Chapter 16
စက္ကန့်နှင့်အမျှ
သွေးစစ်ချက်အဖြေထွက်မလာခင်ပင် ကျန်းရွှိမှာ အဆိပ်ဖြေဆေးထိုးပေးလိုက်ပြီးဖြစ်သော်လည်း အချိန်နောက်ကျသွားပြီဟုသာ ခံစားနေမိလေသည်။
နှစ်မိနစ်ခန့်ကြာသော် လူနာ၏သွေးတွင်းအောက်ဆီဂျင်ပမာဏ ရုတ်တရက်ပြင်းပြင်းထန်ထန် ကျဆင်းလာခဲ့သည်။ အရေးပေါ်သူနာပြုလေးက ကျန်းရွှိအား စိုးရိမ်တကြီးဟန်ပန်ဖြင့် ကြည့်လိုက်သော်ငြား ကျန်းရွှိမတုံ့ပြန်နိုင်ခင်မှာတင် ချန်းချီကရုတ်တရက်ဆိုလာသည်။
"ဒေါက်တာကျန်း သန္ဓသေားရဲ့နှလုံးခုန်နှုန်းက အပြောင်းအလဲ သိပ်မရှိဘဲ အရမ်းမြန်နေပါတယ်"
သန္ဓသေားမှာ မိခင်ဝမ်းထဲ၌ ပျက်ကျခါနီးအခြေအနေပင်။
လျှို့ရန်က ရှော့ခ်ရသွားပြီး။
"ဘယ်လိုဖြစ်နိုင်ရတာလဲ"
ကျန်းရွှိသူ့အားတစ်ချက်ကြည့်ကာ ပြောလိုက်သည်။
" Midafilenက Vecuronium inositolနဲ့အတူကြွက်သားဖြေလျော့မှုအတွက်သုံးတာ"
ရှန့်ဖန်းယွိက သူ့အစားဆက်ပြောလိုက်သည်။
"ကိုယ်တွင်း ပိုက်သွင်းဖို့ ပြင်ထားလိုက်"
တံခါးရုတ်တရက်တွန်းပွင့်သွားကာ သူနာပြုမလေးက ဆေးစစ်ချက်အဖြေအား အနီးဆုံး၌ရှိနေသော လျှို့ရန်အားကမ်းပေးလိုက်ပြီး ကျန်းရွှိဟွေ့အား တင်ပြလိုက်သည်။
"Cholinesterase လုပ်ဆောင်ချက်တွေ ပုံမှန်ထက်ကျဆင်းနေပါပြီ၊ ဖော့စ်ဖောရက်ပိုးသတ်ဆေးအဆက 135 ng/ml ပါ"
အမှန်တကယ်ကို ဖော့စ်ဖောရက်ပိုးသတ်ဆေးအဆိပ်သင့်ခြင်းပင်။
အစာအိမ်သန့်စင်မှု ဆောင်ရွက်ပြီးသွားသော လျှို့ရန်က သွေးစစ်ချက်အဖြေလွှာအား မယုံကြည်နိုင်စွာယူကြည့်ကာ အခေါက်ခေါက်အခါခါဖတ်လိုက်ရင်း...။
"ဘယ်လိုဖြစ်ရတာလဲ"
ကျန်းရွှိအား အံ့သြထိတ်လန့်နေသော ဟန်ပန်ဖြင့် အဖြေလွှာ ကမ်းပေးလိုက်သည်။ သူ၏ မျက်ဝန်းထဲတွင်တော့ မယုံသင်္ကာမှုအပြင် လေးစားမှုတို့ပါ ယှဉ်တွဲနေလျက်။
"ခင်ဗျားဘယ်လိုသိတာလဲ"
"အခုမင်းကို သင်ပြနေဖို့ အချိန်မရှိဘူး"
ကျန်းရွှိက ဆိုသည်။
"လူနာရဲ့ ရောဂါလက္ခဏာတွေက မသိသာဘူး၊ ဖြစ်နိုင်တာက သူဆေးအပျော့စားတွေပဲ သုံးထားတာနေမယ်"
ထို့နောက် သူနာပြုမလေးထံမှ ဒုတိယဆေးစစ်ချက်အဖြေလွှာအားယူကာ ငုံ့ဖတ်ကြည့်လိုက်၏။
အစာအိမ်သန့်စင်မှုနှင့် အဆိပ်ဖြေဆေးထိုးပြီးသော်ငြားလည်း ကျန်းယွင်၏အခြေအနေမှာ စိတ်ကျေနပ်ဖွယ်ရာမရှိသေးပေ။
"ကုသမှုက ကြန့်ကြာနေပြီ"
ပိုးသတ်ဆေးပမာဏနည်းသော်ငြား သွေးလည်ပတ်မှုထဲစီးဝင်သွားပြီဖြစ်တာတစ်ကြောင်း၊ အစာအိမ်ရှင်းလင်းမှုရော၊ Atropine ထိုးနောက်ကျတာတစ်ကြောင်းကြောင့်ပင် ဖြစ်လိမ့်မည်။
"မိသားစုဝင်တွေ ဘာပြောလဲ"
ကျန်းရွှိ သူနာပြုမလေးအား မေးလိုက်တော့...။
"သူတို့ကတော့ လူနာ ဆေးမသုံးခဲ့ပါဘူးဆိုပြီးပဲ ငြင်းနေကြတယ်"
"သိပြီ"
ကျန်းရွှိက မျက်နှာမှာအမူအရာမပြဘဲ သာမန်ကာလျှံကာ ဆိုလိုက်သည်။
ဖန်သားပြင်ပေါ်ရှိ ကျန်းယွင်၏ အောက်ဆီဂျင်လယ်ဗယ်ကိုသာ စူးစိုက်ကြည့်နေသော်ငြား သူမျှော်လင့်ထားသောအခြေအနေတော့ ဖြစ်မလာခဲ့ပေ။
ကိုယ်တွင်းပိုက်သွင်းခြင်းက မိခင်၏ စိုးရိမ်ရသော အောက်ဆီဂျင်လယ်ဗယ်ကို မကယ်တင်လိုက်နိုင်ပေ။
ရှန့်ဖန်းယွိသက်ပြင်းချလိုက်သည်။
"ICUကို ဆက်သွယ်ပြီး သွေးစစ်ထုတ်ဖို့ပြင်ထားလိုက်၊ သန္ဓသေားနှလုံးခုန်နှုန်းပြန်ပေါ်လာဖို့ပဲ ဆုတောင်းရတော့မယ်"
သွေးစစ်ထုတ်လိုက်ခြင်းအားဖြင့် ကလေးကို ခွဲထုတ်လို့ရနိုင်သော်လည်း မည်သူကမှ လမစေ့ဘဲ ကလေးမွေးချင်လိမ့်မည်မဟုတ်ပေ။ နှလုံးခုန်နှုန်းသာ ပုံမှန်ပြန်ဖြစ်သွားခဲ့လျှင် သန္ဓသေားကလေးမှာ မိခင်ဝမ်းထဲ၌ နောက်ထပ်နှစ်လလောက် လုံခြုံစွာရှိနေနိုင်ပေလိမ့်မည်ဖြစ်သည်။
သို့ပေသည့် ဒေါက်တာရှန့် စကားအများကြီးပြောလိုက်လို့လားမသိပေ၊ သူပြောပြီးပြီးချင်းပင် ရှောင်းချန်က အာမေဍိတ်ပြုလာသည်။
"သန္ဓသေားရဲ့ နှလုံးခန်နှုန်းက တစ်မိနစ်ကို ၁၅၀ကြိမ်နှုန်းဖြစ်နေပါတယ် အပြောင်းအလဲလည်း ပေါ်မလာတော့ပါဘူး"
ကျန်းရွှိ ရှန့်ဖန်ယွိအား ကူကယ်ရာမဲ့စွာ ငေးကြည့်မိသည်။ ရှန့်ဖန်ယွိမှာလည်း စိတ်ဓာတ်ကျနေသော မျက်နှာဖြင့်ပင်...။
"ငါတကယ်ကျီးပါးစပ်မဟုတ်ရပါဘူးကွာ..."
ဘာပဲဖြစ်ဖြစ် သူ့စကားဆုံးသည်နှင့် စောစောကသူအကြော်စုံတွေစားနေတုန်း ကျန်းရွှိတစ်ယောက် သူ့ကြောင့် ကိုယ်ဝန်ရသွားလို့များ လာစိုက်ကြည့်နေတာလားဟု တီးတိုးရွေရွတ်မိသေးသည်ကို သွားသတိရလိုက်မိသည်။
"ငါတော့ ခွဲစိတ်မှုပြီးတာနဲ့ ဝစီပိတ်ကျင့်စဉ်သွားကျင့်တော့မှပဲ.."
ဒေါက်တာရှန့်မှာ ကိုယ့်ဟာကိုယ် မြန်မြန်ကတိပေးလိုက်ရသေးသည်။
ယခုနှလုံးခုန်နှုန်းအခြေအနေဖြင့် တခြားရွေးချယ်စရာမရှိတာ ကျန်းရွှိလည်းသိနေခဲ့သည်ပင်။
မိခင်ကိုကယ်တင်ဖို့ဆို သွေးစစ်ထုတ်ခြင်းကသာလျှင် နောက်ဆုံးမျှော်လင့်ချက်ပင်။
ကလေးကို ခွဲထုတ်လိုက်ပါကမိခင်၏သွေးစစ်ထုတ်မှုကို ရပ်ဆိုင်းလိုက်ရမည်ဖြစ်သည်။ ကျန်းယွင်မှာ တစ်စက္ကန့်လောက်လွတ်သွားတာနှင့် သေနိုင်လောက်သောအခြေအနေဖြစ်နေသည်။ ကလေးကို မမွေးထုတ်ပြန်လျှင်လည်း အဆိုပါရှစ်လသားကမကြာခင်အသေလးမွေးလာနိုင်ကာအခြေအနေမကောင်းရှာသော မိခင်ကိုပါ ထပ်မံအသက်ဘေးကျရောက်စေနိုင်လိမ့်မည်။
ထို့ပြင် သွေးစစ်ထုတ်ခြင်းက မီးဖွားခြင်းဆိုင်ရာ ပြောင်းလဲမှုများဖြစ်ပေါ်စေကာ အမြှေးပါးကျုံ့ခြင်း၊ ပေါက်ခြင်းများဖြင့် သွေးစစ်ထုတ်မှုကို ရပ်တန့်စေသလို သန္ဓသေားအသက်ရှူပိတ်ခြင်းလည်း ဖြစ်စေနိုင်ပေသည်။
အမှန်၌ လေးမီးဖွားခြင်းကိစ္စရပ်မှာ ရုပ်ရှင်များထဲတွင် ဖော်ပြကြသကဲ့သို့ မိခင်ရောကလေးပါ အသက်ဘေးအန္တရာယ်ကြုံတွေ့နိုင်စရာမရှိသော်ငြား ချက်ကြိုးနှင့်ချိတ်ဆက်ထားသရွေ့ အသက်နှစ်ခုမှာလည်း ပူးချည်ထားသလိုဖြစ်နေတာပင်။
ဆရာဝန်များမှာလည်း အဖြေမှန်ရွေးသောမေးခွန်းမျိုးမဖြေကြသလိုလူနာ၏မိသားစုအား ဆုံးဖြတ်ချက်ချခိုင်းခြင်းမျိုးမပြုလုပ်ကြဘဲ ကလေးရော မိခင်ပါ ဘေးကင်းရန်သာ အကောင်းဆုံးကြိုးစားကြတာဖြစ်လေသည်။
ကျန်းရွှိနှင့် ရှန့်ဖန်းယွိ၌ ရွေးချယ်စရာတစ်ခုပဲရှိသည်။
သန္ဓသေားကို အတတ်နိုင်ဆုံးအမြန် အချိန်လုကာမွေးထုတ်ပြီး မိခင်အား သွေးစစ်ထုတ်ရန်ဖြစ်သည်။
ပြီးနောက် အဆိုပါရွေးချယ်မှုကဆရာဝန်များ၏ စိတ်သဘောထားနှင့် အရည်အချင်းပေါ် လုံးလုံးလျားလျားတည်မှီနေခြင်းဖြစ်ရာ စွန့်စားရသလို ထိတ်လန့်စရာလည်းကောင်းသည်။
"ခွဲစိတ်ခန်းထဲရွှေ့လိုက်တော့"
"မြန်မြန်လုပ်"
ဆရာဝန်နှစ်ဦး အမိန့်ပေးလိုက်သည်နှင့် အသက်ရှူကယ်ဆယ်ရေး ဆေးဘက်အကူနှင့် သူနာပြုများကချက်ချင်းဆိုသလို စက်ကိရိယာများ၊ ရွေ့လျားကုတင်များအား ခွဲစိတ်ခန်းသို့ စတင်ရွှေ့ပြောင်းကြတော့သည်။
ကျန်းရွှိမှာလည်း ခွဲစိတ်ခန်းမရောက်ခင်အထိ မနားစတမ်း လျင်မြန်စွာ စကားပြောနေရသည်။
" သန္ဓသေားအခြေအနေကို သေချာစစ်ဆေး၊ ဗိုက်ခွဲဖို့ပြင် ၊ သွေးတွင်းအောက်ဆီဂျင်ကို အချိန်အလိုက် မှတ်သားထား..."
ကသုတ်ကရက်ဖြင့် ခဏတာ အသက်ရှူလိုက်စဉ် ရှန့်ဖန်းယွိက မတုံ့မဆိုင်းဝင်ပြောလိုက်သည်။
"မွေးကင်းစကလေး တိုင်ပင်ဆွေးနွေးရေးဌာနကိုလည်း ပြောထား၊ ICUကို သွေးစစ်ထုတ်မယ့်အကြောင်း သတင်းပို့လိုက်၊ ခဏနေရင် ရောက်တော့မယ်လို့..."
ICUထဲတွင် စက္ကန့်တိုင်းက သေခြင်းတရားနှင့်တိုက်ပွဲဟုဆိုပါက သားဖွားမီးယပ်ဌာနကမူ တစ်ခါလျှင် အသက်နှစ်သက်ကို နှုတ်ယူချင်သော လောဘကြီးလွန်းသည့်နေရာပင်။
လူအုပ်ကြီးက ဆေးရုံကုတင်အား ဝိုင်းတွန်းလျက် ခွဲစိတ်ခန်းတံခါးဆီသို့ ရုတ်ရုတ်သဲသဲ ပြေးသွားနေကြသည်။ ရုတ်တရက် ထောင်ထောင်မောင်းမောင်းလူကြီးတစ်ဦးက ကျန်းရွှိ၏လက်မောင်းအားလှမ်းဖမ်းဆွဲလိုက်သည်။ ကျန်းရွှိက စိတ်မရှည်စွာ ပြန်လှည့်ကြည့်လိုက်တော့..။
"ဒေါက်တာ အခုခွဲစိတ်မှာ ကျွန်တော့်မိန်းမပါ မှတ်ထားပါ တကယ်လို့ ခွဲစိတ်နေရင်းနဲ့များ တစ်ခုခုဖြစ်သွားခဲ့မယ်ဆို ကလေးလေးကို ကာကွယ်ပေးပါနော် ကလေးလေးကိုပဲ..."
ကျန်းရွှိက တစ်ခွန်းမှမတုံ့ပြန်ဘဲ လက်မောင်းကို ခါထုတ်လိုက်သည်။
" မင်းအမေကြီးကိုသာကာကွယ်နေ!"
ကျန်းရွှိနောက်မှပါလာသော ရှန့်ဖန်းယွိက ထိုလူကြီးအား ဒေါသူပုန်ထလျက်၊
"နောက်တစ်ခါ ဆေးရုံလာရင် ခင်ဗျားမျက်နှာကိုပါ အပါယူလာခဲ့၊ မဟုတ်ရင်တော့ ဘယ်ဘက်ကွေ့ပြီး ရှစ်လွှာမှာရှိတဲ့ ပလတ်စတစ်ဆာဂျရီဌာနသာ ဂျောင်းလိုက်တော့!"
သူသည် ပုံမှန်အားဖြင့် အမြဲပြုံးနေတတ်သော်ငြား မျက်နှာတည်သွားလျှင်တော့ အလွန်ပင်ကြောက်စရာကောင်းလှသည်။ လူကြီးမှာ တွန့်ဆုတ်သွားကာ ရှန့်ဖန်းယွိ၏ အကြည့်အားရှောင်တိမ်းလိုက်၏။
ဆေးရုံဆိုသည်က လူသားများ၏ မျက်နှာအစစ်ကို မြင်နိုင်သည့် အကောင်းဆုံးနေရာတစ်ခုပင်။
သားဖွားမီးယပ်ဌာန၌ ဆရာဝန်များ သူနာပြုများပင် အားကျရလောက်သော စုံတွဲများရှိသလို အကုန်လုံးပေါင်းကာ ဝိုင်းဆွမ်းကြီးလောင်းချင်ရသော ဆန်ကုန်မြေလေးများကလည်း ဒုနဲ့ဒေးပင်။
ဆံပင်ငုတ်တိုနှင့် လူကြီးက သူ့မျက်စိရှေ့မှာ ပိတ်သွားသောခွဲစိတ်ခန်းတံခါးကို စိုက်ကြည့်နေပြီး ကြမ်းကြမ်းရမ်းရမ်းခြေဆောင့်ကန်လိုက်ကာ အော်ဟစ်ကြိမ်းမောင်းတော့သည်။
"ဆရာဝန်တွေအကုန်ဒီလိုပဲလား၊ ဆေးပညာကျင့်ဝတ်မရှိကြတော့တာလား မင်းကို သောက်ကျိုးနည်းသွားတိုင်ပစ်ဦးမှာကွ!"
ပြောပြီးသည်နှင့် ဖြတ်သွားသော သူနာပြုမလေးအား လှမ်းဆွဲလိုက်ပြီး ခက်ထန်စွာမေးလိုက်သည်။
" ခုနကတင် ဝင်သွားတဲ့ မျက်နှာဖြူဆရာဝန်နှစ်ကောင်နာမည်က ဘာတဲ့လဲ"
သူနာပြုမလေးက ဗလာသက်သက်အကြည့်ဖြင့် စိတ်ပျက်စွာ အော်ခေါ်လိုက်သည်။
" လုံခြုံရေးတွေ.."
ကျန်းရွှိနှင့် ရှန့်ဖန်းယွိကတော့ အလျင်အမြန်လက်ဆေး ပိုးသတ်နေသည်။ ပိုးသတ်ဆေးရည်တွေ စီးကျသွားတော့ သူတို့နှစ်ဦးသားမှာ ဘေးချင်းယှဉ်ရပ်နေကြကာ ကျန်းရွှိက အမူအရာမဲ့စွာပင်ပြောလာသည်။
"ငါဦးဆောင်မယ်"
သူကရှန့်ဖန်းယွိဘက်သို့ ခေါင်းစောင်းလိုက်ပြီး...။
"မင်းက ငါ့လက်ထောက်လုပ်ပေး"
"မင်းကအခု လက်ထောက်ပါရဂူဖြစ်တဲ့ငါ့ကို မင်းလက်ထောက်လုပ်ခိုင်းနေတာလား"
" ရုံးခန်းမှာတုန်းက မင်းပဲတာဝန်ယူမယ်လို့ပြောခဲ့တယ်လေ..." ကျန်းရွှိက သူ့လက်ကိုနေရာမရွှေ့ဘဲ ခပ်တည်တည် ဆိုလိုက်သည်။
ရုံးခန်းထဲမှာ ပြောခဲ့တာက ကလေးအကြောင်းဖြစ်သည်။
ရှန့်ဖန်းယွိက အံ့အားသင့်စွာ၊
"မင်းဆိုတဲ့ကောင်က စိတ်အပြောင်းအလဲ သိပ်မြန်တာပဲကွ.."
မည်သို့ပင်ဆိုစေ ကျန်းရွှိက သူ့အပေါ်၌အာရုံမထားတော့ဘဲ ဘေးတွင်ရပ်နေသော ဆရာဝန်လေးအား လှည့်ကာမေးလိုက်သည်။
"မင်းမျိုးရိုးနာမည်ကဘာတဲ့လဲ"
လူငယ်လေးချန်းချီမှာ အခြားဆေးရုံတစ်ခု၌ လေ့ကျင့်ရေးဆင်းလာခဲ့ခြင်းဖြစ်ပြီး အဖွဲ့ထဲကမဟုတ်တာကြောင့် သူဘယ်သူမှန်း ကျန်းရွှိမသိပေ။
"ဆရာကျန်း ကျွန်တော့်မျိုးရိုးက ချန်းပါဗျ"
ကျန်းရွှိခေါင်းငြိမ့်လိုက်ရင်း...။
"မင်းလည်းလာတယ်ပေါ့"
ခွဲစိတ်ခန်းအတွင်းတွင်တော့ မေ့ဆေးဌာနမှ ဆရာဝန်များသည် စက်ကိရိယာများနှင့် ECG မော်နီတာများတပ်ဆင်ထားကြပြီးဖြစ်သည်။ အရိပ်မဲ့အလင်းရောင်နှစ်ခုအား တစ်ချိန်ထဲ၌ဖွင့်လိုက်သောအခါ ခွဲစိတ်ကုတင်ပေါ်မှ လူနာမှာ ထင်ထင်ရှားရှားတောက်ပနေတော့သည်။
သူနာပြုမလေးက ကျန်းရွှိအား ပိုးသတ်ဝတ်ရုံကူဝတ်ပေးပြီး ကျန်းရွှိက လက်မြှောက်လျက်အနေအထားဖြင့် ခွဲစိတ်ကုတင်ရှိရာသို့ လျှောက်လာစဉ် ရှန့်ဖန်းယွိမှာ ပထမလက်ထောက်နေရာ၌ သဘာဝကျကျ ရပ်နေပြီးသားဖြစ်နေလေပြီ။
ကျန်းရွှိက သူ့အားတစ်ချက်ကြည့်လိုက်ပြီး မျက်နှာကျက်အား မော့ကြည့်လျက် ပြောလိုက်သည်။
"အသက်ကယ်ဖို့က အရေးကြီးတယ် တစ်ခါပဲခွင့်ပြုမယ်"
သူ မျက်လွှာပြန်ချလိုက်ကာ မျက်ဝန်းထဲရှိ မတည်ငြိမ်မှုများအား သူ့မျက်မှန်အလွှာဖြင့် ဖုံးကွယ်ထားလိုက်တော့သည်။