Chapter20
: စိတ်ဝမ်းကွဲခြင်း
ကျန်းရွှိနှင့်ရှန့်ဖန်းယွိတို့ ၎င်းကိစ္စကို မဆွေးနွေးနိုင်ခင် သူတို့လူနာဌာန၏တံခါးပေါက်ဝမှာရပ်နေမိတာကြောင့်လားမသိ ဖြတ်သွားသော အမျိုးသမီးတစ်ဦးက ကျန်းရွှိ၏လက်ကို ရုတ်တရက်ဆွဲကိုင်လျက် မေးလာသည်။
"ဒေါက်တာရှင့် သားဖွားမီးယပ်ဌာနကို ဘယ်လိုသွားရမလဲသိလားနော်"
ကျန်းရွှိက တုံ့ဆိုင်းသွားပြီး ရှန့်ဖန်းယွိက ဖုန်းကို ကျန်းရွှိအိတ်ထဲပြန်ထည့်ပေးလိုက်ကာ အမျိုးသမီး၏ လှုပ်ရှားမှုကို ဝင်ဟန့်တားလိုက်ပြီး ကျန်းရွှိရှေ့၌ရပ်လိုက်သည်။ သူ၏ ခံစစ်အနေအထားက သူ့မျက်နှာပေါ်မှ ပုံမှန်အပြုံးကိုတော့ မသက်ရောက်သွားပါချေ၊
"အစ်မကြီး အကူအညီလိုလို့လားဗျ"
သူ၏အသံမှာ နူးညံ့ညင်သာပြီး ယဉ်ကျေးသည်ဟုဆိုနိုင်ကာ လူတစ်ယောက်မှာ သူ့စကားကြောင့်ပင် အရာရာထုတ်ပြောလာနိုင်ပေသည်။
ရှန့်ဖန်းယွိက ထိုသို့သောလူမျိုးပင်။
နှစ်လိုဖွယ်မျက်နှာထားဖြင့် ချိုသာစွာစကားဆိုတတ်ကာ တစ်ဖက်သားကို သူငယ်ချင်းလိုရင်းနှီးနွေးထွေးစေသည်။ သူက EQလည်းမြင့်တာကြောင့် သူနှင့်စကားပြောရခြင်းက ဆေးသောက်ခြင်းထက်ပင် ပို၍ကောင်းသည်ဟု လူနာများအကြား ပြောစမှတ်တွင်နေခြင်းဖြစ်သည်။
ဒါကလည်း အရည်အချင်းတစ်ခုပဲလေ။
ရှေ့မှ အမျိုးသမီးက ကယ်တင်ရှင်တွေ့သွားသလိုမျိုး၊ ရှန့်ဖန်းယွိ သူ့ရှေ့မှ မယဉ်ကျေးစွာ ပိတ်ရပ်လိုက်ခြင်းကိုလည်း စိတ်မရှိတော့ပေ။
သူမက ဝမ်းသာစွာပြုံးရင်း သူမ၏ ဆံထုံးပေါ်မှ ပြေကျနေသော ဆံပင်များကို နားရွက်နောက်သို့ ပင့်တင်ကာ သူမဘေးမှ မျက်လုံးအောက်စိုက်ထားသော မိန်းကလေးကို ဆွဲခေါ်လိုက်သည်။
" သားဖွားမီးယပ်ဌာနက ဒေါက်တာကျန်းရွှိကို ရှာနေတာပါ" သူက ဘေးမှ ကောင်မလေးကို ပခုံးဖက်ကာ ဆက်ပြောသည်။ "ဒါကသူ့ညီမလေးလေ"
"ညီမလေး"
ရှန့်ဖန်းယွိက ကျန်းရွှိကို လှည့်ကြည့်သည်။
"မင်းမှာ ညီမရှိတာ ငါဘာလို့မသိရပါလိမ့်"
ပြီးတော့ ညီမဆိုသူကလည်း ကိုယ်ဝန်ကြီးနဲ့။
ကျန်းရွှိ ကြည့်လိုက်တော့ ကိုယ်ဝန်က ၉လ အရွယ်လောက်ရှိနေပြီး မွေးဖွားခါနီးပြီထင်သည်။
အမျိုးသမီးက ရှန့်ဖန်းယွိ၏ အသံမှ တစ်ခုခုနားလည်သွားဟန်ဖြင့် ကျန်းရွှိကို ရှက်ရွံ့စိတ်လှုပ်ရှားသွားဟန်ကြည့်လိုက်ကာ
"ရုန်ရုန် ငါလေ မင်းအဒေါ်ပါ၊ မင်းငယ်ငယ်က ငါချီတောင်ချီဖူးသေးတယ်"
ထိူ့နောက်သူက ရှန့်ဖန်းယွိက သူနှင့်ကျန်းရွှိ အမှန်တကယ်ရင်းနှီးဟန် ပြလိုသည့်အလား ကျန်းရွှိလက်မောင်းကို လာချိတ်လိုက်သည်။
ကျန်းရွှိမှာ သိသိသာသာတောင့်ခဲသွားကာ အဒေါ်ဆိုသော အမျိုးသမီး ပထမခေါ်လိုက်သောနာမည်ကိုပင် သတိမမူမိတော့ချေ။
"ရုန်ရုန်"
ရှန့်ဖန်းယွိက ရယ်သံနှောကာ စလာသည်။
"ဒေါက်တာကျန်းမှာလည်း ဒီလိုချစ်စရာ ငယ်နာမည်ရှိသေးတာလား"
*ရုန်ရုန်ဆိုတာ အမွှေးပွပွ နူးနူးညံ့ညံ့ဆိုတဲ့ အဓိပ္ပာယ်ပါ*
"..."
ကျန်းရွှိက သူ့ကို အသံတိတ်အကြည့်တို့ ပို့လွှတ်လိုက်ခါမှ သူအလိုက်တသိ ပါးစပ်ပိတ်သွားတော့သည်။
ကျန်းရွှိက သူ့လက်ကို ခပ်မြန်မြန်ပင် ဖယ်ထုတ်လိုက်ကာ ထိုအမျိုးသမီး၏စကားတို့က မနက်က သူတို့နှစ်ဦးကြားက မသာယာသော ဖုန်းခေါ်ဆိုမှုကို သတိရမိသွားစေသည်။
သူရှန့်ဖန်းယွိကိုကြည့်လိုက်တော့ "ငါဘာမှတောင်မပြောရသေးဘူးလေ ဘာလို့ငါ့ကိုစိုက်ကြည့်နေရတာလဲ" ဆိုသည့် နားလည်ရခက်သော အကြည့်ဖြင့် ပြန်ကြည့်နေရှာသော ရှန့်ဖန်းယွိကို တွေ့ရလေသည်။
ကျန်းရွှိက အကြည့်တို့ဖယ်လိုက်ကာ သူ့ရှေ့မှ အမျိူးသမီးအား ယဉ်ကျေးစွာပြောလိုက်သည်။
"ဒေါ်လေး"
ဘေးမှရှက်နေပုံရသော ကောင်မလေးကိုလည်း ကြည့်လိုက်ကာ "ညီမလီလီ"
နောက်ဆုံးတစ်ခေါက်တည်းက သူတစ်ခါမှ မကြားဖူးခဲ့သော ဒေါ်လေးဆိုသည့်အမျိုးသမီးက ရုတ်တရက်ပေါ်လာပြီး သူ့သမီး၏ ကလေးကို ကျန်းရွှိအား မွေးပေးစေချင်နေတာဖြစ်သည်။ နောက် သူဆေးရုံမှာ အလုပ်များနေချိန် ဤ လိုသုံးဒေါ်လေးနှင့် ထမင်းစားဖို့အချိန်မရှိခဲ့တာကြောင့် သူ့အမေကိုသာ ရှင်းပြခိုင်းလိုက်ရခြင်း။
ကိုယ့်မိသားစုမှာ ဆရာဝန်တစ်ယောက်ရှိသည်ကို ဂုဏ်လုပ်တတ်သောမိဘတို့သဘာဝအတိုင်း မားမားကျန်းသည်လည်း ကျန်းရွှိအကြောင်း ကြွားလုံးထုတ်တတ်သူဖြစ်သည်။ ကျန်းရွှိက အကြိမ်ကြိမ်ထိုသို့မလုပ်ရန် ရှင်းပြသော်လည်း သူမက ဘယ်ဘက်နားမှဝင်ပြီး ညာဘက်နားကပြန်ထွက်သွားသလိုပင်။။
ထို့နောက်တော့၎င်းဒေါ်လေးဆိုသူက သူ့ကိုတစ်ခါမှဆက်သွယ်မလာခဲ့၊ သူကလည်း အလုပ်များနေတာကြောင့် မေ့နေခဲ့တာ ကြာပြီဖြစ်သည်။ သို့သော် သူမဆေးရုံကို ရောက်ချလာလိမ့်မယ်တော့ မထင်ထားခဲ့ပေ။
"အိုက်ယိုး" ကျန်းရွှိသူမတို့ကို နှုတ်ဆက်လိုက်လေရာထိုအဒေါ်ကပြုံးကာ စောစောက မြင်မြင်ချင်းမမှတ်မိလိုက်သည်က သူမဟုတ်သယောင် ရှေ့မှ သူမသမီးကို တွန်းပို့လိုက်ရင်း နွေးထွေးစွာနှုတ်ဆက်လာသည်။ "ဒါက မင်းညီမလေး လီလီတဲ့ ငယ်ငယ်က မင်းတို့တူတူဆော့ဖို့တောင် ခေါ်လာဖူးတယ်လေ"
ကျန်းရွှိ ထိုလီလီကိုကြည့်လိုက်တော့ သူ့အဒေါ်ဆိုသူကပဲ ဇာတ်လမ်းထွင်နေသည်လား မဟုတ်ရင် သူတို့ အသက်သုံးနှစ်မတိုင်ခင်က တွေ့ခဲ့တာကြောင့်လားမသိ ဘယ်လိုပဲစဉ်းစားစဉ်းစား ဒီပုဂ္ဂိုလ်နှစ်ဦးအားသူမမှတ်မိပေ။
အဒေါ်ကတော့ သူဆေးရုံရှေ့၌ရှိနေသည်ကို ဂရုမထားဘဲ ပြုံးကာ သူမ၏အိတ်ထဲမှ အနီရောင်စာအိတ်ကိုထုတ်လိုက်ပြီး ကျန်းရွှိ၏ အိတ်ကပ်ထဲသို့ လှမ်းထည့်လိုက်သည်။ ဒီတောက်ပလွန်းသော စာအိတ်အနီမှာ အလွန်ထင်းလင်းနေရာ သူ့ညီမလေးလီလီမှာ ခေါင်းက မြေကြီးထဲသို့ ဝင်သွားတော့မတတ်ပင်။
"ငါမင်းကိုနောက်ဆုံးဖုန်းခေါ်တုန်းက မင်းအသံက အရမ်းအက်ကွဲနေတာ ကြောက်ဖို့တောင်ကောင်းတယ် ဒါပေမဲ့ အခုတော့ သက်သာသွားပြီနော် ဒါကဒေါ်လေးပေးတဲ့မုန့်ဖိုးပါ အရသာရှိတာတွေဝယ်စား လည်ချောင်းထပ်ပြီးမထိခိုက်စေနဲ့ဦး"
သူ၏ အက်ကွဲနေသော အသံအကြောင်းကြားလိုက်ရတော့ ကျန်းရွှိမှာ အလိုလိုချောင်းဆိုးမိသွားကာ ပါးစပ်အုပ်လိုက်တော့ ချောင်းနှစ်ကြိမ်မြောက် ထပ်ဆိုးမိသွားသေးသည်။
ရှန့်ဖန်းယွိက ဘေးကနေ ဝင်စပ်စုသည်။
"မင်းအသံက ဘယ်တုန်းက အက်ကွဲသွားတာလဲ ငါလည်းမသိလိုက်ပါလား...."
တစ်ခုခုကို အမှတ်ရလိုက်သလို သူ့စကားက တစ်ဝက်တစ်ပျက်ဖြင့်...ကျန်းရွှိတစ်ခါတုန်းက စကားအရမ်းနည်းသွားပြီး ရက်အနည်းငယ်ကြာမှ ပုံမှန်အခြေအနေပြန်ဖြစ်လာသောအချိန်ရှိခဲ့ဖူးသည်။
ထိုအချိန်တုန်းက သူအလေးအထားမိသည့်တိုင် ယခု့ ကျန်းရွှိဘာကြောင့် စကားမပြောခဲ့ရသည့်အကြောင်းနှင့် သူ့အသံဘာကြောင့်အက်ကွဲနေရသလဲဆိုတာ သိသွားခဲ့လေပြီ။
ရှန့်ဖန်းယွိ၏ မျက်လုံးတို့ အရောင်အနည်းငယ်ပြောင်းလဲသွားပြီး ခဏကြာသည်အထိ သတိလွတ်သွားရ၏။
ကျန်းရွိ စာအိတ်ကိုသာ ပြန်ပေးနေ၍သူ့အသံတိခနဲ တိတ်သွားသည်ကို သတိမထားမိလိုက်ပေ။
"ဒေါ်လေး ပြောစရာရှိရင် ပြောလို့ရပါတယ် ဒီစာအိတ်ကိုတော့ မယူပါရစေနဲ့"
စကားပြောပြီးသွားသည့်အခါ သူ ရှန့်ဖန်းယွိအားပြန်ကြည့်လိုက်တော့ ရှန့်ဖန်းယွိက အလိုက်အထိုက်ဖြင့်ပင်
"ဟုတ်ပါတယ် အန်တီ" သူက ကျန်းရွှိလေသံအတိုင်းလိုက်ပြီး "သူဒီပိုက်ဆံကိုလက်ခံလိုက်ရင် ဒဏ်ကြေးတပ်ခံရမှာအသာထား၊ အလုပ်ပါပြုတ်သွားနိုင်ပါတယ် သူအလုပ်ပြုတ်သွားရင် အန်တီတို့ကို ဘယ်ကူညီနိုင်ပါတော့မလဲ နော့်"
သူက ရိုးသားစွာ ပြုံးပြလိုက်သော်ငြား အဒေါ်ဆိုသူကတော့ စိတ်ညစ်သွားပုံပင်။
သူမက စာအိတ်နီကိုပြန်သိမ်းကာ သက်ပြင်းချလိုက်ရင်း "မင်းတို့ဆေးရုံကလည်း ငါတို့ဆေးရုံထက်တောင် ပိုစည်းကမ်းကြီးနေသေးတယ်"
သူ၏လှုပ်ရှားမှုများကို မြင်သည့်အခါ ရှန့်ဖန်းယွိက "မင်းအဒေါ်က အကျိုးအကြောင်းသင့်ပါတယ် ငါ့အမေထက်တော့တော်သေးတယ် သူက အလိုက်သိတဲ့လူဖြစ်ရမယ်"
ထိုစကားများက ကျန်းရွှိကို ပြောလိုက်ခြင်းဖြစ်သော်ငြားအဒေါ်ကို ရည်ညွှန်းပြီးပြောလိုက်ခြင်းဖြစ်၍ အဒေါ်၏ စိတ်အခြေအနေကပြန်ကောင်းလာပြီး အစောတည်းက သူသဘောကျချင်နေသော ကောင်လေးဆီ ပြန်လှည့်လိုက်ကာမေးသည်။ "မင်းက ငါတို့ရုန်ရုန်လေးရဲ့ သူငယ်ချင်းလား"
ရှန့်ဖန်းယွိက "သူငယ်ချင်း"ဆိုသော စကားကိုကြားသည့်အခါ မျက်ခုံးပင့်လိုက်သည်။ ကျန်းရွှိ၏ အမူအယာမဲ့ မျက်နှာကိုမြင့်၍ သူကပြုံးကာထပ်ပြောသည်။ " ကျွန်တော်က ကျန်းရွှိရဲ့ လုပ်ဖော်ကိုင်ဖက်ပါ၊ ကျွန်တော့်နာမည်က ရှန့်ဖန်းယွိပါ၊ ရှောင်ရှန့်လို့လည်း ခေါ်လို့ရပါတယ်"
သူ ဟိုဘက်သည်ဘက် ကြည့်လိုက်ကာ အသံကို အနည်းငယ်နှိမ့်လိုက်ပြီး "အန်တီ ဒါကဆေးရုံဆိုတော့ သွားလာနေကြတဲ့သူတွေအားလုံး လုပ်ဖော်ကိုင်ဖက်တွေချည်းပဲ ရုန်ရုန်ဆိုပြီး မခေါ်ပါနဲ့တော့ တော်ကြာသူများတွေ ဒေါက်တာကျန်းကို ဟာသလုပ်ကုန်ကြတော့မယ်"
ဒေါ်လေးမှာ အစက အဆိုပါကလေးဆန်သောကောင်လေးကို အသုံးချကာ ကျန်းရွှိနှင့်နီးစပ်အောင်ကြိုးစားရန်ဖြစ်သည်။ သို့ပေမဲ့ ရှန့်ဖန်းယွိ၏ သတိပေးချက်ကို ကြားလိုက်ရခိုက် သူမ၏ လျှာချော်နေမှုကို သတိထားမိသွားကာ လေသံပြောင်းပြီးရယ်လိုက်ရသည်။ "ဒါပေါ့ ဒါပေါ့ ဒေါက်တာကျန်း ဒီမိန်းမမှားပြောမိတာပါနော်"
သူမကကျန်းရွှိအား " အရင်တစ်ခေါက်က မင်းအမေပြောတာ လီလီက မင်းတို့ ကျီဟွားဆေးရုံမှာ စာရင်းမသွင်းထားရင် ကလေးမွေးလို့မရဘူးတဲ့၊ ဒေါ်လေးလည်း အေမြို့က စာရင်းသွင်းပုံတွေကို မသိတော့လေ နည်းလမ်းရှာနေတာ"
သူက ရပ်လိုက်ပြီး
"ဒါပေမဲ့ ဘေးခန်းကကောင်မလေးပြောတော့ သူက ကလေးမွေးတော့မယ့်အချိန်မှာ ဆေးရုံကြီးကို ပြောင်းရွှေ့ခံလိုက်ရတယ်တဲ့ အဆက်အသွယ်သာရှိရင် ပြောင်းလို့မရတဲ့ ဆေးရုံရယ်လို့ မရှိဘူးဆိုပဲ အဲ့ဒါကြောင့် မင်းဆီကိုလာပြီး အကူအညီတောင်းတာ၊ မင်းတို့ဆေးရုံကို လီလီကလေးမွေးဖို့ ပြောင်းလို့ရမလားဆိုတာလေ"
သူတို့ဆေးရုံကို နေ့တိုင်းလိုလို တစ်နိုင်ငံလုံးမှ မရေမတွက်နိုင်သော လူနာများလာရောက်နေကြရာ သားဖွားကုတင်နှင့် သားဖွားခန်းများမှာ အလောက်အင မရှိဖြစ်တတ်သောကြောင့် ကိုယ်ဝန်စာရင်းသွင်းခြင်းစနစ်ကို သတ်မှတ်ထားခြင်းဖြစ်သည်။
ယေဘုယျအားဖြင့်ဆိုပါက ကိုယ်စာရင်းသွင်းထားသော ဆေးရုံတွင် ကလေးကို မွေးရမှာဖြစ်သည်။ ထိုအခါမှသာ ဆေးရုံက လူနာမှတ်တမ်းမှန်သမျှကို သိရှိထားပြီး ကလေးမွေးရန် ပိုကောင်းသည့်အစီအစဉ်များချမှတ်နိုင်မှာဖြစ်သောကြောင့်ပင်။
ရွှေ့ပြောင်းမရဟူ၍သတ်မှတ်မထားသော်လည်း ကျီဟွားဆေးရုံက Aဆေးတက္ကသိုလ်နှင့် ချိတ်ဆက်ထားပြီး တစ်မြို့လုံးမှာ အကောင်းဆုံးဆေးရုံဖြစ်သော ကြောင့်ကိုယ်ဝန် (၁၂)ပတ်မကျော်ခင်အတွင်းချိန်းဆိုထားရန်လိုအပ်သည် ။ ကုတင်အပိုမရှိ၍ ဆေးရုံငယ်လေးများမှာ ဖြေရှင်းမရနိုင်သည့် ရောဂါနှင့် ကိုယ်ဝန်မီးဖွားခြင်းများမှအပ လက်ခံလို့ရနိုင်မည်မဟုတ်။
ကျန်းရွှိအရင်ကလည်း သူ့အမေကို ဖုန်းနှင့် အကြောင်းအရာများပြောပြကာ ဒေါ်လေးကို ပြန်ပြောပြခိုင်းပြီးသားပင်၊ ယခုလိုပြန်ကြားရတော့ ကျန်းရွှိခေါင်းမူးလာတော့သည်။
ဆေးပစ္စည်းများက အကန့်အသတ်နှင့်သာ ရှိသောကြောင့်ကျန်းရွှိက ချိန်းဆိုမှုကိုသာ လက်ခံတာဖြစ်သည်။ လီလီ၏ ဆေးစစ်ချက်များအားလုံး သူဖတ်ကြည့်ပြီးသွားပြီ။ အသက်အရွယ်လည်း မှန်ကန်ကာ ပထမဆုံးကလေးမွေးခြင်းလည်းဖြစ်၊ အခြားပြဿနာလည်း မရှိဘဲ မိခင်ရော သန္ဓသေားပါ အခြေအနေကောင်းသည်ဟု ဖော်ပြထားရာ သူမအနေဖြင့် ယာယီဆေးရုံပြောင်းရမည့် ကိစ္စရပ်မျိုးလည်း ရှိမနေပေ။
"ဒီကိစ္စက ဘယ်လိုမှမဖြစ်နိုင်လို့ပါ" ကျန်းရွှိကစည်းကမ်းသတ်မှတ်ချက်များကို ပြန်ပြောပြလိုက်သည်။ ကျောင်းသားများကိုပင် သူဒီလောက်စကားအများကြီး မပြောခဲ့ဖူးပေ။
ကုတင်အမြောက်အများနှင့် ဆေးပစ္စည်းအလုံလောက်ရှိနေမှသာ လူနာများက ဆေးရုံပြောင်းရွှေ့လို့ရသည်။ အကယ်၍ သူတို့ ဆက်ဆံရေးကြောင့် လီလီကို စည်းကမ်းဖောက်ပြီး ကူညီပေးလိုက်မယ်ဆိုပါကအခြားတရားဝင်စာရင်းသွင်းထားသော ကိုယ်ဝန်သည်များအတွက် မမျှတရာကျပေလိမ့်မည်။
"...အဲ့ဒါအပြင် တခြားဆေးရုံကို ရွှေ့ပြောင်းတာက လူနာရဲ့ အချက်အလက်အပြည့်အစုံကို ဆေးရုံဘက်က မရထားတာကြောင့် မတော်တဆမှုတွေ ပိုဖြစ်စေနိုင်ပါတယ်" ကျန်းရွှိ အဆုံးထိပြောလိုက်ပြီး အာခေါင်ခြောက်သွားတာကြောင့် တံတွေးပင်မြိုချလိုက်ရသည်။
ဒေါ်လေးက သူ့ကို စိတ်အားထက်သန်စွာကြည့်နေရင်း သူရပ်လိုက်တော့ ဝင်ပြောလာပြန်သည်။
"မင်းအမေပြောတော့ ဒီက ဒုဥက္ကဌကမင်းဆရာဆို၊ ဆရာက ကိုယ့်တပည့်ကို ကူညီတာ ကိစ္စကြီးမှမဟုတ်ဘဲကွယ်.."
ကျန်းရွှိနင်သွားရသည်။
အင်း...သူဒီလောက်အကြာကြီးရှင်းပြလိုက်လည်း သူ့အဒ်ါကတော့ နားမဝင်။
သူက ရှန့်ဖန်းယွိလို စကားမကြွယ်၍ သူ့အနေနှင့် ဒီလိုအခြေအနေမျိုးနှင့် ရင်ဆိုင်ရသည်ထက် ခွဲစိတ်ခန်း၌သာ တစ်ညလုံးနေလိုက်ချင်သည်။
သူဘာဆက်ပြောရမလဲ ဦးနှောက်ကိုအလုပ်ပေးနေစဉ် ရှန့်ဖန်းယွိက ရယ်သံသဲ့သဲ့ပြုကာ လီလီကို မေးထိုးပြပြီး သူ့အဒေါ်ကို မေးလိုက်သည်။
"ညီမလီလီက ဘယ်ဆေးရုံမှာ မွေးမှာလဲ တာဝန်ကျဆရာဝန်ကရောဗျ"
"စူးချွီအမှတ်(၁)ဆေးရုံမှာပါ" သူ့အဒေါ်ကပြောသည်။ "ဆရာဝန်...ဆရာဝန်က..."
သူက အဲ့အကြောင်းပြောတော့မလိုနှင့် အကြာကြီးတွေးနေကာ
"ဒေါက်တာဝမ်ကျန်းချန်ပါ" လီလီက နောက်ကနေ ခြင်တစ်ကောင်လို အသံဖြင့် ငြီးတွားကာဆိုလာသည်။
"အို စူးချွီက ဒေါက်တာဝမ်ကျန်းချန်"
ရှန့်ဖန်းယွိက နှုတ်ခမ်းတို့ကို ကွေးလိုက်ကာ
"ကျွန်တော် အဲ့ဒီဒေါက်တာကို သိတယ် အန်တီ သူကသိပ်တော်တာ အန်တီတို့ကံကောင်းတယ် ကျွန်တော့်အသိတောင် သူနဲ့ပြချင်တာကို လက်မခံလို့၊ ချိန်းပြီးမှ တွေ့လို့ရမယ်ပြောတာနဲ့..."
သူရုတ်တရက်ပြောလိုက်တော့ ဒေါ်လေးက တုံ့သွားပြီး ကျန်းရွှိပင် သူ့ကိုပြန်လှည့်ကြည့်လိုက်သည်။
ရှန့်ဖန်းယွိက သဘာဝကျကျပင် အသံကိုချဲ့ကားလိုက်ကာ "ဒေါက်တာဝမ် ဘာလို့ ကျွန်တော်တို့ဆေးရုံကိုပြောင်းမလာရတာလဲဗျာ သူ့အရည်အချင်းနဲ့ဆို ကျီဟွားက ဆရာဝန်တိုင်းထက်ပိုတော်နေတာပဲကို ကျန်းရွှိနဲ့ ကျွန်တော်တောင် သူခွဲစိတ်တာကို သွားကြည့်ဖူးသေးတယ်နော် ဟုတ်တယ်မလား ကျန်းရွှိ"
ကျန်းရွှိက သူ့ကိုကြည့်ပြီး အတော်ကြာသည်အထိ စကားပြန်မပြော၊ သူ့ဒေါ်လေးကတော့ ရတနာရှာတွေ့လိုက်သလို ဝမ်းသာအားရဖြစ်သွားသော်လည်း အရမ်းလည်း မသိသာစေအောင် ဖုံးဖိနေသည်။
"ဒါဆို မင်းပြောတာက မင်းနဲ့ ရုန်...အဲ မဟုတ်ပါဘူး ဒေါက်တာကျန်းတို့က သူ့ဆီကနေ လေ့လာခဲ့ကြတာလား" ဒေါ်လေး၏အသံက စိတ်လှုပ်ရှားဟန်စွက်နေကာ။
"ဟုတ်ပါတယ် ကျွန်တော်တို့မှာ အချင်းချင်း ပြိုင်ဆိုင်နေဖို့တောင် အချိန်မရှိခဲ့ဘူး"
ရှန့်ဖန်းယွိက " စိတ်မပူပါနဲ့ ကျွန်တော်က ဒေါက်တာဝမ်နဲ့ အရမ်းရင်းနှီးပါတယ် ကျွန်တော်ဒီညဒေါက်တာဝမ်ကို ဖုန်းဆက်ပြီး အန်တီ့သမီး မီးဖွားဖို့ကို ဂရုစိုက်ပေးဖို့ ပြောပေးပါ့မယ်"
"အို" ဒေါ်လေးက ဝမ်းသာအားရ လက်ခုပ်တီးကာ
"ဘယ်လိုကျေးဇူးတင်ရပါ့မလဲ ဒေါက်တာရှန့်ရယ် ဒီညအလုပ်ဆင်းရင်အားပြီလား ညစာဝယ်ကျွေးလို့ရမလားရှင်"
ရှန့်ဖန်းယွိက လက်ယမ်းလိုက်ကာ "ရပါတယ် အန်တီရာ ကျွန်တော်တို့က ညီအစ်ကိုကောင်းတွေပဲ အချင်းချင်းစကားပြောပေးရတာလောက်က ကိစ္စကြီးမဟုတ်ပါဘူး" ရှန့်ဖန်းယွိက ပေါ့ပါးသော အပြုံးလေးဖြင့် "ညီမလေးကို နားရအောင်မြန်မြန်ပြန်ခေါ်သွားလိုက်တော့ သားဖွားမီးယပ်ဆေးစစ်ချက်တွေလည်း အချိန်မီစစ်လိုက်ဦး၊ ဆေးရုံကို မွေးရက်ရောက်မှပဲ သွားလိုက်တော့"
"အိုကွယ်" ဒေါ်လေးက ရင်ထဲထိသွားဟန်ဖြင့်
"ငါတို့ ကျန်းရွှိအတွက် မင်းလို သူငယ်ချင်းရှိနေတာ ကောင်းလိုက်တာ"
ကျန်းရွှိ နှုတ်ခမ်းတို့တွန့်ကွေးသွားရသည်။
သူ့ဒေါ်လေးကဆက်ကာ " လီလီကလေးမွေးတဲ့အခါ ရှောင်ရှန့်ကိုလည်း ဝိုင်သောက်ဖို့ခေါ်ခဲ့ပါဦး မင်းတို့အတွက် ဒေါ်လေးက ကြက်ဥပြုတ်ပေးမယ်"
သူမ၏အရိုးသားဆုံးအပြုံး၌ ကျန်းရွှိက တောင့်တင်းစွာ ပြုံးလိုက်တော့မှ သူ့အဒေါ်က ကျေနပ်စွာ နှုတ်ဆက်သွားတော့သည်။ "ကဲ ဒါဆိုလည်း အလုပ်များနေကြမှာပဲ ဒေါ်လေးမနှောင့်ယှက်တော့ဘူး"