အပိုင်း ၁၅
Viewers 11k

Chapter 15
- ဆွေးနွေးကြခြင်း


အချိန်အတန်ကြာမှ ဖယောင်းရုပ်တစ်ရုပ်ကဲ့သို့ ရပ်နေသည့် ရှန့်ဖန်းယွီသည် နှေးကွေးလေးလံလှစွာ လှုပ်ရှားလာလေသည်။ သူ၏ဦးခေါင်းဟာ လေးလံလွန်းလှသည်ဟု ခံစားနေရသော်လည်း ခြေလှမ်းများသည် ဝါဂွမ်းများပေါ်တွင် လမ်းလျှောက်နေရသည်နှယ် ပေါ့ပါးလွန်းနေသည်။

ခေါင်းကို ရမ်းကာ သက်ပြင်းမောတစ်ချက်ချလိုက်ပြီး ပြန့်ကျဲလျက်ရှိသော ဆေးစစ်ချက်စာရွက်များအား ကောက်ယူရန် ခါးကိုင်းလျက်ထိုင်ချလိုက်သည်။ စာရွက်ထောင့်စွန်းများကို အစွန်းထွက်မနေစေရန် ညီညီစီလိုက်ကာ ကျန်းရွှိ၏ စားပွဲပေါ်သို့ ပြန်တင်ပေးလိုက်ရင်း လေးလံစွာ မေးခွန်းထုတ်မိသည်။ “ငါ မင်းအတွက် ဘာလုပ်ပေးရမလဲ။”

ကျန်းရွှိက လှည့်မကြည့်ပေ။

ရှန့်ဖန်းယွီ သူ့မျက်ခုံးများကာ လက်ဖြင့်အသာဖိနှိပ်ကာ ကျန်းရွှိအား စကားဆက်ပြောလေသည်။ “မင်း ငါ့ဆီလာတာ ငါအဖေတစ်ယောက်ဖြစ်တော့မယ်လို့ ပြောရုံသက်သက်မဟုတ်ဘူးမို့လား။”

ကျန်းရွှိ၏ စရိုက်အား သူသေချာသိသည်။ ကျန်းရွှိထံတွင် သန်မာသောကိုယ်ရည်ကိုယ်သွေးရှိကာ မိမိကိုယ်ကို အင်မတန်အလေးထားတတ်လေသည်။ စိတ်အေးအေးထားပြီးနောက် ပထမဆုံးသူတွေးမိသည့်အရာမှာ ပြဿနာအခက်အခဲတစ်ခုခုနှင့် ကြုံတွေ့မနေရပါလျှင် ကျန်းရွှိက သူ့ထံဤအခြင်းအရာအား အသိပေးမည်မှာ လုံးဝမဖြစ်နိုင်ပေ။

ကျန်းရွှိက မပြောခင် မျက်စိစုံမှိတ်လိုက်သည်။ “ငါ့ကို ခွဲစိတ်ပြီး အထဲက သန္ဓသေားကိုဖယ်ပေး။”

သူက ကလေးဟုပင် မခေါ်ပေ။

ကျန်းရွှိက ဆက်ပြောသည်။ “ M နိုင်ငံမှာရှိတဲ့ ဆရာဝန်တစ်ယောက်က အလားတူခွဲစိတ်မှုမျိုးလုပ်ပြီး အောင်မြင်သွားပြီးပြီ။ ဆောင်းပါးမထွက်သေးတာပဲရှိတာ။ ငါသူ့ဆီ အီးမေးလ်ပို့ပြီး ခွဲစိတ်မှုနဲ့ဆိုင်တဲ့ အသေးစိတ်အချက်အလက်တွေကို ငါတို့ကို ဝေမျှပေးနိုင်မလားလို့ မေးထားတယ်။ ပြီးတော့ အဲ့ဒီခွဲစိတ်မှုကို ငါမင်းကို လုပ်စေချင်တယ်။”

သူတို့သည် ဆယ်နှစ်ကျော်အောင် ပြိုင်ဘက်များဖြစ်ခဲ့ကြသည်။ သို့သော်ငြား တကယ့်အရေးကိစ္စဖြင့်ကြုံလာလျှင်တော့ ရှန့်ဖန်းယွီကိုသာ ကျန်းရွီိယုံကြည်လေသည်။

အသေအချာကိုပဲ သူတို့က ပြိုင်ဘက်များဖြစ်သည်မို့ ရှန်းဖန်းယွီ၏ အရှည်အချင်းအား သူကောင်းစွာ သိရှိနားလည်လေသည်။ ထို့အပြင် နှစ်ယောက်သားက တစ်ခါမျှ အမြီးအမောက်မတည့်သော်ငြား သူ့အနေနှင့် သူလုပ်နိုင်မည်ဟု ယုံကြည်ထားသည်က ရှန့်ဖန်းယွီလည်း လုပ်နိုင်လိမ့်မည်ဟု ယုံကြည်ခြင်းပင်။

သို့သော် ယခုကဲ့သို့အခြေအနေမျိုးနှင့် ရင်ဆိုင်ရသောအခါ မည်သည့်ဆရာဝန်ကမှ ကျောပုတ်ကာ ဘာပြဿနာမျှမရှိဟု နှလုံးသားမဲ့စွာကတိမပေးနိုင်ချေ။

အသေအချာပင် ရှန့်ဖန်းယွီသည်လည်း တုံ့ဆိုင်းသွား၏။

ကျန်းရွှိ၏ အကြည့်သာ ကွန်ပျူတာဖန်သားပြင်ထက် ထပ်မံကျဆင်းသွားပြီး မောက်စ်(mouse) အားလက်ညှိုးဖြင့် ပွတ်သပ်နေလေသည်။ သူ၏မေးရိုးလိုင်းတစ်လျှောက်က တိကျသေသပ်လျက်။ “မင်း ငြင်းချင်ငြင်းလိုက်။ ငါနားလည်တယ်။”

“ဘယ်လိုတွေဖြစ်လာနိုင်မလဲ မင်းသိရဲ့သားနဲ့၊ ကျန်းရွှိ။”

“ငါသိတယ်။”

တိတ်ဆိတ်သောရုံးခန်းထဲ လူနှစ်ယောက်၏ အသက်ရှုသံသာ ကြားရလေသည်။ ရှန့်ဖန်းယွီက သူ့အား စိုက်ကြည့်နေ၏။

ကြာမြင့်စွာ စောင့်ဆိုင်းပြီးနောက် ကျန်းရွှိသည် သူ၏မျက်နှာတင်းမာလာသည်ကို ခံစားမိလာ၏။ သူ့နှလုံးသားတစ်ခုလုံး ရေထဲအနှစ်ခံထားရပြီး ဖြည်းဖြည်းချင်း နစ်မြုပ်သွားသကဲ့သို့ ခံစားလာရသည်။ သူက သက်ပြင်းမောတစ်ချက်ခိုးချကာ အပြီးမသတ်ရသေးသည့် စာတမ်းများဆီသို့ အာရုံလှည့်၍ ခံစားချက်များအား ထိန်းညှိရန် ကြိုးစားနေစဉ် ရှန့်ဖန်းယွီထံမှ အသံကြားလိုက်ရသည်။

“ငါ လုပ်နိုင်တယ်။”

“လက်ခံတယ်လို့ပြောဖို့ အလျင်မလိုနဲ့။ ပြန်သွားပြီး သေချာစဉ်းစားကြည့်။” ကျန်းရွှိက ပြောသည်။

“ငါက မင်းပထမဆုံးတွေးမိတဲ့သူပဲမို့လား။” ရှန့်ဖန်းယွီက မေးသည်။

ကျန်းရွှိက ဘာမျှပြန်မဖြေပေ။ တိတ်တိတ်နေခြင်းဖြင့်သာ ဝန်ခံလိုက်သည်။

“ဒါဆို ထပ်စဉ်းစားနေဖို့မလိုတော့ဘူး။” ရှန့်ဖန်းယွီက ထပ်ပြောသည်။ “ ငါလုပ်နိုင်တယ်။”

ကျန်းရွှိက သူ့ကို ကြည့်လိုက်သည်။

“ဒါပေမယ့် ငါ ခွဲစိတ်မှုမှတ်တမ်းအပြည့်အစုံရဖို့လိုတယ်။” ရှန့်ဖန်းယွီက “ငါတာဝန်ယူရမယ်လေ။”

သူက ကျန်းရွှိ၏ ဘေးနားရှိ ခုံတစ်ခုံအား ဆွဲယူ၍ ထိုင်ချလိုက်သည်။ “ဘယ်အချိန်လောက် သူစာပြန်မယ်လို့ထင်လဲ။ ငါတို့ တတ်နိုင်သလောက် စောစောပြင်ဆင်ထားရမယ်။ နည်ူနည်းလောက် နှောင့်နှေးသွားတာနဲ့ ခွဲစိတ်မှုက အန္တာရာယ်ပိုများလေပဲ။”

ကျန်းရွှိက ဖုန်းအားထုတ်ကြည့်လိုက်သည်။ ယခုထက်ထိ အကြောင်းပြန်စာမရောက်လာသေးပေ။ သူက အသာအယာ ခေါင်းခါကာ “ခန့်မှန်းဖို့ မလွယ်ဘူး။”

“သူ ပေးမယ်ဆိုတာ သေချာလား။” ရှန့်ဖန်းယွီက မေးခွန်းထုတ်သည်။ “ဘယ်လိုပဲပြောပြော၊ သူက ခုထိ ဆောင်းပါးတောင် မထုတ်ရသေးဘူးလေ။”

“သိပ္ပံပညာဆိုတာ အကန့်အသတ်မရှိဘူး။” ကျန်းရွှိကိုယ်တိုင်လည် မည်သည့်အခါ၌မျှ တစ်ကိုယ်ကောင်မဆန်ဖူးချေ။ ထို့အပြင် သူသည် သူ၏စွမ်းရည်နှင့်နားလည်နိုင်စွမ်းတို့အား ယုံကြည်သဖြင့် သူမထုတ်ဝေရသေးသည့် ဆောင်းပါးများအား မျှဝေရန် ကိစ္စမရှိခဲ့ပေ။
“ဒါ့ထက်၊ ဆရာဝန်တစ်ယောက်ရဲ့ ယုံကြည်ချက်က လူတွေကို ကုသပေးဖို့နဲ့ လူ့အသက်ကိုကယ်ပေးဖို့ပဲ။”

ရှန်းဖန်းယွီက ဘာမျှပြန်မပြောပေ။ အမှန်ဆိုရလျှင် သူသည် ကျန်းရွှိကဲ့သို့ အကောင်းမြင်တတ်သူတစ်ဦးမဟုတ်ပေ။ သို့သော်လည်း မီးထဲ လောင်စာဆီမထည့်ချင်သည်မို့ နှုတ်ဆိတ်နေလိုက်ဖို့ကိုသာ ရွေးချယ်လိုက်သည်။

ဤကိစ္စအားဆွေးနွေးပြီးသည်နောက် သူတို့နှစ်ဦးကြား စကားပြောဆိုရန်ကိစ္စမရှိတော့သည့်ပုံပင်။ ကျန်းရွှိမှ ရှန့်ဖန်းယွီအား စကားမပြောတော့ချေ။

သူ့အကြည့်များက ကွန်ပျူတာမျက်နှာပြင်ပေါ်မှမခွါ။ အလုပ်လုပ်သည့်အထဲ စိတ်နှစ်မြုပ်ထားသည်မှာ သိသာလှသည်။

ရှန့်ဖန်းယွီက ကျန်းရွှိဖတ်နေသည့်မျက်နှာပြင်အား အကြမ်းဖျင်းကြည့်လိုက်သည့်အခါ သူက အင်္ဂလိပ်လို့ရေးသားထားသည့် သားအိမ်ခေါင်းကင်ဆာဆေးများအကြောင်း ဖတ်ရှုနေသည်ကို သိလိုက်ရသည်။

ရုတ်ခြည်းပင် ကျန်းရွှိ၏ ကိုယ့်စိတ်ကိုထိန်းချုပ်နိုင်စွမ်းအား သူသဘောကျမိသွားသည်။ ကျန်းရွှိ၊ သူက ယခုလိုအချိန်မျိုးမှာပင် ကွန်ပျူတာပေါ်ရှိ အကြောင်းအရာများကာ အာရုံစူးစိုက်ကာ ဖတ်နိုင်သေးသည်။

သို့သော် သူ၊ ရှန့်ဖန်းယွီ၏ စိတ်ထဲတွင်တော့ ဝရုန်းသုန်းကားပင်။

သူ့အတွေးများက ဗရဗွ၊ရောထွေးနေဆဲ။အစောပိုင်းကနှင့်ယှဉ်လျှင် များစွာ စိတ်ငြိမ်သွားသော်ငြား ရူးသွပ်သွားရလောက်အောင် အံ့အားသင့်သွားရသည်ဆိုလျှင် ပိုမှန်ပေမည်။

ရှန့်ဖန်းယွီသည် ကျန်းရွှိအလုပ်လုပ်နေသည်ကို ကြည့်နေရာမှ အကြည့်ရုတ်လိုက်ကာ ရုတ်တရက် ကျန်းရွှိ၏လက်များအား ကြည့်လိုက်မိသောအခါ တစ်နှစ်ပတ်လုံးသောက်နေကျ ကော်ဖီအစား ရိုးရိုးရေသန့်ကိုသာ အစားထိုးတွေ့လိုက်ရသည်။

ကော်ဖီကို ရေလိုသောက်သည့် ကျန်းရွှိမှာ ကော်ဖီလုံးဝမသောက်တော့ချေ။

အကြောင်းရင်းမှာ သူက ကိုယ်ဝန်ရှိနေ၍ဖြစ်သည်။

အမည်မဖော်နိုင်သည့် ခံစားချက်များကြောင့် ရှန့်ဖန်းယွီ ခေါင်းငုံကာ ကျန်းရွှိ၏ ဝမ်းဗိုက်အား ကြည့်လိုက်မိသည်။

အဖြူရောင်ကုတ်အင်္ကျီ၏ ဖုံးကွယ်ထားမှုအောက် သူဘာကိုမျှမမြင်နိုင်သော်လည်း အထဲမှာ ကလေးလေးတစ်ယောက်ရှိနေပြီး ထိုကလေးလေးမှာ သူနှင့် ကျန်းရွှိတို့၏သွေးသားဟု တွေးမိသွားသည်။ သူ ရုတ်တရက် ကျန်းရွှိအား မျက်နှာခြင်းမဆိုင်ရဲတော့ပေ။

ကွန်ပျူတာဖန်သားပြင်ထက် စာရွက်စာတမ်းများအား တိကျစွာ အမှတ်အသားပြုပြီး မှတ်လိုသည်များအား အသားပေးမှတ်သားပြီးနောက် ကျန်းရွှိမှာ နောက်ထပ် စာမျက်နှာတစ်ခုအားဖတ်ရန် ပြင်နေပြီဖြစ်သည်။ အသေအချာပင် စိတ်ဝင်တစား ဖတ်ရှုလေ့လာနေခြင်းဖြစ်ပြီး ဟန်ဆောင်နေခြင်းမဟုတ်သည်မှာ ထင်ရှားသည်။

ရှန့်ဖန်းယွီက ရုတ်တရက် လက်ကိုဆန့်ထုတ်ကာ ကျန်းရွှိအား ထိလိုက်သည်။

“ငြိမ်ငြိမ်နေ။” ယခုအချိန်အတွင်း ကျန်းရွှိသည် ရှန့်ဖန်းယွီထံမှ သရော်သည့်စကားများနှင့် ကဲ့ရဲ့သည့်စကားများအား မကြားလိုပေ။

သို့သော်လည်း ရှန့်ဖန်းယွီက ခဏမျှသာ တိတ်ဆိတ်ငြိမ်သက်သွားပြီး ပထမဆုံးအကြိမ်အဖြစ် သူ့ရှေ့တွင် ခေါင်းငုံ့ကာ “ငါတောင်းပန်ပါတယ်။ ငါ တာဝန်ယူပါ့မယ်။”

မောက်စ်ပေါ်တွင် တင်ထားသော ကျန်းရွှိ၏လက်ညှိုးမှာ ကွေးတက်လာလေသည်။ အချိန်အတန်ကြာပြီးနောက် “မလိုဘူး။ ဒါက မတော်တဆတစ်ခုပဲ။ ငါစိတ်ထဲမထားသလို ငါ့အတွက် မင်း တာဝန်ယူဖို့လည်းမလိုဘူး။ ဒေါက်တာရှန့်၊ ကိုယ့်ကိစ္စကိုယ်သာ စိုးရိမ်စမ်းပါ။”

"ကျန်းရွှိ...."

ကျန်းရွှိက ဆက်ပြောသည်။ “ဒီကိစ္စကို ဖြေရှင်းပြီးတာနဲ့ ငါတို့အရင်အတိုင်း ပြန်ဖြစ်သွားမှာ။ ဒီအတိုင်း မင်း ငါ့ရှေ့မှာ ခဏခဏပေါ်မလာဖို့ပဲ မျှော်လင့်တယ်။”

သူ၏ခေါင်းပေါ်ကို ရေအေးအေးတစ်ပုံးကို လောင်းချလိုက်သလိုပင်၊ ရှန့်ဖန်းယွီ၏နှလုံးသားထဲ လောင်ကျွမ်းစပြုနေသည့် မီးတောက်ငယ်လေး၏ နွေးထွေးမှုလေးပင် ရုတ်ခြည်းပင် ငြိမ်းသတ်ခံလိုက်ရသည်။

ကျန်းရွှိထံတွင် သူ့အားအမြဲလိုလို စိတ်တိုဒေါသထွက်စေသည့် ဉာဏ်ဆိုးလေးရှိနေမြဲပင်။

ရှန်းဖန်းယွီက သူ၏ဘေးတစ်စောင်းမျက်နှာတစ်ဖက်အား တိတ်ဆိတ်စွာကြည့်နေရာမှ သူ့နှုတ်ခမ်းထောင့်များက အပေါ်သို့ ကွေးညွတ်သွားလေသည်။ “ကောင်းပြီလေ။ မင်း အလိုရှိသလိုပဲပေါ့။” သူက လက်ဖြောက်တီးကာ ထရပ်လိုက်ပြီး “ဒါပေမယ့် မင်းရဲ့ ငါ့အပေါ်ထားတဲ့ ယုံကြည်မှုနဲ့ ငါ့ရဲ့ ကုသမှုအရည်အချင်းကို ယုံကြည်ပေးတဲ့အတွက် ဒေါက်တာကျန်းကို ကျေးဇူးပါ။”

နှစ်ယောက်သားမှာ တစ်ယောက်ရင်ဘတ်ကိုတစ်ယောက် ဓားဖြင့်စိုက်ထိုးရာ၌ ညီတူညီမျှပင်။

သ်ို့သော် ကျန်းရွှိ ဘာမှပြန်မပြောရသေးခင် အခြားဌာနမှ ဆရာဝန်ငယ်လေးတစ်ဦးသည် ထိတ်လန့်တကြားနှင့် တံခါးဖွင့်ဝင်လာသဖြင့် ထိပ်တိုက်တွေ့နေသော လူနှစ်ဦးမှာ အပြန်အလှန်နားလည်မှုဖြင့် ကိုးရိုးကားယားနိုင်စွာ အကြည့်လွှဲလိုက်ကြသည်။

ကံကောင်းထောက်မစွာပင်၊ ဝင်လာသည့် ဆရာဝန်ငယ်လေးမှာ ရုံးခန်းအတွင်းရှိ ထူးဆန်းသောလေထုအား သတိမထားမိဘဲ သူတို့နှစ်ဦးကို မြင်လိုက်သောအခါ အသက်ကယ်ကြိုးအား ဆုပ်ကိုင်ထားသကဲ့သ်ို့ပင်၊ သူ့နှုတ်မှ တရစပ်စကားသံများ ထွက်လာလေသည်။

“ဒေါက်တာရှန့်၊ ကိုယ်ဝန်ဆောင်မိန်းမတစ်ယောက်က လှေကားပေါ်ကပြုတ်ကျပြီး ခွဲစိတ်ခန်းထဲရောက်နေပြီ။ ဒေါက်တာဝူက ဒီနေ့ ဒုတိယလိုင်းထဲမှာ။ လွန်ခဲ့တဲ့တစ်နာရီလောက်က အရေးပေါ်ဌာနကနေ ကားအက်ဆီးဒန့်ဖြစ်တဲ့အထဲပါသွားတဲ့ ကိုယ်ဝန်သည်ကို ပို့လိုက်တာ။ သူ့ကို ရှောင်ယန်က ကုသပေးနေတယ်။ တတိယလိုင်းကလူတွေကို ဆက်တော့ သူတို့က လမ်းမှာပဲှးိသေးတယ်တဲ့။ အဲ့ဒါနဲ့ ဒေါက်တာဝူက ကူပေးနိုင်တဲ့လူ ရှိမရှိသိရအောင် ငါ့ကို ဌာနကိုလာခိုင်းလိုက်တာ။”

သူ့စကားမဆုံးသေးခင်ပဲ ကျန်းရွှိနှင့် ရှန့်ဖန်းယွီတို့ သားဖွားမီးယပ်အထူးကုဌာန၏အရေးပေါ်ခန်းသို့ လိုက်သွားပြီဖြစ်သည်။ မကြာမီပင် ဆေးရုံကုတင်ပေါ်က အမျိုးသမီးအား မြင်လိုက်းသည်။

ကျန်းရွှိက ခေါင်းငုံ့ကာ လူနာအခြေအနေအား စတင်စစ်ဆေးလိုက်ပြီး တစ်ချိန်တည်းမှာပင် အရေးပေါ်သူနာပြုက ECG အညွှန်းများကို ပြောပြနေလေသည်။

သူတို့အား လက်ခံခဲ့သည့် အရေးပေါ်ဆရာဝန်၊ လျှို့ရန်က ဆက်လက်၍ အစီရင်ခံလေသည်။ “လူနာက လက်မောင်းနဲ့ ဒူးခေါင်းတစ်လျှောက် အတွင်းကြွက်သားတွေ ကြေမွနေပြီး ဒူးဆစ်နားမှာ အရည်တွေရှိနေတယ်။ ဒဏ်ရာတွေကိုတော့ ပိုးသတ်ထားပြီးပါပြီ။ အကြောဆေးလည်းသွင်းထားပြီးပြီ။ အခုလက်ရှိတော့ အရိုးကျိုးတာ၊အက်တာတော့ မတွေ့ရသေးဘူး။”

“လူနာ ကျန်းယွင်၊ ကိုယ်ဝန်ဆောင်ချိန် ၃၂ ပတ်၊ သန္ဓသေားနှလုံးခုန်နှုန်းက ပုံမှန်ပဲ။ မွေးဖို့ဗိုက်နာတာ မဖြစ်သေးဘူး။” လူနာနှင့်ပြနေကျဆရာဝန်ဖြစ်သည့် ချန်းချီက သန္ဓသေားနှလုံးခုန်နှုန်းကို ကြည့်ကာ ကျန်းရွှိအားပြောသည်။ “ဒါက သတိပေးချက်အမှားပဲ။”

လျှို့ရန်က သက်ပြင်းချကာ “ တော်သေးတာပေါ့။ လူနာရဲ့မိသားစုက လူနာက လှေကားပေါ်ကပြုတ်ကျတယ်လို့ပြောပြီး မိခင်က သတိလစ်နေတာကိုတွေ့လိုက်တော့ လမစေ့ပဲ မွေးလာမှာစိုးတာနဲ့ ဒဏ်ရာတွေကိုကုပြီးတာနဲ့ အရေးပေါ်သားဖွားမီးယပ်ဌာနကို ပြေးလာလိုက်တာ။”

သူက ငယ်ရွယ်သည့်ပုံပေါ်ပြီး ကြည့်ရသလောက် တစ်ယောက်တည်း တာဝန်ယူရသည်မှာ ယခုမှ ပထမဆုံးအကြိမ်ဖြစ်သည့်ပုံပင်။

“ဘာမှ မစိုးရိမ်ရဘူးဆိုတော့ ငါသွားတော့မယ်။” သူက ကျန်းရွှိကို ပြောသည်။ “လူနာနိုးလာရင် ငါ့ကိုခေါ်လိုက်နော်။”

“နေဦး။” လူနာ၏ ပွန်းပဲ့နေသည့် လက်မောင်းနှင့် ဒူးခေါင်းကိုမြင်သည့် ကျန်းရွှိ၏ မျက်ဝန်းအတွင်းအရောင်လက်သွားသည်။ ကျန်းရွှိလက်ဆန့်ကာ ထိလိုက်ချိန်တွင် ကျန်းယွင်၏နဖူးမှာ ချွေးစေးတို့ဖြင့်စိုရွဲအေးစက်နေသည်။ သူမ၏လက်မောင်းမှာလည်း စိုထိုင်းမှုအနည်းငယ်အားတွေ့လိုက်ရသည့်အတွက် ကျန်းယွင်အနားတိုးကာ အနံ့ခံကြည့်လိုက်သည်။ ဝတ်ထားသည့် မျက်နှာကာ(mask)ကိုဖြတ်ကာ ကြက်သွန်ဖြူနံ့အနည်းငယ်အား ရလိုက်သည်။

သူက လက်မြှောက်ကာ ပြောသည်။ “ဓာတ်မီး။”

“ကျွန်တော် စစ်ဆေးပြီးပြီ။ မျက်အိမ်နှစ်ခုလုံး အရွယ်အစားတူတူပဲ။ တူညီတဲ့ အချင်း ၃.၅ မီလီမီတာရှိပြီး အလင်းကို ရောင်ပြန်ဟပ်တာကလည်း ပုံမှန်ပဲ။” လျှို့ရန်က နားလည်ရခက်သွားပြီး ပြောပြလာသည်။

ကျန်းရွှိက ECG စက်ကိုလှမ်းကြည့်လိုက်ပြီး “ငါ နောက်တစ်ခေါက် ထပ်မပြောဘူး။”

လျှို့ရန်က မခံမရပ်နိုင်ဖြစ်ကာ မျက်လွှာချ၍ ဓာတ်မီးအား ကမ်းပေးလိုက်သည်။

ကျန်းရွှိသည် ကျန်းယွင်၏ မျက်ခွံများအား ဖွင့်ကာ လူနာ၏မျက်အိမ်ထဲ တောက်ပသည့် မီးပြင်းပြင်းကို ထိုးလိုက်သည်။ “သွေးထဲက cholinesterase ကို စစ်ပြီးပြီလား။”

"Cholinesterase?” လျှို့ရန်က ကျန်းရွှိအား ထူးဆန်းစွာကြည့်ကာ “လူနာရဲ့မိသားစုက လူနာက လှေကားပေါ်ကလိမ့်ကျတယ်လို့ပြောတာ။ ပြီးတော့ အရေးပေါ်ဌာနကလည်း သွေးလန့်တာကို ကုသပေးပြီးပြီလေ။ ဘာလို့ သူတို့က Cholinesterase ကို စစ်ရမှာလဲ။”

“သွေးဖောက်ပြီး cholinesterase သွေးရည်ကြည်နဲ့ ကိုယ်ထဲက ဖော့စဖရတ်ပါဝင်မှုနှုန်းကို စစ်လိုက်။” ကျန်းရွှိသည် ဘေးနားရှိ သူနာပြုအား ရှင်းပြပြီးနောက် လျှို့ရန်ဘက်သို့လှည့်ကာ “အစာအိမ်ဆေးဖို့ အသင့်ပြင်ထား။”

လျှို့ရန်က ခဏမျှတန့်သွားပြီး ကျန်းရွှိ၏ရင်ထိုးအား ကြည့်လိုက်သည်။ သူ့မျက်လုံးများက ရှင်းရှင်းလင်းလင်းပင် ကျန်းရွှိအား ဆန့်ကျင်နေသည်။

“ဒေါက်တာကျန်း။” သူက ခွန်းတုံ့ပြန်သည်။ “လူနာက သိသာတဲ့ ကြွက်သားတုံ့ပြန်မှု လက္ခဏာလည်း မပြသလို ပိုးသတ်ဆေးသောက်ထားတဲ့ မှတ်တမ်းလည်းမရှိဘူး။”

ကျန်းရွှိက သူ့နားကြပ်အားလှမ်းယူကာ ပြန်ပြောသည်။ “ဒီမှာ ငါက မင်းရဲ့ အထက်ကဆရာဝန်။ ငါပေးသမျှအမိန့်တွေအားလုံးအတွက် ငါတာဝန်ယူတယ်။ မင်းလုပ်ရမယ့်အလုပ်က တစ်ခုတည်း ၊ ငါခိုင်းတာလုပ်။”

ပြောပြီးနောက် သူက လျှို့ရန်ကို တစ်ချက်ကြည့်ကာ နားကြပ်အား လူနာပေါ်တွင်တင်လိုက်သည်။

လျှို့ရန်က သူ့တည်ရှိမှုကို လျစ်လျူရှုထားသည့် ကျန်းရွှိအား စူပုတ်ပုတ်ဖြင့်ကြည့်ကာ ကျန်းရွှိ၏စကားများအား မမှတ်ထားပေ။ “ငါ မင်းကို တိုင်ကြားစာ တင်မှာ။”

“တင်လေ။” ကျန်းရွှိက သူ့လက်များအား မနားပဲ ပြန်ဖြေသည်။ “ဒါပေမယ့် အခုတော့ ငါ့စကားအတိုင်းလိုက်လုပ်။” သူက ထရပ်ကာ လျှို့ရန်ကို ကြည့်သည်။ သူ့မျက်လုံးများက ဖိနှိပ်လိုမှုတို့ဖြင့် တင်းမာနေလေသည်။

ရုတ်တရက် လျှို့ရန် နှလုံးတုန်သွားပြီး စကားလုံးများမှာ လည်ချောင်းထဲတစ်ဆို့သွားသဖြင့် စကားတစ်ခွန်းမျှ မဆိုနိုင်တော့ပေ။ သူက ဒေါသတကြီးဖြင့် “ဟွန်း”ခနဲနှာမှုတ်ကာ ရေဖြင့် အစာအိမ်ဆေးရန် အစာအိမ်ပြွန်အား စတင်ထည့်သွင်းတော့သည်။

ဘေးနားတွင် ရှန့်ဖန်းယွီမှာ တိတ်ဆိတ်စွာရှိနေသည်။ လျှို့ရန် ငြိမ်သွားသည်ကို မြင်သောအခါ ကျန်းရွှိအား မေးသည်။ “မင်း atropine နဲ့ clofibrate ကြိုထိုးထားမလား။”

နှစ်မျိုးလုံးသည် ကိုယ်တွင်းဖော့စဖရတ်အဆိပ်အတွက် အဆိပ်ဖြေဆေးအဖြစ် အသုံးများလေသည်။

ကျန်းရွှိက ခေတ္တမျှတိတ်ဆိတ်သွားကာ ခေါင်းညိတ်၍ သူနာပြုအား ဆေးထိုးရန် အဆင်သင့်ပြင်ခိုင်းလေသည်။

“မင်းတို့တွေ-“ လျှို့ရန်က ပြန်ပြောချင်နေသေးသော်လည်း ရှန့်ဖန်းယွီထံမှ အကြည့်တစ်ချက်ဖြင့် ဖိနှိပ်ခံလိုက်ရသည်။ ရှန့်ဖန်းယွီမှာ ဖော်ရွေသည့်ပုံပေါ်သော်လည်း ထိုအကြည့်မှာ လျှို့ရန်အား ထူးဆန်းစွာ ကြောက်လန့်သွားစေသည်။

သွေးစစ်ချက်အဖြေမှာ ထွက်မလာသေးသော်လည်း ကြည်လင်နေသော ဆေးရည်မှာ လူနာ၏သွေးကြောထဲသို့ ထိုးသွင်းဝင်ရောက်သွားပြီဖြစ်သည်။

ကျန်းရွှိသည် မသိစိတ်၏စေ့ဆော်မှုကြောင့် ရှန့်ဖန်းယွီအား မော့ကြည့်လိုက်ရာ မမျှော်လင့်ပဲ ထိုသူ၏အကြည့်နှင့် ဆုံလေသည်။ မျက်လုံးနှစ်စုံ ဆုံတွေ့ပြီးသည်နှင့် တစ်ပြိုင်နက် အကြည့်လွှဲသွားကြသည်။

ကျန်းရွှိက အကြည့်တို့အား လူနာဆီပြန်ပို့ရင်း ခဏတာမျှ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။

သူနှင့် ရှန့်ဖန်းယွီတို့ အတူတူ လူနာတစ်ဦးကို ကုသခဲ့ဖူးသည့် နောက်ဆုံးအကြိမ်က နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။