အပိုင်း ၂၃
Viewers 11k

Chapter 23
- မတည်မြဲသည့်ဘဝ



အပြင်ဘက်တွင် မီးရောင်များ လင်းချင်းနေပြီး လူအုပ်စုများစွာ သွားလာလျက်ရှိသည်။ တစ်လမ်းဝင်တစ်လမ်းထွက် ဈေးလှည့်ရောင်းသူများ အော်ဟစ်နေသည့်အသံများက အဝေးကပင် ကြားနိုင်လေသည်။ သို့သော် ကားအတွင်းထဲ‌တွင်တော့ ပင်အပ်ပြုတ်ကျသည့်အသံကိုပင် ကြားနိုင်လောက်အောင် တိတ်ဆိတ်မှုက ကြီးစိုးနေလေသည်။

ကြာမြင့်စွာ အသံတိတ်ထိပ်တိုက်တွေ့ကြပြီးနောက် ကျန်းရွိက ဦးစွာ တိတ်ဆိတ်မှုအား ချိုးဖြတ်လိုက်လေသည်။ "ငါ့ကို ဆေးရုံကို ပြန်ပို့ပေး။"

သူက ရှန့်ဖန်းယွိအား တိုက်ရိုက်အဖြေမပေးသော်လည်း သူမငြင်းနိုင်လောက်မည့် အကြောင်းပြချက်တစ်ခုအား သုံးကာ ဖြေရှင်းရန်လုပ်သည်။ "ငါဒီနေ့ ညဆိုင်းဆင်းရမှာ။"

"မင်း ဒီည တာဝန်ကျတယ်ပေါ့။"

ကျန်းရှုက "အင်း" ဟုဆိုကာ "တာဝန်ချိန်မရောက်ခင် အိမ်ပြန်ပြီးရေချိုးမလို့ စီစဉ်ထားတာ။"
သူက ဆေးရုံမှ ရေချိုးခန်းများအား သဘောမကျတာမျိုး မဟုတ်သော်လည်း သူ၏ ခွဲစိတ်မှုများက စောစောပြီးလေ့ရှိပြီး သူ့အိမ်ကလည်း ဆေးရုံနှင့် နီးသောကြောင့် အိမ်ပြန်ပြီး အဝတ်အစားလဲရတာ အဆင်ပြေ၍ဖြစ်သည်။

အဆင်မပြေသည့်အရာအား လုပ်ခဲ့မိကြောင်း သဘောပေါက်သွားသော ရှန့်ဖန်းယွိ : "...."

လက်ထောက်ဆရာဝန်အဖြစ် ရာထူးတိုးသွားပြီးနောက် ကျန်းရွိမှာ အဖွဲ့နှစ်တွင်သာ ရှိနေခဲ့သည်။ ထို့ကြောင့် ကျီဟွား၏လိုအပ်ချက်များအရ ဆေးရုံတွင် ရှိနေပေးရသော်လည်း အဖွဲ့တစ်မှ မဖြေရှင်းနိုင်သည့်ကိစ္စများ တွေ့ရသည့်အခါမှ သူ့အား အကြောင်းကြားလေ့ရှိသည်။ အဖွဲ့နှစ်မှလူများက တစ်ညလုံး မအိပ်ပဲနေစရာမလိုသဖြင့် ပို၍ အဆင်ပြေလေသည်။

သို့သော် ကျန်းရွိက ညပိုင်းတာဝန်ကျသည့်အခါတိုင်း ကံမကောင်းပေ။ သူ ညဆိုင်းဆင်းသည့်အခါတိုင်း အမြဲလိုလို ကိစ္စကြီးကြီးမားမားဖြင့်သာ ကြုံရလေ့ရှိသည်။ ထို့ကြောင့် အဖွဲ့နှစ်၏နားနေခန်းတွင် ကျန်းရွိတစ်ယောက် ညဆိုင်းဆင်းသည့်နတ်ဘုရားအား ဝတ်ပြုလေ့ရှိသည်။

ကျန်းရွိတို့ဌာနမှ ညဆိုင်းဆင်းသည့်နတ်ဘုရားမှာ ခုနစ်ရက်ပတ်လုံး ငြိမ်းချမ်းမှုအားပုံဆောင်သည့် ပန်းသီးခုနစ်လုံးအား ဆင့်၍စီထားခြင်းသာဖြစ်သည်။ ညပိုင်းတာဝန်အား ချောချောမွေ့မွေ့နှင့် ပြီးမြောက်စေရန် ရည်ရွယ်သည်ဟု ဆိုသည်။

"မင်း ဘယ်ချိန်တည်းက ဒီလို ပဒေသရာဇ်ခေတ်က အယူသီးတာတွေနဲ့လုပ်ဖူးလို့လဲ။ ငါမှတ်မိသလောက်‌ဆို မင်းက ဒီလိုမျိုးအယူအဆ‌တွေဆို ‌ အထင်သေးတယ်လေ။"

သူ့နောက်မှလိုက်လာသည့် ရှန့်ဖန်းယွိက ကျန်းရွိ၏ မျက်နှာတည်ဖြင့် ဝတ်ပြုနေသည်ကို ကြည့်ကာမေးသည်။ " ပြီးတော့ မင်းက ဘာသာတရားလည်း ကိုင်းရှိုင်းတဲ့ပုံမပေါ်ပါဘူး။"

"ငါ ကိုယ်ဝန်ရှိတဲ့ အချိန်ကစပြီး ဝတ်ပြုတာ။"

ရုတ်ခြည်းပင် ရှန်ဖန်းယွိ တုန်လှုပ်သွားရသည်။

ကုတင်ပေါ်မှာ ထိုင်လျက်လဲလျောင်းကာ ကျန်းရွိက ရေနွေးဖြူနည်းနည်းလောက် သောက်လိုက်သည်။ ထို့နောက် သူ့ တက်ဘလက်အားကိုင်ကာ မနက်ဖြန်အတန်းအတွက် PPT အားပြင်ဆင်လေသည်။ ရှန့်ဖန်းယွိရပ်နေသေးတာကို မြင်တော့ သူက လှမ်းမေးသည်။ "မင်း ဘာလို့ မသွားသေးတာလဲ။"

ရှန့်ဖန်းယွိ၏အကြည့်များက မည်သည့်အရောအနှောမှမပါသည့် သူ့ရေနွေးဖြူအား ကြည့်ကာမေးလာသည်။ " မင်း အဲ့ဒါ သောက်ရတာ အဆင်မပြေမဖြစ်ဘူးလား။"

"ဒါမေးဖို့အတွက် ခုထိနေနေတာဆိုရင်တော့.."
ကျန်းရွိက သူ့ခေါင်းအား ပြန်လှည့်ကာ ဒေါက်တာရှန့် မနှစ်သက်သည့် ရေနွေးဖြူအား အငုံနည်းနည်းမျှ ထပ်သောက်လိုက်သည်။ ရေစက်အနည်းငယ်က သူ့နှုတ်ခမ်းပေါ်တွင် တင်ကျန်နေလေသည်။ "ငါကတော့ အဆင်ပြေတယ် ထင်တာပဲ။"

"မင်း မအိပ်သေးဘူးလား။" ရှန့်ဖန်းယွိက မေးသည်။

ညဆိုင်းက အိပ်ချိန်အနည်းငယ်မျှ ပိုရစေသော်လည်း ကျန်းရွိက တက်ဘလက်ကိုသာ ပြန်ကြည့်ရင်း "ငါ မနက်ဖြန် A ဆေးတက္ကသိုလ်မှာ အတန်းရှိတယ်။ အတန်းအတွက် သင်ခန်းစာတွေ ပြင်ထားဖို့လိုတယ်။"

လက်ထောက်ဆရာဝန်အဖြစ် ရာထူးတိုးခံရပြီးနောက် A ဆေးတက္ကသိုလ်တွင် အချိန်ပိုင်းစာသင်ရပြီး သင်ခန်းစာများအား ပို့ချပေးရသည်။

"ဘယ်နှချိန်လဲ။"

"လေးချိန်။ ရှစ်နာရီကနေ ဆယ့်နှစ်နာရီအထိ။" ကျန်းရွိက ဖြေသည်။

သားဖွားမီးယပ်ဌာနတွင် သင်ကြားပေးရသည့် ဆရာဝန်များ၏ အတန်းချိန်များက ခွဲစိတ်မှုလုပ်ရသည်ထက် ပို၍ပင်ပန်းသည်ဟု ဆိုကြသည်။ ညဆိုင်းပြီးပြီးချင်း ခွဲစိတ်ခန်းဝင်ရသည်မှာ ရိုးအီနေသည့်အရာဖြစ်သော်လည်း ညဆိုင်းပြီးပြီးချင်း သင်တန်းသို့သွားရသည်မှာ သည်းမခံနိုင်စရာပင်။

ဆရာဝန်များအတွက် ဆေးရုံမှ ကျောင်းသို့သွားရန် အချိန်ပေးရသည့်အတွက် အတန်းချိန်များအား အမြဲလိုလို ဆက်တိုက်ပင်ဝင်ရလေ့ရှိသည်။

ခွဲစိတ်မှုများကြား ခေတ္တရပ်နားစဉ် အနားယူ၍ရသော်လည်း အတန်းချိန်အတွင်း ဆက်တိုက် မတ်တပ်ရပ်နေရမည်ဖြစ်သည်။ ထို့ပြင် နားချိန်များမှာလည်း ကျောင်းသားများ၏ မေးခွန်းများအား ဖြေရခြင်းနှင့် ကြီးကြပ်ရေးအဖွဲ့၏ ဝေဖန်ချက်များအား နားထောင်ရသည်။

လူတစ်ယောက်က နာရီများစွာ ပြောဆိုနေရပြီး လည်ချောင်းငုံဆေးပြားများ ငုံခြင်းကလည်း အသုံးမဝင်ပေ။ တစ်ခါက ဆရာဝန်တစ်ယောက်က ကျောင်းသားများအား နှလုံးသွေးကြောထုံးသည့်အကြောင်း( myocardial infarction) ရှင်းပြနေစဉ် သူကိုယ်တိုင်လည်း နှလုံးသွေးကြောထုံးသွားသည့်အတွက် အရေးပေါ်ကုသရန် ဆေးရုံပို့လိုက်ရသည်။

ရှန့်ဖန်းယွိက သူ့အနားခြေလှမ်းအနည်းငယ်မျှလှမ်းလာပြီး သူ့လက်ထဲမှ တက်ဘလက်အား ဆွဲယူလိုက်သည်။

ကျန်းရွိက အူကြောင်ကြောင်လေးပြန်ကြည့်နေစဉ် ရှန့်ဖန်းယွီက ပြောလာသည်။ "အိပ်လိုက်တော့။ မင်းတာဝန်တွေ ငါလုပ်ထားပေးမယ်။"

"ငါ့ ညဆိုင်းတွေက မကောင်းတတ်ဖူးနော်။"

ကျန်းရွိက ပြောသည်။ သူက လူနာတွေကို ဆွဲဆောင်ရာမှာ နာမည်ဆိုးဖြင့်ကျော်ကြားသည်လေ။

ရှန့်ဖန်းယွိက သူ့နောက်ကျောမှာ တက်ဘလက်ကို ဝှက်ထားရင်း သူ့အား ကလေးကဲ့သို့ ချော့မော့ပြောလေသည်။ "အိပ်တော့။ ငါက ကံကောင်းတယ်လေ။ မင်းစိတ်ပူနေရင်လည်း ဒီမှာပဲ အိပ်နေလိုက်။"

"မင်းကရော။"

တာဝန်ခန်းထဲတွင် အိပ်ရာတစ်ခုသာ ရှိသည်။

"ငါ တစ်ညလုံး မအိပ်ပဲနေလို့ရတယ်။"
ရှန့်ဖန်းယွိက စားပွဲပေါ်တွင် ထိုင်ကာ "ငါ ဂိမ်းမဆော့ရတာ ကြာလှပေါ့။"

ကျန်းရွိ၏ ဖုန်းနှင့် တက်ဘလက်နှစ်ခုလုံးက လျှို့ဝှက်နံပါတ် ခံထားခြင်းမရှိပေ။ နောက်ခံ background သည်ပင် ဖုန်းတွင် မူလတည်းကပါသည့် ပုံဖြစ်သည်။ ကြည့်ရသည်မှာ သပ်ရပ်နေသော်လည်း ပျင်းစရာလည်းကောင်းသည်။

သို့သော် မမျှော်လင့်စွာနှင့် ကျန်းရွိ၏တက်ဘလက်ထဲတွင် လွန်ခဲ့သည့်ဆယ်နှစ်ကျော်လောက်က ရေပန်းစားခဲ့သည့် ဂိမ်းအား ရှန့်ဖန်းယွိမြင်လိုက်ရသည်။

ထိုအချိန်က ဂိမ်းမှာ ကွန်ပျူတာဖြင့်သာ ဆော့၍ရသော်လည်း ယခုအချိန်တွင်တော့ မိုလ်ဘိုင်းဂိမ်းအဖြစ်လည်း ဆော့နိုင်ပြီဖြစ်သည်။

ကျန်းရွိက သူ့တက်ဘလက်ဖြင့် ဆော့နေသည်ကို မတားပေ။ သူက တစ်ဖက်သို့လိမ့်ကာ တစ်ရေးလောက်မှေးရန်ပြင်လိုက်စဉ် ရှန့်ဖန်းယွိက စကားလှမ်းပြောလေသည်။

"ကျန်းရွိ။ ငါ ကစားတာ တစ်မိနစ်လောက်ပဲရှိသေးတာကို သေတဲ့အထိ အချခံလိုက်ရတယ်။ ပြီးတော့ ငါက အခုထက်ထိ ခုမှစကစားတဲ့နေရာမှာပဲ ရှိနေသေးတာကို။"

တက်ဘလက်ထဲရှိ အကောင့်မှာ လုံးဝနီးပါး အသစ်လိုပင်။ ကျန်းရွိလည်း သိပ်မကစားဖြစ်သည့်ပုံပင်။

ရှန့်ဖန်းယွိက တက်ဘလက်မျက်နှာပြင်ထက်က သေဆုံးနေသည့် ဂိမ်းဇာတ်ကောင်ကိုကြည့်ပြီး စိတ်ဓာတ်ကျစွာဖြင့် "ချီး။ အကုန်မင်းအပြစ်ပဲ။ ခုတော့ အလုပ်လွဲပြီး ငါ့မှာ လုပ်စရာမရှိတော့ဘူး။"

"စားပွဲပေါ်မှာ *ကင်ဆာရောဂါ၏ဇီဝဗေဒ*ဆိုတဲ့ စာအုပ်ရှိတယ်။ အဲ့ဒါက မင်းရဲ့အလုပ်မှာလည်း မင်းက သိပ်တော်မနေဘူးဆိုတာ မင်းကို နားလည်စေလိမ့်မယ်။"

"...." ရှန့်ဖန်းယွိက အဘိဓာန်ထက်ပင် ထူထဲနေသည့် စာအုပ်က လှမ်းကြည့်ကာ မိနစ်အနည်းငယ် တွေးတောနေသည်။ ထို့နောက် လက်ထဲမှ တက်ဘလက်အားချကာ စာအုပ်ကို ဖွင့်ဖတ်လိုက်ပြီး ဗဟုသုတများဖြင့် နှစ်ခြင်းခံဖို့ ဆုံးဖြတ်လိုက်သည်။

ထိုစာအုပ်မှာ ကင်ဆာအကြိတ်အကြောင်း ရေးသားထားသည့် ဂန္တဝင်လက်ရာတစ်ခုဖြစ်ပြီး မူရင်းအင်္ဂလိပ်စာအုပ်မှာ ကင်ဆာနယ်ပယ်တွင် သိပ္ပံနည်းကျသုတေသနပြုလုပ်ရာ၌ မီးပြတိုက်တစ်ခုကဲ့သို့ပင်။ ဖတ်ရသည်မှာ ခက်ခဲလှပြီး ထူထဲသည့်စာရွက်များကြား ညှပ်ထားသည့်စာရွက်တိုလေးများစွာလည်းရှိနေသည်။ ယင်းစာရွက်လေးများအားလုံးသည် ကျန်းရွိရေးသားထားသည့် မှတ်စုများပင်။

ကျန်းရွိ၏ လက်ရေးမှာ ကျောင်းတက်စဉ်အချိန်က သန့်ရှင်းသပ်ရပ်နေသော်လည်း ယခုအချိန်မှာတော့ တဖြည်းဖြည်း စြတ်သထက်စုတ်လာလေသည်။ သို့သော် ဆရာဝန်တစ်ယောက်ဖြစ်သည့် ရှန့်ဖန်းယွိအတွက် ဖတ်ရာသည်မှာ အခက်အခဲမရှိပေ။ ကျန်းရွိရေးသားထားသည့် မှတ်စုလေးများ၏အကူအညီဖြင့် ရှန့်ဖန်းယွိမှာ ခဏချင်းပင် စိတ်ဝင်တစားဖြစ်သွားကာ အချိန်ကုန်သည်ပင် မသိလိုက်ချေ။

သူ၏ ကံကောင်းမှုကြောင့်ထင်၊ ညမှာ အထူးတလယ် တိတ်ဆိတ်ငြိမ်သက်နေလေသည်။ အချင်းပြတ်သွားသဖြင့် သွေးထွက်လွန်နေသည့် လူနာတစ်ယောက်ကြောင့် ညသန်းခေါင်ရောက်သည့်အချိန်မှ အဖွဲ့တစ်မှ ‌အကြောင်းကြားလာလေသည်။

ရှန့်ဖန်းယွိက ဖုန်းဖြေကာ အမြန်သွားရန်ပြင်လေသည်။ သူက ဖုန်းကို အမြန်ဆုံးလှမ်းဖြေလိုက်ပေမယ့် ဖုန်းမြည်သံတစ်ချက်ထွက်သွားသဖြင့် ကျန်းကွိက နိုးလာလေသည်။ ကျန်းရွိက မည်သည့်အခြေအနေရှိသနည်းဟု မေးခွန်းမေးချင်သော်လည်း ရှန့်ဖန်းယွိက ချက်ခြင်းပင် "စိတ်မပူနဲ့။ ဆက်အိပ်နေ။ အဆင်ပြေတယ်။"

သူ့စကားများက မှော်ဝင်နေသကဲ့သို့ပင်။ အမြဲလိုလို အအိတ်ဆတ်သည့်ကျန်းရွိမှာ အမှန်ပင် ပြန်လည်အိပ်ပျော်သွားခဲ့သည်။

ရှန့်ဖန်းယွိပြန်ရောက်လာသည့်အချိန်မှာတော့ ရောင်နီပင်သန်းစပြုနေပြီဖြစ်သည်။ အချင်းပြတ်သွားသည့်မိခင်မှာ စိတ်ချရသည့်အခြေအနေတွင်ရှိနေပြီး သူမ၏ နဂါးနှင့်ဖီးနစ်ကလေးလေးမှာလည်း အန္တရာယ်ကင်းလေသည်။
*နဂါးနှင့်ဖီးနစ် - အမွှာမွေးသည်ဟု ဆိုလိုသည်။

ကလေးမွေးဖွားရသည်မှာ ရတနာသေတ္တာဖွင့်သကဲ့သို့ပင်။ ထို့ပြင် သားဖွားမီးယပ်ဆရာဝန်များက နဂါးနှင့်ဖီးနစ်ကလေးများ မွေးဖွားပေးရခြင်းအား ပထမဆုကြီးရသကဲ့သို့ ဂုဏ်ယူလေ့ရှိသည်။

ရှန့်ဖန်းယွိမှာ စိတ်လှုပ်ရှားစွာနှင့် ကျန်းရွိအား ပြောပြချင်သော်ငြား သူအိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။ သူက ဖုန်းမက်ဆေ့ကနေတစ်ဆင့် ပြောချင်သော်လည်း မက်ဆေ့ရောက်သည့်အသံက သူ့အားနိုးလာစေမည်ကို စိုးရိမ်သည်။ သို့နှင့် ချီတုံချတုံဖြစ်ပြီးခဏ မှတ်စုရေးသည့် စာရွက်လေးကိုယူကာ ရေးရန်ပြင်သော်လည်း ဘောပင်ထိပ်ဖျားမှာ ရပ်တန့်သွားလေသည်။

ဘယ်အချိန်တည်းကစပြီး သူက ကျန်းရွိနဲ့ ဝေမျှချင်လာရတာလဲ။

အတန်ကြာ ငြိမ်သက်သွားပြီး ရှန့်ဖန်းယွိက ဘောပင်ကိုချကာ စာရွက်အား လုံးချေ၍ အမှိုက်ပုံးထဲ ပစ်ထည့်လိုက်သည်။

သူ့စိတ်က မငြိမ်မသက်ဖြစ်နေသည့်အတွက် စာအုပ်တွင်လည်း အာရုံမစိုက်နိုင်ပေ။ ကျန်းရွိ၏ခေါင်းအုံးဘေးနား တက်ဘလက်ကို ထားကာ ခုံတစ်ခုံဆွဲ၍ သူ့ဘေးတွင်ထိုင်လိုက်သည်။ ရုတ်တရက်ပင် အရင်က အရာတစ်ခုအား သတိရမိလိုက်သည်။

ကျန်းရွိ၏ တက်ဘလက်ထဲမှဂိမ်းအား ဟိုးယခင်က သူတို့နှစ်ယောက်စလုံး အင်မတန်ကျွမ်းကျင်စွာဆော့ခဲ့ကြသည်။

ကျန်းရွိနှင့်သူက A ဆေးတက္ကသိုလ်မှ စာသင်ခန်းထဲတွင် တွေ့ခဲ့ကြသည်မဟုတ်။ B မြို့ရှိ အင်တာနက်ကဖေးတစ်ခုတွင် တွေ့ခဲ့ကြခြင်းပင်။ ထိုနှစ်က တက္ကသိုလ်ဝင်ခွင့်စာမေးပွဲပြီးသည့် အချိန်၊ ကျောင်းဝတ်စုံကိုပင် မချွတ်ပဲ အင်တာနက်ကဖေးသို့ ညလုံးပေါက်ဂိမ်းဆော့ရန် သူသွားခဲ့သည်။

ကတ်ကိုယူပြီး သူ့နေရာဆီသွားသည့်အချိန် လူအုပ်ထဲမှ သူ့လိုပင် ကျောင်းဝတ်စုံမချွတ်ရသေးသည့် ကောင်လေးတစ်ယောက်အား တွေ့လိုက်ရသည်။ ချက်ချင်းပင် ထိုကောင်လေးက အမှတ်ခြောက်အလယ်တန်းကျောင်းမှဖြစ်ကြောင်း ရှန့်ဖန်းယွိသိလိုက်သည်။

ရှန့်ဖန်းယွိ၏ အမှတ်လေးအလယ်တန်းကျောင်းနှင့် အမှတ်ခြောက်အယ်တန်းကျောင်းတို့မှာ B မြို့တွင် နာမည်အကြီးဆုံးအထက်တန်းကျောင်းနှစ်ကျောင်းဖြစ်သည်။ ကျောင်းနှစ်လုံးက စွမ်းဆောင်ရည်မှာ သူမသာကိုယ်မသာပင်ဖြစ်ပြီး နှစ်တိုင်းလိုလိုပင် မြို့ထဲမှ နံပါတ်တစ်ကျောင်းဖြစ်စေရမည်ဟု စာတန်းများထောင်ကာ အချင်းချင်းခြိမ်းခြောက်ယှဉ်ပြိုင်လေ့ရှိသည်။ ထို့ကြောင့် နံပါတ်‌တစ်ကျောင်းမှာ မည်သည့်ကျောင်းမှန်း မည်သူမျှမသိကြပေ။

ကျောင်းနှစ်ကျောင်းမှာ အရာအားလုံးတွင် ယှဉ်‌ပြိုင်လေ့ရှိသည်။ တစ်နှစ်က အမှတ်ခြောက်ကျောင်းမှ ကျောင်းသားများ၏တောင်းဆိုချက်အား လက်ခံကာ ဝတ်စုံအသစ်ထုတ်လေသည်။ မူလက ကြီးမားပွချောင်ကာ ကိုယ်ခန္ဓာမပေါ်သော အားကစားဝတ်စုံများကို အနီရောင် ဘေ့စ်ဘောဝတ်စုံများဖြင့် အစားထိုးလိုက်ပြီး ကျောင်းသားများအား ကြည့်ကောင်းစေသည်။

ထိုအရာကို မြင်သည့် နံပါတ်လေးကျောင်းသည်လည်း တူညီသည့် ဝတ်စုံထုတ်လုပ်သူကို ဆက်သွယ်ကာ ပုံစံပင်မပြောင်းပဲ ကျောင်းတံဆိပ်ကိုသာပြောင်းကာ သူတို့၏ကျောင်းဝတ်စုံအား ဘေ့စ်ဘောဝတ်စုံဖြင့် အစားထိုးလိုက်သည်။ ရောထွေးကုန်မည်ကိုစိုးသဖြင့် ကျောင်းမှခေါင်းဆောင်များက ဝတ်စုံ၏အရောင်အား အပြာရောင်သို့ ပြောင်းလိုက်သည်။

အမှန်လျှင် အနီနှင့်အပြာသည် ကျောင်းဝတ်စုံအတွက် လူသိများသည့်အရောင်ဖြစ်သော်လည်း ကျောင်းနှစ်ကျောင်းမှ ကျောင်းသားများအား ပို၍မှတ်မိလွယ်ကူစေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့က အရောင်ပဲကွဲကာ တူညီသည့်ပုံစံကို ဝတ်ဆင်ထား၍ပင်။

ရှန့်ဖန်းယွိက အနီရောင်ကျောင်းဝတ်စုံနှင့် ကောင်လေးဘေးနားထိုင်လိုက်သော်လည်း တစ်ဖက်လူကဒုတိယအကြိမ် လှည့်မကြည့်လာပေ။ သူ့လက်ချောင်းများက ပျံသန်းနေသကဲ့သို့ပင်၊ သူ့လုပ်ဆောင်မှုများမှာ ချောမွေ့ကာ လှပနေသည်။

သူက ထိုအချိန်က နာမည်ကြီး အွန်လိုင်းဂိမ်းတစ်ခုအား ဆော့နေခြင်းပင်။ ဂိမ်းတစ်ပွဲပြီးသွားသည်နှင့် ရှန့်ဖန်းယွိက ဖိတ်ခေါ်လိုက်သည်။ "ငါနဲ့တူတူဆော့မလား။"

"ငါက မကျွမ်းတဲ့သူနဲ့မဆော့ဘူး။" တစ်ဖက်လူက စကားငါးလုံးသာ ပြန်ပြောလာသည်။

"တိုက်ဆိုင်လိုက်တာ။" ရှန့်ဖန်းယွိက တစ်ဖက်လူကိုခုံပေါ် သူ့လက်မောင်းအားတင်ကာ "ငါရောပဲ။"

နှစ်ဦးသား အတူတူဆော့ရန် အခွင့်ယူကာ ထူးဆန်းစွာပင် တစ်ယောက်နှင့်တစ်ယောက် ကြာမြင့်စွာ သိကျွမ်‌းနေသကဲ့သို့ပင် အတူတကွ‌လက်တွဲပြီး စိတ်ဝင်တစား ကြာမြင့်စွာ ဂိမ်းဆော့ခဲ့ကြသည်။

တရေးအိပ်ပြီး နောက်တစ်နေ့နိုးလာသည့်အခါ ဆိုင်ရှင်က သတင်းစာတစ်ထပ်ကို ကိုင်ကာ သူတို့နားလျှောက်လာပြီး နားလည်စွာဖြင့်မေးလာသည်။ "သတင်းစာယူဦးမလား။"

ထိုအချိန်များက သတင်းစာတွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ၏အဖြေများကို စာမေးပွဲ‌ပြီးသည့်နောက်တစ်ရက်တွင် ရေးသားထုတ်ဝေလေ့ရှိသည်။ ကျောင်းသားနှစ်ယောက်က အချင်းချင်းကြည့်ကာ အင်တာနက်ကဖေးတွင် တစ်ခုပြီးတစ်ခု အဖြေတိုက်ခဲ့ကြသည်။

"စာမေးပွဲက ဘယ်လိုလဲ။" ရှန့်ဖန်းယွိက ခဲတံကိုချကာ သူ့ရဲ့အသစ်စက်စက်သူငယ်ချင်းလေးအား ပြုံးကာမေးသည်။

သူ့သူငယ်ချင်းက လုံးဝကို တော်ရုံမဟုတ်ပေ။ "ငါ့ကို သတင်းစာထဲတွေ့လိမ့်မယ်။"

ထိုအချိန်က စမတ်ဖုန်းများ ခေတ်မစားသေးပေ။ B မြို့မှ မြို့သူမြို့သားများက သတင်းများအတွက် B မြို့နေ့စဉ်ထုတ်သတင်းစာကိုသာ အားထားရသည်။ နှစ်စဉ်နှစ်တိုင်း သတင်းစာ၏ထိပ်ဆုံးတွင် စာမျက်နှာ၏လေးပုံတစ်ပုံခန့်ကို သိပ္ပံနှင့်အနုပညာမှ ထိပ်ဆုံးဂုဏ်ထူး‌ဆောင်ကျောင်းသားများအား ဖော်ပြရန်သုံးလေ့ရှိသည်။

ရှန့်ဖန်းယွိက မျက်ခုံးပင့်ကာ "မင်းနာမည်က။"

"ကျန်းရွိ။"

ဤသည်မှာ ကျန်းရွိ၏နာမည်ကို ကြားဖူးသည့် ပထမဆုံးအကြိမ်ပင်။ သို့သော် သူတို့က နံပါတ်လေးနှင့်နံပါတ်ခြောက်ကျောင်းတို့၏ မရေမတွက်နိုင်သည့် စာမေးပွဲများတွင် ကျောင်းခေါင်းဆောင်များ၏ ဂုဏ်ယူစရာဖြစ်နေမှန်း မသိခဲ့ကြပေ။ ထိုပြင် ထို နှစ်ဖက်လုံးမှ ကျောင်းခေါင်းဆောင်များက သိပ္ပံဘာသာ၏ထိပ်ဆုံးကျောင်းသား မည်သူဖြစ်မည်နည်းဟု မရေမတွက်နိုင်လောက်အောင် လောင်းခဲ့ကြသေးသည်။

"ရှန့်ဖန်းယွိ။" သူက သူ့သူငယ်ချင်းမေးလာမည်ကို မစောင့်တော့ပဲ သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။ "သတင်းစာထဲမှာ တွေ့ကြတာပေါ့။" မတ်တပ်ထရပ်ကာ ခုံအနောက်တွင်တင်ထားသည့် ကျောင်းဝတ်စုံအပေါ်ထပ်ကို သူ့ရဲ့လက်မောင်းသေးသေးလေးပေါ် ပစ်တင်ကာ စိတ်ကြီးဝင်နေသည့် ရန်စသည့်အပြုံးဖြင့် "ဒါပေမယ့် ငါကတော့ မင်းကိုမြင်ရမှာမဟုတ်ဘူး။ မင်းကပဲ ငါ့ကိုတွေ့ရမှာ။"

ထိုအချိန်က တစ်လအကြာ B မြို့နေ့စဉ်ထုတ် သတင်းစာမှာ တစ်ချိန်တည်း သူတို့နှစ်ယောက်ရဲ့ပုံကို မြင်ရလိမ့်မယ်လို့ မည်သူကမှမထင်ထားခဲ့ကြပေ။ ဘယ်ဘက်မှာတစ်ယောက်၊ညာဘက်မှာတစ်ယောက်။ မင်္ဂလာဆောင်ဖိတ်စာပုံမျိုးလိုပင်။

" B မြို့၏ သိပ္ပံဘာသာရပ်မှ ထိပ်ဆုံးကျောင်းသားနှစ်ဦး" ဟု ခေါင်းကြီးပိုင်းမှာ ရလဒ်ကို တဲ့တိုးပင်ရေးထားသည်။ သတင်းစာက လုံးဝကို မျက်စိဖမ်းစားနိုင်လောက်တဲ့ဖောင့်ကိုသုံးပြီး ခေါင်းစဉ်ငယ်တစ်ခုကိုပါ ထွင်လုံးဖောက်ထားသေးသည်။

"နောက်ဆုံးတိုက်ပွဲမှာ ‌ခြောက်ယောက်ထဲက လေးယောက်ပြုတ်သွားပြီ။ ကျန်ခဲ့တဲ့နှစ်ယောက်၊ ဘယ်သူကနောက်ဆုံးမှာ အနိုင်ရမလဲ။"

ထိပ်ဆုံးသိပ္ပံကျောင်းသားနှစ်ယောက် သတင်းစားထဲတစ်ပြိုင်နက်ပါလာသည့်အဖြစ်က ဘီမြို့၏ပြောစမှတ်တွင်စရာ ဖြစ်ခဲ့သည်။ လူအများစုကတော့ အလွန်အကြူးပုံဖော်ထားတဲ့ ‌သတင်းခေါင်းစဉ်ကို အာရုံမထားခဲ့ကြပေမယ့် ထိုအရာကပင် ရှန့်ဖန်းယွိနှင့် ကျန်းရွိတို့ကြား ဆယ်စုနှစ်ကြာ ပြိုင်ဖက်များဖြစ်လာရသည့် နမိတ်ဟောကြားချက်တစ်ခု ဖြစ်လာခဲ့သည်။

သူတို့နှစ်ဦးစလုံး အင်မတန်ကျွမ်းကျင်သည့် ဂိမ်းမှာ ရပ်နားသွားခဲ့ပြီး မိုဘိုင်းလ်ဂိမ်းအဖြစ်ကို ပြန်လည်ထုတ်လွှင့်ခဲ့သော်လည်း ဂိမ်းမကစားသည်မှာကြာလှပြီဖြစ်သည့် ကျန်းရွိနှင့် ရှန့်ဖန်းယွိတို့က ထိုဂိမ်းအားပြန်မဆော့ခဲ့ပေ။ အသက် တစ်ဆယ့်ခုနစ်၊ သို့မဟုတ် တစ်ဆယ့်ရှစ်‌နှစ်လောက်က ကွန်ပျူတာရှေ့ထိုင်ပြီး အသည်းအသန်တိုက်ပွဲဝင်ခဲ့ကြသည်က အလုပ်မှလွဲပြီး အခြားဝါသနာမရှိ‌တော့သည့် ပျင်းစရာကောင်းသည့် ဆရာဝန်နှစ်ယောက်အတွက်တော့ အတိတ်မှာကျန်ခဲ့သည့် အရာများသာ။

ဆေးပညာရပ်သည် အရည်အချင်းရှိရန်လိုအပ်သည်။သို့သော် အရည်အချင်းထက် ထပ်ခါတလဲလဲလေ့ကျင့်မှုအား ပို၍လိုအပ်သည်။

ထို့ပြင် ထိုအရာက နာရီပေါင်းများစွာလည်း ကြာမြင့်လေသည်။

"အကယ်၍ ငါတို့သာ တက္ကသိုလ်တုန်းက သူငယ်ချင်းတွေဖြစ်ခဲ့မယ်ဆိုရင် အရင်နှစ်တွေတုန်းက ငါတို့ လွယ်ကူတဲ့နှစ်တွေ ရခဲ့မှာပဲ။"

ရှန့်ဖန်းယွိရဲ့ အမူအရာက အတိတ်မှ တစ်စုံတစ်ရာကို သတိရသွားသလိုမျိုး အနည်းငယ် ရှုပ်ထွေးနေပုံပင်။

သူက "မင်း နောင်တရနေတာလား။" ဟု မေးလိုက်သည်။

ကျန်းရွိက ပြန်မဖြေပေ။

ရှန့်ဖန်းယွိက ပြုံးကာ ခေါင်းရမ်းလိုက်သည်။ သူထိုင်နေရာမှ ထရန်ပြင်စဉ် ကျန်းရွိထံမှ မသဲမကွဲညည်းညူသံအားကြားလိုက်ရသဖြင့် ရှန့်ဖန်းယွိ၏အမူအရာ ပြောင်းလဲသွားလေသည်။ ကျန်းရွိက မျက်မှောင်ကြုတ်ထားပြီး နဖူးပေါ်တွင်လည်း ချွေးစေးများထွက်နေသည်ကို မြင်လိုက်ရသည်။ သူ့ခြေထောက်တစ်ဖက်က ကွေးကွေးလေးဖြစ်နေပြီး သူ့လက်တွေက ထို
ခြေထောက်ကို မသိစိတ်မှ တင်းတင်းကျပ်ကျပ်ကိုင်ထားသည်မှာ အင်မတန်နာကျင်နေပုံပင်။

ရှန့်ဖန်းယွိက ချက်ချင်းပင် ခြေသလုံးကြွက်တက်နေတာဖြစ်မှန်း သဘောပေါက်သွားသည်။ ကိုယ်ဝန်လရင့်လာသဖြင့် ကျန်းရွိ၏ ကိုယ်ဝန်ဆောင်လက္ခဏာများက အနည်းငယ်ကောင်းမွန်လာ‌သော်လည်း သန္ဓသေားကြီးထွားသည့်ကာလမှာမြန်ဆန်သဖြင့် ကျန်းရွိ၏ခန္ဓာကိုယ်က ကယ်လ်ဆီယမ်လယ်ဗယ်အား မထိန်းညှိနိုင်တော့သဖြင့် မကြာခဏ ညဘက်ကြွက်တက်လေ့ရှိသည်။

သူက ကျန်းရွိ၏ခြေထောက်ပေါ် လက်တင်ကာ ဖြည်းဖြည်းနှင့် အားထည့်ကာ ‌နှိပ်ပေးလိုက်သည်။ ကျန်းရွိ၏စမ်းတဝါးဝါးနှိပ်ချက်နှငှ့ဉ်ပါက သူ့နှိပ်ချက်များမှာ ပို၍တိကျသဖြင့် မကြာမီပင် ကျန်းရွိ၏ မျက်ခုံးများ ပြေလျော့သွားတော့သည်။ ကြွက်တက်နေသည်မှ သက်သာသွားပုံပင်။

"ခဏခဏ နာနေတာပဲလား။" သူက မေးလိုက်သည်။

ကျန်းရွိ၏သိစိတ်က ဇဝေဇဝါဖြစ်နေပြီး မသိလိုက်ဘာသာဖြင့် "အင်း"ဟုသာ သူ့စကားများကို ပြန်ဖြေလာသည်။

ကျန်းရွိ၏ခံနိုင်ရည်မှာ အလွန်ပင်မြင့်လေသည်။ ကိုယ်ဝန်အစောပိုင်းလက္ခဏာများ အင်မတန်ပြင်းထန်စွာ ခံစားနေရ‌သည့်အချိန်တွင်ပင် သူ့မျက်နှာတွင် ပျော့ညံ့သည့်ပုံတစ်ချက်မျှမပြခဲ့ပေ။ သူက ကိုယ်ဝန်ဆောင်နေရသည်ဆိုသည်ကိုပင် ရှန့်ဖန်းယွိမကြာခဏ ‌မေ့သွားခဲ့ရသည်။

ကလေးမှ သူ့အား နာကျင်စေသည့် ယခုလို ညမျိုးမှ မတော်တဆအနေနှင့် သူ၏မျက်နှာတွင် နာကျင်မှုအား ပြသမိသွားသည်။

"အိပ်တော့။" ရှန့်ဖန်းယွိက ပြောသည်။ "ငါမင်းကို စောင်ကြည့်နေပေးမယ်။ ပြီးတော့ မင်းထပ်နာလာရင် ငါနှိပ်ပေးမယ်လေ။"

ကျန်းရွိက သူ့စကားကို ကြားသလိုလိုမကြားသလိုလိုပင်။ သူက ခဏမျှတွေးတောလိုက်သော်လည်း မကြာခင်ပဲ လက်လျှော့ကာ အိပ်မောကျသွားတော့သည်။

ရှန့်ဖန်းယွိက သူ့ကို ရှုပ်ထွေးနေသည့်အမူအရာဖြင့် ကြည့်လာသည်။