာသောအခါတွင်လည်း နောက်တစ်ကြိမ် ထပ်ပြောလိုက်ပြန်၏။ 


“ကျွန်တော် ပြောပြမယ် ကျွန်တော်က ရှဲ့ယွင်နန်ကို ဖမ်းချုပ်ထားတာလေ အခုဆို သူက ကျွန်တော့်စကားကိုပဲ နားထောင်တော့တာ ဟီးဟီး ...”


စားစရာ လာပို့ပေးသူမှာလည်း ဆရာဝန်ကဲ့သို့သာ သိထားရာ အရူးလေးက စနောက်နေခြင်း ဖြစ်မည်ဟု တွေးလိုက်ပြီး သူ့ကို အားပေးလိုက်သည်။ 


“အရမ်းမိုက်တာပဲ ...”


ထို့နောက် အရူးလေးကရှဲ့ယွင်နန်ကို ခွံ့ကျွေးရန် ပြင်လိုက်သည်။ 


ရှဲ့ယွင်နန် “...”


သွမ့်ချန်ချင်း “...”


သွမ့်ချန်ချင်းက ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်သည့်တိုင် နိုးထနေပြီ ဖြစ်သည်။


အကျယ်တဝံ့ကို နိုးထနေတာ ...


သူ့ရဲ့ မသိစိတ်က ဘာတွေဖြစ်ကုန်တာလည်း ဒီလောက်အထိ ရှက်စရာ ကောင်းရသလား တကယ်ကို လက်မခံနိုင်စရာပဲ ...


ဒါက သူ့အတွင်းစိတ်ရဲ့ ပုံစံပေါ့ ယုံကို မယုံနိုင်ဘူး ...


ပြီးတော့ အဆိုးဆုံးက ဘာလဲ သိလား ရှဲ့ယွင်နန်က သူ့ကို မကြိုက်ဘဲ ဒီ ရူးကြောင်ကြောင်ပုံစံကိုမှ ကြိုက်နေတာပဲ ...


ရှဲ့ယွင်နန် မကောင်းတဲ့ကောင် ...


သွမ့်ချန်ချင်းမှာ ပို၍ပင် ချဉ်စူးလာတော့သည်။ 


သူကိုယ်တိုင် စားနိုင်သည့်တိုင် ရှဲ့ယွင်နန်မှာ အတင်းအကြပ် ခွံ့ကျွေးခံလိုက်ရသည်။ တစ်ခုခု မှားယွင်းနေကြောင်း ခံစားမိလိုက်သည့်အတွက် သူက ထုတ်မေးလိုက်သည်။ 


“ဘာဖြစ်လို့လဲ ...”


အရူးလေးက စိတ်ဆိုးမာန်ဆိုးဖြင့် မေးလိုက်သည်။ 


“လျောင်မုယဲ့က ဘယ်မှာလဲ ...”


ရှဲ့ယွင်နန်မှာ တစ်ခဏမျှ စကားပြန်မပြောနိုင်တော့။ 


“လျောင်မုယဲ့က သေသွားပြီလေ ...”


အဓိက အချက်က .. ဘာလို့ အရူးလေးက သူ့အကြောင်း ရုတ်တရက် ထမေးနေတာလဲ ...


အရူးလေးကိုယ်တိုင်ပင်လျှင် အနည်းငယ် ဝေဝါးနေဆဲ ဖြစ်သည်။ သို့သော် သူက ခက်ထန်စွာဖြင့် ပြောလိုက်၏။ 


“သူလည်း မကောင်းဘူး သူ့အပေါ် ကောင်းမပေးနဲ့နော် ...”


ဂရုတစိုက် စဉ်းစားကြည့်ပြီးကာမှ ရှဲ့ယွင်နန်သည် အရူးလေးမှာ လျောင်မုယဲ့ကို သဝန်တိုနေခြင်းဖြစ်ကြောင်း သဘောပေါက်သွားတော့သည်။ 


ဒီလောက် ကိစ္စတွေ အများကြီး ဖြစ်သွားတာတောင် .. အရူးလေးက သဝန်တိုနေတုန်းပေါ့ ...


ပြီးတော့ အရူးလေးက သူနဲ့ လျောင်မုယဲ့အကြောင်းကို ဘယ်လိုလုပ် သိတာလဲ သူက အဲဒီ့တုန်းက ကိစ္စတွေကို တမင်တောင် ဖျောက်ထားခဲ့တာကို .. ဒီအကြောင်းကို သိတဲ့လူရယ်လို့ သိပ်တောင် မရှိဘူး သတင်းတွေ မီဒီယာတွေမှာလည်း တစ်ခါမှကို မပါဖူးဘူးလေ ...


ဟိုးယခင် ရှဲ့ယွင်နန် အရူးလေးကို တွေ့ခဲ့ဖူးစဉ်က အရူးလေးသည် စကားမပြောနိုင်သေး။ သူတို့နှစ်ဦး တွေ့ဆုံအပြီး လဝက်ခန့် ကြာသည်အထိ အရူးလေးသည် စကားပြောရန် ခက်ခက်ခဲခဲ ကြိုးစားနေရဆဲ ဖြစ်သည်။ 


သို့သော် ယခုမူ သူက စကားလုံး အများအပြား သိနေပြီ ဖြစ်သည်။ ရှဲ့ယွင်နန်က မေးလိုက်သည်။


“ဘယ်လိုလုပ်ပြီး လျောင်မုယဲ့ကို သိတာလဲ ...”


အရူးလေး “မြင်ခဲ့တာ ...”


“ဘာကို မြင်ခဲ့တာလဲ ...”


အရူးလေးက အကြာကြီး တွေးနေပြီးနောက် ရုတ်တရက် ခြေလှမ်းအနည်းငယ် ထပ်တိုးလိုက်သည်။ 


“မြင်ခဲ့တာ ...”


အရူးလေး၏ အကြည့်တို့က ပြောင်းလဲမသွားသေးသည့်တိုင် အမူအယာမှာမူ ပြောင်းလဲသွားပေသည်။ 


ထို အမူအယာမှာ သူ ပြောခဲ့သည့် လျောင်မုယဲ့နှင့် များစွာ ဆင်တူလှသည်။ 


“ရှဲ့ယွင်နန် ငါနဲ့အတူ ပင်မခရိုင်ကို လိုက်ခဲ့ ...”


ထို့နောက် အခြားတစ်ဖက်သို့ ပြောင်းလိုက်ကာ ရှဲ့ယွင်နန် လူငယ်ဘဝက အမူအယာများကို တုပပြီး ပြောလိုက်သည်။ 


“မလိုက်ဘူး ငါ ဒီမှာပဲ နေချင်တာ ...”


ထို့နောက် အရူးလေးက ပထမနေရာတွင် ရပ်ကာ စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်ပြန်သည်။ 


“ရှဲ့ယွင်နန် မင်း ငါ့ကို ချစ်တာလား မချစ်တာလား ငါ့ကို ချစ်ရင် ဒီလူတွေက ငါ့ထက်ပိုပြီး အရေးပါလို့လား ...”


ထို့နောက် သူက နောက်တစ်ကြိမ် နေရာပြောင်းလိုက်ပြန်၏။ 


“ချစ်တာပေါ့ .. ဒါပေမယ့် တစ်ခြား လုပ်ရမယ့် ကိစ္စတွေလည်း ရှိနေတယ်လေ ...”


သရုပ်ပြမှု အပြီးတွင် အရူးလေးက သူ့ကို ဒေါသတကြီး ပြောလိုက်သည်။


“ခင်ဗျားက သူ့ကို ချစ်တာ ကျွန်တော့်ကို မဟုတ်ဘူး ...”


ရှဲ့ယွင်နန် “...”


သူတော့ နောက်တစ်ကြိမ် သေတော့မယ်ထင်တယ် ...


အရူးလေးက သူတောင် မေ့နေတဲ့ အတိတ်ဆိုးကြီးကို ဘာလို့ သိနေရတာလဲ ...


သူက အဲဒီ့တုန်းက တကယ်ပဲ ဒီလို အရည်မရ အဖက်မရ စကားတွေကို ပြောခဲ့ဖူးတာလား ..နေပါဦး သူ လျောင်မုယဲ့နဲ့ တွဲတုန်းကဆို အရူးလေးက ကလေးဘဝပဲ ရှိနေသေးတာ မဟုတ်ဘူးလား ...


အတွေးထဲတွင် နစ်မြောနေသည့်အတွက် ရှဲ့ယွင်နန်သည် အရူးလေးအား ချော့ရမည်ကို မေ့လျော့သွားတော့သည်။ 


သွမ့်ချန်ချင်းမှာလည်း သေလုမတတ် ဒေါသထွက်နေပြီ ဖြစ်သည်။ 


သူ့ပုံစံသူကို ပြန်မကြည့်နိုင်တော့ဘူး ...


သူက ကိစ္စအများအပြားကို အမှန်တကယ်ပင် မှတ်မိနေပေသည်။ သူ့ဝိဉာဉ်က ဤခန္ဓာကိုယ်နှင့် ပိုပြီး လိုက်လျောညီထွေ ဖြစ်လာလေလေ အရူးလေးက သူ့ထံမှ မှတ်ဉာဏ်အများအပြားကို လက်ခံရလေလေပင် ဖြစ်သည်။ 


သို့သော် ရှဲ့ယွင်နန်၏ အရှေ့တွင် ပြန်လည်ကာ သရုပ်ပြနေခြင်းမှာမူ ...

 

အကျိုးနည်း !!!! 


မြင်မကောင်း ရှုမကောင်းနဲ့ ...


မဟုတ်ဘူး အဲဒါ သူ မဟုတ်ဘူးနော် လုံးဝကို သူ မဟုတ်ဘူး ...


ဒါပေမယ့် ဒါကလည်း သူပဲလေ ...



အတွင်းစိတ်များ လွန်ဆွဲနေရင်း သွမ့်ချန်ချင်းသည် ရှဲ့ယွင်နန်က သူ့မေးခွန်းကို ပြန်မဖြေရသေးကြောင်း သတိရလိုက်သည်။ 


ရှဲ့ယွင်နန်နှင့် လျောင်မုယဲ့တို့၏ ဇာတ်လမ်း တစ်ခန်းရပ်သွားသည်မှာ အလွန် ကြာမြင့်နေပြီဖြစ်ကြောင်း သိထားသည့်တိုင် သူ့စိတ်က အာရုံမစိုက်မိဟု မဆိုလိုပေ။ 


ထို့ကြောင့် .. အရူးလေးက ရှဲ့ယွင်နန်အနားသို့ အရှိန်အပြည့်ဖြင့် တိုးလာကာ သူ့နှုတ်ခမ်းကို ကိုက်ဆွဲလိုက်တော့သည်။ 


သို့သော် သူက ပြင်းပြင်းထန်ထန် ကိုက်လိုက်ရန် တုန့်ဆိုင်းမိနေဆဲပင်။ 


အရူးလေး၏ ကိုက်ခြင်းကို ခံလိုက်ရပြီးနောက် ရှဲ့ယွင်နန်သည် ခံရသူကို ပြုလုပ်သူအဖြစ် ပြောင်းလဲကာ တုန့်ပြန်နမ်းရှိုက်လိုက်သည်။ 


အရူးလေးကို မူးဝေအောင် လုပ်လိုက်ပါလျှင် သူလည်း ပြဿနာ အရှာခံရတော့မည် မဟုတ်ချေ။


သူတို့နှစ်ဦး နှုတ်ခမ်းချင်း တိုက်ပွဲဝင်နေစဉ် အဖော်သားရဲအချို့က အနားသို့ တိတ်တဆိတ် ကပ်လာကာ ပြတင်းပေါက်ရှေ့သို့ တိုးလာလိုက်သည်။ အပြင်ဘက်တွင် နဝမအဆင့် တိုက်ခိုက်သူအချို့က သူတို့၏ မျက်လုံးများကို မှိတ်ထားကာ အဖော်သားရဲ၏ အမြင်အာရုံမှတစ်ဆင့် ကြည့်နေကြ၏။ 


ထိုသူများမှာ ရှဲ့ယွင်နန်၏ နောက်လိုက်များပင် ဖြစ်သည်။ 


ယမန်နေ့က အကျဉ်းသားအားလုံးကို ဖမ်းဆီးပြီးနောက် ရှဲ့ယွင်နန်သည် သွမ့်ချန်ချင်းဟု အမည်ရသော အမျိုးသားတစ်ဦးကို ဆေးရုံသို့ ခေါ်လာကာ ထို့နောက် နာတာရှည် ကုသဆောင်သို့ ပြန်ခေါ်သွားခဲ့သည်။ သူတို့ကိုမူ တစ်ကြိမ်မျှပင် တွေ့မသွားချေ။ 


သူတို့က ရှဲ့ယွင်နန်ကို များစွာ စိုးရိမ်နေကြ၏။ 


သွမ့်ချန်ချင်းက ဘယ်နေရာကနေ ရောက်လာမှန်းလဲ မသိရဘူး ဒါပေမယ့် အရမ်းကို ခွန်အားကြီးတာပဲ .. မြို့အရှင်က .. ကြည့်ရတာ သူတို့တွေ အတူတူ အိပ်ပြီးသွားကြပြီ ထင်တယ် ....


မြို့အရှင် အဆင်ပြေလောက်လား ...


သူတို့က မြို့အရှင်ကို တွေ့ကာ ဘေးကင်းမကင်း အတည်ပြုလိုနေကြသည်။ 


ဤမနက်ခင်းတွင် မြို့အရှင်က ရှချင်တစ်ဦးတည်းအား လာခိုင်းခြင်းမှာ နှမြောစရာပင်။ သို့သော် ရှချင်က များမကြာမီ ပြန်ရောက်လာကာ မြို့အရှင်က အနားယူရန် လိုအပ်သည့်အတွက် သူတို့နှင့် မတွေ့နိုင်ဟု ပြောလာ၏။ 


သူ့ကျန်းမာရေးက ဒီလောက်အထိတောင် ဆိုးနေတာလား ...


မြို့အရှင်က ဆရာဝန်ကို ခေါ်ခဲ့ကြောင်း သိလိုက်ရသည့်အခါ သူတို့က ဆရာဝန်ထံမှ သတင်းစုံစမ်းလိုက်ကြသေးသည်။ 


သို့သော် ဆရာဝန်က မြို့အရှင်၏ ကျန်းမာရေးအကြောင်း တစ်ခွန်းမှ မပြောဘဲ သူ ကြုံတွေ့ခဲ့ရသည်ကိုသာ မျှဝေလိုက်သည်။ 


“မြို့အရှင်ကို အနားယူပြီး အားပြန်မွေးဖို့ အကြံပေးခဲ့တယ် ကောင်းကောင်းလည်း နားချခဲ့လို့ အခု အရှင်က အလုပ်လုပ်တာရပ်ပြီး သူ့ခန္ဓာကိုယ်ကို သေချာ ဂရုစိုက်ဖို့ လက်ခံလိုက်ပြီ မင်းတို့လည်း လုပ်စရာ မရှိရင် သူ့ကို သွားမရှာကြနဲ့ ...”


“မြို့အရှင်ကို ဒုက္ခပေးဖို့ မဟုတ်ပါဘူး သူ့ကို တွေ့ချင်လို့ ...”


“မင်းတို့တွေ အုပ်စုလိုက်ကြီး သွားတွေ့ကြတာ အရှင်က ဘယ်လိုလုပ် မပင်ပန်းဘဲ နေမလဲ ...”


ဆရာဝန်က အနည်းငယ်မျှပင် ညှာတာထောက်ထားနေခြ

င်း မရှိ။ သူ့စကားများမှာ ငြင်းဆန်၍လည်း မရသည့်အတွက် အားလုံး မချင့်မရဲ ဖြစ်သွားကြတော့သည်။ 


ဆရာဝန်က ပြုံးကာပြောလိုက်သည်။ 


“ငါ ပြောပြမယ် မင်းတို့ မြို့အရှင်ကို အခု သူ့အရူးလေးက ပိတ်လှောင်ထားတာ မင်းတို့ကိုလည်း တွေ့ခွင့်ပေးမှာ မဟုတ်ဘူး ...”


“!!!!”



1.8.1