Chapter 13
စကားများကြခြင်း (၁)
ရှန်းဖန်းယွီသည် စိတ်ထဲ၌ ထိုစကားလုံးအား ကြိမ်ဖန်များစွာ ဆန်းစစ်၊အစီအစဉ်ချ၍ ပေါင်းစပ်ကြည့်ပြီးသည်နောက် ကျန်းရွှိ၏ စကားလုံးတိုင်းသည် ပုံမှန်မန်ဒရင်းစကားသာဖြစ်သော်လည်း စကားလုံးများအား ပေါင်းစပ်လိုက်သည့်အခါ သူလုံးဝနားမလည်နိုင်သည့် ခက်ခဲရှည်လျားသော စာကြောင်းဖြစ်လာသည်။
ကျန်းရွှိအား စေ့စေ့ကြည့်ကာ သူတွေးမိသည်မှာ နောက်ဆုံးတော့ သူ့(ရှန့်ဖန်းယွီ) အနေနှင့် ညလုံးပေါက်မအိပ်ခြင်း၏ အကျိုးဆက်အား ခံစားနေရပြီး အကြားအာရုံကယောင်ခြောက်ခြားပင်ဖြစ်နေပါပြီလားဟူ၍ပင် ဖြစ်သည်။
ကျန်းရွှိသည်တော့ အချိန်မှတ်စက်အား ဆော့ကစားနေဆဲပင်ဖြစ်ကာ မျက်နှာအမူအရာမှာလည်း တည်ငြိမ်လျက်ရှိသောကြောင့် မည်သည့်သဲလွန်စကိုမှ မမြင်နိုင်ချေ။
ရှန့်ဖန်းယွီမှာ သူ့အနေနှင့် ငယ်ငယ်ရွယ်ရွယ်ဖြင့် ရူးသွားသည်ကို လက်မခံနိုင်သေးပဲ ထပ်ကာ မေးမိသည်။
“မင်း အခုပြောလိုက်တာက .. မင်း..ကိုယ်ဝန်ရှိနေပြီဟုတ်လား။”
သူ့အနေနှင့် သူ့အား စိတ်ဝေဒနာရှင်ဟု သတ်မှတ်ခံရမည်ကို စိုးရိမ်စွာဖြင့် ကိုယ်ဝန်ရှိသည်ဟူသော စကားကိုပင် ကျယ်ကျယ်ထုတ်မပြောရဲပေ။
ကျန်းရွှိက “အင်း” ဟု တီးတိုးဆိုလာသည်။
ရှန့်ဖန်းယွီ တံတွေးမျိုချကာ ခက်ခဲစွာ ထပ်မေးလိုက်သည်။ “ပြီးတော့ ကလေးက ငါ့ကလေး?”
အချိန်မှတ်စက်ပေါ်ရှိ ကျန်းရွှိ၏ လက်မှာ ရပ်တန့်သွားပြီး အတန်ကြာအောင် တိတ်ဆိတ်သွားပြီးမှ “ဟုတ်တယ်။”
ရှန်းဖန်းယွီ လက်အားဆန့်ထုတ်ကာ ကျန်းရွှိ၏နဖူးအား ထိကပ်လိုက်သည်။
“မင်း ဘာလုပ်တာလဲ။” ကျန်းရွှိခေါင်းငုံ့ကာ သူ့အား နားလည်ရခက်စွာ ကြည့်လာသည်။ သို့သော် သူ့အကြည့်များအား လျင်မြန်စွာပင် ပြန်လည် ရုတ်သိမ်းသွားလေသည်။
“မင်းမှာ အဖျားလည်းမရှိပါဘူး။ ဒီနေ့က ဧပရယ်ဖူးလ်နေ့လား?”
ရှန့်ဖန်းယွီသူ့လက်အား ပြန်ရုတ်သည်။ ကျန်းရွှိ၏နဖူးပြင်ထက်မှ အေးမြသောအထိအတွေ့သည် သူ့လက်ချောင်းများထိပ် ရစ်ပတ်လျက်ကျန်နေဆဲပင်။ သူက စားပွဲပေါ်တွင်တင်ထားသော ပြက္ခဒိန်အား လှမ်းကြည့်လိုက်သော်လည်း ယနေ့သည် ဧပရယ်တစ်ရက်နေ့လည်း မဟုတ်ချေ။
“ဧပရယ်ဖူးလ်နေ့လည်း မဟုတ်ပါဘူး။” ရှန့်ဖန်းယွီက ကိုယ့်ကိုယ်ကိုရေရွတ်နေကာ သူ့ရဲ့မှန်းဆချက်ကို ငြင်းဆိုကာ ရှုပ်ထွေးနေသည့် လေသံဖြင့် ထပ်မေးလိုက်သည်။
“ဒါက မင်းတွေးထားတဲ့ ထောက်ချောက်အသစ်တစ်မျိုးလား။”
သူ့နှုတ်မှ ထိုစကားများထွက်သွားသည်နှင့် ချက်ချင်းပင် မော့ကြည့်လာသည့် ကျန်းရွှိ၏မျက်ဝန်းများနှင့် ရှန်းဖန်းယွီရင်ဆိုင်လိုက်ရသည်။ သူ့အကြည့်တို့ကရေခဲတမျှအေးစက်နေသည်မှာ မုန်တိုင်းပင်ထန်နေသည့်အလား။ သို့သော် ထိုနားလည်ရခက်သည့်အကြည့်တို့က ရှန့်ဖန်းယွီ၏နှလုံးသားအား ပူလောင်လာစေသည်။
“ရှန်းဖန်းယွီ။ ငါ မင်းကို နောက်နေတာမဟုတ်ဘူး။”
အချိန်မှတ်စက်အားဆုပ်ကိုင်ထားသော ကျန်းရွှိ၏လက်ချောင်းထိပ်များက အားဖြင့်ဆုပ်ကိုင်လိုက်ခြင်းကြောင့် ဖြူဖျော့သွားလေသည်။ ယခုကိစ္စအား ဖွင့်ပြောပြီးလျှင် သူ့အနေနှင့် စိတ်သက်သာရာရလိမ့်မည်ဟု ထင်ခဲ့သော်လည်း မဟုတ်ခဲ့ပေ။ ရှန့်ဖန်းယွီ၏မျက်နှာအားကြည့်ကာ သူ့နှလုံးသားထဲမှအပူများက လောင်မြိုက်သည်ထက်တိုး၍ လောင်မြိုက်လာလေသည်။
သူက အသက်ပြင်းပြင်းရှူကာ ပိတ်ထားသည့် ဆရာဝန်ရုံးခန်း၏ တံခါးကိုလှမ်းကြည့်ပြီးနောက် ရှန့်ဖန်းယွီ၏မျက်နှာအား ဖြတ်ထိုးလိုက်လေသည်။
တိုက်ခိုက်မှုက အင်မတန်မှ ရုတ်တရက်ဆန်လှသည်ကြောင့် ရှန်းဖန်းယွီမှာ ရှောင်ရန်ပြင်ဆင်ချိန်ပင် မရှိလိုက်။ သူ့မျက်နှာသူ လက်ဖြင့်အုပ်ကိုင်ကာ ကျန်းရွှိအား စွပ်စွဲနေသည့် မျက်လုံးများဖြင့် “လူကို ဘာမပြောညာမပြောနဲ့ မျက်ခွက်ဖြတ်မရိုက်နဲ့လေ။ ကျန်းရွှိ၊ မင်းဘာလို့ ဒီလောက်ထိ ရက်စက်ကြမ်းကြုတ်နေရတာတုန်း။”
ကျန်းရွှိက ရှန့်ဖန်းယွီ၏လက်အား ဆေးစစ်ချက်စာရွက်စာတမ်းအထပ်လိုက်ဖြင့် ရိုက်ချကာ “ငါးမိနစ်အတွင်း အပြီးဖတ်။”
ရှန်းဖန်းယွီက နာကျင်သွားသည့်သူ့လက်အား ရုတ်ကာ “ဘာလို့ အချိန်အကန့်အသတ်တွေလာပေးနေတာလဲ။ ငါကမင်းရဲ့ လက်အောက်ငယ်သားမဟုတ်ဘူးနော်။”
ကျန်းရွှိက လက်ကို မရုတ်သေးပေ။ လက်ဆန့်ကာ စာရွက်စာတမ်းများအား ကမ်းပေးနေဆဲ။ သူ့မျက်လုံးများက ရှန်းဖန်းယွီအား စိုက်ကြည့်နေသည်မှာ အကယ်၍ ရှန်းဖန်းယွီသာ ဤစာရွက်များအား လှမ်းမယူပါက တစ်သက်လုံးယခုအတိုင်းပင် နေသွားမည့်ပုံပင်။
ထိုကဲ့သို့သော အကြည့်အောက်တွင် ရှန့်ဖန်းယွီ ရှင်းပြရခက်စွာ အပြစ်မကင်းသလိုခံစားလိုက်ရသည်။ သူက မျက်နှာကိုရှုံမဲ့သွားကာ မျက်လုံးစုံမှိတ်၍ ဆေးစစ်ချက်ရလဒ်စာရွက်များအား လှမ်းယူလိုက်သည်။ အစတွင်တော့ ရှန့်ဖန်းယွီ သာမန်ကာလျှံကာသာဖတ်လိုက်သော်လည်း တဖြည်းဖြည်းနှင့် သူ့စာဖတ်နှုန်းက နှေးသည်ထက် နှေးလာလေသည်။ ထို့အပြင် သူ့မျက်လုံးများသည်လည်း ပို၍ပင် ပြူးကျယ်လာကာ အထိုးခံထားရသဖြင့် ပူလောင်နေသောမျက်နှာသည်ပင် နာကျင်မှုကို မခံစားရတော့ပေ။
“ကျန်းရွှိ၊ ဒီဟာက မင်းရဲ့ဆေးစစ်ချက်ရလဒ်တွေလို့တော့ ငါ့ကိုမပြောနဲ့နော်။” သူ့အသံက တည်ငြိမ်မနေတော့ပေ။
ကျန်းရွှိက ပြန်မဖြေပေ။
“ချီး…” ရှန့်ဖန်းယွီက ကျန်းရွှိ၏မျက်နှာအား မယုံကြည်နိုင်စွာကြည့်လိုက်ပြီး ဆေးစစ်ချက်စာရွက်များအား နောက်တစ်ကြိမ် ခပ်သွက်သွက်ထပ်ဖတ်လိုက်သည်။
သူသည် တက္ကသိုလ်ဒုတိယနှစ်ကတည်းက သားဖွားမီးယပ်ဘာသာရပ်၏ ခွဲခြမ်းစိတ်ဖြာခြင်းမေးခွန်းများအား အထူးပြုလုပ်ဆောင်ခဲ့သည်။ သူ၏ဆရာဝန်သက်တမ်းတစ်လျှောက်လုံးတွင် ယခုကဲ့သို့ ဆေးစစ်ချက်ရလဒ်များအား မရေမတွက်နိုင်လောက်အောင် စစ်ဆေးခဲ့ဖူးသော်လည်း ဒေါက်တာရှန့်မှာ အမြဲတမ်းတည်တည်ငြိမ်ငြိမ်ဖြင့် ကျိုးကြောင်းသင့်စွာ ကုသမှုနည်းလမ်းအား အဖြေထုတ်နိုင်ခဲ့သည်ချည်းသာ။
သို့သော် ယခုတစ်ခေါက်တွင်မူ ရှန့်ဖန်းယွီသည် ဆေးစစ်ချက်ရလဒ်အား ထပ်ခါတလဲလဲဖတ်နေသည်။ သူ့အကြည့်များက အဖြူအမည်းစာလုံးများအား ပေါက်ထွက်သွားတော့မတတ် အချိန်အတန်ကြာအောင် ကြည့်နေမိသော်လည်း သူ့အနေနှင့် ဆုံးဖြတ်ချက်မချရဲသေးပေ။
ဓာတ်မှန်ရိုက်ထားသည့် ဆေးစစ်ချက်ရလဒ်အား နားလည်ရန်အချိန်အတန်ကြာအောင် ကြည့်ရှုပြီးရင်း သူ့အကြည့်များက စိတ်ရှုပ်ထွေးနေရာမှ အံ့အားသင့်လာပြီး အထိတ်တလန့်ဖြစ်လာသည်။ နောက်ဆုံးတွင် တာဝန်ခံဆရာဝန်၏အမည်ကိုတွေ့လိုက်ရသည့်အခါ “ထန်ခေါ့?”
သူက ချက်ခြင်းဆိုသလိုပင် ဤအဓိပ္ပါယ်မရှိသည့်ဖြစ်ရပ်များနောက်မှ အကြောင်းပြချက်အား ရှာတွေ့သွားသည်ဟု ထင်လိုက်သည်။
“ငါသိပြီ။ မင်းနဲ့ ထန်ခေါ့တို့ ပူးပေါင်းပြီး ငါ့ကို လိမ်နေတာပဲ၊ ဟုတ်တယ်မလား။”
ရှန့်ဖန်းယွီက ဆေးစစ်ချက်ရလဒ်အား ကျန်းရွှိ၏စားပွဲပေါ်သို့ အာလူးပူတစ်လုံးကိုပုတ်ဖုတ်လိုက်သလို ပစ်တင်လိုက်သည်။ “ကျန်းရွှိ၊ မင်းတော့ မဟုတ်သေးဘူး။ ငါအခုမှ ညီလာခံမှာ နေရာတစ်နေရာ ရလာတာ။ မင်း ဒီလောက်ထိ လုပ်စရာလိုလို့လား။”
ကျန်းရွှိ အသက်ပြင်းပြင်းရှူကာ သူ့ရှေ့မှလူအား နံရံပေါ်သို့ ဖိချလိုက်ပြီး “ ငါ စောက်ရမ်းအားနေတယ်လို့ ထင်နေတာလား။”
“မဟုတ်ပါဘူး။” ရှန့်ဖန်းယွီက သူ၏ လေးနက်နေသည့် အသွင်အပြင်ကြောင့် စိုးရိမ်ပူပန်လာကာ “မင်း… မင်း အခြေခံသိပ္ပံကိုတော့ ထည့်တွက်ဦးလေ။ မင်းမှာ အရမ်းထူးခြားတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံရှိနေရင်တောင်မှ ငါတို့… ငါတို့မှ မအိပ်ဖူးတာ။ ဘယ်လိုလုပ် ကလေးကရောက်လာတာလဲ။”
ထိုစကားများကို ကြားသောအခါ ကျန်းရွိက သူ၏ကိုယ်ပိုင် အောက်နှုတ်ခမ်းအသာကိုက်လိုက်ကာ အသံတိုးတိုးလေးဖြင့် ဆိုလာသည်။
“ကျီဟွားဟိုတယ်၊ အခန်းအဝင်အထွက်မှတ်တမ်းကို မင်းမယုံရင် သွားစစ်ကြည့်လိုက်။”