အပိုင်း ၂၂
Viewers 11k

Chapter 22
- ဖခင်


နေရာမှာထိုင်နေဆဲဖြစ်သည့် ရှန့်ဖန်းယွိကို ထန်ခေါ့က လှမ်းကြည့်လိုက်သည်။ ပြန်လှည့်ကြည့်တော့ ကျန်းရွှိက ခပ်လှမ်းလှမ်းသို့ပင် ရောက်နေပြီဖြစ်သည်။ သူက အလျင်အမြန်ပဲ ကျန်းရွှိနောက်ကလိုက်သွားရင်း ရှန့်ဖန်းယွိကိုလည်း လှမ်းအော်ခေါ်လိုက်သည်။ "မြန်မြန်လာခဲ့၊သုံးလွှာကို။"

ရှန့်ဖန်းယွိက "အိုကေ"ဟု လက်ပြလိုက်ပြီး ထရပ်ကာ သူ့ပခုံးကို ပွတ်သပ်လိုက်သည်။ သူက ‌ခေတ္တခဏ နေရာမှာတင်ရပ်နေပြီး တစ်ခုခုကိုစဉ်းစားနေလေသည်။ ထို့နောက် ကားထဲပြန်ဝင်ကာ အဝတ်အစားလဲလိုက်ပြီး စိတ်ကျေနပ်သွားသည်အထိ ရေမွှေးဖြန်းလိုက်သည်။ ပြီးမှ ဆေးစစ်သည့် အဆောက်အဦးထဲသို့ ဝင်သွားသည်။

စစ်ဆေးသည့်အခန်းထဲတွင် ကျန်းရွိက သူ့ရဲ့ရှပ်အင်္ကျီကိုမလိုက်သည်။ သူ့ရဲ့ ဝမ်းဗိုက်ကြွက်သားများက ပျောက်ကွယ်စပြုနေပြီဖြစ်သည်။ သို့သော်ငြား သူ့ရဲ့ဝမ်းဗိုက်က ကိုယ်ဝန်ဆောင်ဗိုက်မှန်း မသိသာသေးချေ။ သုံးလသားကလေးက သစ်တော်သီးတစ်လုံး၏အရွယ်အစားထက်ပင် သေးငယ်လေသည်။ ထို့အပြင် ကျန်းရွိက အစားနည်းသူဖြစ်သောကြောင့် သူ့ဝမ်းဗိုက်ဟာ ချပ်ချပ်လေးဖြစ်နေပြီး ခါးလေးမှာလည်း ကျဉ်းကျဉ်းလေးဖြစ်သည်။ ထို့ကြောင့် သူအင်္ကျီချွတ်ထားသည့်အချိန်နှင့် အသေအချာ ဂရုတစိုက်ကြည့်ပါမှ အနည်းငယ်ကွဲပြားနေသည်ကို တွေ့ရမည်ဖြစ်သည်။

ရှန့်ဖန်းယွိ ဝင်ဝင်လာခြင်း ယခုမြင်ကွင်းကို မြင်လိုက်ရသည်။ ကျန်းရွိ၏ဝမ်းဗိုက်အား သူမူးမနေပဲမြင်ရသည့် ပထမဆုံးအကြိမ်ပင်။ ထို့ထက်ပို၍မည်သည့်အရာကိုမျှမမြင်ရသော်လည်း သူအနည်းငယ်ရင်ခုန်သွားရသည်။

ကျန်းရွိက သူ့ကို ကြည့်မနေပေ။ သူ့အကြည့်က အာထရာဆောင်းစက်၏ မျက်နှာပြင်တွင်သာ၊ ထန်ခေါ့၏ လှုပ်ရှားမှုနှင့်အတူ ပြောင်းလဲသွားသော ပုံရိပ်ကို လိုက်ကြည့်နေသည်။

ချောမွေ့သော ‌ချင်းနင်းကိရိယာ (probe - ကိုယ်တွင်းစမ်းသပ်ကိရိယာ) က သူ့ရဲ့အရေပြားပေါ်တွင် ဖိအားအနည်းငယ်ဖြင့် ဖြည်းညှင်းစွာ ရွေ့လျားနေသည်။ ကျန်းရွိက အာထရာဆောင်းစက်၏မျက်နှာပြင်ဆီမှ မျက်နှာကြက်ပေါ်သို့ တိတ်ဆိတ်စွာ အကြည့်လွဲလိုက်လေသည်။

သန္ဓသေားသည် ကောင်းမွန်စွာ ကြီးထွားနေသည်။ သူက အရွယ်အစားအားဖြင့် အနည်းငယ် သေးငယ်နေသော်လည်း ခန္ဓာအစိတ်အပိုင်းများအားလုံး သိသိသာသာပင် ဖွံ့ဖြိုးလာပြီဖြစ်သည်။ သုံးလသားကလေး၏ ပြင်ပလိင်အင်္ဂါသည် စတင်ကွဲပြားလာပြီဖြစ်သည်။ မှုန်ဝါးဝါးအဖြူအမည်းပုံလေးကနေ ၎င်းက သမီးမိန်းကလေးဆိုတာ ကျန်းရွိပြော‌နိုင်လေသည်။

ထန်ခေါ့လည်းပဲ သေချာမြင်‌နိုင်လေသည်။ သို့သော် သူတို့နှစ်ယောက်လုံး အပြန်အလှန်နားလည်မှုဖြင့် နှုတ်ဆိတ်လျက်ရှိသည်။

သန္ဓသေားနှင့် သမီးလေး ဆိုသည်မှာ အတူတူပင်ဖြစ်သော်လည်း အဓိပ္ပာယ်မှာ ကမ္ဘာများကြား အကွာအဝေးကဲ့ပင် ကွဲပြားလေသည်။

ကိုယ်ဝန်ဖျက်ချခြင်းအား စောစီးစွာပြုလုပ်ရခြင်းအကြောင်းမှာ ပို၍နှောင့်နှေးလေ၊ ခန္ဓာကိုယ်အားပို၍ပျက်စီးစေလေ ဖြစ်သောကြောင့်ပင်။ ထို့ပြင် မိခင်နှင့်ကလေးကြား သံယောဇဉ်အတိမ်အနက်နှင့် ရှောင်လွှဲလို့မရသည့် အကြောင်းအရင်းများကြောင့်လည်း ပါသေးသည်။

သို့သော် အချို့လူများကတော့ လောကကြီးကို မမြင်ဖူးသကဲ့သို့ အရေထူစွာပင် အော်ပြောလိုက်သေးသည်။ "ဟေး၊ ဒါက မိန်းကလေးပဲ။"

ကျန်းရွိနှင့် ထန်ခေါ့ : "...."

ရှန့်ဖန်းယွိအနေနှင့် သူ၏ကလေးအား အာထရာဆောင်းစက်မှတဆင့်မြင်ရသည်မှာ ယခုက ပထမဆုံးအကြိမ်ဖြစ်သည်။ ထို့ကြောင့် သူက သတိတစ်ဝက်၊အံ့အားသင့်မှုတစ်ဝက်နှင့် မေးမိသည်။ "ငါက တကယ်ပဲ သူလေးရဲ့အဖေလား။"

ကျန်းရွိ: "မဟုတ်ပါစေနဲ့လို့ ငါတကယ်မျှော်လင့်ပါတယ်။"

"..." အသိအမှတ်ပြုမခံရသည့်ဖခင်ဖြစ်သူက ကျန်းရွိဝေဖန်ချက်ကို ဂရုမစိုက်ပေ။ ရှန့်ဖန်းယွိက အာထရာဆောင်းစက်မှ ပုံရိပ်လေးအား စူးစိုက်ကြည့်နေသည်မှာ သူပထမဆုံး ဓာတ်မှန်ရိုက်ဖူးသည့်အချိန်ကဲ့သို့ပင်။ သူ တစ်နေ့ကုန် ကြည့်နေနိုင်ဖို့် မျှော်လင့်မိသည်။

"တော်လိုက်တော့။" ဖန်းရွိက တိုက်ရိုက်ပင် နှောင့်ယှက်လိုက်သည်။ သူက ထန်ခေါ့အား ချင်းနင်းကိရိယာကိုအဝေးမှာ ထားလိုက်ဖို့ အရိပ်ပြလိုက်တော့ အာထရာဆောင်းမျက်နှာပြင်ပေါ်မှ ပုံရိပ်လေးက ပျောက်ကွယ်သွားတော့သည်။ ကျန်းရွိက အာထရာဆောင်းရိုက်ဖို့ သူ့ဗိုက်မှာ သုတ်လိမ်းထားတဲ့ဆေးရည်ကြည်များကို သုတ်ကာ သူ့ရှပ်အင်္ကျီစကို ဆွဲချလိုက်သည်။

"ကလေးက သုံးလတောင်ရှိနေပြီဆိုတော့ ဒေါင်းဆင်ဒရုန်းအတွက် စစ်ဆေးပေးလို့ရပ။" ထန်ခေါ့က ပြောသည်။ "မင်း စစ်ဆေးချင်လား။"

ဒေါင်းဆင်ဒရုန်းကို စစ်ဆေးခြင်းဆိုသည်မှာသန္ဓသေားများတွင် အဖြစ်များသည့် ခရိုမိုဆုန်းဖောက်ပြန်ခြင်းအား စစ်ဆေးဖယ်ရှားရန်ဖြစ်သည်။

တစ်ဖက်တွင် ကိုယ်ဝန်ဆောင်စမ်းသပ်မှုမှာ ကလေးငယ်၏ ရုပ်ပိုင်းဆိုင်ရာအခြေအနေကိုစစ်ဆေးရန်ဖြစ်ပြီး တစ်ဖက်တွင်လည်း ကိုယ်ဝန်ဖျက်ချခြင်း လုပ်ငန်းစဉ်အတွင်း အမှားအယွင်းမရှိစေရန် ကျန်းရွိ၏ ရုပ်ပိုင်းဆိုင်ရာအခြေအနေကို စစ်ဆေးရန်ဖြစ်သည်။ သို့သော်လည်း ဖျက်ချခံရရန် ကြမ္မာပါသည့်ကလေးအတွက်မူ ဒေါင်းဆင်ဒရုန်းစစ်ဆေးပေးခြင်းက မလိုအပ်ပေ။

"ငါစဉ်းစားပြီးနောက်မှ အကြောင်းပြန်မယ်။"

ထန်ခေါ့ ခေါင်းညိတ်ပြလိုက်စဉ် ကျန်းရွိက ‌နာရီကို လှမ်းကြည့်ကာ " ဒါ‌ဆို ငါသွားပြီ။"

"ဘာလို့ (ဒေါင်းဆင်ဒရုန်း) စစ်ဆေးတာ မလုပ်ခဲ့တာလဲ။" ကားဆီသို့ ပြန်သွားစဉ် ရှန့်ဖန်းယွိ မထိန်းနိုင်ပဲ မေးမိသည်။

"ကလေးက မွေးလာမှာမှ မဟုတ်တာ။" ကျန်းရွိက ကားပြတင်းပေါက်မှ အပြင်သို့ ငေးကြည့်နေသည်။ လမ်းတစ်လျှောက် သစ်ကြံပိုးပင်များအား အစီအရီစိုက်ထားသဖြင့် ချိုမြိန်သည့်ရနံ့သင်းသင်းလေးအား ရနေသည်။

ရှန့်ဖန်းယွိ အေးခဲသွားလေသည်။ ကျန်းရွိက သူ့ကို မဆက်သွယ်သည်မှာ ကြာမြင့်လှပြီဖြစ်ပြီး သိပ္ပံမဂ္ဂဇင်းဆီမှလည်း မည်သည့်သတင်းမျှမရချေ။ ကလေးက သုံးလအရွယ်ရောက်နေပြီကို ထောက်၍ ဒေါက်တာခန်းဆီမှစာကိုရသည့်တိုင် ကျန်းရွိကဖျက်ချမည့်အကြံကို ဘေးဖယ်ထားလိုက်ပြီဟု သူထင်နေခဲ့တာဖြစ်သည်။ "မင်း အဲ့ဒီ M နိုင်ငံထိသွားပြီးတော့ ခွဲစိတ်ခံမှာတော့ မဟုတ်ပါဘူးနော်။"

ကျန်းရွိက ပြန်မဖြေပေ။

"ကျန်းရွိ။" ရှန့်ဖန်းယွိ ခေါင်းကိုက်လာလေသည်။ " ‌အမေရိကန်ဒေါ်လာနှစ်သိန်း..... အဲ့ဒါက လစာရဲ့ ဘယ်နှနှစ်စာတောင်လဲ။ မင်း ပိုက်ဆံမလိုချင်ဘူးဆိုရင်တောင် လိုအပ်နေတဲ့သူတွေကို ပေးလို့ရတယ်။ ဒါပေမယ့် သမုဒ္ဒရာကိုတောင်ဖြတ်ပြီး ပိုက်ဆံမှပိုက်ဆံဖြစ်နေတဲ့ အရင်းရှင်တွေကို အလှူသွားပေးစရာ မလိုဘူးလေ။"

"ဒါဆို ငါက ဘာလုပ်ရမယ်လို့ ထင်နေတာလဲ။"
ကျန်းရွိ ဒေါသထွက်လာသည်။ဒေါက်တာခန်း၏အဖွဲ့က ဆောင်းပါးအားမထုတ်ဝေခင်အချိန်အထိ သူတို့အနေနဲ့ သူနှင့်အဆက်အသွယ်မလုပ်နိုင်ဟု အခိုင်အမာဆိုနေသည်။ ထန်ခေါ့သည်လည်း သူ့ သူငယ်ချင်းဖြစ်သူထံမှတဆင့် ဆက်သွယ်ထားသော်လည်း အကြောင်းပြန်မလာသေးပေ။

M နိုင်ငံမှာသာ အလားတူဖြစ်ရပ်မျိုးမရှိခဲ့လျှင် ကျန်းရွိသည် သေဖို့အတွက်ကုတင်ပေါ်တွင်စောင့်မျှော်နေရမည်သာဖြစ်သည်။ မတုန်မလှုပ်ပဲ မြစ်ကိုကူးကာ မြင်းသေကို ကုသပေးသည့် တိရိစ်ဆာန်ဆရာဝန်ကဲ့သို့ ခြေတစ်လှမ်းခြင်းစီသာ လှမ်းနိုင်မည်ဖြစ်သည်။

*ဒီတစ်ပိုဒ်လုံးက မျှော်လင့်ချက် အလင်းရောင်ကို ဆုပ်ကိုင်ထားပြီး မျှော်လင့်ချက်မရှိသည့်တိုင် အခြေအနေကောင်းမွန်လာအောင် သူ့အတတ်နိုင်ဆုံး ကြိုးစားမည့် အဓိပ္ပာယ်ပင်။ *

သို့သော် အလားတူဖြစ်ရပ်တစ်ခုက မှီငြမ်းရန်ရှိနေသည့်အတွက် သူတို့ထံတွင် ကျိန်းသေပေါက် ဤခွဲ‌စိတ်မှုအားပြုလုပ်ရန် ကြိုတင်ပြင်ဆင်မှုမှာ အပြည့်စုံဆုံးဖြစ်ပြီး အောင်မြင်နိုင်ချေလည်း များသည်။

ဤအတွက်ကြောင့်ပင် ကျန်းရွိက စစ်ဆေးမှုအား ရွေ့ရွေ့နေတာဖြစ်သည်။

သို့သော် ကလေးက ကြီးသထက်ကြီးလာပြီး နှောင့်နှေးနေလျှင်ပေးရမည့်အကျိုးဆက်က ကြီးမားလှသည်။

မှီငြမ်းစရာ အချက်အလက်များမရနိုင်ပါက ကျန်းရှုအတွက် အလုံခြုံဆုံးအရာမှာ နိုင်ငံရပ်ခြားထွက်ကာ ဒေါက်တာခန်းအား ခွဲစိတ်မှုအတွက် ပြသခြင်းပင်။

သို့သော် နိုင်ငံခြားထွက်သည်မှာလည်း ဖြေရှင်းနည်းတစ်ခုမဟုတ်ပေ။

ထန်ခေါ့ ခန့်မှန်းထားသည့် သုံးလအတွင်း အောင်အောင်မြင်မြင်ဖြင့် လျှောက်လွှာရနိုင်မည့်ခန့်မှန်းချက်မှာ မဖြစ်နိုင်ပေ။ သူ၏ အခြေအနေက ထိလွယ်ရှလွယ်ဖြစ်ပြီး နိုင်ငံရပ်ခြားတွင် ကလေးမွေးဖွားမည့် ကိစ္စပါ ပါနေသေးသည်။ M နိုင်ငံ၏ တင်းကြပ်သော ကန့်သတ်ချက်များဆိုလျှင် ဆိုဖွယ်ရာမရှိ။ ကျန်းရွိအနေနှင့် သံရုံးသို့ သုံးကြိမ်တိုင်တိုင် လျှောက်ထားခဲ့ပြီးပြီဖြစ်သည်။ သို့သော် အကြိမ်တိုင်း ဗီဇာမရခဲ့ပေ။ နောက်တစ်ကြိမ်ထပ်လျှောက်ရန်အနည်းဆုံး တစ်လလောက် စောင့်ဆိုင်းရဦးမည်။

ကျန်းရွိထံတွင် ပိုက်ဆံလုံလုံလောက်လောက် ရှိနေလျင်ပင် လတ်တလော သူလုပ်နိုင်သည့်အရာ မရှိပေ။

သူက ကွေ့ဟွားပန်းရနံ့ကို ရှုရှိုက်ရင်း စိတ်အတွင်းမှ ယုတ္တိမရှိသော အတွေးတို့အားငြိမ်သက်စေရန် စိတ်ရှုပ်ထွေးစွာဖြင့် ကားပြတင်းမှန်ကို အောက်သို့ချလိုက်သည်။ သို့သော် သူရလိုက်သည်က ကားအိတ်ဇောမှ ညော်နံ့များပင်။

သူက စိတ်ဓာတ်ကျစွာနဲ့ပဲ ကားထဲအကြည့်ပြန်လွှဲလိုက်ရသည်။ ရှန့်ဖန်းယွိ၏ကားထဲရှိ လာဘ်ခေါ်ကြောင်လေးအား မြင်လိုက်ရသည်။ ကျိုးကြောင်းမသင့်သည့် လာဘ်ခေါ်ကြောင်က သူ့ရဲ့အကျဉ်းအကျပ်တွေကို နားမလည်စွာနဲ့ ပြုံးပြုံးကြီး လက်ယမ်းပြနေလေသည်။

ကားထဲမှ တိတ်ဆိတ်မှုက ခေတ္တမျှကြီးစိုးသွားလေသည်။ ရှန့်ဖန်းယွိထံတွင် သူ့မေးခွန်းအတွက် အဖြေမရှိသည်မှာ ထင်ရှားသည်။ ကလေးက သူ၏ဝမ်းဗိုက်ထဲတွင်ပင်၊ ထို့ပြင် ရှန့်ဖန်းယွိက ဘေးကနေရပ်ကာ လျှောက်ပြောနေသည်။ သူတို့က အစစ်အမှန်ချစ်သူတွေဖြစ်ခဲ့လျှင်တော့ ကောင်းမည်ဆိုသော်ငြား သူနှင့်ရှန့်ဖန်းယွိက မရင်းနှီး‌ကြ။ ထိုထက်ဆိုးသည်က ရှန့်ဖန်းယွိက သူ၏ ရန်သူလည်းဖြစ်သလို ပြိုင်ဖက်လည်းဖြစ်သည်မှာ ကြာလှပေပြီ။ သူ့ပြဿနာကမည်မျှပင် ခက်ခဲနေပါစေ၊ ရှန့်ဖန်းယွိက သူ့အစား စိတ်ပူပေးမည်မဟုတ်ပေ။

သို့သော် ကျန်းရွိစကားလမ်းကြောင်းပြောင်းရန် ပြင်လိုက်စဉ် ရှန့်ဖန်းယွိက စကားစလာသည်။

"မင်း.... ‌ကလေးမွေးဖို့ စဉ်းစားကြည့်မလား။"

လုံးဝကို မမျှော်လင့်ထားသည့်အရာပင်၊ ကျန်းရွိက မယုံနိုင်စွာနှင့် သူ့ခေါင်းအား စောင်းကြည့်လာသည်။ သို့သော် ထိတ်လန့်စရာစကားဆိုလာသည့် ရှန့်ဖန်းယွိကတော့ တည်တည်ငြိမ်ငြိမ်ပင်။

သူက အဆုံးမရှိသည့် ကားတန်းကိုဖြတ်ကျော်ပြီး သူ့ကားအား လမ်းဘေးရှိ ယာယီကားရပ်နားရာနေရာတစ်ခုတွင် တိတ်တဆိတ်ပင် ရပ်လိုက်သည်။

မှောင်ရီပျိုးချိန်မရောက်သေးသော်လည်း လျှောက်လမ်းတွင် ဓာတ်တိုင်၏မီးရောင်ဖြင့် လင်းထိန်နေလေသည်။

ကားရပ်နားရာနေရာ၏နံဘေးတွင် သစ်ကြံပိုးပင်တစ်ပင်ရှိလေသည်။ လေနှင့်ပါလာသော သစ်ကြံပိုးရနံ့က အိတ်ဇောပိုက်မှ အခိုးအငွေ့များအား ဖယ်ရှားပေးသည်။

ရှန့်ဖန်းယွိ၏ မျက်လုံးများက လိမ္မော်ရောင်မီးများ ရောင်ပြန်ဟပ်နေပြီး ထို့မက်မွန်ပွင့်သဖွယ်မျက်ဝန်းများအား အလွန်အမင်းတယုတယဖြစ်နေသည့်ပုံစံပေါ်စေသည်။

"ခြောက်လအတွင်းမှာ ဆောင်းပါးက သေချာပေါက်ကို ထုတ်ဝေမှာပဲ။ အဲ့ဒီအချိန်ရောက်ရင် ငါတို့ဆီမှာ အချက်အလက်တွေနဲ့ ခွဲစိတ်မှုမှတ်တမ်းလည်း ရလောက်ပြီ။ ငါတို့ သွားပြီးတောင်းဆိုနေစရာကို မလိုတော့ဘူး။ မင်းအတွက် ခွဲစိတ်မှုကို ငါလုပ်ပေးပါ့မယ်။"

ရှန့်ဖန်းယွီက ကားစတီယာရင်ပေါ်တွင် သူ့လက်တစ်ဖက်ကိုတင်ထားပြီး သူ့အခြားလက်တစ်ဖက်က ကျန်းရွိကို လှမ်းကြည့်နေသည့် သူ့ခေါင်းကို အမှီအဖြစ် နားရွက်နားမှာထောက်ထားလေသည်။
"မင်း ကလေးကို မပျိုးထောင်ချင်ဘူးဆိုရင်လည်း ငါပျိုးထောင်ပေးမယ်။ မင်း ဒေါ်လာနှစ်သိန်းကို သိမ်းထားပြီး ကလေးထောက်ပံ့စရိတ်အဖြစ် ငါ့ကို တစ်ဝက်ပေးလို့ရတယ်။ ဒါပေမယ့် မင်းမပေးချင်ရင်လည်း ကိစ္စမရှိပါဘူး။"

သူ၏ တိကျသေသပ်စွာဖွဲ့စည်းထားသော လက်ဆစ်များက စတီယာရင်ပေါ်သို့ တစ်တောက်တောက်ခေါက်နေပြီး သူ့အကြည့်များအား အောက်သို့လွှဲလိုက်သည်။ " မင်းရဲ့ဘဝကို ထိခိုက်လာမှာစိုးရိမ်တယ်ဆိုရင်လည်း ဒီတစ်ဘဝလုံး မင်းရှေ့မှာ ဒီကလေးပေါ်မလာစေရဘူးလို့ ငါကတိပေးတယ်။ အကယ်၍ ငါလက်ထပ်သွားပြီး ကလေးကို ကောင်းကောင်းမဆက်ဆံမှာကို စိုးရိမ်တယ်ဆိုရင်လည်း ငါလက်မထပ်ပဲနေလို့ရတယ်။"

ခဏလောက် တိတ်ဆိတ်သွားပြီး ကျန်းရွိက သူ့ကိုကြည့်ကာ "ငါ့ကိုကူညီဖို့ မင်းကိုယ်မင်း အနစ်နာခံရတဲ့ အကြောင်းပြချက်ကို ငါသိချင်တယ်။"

"ငါ မင်းကို အရင်းရှင်တွေကို ဒေါလာနှစ်သိန်းမပေးစေချင်ဘူး။ အဲ့ဒီ‌ အကြောင်းပြချက်ဆို လုံလောက်မလား။" ရှန့်ဖန်းယွိကပြောသည်။ "ကလေးက မင်းတစ်ယောက်တည်းရဲ့ ကလေးမဟုတ်ဘူးလေ။ ငါတို့က အမြဲတမ်းသဘောထားကွဲလွဲနေကြတယ်ဆိုတာ ငါသိတယ်။ ဒါပေမယ့် ဒါက ကိုယ့်ကိုယ်ကို အနစ်နာခံတာမဟုတ်ဘူးလေ။ ကျန်းရွှိ၊ အရာအားလုံးကို မင်းတစ်ယောက်တည်း ရင်ဆိုင်ဖို့မလိုဘူးလေ။" သူက အကူအညီမဲ့စွာနဲ့ ဆက်ပြောလာသည်။ "မင်းက အမြဲတမ်း ငါနဲ့တိုင်ပင်ဖို့ ငြင်းနေတာလေ။ ဒါပေမယ့်...."

သူက သူ့စိတ်ထဲအမြဲတမ်းရှိနေတဲ့စကားကို ထုတ်ပြောလိုက်သည်။ "ငါလည်း ဒီကလေးရဲ့အဖေပါပဲ။"

__________________________________

စာရေးသူမှာ ပြောစရာရှိတယ်။

ရှင်းပြချက် -

"ငါလည်း ဒီကလေးရဲ့အဖေပါ။" ဆိုတာက " ဒီကိစ္စအတွက် မင်းနဲ့အတူတူ ငါတာဝန်ယူချင်တယ်။ ပြီးတော့ မင်းနဲ့အတူ လက်ရှိပြဿနာတွေကို ရင်ဆိုင်ဖို့ နည်းလမ်းရှာချင်တယ်။ ငါ့ကို ထပ်ပြီး တွန်းမထုတ်ပါနဲ့တော့။ ကလေးမှာ ငါ့သွေးတစ်ဝက်ပါနေတာကြောင့် ကလေးမွေးမယ်၊မမွေးဘူးဆိုတဲ့ မင်းရဲ့ဆုံးဖြတ်ချက်ကို ဝင်ပြီးစွက်ဖက်ချင်တာမျိုး မဟုတ်ပါဘူး။"