အပိုင်း ၂၆
Viewers 11k

Chapter 26



သားဖွားမီးယပ်ဌာန၏ပြင်ပလူနာဆောင်တွင်ဖြစ်သည်။

ကျန်းရွှိ သန့်ရှင်းသောအဖြူရောင်ကုတ်အင်္ကျီကို လဲလှယ်ပြီးပြီဖြစ်ကာ လက်မှကြယ်သီးများကို စေ့စေ့စပ်စပ်တပ်ထားပြီး သူ၏လည်ပင်းတွင် အေးစက်သောနားကြပ်ကို တွဲလောင်းချ၍ ကုတ်၏အိတ်ကပ်တွင် အဖြူနှင့်အပြာရောင်ပါသော နာမည်ကဒ်ကို ချိတ်ဆွဲထားသည်။

ရှန့်ဖန်းယွိ၏ရှေ့တွင်ရှိသည့်အချိန်နှင့် ယှဉ်ပါက သူ၏စိတ်အခြေအနေမှာ ယခုအချိန်၌ အတော်အတန်နူးညံ့နေပြီဖြစ်သည်။

လက်ဖက်ရည်တစ်ငုံခန့်သောက်ကာ အေးစက်စက်မျက်မှန်အနားကွပ်ကို ပင့်တင်လိုက်ပြီးနောက် စာရွက်များကို အကြမ်းဖျင်းမှ လှန်လှောကြည့်လိုက်ပြီး စတင်မည့်ခလုတ်ကို နှိပ်လိုက်သည်။

ပထမပိုင်းရှိ လူနာအခြေအနေများမှာ မနက်ခင်းတွင် ပြန်လှန်လေ့လာထားပြီးဖြစ်သောကြောင့် သူတို့၏စစ်ဆေးမှုအဖြေများကို ရရှိပြီးနောက် အကြမ်းဖျင်းယူဆနိုင်သွားပြီဖြစ်ကာ ပထမဆုံးအနေဖြင့် မစစ်ဆေးရသေးသောလူနာမှာ အသက်လေးဆယ်အရွယ်သက်လတ်ပိုင်းအမျိုးသမီးတစ်ဦးဖြစ်သည်။

သူမအခန်းတွင်းသို့ ဝင်လာကာ ကျန်းရွှိ၏ရှေ့တွင်ထိုင်ချလိုက်ပြီး နဖူးပြင်၌ဆံစအနည်းငယ်ထိုးထိုးထောင်ထောင်ဖြစ်နေကာ အနည်းငယ်ရှက်ရွံ့နေပုံရသည်။

" ထိုင်ပါဦး…"

" အိုး … အိုး ဟုတ်ကဲ့ ဟုတ်ကဲ့.." သူမထိုင်ခုံကိုကိုင်ကာ ထိုင်ချလိုက်သည်။

ကျန်းရွှိ ကွန်ပြူတာမျက်နှာပြင်ပေါ်မှ အမည်ကိုကြည့်ကာ လူနာကိုအတည်ပြုလိုက်သည် " ရွမ်ရှုဖန်းနော်…"

ထိုအမျိုးသမီးမှ " ဟုတ်ကဲ့ " ဟုပြော၍ ခေါင်းငြိမ့်လာခဲ့ပြီး သူမ၏ပုံမှာ အနည်းငယ်ရှက်ရွံ့နေပုံရသည်။

" ဘယ်နားမသက်သာတာရှိလို့လဲ.." ကျန်းရွှိ သူ၏အကြည့်များကို ကွန်ပြူတာစီမှ ဖယ်လိုက်ပြီး အရှေ့တွင်ထိုင်နေသည့်အမျိုးသမီးထံသို့ ပို့လိုက်သည်။

" ကျွန်မ … ကျွန်မ…" ရွမ်ရူဖန်း၏နှုတ်ခမ်းများမှာ တီးတိုးရေရွတ်နေပြီး အချိန်အတော်အကြာထိ စကားကောင်းစွာ မပြောနိုင်ခဲ့ပေ။

" ဒီအတိုင်းတည့်တည့်ပဲပြောလိုက်ပါ အဆင်ပြေပါတယ်…"

ကျန်းရွှိ ဤဆေးခန်းတွင် ထိုင်နေသည့်အချိန်အတွင်း ထိုကဲ့သို့ လူနာများစွာကို‌ တွေ့ခဲ့ရဖူးသည်။ အခြားသောဌာနများနှင့်မတူဘဲ အမျိုးသမီးအများစုမှာ ပဒေသရာဇ်စနစ်၏အဆိပ်မိနေပြီး အမြဲလိုပင် သားဖွားမီးယပ်ဌာနသို့ လာရောက်သည့်ကိစ္စနှင့်ပတ်သက်၍ သဘာဝကျကျအရှက်သည်းကြသည်။ အထူးသဖြင့် အတန်းကျောင်းကောင်းကောင်းမနေခဲ့ရသော သက်ကြီးပိုင်းများနှင့် အပျိုဖော်ဝင်စမိန်းကလေးများပင်ဖြစ်သည်။

ရှောက်လဲ့ ဘောပင်ကိုကိုင်ထားသည့် ကျန်းရွှိကို ကြည့်နေမိသည်။ ကျန်းရွှိမှာ နှာခေါင်းစည်းဝတ်ဆင်ထားကာ မျက်လုံးတစ်စုံကိုသာ ဖော်ထားပြီး လူနာမှ စကားပြောလာမည်ကို တည်တည်ငြိမ်ငြိမ်စောင့်‌ဆိုင်းနေခဲ့လေသည်။ ထိုမျက်မှန်အောက်မှ မျက်လုံးတစ်စုံထဲတွင် စိတ်မရှည်မှု သို့မဟုတ် အလျင်လိုနေမှုတစ်စုံတစ်ရာမပါဝင်သည်ဖြစ်ရာ သူမအား သူ့ကိုယုံကြည်အောင်ပြုလုပ်နေသည်။

လူနာကြည့်နေသည့်ကျန်းရွှိနှင့် ကျောင်းသားများကို လက်ချာပြောပြနေသည့်ကျန်းရွှိတို့ အလွန်ကွာခြားသည့်အချက်မှာ ရှောက်လဲ့ ကျန်းရွှိ၏နောက်သို့လိုက်၍ ဆေးခန်းထိုင်ရစဉ် သိရှိခဲ့သောအချက်တစ်ခုဖြစ်လေသည်။

ထိုအချိန်တုန်းက ကျန်းရွှိမှ သူမကို အချို့လူနာများမှာ စိတ်ပိုင်းဆိုင်ရာနုနယ်တတ်ကြောင်းကို ပြောပြခဲ့ဖူးသည်။ အထူးသဖြင့် သားဖွားမီးယပ်ဌာသို့ လာရောက်ရဲသည်အထိ သတ္တိရှိသူများပင်ဖြစ်သည်။

ထိုသူများမှာ ကျောင်းသားများမဟုတ်ပေရာ သူတို့အတွက် စည်းကမ်းတင်းကြပ်စွာဖြင့် သင်ကြားပေးရန် မလိုအပ်ချေ။ ဆရာဝန်တစ်ယောက်အနေဖြင့် တစ်ဦးတည်းသောလုပ်ဆောင်ရသည့်အရာမှာ သူတို့ကိုကူညီရာတွင် မည်သည့်ဖိအားမှမပေးရန်သာဖြစ်သည်။

လုံလောက်စွာဖြင့် ရွမ်ရူဖန်း တံတွေးတစ်ချက်မြိုချလိုက်ပြီး စားပွဲခုံကို ငုံ့ကြည့်ကာ အသံတိုးတိုးဖြင့် ပြောလာသည် " ကျွန်မနဲ့အမျိုးသားတို့ စပ်ယှက်ချိန်တိုင်း အရမ်းနာတာပဲ.. ဘာဖြစ်နေမှန်းလဲမသိဘူး…" သူမ၏ပုံမှာ နာကျင်နေပြီး " ကျွန်မသူနဲ့မအိပ်ချင်တော့ အမျိုးသားကကျွန်မကို ဒေါသထွက်တယ်.."

" ဖြစ်တာဘယ်လောက်ကြာပြီလဲ…" ကျန်းရွှိခေါင်းကိုငုံ့ကာ ဆေးစာကိုစရေးတော့သည်။

ရွမ်ရှုဖန်း သူမ၏လက်ဖဝါးနှစ်ဖက်ကို ပွတ်လျက် " နှစ်လ သုံးလလောက်တော့ရှိပါပြီ…"

" အဲဒီအချိန်အတွင်း သွေးထွက်ခဲ့လား…"

ရွမ်ရှုဖန်း အံ့ဩသွားပြီး " ဒေါက်တာဘယ်လိုသိတာလဲ…" ပွင့်ပွင့်လင်းလင်း ပြောပြီးခြင်းကြောင့်ဖြစ်ပေမည်။ သူမ၏စကားများမှာ ယခင်ကထက်ပို၍သွက်လာခဲ့သည်။ " ကျွန်မက အဲဒါကို ပုံမှန်လုပ်ဖြစ်တဲ့သူလည်းမဟုတ်ပါဘူး… သွေးဆုံးတာကြောင့်လားတော့ မပြောတတ်ဘူးရယ်.."

" HPV ပိုးဝင်တာမျိုးကော ရှိလား…" ကျန်းရွှိမေးလိုက်သည်။

" ဟုတ်ကဲ့ ဒါပေမယ့် လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က ဖြစ်ခဲ့တာပါ.. အဲတုန်းကဆရာဝန်ပြောတာတော့ ကိုယ်ခံအားမကောင်းလို့ ဖြစ်တာတဲ့…" ရွမ်ရှုဖန်း၏ခေါင်းမှာ သူမကိုယ်သူမအဝတ်များအတွင်း နစ်မြုပ်လုမတတ် ငုံ့သည်ထက်ငုံ့ကိုင်းလာကာ " အဲဒါကြောင့်လားဟင်… ဒါပေမယ့် ဆရာဝန်ပြောတုန်းက ပျောက်သွားပြီဆို…" သူမ၏ပုံမှာ အလွန်ရှုပ်ထွေးနေပုံရသည်။

ကျန်းရွှိ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရေးနေသည်ကိုရပ်ကာ ရှောက်လဲ့ကိုကြည့်၍ ရွမ်ရှုဖန်း၏ဘေးမှ စစ်ဆေးခန်းကို လက်ညှိုးထိုးပြလိုက်သည် " သွားစစ်ကြည့်တာပေါ့.. အမျိုးသမီးဆရာဝန်ကော အဖော်ပြုပေးဖို့ လိုဦးမလား…"

အချို့သောလူနာများမှာ အမျိုးသားဆရာဝန်တစ်ဦးတည်း စစ်ဆေးမည့်အပေါ် တွန့်ဆုတ်တတ်ကြပြီး အချို့မှာမူ အနီးအနားတွင် လူနည်းလေကောင်းလေဖြစ်ရာ ကျန်းရွှိ သူ၏ဆန္ဒကို ဦးစွားမေးမြန်းလိုက်သည်။

ရွမ်ရှုဖန်း ရှောက်လဲ့ကိုကြည့်ကာ တွန့်ဆိုင်းနေပြီးနောက် ခေါင်းငြိမ့်ပြလိုက်သည်။

ရှောက်လဲ့ ဆွေးနွေးခန်းတံခါးကိုပိတ်၍ စစ်ဆေးခန်းမှကန့်လန့်ကာကိုမကာ ရွမ်ရှုဖန်းကို ကုတင်ပေါ်တွင် လဲချရန် လမ်းပြလိုက်သည်။ ကျန်းရွှိ လက်ဆေးလိုက်ပြီးနောက် လက်အိတ်ကို ဝတ်ကာ စစ်ဆေးရန်ပစ္စည်းများကို ယူမည်အလုပ်တွင် တံခါးအပြင်ဘက်မှ ဘမ်းခနဲအသံကြားလိုက်ရသည်။ ကျန်းရွှိမသိစိတ်မှာ အကာကိုယူကာ ရွမ်ရှုဖန်းကို ဖုံးအုပ်ပေးလိုက်ပြီးနောက် အရက်မူးနေသည့်လူတစ်ဦးမှာ ကန့်လန့်ကာကိုမကာ ဝင်ရောက်လာခဲ့သည်။

" ကျန်းရွှိဆိုတာ ဘယ်ကောင်လဲကွ.." သူ၏အသံမှာ ကြမ်းတမ်းနေသည်။

" ကျွန်တော်ပါ.." ကျန်းရွှိ ထိုသူ့ကိုအဓိပ္ပါယ်မဖော်နိုင်သည့်အကြည့်တစ်ချက်ပေးလိုက်ပြီး " အခုစစ်ဆေးရေးလုပ်နေတာမလို့ အရင်ဆုံးအပြင်ကိုထွက်သွားပေးပါ ကျန်တာကိုနောက်မှပြောကြတာပေါ့…"

မမျှော်လင့်စွာဖြင့် ထိုအမျိုးသားမှာ သူ၏စကားများကြောင့် ပို၍ပင်မောက်မာလာခဲ့ကာ အရှေ့သို့တိုးလာခဲ့ပြီး ရိုက်နှက်တော့မည့်ပုံပေါ်နေခဲ့သည်။ " ရှက်တတ်စမ်းပါ သားဖွားမီးယပ်ဌာနက ယောင်္ကျားဆရာဝန်တဲ့လား.. မင်းကဘယ်လိုသောက်ချိုးချိုးနေတာလဲဟ…"

ထိုသူ၏စကားများမှာ အလွန်ရိုင်းစိုင်းလှသောကြောင့် ကျန်းရွှိ မျက်မှောင်ကြုတ်လိုက်မိသော်လည်း ကုတင်ပေါ်မှအမျိုးသမီးမှာ ရုတ်တရက်ထထိုင်လာပြီး " မားဟောင် ရှင်ဘာလို့ဒီမှာရှိနေတာလဲ…"

" ငါကဘာလို့ဒီမှာရှိနေရမှာလဲ.." ကြွက်သားများဖြင့်အမျိုးသားမှာ ကုတင်ပေါ်မှ အမျိုးသမီးထံသို့ အမြန်လက်ညှိုးထိုးလိုက်ပြီး " ငါသာဒီကိုရောက်မလာရင် မင်းက အဲဒီသောက်ကောင်ကို ပေးထိလိုက်တော့မယ်ပေါ့… မင်းအဲလောက်ဈေးပေါနေတာလား.."

" မားဟောင် ရှင်ဘာတွေပြောနေတာလဲ…" ရွမ်ရှုဖန်း၏အသံမှာ ငိုချတော့မလိုဖြစ်နေကာ အနည်းငယ်စိုးရိမ်ထိတ်လန့်နေပုံရပြီး " သူကဆရာဝန်ပဲလေ ကျွန်မကလည်း လူနာပဲ…"

" ဘယ်လို‌ကောင်ကများ သားဖွားမီးယပ်ဌာနကိုလာမှာလဲ…" ပြောရင်းမှ ကျန်းရွှိ၏နှာခေါင်းကို လက်ညှိုးထိုးကာ " ငါတော့မင်းစီမှာ ရည်ရွယ်ချက်ကောင်းတွေရှိမယ်မထင်ဘူး…"

ထိုသူမှာ ကျန်းရွှိ၏ရှေ့သို့တိုးလာသဖြင့် ရှောက်လဲ့တားဆီးလိုက်သည်။ မားဟောင် ရုတ်တရက်ပေါ်လာသည့် ရှောက်လဲ့ကိုကြည့်ကာ မျက်နှာကိုရိုက်ရန်အတွက် လက်ကိုမြှောက်လိုက်သည်။ သို့သော်လည်း တစ်ခဏအတွင်း အားတစ်ခုမှ သူ၏လက်ကောက်ဝတ်ကို လိမ်ချိုးလာပြီး ကျန်းရွှိ ၁.၈မီတာရှိသည့်လူကြီးကို စားပွဲပေါ်တွင် မှောက်သိပ်လိုက်သည်။

" ချီးပဲ…"

မားဟောင် ရုန်းကန်ရန်ကြိုးစားလိုက်သော်လည်း ကျန်းရွှိ သူ၏လက်တစ်ဖက်ကို တိုက်ရိုက်ပင်လည်ပင်းအနောက်နှင့်ကပ်၍ဖိထားခဲ့ကာ ကျန်လက်တစ်ဖက်ကိုသုံး၍ လက်မောင်းကိုလိမ်၍ ကျောနှင့်ကပ်ထားစေသည်။ ကျန်းရွှိ ထိုအမျိုးသား၏ခန္ဓာကိုယ်ကို သူ၏ခြေထောက်များဖြင့် ဖိထားလိုက်ပြီး " ထပ်လုပ်ရဲလို့ကတော့ ငါမင်းလက်ကိုတိုက်ရိုက်ပဲချိုးပေးလိုက်မယ်…" ထိုသို့ပြောပြီးနောက် သူ၏လက်မှာ ထိုသူ၏လက်ကောက်ဝတ်စီသို့ ရွေ့သွားခဲ့သည်။

မားဟောင်၏မျက်နှာမှာ စားပွဲနှင့်ကပ်ထားရပြီး မထင်မှတ်ထားသည့် အပြောင်းအလဲကြီးကြောင့် ထိတ်လန့်နေမိကာ " မင်းကသောက်ဆရာဝန်မဟုတ်ဘူးလား…ဆရာဝန်တွေဆိုတာ လူတွေကိုကယ်တင်ပြီးရောဂါကုပေးရမှာလေ…မင်းကဘာလို့ရိုက်နေတာလဲကွ…"

ကျန်းရွှိ ဒေါသကြောင့် ရယ်မိသွားခဲ့သည်။

‌" ကောင်းပြီလေ…"

ကျန်းရွှိလက်တစ်ဖက်ဖြင့် ထိုသူကိုပြောင်းထိန်းလိုက်ကာ တစ်ဖက်မှသူ၏ကုတ်အင်္ကျီအဖြူကို ကြယ်သီးဖြုတ်၍ ချွတ်ပစ်လိုက်သည်။ လက်ကိုပင်မလွတ်ဘဲ အင်္ကျီကို ထိုင်ခုံပေါ်သို့ ပစ်တင်လိုက်ပြီး မားဟောင်မတုန့်ပြန်နိုင်ခင်မှာပင် ထပ်မံ၍ ဖိထားလိုက်ကာ ဤအကြိမ်မှာ ယခင်ထက်ပို၍ပင် နာကျင်ရသည်။

မားဟောင်၏အထက်မှလူမှာ အဖြူနှင့်အနက်ရောင် အင်္ကျီအကွက်ကို ဝတ်ဆင်ထားပြီး အင်္ကျီလက်ကို ပင့်တင်ထားကာ လက်ကောက်ဝတ်အပေါ်တွင် ကြယ်သီးတပ်ထားသည်။ အားသုံးရခြင်းကြောင့် ဖြစ်ပေမည် သူ၏ဖြူဖွေးနေသည့်အသားပေါ်တွင် အပြာရောင်သွေးကြောများမှာ ထင်ထင်ရှားရှားထောင်ထနေခဲ့သည်။

" ကိုယ့်ကိုကိုယ်ပြန်မိတ်ဆက်ပါရစေ…အေမြို့တော်အနီးကပ်တိုက်ခိုက်ရေးအသင်းရဲ့အဖွဲ့ဝင် ကျန်းရွှိလို့ခေါ်ပါတယ်…" သူ၏အသံမှာ မကြားနိုင်သလောက်ကို တိုးနေခဲ့သည် " ငါမင်းကိုအခုရိုက်လို့ရပြီလား.."

"..."

မားဟောင် : မင်းကဘာလို့်စည်းကမ်းတွေကို မလိုက်နာတာလဲကွာ…

မားဟောင်ပြန်ဖြေလာမည်ကိုပင်မစောင့်ဘဲ ကျန်းရွှိ တိုက်ရိုက်ပင်ထိုသူ၏လက်ကောက်ဝတ်ကို အဆစ်လွှဲပေးလိုက်သည်။

ရုတ်တရက်နာကျင်မှုကြောင့် မားဟောင်ထအော်မိသွားပြီး ရှော့ရမှုများနှင့်ထိတ်လန့်မှုများ ပြည့်နေခဲ့သည်။ ဒေါသတကြီးဖြစ်နေသည့်ထိုလူကြီးမှာ သူ၏ကြွက်သားများကို လှုပ်ခါကာ ချက်ချင်းဆိုသလို ငုံးတစ်ကောင်ကဲ့သို့ ပြောင်းသွားပြီး " ဒေါက်တာ… ဒေါက်တာကျန်း ကျွန်တော့်လက်ကို မြန်မြန်လေးလွှတ်ပေးပါကွာ တောင်းပန်ပါတယ်… နာတယ်လို့.."

" နာတာကောင်းတာပေါ့.. တခြားသူကမင်းကို မနာကျင်စေချင်ရင် မင်းလည်းတခြားသူတွေကို မနာကျင်စေနဲ့ပေါ့…နောက်အနာဂတ်မှာ မင်းရဲ့ဇနီးသည်က နာတယ်လို့ပြောလာရင် အခုခံစားရတဲ့နာကျင်မှုကို မှတ်မိနိုင်မယ်လို့ မျှော်လင့်ပါတယ်…"

မားဟောင်၏မျက်လုံးထဲတွင် မျက်ရည်များရစ်ဝိုင်းလာကာ ခုခံခြင်းမရှိဘဲ ခေါင်းတစ်ဆတ်ဆတ်ငြိမ့်ကာ ယခင်ရှိခဲ့သောမောက်မာမှုအားလုံးပျောက်ကွယ်သွားခဲ့သည်။

" ဒေါက်တာကျန်း.." ဘေးတွင်ရှိနေသည့်ရှောက်လဲ့မှာမူ လုံးလုံးပင် ဆွံ့အနေရပြီ။ သူမဤကဲ့သို့သောအခြေအနေမျိုးကို ပထမဆုံးကြုံဖူးခြင်းဖြစ်သည့်အတွက် အချိန်တခဏမျှ ပြောစရာစကားပျောက်ရှနေကာ " ‌ဒါကြီးကတကယ်ပဲ … အဆင်ပြေလို့လား…"

သူမပညာသင်ကြားနေသည့်အချိန်များတွင် သူမအလုပ်သင်ဆင်းခဲ့ရသောဆေးရုံများမှ ဆရာဝန်တိုင်းလိုလိုပင် ဤကဲ့သို့ဆေးပညာဆိုင်ရာအခက်အခဲနှင့်ကြုံလာရပါက ထွက်ပြေးရန်ပြောခဲ့ကြသည်ချည်းသာ။ သို့သော်လည်း ယခုအကြိမ်မှာ လူနာနှင့်ပြင်းထန်သောတိုက်ပွဲကို ပထမဆုံးအဖြစ် မြင်ရခြင်းဖြစ်လေသည်။

ကျန်းရွှိ၏ သွယ်လျနေသည့်လက်မှာ မားဟောင်ကိုစားပွဲဖြင့်ဖိထားပြီး ရှောက်လဲ့ကို လှမ်းမေးလိုက်သည် " သူငါ့ကိုရိုက်နိုင်ဦးမယ်လို့ မင်းထင်လား…"

"...."

ရှောက်လဲ့ : ငါမေးထားတာကို မေ့လိုက်တော့

" ဒီမှာအတော်လေးအသက်ဝင်နေတာပဲ.." ရှန့်ဖန်းယွိ တံခါးကိုသာသာယာယာပင် ဖွင့်ဝင်လာကာ တံခါးပေါက်ဝတွင် လက်ပိုက်၍ရပ်နေခဲ့သည်။

" ဆရာရှန့်.." ရှောက်လဲ့တောင့်ခဲသွားသည်။

ရှန့်ဖန်းယွိ သူမကို ပြုံးပြလိုက်ပြီး " မင်းရဲ့ဆရာကျန်းကို တကယ်စိတ်ပူတယ်ဆိုရင် ဒီစိတ်လှုပ်ရှားစရာပွဲကို ကြည့်နေတာရပ်ပြီး လုံခြုံရေးသွားခေါ်သင့်တယ်နော်…"

ထိုအချိန်မှသာ ရှောက်လဲ့အသိပြန်ဝင်လာခဲ့သည်။ ကျန်းရွှိမှာ အခြေအနေကို ထိန်းချုပ်နိုင်ပြီး အကူအညီမလိုခဲ့သောကြောင့်သာ သူမတစ်စုံတစ်ယောက်ကို သွားခေါ်ရန် မေ့လျော့သွားခြင်းပင်။

သူမလူရှာရန် အမြန်ပြေးထွက်လိုက်ချိန်တွင် ရှန့်ဖန်းယွိမှ တားလာခဲ့ပြီး " မလိုတော့ဘူး တံခါးကိုကန်လိုက်တဲ့အသံကြားလိုက်တာနဲ့ ငါလုံခြုံရေးခေါ်ပြီးသား…" ထို့နောက် ကျန်းရွှိကို မျက်ခုံးတစ်ဖက်ပင့်ကာ ကြည့်လိုက်ပြီး ဟိတ်ကြီးဟန်ကြီးဖြင့် " နောက်တစ်ကြိမ်ထပ်ပြီးတော့ ကြင်နာတတ်တဲ့ဒေါက်တာရှန့်က ရန်သူကို အကျင့်ကောင်းကောင်းနဲ့ ကူညီပေးခဲ့ပြန်တယ်လေ… မင်းဘယ်လိုပြန်‌ပေးဆပ်မှာလဲ.."

ကျန်းရွှိ သူ့ကိုစိုက်ကြည့်လိုက်သော်လည်း ဆိုလိုရင်းကိုမူ အနည်းငယ်နားမလည်ခဲ့ပေ။

ထိုအချိန်တွင် ရွမ်ရှုဖန်းလည်း စစ်ဆေးခန်းကုတင်ပေါ်မှဆင်းလာခဲ့သည်။ အချုပ်ခံထားရသောသူမ၏ခင်ပွန်းကိုကြည့်လိုက်ပြီးနောက် ကျန်းရွှိကိုပြန်ကြည့်လိုက်ကာ တခဏမျှ မည်သို့ပြောရမည်ကို မသိဘဲ အချိန်အတန်ကြာမှသာ သူမ မားဟောင်ကို ပြောလိုက်သည်။ " ရှင့်အတွက်ကောင်းတာပဲ…"

" ရှင့်ကို ဘယ်သူကဆရာဝန်တွေကို မလေးမစားလုပ်ခိုင်းလို့လဲ..အရိုက်ခံသင့်တယ်…"

" မိန်းမ…" မားဟောင်မှာ ယခုအချိန်တွင် ဖြူဖျော့နေပြီဖြစ်ကာ မမောက်ရဲတော့ဘဲ " ကျေးဇူးပြုပြီး ဒေါက်တာကျန်းကို ငါ့လက်ကိုလွှတ်ပေးဖို့ ကူတောင်းပန်ပေးပါဦးကွာ…"

သူ၏စကားများမှာ နံပါတ်တုတ်များနှင့်လုံခြုံရေးအချို့ရောက်ရှိလာချိန်တွင် ပျောက်ဆုံးသွားခဲ့ရကာ စတင်၍ စိတ်ညစ်သွားရသည်။ လုံခြုံရေးများမှာမူ အချိန်အတော်ကြာအထိ ‌တစ်ဦးကိုတစ်ဦးကြည့်နေမိကာ ခဏအကြာမှသာ ကျန်းရွှိထံသို့ ကြည့်လာကြသည်။

" ဒေါက်တာကျန်း ဒီမှာ ဘာတွေဖြစ်နေတာလဲ.."

ကျန်းရွှိ သူ၏လက်များကို ညင်သာစွာလွှတ်လိုက်ကာ မားဟောင်ကို ညွှန်ပြ၍ လုံခြုံရေးများကို ပြောလိုက်သည် " သူကကျွန်တော့်ကိုရိုက်ဖို့လုပ်တယ်လေ…"

ရှန့်ဖန်းယွိ သူ၏လက်ကို မြောက်ကာ " လိုရမယ်ရ ကျွန်တော်သက်သေခံနိုင်ပါတယ်…"

ရှောက်လဲ့ : " ကျွန်မရောပဲ…"

မားဟောင် " ? " ရှောက်လဲ့ကတော့ထားပါတော့ တံခါးကိုမှီပြီး ပျော်ပျော်ကြီးထိုင်ကြည့်နေတဲ့ဒီလူကဘယ်နေရာကရောက်လာတာလဲ။

ရှန့်ဖန်းယွိ၏နှုတ်ခမ်းထောင့်များကွေးတက်သွားကာ အဓိပ္ပါယ်ပါသောအပြုံးတစ်ခုပြုံးလာခဲ့သည်။