Chapter 18
ကြက်သားစွပ်ပြုတ်
"သြော် ကြောက်ဖို့ကောင်းလိုက်တာ"
လောကကြီးကရက်စက်မှန်းသိထားပြီးသော်ငြား မနေ့ကအကြောင်းကြားလိုက်ရသည့်အခိုက် ယွီစန်းမှာ ဒေါသမထွက်ဘဲ မနေနိုင်ပေ။
"အဲ့ဒီလူက လူကိုမဟုတ္ဘူး..."
အမြဲ သဘောကောင်းတတ်သောဝူရွေ့ပင် ဒေါသကြီးစွာပြောလာသည်။
"အဲ့လိုလူမျိုးကိုက တစ်ဘဝလုံးထောင်ထဲထည့်ထားရမှာ..."
"ဟုတ်ပါ့နော်" တခြားဆရာဝန်တစ်ယောက်ကပါ ဝင်ပြောရင်း "ငါကြားတာ ရဲတွေ သူ့ကိုတစ်ညလုံးစစ်မေးပြီးတာနဲ့ အကျဉ်းချထားလိုက်တယ်တဲ့၊ တာဝန်ကျဆရာမလေးပြောတာဆို အဲ့လူကဆေးရုံမှာရှိတုန်းကဆို ကလေးကိုပဲကယ်ရမယ်ဆိုပြီး ပြောနေတာတဲ့၊ သူ့ကိုဘယ်သူမှမမေးဘဲနဲ့လေ..."
သူ့မျက်နှာမှာ အထင်သေးမှုတို့ပြည့်နှက်နေပြီး "ငါက သူဘာလို့များ အရမ်းရှူးရှူးရှားရှားတွေဖြစ်နေပါလိမ့်လို့...အခုမှပဲသိတော့တယ် ကလေးကိုပဲ ကယ်ဖို့ပြောမှာပေါ့ သူကသူ့မိန်းမကိုသတ်ဖို့လုပ်ခဲ့တာကိုး..."
ကျန်းယွင်၏ ခင်ပွန်းမှာ အဆိပ်ခတ်မှု၊ အိမ်တွင်းအကြမ်းဖက်မှုနှင့် သူ့ဇနီး၏အခြေအနေမှန်ကို လိမ်လည်ပြောဆိုမှုတို့ဖြင့် ထိန်းသိမ်းရေးစခန်းတွင် ဖမ်းဆီးခြင်းခံထားရလေပြီ။
ကျန်းယွင်သတိပြန်ရလာတော့ ပြည်သူ့လုံခြုံရေးဌာနချုပ် ဆေးရုံသို့ စစ်ဆေးမေးမြန်းရန်နှင့် သက်သေစုဆောင်းရန်ရောက်လာခဲ့ကြ၏။
ကျန်းယွင်၏ထွက်ဆိုချက်အရ သူနှင့် သူ့အမျိုးသားတို့ရန်ဖြစ်ခဲ့ကြပြီး တရားခံက သူမအားရိုက်နှက်ကာ လှေကားပေါ်မှတွန်းချလိုက်သည်ဟုဆိုသည်။ ကျန်းယွင်က အကူအညီခေါ်ဖို့ ကြိုးစားလေရာတရားခံက လျှောက်လမ်းကပုလင်းကိုယူပြီး ကျန်းယွင်ပါးစပ်ထဲထိုးထည့်ကာ သူမကိုထပ်ရိုက်ခဲ့သည်။ ကျန်းယွင်သတိမေ့သွားတော့မှသာ ထိုပုလင်းက တစ်စုံတစ်ယောက်လွှင့်ပစ်ထားသော ပိုးသတ်ဆေးပုလင်းမှန်း သိသွားခဲ့သည်တဲ့။
တစ်ခဏတာပြာယာခတ်သွားပြီးနောက် တရားခံမှာ သူ့ဇနီးသည်အား ဆေးရုံခေါ်လာခဲ့သည့်တိုင် သူ၏ အကြမ်းဖက်မှုကို ဝန်ခံရမည်စိုးသောကြောင့် ကျန်းယွင်၏ ကုသမှုမှာ နှောင့်နှေးသွားရခြင်းဖြစ်သည်။
လူယုတ်မာအား ဆဲဆိုပြီးနောက် ဝမ်ရွေ့က ကျန်းရွှိထံငြီးငြူပြောလိုက်သည်။
"မင်းနဲ့ ဖန်းယွိ မျက်စိလျင်ကြပေလို့သာပေါ့ ငါတို့သာဆိုရင် ရဲကိုခေါ်လိုက်ဖို့ဝေးလို့ လူနာအဆိပ်မိထားတယ်ဆိုတာတောင် အဲ့လောက်မြန်မြန်သိလိုက်မှာမဟုတ်ဘူး.."
သူက ခဏရပ်လိုက်ပြီးမှ ဆက်ပြောသည်။
"ဒါနဲ့ ငါမမေးရသေးဘူး ညက မင်းနဲ့ဖန်းယွိအတူ ခွဲစိတ်ခဲ့တာဆို"
ကျန်းရွှိက စွပ်ပြုတ်တစ်ဇွန်းကို ဂရုတစိုက်သောက်နေရင်း မျက်လုံးပင့်ကြည့်ကာ "အင်း"
သူ၏ စားနေကျစားစရာက ကိုလာနဲ့ကြက်ကြော်အဖြစ်မှ ဆေးရုံကချက်သော အာဟာရစွတ်ပြုတ်ဖြစ်သွားခဲ့သည်။ သောက်ပြီးရင်ပြန်အန်ထုတ်တတ်သော်လည်း မငြီးမငြူတော့ ဆက်သောက်ရှာနေသေး၏။
"တကယ်ကြီးလား"
ဝမ်ရွေ့ကတွန့်ဆုတ်သွားလျက်
"ငါ့မှာသူများပြောတာ ကြားတုန်းကတောင် မယုံဘူး၊ မင်းတို့တွေ အလုပ်သင်ဆင်းပြီးတည်းက ခွဲစိတ်ကုတင်တစ်ခုတည်းမှာ အလုပ်မလုပ်ခဲ့တာကြာလှပြီလေ ဘာလဲ ခုကပြန်ပေါင်းထုပ်သွားကြတာလား.."
"ငါတို့မှာ အစတည်းက ဆက်ဆံရေးကောင်းမရှိခဲ့ဖူးပါဘူးကွာ..." ကျန်းရွှိကဆိုသည်။
"အေးပါကွာ" ဝမ်ရွေ့ သူယခုလိုပြောလာမည်ဟု ခန့်မှန်းထားပြီးဖြစ်သောကြောင့် ရယ်လိုက်ရင်း
"ဒါဆိုလည်း စကားလုံးပြောင်းသုံးတာပေါ့၊ ပြိုင်ဘက်တွေကနေ သူငယ်ချင်းဖြစ်သွားတာ ဟုတ်လား"
သူ၎င်းကို သူနာပြုဌာနက ရှောင်တင်းထံမှကြားလာခဲ့ခြင်းပင်။ ဖန်းယွိက "ညလယ်ခေါင်ကြီး သူ့ဆီလာပြီး ရေနွေးအိတ်ဌားသွားတယ်ကြားပေမဲ့ မင်းအတွက်လို့တော့ မထင်မိဘူးလေ မင်းတို့တွေ ဘယ်တုန်းက ခုလိုဆက်ဆံရေးမျိုးရသွားကြတာလဲကွ.."
သူက အံ့အားသင့်စွာ မေးနေသည်။
ကျန်းရွှီ၏ ဇွန်းကိုကိုင်ထားသောလက်မှာ တွန့်ခနဲဖြစ်သွားရသည်။ ရှောင်တင်း၏ အကျင့်စရိုက်အရသာဆို ရှန့်ဖန်းယွိသူ့အတွက် ရေနွေးအိတ်ဌားပေးသည့်ကိစ္စ တစ်ညအတွင်း ကျီဟွားဆေးရုံသားဖွားမီးယပ်ဌာနတစ်ခုလုံး သိကုန်ကြလောက်ပြီ။
ရင်းနှီးနေသော အသံတစ်သံနောက်မှပေါ်ထွက်လာကာ ရှန့်ဖန်းယွိက ဝူရွေ့အား အပြုံးလေးဖြင့် နှုတ်ဆက်လိုက်သည်။
"အစ်ကိုရွေ့"
"ဟေး ဖန်းယွိ အသက်ရှည်ဦးမယ် ခုပဲမင်းအကြောင်း ကျန်းရွှိနဲ့ပြောနေတာ" သူက ရှန့်ဖန်းယွိကို စိတ်ပါလက်ပါ လက်လှမ်းပြလိုက်သည်။
ရှန့်ဖန်းယွိကလည်း သတိရှိစွာ ပြုံးပြလိုက်ရင်း
"ဒါဆိုရင်တော့ ကျွန်တော့်အကြောင်းကို ပြောနေတာမဟုတ်လောက်ဘူး ဆဲနေတာပဲဖြစ်ရမယ်ဗျ.."
"မဖြစ်နိုင်တာ" သူတို့နှစ်ဦးကြားက ပြေလည်လာနိုင်သောဆက်ဆံရေးကို မြင်လိုက်ရသော ဝူရွေ့က သူ၏ ဂျူနီယာကောင်းလေး နှစ်ဦးကြား၌ရှိနေသော အထင်လွဲမှုများကို ဖြေဖျောက်ပေးရန်ဆုံးဖြတ်လိုက်ပြီး ရှန့်ဖန်းယွိအား နွေးထွေးစွာကြိုဆိုလိုက်သည်။ "လာ ငါတို့နဲ့လာထိုင်လှည့်"
ကျန်းရွှိနှင့် ရှန့်ဖန်းယွိမှာ ထမင်းစားချိန်ဆို အချင်းချင်းရှောင်နေတတ်ကြတာမို့ ဝူရွေ့၏စကားကြောင့် ကျန်းရွှိ၏အကြည့်ရော၊ ရှန့်ဖန်းယွိ၏ ခြေလှမ်းများပါ တစ်ခဏတာ တုံ့ဆိုင်းသွားရသည်။ သို့ပေမဲ့ "မည်သူနှင့်မဆို အဆင်ပြေအောင်နေတတ်ရမည်" ဆိုသောဆောင်ပုဒ်လက်ကိုင်ထားသော ငြိမ်းချမ်းရေးဖော်ဆောင်သူ ဆရာကြီးဝူရွေ့က "ငြိမ်းချမ်းရေးဆု" ရပြီးတည်းက သိပ်ကိုတက်ကြွနေခဲ့တာဖြစ်သည်။ သူ၏ တိုက်ခိုက်လိုမှုစိတ်ဓာတ်မှာ အလွန်တရာမြင့်မားသလို ရန်သူနှစ်ဦးကို သူငယ်ချင်းတွေဖြစ်သွားအောင် ပြောင်းလဲပစ်ရန်လည်း မတရားစိတ်အားထက်သန်နေပြီပင်။
"လာခဲ့လေ"
သူရှန့်ဖန်းယွိကို ထပ်ခေါ်လိုက်ပြန်သည်။
ရှန့်ဖန်းယွိ၏ခြေလှမ်းတွေနီးလာတော့ ကျန်းရွှိက မျက်လွှာချလိုက်သည်။
"ဟေး မင်းမျက်နှာကဘာဖြစ်တာလဲ ဘာလို့ဒီလောက် ရောင်ကိုင်းနေရတာလဲ"
ရှန့်ဖန်းယွိ Maskချွတ်လိုက်သောအခါ မျက်နှာတစ်ခြမ်းမှာ ဖူးရောင်နေသောကြောင့် ဝူရွေ့က မေးလိုက်ခြင်းပင်။ သူက အံ့သြစွာဖြင့်။
"မင်းအရိုက်ခံထားရတာလား ဘယ်သူရိုက်လိုက်တာလဲ"
သူကပြောလည်းပြောပြီး အင်္ကျီလက်တွေပါ ခေါက်တင်တော့မလိုပြုကာ...။
"ဒီအစ်ကိုကြီးက မင်းအတွက်ကလဲ့စားချေပေးမယ်"
ရှန့်ဖန်းယွိ၏ ချောမောတင့်တယ်သော မျက်နှာမှာ ရောင်ကိုင်းပွန်းပဲ့နေသောကြောင့် ပုံပျက်ပန်းပျက်ဖြစ်နေသလို အနည်းငယ်ရယ်စရာလည်းဖြစ်နေ၏။
ကံကောင်းထောက်မစွာဖြင့် သူ၏တောက်ပသောမျက်ဝန်းရွှဲတစ်စုံက အကောင်းအတိုင်းရှိနေသေးတာကြောင့် ကျန်းရွှိအား အဓိပ္ပာယ်ပါပါစိုက်ကြည့်ပြီး ဝူရွေ့ကိုလှမ်းပြောလိုက်သည်။
"အစ်ကိုကြီးရဲ့ အချစ်ဆုံးဂျူနီယာညီလေးကျန်းကလွဲရင် ဒီဌာနမှာ ကျွန်တော့်ကို ရိုက်ရဲတဲ့လူဆိုတာ ရှိဦးမှာမို့လို့လားဗျာ..."
ဝူရွေ့ချက်ချင်းအံ့အားသင့်သွားရသည်။
ရှန့်ဖန်းယွိမှာ အပြင်ပန်းအရ ရည်မွန်သည်ထင်ရသော်လည်း လူရိုက်တဲ့နေရာမှာတော့ အညှာအတာမရှိတဲ့ တကယ့်ဆရာကြီး။
ကျန်းရွှိမှလွဲ၍ သူနှင့်လာရှုပ်သည့်မည်သူကမှ သူ့အတွက်ပြိုင်ဘက်ဟုတ်မနေခဲ့။ ထို့အပြင် သူ၏ အရပ်မှာ ရှည်လွန်းတာကြောင့် သာမန်လူကလည်း သူ့ကိုရိုက်ဖို့ဆို အကြောဆန့်ရိုက်မှပဲရမည်။ မျက်နှာကိုရိုက်နိုင်ဖို့ဝေးစွ၊ ထိတောင်မထိရသေးခင် ပခုံးကနေ ကိုင်ပေါက်ခံရမှာပင်။
ကျန်းရွှိ ကြက်သားစွပ်ပြုတ်ထဲမှ မုန်လာဥဖြူအား ဇွန်းဖြင့်မွှေလိုက်ရင်း "မင်းနဲ့တန်တယ်"
ဝူရွေ့က သူတို့နှစ်ယောက် အခြေအတင်ဖြစ်နေပြန်ပြီကိုမြင်လိုက်ရတာကြောင့်
"မင်းဘာလို့ရှောင်ရွှိကို ဒေါသထွက်နေရပြန်တာလဲ"
"ကျွန်တော်ကဘာလို့သူ့ကိုဒေါသထွက်ရမှာလဲ"
ရှန့်ဖန်းယွိက ခုခံသည်။
"အစ်ကိုသာ သူ့ကို အကြောင်းမရှိကာကွယ်ပေးနေတာ"
ဝူရွေ့ကပြောသည်။
"မင်းသူ့ကိုဆို အမြဲဒေါသထွက်နေတာပဲ ငါမြင်နေလို့ပါကွာ"
ရှန့်ဖန်းယွိက ကျန်းရွှိအား ကြည့်လိုက်ပြီး
"အစ်ကိုက ကျွန်တော်သူ့ကိုဒေါသထွက်နေတာပဲမြင်တာကို သူကျွန်တော့်ကို ဒေါသထွက်နေတာမှမမြင်တာ၊ အစ်ကို့အချစ်ဆုံးဂျူနီယာညီလေးကျန်းကသာ တကယ့်ဒေါသအိုးကြီးဗျ"
"မင်းကတော့ တစ်နေကုန်ကလေးကြီးလို ပူပူညံညံတွေလုပ်နေပြန်ပြီ"
ဒါရိုက်တာချွေ့ တံခါးရှေ့တွင် ရုတ်တရက်ပေါ်လာပြီး သူတို့စကားဝိုင်းကိုဝင်နှောင့်လိုက်သည်။
ဆရာဝန်များက ဒါရိုက်တာချွေ့ အားနှုတ်ဆက်လိုက်ကြသည်။ "ဒါရိုက်တာကြီး"
ဒါရိုက်တာချွေ့က အိန္ဒြကြေီးစွာပြုံးကာ ခေါင်းညိတ်လိုက်ပြီး ရန်ဖြစ်နေသော ဆရာဝန်နှစ်ဦးထံ လှည့်လာသည်။ "ကျန်းရွှိနဲ့ ရှန့်ဖန်းယွိ မင်းတို့တွေ နောက်ရက်အနည်းငယ်ဆို အားနေကြတော့မှာ ငါ့ရုံးခန်းကို အတူလာခဲ့ကြ" သူမ၏ လှုပ်ရှားမှုများမှာ အမြဲလို ပေါ့ပါးနေကာ စကားပြောပြီးသည်နှင့် ထွက်သွားတော့သည်။
လူအုပ်ကတော့ အတင်းအဖျင်းဆိုချင်သော အမူအယာများဖြင့်ကျန်ခဲ့ကြပြီး သတ္တိခဲများက ချက်ချင်းစနောက်လိုက်ကြသည်။
"ဒါရိုက်တာချွေ့ကလည်း ကျောင်းသားစုံတွဲကို ဖမ်းမိသွားတဲ့ အတန်းပိုင်ဆရာမကြီးကျနေတာပဲ..."
ကျန်းရွှိနှင့် ရှန့်ဖန်းယွိ : "........"
နှစ်ဦးစလုံး တစ်ချိန်တည်း ခေါင်းကို ချာခနဲလှည့်လိုက်ပြီး နောက်စေ့ချင်းသာဆိုင်ထားလိုက်တော့သည်။
"ဒါရိုက်တာကျောက် ဘာကိစ္စရှိလို့လဲရှင့်"
ခုနမှ ထွက်လာသော ဒါရိုက်တာချွေ့က ရုတ်တရက်မေးလိုက်သည်။
အခန်းထဲရှိ ဆရာဝန်များက စကားသံကြောင့် ခေါင်းမော့ကြည့်လိုက်တော့ အရေးပေါ်ဌာန ဒါရိုက်တာကျောက်က တံခါးပေါက်ဝမှာ ဆရာဝန်မျက်နှာသစ်လေးတစ်ဦးနှင့်တွဲရပ်နေတာ မြင်လိုက်ရသည်။
ဒါရိုက်တာကျောက်က ဒါရိုက်တာချွေ့ကို တန်ပြန်နှုတ်ဆက်လိုက်ကာ သူ့ဘေးမှ ဆရာဝန်ငယ်လေးအား အသာအယာဖက်ရင်း ရှင်းပြလိုက်သည်။
"သူ့ကို ဒေါက်တာကျန်းနဲ့တွေ့ပေးဖို့ခေါ်လာတာ"
ဒါရိုက်တာချွေ့က အခန်းထဲကို ညွှန်ပြကာပြောလိုက်သည်။ "ကျန်းရွှိအထဲမှာပါ ဝင်သွားလိုက်နော်"
ပြောပြီး သူက အမြန်ထွက်သွား၏။
အခန်းထဲမှလူအားလုံးက အပြင်ဘက်ရှိ လူသုံးဦး၏စကားသံကို နားစွင့်နေကြပြီး အချင်းချင်း မယုံကြည်နိုင်စွာကြည့်နေကြသည်၊ သူတို့မရေမရာဖြစ်နေချိန် ဆရာဝန်လေးက ကျန်းရွှိဆီသို့ တည့်တည့်မတ်မတ်လျှောက်လာကာ...
"တောင်းပန်ပါတယ် ဒေါက်တာကျန်း၊ ကျွန်တော် မနေ့က အရမ်းနှောင့်ယှက်မိသွားတယ်"
ကျန်းရွှိက ဆရာဝန်လေးကို မှတ်မိသွားသည်။ သူက စွပ်ပြုတ်ပန်းကန်ကိုချလိုက်ပြီး "မင်းကငါ့ကိုတိုင်မလို့ဆို.."
အစကစိတ်လိုက်မာန်ပါပြောခဲ့မိသော စကားများကို ပြန်သတိရမိသွားတော့ လျှို့ရန်မျက်နှာက နီရဲသွားသည်။ "ကျွန်တော် အတွေ့အကြုံနည်းလို့ပါ ကျွန်တော်ကစာအုပ်ထဲက အကြောင်းတွေပဲစဉ်းစားမိပြီး..." လူတိုင်း၏ ဟန်ဆောင်ပြုံးတွေကိုမြင်တော့ သူ့အသံက တိုးသထက်တိုးတိမ်သွားရင်း...
"ကျွန်တော်မှားပါတယ် ဒေါက်တာကျန်း"
အရေးပေါ်ခန်း၌ လူအများအပြားရှိနေခဲ့တာကြောင့် မနက်တုန်းက အရေးပေါ်ဌာနက ဆရာဝန်လေးက ကျန်းရွှိနှင့် သဘောထားကွဲလွဲကာ တိုင်မည်တောမည်ပြုကာ ခြိမ်းခြောက်ခဲ့သည်ကို အားလုံးလည်းကြားလိုက်ကြသည်ပင်။ ထို့ကြောင့် ၎င်းကိုကြားလိုက်ရတော့ စောင့်ဆိုင်းခန်းထဲရှိဆရာဝန်များမှာ အခြေအနေအရပ်ရပ်ကို သဘောပေါက်သွားကြသည်။
"ကျန်းရွှိ"
ဒါရိုက်တာကျောက်က ဝင်ဖြေရှင်းသည်။
"ဒီကလေးက မနက်တုန်းက ငါ့တံခါးနားမှာ တဝဲလည်လည်လုပ်နေတာ သူဘာဖြစ်လဲငါမေးတော့မှ မနေ့ကအကြောင်းသိရတယ် သူက မင်းကိုတောင်းပန်ချင်နေတာပါ၊ ဒါပေမဲ့ ဘယ်လိုစပြောရမှန်းမသိဖြစ်နေလို့ မင်းကိုတွေ့ဖို့ ငါဒီခေါ်လာခဲ့တာပဲ"
သူကဆိုသည်။
"ရှောင်လျှို့ကငယ်ပြီး အတွေ့အကြုံသိပ်မရှိတော့ လူနာမိသားစုဘက်ကပြောသမျှကို အဟုတ်ထင်နေတာပါ၊ မင်းစိတ်ထဲမထားပါနဲ့တော့..."
"အတွေ့အကြုံလို့သာမှတ်ထားပါ"
ကျန်းရွှိက ရှောင်လျှို့ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
"မင်းငါ့ကိုတောင်းပန်စရာမလိုဘူး"
"စီနီယာဆရာဝန်ကို မေးခွန်းထုတ်ရဲတာ ကောင်းပါတယ်"
ဝူရွေ့က မြေကြီးထဲခေါင်းစိုက်ဝင်မလိုဖြစ်နေသော လျှို့ရန်ကို လှမ်းကြည့်ကာ ရွှတ်နောက်နောက်လှမ်းပြောလိုက်သည်။
"ဒါပေမဲ့ နောက်တစ်ခါ သူများကို မေးခွန်းထုတ်တော့မယ်ဆို စာအုပ်ထဲမှာ အဲ့လိုရေးထားလို့ လို့တော့ မပြောမိစေနဲ့ပေါ့ကွာ..."
သူပြောပြီးသွားတာနဲ့ အခန်းထဲမှ ဆရာဝန်အားလုံးရယ်လိုက်ကြသည်။
"ကောင်လေး"
ဝူရွေ့က ညင်သာသောလေသံဖြင့်
"စာအုပ်တွေက ဆရာဝန်တစ်ဦးရဲ့အလုပ်အကိုင်ကို အလုံးစုံမဖော်ပြနိုင်ဘူး၊ မင်းစာတွေကြိုက်သလောက် ဖတ်လို့ရပေမဲ့ အခြေအနေအလိုက်ပြုမူတတ်ဖို့လည်းလိုတယ်၊ ဖော့စ်ဖောရက်အဆိပ်သင့်တယ်ဆိုတာ ငါတို့မြို့မှာ မရှိတော့သလောက်ပဲ ပြီးတော့ ငါတို့ဆေးရုံကလည်း မြို့လယ်ခေါင်မှာမို့ ရွာနီးခြောက်စပ်ဆေးရုံတွေလို အဲ့လိုအဆိပ်သင့်တာတွေကရှားတယ်၊ ပြီးတော့ လူနာမိသားစုကလည်း တမင်ဖုံးကွယ်ထားသေးတာ အဲ့တော့ မင်းအနေနဲ့ အတွေ့အကြုံမရှိတော့ မှားပြီး ကောက်ချက်ချမိတာ ပုံမှန်ပါပဲ"
ငယ်ရွယ်သောဆရာဝန်လေး၏ ထိခိုက်နေသောနှလုံးသားအားနှစ်သိမ့်ရန်အလို့ဌာ သူ့ဂျူနီယာညီလေး၏အတိတ်အကြောင်း ဖောက်သည်ချလိုက်သည်။
"ဒေါက်တာကျန်းရဲ့လျင်မြန်မှုကိုပဲ မကြည့်နဲ့ သူက နယ်တွေကို နှစ်နှစ်လောက်ခြေချင်းထပ်အောင်သွားခဲ့သလို၊ အပတ်တိုင်းလည်း ပရဟိတဆေးခန်းတွေသွားရင်းနဲ့ကမှ အတွေ့အကြုံတွေရလာတာ"
"အဲ့လိုကိုး"
လျှို့ရန်က သူ့အင်္ကျီအနားစကို ဆွဲထားပြီး ခဏကြာတော့မှ ပြောလာ၏။
"ကျေးဇူးတင်ပါတယ် ဒေါက်တာကျန်း"
သူသာ လူနာ၏နာမကျန်းမှုက ဖော့စ်ဖောရက်အဆိပ်သင့်မှုကြောင့်ဟု မသိခဲ့ပါက လျှို့ရန်မှာ ရောဂါမှားယွင်းကောက်ချက်ချမှုဖြင့် တရားစွဲခံရမည်ဖြစ်သည်။ ယနေ့ခေတ်လို ဆေးပြဿနာများထူထဲများပြားနေသောခာတ်မှာ မည်သည့်အမှားမျိုးမဆို ဆရာဝန်တစ်ယောက်၏ အလုပ်အကိုင်ကို ဖျက်ဆီးပစ်နိုင်ပေသည်။
" ကဲပါ အရမ်းစိုးရိမ်နေဖို့ မလိုပါဘူး" ရှန့်ဖန်းယွိက ဘေးမှရယ်လိုက်ကာ "နောက်ပြီး ကျန်းရွှိက မင်းကို အငြိုးထားပြီး အနာဂတ်မှာ ဒုက္ခပေးမှာလည်း ကြောက်နေစရာမလိုဘူး၊ ငါပြောရဲတယ် ကျန်းရွှိက မင်းနာမည်ကိုတောင် ရက်နည်းနည်းနေရင် မေ့သွားတော့မှာ"
သူက ပုံကြီးချဲ့ပြောလိုက်ခြင်း ဖြစ်လင့်ကစားလျှို့ရန်ရယ်မိသွားပြီး လေထုကလည်း ပေါ့ပါးလာသည်။
လျှို့ရန်က ကျန်းရွှိအား နောက်ဆုံးတစ်ခါ ခါးကိုင်းဦးညွှတ်လိုက်ပြီး "ကျွန်တော်ပြန်ပြီး သင့်တော်တဲ့မှတ်တမ်းရေးလိုက်ဦးမယ် ပြီးမှ ဒေါက်တာနဲ့ ဒါရိုက်တာကျောက်တို့စစ်ကြည့်လို့ရအောင် လာပို့တော့မယ်နော် ကျွန်တော်အနာဂတ်ကျ ဒေါက်တာ့လို ဆရာဝန်မျိုးဖြစ်နိုင်အောင် ကြိုးစားလိုက်ပါဦးမယ်"
ကျန်းရွှိက ဒီလို တက်ကြွလှသောချီးကျူးမှုကို အသားမကျသည်မို့ တစ်ခဏနေမှ အေးအေးဆေးဆေး ဆိုလိုက်သည်။
"ကောင်းပါပြီ ငါဖတ်ပြီးရင် မင်းကိုမှတ်မိနေမှာပါ"
လျှို့ရန်- "ဗျာ"
"မင်းကိုမှတ်ထားပြီး မင်းပန်းတိုင်ရောက်သလားဆိုတာ စောင့်ကြည့်မယ်လို့ပြောတာ"
လျှို့ရန်၏မျက်လုံးများ တစ်မုဟုတ်ချင်းတောက်ပသွားကာ ကြက်သွေးအထိုးခံလိုက်ရသဖြင့် သုံးညဆက်တိုက်မအိပ်ဘဲ နေနိုင်သလိုပင်ခံစားသွားရသည်။ "ကျွန်တော်နားလည်ပါတယ်၊ ကျွန်တော်ကြိုးစားမှာပါ ပရဟိတဆေးခန်းကိုလည်း အခုပဲသွားလျှောက်ထားလိုက်တော့မယ်"
သူပြောအပြီး သူ၏ဂျူတီကုတ်အဖြူကို တင်းကြပ်စွာဆုပ်ကိုင်လျက် နားနေခန်းမှထွက်သွားတော့သည်။
သူထွက်သွားတော့ ဝမ်ရွေ့က သက်ပြင်းချကာ ငြီးငြူသည်။
"လူငယ်လေးတွေကတော့ အားအင်တွေပြည့်ဝနေရောပဲ ငါလည်း အားလပ်ရက်လေးယူလိုက်ရမှာ..."
"အစ်ကိုဝူကလည်း အရမ်းမကြီးသေးပါဘူးဗျာ"
ရှန့်ဖန်းယွိက ကိုယ့်ကိုယ်ကိုယ်သနားနေရှာသော ဝူရွေ့အား နှစ်သိမ့်လိုက်ပြီး ကျန်းရွှိဘက် တစ်ဖန်ပြန်လှည့်လာပြန်သည်။ "မင်းက ကြက်သားစွပ်ပြုတ်လည်း ကျွေးတတ်သေးတာပဲနော်" (သူများကိုအားပေးတတ်တာကိုဆိုလို)
သူ့ဆီကယခုလိုမျိုး အဆက်ဆံမခံရဖူး သော ဒေါက်တာရှန့်က ချဉ်တူးစွာ ဆက်ပြောပြန်သည်။ "မင်းက လူတွေကို ခနဲ့တတ်တယ်ပဲ ထင်ထားတာ"
ကျန်းရွှိက သူ့ရှေ့မှ တစ်ဝက်ကုန်ထားပြီးသော ကြက်သားစွပ်ပြုတ်ကို မေးငေါ့ပြလိုက်သည်။
"မင်းသောက်ချင်လို့လား"
ကြက်သားစွပ်ပြုတ်ပန်းကန်တစ်ဝက်ကျန်နေသေးသည်ဖြစ်ရာ စကားပြောလို့ပြီးသွားသည့်အခါ စွပ်ပြုတ်ကအေးနေပြီး အညှီနံ့ကသိသာလာသည်။ ကျန်းရွှိမှာ ဇွန်းဝက်လောက်ထပ်သောက်ပြီးတော့ အော်ဂလီဆန်လာရပြန်သည်။
"မင်းမသောက်တော့ဘူးလား"
ရှန့်ဖန်းယွီက ဆိုသည်။ "မင်းက သူများအသက်တွေကိုကယ်ပြီး ဒဏ်ရာတွေကုစားပေးနေတဲ့ဆရာဝန်ကောင်းတစ်ယောက်ပဲကို ဘာလို့ကြက်မကြီးရဲ့ ဘဝကိုကျ အလဟဿလုပ်ချင်ရတာလဲ"
ကျန်းရွှိက သူ့အား ဗလာသက်သက်ကြည့်လိုက်ကာ ဇွန်းကိုပြန်ကိုင်လိုက်ပြီး ပန်းကန်ထဲက ကြက်သားဖြူဖြူကို စိတ်ရှုပ်စွာကြည့်လိုက်သည်။ သို့ပေမဲ့ ကြည့်လေကြည့်လေ သူ့မှာ ပို၍သာ အော်ဂလီဆန်လာရသည်။ နောက်ဆုံး မထိန်းနိုင်တော့ဘဲ ရုတ်တရက်ပျို့အန်မိလေ၏။
ဟာသလုပ်နေခဲ့သော ရှန့်ဖန်းယွိမှာ ချက်ချင်းအသိဝင်လာပြီး အနည်းငယ်ရှက်သွားရကာ
"မင်းရဲ့ခန္ဓာကိုယ်...အဆင်ပြေသေးရဲ့လား"
"ငါကမင်းထက်အသက်ရှည်အောင်နေဦးမှာ"
ကျန်းရွှိက ပုံမှန်အတိုင်းပင်။
"မဟုတ်ဘူးလေ...မင်းရဲ့ပုံစံက"
ကျန်းရွှိ၏ မျက်တောင်များ တုံ့ခနဲဖြစ်သွားကာ သူပြောချင်သည့်စကားကို ချက်ချင်းနားလည်လိုက်သည်။
ရှန့်ဖန်းယွိမေးချင်သည်မှာ ကိုယ်ဝန်ရှိစ လက္ခဏာများကို ဆိုလိုခြင်းပင်။
ရှန့်ဖန်းယွိ၏မျက်ဝန်းများက ကြက်သားစွပ်ပြုတ်အပေါ်ကျရောက်သွားသည်။ သူကရှေ့ကိုကိုင်းကာ အသံတိုးလျက်ဆို၏။ " ငါကဒီတိုင်းပဲပြောလိုက်တာပါ မင်းမသောက်ချင်ရင် မသောက်နဲ့တော့ ကြက်မကြီးက မင်းကိုမနှောင့်ယှက်နိုင်ပါဘူး"
ကျန်းရွှိ: "......."
"မင်းဘာစားချင်လဲ"
ရှန့်ဖန်းယွိက ပြောသည်။ "ငါမင်းအတွက် သွားဝယ်ပေးမယ်"
"မလိုပါဘူး"
ရှန့်ဖန်းယွိက သဘောမတူ
"ကိုယ်ဝန်ဆောင်တယ်ဆိုတာ အင်နာဂျီအရမ်းကုန်တယ် သွေးတွင်းဂလူးကို့စ်လျော့နည်းမှုမဖြစ်ချင်ရင် ပြောသလိုလုပ် ဟုတ်ပြီလား"
အခြားဆရာဝန်များကစားသောက်နေရင်း ကျန်းယွင်၏ ဆန်ကုန်မြေလေးခင်ပွန်းအကြောင်းပြောနေကြကာ ယခုမူထိုအတင်းအဖျင်းများက လေထုထဲပျောက်သွားရပြီး ရှန့်ဖန်းယွိနှင့် ကျန်းရွှိအနားတွင်သာ သိမ်မွေ့နက်နဲသော သံလိုက်စက်ကွင်းတစ်ခုဖြစ်ပေါ်နေသလိုပင်။
လေထုက ရုတ်တရက် ကြောင်သက်သက်နိုင်လာပြီး ကျန်းရွှိက နှုတ်ခမ်းစူလိုက်သည်။ ထူးဆန်းနေသည်က သူနှင့် ရှန့်ဖန်းယွိမှာ အတွဲများလိုပင်၊ ငယ်ရွယ်သော ဖခင်လောင်းလေးက သူ၏ ဇနီးမယားအသစ်ကျပ်ချွတ်အား အလုပ်ခွင်ပင်မရှောင် တအားဂရုစိုက်နေပုံပေါက်နေသည်။
သို့သော် မည်သူကမှ ထိုသို့ ပြောရဲကြမည်မဟုတ်ပေ။
ကျန်းရွှိဖြည်းညှင်းစွာအသက်ရှူထုတ်လိုက်ပြီး ဦးခေါင်းကို အနည်းငယ်မော့ကာ သူ့ရှေ့က စားပွဲခုံကိုသာ မလှုပ်မယှက်ကြည့်နေလိုက်သည်။ သူ၏ မေးရိုးကို တင်းထားတာကြောင့် ခန့်ညားသော အသွင်သဏ္ဌာန်ပေါ်လွင်နေသည်။
တအောင့်ကြာသွားတော့မှ သူကတစ်ခွန်းပြောလာသည်။ "အလုပ်ရှုပ်မခံနဲ့" ရှန့်ဖန်းယွိ၏ အကြည့်အောက်တွင် သူကြက်စွပ်ပြုတ်ကိုသာ အပြီးသောက်ကာ နားနေခန်းမှ ထွက်သွားတော့သည်။
ရှန့်ဖန်းယွိက သူ၏ အနည်းငယ် ကသောကမျောနိုင်နေသော ခြေလှမ်းတို့အား ငေးကြည့်လျက် နေရာမှာပဲကျန်နေခဲ့သည်။ သူ၏ မက်မွန်ပွင့်မျက်လုံးဝိုင်းတွေက မင်ရည်စိမ်ထားသလို တောက်ပနေသော်ငြား ခံစားချက်ကိုမမြင်ရပေ။
ခဏကြာတော့ ကျန်းရွှိ၏ အရိပ်ကလေး ပျောက်ကွယ်သွားခါမှ သူအားမလိုအားမရစွာ ခေါင်းခါလျက်ပြောလိုက်သည်။
"မင်းဘာလို့များ ခေါင်းသိပ်မာရတာလဲကွာ"