အပိုင်း ၁၄
Viewers 12k

Dr Jiang -14
- စကားများကြခြင်း(၂)

ယခုခေတ်အချိန်အခါတွင် ဟိုတယ်များသည် check in ဝင်သည့်အခါ အလွန်တင်းကျပ်သည့် စည်းကမ်းများရှိပြီး တည်းခိုမည့်သူနှစ်ယောက်လုံး၏ မှတ်ပုံတင်အချက်အလက်များအား တောင်းဆိုလေ့ရှိသည်။

ရှန့်ဖန်းယွီသည် သူ၏ဖုန်းအား ချက်ချင်းပင်ဖွင့်ကာ ဟိုတယ်၏တရားဝင်ဝဘ်ဆိုဒ်မှ ဧည့်သည်အားဝန်ဆောင်မှုပေးသည့်ဖုန်းနံပါတ်အား ရှာဖွေကာ ဖုန်းဆက်လိုက်သည်။ တစ်ဖက်မှ ပြန်ဖြေသည့် အဖြေအား ကြားလိုက်ရပြီးနောက် သူ့မျက်နှာမှာ ရုတ်ချည်းဖြူလျော်သွားလေသည်။

တစ်ပတ်လောက်အကြာက မက်ခဲ့သည့် ကျန်းရွှိအားအိပ်မက်အား သတိရမိသွားသည့်အခါ ခေါင်းထဲတွင် ရှုပ်ယှက်ခတ်သွားကာ သူ့ဆံပင်များကိုသူပြန်ဆွဲထားမိသည်။

ထိုအိပ်မက်က အင်မတန်လက်တွေ့ဆန်လွန်းသည်မှာ မထူးဆန်းတော့ချေ။ ယင်းနေ့၌ ကျန်းရွှိ ခွဲစိတ်ခန်းတွင် သူ့ခေါင်းအား ဆွဲဖြတ်ချင်နေသည်မှာလည်း မထူးဆန်းတော့ချေ။

အဖြစ်မှန်မှာ ထိုအိပ်မက်သည် အကြောင်းအရင်းမရှိပဲ မက်ချင်သလိုမက်သည့် အိပ်မက်တစ်ခု မဟုတ်ခဲ့ပေ။ ကျန်းရွှိက သူ၏တက်မက်မှုစိတ်အား ကောင်းမွန်စွာဖြေလျှော့ပေးခဲ့ခြင်းကြောင့် သူ၏သနားစရာဦးနှောက်လေးက တစ်ပတ်လုံးသူအားထိုပုံရိပ်များအားပြန်ပြပြီး တက်ကြွနေစေခဲ့သည်ပင်။

နောက်ပြီး ကျန်းရွှိ မှဲ့လေးကိုသူဘယ်လိုတွေ ရက်ရက်စက်စက်နှိပ်စက်ခဲ့သလဲဆိုသည်ကို ပြန်တွေးမိသည့်အခါ ရင်ထဲတွင်မွန်းကြပ်လာတော့သည်။

သူ့အသက်အား ကျန်းရွှိညှာတာပေးလိုက်သည်မှာ အင်မတန်မှ မြင့်မြတ်တဲ့အရာတစ်ခုပင်။

ဖုန်းကျသွားသည်နှင့် ရှန့်ဖန်းယွီ၏အကြည့်တို့ မှိုင့်ညှို့သွားသည်။ သူ့ဦးနှောက်ဟာ လျပ်စစ်မီးဖိုပေါ်၌အကင်ခံထားရသည့် မားသားဘုတ်(motherboard)လေးလိုပင်။ လျှပ်စီးပတ်လမ်းအားတောက်လောင်သွားရုံသာမကစစီပြုတ်ထွက်တော့မတတ်ပင်။

နှစ်ကြိမ်မျှ ချောင်းဟန့်ကာ စကားစရန် ကျန်းရွှိအား ကြည့်လိုက်သည်။

သို့သော်လည်း သူစကားမစရသေးမှီ ကျန်းရွှိသည် သူ့အင်္ကျီကော်လာကိုဆွဲကာ အေးစက်စွာ ပြောလာသည်။ “အဲ့ဒီနေ့ ငါအိပ်ရာပေါ်မှာ နိုးလာကတည်းက မေးချင်နေတာ။ မင်းဘယ်လိုတောင် ဒီလိုမျိုး လုပ်နိုင်ရတာလဲ။”

“မဟုတ်ပါဘူး။” ရှန့်ဖန်းယွီက ခေါင်းကိုကုတ်လိုက်ကာ “အဲ့ဒီအချိန်တုန်းက ငါက တအားမူးနေတာလေ။ ငါထင်လိုက်တာ ငါအိပ်မက်မက်နေတာပဲလို့။”

“အိပ်မက်ထဲမှာဆိုရင်တောင် ကွန်ဒုံးမဝတ်နိုင်ဘူးလား။” ကျန်းရွှိက အေးစက်စွာဆိုလာသည်။ သူ့လေသံက တပည့်များကို အညှာအတာကင်းမဲ့စွာ ဝေဖန်နေသည့် အတန်းပိုင်ဆရာတစ်ယောက်ကဲ့သို့ပင်။

“မဟုတ်သေးဘူးလေ။ ကျန်းရွှိ၊ အိပ်မက်မက်နေတာပါဆိုမှ ကွန်ဒုံးသုံးဖို့ကို သတိရဦးမှာလား။” ရှန့်ဖန်းယွီမနေနိုင်စွာ ပြောမိသည်။ “မင်း သားဆက်ခြားစီမံရေးဌာနမှာ လေ့လာဖူးတယ်မဟုတ်လား။” သူက ထပ်ပေါင်းပြောသည်။ “မင်းလို ယောက်ျားကြီးတစ်ယောက်က ကိုယ်ဝန်ဆောင်နိုင်လိမ့်မယ်လို့ ဘယ်သူကသိမှာလဲ။”

ကျန်းရွှိက သိသိသာသာပင် ဒေါသူပုန်ထလာလေသည်။ “ကွန်ဒုံးတွေက သားဆက်ခြားဖို့တင်မဟုတ်ဘူး၊ ရောဂါပိုးကူးစက်တာတွေကိုလည်း ကာကွယ်ပေးတယ်။ မင်းဘယ်လိုများ ဆေးဘက်ဆိုင်ရာစာမေးပွဲကို အောင်လာတာတုန်း။”

“မင်းက အခုအချိန်မှာတောင် တကယ်ကြီး ငါ့ကိုဒီလိုမျိုး ဩဝါဒခြွေနေနိုင်တယ်ပေါ့။” ရှန့်ဖန်းယွီ ရှော့ခ်ရသွားတော့သည်။

စကားတစ်ခွန်းမျှမဆိုတော့ပဲ ကျန်းရွှိက လက်သီးဆုပ်ကာ ရှန့်ဖန်းယွီ၏မျက်နှာအား ထိုးရန်ရွယ်လေ၏။ သူက အင်မတန်ပင် စိတ်ဆိုးဒေါသထွက်နေသည်မို့ နှုတ်ခမ်းအစုံကပင်လှုပ်ခတ်လျက်အသက်ရှူလည်းပြင်းနေလေသည်။ ထို့ပြင် သူက အရည်ပါးလွန်းတာကြောင့်(လွယ်လွယ်နှင့်ရှက်တတ်) မျက်ဝန်းထောင့်များတွင် နီရဲနေသည်ကိုပင် တွေ့မြင်နိုင်လေသည်။

ရှုပ်ယှက်ခတ်နေသည့်မှတ်ဉာဏ်များ ရှန့်ဖန်းယွီ၏စိတ်ထဲတွင် ထွက်ပေါ်လာသဖြင့် သူ့မျက်တောင်များက ဖြတ်ခနဲလှုပ်ရှားသွားသည်။ သူ့ရှေ့တွင် ဒေါသထွက်နေသည့်ကျန်းရွှိနှင့် အိပ်ရာခင်းများကို ဆွဲဆုပ်ထားသည့်သူတို့၏ ပုံရိပ်နှစ်ခု ထပ်တူကျသွားတော့သည်။ မျက်မှောင်ကြုတ်နေသည့် ပုံသဏ္ဌာန်နှင့် စည်းစနစ်မကျသည့် အသက်ရှုသံပြင်းပြင်းကပင် ထပ်တူညီနေလေသည်။

လျှပ်တပြက်ပင် ကျန်းရွှိ၏ လက်သီးအား ဆွဲယူကာ မှဲ့လေးတည်ရှိသည့် ကျန်းရွှိ၏ရင်ဘတ်တစ်ဝိုက် အကြည့်တို့ရောက်သွားလေသည်။

ကျန်းရွှိက မျက်မှောင်ကြုတ်ကာ သူ့အကြည့်များလားရာကို ငုံကြည့်ပြီးနောက် အေးခဲသွားတော့သည်။

သူက ရှန့်ဖန်းယွီ၏ကော်လာအား ဆွဲထားရာမှ ဆတ်ခနဲလွှတ်ချလိုက်ကာ သူ့ရှေ့မှလူအား မယုံသင်္ကာစွာ ကြည့်လာလေသည်။

“ရှန့်ဖန်းယွီ၊ မင်းက လူရောဟုတ်သေးရဲ့လား။”

ထိုနေ့ကအိပ်ရာမှနိုးလာပြီးနောက် သူ့ခန္ဓာပေါ်တွင်မြင်လိုက်ရသည့် အချစ်အမှတ်အသားအရာများကို ကျန်းရွှိမမေ့နိုင်သေးပေ။ အထူးသဖြင့် သူ့ရင်ဘတ်ပေါ်က မှဲ့နီလေးနားတွင်ပင်။ သူ၏ဖြူဖွေးသော အသားအရည်ပေါ်ရှိ မရေမတွက်နိုင်သော အနီရောင်အမှတ်အသားများမှာ အမှန်ပင်ထိတ်လန့်ဖွယ်ရာကောင်းလှသည်။

ထိုယစ်မူးစရာအမှတ်အသားများက အနမ်းပေးသူ၏ ပြင်းပြသော ရမ္မက်ဇောအဟုန်၏သက်သေပင်။ သူ၏ရင်ဘတ်ပေါ်တွင်ရှိသော ပြဿဒါးသဖွယ်မှဲ့လေးမှာ အများဆုံးဂရုစိုက်ခံရသည့် နစ်နာသူလေးပင်ဖြစ်သည်။

ရှန့်ဖန်းယွီက အဲ့ဒီမှဲ့လေးကိုတောင် လိုက်ကြည့်ရဲသေးတယ်ပေါ့။

ဝုန်းခနဲအသံနှင့်အတူ ဆေးစစ်ချက်စာရွက်အထပ်လိုက်သည် ဒေါသကြောင့် မြေပြင်ပေါ်သို့ လွှင့်ပစ်ခံလိုက်ရသည်။ စာရွက်များက ဖြူဆွတ်နေသည့်နှင်းများကဲ့သို့ ပြန့်ကြဲသွားပြီး အမြင့်ဆုံးသို့ရောက်သွားသည့် စာရွက်လေးသည် ရှန့်ဖန်းယွီ၏ခြေထောက်အောက်နား ကျဆင်းလာလေသည်။

အကြည့်တစ်ချက်ပင်မပေးပဲ ကျန်းရွှိက သူ့ခုံသူ သွားပြန်ထိုင်နေလေသည်။

ရှန့်ဖန်းယွီက နေရာမှာပင် ရပ်နေမိပြီး ကျန်းရွှိအား အယောင်ယောင်အမှားမှားဖြင့် လိုက်ကြည့်နေမိသည်။

သူ့နေရာမှဆိုလျှင် ကျန်းရွှိ၏ဘေးတိုက်မျက်နှာလေးအား တွေ့မြင်နေရသည်။ သူ၏မျက်တောင်လေးများကလှုပ်ခါနေပြီး ရင်ဘတ်က ပြင်းပြင်းထန်ထန်အသက်ရှုနေခြင်းကြောင့် နိမ့်ချည်မြင့်ချည်ဖြစ်နေလေသည်။ ရေးရေးမျှသာဖြစ်သော်လည်း အသေအချာသတိထားကြည့်ပါက မြင်နိုင်လေသည်။

ကျန်းရွှိက ဘယ်တော့မှမငိုတတ်ဘူးဆိုသည်ကိုသာ မသိထားလျှင် ဒေါသထွက်လွန်းသဖြင့်ငိုချမိတော့မည်ကို ကျန်းရွှိကြိုးစားထိန်းချုပ်နေရသည်ဟု သူထင်မိမှာပေ။ ယခုကဲ့သို့ပုံစံမျိုးဖြင့် ကျန်းရွှိမှာ အတန်ငယ်ထူးဆန်းနေပေသည်။ ထူးဆန်းလွန်းလှသဖြင့် သူပြောသွားသည်များက အမှန်အကန်ပင်ဖြစ်သည်ဟုပင် ရှန့်ဖန်းယွီ ယုံမှတ်ချင်လာသည်။

သူ့မျက်နှာပေါ်မှ တဆစ်ဆစ်နာကျင်မှုက ပျောက်ကွယ်မသွားသေးပေ။ adrenaline အားနှစ်ကြိမ်မျှထိုးသွင်းထားသကဲ့သို့ သူ့နှလုံးခုန်နှုန်းက မြန်ဆန်နေသော်လည်း ခြေဖျားများက အေးစက်နေလေသည်။

ရုံးခန်းမှာ တိတ်ဆိတ်လျက်ရှိကာ မီးရောင်များက တောက်ပလျက်၊ တိတ်ဆိတ်မှုက အဆုံးမရှိဟု ထင်မှတ်ရသည်။ အေးစက်စက်နံရံအား မှီကာ သူ့မျက်နှာသူအုပ်၍ ရှန့်ဖန်းယွီ စိတ်ငြိမ်စေရန်ကြိုးစားနေသည်။

"သွားတော့။" ကျန်းရွှိက ပေါ်တင်ပင် ပြောလာသည်။

ရှန့်ဖန်းယွီက မလှုပ်ရှားသကဲ့သို့ ကျန်းရွှိသည်လည်း စကားမဆိုပေ။

လူနှစ်ယောက်သည် သန့်ရှင်းလျက်ရှိသော ရုံးခန်းထဲ တိတ်တဆိတ်မျက်နှာချင်းဆိုင်။ တစ်ဦးက သွေးများ ပွက်ပွက်ဆူလျက်ရှိပြီး ကျန်တစ်ဦးမှာ ငေးငိုင်လျက်ရှိသည်။