အပိုင်း ၂၄
Viewers 11k

Chapter 24
- ‌‌‌‌‌‌‌‌‌‌‌နွားနို့



နောက်တစ်နေ့နံနက် ကျန်းရွိနိုးလာသည့်အခါ ရှန်းဖန်းယွိက ရုံးခန်းမှ ထွက်သွားပြီဖြစ်သည်။ သူက သူ့မိုဘိုင်းလ်ဖုန်းကို မသိစိတ်မှ လိုက်ရှာမိသော်လည်း ကုတင်ဘေးနားရှိ စားပွဲအသေးလေးပေါ်တွင် နွားနို့တစ်ခွက်တင်ထားသည်ကို မြင်လိုက်ရသည်။

နွားနို့ခွက်၏အောက်တွင် စာရွက်အပိုင်းလေးတစ်ခု ရှိနေလေသည်။

[အတန်းမသွားခင် သောက်လိုက်။ မင်း ကယ်လ်ဆီယမ် ချို့တဲ့နေတာ။

PS: ငါ မနေ့ညက ချက်ကြိုးပျက်သွားတဲ့လူနာကို ကုပေးပြီး အမွှာလေးတွေကို မွေးပေးခဲ့တယ်! ]

ရှန့်ဖန်းယွိ၏ လက်ရေးက ထက်ရှပြီး စာရွက်ပေါ်တွင် ဖိရေးထားသည်။ တိုပျက်ပျက် အာမေဋိတ်အမှတ်အသား(!) ကိုမြင်လိုက်ရသည့် ကျန်းရွိ၏ မျက်ဝန်းများက အရောင်လက်သွားလေသည်။

အလင်းထဲမှာ ကြည့်လိုက်ပြီးနောက် စာရွက်အနောက်တွင် ရေးသားသည့်စာများရှိသေးကြောင်း သတိထားမိသွားသည်။

သူက စာရွက်ကို လှန်ကာ ဖတ်ကြည့်လိုက်ပြီးတော့ အေးခဲသွားတော့သည်။

[PPS : မင်းစဉ်းစားကြ
ည့်ပါလား.......ငါနဲ့အတူတူနေဖို့လေ။]

မနက်ပိုင်းအတန်းချိန်ပြီးသည့်အခါ အာခြောက်နေပြီဖြစ်သည့်ကျန်းရွိသည် အေဆေးတက္ကသိုလ်၏ စားသောက်ဆိုင်ရှေ့တွင်ဆယ်မိနစ်မျှ ရပ်ကြည့်နေပြီးမှ နောက်ပြတင်းတစ်ခုနားက ကိတ်မုန့်တစ်ခုအား ဝယ်ရန်ဆုံးဖြတ်ချက်ချလိုက်လေသည်။

ကိုယ်ဝန်ဆောင်နေစဉ် ‌စာမေးပွဲကာလများအတွင်း ပေါင်မုန့်တစ်မျိုးတည်းကို တစ်လဆက်တိုက်စားနိုင်သည့် ကျန်းရွိမှာ ထူးဆန်းစွာပင် အစားချေးများသည့်သူတစ်ယောက် ဖြစ်လာလေသည်။

အေဆေးတက္ကသိုလ်ရှိကန်တင်း၏စံနှုန်းသည် တက္ကသိုလ်၏ သင်ကြားမှုအရည်အသွေးနှင့် ပြောင်းပြန်အချိုးကျလေသည်။ ကန်တင်းရှိအစားအစာများမှာ ဈေးသာကြီးကာ အရသာမကောင်းပေ။

ဆေးရုံကို ပြန်ရောက်သည့်အချိန်တွင် ကျန်းရွိက တစ်ဝက်ကျန်နေသေးသည့်ကိတ်မုန့်အား ဘာမပြောညာမပြော ဗြုန်းစားကြီး အမှိုက်ပုံးထဲ ပစ်ထည့်ပစ်လိုက်သည်။

ဌာနထဲဝင်လိုက်သည်နှင့် မှတ်စုလေးအား ကျန်းရွိအမှတ်ရသွားကာ ရှန့်ဖန်းယွိ၏ အလုပ်နေရာဆီ ဝေ့ဝဲကြည့်မိသော်လည်း သူကနေရာတွင် ရှိမနေ။

အကြည့်များကို ပြန်လည်ရုတ်သိမ်းကာ လက်ဆွဲအိတ်ကို ချနေစဉ် ယွီစန်းက ဘယ်နေရာကမှန်းမသိပေါ်လာကာ သူ့အား မှတ်စိတစ်ဖက်မှိတ်ပြကာ "အကိုကျန်း၊ အကို့ကောင်မလေးက အလှလေးပဲ။"

သူ့ပါးစပ်ကို ဖွင့်လိုက်သည်နှင့် ယခင်က ငြိမ်သက်နေသည့်ရုံးခန်းတစ်ခုလုံး အတင်းအဖျင်းများဖြင့် ပြည့်နှက်သွားလေသည်။ တစ်ချို့သူများဆိုလျှင် တီးတိုးဩဘာပေးလိုက်ကြသေးသည်။ "ဒေါက်တာကျန်း ကျွန်တော်တို့ကို ဘယ်အချိန်ကျွေးမှာလဲ။ ဝိုင်သောက်ဖို့ စောင့်နေပြီနော်။"

ကျန်းရွိက စဉ်းစား၍မရတော့ပေ။ "ဘယ်က ကောင်မလေးလဲ။"

"ဟန်ဆောင်မနေပါနဲ့။" ဝူရွေ့က ကြီးမားသောအပြုံးဖြင့် လျှောက်လာပြီး "ကောင်မလေးက အချစ်တွေနဲ့နေ့လည်စာယူလာပေးတာလေ။ ငါတို့က မင်းသင်တန်းသွားတယ်လို့ ပြောပြီး သူမကို နားနေခန်းမှာ စောင့်ခိုင်းထားတာ မင်းက ဘာဖြစ်နေတာလဲ။ ကောင်မလေးကိုတောင် အတန်းရှိတဲ့အကြောင်းမပြောထားဘူး။ သူအလကားသက်သက်ထွက်လာရတော့မလို့။"

ကျန်းရွိက ရုံးခန်းထဲမှထွက်ကာ နားနေခန်းသို့ လေကဲ့သို့အလျင်ဖြင့် ထွက်သွားသည်။ သူက ဆယ်မီတာလောက်အကွာရှိ ဓာတ်လှေကားမှ ရှန့်ဖန်းယွိမှ နွားနို့ တစ်ဗူးအား သယ်လာသည်ကို မမြင်လိုက်ပေ။

ရှန့်ဖန်းယွိရုံးခန်းထဲသို့ရောက်သည့်အခါ အရူးကဲ့သို့ တဟိဟိရယ်နေသည့် ယွီစန်းအား ဝင်တိုက်မိလေသည်။ သူက ကျန်းရွိ၏ခုံအား လက်ထဲမှနွားနိုးဗူးဖြင့် ရွယ်ကာ "မင်းရဲ့ ဆရာကျန်းရော။" ဟု မေးလိုက်သည်။

ကျန်းရွိ၏ အနှစ်သက်ဆုံးတပည့်အနေနှင့်ရော၊ နံပါတ်တစ် လက်စွဲတော်ခွေးလေးအဖြစ်ပါ ယွီစန်းက ရှန်းဖန်းယွိနှင့် ထိပ်တိုက်တွေ့နေကြပင်။ ထို့ကြောင့် ရှန့်ဖန်းယွိက သူ့အားမေးလာသည့်အခါ သူက "သူ့ကောင်မလေးကို သွားတွေ့တယ်။" ဟု သဘာဝကျကျ ပြန်ဖြေလိုက်သည်။

"ကောင်မလေး?"

ရှန့်ဖန်းယွိ၏ အမူအရာပြောင်းသွားသည်ကို မြင်လိုက်ရသည့် ယွီစန်း၏မျက်ဝန်းများက အရောင်ပိုတောက်လာလေသည်။ သူ၏အာရုံငါးပါးစလုံးက ပွဲဖန်တီးဖို့ မစောင့်နိုင်တော့ပေ။ ယခင်က ညီလာခံမှာနေရာရပြီးနောက် သူတို့ပြောခဲ့သည့် ကြွားလုံးထုတ်မှုများကာ ပြန်အမှတ်ရကာ လက်စားချေရန် မစောင့်နိုင်တော့ပေ။ "ကျွန်တော်တို့ ဒေါက်တာကျန်းရဲ့ ကောင်မလေးက အရမ်းလှတာ။ သူက အချစ်တွေနဲ့ နေ့လည်စာကိုတောင် သေချာလေးပြင်ဆင်ပြီး လာပို့ပေးသေးတယ်။ တစ်ချို့လူတွေနဲ့တော့ ဘယ်တူမလဲ။........"

ယွီစန်းက ရှန့်ဖန်းယွိ၏လက်ထဲမှ နွားနို့အားကြည့်ကာ စိမ်ပြေနပြေဖြင့် "....…နွားနို့ပဲ သောက်နိုင်ရှာတယ်လေ။"

ရှန့်ဖန်းယွိ: "......"

ရှန့်ဖန်းယွီ၏အမူအရာ ဆိုးရွားလာသည်ကို မြင်လိုက်ရသည့် ခဏ၊ သူ့အတိုင်းအတာကို သူသိသည့်ယွီစန်းမှာ အပေါ်စီးမှလည်း ပြောပြီးပြီဖြစ်သည့်အတွက် ၊ အေးအေးဆေးဆေးပင် နောက်ဆုတ်ပေးလိုက်သည်။ သူက ရှန့်ဖန်းယွိ၏အမူအရာအား ကျန်းရွိမမြင်လိုက်ရသည်ကိုပင် နောင်တရနေသေးသည်။

ရှန့်ဖန်းယွိက ခဏလောက် တိတ်ဆိတ်သွားပြီးမှ စားပွဲပေါ်သို့ နွားနို့ဗူးအား ဆောင့်ချလိုက်လေသည်။ ဘေးနာရှိ ဝူရွေ့မှာ အထိတ်တလန့်ဖြင့် သူ့အား မော့ကြည့်လာသည်။

သူက ဝူရွေ့၏အကြည့်နှင့်ဆုံသည်တွင် ထပ်ပြီး သေချာအောင် မေးလိုက်သည်။ "အကိုဝူ။ ယွီစန်းပြောတာ အမှန်ပဲလား။"

ဝူရွေ့က သူ့ခေါင်းကို ခါပြရမည်လား၊ ခေါင်းငြိမ့်ရမလား ခေတ္တခဏ စဉ်းစားမရဖြစ်သွားသည်။ သူက ရှန့်ဖန်းယွီ အမူအရာမကောင်းတာကို ခံစားမိနေသည်။ သူနားမလည်နိုင်က အဘယ်ကြောင့် ရှန့်ဖန်းယွိဒေါသထွက်နေရသနည်း ဆိုသည်ကိုပင်။

ကျန်းရွိနှင့်သူနှင့်က အချစ်ပြိုင်ဘက်များဖြစ်ခဲ့ကြသော်လည်း ကျန်းရွိ၏ ကောင်မလေးဟုထင်ရသူသည် ကျုံးလန်မဟုတ်ပေ။

သူက ကျန်းရွိက သူ့ထက်အရင် ကောင်မလေးရသွားလို့ စိတ်ဆိုးနေတာများလား။

သို့သော်ငြား ရှန့်ဖန်းယွိကလည်း နောက်ကလိုက်နေသူတွေ မနည်းပေ။ မိနစ်အနည်းငယ်အတွင်းပင် တစ်စုံတစ်ယောက်အား ရှာနိုင်လေသည်။

ဘေးရှိ မွေးကင်းစကလေးသူငယ်ပြုစုစောင့်ရှောက်ရေးဌာနမှ အချိန်ရှိသရွေ့သူ့အား ခဏခဏလာလာချောင်းကြည့်နေသည့် သူနာပြုမလေးရှိသည်။ ထိုကောင်မလေးကလည်း ဉာဏ်ကောင်းကာ လှပလေသည်။ သို့သော် သူက သူမနှင့်ပတ်သက်၍ စိတ်အားထက်သန်မှုမရှိပေ။

နှစ်ဦးကြား ညပ်သွားသည့် ဝူရွေ့မှာ အမြဲလိုလိုပင်သူတို့နှစ်ဦးအား တည့်တည့်ရှုရှုမြင်ချင်နေသည့်သူဖြစ်ရာ၊ သူက "ဖန်းယွိ၊ အားမလျော့ပါနဲ့။ အကို မင်းခယ်မကို မေးပြီး မင်းအတွက် တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးမယ်လေ။" ဟု အကြံပေးလိုက်သည်။

"ကျေးဇူးပါ၊စီနီယာအကို။ ဒါပေမယ့် ခယ်မလေးကို စိတ်မရှုပ်စေပါနဲ့‌တော့။"

ရှန့်ဖန်းယွိက နွားနို့ဗူးကိုဖွင့်ကာ ပါးစပ်ထဲပိုက်ထည့်ထားရင်း ပြုံးပြလာသည်။ သို့သော် ထိုအပြုံးက ဝူရွေ့ကို ကြက်သီးမွှေးညှင်းများသာ ထသွားစေလေသည်။

ကျန်းရွိ နားနေခန်းသို့ရောက်သည့်အခါ ချိုမြိန်စွာဝတ်စားထားသည့် မိန်းကလေးတစ်ယောက်အား ပြတင်းပေါက်မှန်များအနား ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူက တံခါးကို တွန်းဖွင့်က အတန်ငယ် တွန့်ဆုတ်နေပြီး "မင်္ဂလာပါ။" ဟု နှုတ်ဆက်လိုက်သည်။

ကောင်မလေးက သူ့အား ရင်းနှီးနေပုံရသည်။ သူမက သူ့ကိုမြင်သည်နှင့် ထရပ်ကာ စိတ်အားထက်သန်စွာဖြင့် သူ့လက်အစုံ ကိုဆွဲကာနှုတ်ဆက်လာသည်။ "မင်္ဂလာပါ၊ ကျွန်မနာမည်က ယွီရှင်းပါ။ ရှင်က ဒေါက်တာကျန်းရွိမို့လား။"

ကျန်းရွိက သူမအား ယဉ်ယဉ်ကျေးကျေးပင် လက်ဆွဲနှုတ်ဆက်သည်။ သူကြည့်လိုက်သည့်အခါ ယွီရှင်းက လေးဆင့်အပူခံထမင်းဘူးအား သယ်ထားသည်ကို မြင်လိုက်ရသည်။ သူ့ရဲ့ ရှုပ်ထွေးနေသည့်အကြည့်ကို မြင်သည့်အခါ ယွီရှင်းက "အန်တီကျန်းက ကျွန်မကို ရှင့်ဆီ ယူလာခိုင်းတာ။" ဟုပြောလေသည်။

"အန္တီ?"

ကျန်းရွိ၏မိဘများက ဘီမြို့တွင် ရှိနေပြီး အေမြို့တွင် ဆွေမျိုးဟူ၍ မျိုးရိုးနာမည် ကျန်းဖြင့် သူ၏အဒေါ်တစ်ယောက်သာရှိသည်။

"ဟုတ်တယ်။" ယွီရှင်းက အမြန်ပင် ပြန်ဖြေလာသည်။ "ကျွန်မက ရှင့်အန်တီစီစဉ်ထားတဲ့ ဘလိုင်းဒိတ်ကလေ။"

"...." ကျန်းရွိ တောင့်ခဲသွားသည်။ သူ၏မိခင်ရင်းက သူ့အား ဤမျှလောက်အထိ လက်ထပ်စေချင်နေမှန်း မည်သည့်အခါကမျှ မတွေးထားမိပေ။ သူက အဝေးရှိ အေမြို့တွင် ရောက်နေသည့်အတွက် သူ့မိခင်၏လက်များက ဤမျှဝေးဝေးမဆန့်နိုင်ပေ။ သို့နှင့် သူမက အေမြို့ရှိ သူ့‌အဒေါ်အား ဤကိစ္စတွင် ပါဝင်စေလာသည်။

သူ၏မိခင်က သူ့အား ဘလိုင်းဒိတ်စီစဉ်ပေးရန် အဒေါ်နှင့်ပြောထားသည်ဟု စကားစထားသော်ငြား သူက စနောက်နေခြင်းဟုသာ ထင်ထားခဲ့‌သည်။ သူ၏မိခင်ခေတ်မှအဒေါ်ကြီးများ၏ လူများကို အိမ်ထောင်ပြုရန် တိုက်တွန်းနိုင်စွမ်းအား သူအထင်သေးခဲ့မိတာ အမှန်ပင်။

ပို၍ အံ့အားသင့်စရာကောင်းသည်က ယွီရှင်းက "ကျွန်မအမေနဲ့ အန်တီနဲ့က ရှန်းကျန်းပန်းခြံမှာရှိတဲ့ ဘလိုင်းဒိတ်နေရာမှာ တွေ့ခဲ့ကြတာ။" ဟု ပြောလာသည့်အခါပင်။

ကျန်းရွိ ထိုဘလိုင်းဒိတ်နေရာကို သိသည်။ အေမြို့ရှိ လက်ထပ်ပွဲဆင်ရန် လောကြီးနေသည့် မိဘများ၏ ရှစ်ဆယ်ရာခိုင်နှုန်းလောက်က တစ်နှစ်ပတ်လုံး ထိုရှန်းကျန်းပန်းခြံတွင် စုဝေးနေကြပြီး ဖရဲသီးများ၊မြေပဲများ ရောင်းသလို သူတို့၏သားသမီးများ ရောင်းထွက်စေရန် ကြိုးစားကြသည်။

ကျန်းရွိက သူ၏ဓာတ်ပုံအား ထိုနေရာတွင် ရှိနေမည်ကို စဉ်းစားမိသောအခါ သူ့အဒေါ်ဖြစ်သူ၏ ဦးနှောက်ဆေးသလိုအော်ပြောသံများကို ကြားယောင်မိကာ နှလုံးသွေးကြောကျဉ်းသလိုလိုပင် ခံစားမိကာ မူးမေ့လဲကျတော့မတတ်ပင်။

ယွီရှင်းက တည့်တိုးဆန်ကာ ထက်မြက်သည့် မိန်းကလေးတစ်ဦးပင်။ ကျန်းရွိ၏ မျက်နှာတစ်ခုလုံး မှောင်မဲနေသည်ကို မြင်လိုက်ရသည့်အခါ သူမက ရယ်မောလိုက်ရင်း " အစကတော့၊ ကျွန်မလည်း ရှန်းကျန်းပန်းခြံက ဘလိုင်းဒိတ်လိုနေရာမျိုးကနေ ကျွန်မအမေက ဘယ်လိုလုပ်ပြီး အရည်အချင်းပြည့်မီတဲ့ယောက်ျားကို ရှာနိုင်ပါ့မလဲဆိုပြီး မယုံနိုင်ခဲ့ဘူးလေ။ အမေက ရှင့်ဓာတ်ပုံကိုပြတုန်းကတောင် ဖိုတိုရှော့နဲ့ ပြင်ထားပြီး အညာမိလာပြီလို့တောင် တွေးခဲ့သေးတာ။"

သူမက ကျန်းရွိကို နှစ်ခေါက်လောက် ထပ်လှမ်းကြည့်လိုက်ပြီး "ရှင့်ကို ဓာတ်ပုံထဲကထက် အပြင်မှာ ပိုပြီးကြည့်ကောင်းတဲ့လူဖြစ်မယ်လို့ မထင်ထားမိဘူး။"

ကျန်းရွိက အနေရခက်သည့်ကင်ဆာမှ ခက်ခက်ခဲခဲပင် စိတ်ပြန်ကြည်လင်သွားအောင် ကြိုးစားကာ သဘာဝမကျသည့် အပြုံးဖြင့် "ကျေးဇူးပါ။ မင်းကလည်း လှပါတယ်။"

ယွီရှင်းက အေးဆေးစွာထိုင်ချလိုက်ကာ အပူပေးအိတ်မှ ထမင်းချိုင့်ကို ထုတ်လိုက်သည်။ ထို့နောက် "အတူတူ စားကြမလား။" ဟု ကျန်းရွိကို မေးလိုက်သည်။

သူ့အဒေါ်၏ အချက်အပြုတ်လက်ရာမှာ အင်မတန်ပင်ကောင်းမွန်လှသည်။ ထို့ပြင် ကျန်းရွိမှာ အိမ်ချက်အစားအစာများမစားရသည်မှာ ကြာမြင့်လှပြီဖြစ်သည်။ ထို့အတွက် အရောင်းအသွေးစုံလင်သည့် နေ့လည်စာထမင်းချိုင့်ကိုမြင်လိုက်ရသည့်အခါ စားချင်စိတ် အနည်းငယ်ပေါ်ပေါက်လာရသည်။

သူက သူမနှင့်အတူထိုင်လိုက်ပြီး ထမင်းဘူးတစ်ခုဆီကို ကိုင်တာ တိတ်ဆိတ်စွာ စားသောက်‌ကြသည်။ ခဏမျှအကြာတွင် ယွီရှင်းက တူကို ကိုက်ထားကာ "ရှင် ရည်းစားထားဖူးလား။" ဟု မေးလာသည်။

ကျန်းရွိက ခေါင်းခါပြကာ ပျစ်နှစ်နေသည့် ငါးစွပ်ပြုတ်ကို တစ်ငုံမျှသောက်လိုက်သည်။

"အန်တီဆီကနေ ကျွန်မကြားထားတာတော့ ..... အရင်က ရှင့်ဌာနက ဆရာဝန်မလေးတစ်ယောက်ကို လိုက်ခဲ့တယ်ဆို။" ယွီရှင်းက မေးလာသည်။

ယခင်က သူ၏မိခင်က လက်ထပ်ရန်တိုက်တွန်းချိန်တွင် ကျန်းရွိက ကျုံးလန်အား လိုက်နေသည့်အကြောင်းအရာဖြင့်ဖြင့် တံတိုင်းခတ်ကာကာကွယ်ထားလိုက်မိသော်လည်း ထိုအခြင်းအရာအား သူ့‌အဒေါ်သိရှိနေမှန်း မ‌မျှော်လင့်ထားမိပါချေ။

သူက ရှန့်ဖန်းယွိကဲ့သို့ လူများနှင့် စကားပြောနိုင်စွမ်းမရှိသည့်အပြင် လူများနှင့်ဆက်ဆံရာမှာလည်း သိပ်မကောင်းလှ။ ဆေးပညာနှင့်ပတ်သက်သည့် ကိစ္စအနည်းငယ်ကလွဲ သူသေချာမသိပါချေ။ ထို့ကြောင့် သူက အကူအညီမဲ့စွာဖြင့် ယွီရှင်းထံ "အင်း" ဟုသာ ဆိုကာ မည်သည်ကိုမျှ ထပ်မဆိုချင်တော့ပေ။

"ဒီတော့၊ ရှင် ကျွန်မကို ဘယ်လိုထင်လဲ။" ယွီရှင်းက ထိုဆရာဝန်မလေးမှာ အတိတ်ကအကြောင်းအရာသာဖြစ်ကြောင်း သူ့ထံမှ အဖြေကိုကြားသည်နှင့် ရိပ်မိသွားလေသည်။ သုမက တည့်တိုးဆန်သည့် အမျိုးသမီးတစ်ယောက်ဖြစ်သည့်အတွက် ပွင့်လင်းစွာပင် " ကျွန်မက ပန်းချီဆရာလေ။ ဒါပေမယ့် ကျွန်မအနေနဲ့ အမြဲတမ်း ဆရာဝန်တစ်ယောက်ကို ရည်းစားထားချင်ခဲ့တာ။ ပရော်ဖက်ရှင်နယ်အသိုင်းအဝိုင်းက နည်းနည်းတင်းကျပ်တာမို့ အမေက ဘလိုင်းဒိတ်နေရာကို သွားခဲ့တာလေ။"

ဆိုလိုချင်သည်မှာ သူမက ကျန်းရွိအား စိတ်တိုင်းကျသည်ထက် ပိုသည်ဆိုသည့် အဓိပ္ပာယ်ပင်။

ကျန်းရွိ၏ ပြုံးကာ သူ၏လက်များကို ရပ်တန့်လိုက်သည်။ လက်ထဲမှ တူကိုချကာ ဂရုတစိုက်ဖြင့် "ကျွန်တော်တောင်းပန်ပါတယ်၊ မစ်ယွီ။ မင်းက တော်တော်လေး ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော့်အနေနဲ့ အခုချိန်မှာ ကိုယ်ရေးကိုယ်တာကိစ္စနဲ့ အခြားအကြောင်းအရာတွေကြောင့် ဆက်ဆံရေးတစ်ခု စတင်ဖို့ကို အစီအစဉ်မရှိသေးပါဘူး။ ကျွန်တော့်အမေက အဲ့ဒါကို အခုထိ မသိသေးဘူးလေ။ အဲ့ဒီအတွက် မင်းအနေနဲ့ ခုလို ဘာမှမဟုတ်ပဲ လာလိုက်ရတာမို့ ကျွန်တော်တစ်ကယ် အားနာမိတယ်။"

သူက ရှန့်ဖန်းယွိနဲ့ အတူတူအိပ်လိုက်မိသည့်စိတ်ပိုင်းဆိုင်ရာ အရိပ်မဲကြီးရှိနေသေးသဖြင့် ဆက်ဆံရေးတစ်ခုအစပြုရန် မတတ်နိုင်သေးသည်ကို မဆိုထားနှင့်။ သူ၏ဗိုက်ထဲမှာ ကလေးလေးတစ်ယောက်ကိုလွယ်ထားရသေးသည်။ ထို့အတွက် ဘလိုင်းဒိတ်နှင့် လိမ်လည်လက်ထပ်သည်နှင့် ဘာကွာတော့မည်နည်း။

ကျန်းရွိ ထိုကဲ့သို့ မလုပ်နိုင်ပေ။

ထိုစကားကို ကြားသည့်အခါ ယွီရှင်း၏ အမူအရာမှာ အနည်းငယ်သိမ်မွေ့လာကာ "အဆင်ပြေပါတယ်။" ဟု ‌ဆိုလာသည်။ "ကျွန်မတို့က ခုမှ စတွေ့ဖူးတာပဲလေ။"

"ဒါနဲ့ ကျွန်တော်ပြောစရာရှိတယ်၊ မစ်ယွီ။" ကျန်းရွိက သူ့ပိုက်ဆံအိတ်ကို ထုတ်ကာ ယွီရှင်းအား ပါကင်ကတ်ကို လှမ်းပေးသည်။ "ဒီခရီးကို အကြောင်းမဲ့သက်သက်လာလိုက်ရပြီး မင်းကို နှောင့်နှေးစေတဲ့အတွက် ဘယ်လိုနည်းနဲ့ ပြန်လျော်ပေးရမယ်ကို ကျွန်တော်မသိဘူး။ ဒါက ကျွန်တော်တို့ဆေးရုံရဲ့ ပါကင်ကတ်ပါ။ ကတ်က အသစ်ဖြစ်ပြီးတော့ နာရီပေါင်းနှစ်ရာလောက် ရပ်ထားလို့ရပါတယ်။"

ကျန်းရွိက လက်တွေ့ဆန်သည့်လူဖြစ်ပြီး ဆေးရုံပါကင်ကတ်အား သူပထမဆုံးတွေ့ဖူးသည့် မိန်းကလေးတစ်ယောက်အား ပေးရသည်ကို မှားသည်ဟုမမြင်ပေ။

သို့သော်လည်း ယွီရှင်းအတွက် ဘလိုင်းဒိတ်တွင် ပါကင်ကတ်ပေးသည်ကို မြင်ဖူးသည်မှာ ယခုက ပထမဦးဆုံးအကြိမ်ပင်။ သူမက အံ့အားသင့်သွားပြီး လက်များကို ခါကာ ငြင်းဆန်လိုက်သည်။ "ဒါက .. မလိုအပ်ပါဘူး။"

ကျန်းရွိက ပြတင်းပေါက်အပြင်ဘက်ကိုလှမ်းကြည့်ကာ တီးတိုးရေရွတ်လိုက်သည်။ "ကျီဟွားရဲ့ ပါကင်ကြေးတွေက တအားဈေးကြီးတယ်။ မင်းယူထားသင့်တယ်။ "

ကျီဟွားဆေးရုံ၏ ကားရပ်နားကြေးစရိတ်သည် အမှန်ကိုပင် ဈေးကြီးလွန်းသည်။ ကတ်မပါလျှင် ကားရပ်နားခမှာ တစ်နာရီကို သုံးဆယ်ပေးရသည်။ ထို့ထက် ကားရပ်နားစရာနေရာက အင်မတန်ရှားပါးလေသည်။

ယွီရှင်းက ကျန်းရွိအား ကြည့်လိုက်မိသည်။

ဤယောက်ျား၏ နှုတ်ခမ်းများက ပါးလွှာကာ နားနေခန်းတွင်း ဝင်လာချိန်တည်းမှစ၍ မျက်နှာပေါ်တွင် မည်သည့်အမူအရာမှ မမြင်နိုင်ချေ။ သူက ကြည့်ကောင်းလှသော်လည်း မျက်မှန်ကြောင့်လား၊ သူ၏ ဩဇာလွှမ်းသည့် စိတ်နေစိတ်ထားကြောင့်လားမသိ၊ ချည်းကပ်ရန်ခက်ခဲ့သည့် ခံစားချက်အား ပေးစွမ်းနိုင်လေသည်။

ဤအခြင်းအရာကြောင့်ပင် ယွီရှင်းက ကျန်းရွိသည် မြင့်မားလှသည့်တောင်ထိပ်ကပန်းကလေးဟု ထင်မိခြင်းဖြစ်သည်။ သူမက သူ့အားဤမျှ ရိုးရှင်းကာလက်တွေ့ကျလိမ့်မည်ဟု မမျှော်လင့်ထားမိချေ။ သို့သော် သူက ဆေးရုံနောက်ကွယ်တွင် ဆေးရုံ၏ပါကင်ကြေးများ မြင့်မားကြောင်းကိုပင် ညည်းညူနေသေးသည်။

သို့နှင့် သူမက ဝမ်းသာစွာပင် ပါကင်ကတ်အား လက်ခံလိုက်ပြီး ကျန်းရွိအား ပြုံးပြကာ "ဒါဆို အပြန်အလှန်‌ပေးတဲ့လက်ဆောင်အနေနဲ့ ကျွန်မပြန်သွားရင် ရှင့်အတွက် ပန်းချီတစ်ချပ်ဆွဲပေးမယ်လေ။"

သူမက ဝေးပေါ်ကို ဖွင့်လိုက်ပြီး ကျန်းရွိအားလှမ်းပေးကာ "ကျွန်မကို follow လုပ်လိုက်။" ဟု ဆိုသည်။

ကျန်းရွိက ခဏမျှ တိတ်ဆိတ်သွားကာ မေးလာသည်။ "ဒါက ဘာ app လဲ။"

ယွီရှင်းက အချိန်အနည်းငယ်မျှကြောင်အသွားရသည်။ ထို့နောက် သူမက ဖုန်းအား တိတ်တဆိတ်ဖ့င့် ပြန်ယူလိုက်သည်။ ငယ်ရွယ်သည့်ကျန်းရွိနှင့် သူမအဖိုး၏ဖုန်းအဟောင်းလေး တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားသလိုမျိုး ခံစားလိုက်ရသဖြင့် အငြင်းခံလိုက်ရသည့်အတွက် မကျေမနပ်ဖြစ်နေသည့်ခံစားချက်လေးပင် ပျောက်ရှသွားရသည်။

သူမက နှုတ်ခမ်းဆူက မဝံ့မရဲမေးလာသည်။ " ဒါဆို ကျွန်မ ပုံကို print ထုတ်ပြီး ရှင့်ကို လှမ်းပို့ပေးလိုက်ရမလား။"

"ကိုယ့်ကိုယ်ကို ဒုက္ခမပေးပါနဲ့။" ဓာတ်ပုံ သိပ်မရိုက်ဖြစ်သည့် ကျန်းရွိက စိတ်ထဲမထားပေ။ သူက သူတို့နှစ်ယောက်လုံး စား၍ကုန်ပြီကို မြင်သည့်အတွက် ထရပ်ကာ "မင်း ပြီးပြီလား။ ကျွန်တော် ချိုင့်တွေ သိမ်းလိုက်မယ်လေ။" ဟုမေးလိုက်သည်။

"ကျွန်မ ကူပေးမယ်။" ယွီရှင်းလည်း လိုက်၍ ထရပ်ကာ ကူညီရန်ပြင်လိုက်ချိန် မမျှော်လင့်ထားသည့် ဧည့်သည်တစ်ယောက်က ရုတ်တရက်ဝင်လာကာ ခပ်ရွဲ့ရွဲ့အပြုံးဖြင့် "မင်း ကောင်မလေးရောက်နေတယ်ကြားလို့ ၊ ကြည့်မလို့လာတာ။"

နွားနို့ဗူးက လေထဲတွင်မြောက်တက်သွားကာ အမှိုက်ပုံးထဲသို့ ရောက်သွားသည်။ ပြုံးနေသည့် ထိုယောက်ျားက ကော်ဖီရောင်ခပ်ဖျော့ဖျော့နှင့် အမည်းရောင်ကော်လာဖြင့် ရှပ်အင်္ကျီအား ဝတ်ဆင်ထားသည်။ သူက အရပ်ရှည်ကာ ကျောက်စိမ်းကဲ့သို့ ဖြောင့်မတ်သည့်ပုံပင်။

"ကျန်းရွိ။ မင်းငါ့ကို သူနဲ့ မိတ်မဆက်ပေးတော့ဘူးလား"