အပိုင်း ၁၂
Viewers 11k

Chapter 12
- စကားဦးသန်းခြင်း။



ကျီဟွားဆေးရုံ၏ ရှေ့တွင်ရှိသော ဆိုင်ခန်းငယ်လေးတစ်ခုတွင် ရှန့်ဖန်းယွီသည် သူ၏ဌာနမှ သူငယ်ချင်းများနှင့် စားသောက်နေသည်။ ညာဘက်တွင် အသားတုံးကိုကိုင်ကာ ဘယ်လက်ဖြင့် ဘီယာကို သောက်နေလေ၏။ ဖုန်းမြည်သံကြားလိုက်ရသည့်အတွက် ကပျာကယာပင် လက်ထဲမှ ဘီယာကိုချကာ ဖုန်းကို ယူကြည့်လိုက်လေသည်။

ဤနှစ်ဆယ့်လေးနာရီလုံး ဖုန်းကို ဖွင့်ထားတတ်သည့်အကျင့်သည် ကျွမ်းကျင်ဆရာဝန်တိုင်းလိုလိုတွင်ရှိသည်။ မည်သည့်အခါတွင်မှ ဖုန်းကို အသံပိတ်၍မထားတတ်။ အသေးအမွှားစာတိုလေးများမှအစ လူနာနှင့်ပတ်သက်နေမလားဟူ၍ အမြဲစစ်ဆေးလေ့ရှိသည်။

ကျန်းရွှိပို့ပေးလိုက်သည့် စာကိုဖွင့်ဖတ်ပြီးသည်နှင့် သူငြိမ်ကျသွားလေသည်။

မယုံနိုင်စွာနှင့် ယခင်က စာများကိုပြန်ဆွဲဖတ်ကြည့်ပြီးသည့်နောက် ကျန်းရွှိနှင့် ပြောထားသမျှအကုန်လုံးသည် ဖိုင်လွှဲပေးရခြင်းနှင့် အလုပ်အတွက် အသိပေးစာများသာဖြစ်ကြောင်း အတည်ပြုလိုက်ရသည်။ ယခုကဲ့သို့ ချိန်းဆိုသည့် စာမျိုး လုံးဝမရှိပေ။

သို့သော်လည်း သူ့အနေနှင့် ယခုစာမှာ ကျန်းရွှိကိုယ်တိုင်ပေးပို့သော စာဖြစ်ကြောင်း အခိုင်အမာဆိုနိုင်သည်။ အကြောင်းမှာ ကျန်းရွှိထံတွင် စာအဆုံး၌ ပြုံးပြနေသည့်အဝါရောင်အီမိုဂျီတစ်ခုထည့်လေ့ရှိသည့် အကျင့်ရှိ၍ပင်။ သို့သော် ထိုအပြုံးမှာ လှောင်ပြုံးပြုံးသည်နှင့် ပိုတူလေသည်။

ထိုအတွက်ကြောင့်ပင် ရှန့်ဖန်းယွီမှာ ကျန်းရွှိသည် ထိုအီမိုဂျီက လူငယ်များအကြားတွင် သရော်သည့်အနေနှင့်အသုံးပြုကြောင်းကိုပင် မသိသည့် လူအိုကြီးဖြစ်သည်ဟုပင် ကြိတ်၍ ညည်းတွားလေ့ရှိသည်။

သို့သော်လည်း မည်သည့်အကြောင်းပြချက်ကြောင့်မှန်းမသိ ရုတ်တရက်ပင် ဘေးနားရှိလုပ်ဖော်ကိုင်ဖက်အား သူမေးကြည့်မိသည်။

“ကျန်းရွှိ မင်းကိုပို့တဲ့ စာတွေမှာရော အီမိုဂျီတွေထည့်သေးလား။”

“မထည့်ပါဘူး။”
လုပ်ဖော်ကိုင်ဖက်အများစုဟာလည်း အံ့အားသင့်သွားကြသည်။

ရှန်းဖန်းယွီက မယုံနိုင်သေးပေ။ ထို့ကြောင့် ကျန်းရွှိနှင့်ပြောထားသည့် မက်ဆေ့ခ်ျဘောက်ခ်ျအား သူတို့ကိုပြကာ “ဒီလိုမျိုး အဝါရောင် အီမိုဂျီလေးလေ။”

“မပါပါဘူးဆို။ မင်း မယုံရင် ကြည့်ကြည့်လိုက်။” ထိုလုပ်ဖော်ကိုင်ဖက်ကလည်း ချက်ချင်းပင် သူ့ဖုန်းအား ဆွဲထုတ်ကာ ပြလာသည်။

ရှန့်ဖန်းယွီတစ်ယောက်တည်းသာ ဤကဲ့သို့ အထူးဆက်ဆံခံနေရကြောင်း အတည်ပြုပြီးနောက် သူ့လုပ်ဖော်ကိုင်ဖက်၏ အမူအရာမှာ နက်နဲသွားပြီး “ သူ မင်းကို လှောင်နေတာတော့ မဟုတ်ပါဘူးနော်။”

“မဖြစ်နိုင်ပါဘူး။” ရှန့်ဖန်းယွီက မျက်နှာပျက်မသွားပဲ သူ့ဖုန်းအား ပြန်လည်ဆွဲယူကာ “သူ ငါ့တစ်ယောက်တည်းကို ဒီအီမိုဂျီလေး ပို့တယ်ဆိုတာ ငါ့ကိုပဲ ပြုံးပြချင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။”

“…” ဟုတ်ပြီလေ။ မင်းက ဒီလောက်အရည်ထူတာ၊ ဒီလို လိုရာဆွဲတွေးတာ မဆန်းပါဘူး။

“ဒါပေမယ့် သူက ဘာလို့ မင်းနဲ့တွေ့ဖို့ ချိန်းရတာလဲ။” လုပ်ဖော်ကိုင်ဖက်တစ်ယောက်က စဉ်းစားကာ မေးလိုက်သည်။ “နောက်ထပ် ရန်ပွဲဖြစ်ချင်လို့လား။”

“ဘယ်လိုလုပ်သိမတုန်း။” ရှန့်ဖန်းယွီ ပခုံးတွန့်ကာ ပြောသည်။

“ငါသူ့ကို ဗိုက်ကြီးနေတာလားလို့ နောက်လိုက်ကတည်းက ငါ့ကို ပလစ်သွားတာ။”

အသားတုတ်ထိုးကို တစ်ကိုက်ကိုက်လိုက်ပြီး သူဆက်ပြောသည်။

“ငါတို့တွေ့တိုင်း ငါ့ကို မျက်စောင်းထိုးတတ်ပေမယ့် အခုတော့ ငါ့ကို လေလိုမျိုး လျစ်လျူရှုထားတာ။ နောက်ဆုံးတစ်ခေါက် သူ အိမ်သာထဲမှာ အန်နေတုန်းက ငါသူ့ကို တစ်ရှူးတစ်ထုပ်ပေးခဲ့ပေမယ့် သူကတော့ ငါ့တစ်ရှူးကို သုံးပြီးတော့ ကျေးဇူးတင်ကြောင်းတောင် မပြောပဲ လှည့်ထွက်သွားတယ်လေ။ ငါသူ့ကို မယဉ်ကျေးလိုက်တာလို့လည်း ပြောရော လှည့်ပြီး ငါ့ကို စိုက်ကြည့်နေတာ။”

ရှန့်ဖန်းယွီက အနည်းငယ် စိတ်ဓာတ်ကျနေဟန်ဖြင့် “မင်းတို့ မသိပါဘူး။ သူငါ့ကို ကြည့်နေတဲ့ပုံက ငါကပဲ သူ့ကို ဗိုက်ကြီးအောင်လုပ်ခဲ့သလိုလိုနဲ့။ နောက်စက္ကန့်ပိုင်းလေးအတွင်းမှာ ငါ့ကိုတစဆီ စုတ်ဖြဲတော့မလိုပဲ။”

လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ရယ်ကာပြောသည်။

“ကြည့်ရတာ ညီလာခံမှာမင်းနေရာရသွားတာကို ဒေါက်တာကျန်းက ဒေါသထွက်သွားပုံပဲ။”

“သူက တကယ်ကို အမြင်ကျဉ်းလွန်းတယ်။အရင်နှစ်က သူတို့အဖွဲ့သွားပြီးပြီလေ။” ရှန့်ဖန်းယွီ သက်ပြင်းချလိုက်သည်။

လုပ်ဖော်ကိုင်ဖက်တစ်ယောက်က သူ့ဖုန်းကို ခေါက်ကာ မေးလိုက်သည်။

” ဒီတော့ မင်း သူနဲ့သွားတွေ့မှာလား။”

ရှန့်ဖန်းယွီက ဟက်ခနဲ ရယ်ကာ “မသွားပါဘူး။ ငါ့ကို အမိန့်တွေလာပေးနေရအောင် သူက ဘုရင်မလား။ ငါက ဘာလို့ သူ့စကားနားထောင်ရမှာလဲ။

” ပြောရင်းပင် နောက်ထပ်အသားကင်ချောင်းများကို ယူကာ “သူ့ကိုယ်သူ ဘယ်သူလို့ ထင်နေတာလဲ။”

နှစ်ဦးကြားမှ ပဋိပက္ခကို ကြုံဖူးသည့် လုပ်ဖော်ကိုင်ဖက်များက သူနှင့် ခွက်ချင်းတိုက်ကာ ပြောသည်။” သောက်၊ သောက်။ အဲ့ဒီအကြောင်း စဉ်းစားမနေနဲ့တော့။”

နောက်ဆုံးကျန်သော အသားကင်ချောင်းကို စားသောက်ပြီးသွားသည့်အခါမှာ ကိုးနာရီပင် ထိုးတော့မည်ဖြစ်သည်။

လက်အိတ်ကိုချွတ်ကာ လက်သန့်ဆေးရည်ဖြင့် ဆေးကြောလိုက်ပြီး ဘီယာကို တစ်ငုံသောက်လိုက်သည်။ ထို့နောက် စိတ်မပါ့တပါဖြင့် နာရီကို ငုံကြည့်လိုက်သည်။

“မင်းချိန်းထားတာ ရှိလို့လား။” လုပ်ဖော်ကိုင်ဖက်တစ်ယောက်က မေးလာသည်။ “မင်းက *ချောက်ယင်းမှာ နေနေတာပဲ။ မင်းဖုန်းကို ကြည့်ကြည့်နေတာ ဘယ်နှခါလောက် ရှိနေပြီလဲ။ ဒီလောက်ထိ သွားဖို့ အလျင်လိုနေတာလား။”

*ချောက်ယင်းမှာနေသည်- ဆန့်ကျင်ဘက်တွင်ရှိနေသော်လည်း အခြားတစ်ဖက်မှရန်သူကို စဉ်းစားမိနေခြင်းအတွက် တင်စားသော ဥပစာ။

“ဟေး။ မင်းနဲ့ ကျန်းရွှိတို့ နှစ်ယောက်လုံး ကျုံးလန်ကို လိုက်ပိုးနေကြတာ မဟုတ်လား။ ခုတလော ဘာလို့ ဘာမှ မလှုပ်ရှားကြလဲ။” တစ်ယောက်ယောက်ကတော့ အတင်းတုပ်ချင်နေပြီဖြစ်သည်။ “အသစ်တွေ့ထားလို့လား။”

“ဘာကို အသစ်တွေ့ရမှာလဲ။” ရှန့်ဖန်းယွီမှ ပြန်ပက်သည်။ သို့သော်လည်း အများကြီးရှင်းမပြချင်ပေ။ ပုန်းနေသော လူတစ်ယောက်အား အတင်းပွင့်လာရန် ကူညီသည်မှာ ရိုင်းစိုင်းသည့်လုပ်ရပ်ပင်။ လုပ်ဖော်ကိုင်ဖက်များ၏ ထပ်ခါတလဲလဲမေးလာသည့် မေးခွန်းများကို သာမာန်ကာလျှံကာဖြင့်သာ ဖြေလေသည်။ “ဒါက ငါပြောလို့ရတဲ့ ကိစ္စမဟုတ်ဘူး။”

သူသည် အမြဲလိုလိုပင် ရင့်ကျက်ကာ သိမ်မွေ့နူးညံ့သည့်သဘောထားရှိသော ၊ သူ့အား ကောင်းကောင်းသိသည်ဟူသော ရင်းနှီးလွယ်သည့် ခံစားချက်ကို ပေးနိုင်သည့်လူတစ်ယောက်ဖြစ်သည်။ လုပ်ဖော်ကိုင်ဖက်များ၏ မေးခွန်းများမှ ရုန်းထွက်လာပြီးနောက် သူ့ဖုန်းအား ထုတ်ကြည့်ကာ မိမိကိုယ်ကိုပြောသလိုလို၊ အခြားသူအား ပြောသလိုလိုဖြင့် မရေမရာဆိုလေသည်။
“ထားပါတော့။ တကယ်ကြီး တစ်ခုခုဖြစ်နေမှာစိုးလို့ ငါ သူ့ဆီတစ်ချက်လောက် သွားကြည့်ကြည့်လိုက်တာ ပိုကောင်းမယ်။”

ပြောပြောဆိုဆိုဖြင့် သူထရပ်လိုက်မှ သူ့လုပ်ဖော်ကိုင်ဖက်များက သဘောပေါက်သွားလေဟန်ဖြင့် “ဟေး။ ငါကတော့ တစ်ယောက်ယောက်ကြောင့် မင်းစောစောပြန်ချင်နေတာလို့ ထင်နေတာ။ ဒါပေမယ့် အဲ့ဒီတစ်ယောက်ယောက်က ကျန်းရွှိကိုး။” သူက ရှန့်ဖန်းယွီကို ထပ်စလေသည်။ “မင်းကတော့ ကိုယ့်ဘာသာကိုယ် မျက်ခွက်ဖြတ်ရိုက်တဲ့နေရာမှာ တကယ်တော်တာပဲ။”

ရှန်းဖန်းယွီက သူ့အပေါ်ထပ်ဂျက်ကက်ကိုဝတ်ကာ ယောက်ျားသုံးရေမွှေးအနည်းငယ်ဖြန်းလိုက်ရင်း “ငါ့ကို ဘယ်သူက လူကြီးလူကောင်းဖြစ်ခိုင်းလဲ။” သူက ညည်းညူကာ ပြောလိုက်သည်။ “ငါ့လိုမျိုး ကြင်နာတတ်တဲ့လူ ဒီကောင်းကင်အောက်မှာ ရှိနိုင်သေးရဲ့လား။ ကျန်းရွှိရဲ့ မကောင်းဆိုးရွားတပ်ဖွဲ့ကို အရှုံးမပေးရုံတင်မက ဒုက္ခရောက်နေတဲ့အချိန်မှာလည်း ငါသူ့ကို ကူညီဖို့ ရှေ့ထွက်လာတာပဲလေ။”

နောက်ဆုံးတွင်တော့ လုပ်ဖော်ကိုင်ဖက်များ၏ ခွင့်မလွှတ်နိုင်သည့် အကြည့်များအောက် အိတ်ကပ်ထဲလက်ထိုးထည့်ကာ ရှန့်ဖန်းယွီတစ်ယောက် ကျီဟွားဆေးရုံသို့ ပြန်လာခဲ့လေသည်။


သူတံခါးကို ဖွင့်လိုက်တဲ့အခါမှာ ကျန်းရွှိသည် ကွန်ပျူတာစခရင်ကို ကြည့်လျက်ရှိသည်။ အဖြူရောင်ကုတ်အားဝတ်ထားလျက်ရှိတာကြောင့် ယခုလေးတင် လူနာဆောင်မှ ထွက်လာဟန်ပင်။

ရုံးခန်းသည် ယခုအချိန်တွင် လူသူကင်းမဲ့ကာ တာဝန်ကျဆရာဝန်များသည်လည်း ရှိမနေပေ။

ရှန့်ဖန်းယွီက ကျန်းရွှိဘေးနား ဝင်ထိုင်လိုက်သည့်အခါ ကျန်းရွှိဖတ်နေသည့်အကြောင်းအရာအား မြင်လိုက်ရသည်။ “ဟေး။ မင်းဘာလို့ အခုတလော ဒီနယ်ပယ်ကို စိတ်ဝင်စားနေရ-“

“ရှန့်ဖန်းယွီ။” ကျန်းရွှီက ရုတ်တရက်ပင် သူစကားပြောနေသည်အား ဖြတ်ပြောလေသည်။

ရှန့်ဖန်းယွီ၏ စကားလမ်းကြောင်းရှာနေသည်ကို သူစိတ်မဝင်စားချေ။ သို့သော် ကွန်ပျူတာမောက်စ်ကို လွှတ်လိုက်ပြီး ရှန့်ဖန်းယွီနှင့် မျက်နှာချင်းဆိုင်စေရန် လှည့်လိုက်သည်။ ကျန်းရွှိမှာ မျက်နှာဖုံးမတပ်ထားသောကြောင့် သူလှည့်လိုက်သည့်အခါ သူ့မျက်လုံးအောက်က မှဲ့လေးကို ရှန့်ဖန်းယွီ ထပ်မံတွေ့လိုက်ရသည်။

ရှန်းဖန်းယွီအနေဖြင့် အခြားသူများကို ပြောပြရန် အလွန်ရှက်နေသည့် အကြောင်းအရာတစ်ခုရှိသည်။ ကျန်းရွှိ၏ မှဲ့လေးအားမြင်လိုက်ရသည့် ထိုနေ့မှစ၍ သူအိမ်ပြန်သွားသော်လည်း အိမ်မက်များစွာကို ဆက်တိုက်မက်လေ့ရှိသည်။ အိပ်မက်တစ်ခုစီတိုင်းက အခြားအိပ်မက်တစ်ခုထက် ပို၍ပင် ရဲတင်းလာပြီး အဓိကအချက်မှာ ထိုအိပ်မက်တို့က သူတစ်ကယ်ကိုပင် ကျန်းရွှိနှင့် အိပ်ခဲ့သလိုမျိုး အင်မတန်ပင် လက်တွေ့ဆန်လေသည်။

ထိုအချိန်များအတွင်း ကျန်းရွှိအား သူတစ်မျိုးကြီး ကြည့်မိသော်လည်း ကျန်းရွှိကတော့ သူ့အား လှည့်ပင်မကြည့်သည်မို့ သူ၏ထူးဆန်းသော အပြုအမူများအား သတိမထားမိပေ။

နောက်တော့ ကျန်းရွှိက သူ့ကိုရန်လာစသည့်အခါ သူလက်သီးနှင့်ထိုးရန်ပြင်သော်လည်း ထိုမှဲ့လေးအားတွေ့လိုက်ရသည့်အတွက် သူ့လက်သီးမှာ လေထဲပင်ရပ်တန့်သွားခဲ့ရပြီး သူ့ဗိုက်အား အထိုးခံခဲ့ရသည်။

မကောင်းသည့်အရာအားတွေးမိ၍ ဒဏ်ခတ်ခံရခြင်းပင်။

ကံကောင်းထောက်မစွာပင် သူ၏နှလုံးသားထဲရှိ မကောင်းဆိုးရွားမီးတောက်မှာ အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်းမီးငြိမ်းလာလေသည်။ ဒေါက်တာရှန့်တစ်ယောက် သူမလုပ်ခဲ့သည်မှာ တော်တော်ကြာပြီဖြစ်သည့်အတွက် သူ့ခန္တာကိုယ်က အင်မတန်တောင့်တနေသောကြောင့် ယခုကဲ့သို့ ရမ္မက်ထကြွစရာအိပ်မက်များအား မက်ခြင်းဟု ကောက်ချက်ချလိုက်လေသည်။ သို့သော် ယခု ကျန်းရွှိ၏မျက်ဝန်းအောက်မှ မှဲ့လေးအား ထပ်မံမြင်တွေ့လိုက်ရသည့်အခါ အချိန်တော်တော်ကြာ သူငြိမ်းခဲ့ရသည့် မီးတောက်မှာ ထူးဆန်းစွာပင် ပြန်လည်တောက်လောင်လာခဲ့သည်။

ထို့ကြောင့် သူ ကျန်းရွှိ၏အကြည့်များအား ရှောင်ကာ ဟန်ကိုယ်ဖို့၍မေးလိုက်သည်။ “ငါ့ကို ဘာလို့ခေါ်တာလဲ။”

ကျန်းရွှိမှာ သူ့ကို စိုက်ကြည့်နေပြီး ပြန်ဖြေမလာပေ။

ကျန်းရွှိမှာ အလွန်တည့်တိုးဆန်သောလူတစ်ယောက်ဖြစ်သည်ကို ရှန့်ဖန်းယွီသိသည်။ အထူးသဖြင့် သူနှင့်စကားပြောဆိုသည့်အခါတိုင်းတွင် စာကြောင်းသုံးကြောင်းလောက်ကို တစ်ကြောင်းတည်းဖြစ်အောင်ပေါင်း၍ အမြန်ပြောလေ့ရှိသည်မှာ သူ့အားမြင်နေရလျှင် သူ့(ကျန်းရွှိ)အသက်တိုတော့မည့်အလားပင်။ထိုအတွက်ကြောင့် ကျန်းရွှိ၏ ယခုအပြုအမူမှာ ရှန့်ဖန်းယွီအား ပျာယာခတ်ရလောက်အောင် စိုးရိမ်စေသည်။

ခဏမျှ စောင့်ပြီးတော့ သူထပ်မေးလိုက်သည်။ “ဘာဖြစ်လို့လဲ။”

ကျန်းရွှိက ရေတစ်ငုံသောက်လိုက်ကာ သူ၏ ရှုပ်ထွေးနေသောအကြည့်အား အကြည့်လွှဲလိုက်သည်။ ထို့နောက် အင်မတန်မှ စီးပွါးရေးဆန်ဆန်လေသံဖြင့် “ငါ့မှာ မင်းကို ပြောစရာရှိတယ်။”

ယနေ့ ကျန်းရွှိ စိတ်မရှည်ဖြစ်မနေပင်။ သူ့အား မျက်စောင်းလည်းမထိုးပေ။ သူ့အား မကျေမနပ်ကြည့်ဆဲဖြစ်သော်လည်း သူ့စကားပြောသံမှာ တည်ငြိမ်နေလေသည်။

နတ်ဆိုးပေါ်လာပြီဆိုကတည်းက တစ်ခုခုမှားနေလို့ပင်။ ရှန့်ဖန်းယွီအနေနှင့် ကျန်းရွှိပြောမည့်စကားမှာ သတင်းကောင်းမဟုတ်ဟု ခံစားမိလေသည်။

“ငါ့ကို မင်းရဲ့ (နေ့/ည) အဆိုင်းနဲ့ပတ်သက်ပြီး ကူစေချင်တာလား။ ဒါမှမဟုတ် ခွဲစိတ်မှုအချိန်စာရင်း ပြောင်းသွားလို့လား။ မဟုတ်လည်း ညီလာခံမှာ ပါတဲ့လူအရေအတွက် ခွဲတမ်းနဲ့ပတ်သက်လို့လား။”

ရှန့်ဖန်းယွီအနေဖြင့် ကျန်းရွှိယခုကဲ့သို့ လေးနက်သည့်အမူအရာပင် ပြောဆိုရသည့် အခြားအကြောင်းအရင်းအား အမှန်ပင် မတွေးတတ်တော့ချေ။ ဝန်ခံရလျှင် ယခု သူ ခန့်မှန်းထားသမျှကလည်း ကျန်းရွှိအနေနှင့် ယခုကဲ့သို့ သူ့အား အင်မတန်လေးနက်သည့်သဘောထားပြရန် မလိုဟု ခံစားရသည်။

ကျန်းရွှိ သူ့အပြောအား နားထောင်ကာ စားပွဲပေါ်ရှိ အချိန်မှတ်စက် (timer) အား ကောက်ယူလိုက်သည်။

“အရင်ဆုံး မင်းစိတ်ကိုမင်း ပြင်ဆင်ဖို့ တစ်မိနစ် အချိန်ပေးမယ်။”

ရှန့်ဖန်းယွီ ကြောင်အသွားကာ “နေဦးလေ-“

ကျန်းရွှိက စောင့်မနေပေ။ ရှန့်ဖန်းယွီအား တစ်ချက်ကြည့်ကာ အချိန်မှတ်သည့် ခလုတ်အား နှိပ်လိုက်သည်။ ဤအကြောင်းကိုထုတ်ပြောရန် မည်မျှပင် ခက်ခဲနေပါစေ၊ ရှန့်ဖန်းယွီအား ပြောပြရန် သူဆုံးဖြတ်ပြီးသည့်အတွက် သူ့အနေနှင့် ရှက်နေသည့်ပုံစံမျိုးမပြချင်ပေ။

ရှန့်ဖန်းယွီ၏ နှလုံးခုန်နှုန်းမှာ ရုတ်တရက်မြန်ဆန်လာလေသည်။ ယခုကျန်းရွှိပြောလာမည့် အကြောင်းအရာမှာ မကောင်းနိုင်ဟု သူခံစားရသည်။

ဘာများလဲ။

သူ့ကိုယ်သူ စိတ်ပြင်ဆင်ရအောင် ဒီလောက်ထိ ပြင်းထန်လေးနက်ရတဲ့ အကြောင်းအရင်းက ဘာများဖြစ်မလဲ။

ကျန်းရွှိ၏ ဘယ်ဘက်လက်မှာ စားပွဲပေါ်တွင်တင်ထားလျက် အချိန်မှတ်စက်မှ အချိန်များကလည်း တဖြည်းဖြည်း ကုန်ဆုံးလာလေသည်။ သူ၏ အဖြူရောင်ကုတ်င်္အကျီမှလက်အနားစသည် နောက်သို့လန်ကျသွားပြီး အချိုးအဆစ်လှပသည့်လက်ကောက်ဝတ်အား ပေါ်လွင်စေသည်။

ရှန့်ဖန်းယွီ စကားစရှာချင်သော်ငြား အချိန်မှတ်စက်မှ ဂဏန်းများ ငယ်သည်ထက် ငယ်လာသည်ကို ကြည့်နေရသည်မှာ စာမေးပွဲခန်းထဲတွင် အချိန်ကုန်ရန် စက္ကန့်အနည်းငယ်သာ လိုတော့သော်လည်း မေးခွန်းများအား ဖြေဆို၍မပြီးသလိုခံစားချက်မျိုးပင်။ စိုးရိမ်စိတ်များလာလေလေ ဘာလုပ်ရမှန်းမသိတော့လေလေပင်။

ပြောရရင် စာမေးပွဲဖြေစဉ်ကပင် သူဒီလောက်ထိ ထူးထူးဆန်းဆန်း စိတ်မလှုပ်ရှားဖူးပေ။

အရာအားလုံး ငြိမ်သက်သွားပြီး အချိန်မှတ်စက်မှ ဂဏန်းတို့လည်း သုညသို့ ရောက်သွားသည့်အခါ စူးရှသည့် ခေါင်းလောင်းသံမှ ထမြည်လာသည့်အသံကြောင့် ရှန့်ဖန်းယွီ ရင်တုန်သွားရသည်။

ကျန်းရွှိက လျင်မြန်စွာပင် အချိန်မှတ်စက်အား ပိတ်သည့်ခလုတ်ကို နှိပ်လိုက်ပြီး နှိုးစက်သံအား ထပ်မမြည်စေတော့ပေ။

“မင်း မဟုတ်-“

“ငါ ဗိုက်ကြီးနေပြီ။ ကလေးက မင်းဟာ။”

ကျန်းရွှိသည် မျက်လွှာချလျက် အချိန်မှတ်စက်အား ငုံကြည့်ကာ နူးညံ့စွာပြောလာသည်။

ရှန့်ဖန်းယွီ : “?”

စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ဖို့ အချိန်တစ်မိနစ်ဆိုတာ သိပ်မလောက်သလိုပဲ။