အပိုင်း ၁၉
Viewers 11k



Chapter 19
ပြန်စာ


ဒါရိုက်တာရုံးခန်းတွင်ဖြစ်၏။

သိမ်မွေ့သောမျက်နှာဖြင့် ဒါရိုက်တာချွေ့က နှစ်သစ်လက်ဖက်ရည်ဖျော်နေရင်း သူမရှေ့မှ အရပ်ရှည်ကာ ငယ်ရွယ်သော လူငယ်နှစ်ဦးအားကြည့်လိုက်သည်။

"ကျန်းရွှိ" သူမက အရင် ဘယ်ဘက်မှတစ်ယောက်ကို စခေါ်လိုက်သည်။ "မင်းတင်ထားတဲ့ ဆေးမှတ်တမ်းတွေကို ဖတ်ပြီးသွားပြီ၊ အရေးပေါ်ကယ်ဆယ်ရေးက အောင်မြင်သွားပြီပေမဲ့ သွေးစစ်ချက်အဖြေလွှာပြန်မရခင်အထိ ဖော့စ်ဖောရက်အဆိပ်သင့်တယ်ဆိုတာ ပြစရာသက်သေမရှိဘူး၊ အဆိပ်ဖြေဆေးတွေ အဆောတလျင်ပေးလို့မဖြစ်ဘူး"

ကျန်းရွှိက ခဏတာတိတ်ဆိတ်နေပြီးမှ တုံးတိပြောလာသည်။ "ကျွန်တော်ရဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်းကိုယုံတယ်"

ဒါရိုက်တာခွေ့ကသဘောမတူ။
"သွေးစစ်ချက်ကအရမ်းမြန်တာကိုတောင် မင်းကမစောင့်ခဲ့ဘူး ဘာလို့အရမ်းအလျင်လိုနေခဲ့တာလဲ မိခင်ကိုသာမကယ်လိုက်နိုင်ရင် ရောဂါကောက်ချက်ချတာမှန်ရင်တောင် လူနာရဲ့မိသားစုက မင်းအပေါ်အပြစ်ပုံချလာနိုင်တယ်"

ညာဘက်မှတစ်ယောက်က စိမ်ပြေနပြေ ဝင်ပြောသည်။ "လူနာမိသားစုက အချုပ်ထဲရောက်နေပါပြီ..."

ဒါရိုက်တာချွေ့က သူ့အားစိုက်ကြည့်ကာ ကျန်းရွှိကိုထပ်ပြောသည်။
"ဆရာဝန်နဲ့လူနာဆက်ဆံရေးက အရမ်းတင်းမာနေပြီ၊ မင်းထပ်ပြီး ကိုယ့်ကိုယ်ကိုယ် ပြဿနာထဲဆွဲမထည့်နဲ့တော့"

သူမပြောသည်ကမှန်သည်။ယနေ့ခေတ်မှာက်သေပြနိုင်သော ဆေးဝါးကိုသာ အလေးထားပြီး ကျန်သည့် ကောက်ချက်ချမှုများက ဓာတ်ခွဲခန်းအဖြေနှင့် တိကျသောအချက်အလက်ပေါ်၌သာမူတည်ပြီး ဆောင်ရွက်ရတာဖြစ်သည်။ ထို့ကြောင့် ဆရာဝန်များက လူနာလာတွေ့လျှင် ဓာတ်ခွဲခန်းစစ်ဆေးချက်များစွာသာ ဆောင်ရွက်ခိုင်းကြသည်။ အတွေ့အကြုံများလျှင် ငွေကြေးကုန်ကျမှုသက်သာနိုင်သော်လည်း ဆရာဝန်အတွက်တော့ တာဝန်ယူရမည့်အရာတစ်ခုဖြစ်နေဆဲပင်။

ဒါရိုက်တာကချွေ့က သူ့အတွက်ပြောနေမှန်း ကျန်းရွှိသိတာကြောင့် သူဆက်မငြင်း‌တော့ဘဲ ပြောလိုက်သည်။ "သတိပေးတာ ကျေးဇူးတင်ပါတယ် ဆရာမ"

သူမက မျက်မှောင်ကြုံ့လျက်
"ရှန့်ဖန်းယွိ ကြယ်သီးသေချာတပ်စမ်း"

ရှန့်ဖန်းယွိက 'အို' ဟုအသံပြုကာ သူ့ကုတ်အဖြူရဲ့ ကြယ်သီးနှစ်လုံးကိုငုံ့တပ်လိုက်ရင်း ရွှင်ပျစွာပြုံးလျက် "တပ်ပြီးပါပြီ ဆရာမ"

ယခုလိုမျိုးကို အသားကျနေသော ဒါရိုက်တာမှာချွေ့မလှုပ်မယှက်ဆိုသည်။ "ဘာလို့အဲ့ဒီနေ့ကကျန်းရွှိကို မတားခဲ့တာလဲ"

"ကျန်းရွှိရဲ့ဝေဖန်ပိုင်းခြားနိုင်စွမ်းကို ယုံလို့ပါ"
ရှန့်ဖန်းယွိက ကျန်းရွှိစကားအတိုင်းပြန်ပြောလိုက်သည်။ "နောက်ပြီး ကျွန်တော့်ရဲ့ဝေဖန်ပိုင်းခြားနိုင်စွမ်းကိုရောပဲ"

သူသည်လည်း ကျန်းရွှိနှင့်အတူ ဖော့စ်ဖောရက်အဆိပ်သင့်ခြင်းဖြစ်နိုင်သည်ကို သတိပြုမိခဲ့တာပင်။ ထို့ကြောင့် ကျန်းရွှိလုပ်ရပ်များ ညွှန်ကြားချက်များကို သူဝင်မတားခဲ့။ Atropine ထိုးရန်ပင် အရင်ဝင်ပြောခဲ့သေးသည်။

"မင်းတို့နှစ်ယောက်..." ဒါရိုက်တာချွေ့က ခါးသက်စွာပြောသည်။ "မင်းတို့က ပုံမှန်ဆို အချင်းချင်း သဘောမကျကြပေမဲ့ ဒီလိုအချိန်မျိုးတွေကျ သိပ်ညီညွတ်ကြတာပဲ အမှတ်တရမဖြစ်ခင် တရားစွဲခံချင်နေကြတာလား"

"ဆရာမချွေ့ စိတ်အေးအေးထားပါဗျာ" ရှန့်ဖန်းယွိက အပြုံးတစ်ခုဆင်လျက် "ကျွန်တော် နောက်တစ်ခါထပ်မလုပ်ရဲတော့ပါဘူး ကျန်းရွှိလည်း တူတူပါပဲ ကတိပေးပါတယ်"

"မင်းကဘာမလို့ ငါ့အတွက်ပါ ကတိပေးနေရတာလဲ" ကျန်းရွှိက ဂျိုကြည့်ကြည့်လိုက်သည်၊

"ဒါဆို မင်းကနောက်တစ်ခါထပ်လုပ်ဦးမလို့လား"
ဒါရိုက်တာချွေ့က ကျန်းရွှိအား အေးစက်စွာမေးလိုက်သည်။

ဗျူဟာ ၃၆သွယ်၌ အရေးနိမ့်လျှင် တပ်ဆုတ်ခြင်းသည် အကောင်းဆုံးဗျူဟာပင်။

"......"

ကျန်းရွှိက တည့်တိုးပင် ပီပီသသပြောသည်။
"ကျွန်တော်မှတ်ထားပါ့မယ် ဆရာမ ကျွန်တော်အခု တော့ လူနာဆောင်တွေမှာ roundလှည့်လိုက်ပါဦးမယ်"

ရှန့်ဖန်းယွိပါ သူနဲ့အတူ ထွက်လာသည်ကိုမြင်ရာ ကျန်းရွှိ ဗလာအကြည့်ဖြင့် ကြည့်လိုက်ပြီး လူနာဆောင်သို့ဦးတည်သွားလိုက်သည်။ ကျန်းယွင်၏ သမီးလေးကိုတော့ မွေးကင်းစကလေးအထူးကြပ်မတ်ရေးဆောင်မှ အထွေထွေဆောင်သို့ ပြောင်းရွှေ့လိုက်ကြပြီဖြစ်သည်။ ကျန်းယွင်သတိပြန်လည်လာဖို့ ဂရုစိုက်စစ်ဆေးပြီး ကလေးငယ်လေး၏ အခြေအနေကိုလည်း ကြည့်ရှုရမည်။

"မင်းငါ့ကိုအကြွေးတွေတင်နေတာများပြီ" ရှန့်ဖန်းယွိကဆိုသည်။ " လူဆိုတာ တစ်ခါတလေတော့ လိမ္မာပါးနပ်ရတယ်ကွ"

"ငါတော့ လိမ္မာပါးနပ်မှုမမြင်ပါဘူး နှုတ်သီးကောင်းလျှာပါးတာပဲမြင်တယ်"
ကျန်းရွှိက အမူအယာမဲ့ မှတ်ချက်ချသည်။ ရှန့်ဖန်းယွိက ပြန်လည်ချေပရန်လုပ်နေသည်ကိုမြင်သည့်အခါ သူလက်ညှိုးဖြင့် တွန်းထုတ်လိုက်ကာ လူနာဆောင်သို့ ထွက်သွားတော့သည်။

ကျန်းရွှိဝင်လာချိန်တွင် ကျန်းယွင်က သတိရနေပြီဖြစ်သည်။
ကလေးလေးကို သူမဘေးမှာမြင်နေရ၍စိတ်အခြေအနေကောင်းနေပုံပင်။

ကျန်းရွှိက အခြေခံမေးခွန်းတချို့မေးလိုက်ပြီး ထွက်ခွာမည်အပြု ကျန်းယွင်က လှမ်းခေါ်လိုက်သည်။ "ဒေါက်တာကျန်း ရှင်ကဒီကလေးကို ကယ်လိုက်တာပဲ တစ်ခါလောက်ဖက်ကြည့်ပါဦး"

"ဒီကိစ္စအတွက် ကျွန်တော့်ကိုပဲ ကျေးဇူးတင်ရမှာမဟုတ်ပါဘူး၊ ကယ်ဆယ်ရေးမှာ ပါဝင်ခဲ့ကြသူတွေအကုန် အင်အားစိုက်ထုတ်ခဲ့ကြတာပါ၊ မွေးကင်းစကလေးဌာနကလည်း ဒီကလေးကိုပြုစုဖို့ အင်အားကုန်သုံးခဲ့ကြတာပါ"

ကျန်းယွင်ကပြုံးသည်။
"ကလေးကိုဖက်ပေးပါ သူလေးဆီ ကံကောင်းမှုတွေရောက်လာအောင်လို့"

ကျန်းရွှိ သူ့အကြည့်ကို အနှီးထုပ်ထဲမှ ကလေးလေးထံ ရွှေ့လိုက်သည်။

ကလေးက လမစေ့ဘဲ မွေးလာသောကြောင့် ပုံမှန်ထက် သေးကွေးနေသည်။ အသားအရည်က နီမြန်းရှုံ့တွနေကာ မျက်လုံးတွေကတော့ ဝိုင်းနေသည်။ ကလေးက ကျန်းရွှိကို ကြည့်လိုက်ပြီး ရုတ်တရက် ပြုံးပြလာသည်။

ဆယ်ရက်သားကလေးတွေက သတိမမူမိစွာ ပြုံးတတ်သည်ကို သူသိသော်လည်း သူပါ ကလေးနှင့်အတူ လိုက်ပြုံးမိသည်။ ကလေးတွေရဲ့ မျက်လုံးက အရမ်းရိုးရှင်းပြီး ဖြူစင်တာကြောင့် မည်သူ့ကိုမဆို စိတ်ပျော့သွားစေသည်။

သူ့အလုပ်အကိုင်အရ သူက ကလေးချီအလွန်ကျွမ်းကျင်သည်။ မွေးကင်းစကလေးလေးက အလွန်သေးငယ်ကာ သားအိမ်ကျောရိုးများမဖွံ့ဖြိုးသေးပေ။ ထို့ကြောင့် ကလေး၏ ဦးခေါင်း၊ လည်ပင်းနှင့် ကျောတို့ကို ဘယ်ဘက်လက်ဖြင့် ပင့်ချီထားကာ ညာလက်မှာ ကလေး၏ခါးနှင့် တင်ပါးတို့ကို ပင့်မထားရင်း ရင်ခွင်ထဲတွင် နွေးထွေးစွာထွေးဖက်ထားသည်။

"ကျန်းရွှိ" ရှန့်ဖန်းယွိက ရုတ်တရက် လှမ်းခေါ်လာသည်။

ကျန်းရွှိက ခေါင်းစောင်းကာ လှည့်ကြည့်သည်။
"ဘာဖြစ်လို့လဲ" အပြုံးဖျော့ဖျော့က သူ့မျက်နှာ၌ကျန်ရှိနေဆဲ။

"ဘာမှမဟုတ်ပါဘူး"
ရှန့်ဖန်းယွိက မျက်လွှာချသွားသည်။
သူအပြစ်ရှိသလို ခံစားရသောကြောင့် ဤသိမ်မွေ့သည့်ခံစားချက်ကို ဟာသလုပ်ခြင်းဖြင့်သာ ဖုံးဖိလိုက်သည်။ "မင်းက ပြုံးတတ်သားပဲနော် ငါကမင်းကို မျက်နှာအကြောသေနေတယ်ထင်တာ"

ကျန်းရွှိက ကလေးကိုညင်သာစွာချလိုက်ပြီး ရှန့်ဖန်းယွိအား စိတ်လေစွာကြည့်လိုက်သည်။
"ကလေးငယ်တွေက လူကြီးတွေရဲ့ စိတ်သဘောထားတွေအပေါ် အရမ်းထိခိုက်လွယ်ကြတယ်"

ငိုခြင်းရယ်ခြင်းကို သူတို့နားမလည်သော်လည်း လူကြီးတွေရဲ့ ချိုမြိန်သော ပုံစံကိုမြင်လျှင် သူ့အလိုလို စိတ်အေးသွားတတ်ကြသည်။

"ငါလည်းစိတ်ထိခိုက်လွယ်ပါတယ်"
ရှန့်ဖန်းယွိကဆိုသည်။ "မင်းဘာလို့ ကိုယ့်လုပ်ဖော်ကိုယ်ဖက်တွေရဲ့ စိတ်ကျန်းမာရေးကိုကျ ဂရုမစိုက်ရတာလဲ"

"မင်းအသက်ဘယ်လောက်လဲ"
ကျန်းရွှိက ပုံမှန်လိုပဲ သူ့ကိုနှက်လိုက်၏။ "မင်းအသက်ကဖြင့် ကလေးအဖေအရွယ်လောက်တောင်ရှိနေပြီကို မရှက်ဘူးလား"
သူပြောပြီးတာနှင့် တစ်စုံတစ်ခုကို သတိထားမိသွားပြီး မသိစိတ်အရ နှုတ်ပိတ်လိုက်မိသည်။

"အဟမ်း" ကလေးအဖေကြီး ရှန့်ဖန်းယွိက နှစ်ကြိမ်မျှ ချောင်းခြောက်တွေဆိုးကာ အခြေအနေကို အသည်းအသန် ခဲမှန်သလို ဖုံးကွယ်လိုက်၏။

အနည်းငယ်ကြောင်စီစီနိုင်လာသော လေထုအား ကျန်းယွင်က စကားအနည်းငယ်ဖြင့် ဖြိုခွင်းလိုက်သည်။ "ဒေါက်တာကျန်း ဒေါက်တာရှန့် ရှင်တို့ကလေးကိုနာမည်ပေးကြပါလား"

ကျန်းရွှိက မည်သူ့ကိုမှ နာမည်မပေးဖူးတာကြောင့် အနည်းငယ်တုံ့ဆိုင်းသွားသည်။ ကျန်းယွင်ကရယ်လိုက်ကာ ထပ်ပြောသည်။ "ရပါတယ် ဒေါက်တာကြောင့်သာမဟုတ်ရင် ကျွန်မကလေးအသက်ရှင်နိုင်ပါ့မလားတောင်မသိဘူး ဒေါက်တာသူ့ကိုနာမည်ပေးလို့ရပါတယ်"

ရှန့်ဖန်းယွိကလည်း အားပေးလိုက်သည်။
"မင်းရွေးလိုက်ပါ"
ကျန်းရွှိက ကျန်းယွင်ကို ပြန်ကြည့်လိုက်တော့ သူမမျက်ဝန်းထဲမှ စိတ်အားတက်ကြွမှုကို မြင်လိုက်ရ၍ သူမငြင်းတော့ပေ။ သူကောင်းကောင်း မလုပ်နိုင်မှာစိုးရိမ်မိသည်က၎င်းမှာပထမဆုံးအကြိမ်ပင်။ ထို့ကြောင့် သူဦးနှောက်ကိုအလုပ်ပေးကာ မျက်မှောင်ကြုံ့လိုက်သည်။ သူ၏ အမူအယာမှာ စာမေးပွဲဖြေစဉ်ကထက်ပင် လေးနက်နေသည်။

ခဏတာစဉ်းစားလိုက်ပြီးနောက် သူပြောလိုက်သည်။
"ချန်းရှီ"

ကျန်းရွိအနည်းငယ်ရှက်သွားကာ
"ကျန်းချန်းရှီ အဆင်ပြေလား"
သူ မသိလိုက်မသိဘာသာဖြင့် ရှန့်ဖန်းယွိကို အတည်ပြုချင်ဟန် လှမ်းကြည့်ကာ "ငါကနာမည်ပေးတော့မတော်ဘူး စတင်မှုအသစ်ဆိုတာကိုပဲ ရည်ရွယ်ချင်တာ"

ကျန်းယွင်မှာတော့ စတင်မှုအသစ်ဆိုသောစကားလုံးကြောင့်လား ချန်းရှီရှေ့က မျိုးရိုးကျန်းကြောင့်လားမသိ ရင်ထဲထိသွားရာက ရုတ်တရက် သူမမျက်လုံးများနီရဲလာတော့သည်။ "ကျန်းချန်းရှီ" သူမက လက်ဆန့်ထုတ်ကာ ကျန်းရွှိကို လက်ဆွဲနှုတ်ဆက်လိုက်သည်။ "ကျေးဇူးပါ ဒေါက်တာကျန်း"

"မင်းကြိုက်ရင်ကောင်းပါတယ်" ကျန်းရွှိ စိတ်အေးသွားဟန်သက်ပြင်းချလိုက်လေရာသူ၏ဘေးမှ နူးညံ့သောရယ်သံတစ်စပေါ်ထွက်လာသည်။ သူလှည့်ကြည့်တော့ ရှန့်ဖန်းယွိက သူ့ပါးစပ်သူအုပ်ကာ အရယ်ရပ်လိုက်သည်။ "မင်းက ခွဲစိတ်ဓားကိုင်နေရင်တောင် အထိတ်တလန့်မဖြစ်ဘူး နာမည်ရွေးတာကျမှ အရမ်းခက်ခဲနေသလိုပဲ"

သူတို့ လူနာဆောင်မှထွက်လာသည်အထိ ရှန့်ဖန်းယွိက စနောက်နေဆဲ။ "ငါတို့ကလေးမွေးရင်ရော မင်းဘာနာမည်ပေးမှာလဲ"

ကျန်းရွှိ၏မျက်ဝန်းများ လှုပ်ခတ်သွားပြီး ဖုန်းကိုထုတ်ကာ screenကို ကြည့်လိုက်သည်။ ဒေါက်တာခန်းက စာမပြန်သေးပေ။ သူအသက်ပြင်းပြင်းရှူလိုက်ကာ အကြောင်းအချို့ကြောင့် မအီမသာဖြစ်သွားသည်။

သူရှန့်ဖန်းယွိကိုပြန်မဖြေတာကြောင့် ရှန့်ဖန်းယွိလည်း ဘာမှဆက်မမေးတော့ပေ။ သူတို့နှစ်ဦးကို ဆက်နွယ်ထားသောကလေးက သူတို့အတွက် အနှောင်အဖွဲ့လိုဖြစ်နေကာ မိဘနှစ်ဦးမှာ မည်သည့်အချိန်၌မဆို ပြတ်ကျသွားနိုင်သော ကြိုးတန်းတဲတဲလေးပေါ်တွင် လမ်းလျှောက်နေရသလိုပင်။

"ကျန်းရွှိ"
နီညိုရင့်ရောင် ဆံရှည်နှင့် အမျိုးသမီးတစ်ဦးက ကျန်းရွှိ၏အမည်ကို လှမ်းခေါ်လိုက်သည်။ ကျန်းရွှိမျက်လုံးပင့်လိုက်ပြီး သူမထံတည့်တည့်လျှောက်သွားလိုက်သည်။ "ယန်ဟွား"

အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးက မိတ်ကပ်ပါးပါးလိမ်းထားပြီး ပေါ့ပါးသော သားရေအိတ်နှင့် ကော်ဖီခွက်ကို လက်မှာ ကိုင်ဆောင်ထားသည်။ "နင့်ကိုတွေ့တာနဲ့ လှမ်းခေါ်လိုက်တာ၊ မတွေ့ရတာတောင်ကြာပြီနော်" ယန်ဟွားကဆိုသည်။

"ဟင် ဖန်းယွိ"
ယန်ဟွားက ကျန်းရွှိနောက်မှ ဖန်ယွိကိုမြင်သွားတော့
"နင်တို့နှစ်ယောက် ဘယ်တုန်းက ဒီလောက်ရင်းနှီးသွားကြတာလဲ"

သူ့မေးခွန်းမှာ အမျိုးသားနှစ်ဦးက ချက်ချင်း အလိုအလျောက် တစ်ဦးနှင့်တစ်ဦး နှစ်မီတာလောက် ခပ်ခွာခွာနေလိုက်ကြကာ သူတို့နှစ်ဦးမှာ လုံးဝမရင်းနှီးပါကြောင်း ဖော်ပြနေကြသည်။

ယန်ဟွားက ရယ်မောလိုက်ကာ
"နင်တို့တွေဟယ် တွဲဖက်ပါရဂူတွေတောင်ဖြစ်နေပြီပဲ နည်းနည်းရင့်ကျက်ကြစမ်းပါ"

ရှန့်ဖန်းယွိက သူမကို အပြုံးဖြင့်နှုတ်ဆက်ကာ စိတ်မပါဟန် ပခုံးတွန့်ပြသည်။ "ကျန်းရွှိက ငါ့ကိုမုန်းလာတာ တစ်ရက်နှစ်ရက်ပဲ ရှိသေးတာမှမဟုတ်တာ"

"အဲ့တော့ နင်ကရော သူ့အပေါ်ကောင်းနေလို့လား"
ယန်ဟွားကသူ့ကိုမညှာတာစွာတိုက်ခိုက်ရင်း ကျန်းရွှိဘက်သို့လှည့်ကာ "ငါနင်တို့နဲ့ ဆက်မပြောတော့ဘူး အလုပ်များနေလို့ နင်ပြောတဲ့ ကျန်းယွင်ဆိုတဲ့ အမျိုးသမီးက ဘယ်မှာလဲ"

ယန်ဟွားသည် သူတို့နှစ်ဦး တက္ကသိုလ်မှာတုန်းက ကျောင်းသားများစုပေါင်းဖွဲ့စည်းထားသော အမျိုးသမီးအခွင့်အရေးအဖွဲ့အစည်းမှာ လုပ်အားပေးခဲ့ကြစဉ်က တွေ့ဆုံခဲ့ရတဲ့ရှေ့နေပင်။
လုပ်အားပေးလုပ်ဆောင်ချက်များပြီးဆုံးသွားပေမဲ့ ကျန်းရွှိနဲ့ ရှန့်ဖန်းယွိက အသင်းကို ဆက်ဝင်ထားခဲ့ကြ၍ ယနေ့အထိ အဖွဲ့ဝင်ဖြစ်နေဆဲပင်။

ပြည်သူ့လုံခြုံရေးဌာနချုပ်က သူမယောက်ျား၏ အခြေအနေကို ကျန်းယွင်အားရှင်းပြသည်။ ကွာရှင်းဖို့နှင့် ပိုင်ဆိုင်မှုခွဲဝေဖို့အတွက် ကျန်းရွှိက သူမအတွက် လုပ်အားပေးရှေ့နေတစ်ဦး ဌားထားကြောင်းလည်း ပြောလိုက်သည်။

ကျန်းယွင်က အနည်းငယ်တွ့န့်ဆုတ်နေပေမဲ့ ကျန်းရွှိကပြောသည်။ "မင်းအခြေအနေကို ရဲတွေဆီက အကြမ်းဖျင်းသိထားပါတယ်၊ အဖွဲ့အစည်းက မင်းကို ငွေလည်း ပြန်ရဖို့ ကူညီပေးမှာပါ ဆေးရုံစရိတ်တွေအတွက်လည်း ထောက်ပံ့ကြေးလျှောက်ထားပေးတယ် ဥပဒေကြေးကလည်း အခမဲ့ပါ ဆေးရုံဆင်းပြီး ထပ်လိုရင်လည်း အဖွဲ့အစည်းက မင်းအလုပ်အတွက် ယာယီအကူအညီပေးနိုင်ပါတယ် စိတ်မပူပါနဲ့"

အဖွဲ့အစည်းအတွင်းရှိ အဖွဲ့ဝင်တိုင်းက နှစ်စဉ် အမျိုးသမီးတွေကို ကူညီရန်ကိုယ့်သဘောဆန္ဒအလျောက် ဆောင်ရွက်နေကြသည်။

အဖွဲ့အစည်းတွင် လူတန်းစာပေါင်းစုံပါဝင်ပြီး အကူအညီလိုအပ်သော အမျိုးသမီးမျိုးကိုတွေ့ပါက အဖွဲ့အစည်းကို တင်ပြပြီး အခြေအနေကို အတည်ပြုပြီးလျှင် အဖွဲ့အစည်းဘက်မှ သက်ဆိုင်ရာ အဖွဲ့ဝင်က အလှူဖြစ်စေ၊ အခြားအထောက်အပံ့ဖြစ်စေ ကူညီလက်ကမ်းပေးကြတာဖြစ်သည်။

"ရွှံ့ထဲက ရုန်းထွက်ဖို့ အဖွဲ့အစည်းဘက်က အကောင်းဆုံးလက်ကမ်းပေးပါ့မယ်"

၎င်းက အဖွဲ့အစည်းစတင်တည်ထောင်ချိန်က ယုံကြည်ချက်ပင်။

သို့ဖြစ်၍ ကျန်းယွင်က စိတ်ပိုင်းဖြတ်ကာ ခေါင်းညိတ်လိုက်သည်။ သူမက ကျန်းရွှိ၏လက်ကို ဆုပ်ကိုင်ကာ အက်ကွဲနေသော အသံဖြင့်ပင် "ရှင့်ကိုတွေ့ရတာ ကျွန်မတကယ်ကံကောင်းတာပါပဲ"

ယန်ဟွား ဆေးရုံကုတင်ပေါ်မှ ဒဏ်ရာများနှင့် အမျိုးသမီးကိုကြည့်လိုက်ပြီး လုပ်ငန်းကတ်ထုတ်ပေးလိုက်သည်။ သို့ပေမဲ့ ထိုကတ်မှာ နာမည်ကြီး ရှေ့နေရုံးမှ အကျော်အမော်ရှေ့နေတစ်ယောက်၏ကတ်မဟုတ်ဘဲ အမျိုးသမီးအခွင့်အရေးကာကွယ်ရေးအဖွဲ့၏ကတ်ပင်။

"ကျွန်မရဲ့လုပ်ငန်းကျွမ်းကျင်မှုကို ယုံကြည်လို့ရပါတယ်" ယန်ဟွားကဆိုသည်။ "ရှင့်ဘဝမှာ သူ့ကို နောက်ထပ်တွေ့ရတော့မှာ မဟုတ်ပါဘူး"

အမျိုးသမီးတစ်ဦးဖြစ်သော ယန်ဟွားနှင့် ဆုံလိုက်ရသည့်အခိုက် ကျန်းယွင် အတိတ်အကြောင်း အကြောင်းစုံဖွင့်ဟကာ ငိုချင်းချမိတော့သည်။ သူမ၏ ဆိုးသွမ်းလှသော ယောက်ျားကို အချိန်အကြာကြီး သည်းညည်းခံခဲ့ရပြီး ရဲစခန်းရောက်ရသည်ကလည်း အကြိမ်ကြိမ်ပေမဲ့အချည်းနှီးပင်။ သူမကွာရှင်းဖို့တောင်းဆိုတိုင်းလည်း မညှာတာသော ရိုက်နှက်နှိပ်စက်မှုများသာ ကြုံတွေ့ရလေသည်။

သူမနှင့် ကလေးကတော့ ခက်ခဲပင်ပန်းသောအချိန်များကို ရင်ဆိုင်ရလိမ့်ဦးမည်ဟု တွေးထားသော်လည်း ကျန်းရွှိက သူမကို ဘဝအသစ်စတင်နိုင်စေခဲ့ပေသည်။

ကျီဟွားဆေးရုံမှ ယန်ဟွားမထွက်လာခင် ကျန်းရွှိနှင့် ရှန့်ဖန်းယွိတို့က တံခါးအထိ အတူလိုက်လာကြလေသည်။

" တာဝန်ကျေပါတယ်"

"ငါ့တာဝန်ပါပဲ" ယန်ဟွားက ပြုံးလျက် မြင့်မားလှသော အတွင်းလူနာဌာနကို ငေးကြည့်သည်။ ထို့နောက် သူမလက်ကိုဆန့်ထုတ်ကာ သူမတို့သုံးဦးကြားချလိုက်ရင်း..."လာပါ"

ရှန့်ဖန်းယွိက ချက်ချင်း သူမ၏ဆန့်ထားသောလက်ပေါ် သူ့လက်တင်လိုက်သည်။ ကျန်းရွှိကတော့ ယခုလိုကလေးဆန်သော အားပေးမှုမျိုးကို တွန့်ဆုတ်တတ်သည်ဖြစ်ရာ လက်ချောင်းများကို အရင်ကွေးလိုက်ပြီးမှ ဘေးဘီကိုကြည့်ကာ အထွန့်တက်လိုက်သည်၊

"လူတွေအများကြီးပဲကို..."

သူပြောလို့မပြီးခင် ရှန့်ဖန်းယွိကသူ့လက်ကို ကိုင်ကာ ယန်ဟွားနှင့် သူ့လက်အကြားထည့်လိုက်သည်။ လက်သုံးဖက်လုံးမြှောက်သွားပြီး ကျောင်းသားဘဝတုန်းလို ကျယ်လောင်စွာအော်ဟစ်လိုက်ကြသည်။
"အမျိုးသမီးတွေအတွက် အားတင်းထား"

အမျိုးသမီးအခွင့်အရေးကာကွယ်မှုအဖွဲ့အစည်း၏ ဆောင်ပုဒ်ပင်။

မျှော်လင့်ထားသလိုပဲ၊ ဘေးပတ်ဝန်းကျင်မှ စူးစမ်းသော အကြည့်များက သူတို့အပေါ်ကျရောက်လာသည်။ ကျန်းရွှိက ကြောင်သက်သက်ဖြင့် လက်ကိုပြန်ရုတ်သွားပြီး ရှန့်ဖန်းယွိကို စိုက်ကြည့်သည်။

"အတည်ကြီးတွေ မလုပ်စမ်းပါနဲ့ ငါတို့တွေ ရန်သတ်ပြီး ဆေးပစ္စည်းတွေဖြုန်းတီးနေတယ်လို့ စိတ်မပူရအောင် ငါတို့ရဲ့ပြောင်းလဲသွားတဲ့ ခင်မင်မှုကို ယန်ဟွားမြင်ပါစေကွာ" ရှန့်ဖန်းယွိက အေးအေးဆေးဆေးပြောသည်။

ကျန်းရွှိကလည်း အေးစက်စွာ ခံပက်သည်၊
"မင်းဘယ်တော့မှ လူကြီးဖြစ်လာမှာလဲ"

"ဟားဟား" ယန်ဟွားက သူတို့နှစ်ဦးကိုရယ်လိုက်သည်။ "အေးပါ ငါစိတ်အေးပါပြီ" သူက ရှန့်ဖန်းယွိကိုပြောလိုက်သည်။ "ငါအခုသွားတော့မယ်။ နင် ကျန်းရွှိကို ဆက်စနေရင် နှစ်ယောက်တကယ် ရန်ဖြစ်ရတော့မယ်ထင်တယ်နော်"

ထို့နောက် ယန်ဟွားတက္ကစီနှင့် ထွက်သွားတော့ ရှန့်ဖန်းယွိက ကျန်းရွှိအား "ငါကမင်းထက်နှစ်ဝက်ငယ်တာပဲလေ"

"လနည်းနည်းလောက်ကို တွက်ချက်နေသေးတယ်"

ကျန်းရွှိက ဘာမှအာရုံစိုက်မနေဘဲ အင်္ကျီအိတ်ကပ်ထဲ လက်ထည့်ကာ ထွက်သွားတော့သည်။ လူနာဆောင်ထဲ ခြေချလိုက်ရုံရှိသေး သူ့ဖုန်းကမြည်လာသည်။

ကျန်းရွှိက ဖုန်းကိုကြည့်လိုက်ကာ ရုတ်တရက် တောင့်သွားသည်။

"ဒေါက်တာခန်းစာပြန်ပြီ"

"ဘာတဲ့လဲ" ရှန့်ဖန်းယွိက အတည်ဖြစ်သွားပြီး

ကျန်းရွှိက တစ်ချက်ဖတ်လိုက်သည်။
သူ့အမူအယာကတဖြည်းဖြည်းဆိုးလာပြီး ရှန့်ဖန်းယွိကို ဖုန်းပေးလိုက်ကာ လိုရင်းတိုရှင်း ခပ်ပြတ်ပြတ်စာကြောင်းအားဖတ်ခိုင်းလိုက်သည်။

"ခင်မင်ရသော မစ္စတာကျန်းခင်ဗျား
ကျွန်တော်က ဒေါက်တာခန်းရဲ့လက်ထောက်ပါ၊ ကျွန်တော်တို့ သတင်းက အတည်မဟုတ်သေးတာမို့ ဒီတစ်ခေါက်တော့ ဘာသတင်းအချက်အလက်မှ ပေးလို့မရသေးပါဘူး ဒါပေမဲ့ ဆေးအကူအညီလိုအပ်မယ်ဆိုရင် ဆေးရုံအတွင်းရေးမှူးကို ဆက်သွယ်ပြီး ချိန်းဆိုထားလို့ရပါတယ် ဒေါက်တာခန်းက အလုပ်အရမ်းများနေတာမို့လို့ပါ၊ ပြီးတော့ Mနိုင်ငံကိုလာတဲ့အခါ ခွဲစိတ်ကြေး စရန်ငွေ ယူအက်စ်ဒေါ်လာနှစ်သိန်းယူလာခဲ့ဖို့လည်း မမေ့ပါနဲ့"

"မင်းအခုဘာပြောဦးမလဲ" ရှန့်ဖန်းယွိက မျက်ခုံးပင့်လိုက်ပြီး " ဒါက မင်းပြောတဲ့ သိပ္ပံပညာမှာစည်းဘောင်မရှိဘူးဆိုတာလား ဆရာဝန်တွေက လူတွေကို ကုသဖို့နဲ့ ကယ်တင်နိုင်ဖို့ပဲ ယုံကြည်ကြတာဆို"

"နှစ်သိန်းတောင်မှ"
သူက အသံကိုချဲ့လိုက်ကာ
"နောက်ပြီး အဲ့ဒါတောင် စရန်ငွေပဲရှိသေး" ရှန့်ဖန်းယွိ၏ အသံက လှောင်ပြောင်ဟန်စွက်နေလျက် "သူ့ရဲ့သစ္စာတရားက ဘဏ်စာရွက်တွေ ဒေါ်လာတွေပေါ်မှာ မဟုတ်တာရော သေချာရဲ့လား"

ကျန်းရွှိ: “……”

ထွက်သွား။