Chapter 116
Extra 2.1
လက်ရှိဘဝ
ယဇ်ဆရာအကြီးအကဲက မြင့်မြတ်မြို့တော်ကို ပြန်ရောက်လာပြီတဲ့ ...
မြင့်မြတ်မြို့တော်တွင် ရှိနေသူအားလုံး ထိုကိစ္စကိုသာ စိတ်ဝင်တစား ဆွေးနွေးနေကြသည်။
"ငါပြောသားပဲ ပြီးခဲ့တဲ့ ခြောက်လအတွင်း မြင့်မြတ်မြို့တော်တစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်နေတာ မထူးဆန်းပါဘူးဆိုနေ လက်စသတ်တော့ ပုန်ကန်မှု ဖြစ်သွားပြီး ယဇ်ဆရာအကြီးအကဲ မရှိတော့လို့ကိုး ..."
"ယဇ်ဆရာအကြီးအကဲကလည်း အရမ်းကို သနားစရာ ကောင်းတာပဲ ..."
"တော်သေးတာပေါ့ ယဇ်ဆရာအကြီးအကဲ ရှိနေလို့ ...."
"ယဇ်ဆရာအကြီးအကဲက အရမ်းကို အင်အားကြီးမားတာပဲနော် ..."
"သူက အမြဲတမ်း မျက်နှာဖုံးကိုပဲ ဝတ်ထားခဲ့တာ အရမ်းကို ချောတာပဲ ..."
တိုက်ပွဲတစ်ခုလုံးကို တိုက်ရိုက်ကြည့်လိုက်ရသည့်အပြင် ရှဲ့ယွင်နန်ကလည်း တိုက်ပွဲအပြီးတွင် သတင်းစာရှင်းလင်းပွဲတစ်ခု လုပ်လိုက်သေးသည်။
ပြီးခဲ့သည့်နှစ် အခမ်းအနားအပြီးတွင် စီနီယာအဆင့် ယဇ်ဆရာများက ဒုတိယအကြီးအကဲနှင့် ပူးပေါင်းကာ ပုန်ကန်ပြီး ယဇ်ဆရာအကြီးအကဲကို လုပ်ကြံရန် ကြိုးစားခဲ့ကြကြောင်းနှင့် ကံကောင်းထောက်မစွာဖြင့် ယဇ်ဆရာအကြီးအကဲမှာ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပြီး အပြင်းအထန် ဒဏ်ရာရကာ ဟုန်ယဲ့မြို့တွင် နေထိုင်ခဲ့ရကြောင်းကို အားလုံး သိရှိသွားကြတော့သည်။
ဟုန်ယဲ့မြို့တော်တွင် ရှဲ့ချင်၊ ရှဲ့ယွင်နန် အစရှိသူတို့၏ ကူညီမှုကြောင့် ဒဏ်ရာ သက်သာလာခဲ့သော်ငြား ကံဆိုးစွာဖြင့် ထိုလူအားလုံးမှာ သစ္စာဖောက်အဖြစ်သာ စွပ်စွဲခံခဲ့ကြရသည်။
သို့သော် ယဇ်ဆရာအကြီးအကဲက ရန်သူများအား အနိုင်ယူခွင့် မပြု။ မြင့်မြတ်မြို့တော်သို့ ပြန်လာကာ ထိုလူများအား ကိုင်တွယ်လိုက်တော့သည်။
ထိုအယူအဆမှာ အလွန် ပြီးပြည့်စုံသည့်အတွက် မြင့်မြတ်မြို့တော်သားများသာမက တစ္ဆေဘုရင်၏ ငယ်သားအချို့ပင်လျှင် ယုံကြည်သွားကြတော့သည်။
"ရှဲ့ချင်က အရမ်းကို တစ်ကိုယ်ကောင်းဆန်တာပဲ သူက ယဇ်ဆရာအကြီးအကဲရဲ့ အကြောင်းကို လျှို့ဝှက်ထားတယ် ..."
"သူ သွမ့်ချန်ချင်းကို တအား တန်ဖိုးထားနေတာ အဲဒါကြောင့်ကိုး ..."
"တစ္ဆေဘုရင်ကတော့ ထင်ထားတဲ့အတိုင်းကို အတွေးတွေ နက်ရှိုင်းနေတာပဲ ..."
...
ထိုလူများက အထက်တန်းလွှာများကို လွန်စွာ မုန်းတီးကြသည်။ သွမ့်ချန်ချင်း၏ သရုပ်မှန်ကိုသာ စောစောစီးစီး သိလိုက်ပါလျှင် သူတို့သည် ချက်ခြင်း ထွက်သွားကာ အလုပ်အတူ တွဲလုပ်ရန် ငြင်းဆန်ခဲ့ကြမိမည် ဖြစ်သည်။
သို့သော် သွမ့်ချန်ချင်းက အားလုံး လေ့ကျင့်နိုင်သည့် ကျင့်စဉ်ကို ဝေမျှကာ ဟုန်ယဲ့မြို့၏ အထက်တန်းလွှာများကို ရှင်းလင်းခဲ့ကာ မြင့်မြတ်မြို့တော်သို့ ရောက်လာသည့်အခါတွင်လည်း သူတို့က မြင့်မြတ်မြို့တော်၏ အထက်တန်းလွှာအားလုံးကို အကျဉ်းချထားလိုက်တော့သည်။
ဒီ ယဇ်ဆရာအကြီးအကဲက ဒီလောက်အထိတောင် ကောင်းတာလား ...
ယခင်ကတည်းက သူတို့သည် ယဇ်ဆရာအကြီးအကဲအပေါ် အဖုအထစ်မရှိ။ ယခု ယဇ်ဆရာအကြီးအကဲက ပုန်ကန်ရန်ပင် ဦီးဆောင်ခဲ့ရာ မည်သည့်အရာကမှ သူတို့အတွက် ဆိုးရွားမည် မဟုတ်ချေ။
ယခု အောင်မြင်သွားသည့်အခါတွင်လည်း ယဇ်ဆရာအကြီးအကဲ၏ ကုသမှုကို ခံယူလိုခြင်းမှအပ အခြားသော အတွေးများ မရှိကြချေ။
ယဇ်ဆရာအကြီးအကဲရဲ့ ကုသမှုကိုသာ တစ်ကြိမ်လောက် ခံယူလိုက်ရရင် သူတို့တွေက အသက်အရှည်ကြီး နေနိုင်တော့မှာလေ ပြီးတော့ ယဇ်ဆရာအကြီးအကဲ ပေးတဲ့ ကျင့်စဉ်ကိုပါ ကျင့်လိုက်ရင် ပိုပြီးတောင် သန်မာလာဦးမယ် ...
လုမိသားစုဘက်တွင်မူ အစောပိုင်းကတည်းက သူတို့နှင့် ပူးပေါင်းခဲ့သည့် မိသားစုဝင်များမှာ ဝမ်းသာရွှင်မြူးနေကြသည်။
သူတို့ကိုယ်သူတို့ သစ္စာဖောက်တွေနဲ့ တစ်ဖက်တည်း ဖြစ်သွားပြီလို့တောင် တွေးထားတာ ယဇ်ဆရာအကြီးအကဲရဲ့ မဟာမိတ်တွေ ဖြစ်လာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ ...
လုမိသားစုကတော့ ကောင်းကောင်းကြီးကို ဖုံးကွယ်ထားတာပဲ တော်သေးတာပေါ့ သူတို့တွေ ဘက်ရွေးတာ မှန်သွားလို့ ...
မုန့်ယန်နှင့် ကျောက်ချင်းယွင်မှာ ပို၍ပင် စိတ်လှုပ်ရှားနေသေး၏။ ဖမ်းဆီးကာ သွမ့်ချန်ချင်းနှင့် စာချုပ်ချုပ်ရန် အတင်းအကြပ် ဖိအားပေးခံရပြီးနောက် သူတို့သည် မြင့်မြတ်မြို့တော်နှင့် ရှင်းရှင်းလင်းလင်း စည်းခြားနိုင်ရန် ယဇ်ဆရာအကြီးအကဲအပေါ် သစ္စာရှိကြောင်းကို အထူးတလည် ထုတ်ပြောခဲ့သည်။
ထိုစဉ်က သူတို့သည် ကြုံရာကျပန်း လျှောက်ပြောလိုက်ခြင်းသာ ဖြစ်သော်ငြား ထိုအကြောင်းကြောင့် ဒုတိယအကြီးအကဲနှင့် အခြား လေးစားခံရသူများ၏ ပစ်မှတ်ထား သတ်ဖြတ်ခြင်းကို မခံခဲ့ရပေ။
ရှဲ့ယွင်နန် ချမှတ်ထားသည့် စည်းမျဉ်းများကြောင့် ဇိမ်ကျကျ ဘဝကို မနေထိုင်ရ၊ သွမ့်ချန်ချင်းနှင့် သူတို့အကြား စာချုပ်အရ နေ့တိုင်း အလုပ်လုပ်နေကြရသည့်တိုင် .. သူတို့သည် ယခင်ကထက်ပင် များစွာ ပျော်ရွှင်နေကြသည်။
ဒုတိယအကြီးအကဲ၏ အနီးတွင် ရှိနေခဲ့သည့် ကောင်းမွန်စွာ မြှုပ်နှံသင်္ဂြိုဟ်ခြင်းပင် မခံရသူများနှင့် နှိုင်းယှဉ်ပါလျှင် သူတို့၏ ဘဝမှာ လွန်စွာ လှပပေသည်။
ထို့ကြောင့် မုန့်ယန်တို့သည် အလွန် အလုပ်များနေကြသည့်တိုင် ယဇ်ဆရာအကြီးအကဲအပေါ် သူတို့၏ သစ္စာရှိမှုကို တခမ်းတနား ဖွဲ့နွဲ့ပြောရမည်ဖြစ်ကြောင်း အလိုလို သဘောပေါက်ထားကြသည်။
စာချုပ်ကြောင့် နာနာခံခံ အလုပ်လုပ်ခြင်းကမူ ... သွမ့်ချန်ချင်းနှင့် စာချုပ်ချုပ်ထားသူ အားလုံးက ထိုအကြောင်းကို ထုတ်မပြောဘဲ ဖုံးကွယ်ထားကြသည်။
အခြား မသိကြသူများက သူတို့ ပြင်းပြင်းထန်ထန် အလုပ်ကြိုးစားသည်ကိုသာ မြင်ကြရသည့်အတွက် စာချူပ် မချုပ်ထားသူများပင်လျှင် ရေသာမခိုရဲကြတော့။
အားလုံးက တိတ်တဆိတ် အံ့ဩနေကြ၏။
ယဇ်ဆရာအကြီးအကဲက အရမ်းကို မိုက်တာပဲ ဒီလောက် မဟာမိတ်တွေ အများကြီးကိုတောင် နာခံမှုရှိအောင် ထိန်းချုပ်ထားနိုင်တယ် ...
ဟုန်ယဲ့မြို့ရှိ သူတို့၏ အတွေ့အကြုံအရ မြင့်မြတ်မြို့တော်ကိုပါ အစီအစဉ်တကျဖြစ်အောင် ပြုပြင်လိုက်သည်။
တစ်လအကြာတွင် ရှဲ့ယွင်နန်က မြင့်မြတ်မြို့တော်ကို ထိန်းချုပ်ကာ ဟုန်ယဲ့မြို့၏ နာမည်ကြီး ကျင့်စဉ်များကို ထုတ်ပြလိုက်တော့သည်။
မြင့်မြတ်မြို့တော်တွင် နေထိုင်သူအားလုံး တုန်လှုပ်သွားကြတော့၏။
"ဒီလိုကိစ္စမျိုးလည်း ရှိသေးတယ်လား ..."
"ငါသာ ကောင်းကောင်းလေ့ကျင့်မယ်ဆို အဖော်သားရဲက အားနည်းရင်တောင် တိုက်ခိုက်သူ ဖြစ်နိုင်တယ် ဟုတ်လား ..."
"အံ့ဖွယ်သားရဲရဲ့ အသားကို စားဖို့ မလိုတော့ဘူးပေါ့ ..."
"ငါကြားတာတော့ ဟုန်ယဲ့မြို့က လူတွေလည်း ဒီကျင့်စဉ်ကို လေ့ကျင့်ပြီးတော့ တိုက်ခိုက်သူတွေ အများကြီး ဖြစ်ကုန်ကြပြီတဲ့ ..."
"သွားပြီး လေ့ကျင့်ကြရအောင် ..."
"ဟုတ်တယ် လေ့ကျင့်ကြရအောက် ဒါတွေက ယဇ်ဆရာအကြီးအကဲကိုယ်တိုင် ကြော်ငြာထားတာတွေတဲ့ ..."
၎င်းမှာ မွန်မြတ်ခြင်းကျောင်းတော်က ကြော်ငြာခဲ့ခြင်း ဖြစ်သည့်အတွက် ပရိုမိုးရှင်း ဆင်းနေရန်ပင် မလို၊ အားလုံးက အပြည့်အဝ ယုံကြည်ခဲ့ကြသည်။
များမကြာမီ သာမန်လူ အများအပြား တိုက်ခိုက်သူ ဖြစ်ကုန်ကာ တိုက်ခိုက်သူများမှာလည်း အလျင်အမြန် အကျိုးထူးလာခဲ့ကြသည်။
"ယဇ်ဆရာအကြီးအကဲရဲ့ ကျင့်စဉ်တွေက တကယ်ကို အရမ်းကောင်းတာပဲ ..."
"ငါကြားတာတော့ အကြီးအကဲက ဒီကျင့်စဉ်တွေကို အစောကြီးကတည်းက ထုတ်ပေးချင်တာကို တားမြစ်ခံခဲ့ရတာတဲ့ ..."
"ဒုတိယအကြီးအကဲက တကယ်ကို လူယုတ်မာ ..."
သွမ့်ချန်ချင်း၏ တည်ရှိမှုကြောင့် ပြည်သူများ၏ နှလုံးသားထဲတွင် မွန်မြတ်ခြင်းကျောင်းတော်၏ နေရာမှာ မိုးထိလုမတတ် မြင့်တက်သွားတော့သည်။
ထိုစဉ် ယဇ်ဆရာအကြီးအကဲ သွမ့်ချန်ချင်းက မင်္ဂလာပွဲ ပြုလုပ်ရန် အကြီးအကဲပိုင်၏ အတင်း တိုက်တွန်းခြင်းကို ခံနေရသည်။
ရှဲ့ယွင်နန်က သွမ့်ချန်ချင်းကို ကယ်တင်ကာ ကူညီပေးခဲ့ရာ သွမ့်ချန်ချင်းကို ထောက်ခံသည့် အကြီးအကဲပိုင်က သူ့ကို များစွာ ကျေးဇူးတင်ခဲ့သည်။
သူက သူတို့နှစ်ဦး၏ ချစ်ခြင်းကို မကန့်ကွက်သော်ငြား လက်ထပ်ပွဲ မလုပ်ဘဲ မှတ်ပုံတင်သာ လုပ်ထားခြင်းမှာ မသင့်လျော်ဟု ခံစားမိနေပေသည်။
ယခု သူတို့ကလည်း မြင့်မြတ်မြို့တော်သို့ ပြန်ရောက်နေပြီဖြစ်ရာ ကြီးကျယ်ခမ်းနားသည့် မင်္ဂလာပွဲ ကျင်းပရန် အချိန်ကောင်းပင် ဖြစ်ပေသည်။
သွမ့်ချန်ချင်းကလည်း မင်္ဂလာပွဲ ကျင်းပရန်ကို လက်ခံသည့်တိုင် အကြီးအကဲပိုင် အကြံပြုသည့် အစီအစဉ်မှာ ရှုပ်ထွေးလွန်းလှသည်။ သူက ထိုမျှအထိ ဇယားရှုပ်သည့် အစီအစဉ်ကို မလိုချင်ပေ။
"သခင်လေးရယ် ယဇ်ဆရာအကြီးအကဲတစ်ယောက်က ဘာလို့ မင်္ဂလာပွဲကို ခမ်းခမ်းနားနား မလုပ်ရမှာလဲ ..."
အကြီးအကဲပိုင်က ဆက်ပြီး နားချနေဆဲပင်။
သွမ့်ချန်ချင်းက တစ်ခဏမျှ တွေးပြီးနောက် သူ့ကို ပြောလိုက်သည်။
"အကြီးအကဲပိုင်ရဲ့ မင်္ဂလာပွဲအစီအစဉ် .. ကျွန်တော့်ကို တစ်ချက်လောက် ပြပါဦး ..."
အကြီးအကဲပိုင်က မင်္ဂလာပွဲကို အတိအကျ အစီအစဉ် ဆွဲထားလောက်တယ် ပြီးတော့ တိုက်ရိုက်ထုတ်လွှင့်တာလိုမျိုး တစ်ခုခု ...
အကြီးအကဲပိုင်က သူ့လက်ထဲသို့ ချက်ခြင်း ထည့်ပေးလိုက်သည်။
သူက ဟိုဟိုဒီဒီ လှန်လှောကြည့်ကာ မေးလိုက်၏။
"ဒါက ဘယ်လောက်လောက် ကုန်မှာလဲ ..."
"၁၀ ဘီလီယံလောက်ပေါ့ ..."
သွမ့်ချန်ချင်းမှာ အသံပင် ထွက်မလာနိုင်တော့။
"ကျွန်တော့်ပိုင်ဆိုင်မှုတွေကို အကုန် လှူပြီးသွားပြီ မဟုတ်လား ဘယ်ကနေ ဒီပိုက်ဆံ ရမှာလဲ ..."
မြင့်မြတ်မြို့တော်သို့ ပြန်ရောက်သည့်အခါ သူသည် မြို့ထဲတွင် အကြီးဆုံး မြေပိုင်ရှင်ဖြစ်ကြောင်း သိလိုက်ရသည်။
မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာခဲ့သည့် ပိုင်ဆိုင်မှုမှာ သူပင် လိုက်မမီနိုင်သည်အထိ များပြားလှ၏။
သူသည် ဂုဏ်ပကာသနကို တပ်မက်ခြင်းလည်း မရှိ၊ အလုပ်အကျွေးပြုမှုအား ခံယူရခြင်းကိုလည်း မနှစ်သက်ရာ ထိုမျှလောက်သော ငွေပမာဏကို မလိုအပ်ချေ။
ထို့ကြောင့် အားလုံးကို လှူဒါန်းလိုက်၏။
"ဒါက ကျွန်တော့်ရဲ့ ပိုင်ဆိုင်မှုတွေပါ တစ်ခြားသူတွေလည်း ပါပါသေးတယ် ..."
အကြီးအကဲပိုင်က ပြောလိုက်သည်။
သွမ့်ချန်ချင်းက ပိုင်ဆိုင်မှု အားလုံးကို လှူဒါန်းကာ ကျန်ရစ်သည်များကိုလည်း ပေးကမ်းခဲ့သည့်တိုင် တိုက်ခိုက်သူအများအပြားက သူတို့ကို ကုသပေးသည့်အတွက် ငွေကြေးများစွာ ပေးပို့လာကြသည်။
အကြီးအကဲပိုင်တွင်လည်း စုဆောင်းထားသည်များ ရှိနေသည့်အပြင် မွန်မြတ်ခြင်း ကျောင်းတော်တွင်လည်း ပိုင်ဆိုင်မှုများ ရှိနေသေး၏။
မွန်မြတ်ခြင်းကျောင်းတော်၏ ပစ္စည်းမှန်သမျှမှာ တန်ဖိုးမြင့်မားလှသည့် ရတနာများ ဖြစ်ကြပေသည်။
သူတို့က ထိုသို့ မလုပ်လျှင်ပင် .. အကြီးအကဲပိုင်က သူ့လူများအား အဆင့်မြင့်သားရဲများစွာကို ဖမ်းဆီးစေခြင်းဖြင့် ငွေကြေးအမြောက်အများ ရရှိနိုင်ပေသည်။
၁၀ ဘီလီယံ ကုန်ကျရခြင်း၏ အဓိကအကြောင်းအရင်းမှာ ဧည့်ခံပွဲတွင် အသုံးပြုသည့် ပါဝင်ပစ္စည်းများကြောင့် ဖြစ်သည်။ အကြီးအကဲပိုင်က အဆင့်မြင့် အံ့ဖွယ်သားရဲတို့၏ အသားကိုသာ အသုံးပြုရန် စီစဉ်ထား၏။
သွမ့်ချန်ချင်းက လက်ကို ဆန့်ထုတ်ကာ ပြောလိုက်သည်။
"အဖိုးပိုင် ကျွန်တော့်ကို ပိုက်ဆံပေးပါ ..."
အကြီးအကဲပိုင်က ကြောင်အသွားသည်။
သူက ဆက်ပြောလိုက်၏။
"အခု ကျွန်တော်တို့က လမ်းတွေ ဖောက်နေတာလေ ယွင်နန့်ဘက်မှာ ငွေသိပ်မရှိတော့ဘူးဆိုတော့ ဒါကို မင်္ဂလာပွဲမှာ သုံးမယ့်အစား လမ်းဖောက်ဖို့ သုံးလိုက်တာက ပိုကောင်းတယ်လေ ..."
အကြီးအကဲပိုင် "..."
သူမှားတာ သူပဲ မှားတာ သခင်လေးကို ကုန်ကျစရိတ်အကြောင်း မပြောလိုက်သင့်ဘူး အိုက်ယား သခင်လေးက တကယ်ကို အချစ်ရူးပဲ သူ့စိတ်ထဲမှာ ရှဲ့ယွင်နန်ကလွဲပြီး ဘာမှကို မရှိတော့ဘူး အနာဂတ်မှာ သူတို့လက်ထဲ တစ်ပြားမှ မရှိတော့ရင် ရှဲ့ယွင်နန်က သူ့ကို ထောက်ပံ့ပေးမယ်လို့ မျှော်လင့်နေတာလား ...
အကြီးအကဲပိုင်က စကားပင် ပြန်မပြောနိုင်တော့သည်ကို တွေ့လိုက်ရသောအခါ ပိုင်ယဲ့က ဝင်ပြောလိုက်သည်။
"သခင်လေး ယဇ်ဆရာအကြီးအကဲရဲ့ မင်္ဂလာပွဲကို တက်ရောက်မယ့်သူ အများကြီး ရှိပါတယ် ပြီးတော့ တစ်ခြားမြို့တွေကပါ သံတမန်လွှတ်ပြီး ဝမ်းမြောက်ကြောင်း သဝဏ်လွှာပို့ကြမှာဆိုတော့ အဲဒီ့လူတွေကိုပါ ကောင်းကောင်းမွန်မွန် ကြိုဆိုရမှာပါ မြင့်မြတ်မြို့တော်ရဲ့ အဆင့်အတန်းကို နိမ့်ကျစေလို့ မဖြစ်ပါဘူး ..."
ဤကုန်းမြေတွင် မြို့တော်များစွာ ရှိကာ မြင့်မြတ်မြို့တော်က အကြီးမားဆုံး ဖြစ်ပြီး ဟုန်ယဲ့မြို့တော်ကမူ မြင့်မြတ်မြို့တော်နှင့် အနီးဆုံး မြို့တစ်မြို့မျှသာ ဖြစ်ပေသည်။
အင်အားကြီးသူများ မရှ်ိသောကြောင့် ဟုန်ယဲ့မြို့မှာ ထင်ရှားခြင်း မရှိခဲ့။ သို့သော် အချို့မြို့တော်များတွင်မူ အင်အားကြီး နဝမအဆင့် တိုက်ခိုက်သူများကို ပိုင်ဆိုင်ထားကြသည်။ မြင့်မြတ်မြို့တော်က အဓိကမြို့တော် ဖြစ်သည့်တိုင် ထိုမြို့များက မြင့်မြတ်မြို့တော်၏ အမိန့်ကို နာခံလေ့ မရှိကြပေ။
ယဇ်ဆရာအကြီးအကဲသာ မင်္ဂလာပွဲ ကျင်းပပါလျှင်ကျင်းပပါလျှင် အခြားမြို့တော်များကိုပါ ပါဝင်ဆင်နွှဲရန် ဖိတ်ကြားရမည်ဖြစ်ကာ ထိုနဝမအဆင့် တိုက်ခိုက်သူ အင်အားစုများလည်း တက်ရောက်ကြမည် ဖြစ်သည်။
ခွန်အား သန်မာသည့်တိုင် သူတို့ကို ကုသပေးမည့် ယဇ်ဆရာကို လိုအပ်နေဆဲ ဖြစ်သည့်အတွက် နှစ်စဉ် ပွဲတော်ကျင်းပချိန်တိုင်း လက်ဆောင်များ ပေါပေါသီသီ ပေးပို့ကြလေ့ ရှိသည်။ ဤတစ်ကြိမ်မှာ ယဇ်ဆရာအကြီးအကဲ၏ မင်္ဂလာပွဲ ဖြစ်သည့်အတွက် လက်ဆောင်မပေးဘဲနေရန် ပို၍ပင် မဖြစ်နိုင်။ လက်ထပ်ပွဲကို မတက်သည့်တိုင် မြင့်မြတ်မြို့တော်၏ အခြေအနေကို ကျိန်းသေ အာရုံစိုက်နေကြမည် ဖြစ်သည်။
သွမ့်ချန်ချင်းကလည်း ၎င်းကို သတိပြုမိသည့်အတွက် မျက်ကွယ်ပြုထားမည် မဟုတ်ချေ။
ပိုင်ယဲ့၏ စကားကို ကြားသည့်အခါ အကြီးအကဲပိုင်ကပါ သံယောင်လိုက်ကာ ပြောလိုက်သည်။
"ဟုတ်တယ် ငါတို့က အဲဒီ့လူတွေကို မွန်မြတ်ခြင်း ကျောင်းတော်ရဲ့ အရှိန်အဝါိကိုပါ ပြချင်သေးတာ ..."
သွမ့်ချန်ချင်းက ပြန်ပြောလိုက်သည်။
"မွန်မြတ်ခြင်းကျောင်းတော်ရဲ့ အင်အားကို ပြဖို့အတွက်နဲ့ ငွေသုံးစရာ မလိုပါဘူး ..."
အကြီးအကဲပိုင်က ပဟေဠိ ဖြစ်သွားသည်။
သွမ့်ချန်ချင်း "ကျွန်တော်တစ်ယောက်လုံး ရှိနေမှတော့ ဘာလို့ ငွေသုံးဖို့ လိုနေဦးမှာလဲ ..."
အကြီးအကဲပိုင် "..."
ကြည့်ရတာ မလိုတော့ဘူး ထင်တယ် ...
2.1