Chapter 17
ဂရုစိုက်ပေးခြင်း
အစိမ်းရောင် အရေးပေါ်ခွဲစိတ်အိတ်ကိုဖွင့်လိုက်သည်နှင့် နူးညံ့သော ပိတ်သားဖြူတစ်လွှာပေါ်လာသည်။ သူနာပြုမလေးက များပြားလှသည့် ခွဲစိတ်ရေးသုံးကိရိယာများကို တချွင်ချွင်ဖြင့် ပိတ်စစိမ်းပေါ်၌ စီတင်နေသည်။
မေ့ဆေးဝင်သွားပြီဟု အတည်ပြုပြီးသည်နှင့် ကျန်းယွင်၏ ဝမ်းဗိုက်ကို လှစ်ဟလိုက်ပြီး ပိုးသတ်တဘက်များကို ခွဲစိတ်ခံအစိတ်အပိုင်းမှလွဲ၍ ကျန်နေရာများပေါ် လွှမ်းထားလိုက်သည်။
ခွဲစိတ်ခန်းထဲတွင် နာရီသံတချောက်ချောက်မြည်လျက် အချိန်တွေကုန်ဆုံးသွားသည်။
သန္ဓသေားအသက်ရှူလမ်းကြောင်း အန္တရာယ်ဖြစ်နိုင်ချေ များလွန်းသောကြောင့် တစ်စက္ကန့်မြန်နိုင်လေအသက်ရှင်ဖို့ မျှော်လင့်လို့ရလေဖြစ်နေသည်။
ကျန်းယွင်၏ ခန္ဓာကိုယ်ကို ခွဲစိတ်ခန်းသုံးဓားထက်ထက်ဖြင့် ဖွင့်လိုက်ကာ ငွေရောင်ယင်းသားဓားက အရိပ်မဲ့သော အဖြူရောင်မီးအိမ်အောက်ဝယ် ထက်ရှနေသည်။ ကျန်းရွှိ၏ လှုပ်ရှားမှုများမှာ ပြတ်သားမြန်ဆန်လှသည်။ ရှန့်ဖန်းယွိ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် အချက်တိုင်းကို တိကျသေသပ်စွာ ဆောင်ရွက်နေနိုင်သည်။ ရှန့်ဖန်းယွိက သူအသံတစ်ချက်ပင်ပြုစရာမလိုဘဲ သူ့အတွက် နောက်တစ်ဆင့်ကို ပြင်ဆင်ထားပေးပြီးသားပင်။
ကလေးခွဲထုတ်ခြင်းမှာ ခက်ခဲသောခွဲစိတ်မှုမဟုတ်သော်လည်း အထူးလျင်မြန်မှုနှင့် တိကျမှုတို့လိုအပ်လေရာ စိတ်ပိုင်းဆိုင်ရာအရည်အချင်းရော ခွဲစိတ်မှုစွမ်းရည်ပါ အထူးလိုအပ်လှသည်။
ကျန်းရွှိ၏ နည်းပညာမှာ အလွန်ထက်မြက်ကာ လှုပ်ရှားမှုတစ်ခုချင်းစီက မြန်ဆန်တိကျသည်။ သူ၏နဖူးပြင်ပေါ်၌ ချွေးများ အပြည့်ဖုံးနေပြီး ရာဘာလက်အိတ်အောက်ရှိ လက်ချောင်းတွေမှာလည်း ချွေးစို့နေကြသည်။
ခွဲစိတ်ခန်းက အလွန်အမင်းတိတ်ဆိတ်နေကာ ချန်းချီမှာ ဦးဆောင်သူဆရာဝန်နှစ်ဦး ဘာအတွေးတွေးနေမှန်း မသိနိုင်တော့။ သူ့အနေဖြင့် ဆရာဝန်နှစ်ဦး အလွန်လျင်မြန်စွာ၊ လိုက်ဖက်ညီစွာ တွဲဖက်လုပ်ကိုင်နေသည်ကိုသာ မြင်ရပြီး နှစ်ဦးစလုံး၏ မျက်နှာပေါ်၌ အလောသုံးဆယ်နိုင်နေမှုကို မမြင်ရပေ။ သူ့မှာတော့ ရင်ဘတ်ထဲက နှလုံးက လည်ချောင်းမှတဆင့် ခုန်ထွက်လာမတတ်ပင်ဖြစ်နေသည်။ သူ၏ ဘွဲ့ထုချေလွှာအတွက် အင်္ဂလိပ်လိုတင်ပြချက်လုပ်တုန်းကပင် ခုလိုစိုးထိတ်မနေခဲ့ဖူးပါ။
ချန်းချီသည် မျက်လုံးပင့်လိုက်တိုင်း ခေါင်းဖြတ်စက်ကို ကြည့်နေရသကဲ့သို့ပင် သန္ဓသေားနှလုံးခုန်နှုန်းမော်နီတာကို ထပ်ခါထပ်ခါကြည့်နေမိသည်။ သူ့မှာ ရင်ဖိုခြင်းဖြင့် ပျာယာခတ်ကာမွန်းကြပ်နေသည်။ ဂျူနီယာလက်ထောက်တစ်ဦးအနေဖြင့် များပြားသောအလုပ်အချိန်ဇယား၏ ဖိစီးမှုကို အလွန်တရာခံစားနေရသည့်အပြင် ကျန်းရွှိ ရှန်းဖန့်ယွိတို့နှင့် တွဲလုပ်ရသောကြောင့် ပိုပြီး စိတ်ဖိစီးနေရတာဖြစ်၏။
အရေးပေါ်ခွဲစိတ်ခန်းရှိ လူတိုင်း၏မျက်နှာများမှာ လေးလံလျက် တိတ်ဆိတ်နေသော ကိရိယာတန်ဆာပလာများ၏ အသံများမှလွဲကာ အပ်ကျသံမှပင် မမြည်ပေ။
ခဏအကြာမှာတော့ ကလေးငယ်လေး၏ ဖျော့တော့သော ငိုရှိုက်သံလေးက ခွဲစိတ်ခန်းလေထုအားထိုးခွင်းလိုက်လေသည်။ ကျန်းရွှိက တွန့်လိမ်နေသော ကလေးလေးအား ဆွဲထုတ်လိုက်ပြီး ရှန့်ဖန်းယွိက ချက်ကြိုးဖြတ်လိုက်ကာ အချင်းဖယ်လိုက်ပြီး အထုံးထုံးလိုက်သည်။
ခွဲစိတ်မှုက အဆင်ပြေချောမွေ့စွာပင် ပြီးမြောက်သွားခဲ့လေပြီ။
ခွဲစိတ်ခန်းတစ်ခန်းလုံး၌ တင်းမာနေသော လေထုမှာ တစ်ခဏအတွင်း ပြေလျော့သွားပြီး လူတိုင်း၏ မျက်နှာပေါ်ဝယ် ထိန်းမရသောအပြုံးတို့ဖြင့် ပြည့်လျှမ်းသွားသည်။
ကျန်းရွှိမျက်နှာကို ဖုံးထားသောmaskမှာ စိုစွတ်နေပြီး အနည်းငယ်ပိတ်လှောင်နေသည်။ ကျန်းရွှိ အသက်ဝဝရှူလိုက်ရင်း ခွဲစိတ်ခန်းတွင်းမှနာရီအား လှမ်းကြည့်လိုက်ကာ ပုံမှန်လိုပင် ပြောလိုက်သည်။ "စံချိန်ချိုးသွားတယ်"
"ပထမလက်ထောက်ကိုပဲကြည့်လိုက်လေ"
ရှန့်ဖန်းယွီက အထုံးထုံးနေရင်း ပြုံးရွှင်စွာဆိုသည်။
"ငါ့ကိုသာ မင်းလက်ထောက်မလုပ်ခိုင်းလိုက်ရင် စံချိန်ချိုးဖို့ ခက်မှာပဲ"
သူပြုံးလိုက်သောအခါ ထင်းခနဲဖြစ်သွားသော သူ့အောက်မျက်ခမ်းလေးကြောင့် ကျန်းရွှိမှာ တစ်ခဏတာ မင်သက်မိသွား၏။
ကလေး၏အခြေအနေမှာ အကောင်းကြီးမဟုတ်သော်ငြား ခွဲစိတ်မှုလျင်မြန်စွာဆောင်ရွက်လိုက်တာကြောင့် အသက်ရှူစနစ်မှာ လုံးလုံး မထိခိုက်သွားဘဲ ငိုသံများပင် ပြုနိုင်နေခြင်းဖြစ်သည်။
မိခင်နှင့်ကလေးက ဆက်နွယ်နေသည်လားမသိ၊ သတိလစ်နေခဲ့သော ကျန်းယွင်မှာ ရုတ်တရက် မျက်လုံးများကို ဖြည်းညင်းစွာဖွင့်လှစ်လာသည်။
ကျန်းရွှိ၏အမြင်အာရုံသည် ကျန်းယွင်အပေါ် ဆက်တိုက်တည်မြဲနေတာကြောင့် သူနိုးလာသည်ကို တစ်ချက်ကြည့်ရုံဖြင့်ပင် မြင်လိုက်ရ၏။
"၂.၁ကီလိုရှိပါတယ် မိန်းကလေးပါ"
ကျန်းရွှိက မည်သည့်ရှုပ်ထွေးသော ဝေါဟာရမှမပါဝင်ဘဲ ကျန်းယွင်ကို ပြောလိုက်သည်။ ကျန်းယွင်မှာ ခန္ဓာကိုယ်ထဲ၌ ယခုထက်တိုင် ပိုက်သွင်းထားရဆဲဖြစ်တာကြောင့် အသံမပြုနိုင်ပေ။ ကျန်းရွှိက ကလေးငယ်အား ကျန်းယွင်မြင်နိုင်စေရန် ချီပြလိုက်တော့ သူမ၏ မျက်ဝန်းထဲမှ မျက်ရည်တစ်စ စီးကျလာခဲ့လေသည်။
သို့သော်ငြား သေမင်းနှင့်တိုက်ပွဲက အဆုံးမသတ်သေး။ ကလေးခွဲထုတ်ခြင်း၏ အချိန်အကြာဆုံးအပိုင်းက ဗိုက်ခွဲခြင်းမဟုတ်၊ ချုပ်ရိုးပြန်ဆက်ခြင်းပင်။
မွေးကင်းစကလေးပါရဂူကြီးက ချည့်နဲ့နေသော ကလေးငယ်အား ချီမသွားပြီး APGAR Scoring(မွေးကင်းစကလေးကျန်းမာရေးစစ်ဆေးခြင်း)ကို လျင်မြန်စွာဆောင်ရွက်လိုက်သည်။ ကျန်းရွှိလက်ကိုသန့်စင်လိုက်ပြီး ရှန့်ဖန်းယွိထံမှ ခွဲစိတ်အပ်ကိုယူကာ ခွဲကြောင်းကိုပြန်ဆက်ဖို့ အချိန်လုကာလုပ်ရပြန်သည်။ သားအိမ်ကြွက်သားမှသည် အရေပြားဆီသို့ အလွှာ ၇လွှာရှိသည်။ သူ၏လက်များသည် ချုပ်ရိုးပေါ်လာသည်မှအပ လှုပ်ရှားမှုကို မမြင်နိုင်လိုက်ရအောင် မြန်ဆန်လွန်းနေသည်။
ပိုမိုကောင်းမွန်သော ကုသမှုအတွက် ရှန့်ဖန်းယွိက ကလေးပါရဂူနောက်သို့လိုက်သွားပြီး ကလေးကို အသက်ရှူကယ်ဆယ်ရေးအခန်းသစ်သို့ ပြောင်းရွှေ့လိုက်သည်။ ကလေးကိုဖယ်လိုက်တာမြင်ရသည့်အခါ ကျန်းယွင်က အကြာကြီးစိုက်ကြည့်နေမိသဖြင့် နီတွတ်နေသော မျက်လုံးများအား မှိတ်ချလိုက်သည်။
ချုပ်ရိုးထုံးများ ပြီးစီးသွားသောအခါ သူမကို ICUသို့ လေဟုန်ခွင်းသည့်မြှားအလျင်ဖြင့် ပို့ဆောင်ရပြန်သည်။
ICU မှ ဆရာဝန်များ၊ သူနာပြုများက တံခါးနားတွင်စောင့်နေကြပြီး သူတို့ကိုမြင်လိုက်တာနဲ့ ခေါင်းဆောင်ဆရာဝန်၏မျက်လုံးများမှာ အရောင်လက်သွားပြီး..."ဟုတ်ပြီ ကောင်းတယ်၊ မင်းတို့တွေ ဒီလောက်မြန်လိမ့်မယ်မထင်ထားဘူး"
ကျန်းယွင်အား သူ့ဆီမှလွှဲယူလိုက်ရင်း အလာ့ဂျစ်တုံ့ပြန်မှုတွေကို စစ်ဆေးကာ သွေးစစ်ထုတ်ဖို့ ပြွန်တွေ စက်ကိရိယာတွေပြင်ဆင်နေကြသည်။
မျက်စိတစ်မှိတ်အတွင်း ကျန်းယွင်အား အရေးပေါ်ခန်းမှ ခွဲစိတ်ခန်းသို့၊ ထိုမှသည် ICUသို့ လက်မတင်လေးရွှေ့ပြောင်းလိုက်ကြသည်။
ကျန်းရွှိ ကုတင်ပေါ်မှအမျိုးသမီးအားငုံ့ကြည့်လိုက်သည်။ သူမ၏ခြေထောက်တွင် ပြွန်တစ်ခုချည်ထားပြီး ရောင်ရမ်းမှုဖြေဆေးပုလင်းကို လက်မှာချိတ်ထားသည်။ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးပေါ်၌ ပြွန်တွေ၊ မော်နီတာစစ်ဆေးရေးကိရိယာတွေပေါင်းစုံတပ်ဆင်ထားပြီး ခြေတွေလက်တွေမှာ ပွန်းပဲ့ရာတွေနှင့်ပြည့်နေသည်။
သွေးစစ်ထုတ်ခြင်းဆောင်ရွက်ပြီးသည်နှင့် ခွဲစိတ်ခန်းထဲမှ ဆေးအကူများ မော်နီတာမှ အပြောင်းအလဲများနှင့် ကျောက်ကပ်တွင်းမှ အရည်ပိုအရောင်များကို တိတ်တဆိတ်စစ်ဆေးကြည့်ရှုနေကြသည်။
ကျန်းယွင်က ရုတ်တရက် နှုတ်ခမ်းကိုလှုပ်ရှားလာသည်။
သူမသတိမေ့မြောနေရာမှ ပြန်လည်နိုးထလာချိန်မှာ သူနာပြုတွေက ပါးစပ်ပေါ်မှ အချွဲအကျိတွေကို သန့်စင်ပေးနေတာဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် ပြင်းထန်သော အဆိပ်အန်ခြင်းကိုတော့ မခံစားခဲ့ရပေ။
ပြွန်သွင်းခြင်း၏ အကျိုးဆက်အနေဖြင့် အသံမထွက်နိုင်သော်ငြား သူမ၏နှုတ်ခမ်းလှုပ်ရှားမှုမှတဆင့်တော့ ခန့်မှန်း၍ရနိုင်သေးသည်။
"ကျွန်မကိုကယ်ပေးပါ"
ရှင်သန်ခြင်းနှင့် သေဆုံးခြင်းနယ်နိမိတ်ရှိ လူနာပေါင်းများစွာက ကျန်းရွှိအား ထိုစကားကိုပြောကြသည်ပင်။ ထို့ကြောင့် ကျန်းရွှိမှာ ထိုနှုတ်ခမ်းလှုပ်ရှားမှုကို တစ်ချက်ကြည့်လိုက်ရုံဖြင့် နားလည်နိုင်နေပြီဖြစ်သည်။
ကျန်းရွှိ သူမလက်မောင်းကို ကြည့်လိုက်ပြီး ကိရိယာတန်ဆာပလာများစုံစိနေသောလက်မှ နေရာလွတ်လေးအား လှုပ်ယမ်းလိုက်သည်။ သူမအားမျက်လုံးပြန်မှိတ်သွားခဲ့ပြီး ပြန်လည်အိပ်ပျော်သွားခဲ့သည်။
"မင်းတို့ပင်ပန်းသွားကြပြီ အားလုံးသွားနားကြပါတော့"
ICU ဒေါက်တာကပြောလာသည်။
"အခု ဒါကငါတို့အပိုင်းဖြစ်သွားပြီ"
လူနာတွေကို အထူးကုသမှုပေးနိုင်ရန် ICUမှာတစ်ချိန်တည်း၌ လူများနေပါက အဆင်မပြေသလို ကျန်းရွှိကလည်း သူကျွမ်းကျင်ရာကို အကောင်းဆုံးဆောင်ရွက်ပြီးပြီဖြစ်သောကြောင့်ပင်။ သူခေါင်းငြိမ့်ပြပြီး ဒယိမ်းဒယိုင်ခြေလှမ်းများဖြင့် ICUမှ ထွက်လာလိုက်ကာ ကော်ရစ်ဒါရှိခုံတန်းပေါ် လေးလံစွာလဲကျသွားတော့သည်။
"ဆရာကျန်း ဘာဖြစ်တာလဲ"
ချန်းချီက အလန့်တကြားကြည့်လိုက်သည်။
ကျန်းရွှိသည် အစိမ်းရောင်ခွဲစိတ်ခန်းဝတ်စုံကို ဝတ်ဆင်ထားဆဲဖြစ်ကာ နှုတ်ခမ်းများက အင်မတန် ဖျော့တော့ဖြူဖတ်နေသည်။
ကျန်းရွှိခေါင်းသာခါပြလိုက်သည်။
သူက အစားအသောက်မမှန်သလို အိပ်ချိန်လည်း အလွန်နည်းသောကြောင့် အစာအိမ်ပြဿနာဖြစ်နေတာ ကြာခဲ့ပြီဖြစ်သည်။ အထူးသဖြင့် ကိစ္စတစ်ခုအပေါ် အလွန်အကြူးအာရုံစိုက်ပြီး ဖိစီးမှုတွေဖြစ်နေခဲ့ပြီးမှ အနားယူလိုက်ရလျှင် အစာအိမ်က ချက်ချင်းနာလာတတ်သည်။
သူအခုလေးတင် အရှိန်မြန်ဖို့နှင့် တိတိကျကျ ဆောင်ရွက်ရန်လိုအပ်သော ကလေးခွဲထုတ်မှုပြီးသွားခြင်းဖြစ်သည်။ အဆုံးအထိ ဆွဲဆန့်ခံလိုက်ရသော လေးကြိုးလို အထူးအာရုံစိုက်မှုအပြီးမှာ သူ့အာရုံကြောတွေက ပြတ်လုဆဲဆဲဖြင့် အနားမှအရာများကို သတိမထားနိုင်တော့။
ဇောဖြင့်ဟုန်နေတုန်းက သတိမထားမိ သော်ငြား နားလိုက်မှ ဦးနှောက်အာရုံကြောစနစ်က ရုတ်တရက်ထိခိုက်သွားပြီး အစာအိမ်ကြွက်သားများပါ ချက်ချင်းနာကျင်လာတာကြောင့် ကျန်းရွှိမှာ မူးဝေသွားရတော့သည်။
"လူနာရော အထဲပို့လိုက်ပြီလား"
ရှန့်ဖန်းယွိက ကလေးပြုစုရေးဌာန၌ ကလေးကို အပ်ခဲ့ပြီး အမြန်ပြန်ပြေးလာသည်။ ကျန်းရွှိအဆင်မပြေဖြစ်နေသည်ကိုမြင်လိုက်သည်နှင့် သူတန်းမေးလိုက်သည်။ "အစာအိမ်နာတာလား"
"အထဲပို့လိုက်ပြီ သွေးတောင် စစ်ထုတ်နေကြပြီ"
ကျန်းရွှိစကားမပြောနိုင်မှာစိုးတာကြောင့် ချန်းချီက ဝင်ဖြေလိုက်ခြင်းပင်။
"ငါ့စားပွဲပေါ်မှာ Omeprazole ပုလင်းရှိတယ် ရှောင်ချန်း" ကျန်းရွှိက ချန်းချီအားလှမ်းပြောသည်။
"ငါ့ကိုကူပါဦး..."
သို့သော် တစ်ဝက်တစ်ပျက်ဖြင့် သူ့စကားကရပ်သွားသည်။
ချန်းချီက မရေရာစွာကျန်းရွှိကိုကြည့်လိုက်တော့ သူက အောက်နှုတ်ခမ်းကိုကိုက်လိုက်ကာ
"တော်ပြီ ထားလိုက်တော့"
ရှန့်ဖန်းယွိ၏အကြည့်များက သူ့ထံတွင်ရပ်တန့်သွားသည်။
ကျန်းရွှိဘာလို့စကားပြောင်းလိုက်လဲသူသိနေသောကြောင့်- Omeprazoleဆိုတာ ကိုယ်ဝန်သည်တွေအတွက် တားမြစ်ထားတဲ့ဆေးလေ။
ကျန်းရွှိ၏မျက်နှာမှာ အလင်းအောက်တွင် ဖြူဖျော့နေသည်။ သူက နှစ်ယောက်စလုံးကို အားယူကာပြောလိုက်သည်။
"ငါခဏထိုင်လိုက်ဦးမယ် မင်းတို့လုပ်စရာရှိတာ သွားလုပ်ကြတော့.."
"တကယ်အဆင်ပြေရဲ့လား ဒေါက်တာကျန်း"
ချန်းချီက စိုးရိမ်မှုအပြည့်ဖြင့် ကြည့်နေဆဲ။
"ပြေပါတယ်" ကျန်းရွှိက ချန်းချီနှင့် ရှန့်ဖန်းယွီကို သွားခိုင်းသည့်ဟန် လက်ယမ်းပြလိုက်သည်။
သူ့အနားမှခြေသံတွေ အဝေးရောက်သွားမှ ကျန်းရွှိ သူ့ကိုယ်သူဟန်ကိုယ့်ဖို့ထိန်းထားသည့် နောက်ဆုံးလက်ကျန်အင်အားကိုလျှော့ချလိုက်သည်။ သူပစ်လှဲချလိုက်ပြီး ခန္ဓာကိုယ်ကိုကွေးလိုက်ကာ အသက်ကို ခပ်ပြင်းပြင်းရှူသွင်းပြီး ဖြည်းဖြည်းရှုထုတ်ကာ သူ့အစာအိမ်ထဲမှ မသက်သာမှုအား ဖြေလျှော့စေလိုက်သည်။
သူ့အစာအိမ်ထဲတွင် ကြီးမားလေးလံသော ကျောက်တုံးကြီးတစ်တုံးက အစာအိမ်ပေါ်ရှိ နူးညံ့သောအမြှေးပါးလေးများနှင့် ကြွက်သားများပေါ် ဖိထားသလိုပင်ဖြစ်နေတာကြောင့် သူ့မှာလူးလှိမ့်နေရသည်။ နာကျင်မှုက ပိုဆိုးလာသည်။ ဖိစီးမှုက တစ်စထက်တစ်စလေးလံလာသည်မှာ သူ့အတွင်းအင်္ဂါတွေကို ဓားထက်ထက်တွေဖြင့် ဝင်မွှေနေသလိုပင်။
ရုတ်တရက် ပန်းရောင်ဝက်ခေါင်းပုံလေးနဲ့ ရေနွေးအိတ်လေးက သူ့မျက်စိရှေ့ပေါ်သည်။ ဘယ်သူလာပေးလဲမော့မကြည့်နိုင်သောကြောင့် သူ့အကြည့်မှာ ဝက်ကလေး၏ဖြူစင်သည့်အပြုံးပေါ်၌သာ ရှိနေသည်။
"သူနာပြုဌာနက ရှောင်တင်းဆီကဌားလာတာ၊ မင်းပြီးသွားရင် သူ့ကိုပြန်ပေးလိုက်ဦး..." ရှန့်ဖန်းယွိ၏အသံက ကျန်းရွှိဦးခေါင်းပေါ်မှ ထွက်ပေါက်လာသည်။
"ရေအပူချိန်ကို ချိန်ဆထားလို့ အရမ်းပူမနေဘူး ခဏတော့သုံးလို့ရတယ်"
ကျန်းရွှိကရေနွေးအိတ်ကို တိတ်တဆိတ် လှမ်းယူလိုက်ပြီး ဝမ်းဗိုက်အပေါ်ပိုင်း အဝတ်ပေါ်သို့ ကပ်ထားလိုက်သည်။
သူ့မှာတကယ် ခေါင်းမော့စရာ အင်အားမရှိတော့ပေ။ ချွေးအေးများကျဆင်းနေကာ သူ့မျက်လုံးရှေ့၌ရှိသော ခြေထောက်တစ်စုံနေရာရွှေ့မသွားတာကိုသာ မြင်နေရသည်။
ဘာလို့မသွားသေးတာလဲဟုသူပြောတော့မည်အပြုရှန့်ဖန်းယွိကအရင်ဆိုလာသည်။
"ဟီးရိုးမလုပ်စမ်းပါနဲ့"
ကျန်းရွှိက ဟက်ခနဲရယ်လိုက်ကာ ဖုန်းကိုထုတ်ရန်ပြင်လိုက်သည်။
"ရဲခေါ်မလို့ဆို ငါခေါ်ပြီးသွားပြီ ရေနွေးအိတ်ဖြည့်နေတုန်းက...ခဏနေဆို ရောက်လာကြလိမ့်မယ်"
ရှန့်ဖန်းယွိက ဆိုသည်။
သူလုပ်တော့မည်ကို ရှန့်ဖန်းယွိဘယ်လိုသိနေလဲ ကျန်းရွှိမမေးဖြစ်တော့။ သူတို့နှစ်ဦးမှာ အချင်းချင်းမုန်းတီးနေကြသော ပြိုင်ဘက်တွေဖြစ်သော်ငြား ရှန့်ဖန်းယွိကအလုပ်နှင့်ပတ်သက်လာလျှင် သူ့အပေါ် နားလည်နိုင်ဆုံးလူဆိုတာတော့ ကျန်းရွှိဝန်ခံရမည်ဖြစ်သည်။
"သွားတော့" ကျန်းရွှိဆိုလိုက်သည်။
"ရေနွေးအိတ်ပြန်ပေးလိုက်မယ်"
"မင်းငါ့ကို အဝေးကန်ထုတ်နေတာ ဘယ်တော့မှရပ်မှာလဲ"
ရှန့်ဖန်းယွိက မေးလာသည်။
ရေနွေးအိတ်ပေါ်မှ အနွေးဓာတ်လေးက ကျန်းရွှိ၏ ဝမ်းဗိုက်သို့ ဖြည်းဖြည်းချင်း ပျံ့နှံ့သွားသည်။ ၎င်းမှာ နွေဦးလေပြည်လေးလို နွေးထွေးပြီး သက်သောင့်သက်သာရှိတာကြောင့် သူခံစားနေရသော နာကျင်မှုကို တဖြည်းဖြည်းသက်သာသွားစေသည်။
ထို့ကြောင့် သူ ရှန့်ဖန်းယွိအား ကြုံတောင့်ကြုံခဲ ဖော်ရွေစွာပြောလိုက်သည်။
"နောက်ဘဝကျရင်ပေါ့..."
ရှန့်ဖန်းယွိ - "....."
"သွားရအောင်"
သူ့မှာ မိမိအပေါ် ရင့်သီးသောသူတစ်ယောက်ကို ဂရုစိုက်တတ်သောအကျင့်မရှိပေ။ ဒီနှစ်တွေအတွင်း သူနှင့်ကျန်းရွှိ၏ဆက်ဆံရေးမှာ တစ်ခါမှကောင်းမလာခဲ့၊ ရေနွေးအိတ် ယူလာရသည်မှာလည်း ကျန်းရွှိမှာ နာကျင်နေသောပုံရသောကြောင့်ပင်။ ကလေးကိစ္စလည်း ရှိနေတာကြောင့် စိတ်အေးအေးထားလိုက်တော့ သူအတော်အပြစ်ရှိသလိုခံစားရလို့ပဲဖြစ်သည်။
ကျန်းရွှိအား ကူညီပေးချင်သော်လည်း သူ၏အေးစက်သောစကားများကိုတော့ နားမထောင်ချင်။
သူ့မျက်စိရှေ့က ဖိနပ်အစုံမှာပျောက်ကွယ်သွားပြီး ရှန့်ဖန်းယွိ၏ခြေသံတွေ ပျောက်သွားတာကို ကျန်းရွှိကြားလိုက်သည်။
သူ့အစာအိမ်ထဲရှိ နာကျင်မှုပျောက်သွားဖို့ အချိန်ဘယ်လောက်ကြာသွားမှန်းမသိလိုက်ပေ။ အစက ပူနွေးနေခဲ့သော ရေနွေးအိတ်မှာလည်း ခပ်နွေးနွေးသာ ကျန်ရှိတော့သည်။
သူရေနွေးအိတ်ကိုကိုင်လျက် မတ်တပ်ရပ်လိုက်ပြီး ကော်ရစ်ဒါပေါ် တစ်လှမ်းချင်းလျှောက်သွားလိုက်ကာ ဌာနဆီသို့ ဆင်းသွားလိုက်သည်။ ဌာနကိုရောက်တော့ အောက်ထပ်က လော်ဘီမှအသံကိုကြားလိုက်ရသည်။
ဆေးရုံ၌မည်သည့်အချိန်ဖြစ်စေကာမူ လော်ဘီကတော့ နေ့ခင်းချိန်ထက် တိတ်ဆိတ်နေတတ်တာမို့ ဆူညံသံက အတန်အသင့်ကျယ်လောင်နေသည်။
ကျန်းရွှိကြည့်လိုက်လေရာ လူတစ်ယောက် သူ့ရှေ့မှဖြတ်သွားတာမြင်လိုက်ရသည်။ ကျန်းယွင်၏ အမျိုးသားမှာ ဆဲဆိုအော်ဟစ်နေကာ ရဲများက သူ့ကိုချုပ်ထားရင်း ရဲကားဆီသို့ ဆွဲခေါ်သွားကြသည်။
ကျန်းယွင်၏ ခန္ဓာကိုယ်ပေါ်မှ အနာများကို တွေးမိလိုက်သည်။ ယောက်ျားဖြစ်သူက သူဆေးမသုံးထားပါဟု ငြင်းနေခဲ့သောကြောင့် သူမ၏အခြေအနေမှာ သေလုဆဲဆဲဖြစ်သွားတာပင်။ သူမ၏ကယ်ပေးပါဆိုသော စကားကိုပြန်ကြားယောင်မိသည်။
ဒေါက်တာကျန်းအနေဖြင့် ဆေးရုံကုတင်ပေါ်မှကျန်းယွင်ကို ကယ်တင်ပေးရမည်ဖြစ်ကာ ကျန်းရွှိအနေဖြင့် ကျန်းယွင်၏ ဘဝကို ကယ်တင်ပေးရပေမည်။
ရေနွေးအိတ်ကို ရှောင်တင်းဆီပြန်ပေးလိုက်သောအခါ ရှောင်တင်း၏ ကြီးမားကာ အရည်လဲ့သောမျက်ဝန်းများက ပို၍ပင် ပြူးကျယ်သွားတော့သည်။ ဘာလို့ သူဒေါက်တာရှန့်ကို ဌားလိုက်တဲ့ အိတ်ကို ဒေါက်တာကျန်းကပြန်လာပေးရတာလဲ။ သူနဲ့ဆေးရုံတစ်ခုလုံးမှာ ဆက်ဆံရေးမကောင်းဆုံးလူနှစ်ယောက်ကလေ။
သူမ၏သိချင်စိတ်ကို ကျန်းရွှိမဖြေရှင်းနေတော့၊ ယဉ်ကျေးစွာကျေးဇူးတင်စကားသာဆိုလိုက်သည်။
အိမ်ပြန်ရေချိုးအပြီး ကျန်းရွှိအိပ်ခန်းမီးကို ဖွင့်လိုက်ကာ သူဖတ်လက်စစာရွက်စာတမ်းကို ဖွင့်ကြည့်လိုက်သည်။ ညနောက်ကျနေပြီဖြစ်သော်လည်း မွေးကင်းစကလေးဌာနနှင့် ICUမှ လူနာများဘေးကင်းကြောင်း စာတစ်စောင်ပြီးတစ်စောင် မပို့ခင်အထိ သူ့မှာအိပ်ဖို့စိတ်ကူးမရှိပေ။
ကျန်းယွင်နှင့် သူ့သမီးလေး လတ်တလောတော့ အန္တရာယ်ကင်းသွားပြီ။
ထိုမှသာ ကျန်းရွှိမှာ Tabletကိုချကာ မီးပိတ်အိပ်နိုင်တော့သည်။
ကျန်းယွင်၏ အမျိုးသားက သူ့မိန်းမသေသေရှင်ရှင် ဂရုမစိုက်သော်ငြား ဒေါက်တာကျန်းကတော့ သူ့လူနာတိုင်း၏ နေကောင်းကျန်းမာရေးကို ဂရုစိုက်ရမည်ပင်။