Chapter 114
Extra 1.9
"ဘာဖြစ်လို့လဲ ..."
ရှဲ့ယွင်နန်မှာ ကူကယ်ရာမဲ့နေ၏။
သူတို့တွေ စကားကောင်းကောင်း ပြောနေကြတာ မဟုတ်ဘူးလား ...
အရူးလေးက ပြောလိုက်သည်။
"ခင်ဗျားက စကားတွေပဲ ပြောနေတာ ကျွန်တော့်ကို မကြိုက်ဘူး ..."
ရှဲ့ယွင်နန် "..."
"ကျွန်တော်က ကြည့်မကောင်းလို့လား ခင်ဗျားက မှတ်စုတွေတောင် လိုက်ရေးနေလိုက်သေးတယ် ..."
အရူးလေးက သူ့ရင်ဘက်ကို ပုတ်ကာ ရှဲ့ယွင်နန်၏ လက်ထဲရှိ မှတ်စုစာအုပ်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။
ရှဲ့ယွင်နန် "..."
အရူးလေးက သေချာပေါက်ကို ကြည့်ကောင်းတာပေါ့ ဒါပေမယ့် အခု သူက ဘာမှ မလုပ်နိုင်ဘူးလေ ...
မည်သူပင်ဖြစ်စေ အကြိမ်ပေါင်းများစွာ ပြုလုပ်ပြီးသည့်အခါ အာရုံပျံ့လွင့်ရန် ခက်ခဲပေသည်။
အချက်အလက်များကို ဆန်းစစ်ပြီးနောက် ...
သွမ့်ချန်ချင်းက ဒေါသထွက်နေပြီးတော့ သူ့ဒေါသကို ထုတ်ပြဖို့ အရူးလေးအဖြစ် ပြောင်းလဲသွားတာများလား ...
ရှဲ့ယွင်နန်က သွမ့်ချန်ချင်းမှာ အရူးလေးနှင့် များစွာ ကွဲပြားလှသည်ဟု ခံစားနေမိခဲ့သော်ငြား ဂရုတစိုက် စဉ်းစားကြည့်သည့်အခါ သူတို့နှစ်ဦးလုံးမှာ တူညီသော အတွေးပုံစံများ ရှိနေကြကြောင်း သိလိုက်ရသည်။
ပျော်ရွှင်မှုနှင့် နာကျင်မှုအကြား ကူးလူးနေရင်း ရှဲ့ယွင်နန်သည် သူ့ချစ်သူကောင်လေးကို နောက်တစ်ကြိမ် ချော့မော့လိုက်ရပြန်သည်။
ဤကိစ္စအားလုံးမှာ သူ့အတွက် အသစ်အဆန်းများ ဖြစ်ပေသည်။
သူက အရူးလေးကို အလွန် သဘောကျသည့်အတွက် ဖိအားများ၊ အတားအဆီးများ စိုးစဉ်းမျှပင် မရှိဘဲ အရူးလေး၏ ဘေးတွင် တည်ငြိမ်စွာဖြင့် ရှိနေနိုင်ပေသည်။
သူက သွမ့်ချန်ချင်းကိုလည်း များစွာ သဘောကျမိ၏။
သူ့အဆင့်အတန်းအရ သူနှင့် ပွင့်ပွင့်လင်းလင်း စကားပြောဆိုနိုင်သူဟူ၍ အလွန် ရှားပါးကာ သူ့ကို နားလည်နိုင်သူ အရေအတွက်မှာမူ ပို၍ပင် နည်းပါးသေးသည်။
သူတို့နှစ်ဦး အတူရှိချိန်မှာ များစွာ မကြာရှည်လှသေးသည့်တိုင် သူနှင့် သွမ့်ချန်ချင်းအကြားတွင် တူညီမှုများ ရှိနေကာ သူကိုယ်တိုင်ကလည်း သွမ့်ချန်ချင်းကို လေးစားအားကျပေသည်။ သွမ့်ချန်ချင်းနှင့် အရူးလေးသာ တစ်ယောက်တည်း မဟုတ်ခဲ့ပါလျှင် သူသည် သွမ့်ချန်ချင်းနှင့် များစွာ ယုံကြည်ရသော အတွင်းလူ အဖြစ်အထိ ရောက်ရှိနိုင်ပေလိမ့်မည်။ သို့သော် ယခုမူ ...
ရှဲ့ယွင်နန်က မျက်မှောင်ဖွဖွ ကြုတ်လိုက်သည်။
"ခင်ဗျားကို ဘယ်သူ ပိုင်တာလဲ ..."
အရူးလေးက မေးလိုက်သည်။
"မင်း ..."
အရူးလေးက အလွန် ပျော်ရွှင်သွား၏။
"ဟုတ်တယ် ခင်ဗျားက ကျွန်တော့်အပိုင်ပဲ ဖြစ်သင့်တာ ကျွန်တော်က အရမ်း ကောင်းတယ် ဟန့်လီဝမ်လို မဟုတ်ဘူး ..."
ရှဲ့ယွင်နန် "..."
နောက်တစ်ကြိမ် ထပ်ပြီး သဝန်တိုဖို့ အစပျိုးလာပြန်တာလား ...
သူကဖြင့် ဟန့်လီဝမ်နဲ့ ဘာဆို ဘာမှကို မပတ်သက်ပါဘူးနော် ...
ရှဲ့ယွင်နန်က ထုတ်မပြောဘဲပင် မနေနိုင်တော့။
"သွမ့်ချန်ချင်းက မင်းလောက် မရိုးစင်းဘူး ..."
အရူးလေးသည် သွမ့်ချန်ချင်း၏ အတွင်းစိတ် ဖြစ်သည်။ သူက လျောင်မုယဲ့နှင့် ဟန့်လီဝမ်တို့၏ ရှာလကာရည်ကို သောက်သော်ငြား သွမ့်ချန်ချင်းကိုမူ မနာလို မဖြစ်။
သို့သော် ရှဲ့ယွင်နန်က သွမ့်ချန်ချင်းအကြောင်း ပြောလာသည့်အခါ သူက စိတ်ဓာတ်ကျသွားတော့သည်။
"ခင် .. ခင်ဗျားက ကျွန်တော့်ကို မကြိုက်ဘူးလား ..."
ရှဲ့ယွင်နန် ".. ကိုယ် မင်းကို သဘောမကျတာမျိုး မဖြစ်ပါဘူး ဘယ်တော့မှလည်း ဖြစ်လာမှာ မဟုတ်ဘူး ..."
အရူးလေးက ချက်ခြင်း ဝမ်းသာသွားသည်။
ဝမ်းသာသွားသူကို ကြည့်ကာ ရှဲ့ယွင်နန်က ထပ်ပြောလိုက်သည်။
"ညစာစားချိန် ရောက်ပြီ ကိုယ်တို့လည်း စကားစ ဖြတ်လိုက်ရအောင် ..."
သူက ဒီလိုမျိုး ထပ်ဖြစ်နေလို့ မရဘူး ...
အကျင့်ပျက်သူတစ်ဦး ဖြစ်လာမည်ကို ငြင်းဆန်ကာ ရှဲ့ယွင်နန်က ညစာစားရန်သာ အတင်းအကြပ် တိုက်တွန်းလိုက်သည်။
ညစာစားပြီးနောက် သူက ပြင်ပကမ္ဘာကို အနည်းငယ် စိုးရိမ်မိလာသည်။
အရူးလေးကို စခေါ်လာကာစက သူသည် များစွာ ဂရုမစိုက်ခဲ့။ အရူးလေးနှင့်အတူ နေ့တိုင်းညတိုင်းကို ကုန်ဆုံးခဲ့သည်။ သူ့အခြေအနေမှာ အလွန်ဆိုးဝါးခဲ့သည့်အတွက် မည်သည့်အလုပ်ကိုမှ မလုပ်လို၊ လက်ကျန်သက်တမ်းကို နေပူဆာလှုံရင်းသာ ဖြတ်သန်းလိုခဲ့သည်။
သို့သော် ယခုမူ သူ့ကျန်းမာရေးမှာလည်း ပြန်လည်သက်သာလာရာ ..
သူက အရူးလေးကို ခိုးကြည့်လိုက်သည်။
ရှဲ့ယွင်နန်က ရှချင်ကို မဆက်သွယ်ဘဲ သွမ့်ချန်ချင်းနှင့် စကားပြောနေရင်း သူ ချရေးထားသည့် ပစ္စည်းများကို အမျိုးအစား ခွဲလိုက်သည်။
အရူးလေးက ရှဲ့ယွင်နန်ကို တစ်ခဏမျှ စိုက်ကြည့်နေလိုက်သည်။ ထို့နောက် သွမ့်ချန်ချင်း ထွက်လာပြန်၏။
"တစ်နာရီပဲ အလုပ်လုပ်ရမယ် ..."
ရှဲ့ယွင်နန်က သူ့ကို ပြုံးကာ ပြောလိုက်သည်။
"ကောင်းပြီ ..."
များသောအားဖြင့် သူသည် မြင့်မြတ်ထူးကဲကာ ဂုဏ်သရေကြီးမြတ်သည့် ပုံစံမျိုး ဖြစ်နေလေ့ ရှိသော်ငြား ဤပုံစံနှင့် ကြည့်သည့်အခါ ရှားရှားပါးပါး နူးညံ့ညင်သာမှုအချို့ ရောစွက်နေပေသည်။
သွမ့်ချန်ချင်း၏ နှလုံးခုန်သံများ မြန်ဆန်လာကာ ရှဲ့ယွင်နန်အနီးသို့ တိုးလာ၍ မေးလိုက်သည်။
"အဲဒီ့လူတွေ သူတို့က ဘာလို့ ခင်ဗျားကို သတ်ချင်ကြတာလဲ ..."
သူ့ဘဝ၏ အချိန်အများစုကို မိဘမဲ့ဂေဟာတွင် ကုန်ဆုံးခဲ့ရရာ သတင်းအချို့ကို ဖတ်နိုင်၊ အချို့သော အကြောင်းအရာများကို သိရှိနိုင်သည့်တိုင် မြင့်မြတ်မြို့တော်အကြောင်း များစွာ မသိခဲ့ရချေ။
ရှဲ့ယွင်နန်နှင့် စကားပြောမိချိန်တွင်မှ ထိုနေရာတွင် လှည့်ကွက်များ မည်မျှအထိ ပွေလီများပြားကြောင်း သိလိုက်ရသည်။ ထိုနှစ်များက ရှဲ့ယွင်နန်၏ ဘဝမှာ သူ ထင်ထားသည်ထက်ပင် ပိုပြီး ခက်ခဲနေသေးသည်။
ရှဲ့ယွင်နန်အဖို့ အနားယူချိန်မှာလည်း မရှိသလောက်ပင် ရှားပါးခဲ့သည်။
ရက်အနည်းငယ်အကြာ ရှဲ့ယွင်နန်၏ ကျန်းမာရေး တစ်ဖြည်းဖြည်း ပြန်သက်သာလာသည့်အခါ သူ့ကို မည်ကဲ့သို့ ကျင့်ကြံသင့်ကြောင်း သင်ကြားပေးပြီး အခြားသော နည်းလမ်းများဖြင့် ကူညီပေးရပေလိမ့်မည်။
စကားပြောနေစဉ်အတွင်း ရှဲ့ယွင်နန်က ရုတ်တရက် ထမေးလိုက်သည်။
"မင်း ... တစ်ခြားသူတွေကိုရော ကုသချင်လား ..."
သွမ့်ချန်ချင်းက ပဟေဠိ ဖြစ်သွားသည်။
ရှဲ့ယွင်နန်က ရှင်းပြလိုက်သည်။
"နဝမအဆင့် တိုက်ခိုက်သူ အများစုက သူတို့ရဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာတွေ ရှိကြတယ်လေ ပြီးတော့ ကုသမှုကိုလည်း လိုအပ်နေကြတယ် ..."
"ကောင်းပြီလေ ဒါဆို ခင်ဗျား ကျန်းမာရေး ပြန်ကောင်းလာတဲ့အခါ သူတို့ကို ကုသပေးလိုက်မယ် ..."
သွမ့်ချန်ချင်းက ပြောလိုက်သည်။
"အနာဂတ်မှာ ဘာလုပ်မယ် စိတ်ကူးလဲ ..."
"ခင်ဗျားနဲ့အတူတူ နေမှာ ..."
သွမ့်ချန်ချင်းတွင် ပြန်ဖြေရန် အဖြေတစ်ခု အဆင်သင့် ရှိနေသည့်ဟန်။
ဤသည်မှာ သူ့နှလုံးသားထဲမှ လာသည့် ဆန္ဒ ဖြစ်သည်။
အမျိုးမျိုးသော အတက်အကျများစွာကို ကြုံတွေ့ခဲ့ပြီးနောက် သူသည် ရှဲ့ယွင်နန်နှင့်သာ အေးအေးဆေးဆေး နေလိုတော့သည်။
ရှဲ့ယွင်နန်က သူ့ကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်လိုက်ပြီးနောက် မြင့်မြတ်မြို့တော်၏ အခြေအနေများကို စတင် ပြောပြလိုက်တော့သည်။
ရှဲ့ယွင်နန်က များစွာ မပင်ပန်းသေးကြောင်း သိလိုက်ရသည့်အခါ သွမ့်ချန်ချင်းက စကားဝိုင်းကို ရှေ့ဆက်လိုက်သည်။
ပထမဘဝတွင် သွမ့်ချန်ချင်းသည် တရားဥပဒေ စိုးမိုးသော ကမ္ဘာ၌ နေထိုင်ခဲ့၏။ လူသားတိုင်း တန်းတူညီမျှမှုမှာ မဖြစ်နိုင်ခဲ့သည့်တိုင် ၁ ရာခိုင်နှုန်းမျှသော အထက်တန်းလွှာ လူနည်းစုကသာ လက်ဝါးကြီးအုပ် အုပ်ချုပ်ခြင်းထက်တော့ သာလွန်နေဆဲပင်။ သူကိုယ်တိုင်ကလည်း ထိုသို့သော လူမှုအသိုင်းအဝိုင်းကိုသာ ပိုပြီး လိုလား၏။
သူ့အတွေးနှင့် သွမ့်ချန်ချင်း၏ အတွေးတို့မှာ တူညီလှသဖြင့် ရှေ့ဆက်ပြီး စကားပြောမိလေလေ တူညီသည့် အရာများ ပိုပြီး များလာလေ ဖြစ်သည်။
ဤသို့သော သွမ့်ချန်ချင်း၏ ပုံစံကို မြင်လိုက်သည့်အခါ ရှဲ့ယွင်နန်သည် မျက်လုံးထောင့်စွန်းမှ အရေးအကြောင်းများ ထွက်ပေါ်လာသည်အထိ ပြုံးလိုက်မိသွားတော့သည်။
သွမ့်ချန်ချင်းကလည်း စိတ်မထိန်းနိုင်တော့သည့်ဟန် သူ့အနားသို့ ကိုင်းညွတ်ကာ နမ်းရှိုက်လိုက်တော့သည်။
ရှဲ့ယွင်နန်ကလည်း မရှောင်လွှဲ၊ သူ့ကို မော့ကြည့်ကာ ပြောလိုက်သည်။
"ဒီညရော ကိုယ့်ကို ကုသပေးချင်သေးလား ..."
"ကျွန်တော့်ကို လက်ခံတယ်လား ..."
သွမ့်ချန်ချင်းက အနည်းငယ် အံ့ဩသွားသည်။
ရှဲ့ယွင်နန်က ပြောလိုက်သည်။
"ငါ့အသက်ကလည်း မငယ်တော့ဘူးလေ ပြီးတော့ ကိုယ်လိုချင်တာကို တိတိကျကျ သိနေတာပဲဟာ ..."
ထိုသို့ပြောကာ အိပ်ခန်းထောင့်နားရှိ ကိုယ်လုံးပေါ်မှန်ထဲသို့ လှမ်းကြည့်လိုက်သည်။
မှန်မှာ အနည်းငယ် လှမ်းနေသည့်အတွက် သူ့ရုပ်ရည်ကို အတိအကျ မမြင်ရ၊ သို့သော် မည်သို့သောပုံစံ ဖြစ်လိမ့်မည်ကိုမူ တိတိကျကျ သိနေပေသည်။
သူသည် အသက်လေးဆယ်အရွယ်သို့ ရောက်နေပြီ ဖြစ်သည်။
လူငယ်များမှာ အချိန်အများအပြား ရှိသည့်အတွက် ခပ်ဖြည်းဖြည်းသာ ချစ်ကျွမ်းဝင်ကြသော်ငြား သူ့အရွယ်သို့ ရောက်သည့်အခါတွင်မူ ပိုပြီး တည့်တိုးဆန်လာကြတော့သည်။
အရေးအကြီးဆုံးအချက်မှာ သူက သွမ့်ချန်ချင်းအားအခြားလူတစ်ဦးဦးနှင့် နီးစပ်မသွားစေလို။ သူ့ကိုသာလျှင် တွဲထားစေလိုပေသည်။
သွမ့်ချန်ချင်းက သူ့ကို လွန်ခဲ့သော နှစ်ပေါင်းများစွာ သူ့ဘဝ၏ အကောင်းဆုံးသော အချိန်တွင် ရှိနေစဉ်ကတည်းက သဘောကျနေခဲ့သည်။ ယခု သူ့အသက်မှာ ၄၀ ထဲသို့ ချဉ်းနင်းဝင်ရောက်လာရာ လူငယ်တစ်ကဲ့သို့ မငယ်ရွယ်တော့သည့်တိုင် ဆိုးဆိုးဝါးဝါးလည်း ရင့်ရော်မနေသေးချေ။
ဒါပေမယ့် နောက်ထပ် နှစ်နှစ်ဆယ်ဆို ဘယ်လိုဖြစ်လာမလဲ အဲဒီ့အချိန်ဆို ရှဲ့ယွင်နန်က သူ့ကို သဘောမကျလောက်တော့ဘူး .. အဲဒါကြောင့် သူ့ကျန်းမာရေးက ကောင်းနေရင်တောင် သွမ့်ချန်ချင်းနဲ့ အချိန်အကြာကြီး နေနိုင်မှာ မဟုတ်ဘူး ...
အနာဂတ်အတွက်ကတော့ ... တစ်နေ့နေ့ သွမ့်ချန်ချင်း ပင်ပန်းလာလို့ သူတို့တွေ လမ်းခွဲပြတ်စဲရမယ် ဆိုရင်တောင် ... အနည်းဆုံးတော့ လက်ရှိအချိန်လေးမှာ ပျော်နေရတာပဲလေ ...
သွမ့်ချန်ချင်းက သူ့အတွေးများကို မသိခဲ့။ တည့်တိုးဆန်လှသည့် အဖြေကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် ချက်ခြင်း ဖက်နမ်းလိုက်တော့သည်။
သူက ရှဲ့ယွင်နန်ကို ကောင်းကောင်း ကုသပေးမှာ ...
အသစ်စက်စက် နှင်တံနဲ့သာဆို သူ ရှဲ့ယွင်နန်ကို လုံးဝ သက်သာသွားတဲ့အထိကို ကုသပေးနိုင်မှာ ပြီးတော့ ရှဲ့ယွင်နန်ကို ကျင့်ကြံနည်း သင်ပေးပြီး အခြေတည်အဆင့်ကို တည်ဆောက်ခိုင်းရမယ် ...
အဲဒီ့အချိန်ကျ ရှဲ့ယွင်နန်လည်း ပိုနုပျိုလာပြီး အသက်လည်း ပိုရှည်လာမှာ သူတို့နှစ်ယောက်က နှစ်တွေ အများကြီး အတူတူ နေကြရမှာ ...
1.9