အပိုင်း ၂၅
Viewers 12k

Chapter 25
- ဓာတ်လှေကား


"ရှန့်ဖန်းယွိ။" ကျန်းရွိအား သူ့အား ယွီရှင်းနဖျင့် မိတ်ဆက်ပေးသည်။ "လုပ်ဖော်ကိုင်ဖက်ပါ။"

"မင်္ဂလာပါ။ ကျွန်မက ယွီရှင်းပါ။" ယွီရှင်းက ဝမ်းသာအားရပင် သူမ၏လက်ကိုဆန့်တန်းပေးကာ နူးညံ့စွာပြုံးလိုက်သည်။ "ကျွန်မက ကျန်းရွိရဲ့ ဘလိုင်းဒိတ်ပါ။ အခုထက်ထိတော့ သူ့ကောင်မလေးမဖြစ်သေးဘူးပေါ့။"

ရှန့်ဖန်းယွိက "ဪ"ဟုသာ ဆိုလာခဲ့သည်။ သို့သော် သူမ၏စိတ်ထင်ပဲလားတော့မသိ၊ ထိုယောက်ျား၏ သူမအ‌ပေါ်ထားသည့် ရန်လိုမှုမှာ ကွယ်ပျောက်သွားသလိုပင်။ သူ့စိတ်သက်သာရာ ရသွားသလိုမျိုး။

"ကောင်းတာပေါ့။" ရှန့်ဖန်းယွိက သူမ၏လက်ကို ဆွဲကိုင်နှုတ်ဆက်ရင်း ပြုံးပြသည်။ ထို့နောက် ရွတ်နောက်နောက် ကျီစယ်စကားတစ်ခုကို သနားညှာတာခြင်းအလျင်းမရှိ ပြောလာသည်။ "ကျန်းရွိ၊ မျက်နှာသေနဲ့ သန့်ရှင်းမှုကို တအားဇီဇာကြောင်တဲ့ လူထူးလူဆန်းတစ်ယောက်၊ပြီး‌တော့‌အေးစက်စက်နဲ့ ....." ရှန့်ဖန်းယွိ၏ မှတ်ဉာဏ်ထဲမှ စိတ်အားထက်သန်မှုအနည်းကို ပြန်သတိရမိသွားသည့်အတွက် နောက်ဆက်ပြောတော့မည့် နာမဝိသေသနအချို့အား စိုးစင်းမျှမကျန်အောင် ဖျောက်ပစ်လိုက်ကာ တည်ငြိမ်စွာဖြင့် ဆက်ပြောသည်။ "သူက မင်းအတွက် လုံလောက်အောင် မကောင်းဘူး။"

ယွီရှင်း: "...."

ယခုကဲ့သို့ အနှောင့်အယှက်ပေးတတ်သည့် လုပ်ဖော်ကိုင်ဖက်အား ယွီရှင်း ပထမဦးဆုံးမြင်ဖူးခြင်းပင်။ အစောပိုင်းတုန်းက၊ ယွီစန်းနှင့် အခြားလူများက ကျန်းရွိသည် မည်မျှအလုပ်ကြိုးစားသည့်လူဖြစ်ကြောင်းနှင့် မိန်းကလေးများနှင့် အရှုပ်အရှင်းလုံးဝမရှိကြောင်း ချီးမွမ်းခဲ့ကြသည်။ သို့သော် ယွီရှင်းအား ပို၍ အံ့အားသင့်စေသည့်အချက်မှာ ရှန့်ဖန်းယွိက သူ့အား ယခုကဲ့သို့ပြောဆိုနေသည်ကို ကျန်းရွိက သည်းခံနေခြင်းပင်။ ရှန့်ဖန်းယွိက ကျန်းရွိ၏ပခုံးကိုဖက်ကာ သူ့အနားဆွဲခေါ်လိုက်သေးသည်။

ယွီရှင်း၏ လက်ကိုင်ဖုန်းလေးမှာ စားပွဲပေါ်သို့ လွတ်ကျသွားရသည်။

ကျီဟွားဆေးရုံ၏ ကားပါကင်ဝင်းထဲတွင် ယောင်ဝါးဝါးနှင့် သူမပြန်ကောက်လာသည့်ဖုန်းကို ဖွင့်ကာ သူမ၏ အချစ်ရဆုံးသူငယ်ချင်းဆီသို့ စိတ်လှုပ်ရှားစွာဖြင့် ဖုန်းခေါ်ဆိုလိုက်သည်။ "ငါ အဲ့ဒီဆရာဝန်လေးကို တွေ့ခဲ့တယ်။ သူက အပြင်မှာ တော်တော်ကို ချောတာ။ ပြီးတော့ သူက ငါ့ကို ကားပါကင်ကတ်တောင် ပေးလိုက်သေးတယ်။"

"တကယ်၊ တကယ်ကြီးလား။" သူငယ်ချင်းမှ ဆက်ပြောလာသည်။ " ဒါနဲ့ နင်သူ့ကို ဘာလို့တစ်ခါတည်း အပိုင်မသိမ်းခဲ့တာလဲ။"

"မဟုတ်ဘူး။မဟုတ်ဘူး။မဟုတ်သေးဘူး။" ယွီရှင်းက အင်မတန်ပင် စိတ်အားတက်ကြွနေသည့်ပုံပင်။ "သူက ဂေးလို့ ငါထင်တယ်။.... ဒီလိုမျိုး ချောမောတဲ့လူက တစ်ခါမှ ကောင်မလေးမထားဖူးဘူး။ပြီးတော့ သူက ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ချို့ကြောင့် ရည်းစားမထားချင်သေးဘူးလို့လည်း ပြောလာသေးတယ်။ အဲ့ဒါက နည်းနည်း သံသယဝင်စရာမကောင်းဘူးလား။ ပြီးတော့ အဆိုးဆုံးက ငါတို့ စားသောက်ပြီးတဲ့အချိန်မှာ အရပ်ရှည်ရှည်နဲ့ ကိုလူချောတစ်ယောက်က ရုတ်တရက်ကြီးဝင်လာတာ။ သူ့ပုံစံက လုံးဝကို ပိုင်ဆိုင်မှုကို ပြနေသလိုမျိုးပဲ။"

"Holy Shit! ဒါဆို ကောင်ချောလေးတွေအကုန် ရည်းစားရှိရင်ရှိ၊ မရှိရင်ဂေးဆိုတာက အမှန်ပဲပေါ့။ နင့်မှာ ပုံရောရှိသေးလား"

ယွီရှင်းက အလျင်အမြန်ပင် ဓာတ်ပုံတစ်ပုံအား ပို့ပေးလိုက်သည်။ ကျန်းရွိအား သူမအား အောက်ထပ်အထိ လိုက်ပို့ချင်ပေမယ့် သူမက ကိုယ့်ဘာသာကိုယ်သာပြန်မည်ကို ငြင်းဆန်ခဲ့သည်။ လမ်းခွဲခဲ့ကြပြီးနောက် သူမက ဓာတ်လှေကားရှေ့တွင်ရပ်နေရင်း ရှန့်ဖန်းယွိနှင့်ကျန်းရွိတို့၏ နောက်ကျောပုံအား တိတ်တဆိတ် ဓာတ်ပုံခိုးရိုက်လာခဲ့သည်။

"ပြီးတော့ ငါပြောဦးမယ်။ ငါထွက်လာတော့လေ အရပ်ရှည်ရှည်နဲ့ ကိုလူချောက သူ့ကို ပြတင်းပေါက်ဘောင်နား လှမ်းခေါ်နေတာ။ သစ္စာဖောက်လို့ အဆူခံရတော့မယ့်လူတစ်ယောက်ကို ပုံစံမျိုးဟာ။ "

သူမ၏ အချစ်ဆုံးသူငယ်ချင်းက တသသ အော်ရယ်လိုက်သည်။ "သူက အလျင်လိုနေတာ။ သူက အလျင်လိုနေတာပဲ။" သူမက ဓာတ်ပုံကို ဖွင့်ကြည့်လိုက်သည့်အခါ ပြတင်းပေါက်ဘောင်နားတွင်ရပ်နေသည့် ယောက်ျားနှစ်ဦးအား မြင်လိုက်ရသည်။ တစ်ဦးက မျက်နှာတွင် အကူအညီမဲ့နေမှုတို့ဖြင့် ပြတင်းပေါက်ဘောင်အားမှီ၍ ရပ်နေကာ ကျန်တစ်ဦးက ရင်ဘတ်နားတွင် လက်ပိုက်ကာ ရပ်နေလေသည်။ ကင်မရာအား နောက်ကျောပေးထားသဖြင့် သူ၏မျက်နှာအမူအရာအား မမြင်နိုင်ပေ။ သို့သော် သူမအနေဖြင့် ဖိနှိပ်လိုမှုအနည်းငယ်အား ခံစားမိလေသည်။

ရှန့်ဖန်းယွိက သူ့ရှေ့မှလူအား ကြည့်ကာ နူးညံ့စွာမေးလာသည်။ "အချစ်တွေနဲ့ နေ့လည်စာက စားလို့မှကောင်းရဲ့လား။"

ကျန်းရွိက သူ့အား မျက်စောင်းလှမ်းထိုးလေသည်။

"မင်း ပျော်ပျော်ကြီး စားသောက်နေတာမလား။ ခုကျ ဘာလို့ ဘာမှမပြောတော့တာလဲ။"

ကျန်းရွိက နှာခေါင်းရိုးအား လက်ဖြင့်အသာနှိပ်ကာ ရှန့်ဖန်းယွိအား ကြည့်လိုက်သည်။ "မင်း ဘာလို့ ဒီလောက်ထိ စိတ်လှုပ်ရှားနေရတာလဲ။"

"ဒီတော့ မင်းက အမ်မြို့ကိုသွားပြီး ခွဲစိတ်မှုကို စောစောလုပ်ချင်တာက ဘလိုင်းဒိတ်တစ်ခုအတွက်ကြောင့်ပေါ့လေ။" ရှန့်ဖန်းယွိမှာ ပြုံးနေသော်လည်း သူ့လေသံကတော့ ညင်သာမနေပေ။ "ငါ မင်းကို အထင်သေးခဲ့မိတာပဲ၊ ကျန်းရွိ။" သူက ခဏရပ်ကာ အံကြိတ်ပြီးမေးလာသည်။ "မင်းက ဒီလောက်ထိ လက်ထပ်ဖို့ အလျင်လိုနေတယ်ပေါ့။"

"ဒါက ဘာသဘောလဲ။" ကျန်းရွိ၏ မျက်ဝန်းများက အေးစက်မှုတို့ ပြည့်နှက်လာသည်။ " ငါ့ဆီက ဝန်ခံချက်ရဖို့ လှည့်စားနေတာလား။"

"မင်းဆီက ဝန်ခံစကားကြားရဖို့ မင်းကို လှည့်စား‌စရာလိုနေသေးလို့လား။" ရှန့်ဖန်းယွိက အံကြိတ်လိုက်သည်။ "သူက မင်းကိုရှာဖို့ ဒီအထိတောင် ရောက်လာတာလေ။ မင်းတို့တွေက တော်တော်လေးကို မြန်မြန်ဆန်ဆန် တိုးတက်နေတာပဲ၊ ကျန်းရွိ။"

သူ၏အပြုံးမှာ မျက်နှာပေါ်တွင် ပန်းချီဆွဲထားသကဲ့သို့၊ နွေးထွေးမှုအလျင်းမရှိပါချေ။ သူ့မျက်လုံးများက ထေ့ငေါ့မှုတို့အပြည့်ဖြင့်။ "မင်း မင်းရဲ့ညဆိုင်းကို ကိုယ့်ဘာသာကိုယ်ပဲ ဆင်းလိုက်တော့။ ခွန်အားပြန်ပြည့်သွားတာနဲ့ ငါ့သမီးကို ဘလိုင်းဒိတ်ခေါ်သွားဖို့ မင်းရဲ့ညဆိုင်းကို ငါအစားဆင်းပေးရအောင် ငါက ဘုရားလောင်းလည်းမဟုတ်ဘူး။"

"ရှန့်ဖန်းယွိ။" ကျန်းရွိ၏ ဒေါသက တဖြည်းဖြည်းမြင့်တက်လာလေသည်။ သူက ရှန့်ဖန်းယွိအား စိတ်မရှည်စွာ ကြည့်လိုက်ပြီး "ငါမင်းကို အပြင်လူရှေ့မှာ မျက်နှာသာပေးခဲ့တာပဲ။ မင်းကဘာလို့ အခုကျ ငါ့အပေါ်ပုံချနေရတာလဲ။"

သူက ရှန့်ဖန်းယွိအားကျော်ကာ ထွက်ပေါက်သို့ လျှောက်လာသည်။ ဖြတ်လျှောက်လာစဉ် ရှန့်ဖန်းယွိ၏ ပခုံးနှင့် ဖြတ်တိုက်မိသွားသေးသည်။

" အချစ်က ထိုက်တန်သည်ဖြစ်စေ၊ မထိုက်တန်သည်ဖြစ်စေ၊ မင်းကို တန်ဖိုးထားပေးဖို့ ဘယ်သူကမှ တောင်းဆိုမနေဘူး။"

"ကျန်းရွိ။"

နောက်မှာ ကျန်ခဲ့သည့် ရှန့်ဖန်းယွိက သူ့အသံကို မြှင့်ကာ "မင်းကျတော့ ဘလိုင်းဒိတ်လုပ်ပြီး နေ့လည်စာတောင် တူတူစားခွင့်ရှိပြီး ငါကျတော့ ဘာမှ ပြောပိုင်ခွင့်မရှိဘူးပေါ့။" သူက မျက်နှာပေါ်မှ အပြုံးကို ဖယ်ရှား၍ ပြတင်းပေါက်ဘေးနားက ခုံပုလေးတစ်လုံးကို ဆောင့်ကန်လိုက်ကာ "မင်းမှာ စောက်အသိစိတ်ရော ရှိသေးရဲ့လား။"

ကျန်းရွိက နောက်လှည့်ကာ သူ့ခေါင်းပေါ်ရှိ စောင့်ကြည့်ကင်မရာအား လက်ညှိုးထိုးပြလိုက်သည်။ "အများပိုင်ပစ္စည်းကို ပျက်စီးစေမှု၊ မင်းပြန်လျော်ပေးရလိမ့်မယ်။" ထို့နောက် နောက်လှည့်မကြည့်ပဲ ထွက်သွားကာ ပွင့်နေသည့် ဓာတ်လှေကားထဲဝင်ကာ တံခါးပိတ်သည့်ခလုတ်အား အမူအရာမဲ့စွာ ဖိနှိပ်လိုက‌်‌လေသည်။

ရှန့်ဖန်းယွိက သူလက်ညှိုးညွှန်ရာနေရာသို့ မော့ကြည့်လိုက်သည်။ ကြီးမားသည့် စောင့်ကြည့်ကင်မရာက သူ၏အကြည့်များအား ဖမ်းမိသွားလေ၏။ မီးနီလေးက မျက်စိမှိတ်ပြသလို ဖြတ်ခနဲလက်သွားသည်မှာ သနားစိတ်၊ကိုယ်ချင်းစာနာစိတ်တို့ ပြည့်နှက်နေသယောင်ယောင်။

ရှန့်ဖန်းယွိက ဒေါသအင်မတန်ထွက်သွားသည့်အတွက် အပြစ်မဲ့သည့် ခုံပုလေးအား နောက်တစ်ကြိမ်ထပ်ကန်လိုက်ပြန်သည်။ "ချီးပဲ။"

ရက်ပေါင်းတော်တော်ကြာကြာ၊ ကျီဟွားဆေးရုံ၏ သားဖွားမီးယပ်ဌာနရှိလေထုမှာ အင်မတန်ကိုပင် ထိလွယ်ရှလွယ်ဖြစ်နေလေသည်။

ဒေါက်တာရှန့်နှင့်ဒေါက်တာကျန်းတို့ကြား ပြေလျော့လာသည့် ဆက်ဆံရေးမှာ နောက်တစ်ကြိမ် အေးခဲအမှတ်သို့ ပြန်လည်ကျဆင်းသွားတော့သည်။ နှစ်ဦးသား ဌာနထဲသို့ တစ်ချိန်တည်းရောက်လာသည့်အခါတိုင်း လောကကြီးတစ်ခုလုံးအေးခဲသွားသည်မှာ ပျံသန်းနေသည့်ခြင်ပင် ရုတ်ချည်း‌အေးခဲတောင့်တင်းသွားနိုင်လေသည်။ ထို့ကြောင့် အားလုံးမှာ အသည်းတယားယားနှင့်ဖြစ်နေရလေသည်။

ကံကောင်း၍ ထိုလူနှစ်ဦးစလုံးမှာ အင်မတန်အလုပ်များသည့်အတွက် တစ်နေရာတည်းရှိနေသည့်အချိန်မှာ သိပ်မရှိပေ။ ..... ယွီစန်းက သုံးလွှာသို့ ရုံးခန်းအားပြောင်းရွှေ့သွားသည့် ကျန်းရွိအားကြည့်ကာ တွေးမိသည်။ နတ်ဘုရားတွေ ရန်ပွဲဖြစ်တော့ ခံရတာ ကလေးတွေပဲ။

ပထမထပ်ရှိဆရာဝန်ရုံးခန်းများမှာ ဒါရိုက်တာများအတွက်ဖြစ်ပြီး ဒုတိယထပ်မှာ လက်ထောက်ဆရာဝန်များနှင့် တာဝန်ကျဆရာဝန်များအတွက်ဖြစ်သည်။ တတိယထပ်ရှိရုံးခန်းမှာ ဆေးရုံတက်နေရသည့်သူများ၊ သင်တန်းသားများနှင့် အလုပ်သင်ဆင်းရန်ရောက်နေသည့် ဘွဲ့ရ‌ကျောင်းသားများအတွက်ဖြစ်သည်။ ကျန်းရွိ၏ ကျောင်းသားများအားလုံးနီးပါးမှာ တတိယထပ်တွင်ရှိနေပြီး သူတို့၏ဆရာအား ရုံးခန်းတစ်ခုတည်းတွင် နေ့စဉ်မြင်တွေ့နေရသည့်အတွက် ကျောင်းသားများအနေနှင့် ကြောက်ရွံ့ထိတ်လန့်မှုတို့ဖြင့် နေ့တိုင်းဖြတ်သန်းနေရသည်။

"ရှောင်လေး။" ကျန်းရွိက တံခါးက အလျင်စလိုပင်ဖွင့်လိုက်သည်နှင့် တက်ကြွနေသည့် ရုံးခန်းတစ်ခုလုံးမှာ တိတ်ဆိတ်သွားလေသည်။ နာမည်အခေါ်ခံလိုက်ရသည့် ‌ကောင်မလေးမှာ တောင့်တင်းစွာ လှည့်လာပြီး သူမ၏လက်ကိုထောင်ကာ "ဟုတ်ကဲ့။ ဆရာကျန်း။"

"ငါနဲ့ဆေးခန်းကို လိုက်ခဲ့။ ဓာတ်လှေကားမှာ စောင့်နေမယ်။" ပြောပြီးသည်နှင့် သူက ရုံးခန်းထဲပင်မဝင်တော့ပဲ ဓာတ်လှေကားရှိရာသို့ တန်းတန်းမတ်မတ်လျှောက်သွားလေသည်။

ရှောင်လဲ့မှာ စပရိန်အား ဖိထားရာမှ လွှတ်လိုက်သလို သူမ၏ထိုင်ခုံမှထကာ၊ စာရွက်အချို့နှင့် ဘောပင်များအား ကောက်ယူသိမ်းကာ သူ့အနောက်သို့ လိုက်လာလေသည်။ သူမထွက်လာသည့်အခါ တစ်စုံတစ်ယောက်က တစ်ခစ်ခစ်ရယ်ကာ လှမ်းပြောလိုက်သည်ကို ကြားလိုက်ရသည်။ "ဖြည်းဖြည်း‌။ လဲမကျစေနဲ့ဦး။"

ပုံမှန်အတိုင်းဆိုပါက ယခုကဲ့သို့ စိုးရိမ်ပေးမှုအား ကြားလိုက်ရသည့်အတွက် သူမအနေနှင့် ရင်ထဲထိသွားမည်ဖြစ်သော်လည်း ယခုအချိန်တွင်တော့ သူမအနေနှင့် လှုပ်ဖို့ကိုပင် မရဲဝံ့ပါချေ။

သူမ၏ဆရာက ဓာတ်လှေကားနှင့်ဆယ်မီတာအကွာတွင် ရပ်နေပြီး သူမ၏ဘေးတွင်တော့ သူမဆရာ၏ ပြေးမလွတ်သည့်အကုသိုလ်တစ်ဖြစ်လဲ ဒေါက်တာရှန့်ပင်။ သူက မိမိကိုယ်ကို အသိတရားမရှိသည်လား၊ တမင်သက်သက်ကို ရန်စသည်လားတော့မသိ။ သူက သူမနှင့်အတူတူ ကျန်းရွိဆီသို့ ဝံ့ကြွားစွာလျှောက်လာကာ သိသိကြီးနှင့် သူမအားမေးလာသည်။ "ရှောင်လေး၊ ပြင်ပလူနာဌာနကို သွားမလို့လား။"

ကျန်းရွိက သူ့အရှေ့တွင်ရပ်နေသည့်တိုင် သူက ကျန်းရွိကို မေးမည့်အစား ထရိန်နင်ဆင်းနေသည့် ဆရာဝန်ပေါက်စလေးသူမကို လာမေးသည်တဲ့။

ရှောင်လဲ့က ကြက်သေ‌သေသွားလေသည်။

သူမက အင်မတန် တိုးညှင်းသည့် "အင်း"ဟု ဖြေလိုက်သည်နှင့် ရှန့်ဖန်းယွိက ထပ်မံပြောလာသည်။ " အိုး.... ငါလည်း ဒီနေ့ ဆေးခန်းထိုင်ဖို့သွားမလို့လေ။ ဒီတော့ အကယ်၍ ဒေါက်တာကျန်းက မင်းကို ကောင်းကောင်းမသင်ကြားပေးဘူးဆိုရင် မင်း ငါတို့ဘက်ကို လာလို့ရတယ်နော်။ "

ကျန်းရွိက ရှန့်ဖန်းယွိအား ကြည့်ကာ အေးစက်စွာပြောလာသည်။ " လွန်ခဲ့တဲ့ ရက်တွေက ဌာနအလိုက်ဗဟုသုတစစ်ဆေးတဲ့စာမေးပွဲမှာ နောက်ဆုံးအဆင့်ကနှစ်ယောက်က မင်းရဲ့တပည့်တွေဆို။ ဒေါက်တာရှန့်အနေနဲ့ ကိုယ့်အတွက်ကိုယ် စိုးရိမ်ဖို့ပဲ အကြံပေးချင်တယ်။"

"ဒါက စာမေးပွဲအသေးစားလေးပါပဲ။" ရှန့်ဖန်းယွိက ပြန်လည်ချေပသည်။ "ခွဲစိတ်မှုအကဲဖြတ်တဲ့စာမေးပွဲတုန်းက ကံမကောင်းရှာတဲ့မင်းရဲ့ကျောင်းသားလေးတစ်ယောက်က မင်းရဲ့မျက်နှာသေကြီးကို ကြောက်လန့်ပြီး မော်ဒယ်အရုပ်ကို လွတ်ကျတော့မလိုဖြစ်ခဲ့တာကိုရော ဘာလို့မပြောတာလဲ။ ကြည့်ရတာ ဒေါက်တာကျန်းက ဒီနှစ်မှာလည်း သားဖွားမီးယပ်ဌာနမှာ ကြောက်ဖို့အကောင်းဆုံးဆရာအဖြစ် ဆက်ပြီးအုပ်စိုးချင်နေသေးတယ်နဲ့တူတယ်။ .... အာ၊ ရှောင်လေး။ မင်းဆရာရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ သွားပြီးမဲပေး‌လိုက်ပါဦး။"

"....." ရှောင်လဲ့က ကြောက်လန့်တကြီးနှင့် ငိုချမိမတတ်ပင်။ 'ငါ့ကို လွှတ်ပေးထားလို့မရဘူးလား။ ငါက ဆရာဝန်ပေါက်စလေးတစ်ယောက်ပါပဲဟာ။'

ဓာတ်လှေကား၏တံခါးက တင်းဟုအသံမြည်လာသည့်အခါ ရှောင်လဲ့ စိတ်သက်သာရာရစွာ သက်ပြင်းချမိလေသည်။ သူမက ဓာတ်လှေကားဆီသို့ သူမ၏မျှော်လင့်ချက်များကို စုပုံထားလိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် အတွင်းလူနာဌာနရှိ ဓာတ်လှေကားများမှာ အမြဲလိုလိုပင် လူများပြည့်နေတတ်ရာ အားလုံးက တိုးဝှေ့ပြီး စီးရသည့်အတွက် ထိုအတွဲမှာလည်း လူတိုး၍တစ်နေရာဆီသို့ ရောက်သွားပေလိမ့်မည်။

မျှော်လင့်ထားသလိုပင်၊ ဓာတ်လှေကားတံခါးပွင့်လာပြီး ဆရာဝန်များနှင့် လူနာ၏မိသားစုများက ကြပ်ညပ်နေလေသည်။ အော်ဟစ်ကာတိုးဝှေ့ရင်း ရှောင်လဲ့မှာ ထောင့်လေးတစ်ထောင့်ဆီသို့ အတွန်းခံလိုက်ရသည်။ နောက်ဆုံးတော့ လွတ်မြောက်မှုကို ခံစားရပြီဟူသည့် သက်ပြင်းတစ်ချက်ကို ချကာ မော့ကြည့်လိုက်သည့်အခါ သူမမြင်လိုက်ရသည်က ဒေါက်တာကျန်းမှာ ဓာတ်လှေကား၏တစ်ဖက်ဆီသို့ အတွန်းခံလိုက်ရပြီး ဒေါက်တာရှန့်မှာတော့ သူနှင့် မျက်နှာချင်းဆိုင်နေရာတွင် ရပ်လျက်ရှိသည်။

ရှောင်လဲ့က ငေးကြောင်ကြောင်နှင့် စိုက်ကြည့်နေမိသည်။ သူမက နားနှစ်ဖက်ကိုပိတ်ကာ စိတ်ထဲတွင် တိတ်တခိုးလေး ရေရွတ်နေမိသည်။ ရန်မဖြစ်ကြပါနဲ့။ ရန်မဖြစ်ကြပါနဲ့။ ရန်မဖြစ်ကြပါ‌စေနဲ့။

ကျန်းရွိက သူ့အား သူ့‌လက်မောင်းများဖြင့် ပွေ့ဖက်မတတ်ဖြစ်နေသော ရှန့်ဖန်းယွိအား စိုက်ကြည့်လိုက်သည်။ သူက သူ့ခြေထောက်ကိုမကာ ထိုလူအား ကန်ရန်ပြင်သည်။ သို့သော် တစ်ဖက်လူက လူအုပ်ကြီး၏အကာအကွယ်ဖြင့် သူ့ခြေထောက်အား ထောက်ထားလိုက်သည်။

"မလှုပ်နဲ့။" သူက ကျန်းရွိ၏ နားနားကပ်ပြောလာသည်။

ပူနွေးသည့်လေက နားရွက်ပေါ်သို့ကျဆင်းလာပြီး ကလိထိုးခံရသလို ယားကျိယားကျိခံစားရလေသည်။ ကျန်းရွိက နှုတ်ခမ်းအားဆူထော်ကာ ရှန့်ဖန်းယွိအား "ငါနဲ့ဝေးဝေးမှာနေ။" ဟုဆိုသည်။

"ငါသာ ငါတို့သမီးလေး လူပိမှာကို မစိုးရိမ်‌ရင် မင်းကို ကာကွယ်ပေးဖို့ စိတ်အနှောင့်အယှက်အဖြစ်ခံမလား။" ရှန့်ဖန်းယွိက ပြောလာသည်။

"မင်း..."

"ဘာလဲ။"

ကျန်းရွိက သူ့အား စိုက်ကြည့်နေသည်။

ဓာတ်လှေကားက နောက်တစ်ကြိမ်ထပ်မံပွင့်လာပြီး နောက်ထပ်လူတစ်အုပ်က တိုးဝှေ့ဝင်လာပြန်သည်။ ရှန့်ဖန်းယွီက သူ့၏လက်အစုံအား ကျန်းရွိ၏ပခုံးထက်တွင်နေရာချထားသည်မှာ သူ၏လက်မောင်းများကြား ပွေ့ဖက်ထားသကဲ့သို့ပင်။ ကျန်းရွိက ရှန့်ဖန်းယွိရင်ဘတ်အား သူ့လက်များဖြင့်တွန်းထုတ်ရန် ကြိုးစားသော်လည်း ဓာတ်လှေကားထဲတွင် အင်မတန်ပြည့်ကြပ်နေသောကြောင့် သူ့လက်အား တစ်ဝက်မျှပင် မမြှောက်နိုင်ပေ။

"အဟမ်း...." ရှန့်ဖန်းယွိက လည်ချောင်းရှင်းကာ အသံနိမ့်၍ပြောသည်။ "မင်းလက်ကို ဖယ်လို့ရမလား။မဟုတ်လည်း လက်ကို နေရာပြောင်းလိုက်လေ။"

ကျန်းရွိက သူ့လက်အား အဝေးသို့ ဆတ်ခနဲဆွဲဖယ်လိုက်ရင်း မနေနိုင်စွာ "ငါလိုး" ဟုဆဲမိသွားသည်။ သူက တစ်ဖက်လူ၏ခါးအား ဆွဲဆိတ်ကာ " တနေကုန် မင်းခေါင်းထဲ ဘယ်လိုအစုတ်အပျက်တွေကိုပဲ တွေးနေရတာတုန်း။"

နာကျင်မှုကို ခံစားလိုက်ရသည့် ရှန့်ဖန်းယွိက မခံမရပ်နိုင်စွာပဲ အထွန့်တက်လာသည်။ "အဲ့ဒါ မင်းကြောင့်ပဲလေ။ မင်းကသာ လက်ကိုအငြိမ်မထားပဲ လျှောက်ဆော့နေပြီးတော့။"

ကျန်းရွိက အမူအရာမဲ့စွာဖြင့် ခေါင်းအား ဟိုဘက်လှည့်လိုက်သည်။ ဓာတ်လှေကားရှိ အထပ်နံပါတ်အား တိတ်ဆိတ်စွာကြည့်နေရင်း နှလုံးသားထဲမှ တရိပ်ရိပ်ထိုးတက်လာသည့် ဒေါသများအား ဖိနှိပ်နေလေ၏။

"ကျန်းရွိ။" ရှန့်ဖန်းယွိက အင်မတန်စိတ်ဝင်စားစရာကောင်းသည့် အရာတစ်ခုအား တွေ့ရှိသွားသည့်ပုံဖြင့်ကြည့်လာသည်။ သူက ခေါင်းကိုဟိုဘက်လှည့်လိုက်သည့်အတွက် သူ့မြင်ကွင်းထဲဝင်လာသည့် ကျန်းရွိ၏ နားရွက်ဖျားလေးကို စိုက်ကြည့်ကာ "မင်းရဲ့နားရွက်ဖျားလေးမှာလည်း မှဲ့လေးတစ်လုံးရှိတာ တွေ့တယ်။"

"အိုး။"

"ပြီးတော့ မင်းနားရွက်တွေက နီရဲနေတာပဲ။"

"လစ်လိုက်တော့။"

နောက်ဆုံးတော့ ဓာတ်လှေကားသည် မြေညီထပ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ရှန့်ဖန်းယွိနှင့် ကျန်းရွိတို့ တစ်ချိန်လုံးတီးတိုးပြောနေသည်ကို ရှောင်လဲ့တွေ့ခဲ့ရသော်လည်း နှစ်ဦးသားထံတွင် လိုက်ဖက်မှုတစ်စုံတစ်ရာအား ခံစားရကာ ဓာတ်လှေကားထဲတွင်လည်း ရန်မဖြစ်ခဲ့ပေ။

သို့သော်လည်း........

ဓာတ်လှေကားတံခါးပွင့်သည်နှင့် ကျန်းရွိမှာ သူ၏ခြေတံရှည်များဖြင့် လျှောက်ထွက်လာသည်မှာ မျက်စိတစ်မှိတ်အတွင်း မမြင်ရတော့ပေ။

‌"ရှောင်လဲ့။" ကျန်းရွိအား နောက်မှ သူ့အားလိုက်မှီလာသည့် ရှောင်လဲ့အား ရုတ်တရက်မေးလာသည်။ "ငါ့နားရွက်တွေ နီနေလား။"

ရှောင်လဲ့မှာ အနည်းငယ် အံ့ဩသွားပြီး "ဟင့်အင်း။ မနီပါဘူး။"

ကျန်းရွိက အသက်ပြင်းပြင်းတစ်ချက်ရှုကာ ရှန့်ဖန်းယွိအား စိုက်ကြည့်လိုက်သည်။ သူက ထိုအခြင်းအရာကို မျှော်လင့်နေသည့်ပုံပင်။ သူက လက်အား သေနတ်ပုံစံဖြင့်မြှောက်လိုက်သော်လည်း သေနတ်ပစ်သည့်ဟန်မလုပ်ရသေးမှီ ကျန်းရွိက နောက်သို့ပြန်လှည့်သွားလေသည်။

"ဒီနေ့ ဆေးခန်းထိုင်ပြီးရင် ထောက်ပံ့ပို့ဆောင်ရေးဌာနကို သွားပြီးတော့ အတွင်းလူနာဌာနအတွက် ဓာတ်လှေကားထပ်ဆောက်ပေးဖို့ စာသွားတင်လိုက်။"

ရှောင်လဲ့: "ဟမ်?"

"အကယ်၍ သူတို့မှာ ရန်ပုံငွေမလုံလောက်ဘူးဆိုရင်လည်း ရှန့်ဖန်းယွိရဲ့အကောင့်ထဲက ပိုက်ဆံဖြတ်လိုက်လို့ရတယ်လို့။" ကျန်းရွိက လေကဲ့သို့ လျင်မြန်စွာလျှောက်သွားကာ "သူတို့ကို ငါအကြံပေးတာလို့ပြောလိုက်။"

ရှောင်လဲ့: "......"