Chapter 115
Extra 1.10
ရက်အနည်းငယ်ခန့် အနားယူပြီးသည့်နောက်တွင် သွမ့်ချန်ချင်းသည် ပြင်ပကမ္ဘာနှင့် အဆက်အသွယ်လုပ်ရန် မတားမြစ်တော့ချေ။
ထိုအချိန်အတွင်း ရှဲ့ယွင်နန်က သူ့အပေါ် အလွန်ကြင်နာကာ သူ့စကားကို အလုံးစုံ နားထောင်ခဲ့၍ ဖြစ်သည်။
အမှန်စင်စစ်အားဖြင့် သူသည် ရှဲ့ယွင်နန်နှင့်ဆိုလျှင် အမြဲ ထိုအတိုင်းပင် ဖြစ်သည်။ စောင့်ရှောက်ရန် လိုအပ်သူမှာ ရှဲ့ယွင်နန် ဖြစ်သည့်တိုင် သူက အမြဲ သူ့ကို နူးနူးညံ့ညံ့ ချော့မော့ပြောတတ်၍ ဖြစ်သည်။
ဒါက ကိုယ့်ထက်ကြီးတဲ့သူနဲ့ တွဲရတဲ့ အကျိုးကျေးဇူးများလား ...
သွမ့်ချန်ချင်းက အလွန် အူမြူးနေ၏။
ထိုရက်များတွင် သူက ရှဲ့ယွင်နန်နှင့် သင့်လျော်သည့် ကျင့်စဉ်တစ်ခုကို သူ့ကိုယ်ပိုင်မှတ်ဉာဏ်များထဲမှ ရှာတွေ့ကာ ဤကမ္ဘာတွင် နေထိုင်သူများ ကျင့်ကြံနိုင်မည့် ကျင့်စဉ်တစ်ခုကိုလည်း ပြင်ဆင်ပြုစုခဲ့သည်။
သူ ရှဲ့ယွင်နန်အတွက် ရှာတွေ့ထားသည့် ကျင့်စဉ်မှာ ခွန်အားကို မတိုးပေးနိုင်သည့်တိုင် ခန္ဓာကိုယ်အတွက် များစွာ ကောင်းမွန်ပေသည်။ ရှဲ့ယွင်နန်က အလွန် အရည်အချင်းရှိသည့်အပြင် ရှေးခေတ်မိစ္ဆာတစ်ကောင်၏ သွေးကြောတည်ဆောက်ပုံကိုလည်း ပိုင်ဆိုင်ထားသေး၏။ ထို့အပြင် သူကိုယ်တိုင်ကလည်း ညတိုင်း ကူညီပေးနေသေးရာ ပြဿနာ တစ်စုံတစ်ရာ မဖြစ်ပွားဘဲ ရှဲ့ယွင်နန်သည် ကျိန်းသေ သက်သာလာတော့သည်။
အခြားသူများအတွက်မူ ... သူတို့အတွက် ကျင့်စဉ်မှာ လွယ်ကူသည့်တိုင် ချီသန့်စင်ခြင်း အဆင့်အထိသာ အောင်မြင်နိုင်ပေသည်။ ထိုထက်ပို၍ တိုးတက်ကာ အခြေတည်အဆင့် တည်ဆောက်နိုင်ရန်မှာမူ များစွာ ခက်ခဲလှ၏။ ဤကမ္ဘာတွင် စိတ်စွမ်းအင် လွန်စွာ နည်းပါးလှရာ စိတ်စွမ်းအင်အစိုင်အခဲကဲ့သို့သော ရတနာမျိုး မရှိပါဘဲ အခြေတည်အဆင့်ကို ရောက်ရှိနိုင်မည် မဟုတ်ချေ။ ချီသန့်စင်ခြင်း အဆင့်ကပင်လျှင် လိုအပ်သည်ထက် ပိုမိုလုံလောက်နေပြီ ဖြစ်သည်။
သွမ့်ချန်ချင်းက ထိုကျင့်စဉ်နှစ်ခုကို အချိန်ယူရေးသားကာ ရှဲ့ယွင်နန် အံ့ဩသွားစေရန် လုပ်မည်ဟု ကြံစည်ထားသော်ငြား ရှဲ့ယွင်နန်က သူ့ကို အံ့ဩစရာသတင်းတစ်ခု အရင်ပေးလာသည်။
"ချန်ချင်း မင်း ဟိုသစ္စာဖောက်တွေကို သတ်တုန်းကလေ စောင့်ကြည့်ကင်မရာက အကုန်လုံးကို ရိုက်မိထားတယ် ကိုယ် အဲဒါကို တည်းဖြတ်ပြီး ဝါဒဖြန့်တဲ့ နေရာမှာ သုံးခွင့်ပြုလိုက်မလို့ ... "
သွမ့်ချန်ချင်း "!!!!"
အဲဒီ့လူတွေကို သတ်တုန်းက အဲဒါ သူ့အသိစိတ်ရဲ့ လက်ချက်လေ ဘယ်လိုလုပ်ပြီး သူ အော်ဟစ်ငိုယိုနေတာတွေကို အဲဒီ့လူတွေကို ကြည့်ခွင့်ပြုရမှာလဲ လုံးဝကို မဖြစ်နိုင်ဘူး ...
ရှဲ့ယွင်နန်က ဒီအကြောင်းကို အထူးတလည် ထုတ်ပြောတာဆိုတော့ .. ဒါက လူသိရှင်ကြား ကြေငြာဖို့ လိုအပ်လို့လား ...
ရှဲ့ယွင်နန်သာ လိုအပ်ရင် ...
ရှဲ့ယွင်နန်က ဆက်ပြောလိုက်သည်။
"မင်း အရင်ကြည့်ကြည့်လိုက်လေ စိတ်တိုင်းမကျရင် ပြောင်းလိုက်လို့ ရတယ် ..."
ထို့နောက် သူက နောက်နားရှိ တီဗီကို ဖွင့်လိုက်သည်။
ဗီဒီယိုတစ်ပုဒ် စတင်ထွက်ပေါ်လာ၏။
ထိုဗီဒီယိုကို စိတ်လှုပ်ရှားဖွယ် ဂီတသံဖြင့် ပေါင်းစပ်ထားကာ အန္တရာယ်အငွေ့အသက်တို့ ရောနှောနေသည်။ သူက နှင်တံကို ဆုပ်ကိုင်ထားရင်း ဟန့်လီဝမ်နှင့် ခေါင်းဆောင်ကျောက်ကို သတ်ဖြတ်ကာ အညှာအတာမဲ့စွာ တိုက်ခိုက်နေသူကို ကြည့်လိုက်သည်။
မူရင်းအသံကို အသုံးမပြုထားသည့်အတွက် အရူးလေး၏ စကားများလည်း တစ်ခွန်းမှ မပါခဲ့ချေ။
ထိုမျှသာမက အရူးလေး၏ မဆီလျော်သည့် လုပ်ရပ်များလည်း ပါဝင်ခြင်း အလျဉ်းမရှိခဲ့ပေ။
အမှန်တရားကို မသိ၊ ထိုဗီဒီယိုကိုသာ ကြည့်ထားသူများသည် သွမ့်ချန်ချင်း၏ လွှမ်းမိုးနိုင်စွမ်းကြီးသော အင်အားကို ကျိန်းသေ မင်သက်အံ့ဩသွားကြမည် ဖြစ်သည်။
သွမ့်ချန်ချင်းက အံ့ဩတကြီး လှည့်ကြည့်လိုက်သည့်အခါ ရှဲ့ယွင်နန်၏ အပြုံးတို့ကို တွေ့လိုက်ရသည်။
ရှဲ့ယွင်နန်က မေးလိုက်သည်။
"ဘယ်လိုလဲ ..."
"သိပ်ကောင်းတယ် ..."
သွမ့်ချန်ချင်းက အလွန် ကျေနပ်သွားသည်။
ဒီလို ဗီဒီယိုမျိုးက သူ့ကို လုံးဝ အရှက်ရစေမှာ မဟုတ်ဘူး ... ဒါပေမယ့် ရှဲ့ယွင်နန်က ဒါကို လူသိရှင်ကြား ထုတ်ပြချင်နေတာလား ...
"ယွင်နန် ဒီဗီဒီယိုက ..."
"ကိုယ်က လူတွေကို ဘာဖြစ်ခဲ့တာတွေကို အသိပေးရမယ်လေ ဒါဆို ကိုယ့်မိသားစုတွေလည်း မင်းအကြောင်း သိလာကြလိမ့်မယ် .. ကိုယ်နဲ့အတူ မရှိချင်ဘူးလား မင်းရဲ့ ဂုဏ်သတင်းသာ ပျံ့နှံ့သွားရင် ကိုယ်တို့တွေလည်း အတူတူ ရှိနိုင်မှာလေ အတူတူ ကြိုးစားကြရအောင် ..."
ရှဲ့ယွင်နန်က ပြောလိုက်သည်။
သူက ထိုဗီဒီယိုကို သွမ့်ချန်ချင်းအတွက် အရှိန်အဟုန်ကောင်းတစ်ခု ဖြစ်ပေါ်လာစေရန် အဓိကထား ဖန်တီးခဲ့ခြင်း ဖြစ်သည်။
သူက သွမ့်ချန်ချင်းကို အနာဂတ်တွင် မည်သည့်အရာများ လုပ်လိုကြောင်း မေးခဲ့ဖူးသည်။ သွမ့်ချန်ချင်းက သူ့ကို ကူညီကာ ကုသပေးလိုသည်ဟု ပြောလာသည့်အတွက် သူကလည်း သွမ့်ချန်ချင်းကို ကူညီပေးလိုလာခဲ့သည်။
သွမ့်ချန်ချင်းမှာ သန်မာသည့်အပြင် လုပ်ရည်ကိုင်ရည်နှင့်လည်း ပြည့်စုံသူ ဖြစ်သည်။ ထို့ကြောင့် သူ့နောက်လိုက်အဖြစ်နှင့် ရပ်တန့်နေရမည်ကို မလိုလားချေ။
သူ့အတွေးများအရ သွမ့်ချန်ချင်းသည် ထိုဗီဒီယိုမှတစ်ဆင့် နာမည်ကောင်းတစ်ခု တည်ဆောက်ကာ ထို့နောက်တွင် ကုသခြင်းဖြင့် အခြားသူများ၏ စိတ်နှလုံးကို သိမ်းကျုံးယူနိုင်မည် ဖြစ်သည်။ သူ့အကူအညီနှင့်သာဆိုလျှင် သွမ့်ချန်ချင်းသည် များမကြာမီ အဆင့်မြင့် ကစားသမား ဖြစ်လာမည် ဖြစ်သည်။
သွမ့်ချန်ချင်းက သူ၏ ဆက်ခံသူပင် ဖြစ်လာနိုင်သေး၏။ အချို့သော ကိစ္စရပ်များတွင် သူက ရှချင်ထက်ပင် ပိုပြီး သင့်လျော်လှပေသည်။
သွမ့်ချန်ချင်းက သူ့ထက် ပိုမိုငယ်ရွယ်ပြီး သန်မာကာ အချို့သော စီနီယာအဆင့် ယဇ်ဆရာများကဲ့သို့ နှစ် ၂၀၀ ကျော်ခန့် အသက်ရှင်နိုင်မည် ဖြစ်သည်။ သို့သော် သူကမူ မတူ၊ သူ့ခန္ဓာကိုယ်က လုံးဝဥဿုံ ပြန်သက်သာလာသည့်တိုင် အသက်ရှစ်ဆယ်အထိပင် နေနိုင်လိမ့်မည် မထင်။
အတူတကွ အိုမင်းသွားရန် မဖြစ်နိုင်သည့်အတွက် ထိုအစား သွမ့်ချန်ချင်းအတွက် တောက်ပသည့် အနာဂတ်တစ်ခုကိုသာ ဖော်ဆောင်ပေးလိုတော့သည်။
"ဟုတ်တယ် ခင်ဗျားနဲ့အတူ ရှိနေချင်တယ် ..."
သွမ့်ချန်ချင်းက သူ့ကို နောက်တစ်ကြိမ် နမ်းလိုက်မိပြန်သည်။
ရှဲ့ယွင်နန်၏ အကူအညီကြောင့် သူ ပိုပြီး ကျော်ကြား ထင်ရှားလာသည့်အခါ မည်သူကမှ သူတို့၏ ထိမ်းမြားခြင်းကို ကန့်ကွက်ရဲတော့မည် မဟုတ်ချေ။
နမ်းရှိုက်နေရင်း တန်းလန်းတွင်ပင် သူက သွမ့်ချန်ချင်းကို မည်သည့်အလုပ်များအား သဘောကျလဲဟု မေးလိုက်သည်။ သူက သွမ့်ချန်ချင်းအတွက် လမ်းကြောင်းတစ်ခု စီစဉ်ပေးထားသည့်တိုင် ၎င်းက သွမ့်ချန်ချင်း၏ အကြိုက်ပေါ်တွင်လည်း မူတည်သေးပေသည်။ သွမ့်ချန်ချင်းသာ ဆန္ဒမရှိပါလျှင် သူက ထိုအစီအစဉ်ကို စွန့်လွှတ်လိုက်မည် ဖြစ်သည်။
သွမ့်ချန်ချင်းက ပြောလိုက်သည်။
"ခင်ဗျားလုပ်စေချင်တာ အကုန်လုပ်မှာ ကျွန်တော်က ခင်ဗျားကို ကူညီချင်တာ ..."
သူက ရှဲ့ယွင်နန်အနား ကပ်နေခွင့်ရတဲ့ ဟန့်လီဝမ်ကို အရမ်း မနာလို ဖြစ်ခဲ့ရတာလေ ...
"အာ .. ကိုယ်က မင်း အလုပ်ရှုပ်မှာကို စိုးရိမ်နေတာ ..."
"အလုပ်ရှုပ်ရတာကို မကြောက်ပါဘူး ..."
သွမ့်ချန်ချင်းက ပြောလိုက်သည်။
အလုပ်များခြင်းက သူ့အတွက် မပင်ပန်းလှ။ သူသာ အလုပ်များနေပါလျှင် ရှဲ့ယွင်နန်က အေးအေးဆေးဆေး နေနိုင်သည့်အတွက် သာယာချမ်းမြေ့သော ညအချိန်ကို ကောင်းစွာ ခံစားနိုင်မည် ဖြစ်သည်။
အားလုံး ပြောဆိုပြီးကာမှ သူက အခြားအကြောင်းအရင်းတစ်ခုကို သတိရသွားသည်။
"ဒါနဲ့ ယွင်နန် ကျွန်တော့်မှာ ကျင့်စဉ်နှစ်ခု ရှိတယ် တစ်ခုက ခင်ဗျား ကျင့်ဖို့အတွက် နောက်တစ်ခုက တစ်ခြားသူတွေကို ဝေမျှဖို့ ..."
လေ့ကျင့်ခန်းလား?
ရှဲ့ယွင်နန်က အနည်းငယ် သိလိုသွားသည်။
ထိုစဉ် သွမ့်ချန်ချင်းက ဆက်ပြောလိုက်သည်။
"ဒီကျင့်စဉ်က အရမ်း အင်အားကြီးတာနော် အဲဒါကို လေ့ကျင့်ပြီးသွားရင် ခင်ဗျားရဲ့ သက်တမ်းက အများကြီး တိုးတက်လာမှာ အခြေတည်အဆင့်ကို ရောက်ရင် ပိုပြီးလည်း နုပျိုလာလိမ့်မယ် နှစ်တွေ ရာနဲ့ချီပြီး နေချင်တယ်ဆိုရင်တောင် ပြဿနာ မဟုတ်တော့ဘူး ..."
ရှဲ့ယွင်နန်က ကြောင်အသွားတော့သည်။
သူက သွမ့်ချန်ချင်း သူ့အပေါ် ဆန္ဒတို့ လျော့နည်းလာသည့်အချိန် နောင် ၁၀ နှစ် ၁၅ နှစ်ခန့်တွင် သွမ့်ချန်ချင်းအား လက်လွှတ်လိုက်ရန်ပင် တွေးထားခဲ့ပြီး ဖြစ်သည်။
သူက အချိန်ကျလာသည့်အခါ နေရာလွတ်တစ်ခုကို ရှာကာ ကျန်ဘဝတစ်လျောက်လုံးကို တစ်ကိုယ်တည်း ဖြတ်သန်းသွားရန်ပင် တွေးထားခဲ့ဖူး၏။
သို့သော် ၎င်းက သူ့နှလုံးသားထဲရှိ မသက်မသာဖြစ်မှုများကို မလျော့နည်းသွားစေခဲ့။ ရလဒ်အနေဖြင့် သူ့အကြံကို စီစဉ်အပြီးမှာပင် သွမ့်ချန်ချင်းက သူသည် နှစ် ရာပေါင်းများစွာ အသက်ရှင်နိုင်တော့မည်ဟု ထုတ်ပြောလာခဲ့သည်။
"ယွင်နန် အတူတူ ကြိုးစားကြရအောင် ခင်ဗျားက တစ်နှစ်အတွင်း အခြေတည်အဆင့်ကို တည်ဆောက်သင့်တယ် ဒီအချိန်အတွင်းမှာ ကျွန်တော်တို့တွေ ပြင်ဆင်ထားကြရအောင်လေ အဲဒါဆို အခြေတည်အဆင့် ရောက်တဲ့အခါ လက်ထပ်လို့ ရပြီ ..."
ရှဲ့ယွင်နန်၏ ခန္ဓာကိုယ်က အလုံးစုံ ပြန်လည်သက်သာလာစေရန် တစ်နှစ်ခန့် အချိန်ယူရမည် ဖြစ်သည်။ သူတို့က ထိုအချိန်ကို ရှဲ့ယွင်နန်အား အခြေတည်အဆင့်သို့ ရောက်စေရန် ကူညီရာ၌ အသုံးပြုနိုင်ပေသည်။
အခြေတည်အဆင့်ကို တည်ဆောက်ခြင်းကသာလျှင် သူ့ခန္ဓာကိုယ်အား အပြည့်အဝ ပြန်လည်သက်သာစေနိုင်မည် ဖြစ်သည်။
လက်ထပ်ခြင်းအတွက်မူ ... သူက စောစောစီးစီး လက်ထပ်လိုသော်လည်း ရှဲ့ယွင်နန်သည် သူ့ရုပ်ရည်အပေါ် စိုးရိမ်နေကြောင်း သတိပြုမိလိုက်သည်။
သူက မည်သို့မှ ထုတ်မပြောခဲ့။ သို့သော် ရှချင်ကို အသားအရေ စောင့်ရှောက်ရေးပစ္စည်းအချို့ ပို့ပေးရန် တီးတိုး မှာကြားကာ ဤမနက်တွင် ဂရုတစိုက် အသုံးပြုနေခဲ့သည်။
ရှဲ့ယွင်နန်က သူ့ရုပ်ရည်ကို များစွာ စိုးရိမ်နေရာ သွမ့်ချန်ချင်းအနေဖြင့်လည်း သူ့ကို စိတ်အေးလက်အေး ဖြစ်စေလိုပေသည်။ လက်ထပ်ခြင်းကမူ ရှဲ့ယွင်နန် နုပျိုလာချိန်အထိ စောင့်ဆိုင်းနိုင်ပေ၏။
ယခုလက်ရှိ ရှဲ့ယွင်နန်၏ ရုပ်ရည်နှင့် ပတ်သက်၍မူ ...
ရှဲ့ယွင်နန်က စကားတစ်ခွန်းမှ ပြောမလာသည့်အတွက် သွမ့်ချန်ချင်းက သူ့ကို ကြိမ်ဖန်များစွာ ပွေ့ဖက်နမ်းရှိုက်လိုက်သည်။
"ယွင်နန် ကျွန်တော်က အခုလက်ရှိ ခင်ဗျားရဲ့ ပုံစံကို တကယ်ကို အများကြီး သဘောကျတာ ဒါပေမယ့် စိတ်မကောင်းစရာပဲ နောက်ဆို ဒီလိုပုံစံမျိုး တွေ့ရတော့မှာ မဟုတ်ဘူး ..."
ရှဲ့ယွင်နန် "..."
သွမ့်ချန်ချင်းနဲ့ တွေ့ပြီးကတည်းက သူ့ရဲ့ လောကအမြင်တွေ အကုန်လုံး ကျွမ်းထိုးမှောက်ခုန် ဖြစ်နေပြီ ...
သွမ့်ချန်ချင်းကို ပွေ့ဖက်ထားရင်း ရှဲ့ယွင်နန်မှာ ယခုလက်ရှိအချိန်တွင် များစွာ ပျော်ရွှင်မိနေကြောင်း ဝန်ခံရပေမည်။
သူနဲ့ သွမ့်ချန်ချင်းက အမြဲတမ်း အတူတူ ရှိသွားနိုင်တော့မှာ ...
(Extra 1.1 ကနေ 1.10 အထိက အတိတ်ဘဝအကြောင်းတွေပါ နောက်အပိုင်းမှာ လက်ရှိဘဝအကြောင်းပဲ ပါတော့မှာပါ)
1.10