Dr Jiang
Chapter 21
လက်ထိပ်
ဒေါ်လေးက ဝမ်းနည်းသောမျက်နှာဖြင့်ရောက်လာသော်လည်း ယခု ရှန့်ဖန်းယွိ၏ ဖြောင်းဖြမှုကြောင့် ပျော်ရွှင်စွာ ပြန်ထွက်သွားချေပြီ။ သူထွက်သွားတော့လည်း ရှန့်ဖန်းယွိကို အားပါးတရပြုံးပြသွားသေးသည်။
စတွေ့တည်းက ခေါင်းမမော့သော လီလီပင် စိတ်အေးစွာဖြင့် သူတို့နှစ်ဦးအား ကျေးဇူးတင်မှု အားနာမှုတို့နှင့် ခေါင်းငြိမ့်ပြသွား၏။ တသီးတသန့်နေတတ်သော မိန်းကလေးက သူ့အမေ အတင်းကာရော အမျိုးလိုက်စပ်ပြီး ဆက်ဆံရေးတွေတည်ဆောက်နေသည်ကို ရှက်နေသည်မှာ သိသိသာသာပင်၊
ကျန်းရွှိက ရှန့်ဖန်းယွိကို ကြည့်လိုက်ပြီး " ဝမ်ကျန်းချန်က ဘယ်သူလဲ"
"မသိဘူးလေ" ရှန့်ဖန်းယွိက ပုံမှန်လိုပင် ပြန်ဖြေသည်။
ကျန်းရွှိ: "..."
"ငါ့ကို အဲ့လိုမကြည့်ပါနဲ့" ရှန့်ဖန်းယွိက သူ့ဖုန်းကို စာရိုက်သလို တတောက်တောက်နှိပ်လိုက်ပြီး ကျန်းရွှိရှေ့မှာ ဖုန်းကို လှုပ်ပြလိုက်သည်။ "စူးချွီ သားဖွားမီးယပ်ဌာန ညစာစားပွဲမှာ ဝမ်ကျန်းချန်လည်းရောက်နေမှာ၊ အဲ့ကျ ငါသူနဲ့ ရင်းနှီးအောင်လုပ်ပြီး မင်းညီမအတွက်ပြောပေးလိုက်မယ်လေ၊ မင်းအတွက်လည်း ကောင်းတာပေါ့"
စူးချွီအမှတ်(၁)ဆေးရုံက အဆင့်နိမ့်ဆေးရုံတစ်ခုဖြစ်၍ ရှန့်ဖန်းယွိနှင့် ခင်မင်ချင်မည်မှာ မလွဲမသွေပင်။ သို့သော်လည်း မည်သည့်ဆေးရုံပင် ဖြစ်စေကာမူ ဆရာဝန်တိုင်းကတော့ အလုပ်များကြသည်ပင်။ ရှန့်ဖန်းယွိကသာ အချိန်တိုအတွင်း ထိုကဲ့သို့ပြုလုပ်နိုင်မည်ဟု ခန့်မှန်းရမည်။
"စိတ်မပူပါနဲ့" ရှန့်ဖန်းယွိကဆိုသည်။
"ဒေါက်တာဝမ်က အဆင်မပြေဘူးထင်ရင် ငါမင်းအတွက် တခြားနည်းလမ်းရှာပေးမှာပါ"
"မင်းလည်း မင်းအဒေါ်ကို ဆေးရုံအရွှေ့အပြောင်းကြောင့် ဖြစ်တတ်တဲ့အန္တရာယ်တွေနဲ့ လက်သည်တွေအကြောင်း ပြောပြလိုက်တာပဲ သူကမှ စိတ်မဝင်စားတာ သူ့စိတ်ထဲမှာက ရင်းနှီးတဲ့သူကပဲ ယုံလို့ရမယ်ထင်နေတာ"
"ဒေါက်တာဝမ်ဖြစ်ဖြစ် ဒေါက်တာကျန်းဖြစ်ဖြစ် သူ့အတွက်က အသိဆိုရင်ကို ဆရာဝန်ကောင်းပဲ ဒေါက်တာကျန်းက ဆေးပညာနဲ့ပတ်သက်ရင် အကြံပေးကောင်းပါတယ် ဒါပေမဲ့ ခုကျဘယ်လိုဖြစ်တာလဲ"
တကယ်တော့ သူတို့စိတ်ထဲ၌ အားလုံးသိကြသည်ပင်။ ဆေးပညာကျင့်ဝတ်မရှိတဲ့သူကလွဲ၍ ဒီနယ်ပယ်ထဲက ဘယ်သူမဆို ဆေးရုံကြီးဖြစ်စေ၊ ဆေးရုံငယ်မှဖြစ်စေ ငွေပေးပြီး လာဘ်မထိုးလည်း မိမိလူနာအတွက်တော့ အမှန်တကယ်ဂရုစိုက်ကြသည်ပင်။
သာမန် ဆေးပညာအရည်အချင်းနည်းပါးသူအား ထိုသို့စာအိတ်ပေးလိုက်လျှင် ပိုပြီးကျွမ်းကျင်လာမည်မဟုတ်သလို အထူးကျွမ်းကျင်သူများကလည်း ယခုလိုစာအိတ်မျိုးကို အထူးတလည် လက်ခံလိမ့်မည်မဟုတ်၊ အလုပ်ပြုတ်ချင်၍မှမဟုတ်ပါကမည်သည့်ဆရာဝန်က ကိုယ့်လူနာကို လက်လွတ်စပယ်ဆက်ဆံမည်နည်း။
လီလီမှာ ကုသဖို့ခက်ခဲသော ရောဂါဝေဒနာဆိုးများရှိနေ၍ဆိုပါကလည်း ကျီဟွားဆေးရုံဘက်မှ ကျန်းရွှိကပါ အရင်ဆုံးခေါ်ပြီး အကောင်းဆုံးကုသပေးမှာပင်။ သို့သော် သူက ကျန်းမာရေးကောင်းသလို ဆေးစစ်မှတ်တမ်းဖော်ပြချက်များကလည်း အဆင်ပြေနေ၍ လီလီ့ကိုပြောင်းခွင့်ပေးပြီး ရက်ချိန်းယူထားသူများကို ဖယ်ပစ်၍မရပေ။
ကျန်းရွှိက ရှန့်ဖန်းယွိကို ခေါင်းညိတ်ပြလိုက်ကာ
"ကျေးဇူးပါ" ဆိုသောစကားက သူ့နှုတ်ဖျားတွင် တစ်နေတုန်း ရှန့်ဖန်းယွိက အကြောင်းအရာခေါင်းစဉ်ပြောင်းလိုက်တော့သည်။
"အဲ့ဒါကြောင့်လေ..."
သူက ကျန်းရွှိဝမ်းဗိုက်ကို မျက်စပစ်ပြပြီး "ငါတို့ဒီအကြောင်း ဆွေးနွေးကြမလား"
ကျေးဇူးတင်စကားကတော့ မပြောဖြစ်တော့ပေ။
"စိတ်မပူပါနဲ့" ကျန်းရွှိကပြောလိုက်သည်။
ရှန့်ဖန်းယွိ၏ အမူအယာကပြောင်းလဲသွားကာ "မင်းဘာကိုပြောချင်တာလဲ"
"ခွဲစိတ်ဖို့ မင်းကိုလိုရင် ငါဆက်သွယ်လိုက်မယ်"
ကျန်းရွှိက တစ်ချက်ကြည့်ကာ "ကျန်တဲ့အချိန်ဆို ငါနဲ့ဝေးဝေးပဲနေ"
"မင်းနဲ့ဝေးဝေးနေရမယ်"
ရှန့်ဖန်းယွိက သူ့စကားကို အတော်ကြာအောင် နားမလည်ပုံပင်။ ခဏတာ တုံ့ဆိုင်းနေပြီးမှ သူက ရယ်လိုက်သည်။ သူရယ်လိုက်ပုံက အရင်ကနဲ့မတူဘဲ သူ့ကိုယ်သူ လှောင်ပြောင်နေသယောင်။
"အင်းပါ ရတယ်လေ" သူက ဆက်ကာ "ဒါနဲ့ ဒေါက်တာကျန်းက အမိန့်ပဲပေးတတ်တယ်နော် သူများနဲ့ဘယ်တော့မှမတိုင်ပင်တတ်ဘူး"
သူပြောပြီးသွားတော့ လက်ကို အိတ်ကပ်ထဲထည့်လိုက်ကာ ကျန်းရွှိအနားမှ အမူအယာမဲ့စွာ ထွက်သွားပြီး လူနာဆောင်ထဲကို ဆုံလည်တံခါးကနေ ဝင်သွားတော့သည်။
တစ်လကြာပြီးသည့်နောက် သားဖွားမီးယပ်ဌာန အဖွဲ့နှစ်မှဆရာဝင်များရုံးခန်း။
ကျန်းရွိနှင့် ရှန့်ဖန်းယွီတို့ အဖြူရောင်ကုတ်ကို ချွတ်ကာ ရှေ့ဆင့်နောက်ဆင့် မတ်တပ်ရပ်လိုက်ကြသည်။ တစ်ယောက်က အရှေ့တံခါးပေါက်မှထွက်ကာ တစ်ယောက်က အနောက်တံခါးမှထွက်သွားပြီးအဆောက်အဦး၏ဘေးနှစ်ဖက်အစွန်၌ရှိသည့် စင်္ကြံရှိ ဓာတ်လှေကားထဲသို့ ၀င်ရောက်ပျောက်ကွယ်သွားကြသည်။
ကျန်းရွိက သူ၏ဘယ်ဘက်လက်တွင် သောက်လက်စဆန်ပြုတ်ခွက်ကို ကိုင်ထားကာ ဘယ်ဘက်လက်ဖြင့် အီးမေးလ်မှ ဝင်လာသည့်စာများရှိမရှ်ိ စစ်ဆေးနေရင်း မြေအောက်ကားပါကင်သို့လျှောက်သွားစဉ် သူ့ထံမှထွက်ပြေးနေသည့် ရှန့်ဖန်းယွီအားမြင်လိုက်ရသည်။
သူက ခဏလောက်စဉ်းစားလိုက်ပြီး သူ့ကို
(ရှန့်ဖန်းယွီ) ခပ်ဝေးဝေးကရှောင်ကာ ဆက်လျှောက်သွားသည်။ သို့သော် ရှန့်ဖန်းယွီက သူ့ကားထဲဝင်ကာ ကားကိုကွေ့လာပြီး သူ့ရှေ့တည့်တည့်တွင် ကားကိုရပ်လိုက်သည်။ ကားမှန်ကိုချကာ ကားပြတင်းပေါက်ဘောင်တွင် တံတောင်ဆစ်ကို လှမ်းတင်ရင်း ကျန်းရွိအား မျက်စိတစ်ဖက်မှိတ်ပြလိုက်ပြီး “ကားအသစ်လေ။ မလှဘူးလား။”
တစ်ကမ္ဘာလုံးက ယောက်ျားများကဲ့သို့ သူတို့နှစ်ယောက်ထံတွင် တူညီသည့်ဝါသနာတစ်ခုရှိသည် - ကားများကို နှစ်သက်ခြင်းပင်။
ထင်မှတ်ထားသလိုပင် ကျန်းရွိ၏မျက်လုံးအကြည့်က ရှန့်ဖန်းယွီ၏ ကားပေါ်သို့ ချက်ချင်း ကျရောက်သွားလေသည်။
ကားက အဝါရောင်တောက်တောက်ဖြစ်ပြီး အနည်းငယ် တောက်ပြောင်လွန်းနေသည်။ ကျန်းရွိသိပ်မကြိုက်သည့် အရောင်မျိုးပင်။ သို့သော် ကားမော်ဒယ်က.... သူအချိန်အကြာကြီးစောင့်ကြည့်လာသည် မော်ဒယ်အသစ်ပင်။ အလုပ်များရှုပ်နေပြီး မမျှော်လင့်ထားသည့်ကလေးလေး၏ အလည်အပတ်ရောက်ရှိလာမှုကြောင့် ယခုထိ 4s ဆိုင်သို့သွားကာ ကားအား အစမ်းမမောင်းကြည့်ရသေးပေ။
သူ့စိတ်ကို ဖတ်နိုင်သည့်အလား ရှန့်ဖန်းယွီက ကားပေါ်မှဆင်းလာပြီး ဘေးမှ ခရီးသည်ခုံ၏တံခါးကို ဖွင့်ပေးလာသည်။ "စမ်းကြည့်ချင်လား။"
ယခင်ကသဘောထားကွဲလွဲမှုပြီးနောက် လွန်ခဲ့သည့်လက အလုပ်လွှဲပြောင်းခြင်းနှင့် လီလီ၏ကလေးမွေးဖွားမှုအပြီး ရှန့်ဖန်းယွီထံမှ ပေးပို့သည့် "မိခင်ရော၊ကလေးရော ကျန်းမာတယ်။" ဟူသည့်စာမှအပ သူတို့နှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် စကားမပြောဖြစ်ကြပေ။
သူမက သိသိသာသာပင် ကျန်းရွိ၏ညီမဖြစ်သော်လည်း သူ့အား (ကျန်းရွိအား) ဦးစွာသတင်းပို့ပေးသည့်သူမှာ ရှန့်ဖန်းယွီဖြစ်နေသည်က ရယ်ရသည့်အချက်ပင်။
လွန်ခဲ့သည့် နှစ်လလုံးလုံး ရှန့်ဖန်းယွီက "ငါ့ဆီကဝေးဝေးမှာနေ"ဟူသည့် သူ့စကားအတိုင်း နေပေးခဲ့သော်လည်း ယခုက သူ့ထံသို့ သူကိုယ်တိုင်ရောက်လာသည့် ပထမဆုံးအကြိမ်ဖြစ်သည်။
ကျန်းရွိက သူ့ကို ဖြတ်ခနဲကြည့်ကာ ပြောသည်။ "ယာဉ်မောင်းခုံကနေမှ စမ်းကြည့်ရမှာ မဟုတ်ဘူးလား။"
"ငါသော့ကို မဖြုတ်ထားဘူးလေ။ မင်းက ငါနဲ့အဝေးကို မောင်းပြေးသွားရင်ဘယ်လိုလုပ်မလဲ။" ရှန့်ဖန်းယွီက အင်မတန် စိတ်ပူနေပုံဖြင့် "ငါက မင်းအတွက် တံခါးတောင်ဖွင့်ထားပေးတာလေ။ ဘာလို့ မထိုင်တာလဲ။"
ကျန်းရွိက အနည်းငယ် ချိတုံချတုံဖြစ်နေမိသည်။ ရှန့်ဖန်းယွီမှာ ရည်ရွယ်ချက်ကောင်းရှိတယ်လို့ သူမထင်မိဘူး။
"မင်း မထိုင်ရဲဘူးဆိုရင်လည်း ထားလိုက်တော့။" ရှန့်ဖန်းယွီက ပခုံးတွန့်ကာ ကားတံခါးကို ပိတ်ရန်ပြင်သည်။ သို့သော် ကျန်းရွိက ကားတံခါးကိုလက်ဖြင့်ကာလိုက်ကာ ရှန့်ဖန်းယွီအား အေးစက်စက်ကြည့်လိုက်သည်။ "ဘယ်သူက မရဲလို့လဲ။"
လွန်ခဲ့သည့် သုံးလက ရှန့်ဖန်းယွီ၏ ခနဲ့တဲ့တဲ့စကားများနှင့် သူ့အားတွင်းတူးပေးခဲ့သည်ကို မည်သည့်အခါမျှ သူမေ့ဖျောက်နိုင်မည်မဟုတ်ချေ။
ရှန့်ဖန်းယွီကို ကွေ့ပတ်ကာ ထွက်သွားရန် သူလျှောက်သွားသည့်အခါ ရှန့်ဖန်းယွီက သူ့လက်ကောက်ဝတ်အား နောက်မှ လှမ်းဆွဲလိုက်လေသည်။ သူ့လက်ထဲမှာ ကိုင်ထားတဲ့အရာများကြောင့် အချိန်မီမတုံ့ပြန်လိုက်နိုင်ပဲ ကျန်းရွိတစ်ယောက် ငေးကြောင်နေမိစဉ် ရှန့်ဖန်းယွီက သူ့အား အလျင်အမြန်ပင် ခရီသည်ထိုင်ခုံသို့ ဆွဲကာထိုင်ခိုင်းလိုက်ပြီး ခါးပါတ်ပါတပ်ပေးလိုက်သည်။ ထို့နောက် ယာဉ်မောင်းခုံသို့ပြန်သွား၍ ဝင်ထိုင်ကာ ကားတံခါးများအား လော့ချလိုက်လေသည်။
ကျန်းရွိသည် အရှေ့တွင် ထိုင်ခုံခါးပတ်နှင့် ရစ်ပတ်ခံထားရပြီး သူ့လက်များကို သူ့နောက်ကျောတွင် လက်ထိပ်ခတ်ထံထားရသည်။ သူက ရုန်းကန်လိုက်ပြီး မျက်နှာသေဖြင့် ရှန့်ဖန်းယွီကို ကြည့်ကာ" ဒီ လက်ထိပ်တွေကို မင်းဘယ်ကရလာတာလဲ။"
"ရောင်းသူမဲ့စတိုးဆိုင်တစ်ဆိုင်ကနေ။"
ဪ၊ မင်းက ကွန်ဒုံးကိုဘယ်လိုဝယ်ရမလဲမသိပေမယ့် sex toy တွေဝယ်တဲ့နေရာမှာတော့ သောက်ရမ်းကျွမ်းတယ်ပေါ့။
ရှန့်ဖန်းယွီက သူ့စိတ်ကို ဖတ်နိုင်သည့်ပုံပင်။ " အဲ့ဒီနေ့က ဆရာကျန်းဆီက ဝေဖန်ခံရပြီးတော့ ငါလေ့လာဖြစ်ခဲ့တာပါ။"
"မင်း အသက်ရှင်ရတာ ပင်ပန်းနေပြီလား။" ကျန်းရွှိက ပြောသည်။
တစ်ဖက်လူက ထိုင်ခုံနှစ်ခုကြားတွင် သူ့ဆန်ပြုတ်ပန်းကန်ကိုထည့်၊သူ့အင်္ကျီအိတ်ကပ်ထဲသို့ သူ့ဖုန်းကို ပြန်ထည့်ကာ "စိတ်မကောင်းပါဘူး၊ ငါ့ကို တာဝန်တစ်ခုပေးထားတယ်လေ။" ဟု ပြုံးပြုံးလေး ပြောလာသည်။
အဝါရောင်တောက်တောက်ပြိုင်ကားလေးသည် လမ်းတစ်လျှောက် အရှိန်မြှင့်ကာမောင်းနှင်လာသည်။ ကျန်းရွိက ကားထဲတွင် လွင့်မြူးနေသည့် သီချင်းသံအားနားဆင်ကာ ရှန့်ဖန်းယွီ၏အလောင်းအား နောက်ပိုင်းတွင် မည်သို့စွန့်ပစ်ရမည်နည်းဟု အလေးအနက် တွေးတောနေခဲ့သည်။
ကားသည် ကန်ကျားပုဂ္ဂလိကဆေးရုံ၏ ကားပါကင်ကွင်းတွင် ဖြည်းညှင်းစွာရပ်လိုက်ပြီး ထန်ခေါ့က ဒေါက်တာရှန့်၏ စွမ်းဆောင်ရည်မှာ မည်မျှကောင်းမွန်ကြောင်း ညည်းညူကာ အပြုံးလေးဖြင့် ဆီးကြိုနေသည်။
ကျန်းရွိထံတွင် ကိုယ်ဝန်ရှိနေကြောင်း သိလိုက်ရပြီးသည်နောက် ထန်ခေါ့သည် ကိုယ်ဝန်တတိယပတ်တွင် ကိုယ်ဝန်အားစစ်ဆေးဖို့မမေ့ရန် ထပ်ခါတလဲလဲသတိပေးနေခဲ့သော်လည်း အချိန်ရောက်သည့်အခါ သူမေးလိုက်သည့်အခါတိုင်း ကျန်းရွိထံမှ "အလုပ်များနေသည်"ဟုသာ အကြောင်းပြန်လာခဲ့သည်။
ရှန့်ဖန်းယွီအား ဆက်သွယ်ရုံကလွဲ၍ သူ့တွင် အခြားရွေးချယ်စရာမရှိတော့ပေ။ ရှန့်ဖန်းယွီက ကျန်းရွိ၏ မိမိခန္ဓာကိုယ်အား အလေးအနက်မထားသည့်ကိစ္စကို အပြစ်တင်ကာ ထန်ခေါ့အား ကျန်းရွိကို အမြန်ဆုံးနည်းဖြင့်ခေါ်လာရန် ကတိပေးခဲ့သည်။
သို့သော်လည်း ခရီးသည်ထိုင်ခုံ၏ တံခါးပွင့်လာသောအခါ ထန်ခေါ့ ပါးစပ်ပိတ်သွားလေသည်။
"ငါကြားတာတော့ ဒါက မင်းစီစဉ်တာဆို။" ကျန်းရွိက အံကြိတ်ကာ ဖြည်းဖြည်းချင်း မေးလာသည်။
သူ့မျက်နှာတွင် မည်သည့်အမူအရာမျှ ပြမထားသော်လည်း ထန်ခေါ့အား ထိတ်လန့်စေသည်။ သူက တုန်ရီနေသော လက်များဖြင့် ကျန်းရွိ၏ထိုင်ခုံခါးပတ်အား လျှင်မြန်စွာဖြုတ်ပေးလိုက်သည်။ ကျန်းရွိအား တစ်ဖက်လူက လက်ထိပ်ခတ်ထားသည်ကို မြင်လိုက်သည့်အခါ သူအေးစက်သည့်လေများကို ရှုရှိုက်ရင်း မေ့မြောလုမတတ်ဖြစ်သွားခဲ့ရသည်။
ရှန့်ဖန်းယွိက သေရမှာ တကယ်မကြောက်တာပဲ....
တရားခံကတော့ ယဉ်မောင်းထိုင်ခုံမှ အေးဆေးစွာ ထရပ်ကာ လက်ထိပ်အတွက်သော့အား လက်ထဲတွင် ကိုင်ထားဆဲပင်။ သူက ထန်ခေါ့ကိုကြည့်ကာ " ဘယ်လိုလဲ။ ငါကောင်းကောင်းလုပ်ခဲ့တယ်မို့လား။" ဟု မေးလာသည်။
'ကောင်းကောင်းလုပ်ရုံသာမကဘူး။မင်းက မင်းအသက်ကိုပါ လောင်းကြေးထပ်ထားတာပဲ။' ထန်ခေါ့က မည်သည့်စကားမျှမပြောဝံ့ဘဲ သုံးမီတာလောက်အကွာကို ဆုတ်သွားသည်။
မျှော်လင့်ထားသကဲ့သို့ လက်ထိပ်ကိုဖြည်လိုက်သည်နှင့် ကျန်းရွိကလှည့်ကာ ရှန့်ဖန်းယွိ၏လက်အား လက်တစ်ဖက်ဖြင့် ဖမ်းဆုပ်ထားလိုက်သည်။ အခြားလက်တစ်ဖက်က တစ်ဖက်လူ၏လည်ပင်းကို ရစ်ပတ်ကာ ကားပြတင်းပေါက်နှင့် မျက်နှာကို အားသုံးကာ ဖိထားလိုက်သည်။
ရှန့်ဖန်းယွီက နာကျင်စွာဖြင့် "ဖြည်းဖြည်းလုပ်လေ"
ကျန်းရွိ စကားပြောရန်ပြင်နေစဉ် ရှန့်ဖန်းယွီက သူအာရုံလွတ်သွားသည်ကို အခွင့်ကောင်းယူကာ ကျန်းရွိ၏လက်ကို လိမ်ကာ တစ်ဖက်သို့လှည့်လာပြီး ကျန်းရွိ၏နောက်ကျောတွင် လက်ကိုဖိကပ်ကာ ထိန်းချုပ်ထားသည်။
ကျန်းရွိက ခြေထောက်ကိုမြောက်ကာ သူ့အား ကြမ်းပြင်ပေါ်ကန်ချလိုက်သည်။ ရှန့်ဖန်းယွိက သူ့အောက်သို့ ဆွဲချရန် မသိစိတ်မှ ကျန်းရွိအား ဖမ်းဆွဲလိုက်သော်လည်း သူတို့နှစ်ယောက် မြေပြင်နှင့်ထိခါနီးတွင် ရှန့်ဖန်းယွိက ရုတ်တရက် ကိုယ်အား လှည့်လိုက်ကာ ကျန်းရွိနှင့်နေရာလဲလိုက်သည်။
"ဝုန်း"ခနဲ အသံဖြင့် ရှန့်ဖန်းယွိ မြေပြင်ပေါ်သို့လဲကျလာသည့်အတွက် ဖုန်မှုန့်များ ပျံ့လွင့်လာလေသည်။ ကျန်းရွိက သူ့အပေါ်တွင် လဲကျလာကာ အလိုလို လက်ကိုမြှောက်ကာ ထိုးချလိုက်မိသည်။
လက်သီးချက်က ရှန့်ဖန်းယွိ၏ပခုံးပေါ်သို့ ကျရောက်သွားပြီး သူ့ထံမှ နာကျင်မှုကြောင့် အင့်ခနဲ မြည်သံပင်ထွက်လာလေသည်။
"မင်းက ဘာလို မရှောင်တာလဲ။" ကျန်းရွိက သူ့အား အရူးတစ်ယောက်ကိုမြင်လိုက်ရသည်အလားကြည့်လာလေသည်။
"မင်း စိတ်ငြိမ်သွားပြီလား။" ရှန့်ဖန်းယွိက တံတောင်ဆစ်ဖြင့် မြေပြင်အားထောက်ကာ ကိုယ်အပေါ်ပိုင်းအားထလိုက်ရင်း သူ့ကိုယ်ပေါ်ထိုင်နေသည့် ကျန်းရွိအား ကြည့်၍မေးလာသည်။ အေးမြမြ ဆောင်းဦးလေပြည်သည် သူ၏အင်္ကျီကော်လာအားဖြတ်တိုက်သွားစဉ် သူက ခေါင်းညိတ်ပြကာ " မကျေနပ်သေးရင် ဒီဘက်ကိုပါ ထိုးလိုက်။" ဟုပြောလာသည်။
ကျန်းရွိ၏နှလုံးသားထဲ စုပုံနေသည့်ဒေါသအစိုင်အခဲများက ရုတ်ခြည်းပင် ရပ်တန့်သွားလေသည်။
သူက "ကျစ်"ခနဲ စုတ်သပ်ကာ မတ်တပ်ထရပ်လိုက်ပြီး ထန်ခေါ့ကို လှမ်းပြောသည်။ " မင်း စစ်ဆေးချင်နေတာမို့လား။" သူက လက်ပတ်နာရီအား ငုံကြည့်ကာ ဆက်ပြောသည်။ " သွားကြစို့။"