Chapter 11
- ရွေးချယ်မှု
ထန်ခေါ့အနေဖြင့် ရှစ်နှစ်ကြာပြီဖြစ်သော သူတို့ဆေးရုံအဖွဲ့ထဲကို “ကျန်းရွှိတစ်ယောက် ရှန့်ဖန်းယွိရဲ့ကလေးကို ကိုယ်ဝန်ဆောင်ထားရပြီ” ဟူသောစာကို ပို့လိုက်မည်ဆိုပါက အားလုံးဟာ သူ၏စိတ်ကျန်းမာရေးကို မေးခွန်းထုတ်လာကြမည်ဖြစ်ပြီး စိတ်ရောဂါကုဌာနမှလူများပါ သူ့ကို ချက်ချင်းပင် ဆွဲခေါ်သွားမည်ကို သံသယဖြစ်နေစရာပင် မလိုပေ။
လဲကျသွားမှုကြောင့် နာကျင်နေသော ခါးကိုကိုင်ကာ ဖြည်းဖြည်းချင်းထ၍ စွပ်စွဲမှုများပြည့်နှက်နေသော မျက်လုံးများဖြင့် ကျန်းရွှိကိုကြည့်ကာ “မင်း ငါ့ကို နောက်နေတာတော့ မဟုတ်ပါဘူးနော်။ ဟုတ်တယ်မလား။”
ပြောရင်းပင် သူ့ပါးစပ်ကိုသူ တဖတ်ဖတ်ရိုက်ကာ ဆက်ပြောလိုက်သည်။
“လှူမယ့်အကြောင်း ပြောနေတာကို မေ့လိုက်။ ဒီတိုင်းစတာ။ စိတ်ထဲထည့်မနေနဲ့။”
ကျန်းရွှိက လက်ထဲမှဖိုင်ကိုချကာ ချထားသောလက်တစ်ဖက်မှတံတောင်ဆစ်ကိုအခြားလက်တစ်ဖက်နှင့်ထိလိုက်သည်။ စားပွဲပေါ်တွင်လက်ထောက်ကာမှီထားသော ထန်ခေါ့ကို ခေါင်းလေးစောင်းကြည့်ရင်း
“ငါတို့ မူးပြီး အိပ်ရာပေါ်ရောက်သွားတယ်လို့ပြောရင်ရော ယုံမှာလား။”
“ဒါပေါ့။” ထန်ခေါ့က အခိုင်အမာပင်ပြောလာသည်။ “အဲ့ဒါမှမဟုတ်ရင် မင်းတ်ို့နှစ်ယောက် တူတူအိပ်ရတဲ့ အကြောင်းပြချက်ကို စဉ်းစားလို့မရဘူး။”
ကျန်းရွှိက အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ “လာလေ။ ညစာကို ငါဝယ်ကျွေးမယ်လို့ ပြောထားတာပဲ။”
စားသောက်ဆိုင်ထဲရှိ စားပွဲတွင်ထိုင်ပြီးသည့်တိုင် ထန်ခေါ့တစ်ယောက် မယုံနိုင်ဖြစ်နေဆဲပင်။ မီနူးစာအုပ်ကို အကာအကွယ်ယူကာ ကျန်းရွှိကို ခိုးခိုးကြည့်နေ၏။ အတန်ကြာအောင် ထန်ခေါ့၏အကြည့်များကို သည်းခံလာပြီးနောက် ကျန်းရွှိတစ်ယောက် မျက်ဖြူလှန်ပြကာ ဖြတ်ပြောလိုက်သည်။
“ကြည့်မနေနဲ့ ။ ငါရူးနေတာမဟုတ်ဘူး။”
“မင်းဘာဆက်လုပ်မယ်လို့ စီစဉ်ထားလဲ။”
ပူပန်မှုများဖြင့်ပြည့်နှက်နေလေသော အမေအိုကြီးတစ်ယောက်လို ထန်ခေါ့ကမေးလာသည်။
“ရှန့်ဖန်းယွိကိုကြည့်ရတာလည်း ဂေးနေတဲ့ပုံမပေါ်ပါဘူး။”
တွေးကြည့်လေ စိတ်ရှုပ်လာလေပင်။
“ငါလိုး၊ ငါသာသိခဲ့ရင် အဲ့ဒီတုန်းက ဖိနပ်ကို သူ့ကိုပြန်ပေးလိုက်ရမှာ။ အဲ့ဒါဆို သူလည်း ဖွင့်ပြောစရာမလိုပဲ လူတွေကို နှောင့်ယှက်မှာလည်း မဟုတ်ဘူး။”
ကျန်းရွှိတစ်ယောက် ထန်ခေါ့ပြောစကားအား သဘောတူချင်သော်ငြား သူ၏ ဆရာဝန်ဟူသော အသိစိတ်လေးက သဘောတူလိုက်ရန် တားဆီးနေလေသည်။
“အဲ့ဒီတော့ မင်းသူ့ကို ပြောလိုက်မှာလား။” ထန်ခေါ့မှ မေးလာသည်။
ကျန်းရွှိ မဖြေနိုင်ပေ။
မျက်လွှာချကာ အဖြူရောင်ကြွေပန်းကန်ပြား၏အစွန်းကို လက်ထိပ်လေးနှင့် ပွတ်သပ်နေ၏။ သူဘာလုပ်ရမလဲ မသိတော့သည် အသိသာကြီးဖြစ်၍ ထို့ကြောင့်ပင် ထန်ခေါ့ကို ကလေးအဖေအကြောင်း ပြောပြခဲ့ရခြင်းဖြစ်၏။
သူတို့ဟာ သူငယ်ချင်းများဖြစ်သည့်အတွက် ကျန်းရွှိအနေနှင့် သူ့(ထန်ခေါ့)ရှေ့တွင် ဟန်လုပ်နေစရာ မလိုပေ။
ကျန်းရွှိသည် ရေဝဲတစ်ခု၏အလယ်ဗဟိုတည့်တည့်တွင် ရပ်တည်နေရသကဲ့သို့ပင်။ သူက အမှန်အတိုင်း အကျိုးအကြောင်းစဉ်းစားချင့်ချိန်နိုင်စွမ်း မရှိမည်ကို စိုးရိမ်နေရလေ၍ ယခုကိစ္စနှင့် စပ်လျဉ်းကာ ထန်ခေါ့၏ ယူဆချက်ကို ကြားသိလိုခြင်းပင်။
သူမျှော်လင့်ထားသော်ငြား ထန်ခေါ့သည့် မိန်းမလှလေးက သားလေးကိုခေါ်ကာ ထွက်ပြေးသွားပြီဟူသော ဝတ္ထုနှင့်ဇာတ်လမ်းတွဲများကို ဖန်တီးနေပြီဖြစ်သည်။
“တကယ်လို့ မင်းအတွက် ကိုယ်ဝန်ဖျက်ချပေးမယ့်လူကို ရှာမတွေ့ဘူးဆိုပါစို့၊ မင်း M နိုင်ငံကို တိတ်တိတ်လေးထွက်သွားပြီး ကလေးမွေးဖို့တော့ မစီစဉ်ထားပါဘူးနော်။ ဟုတ်တယ်မလား။”
သူ၏အတွေးများက ကြိုးကနေလွတ်လာသော မြင်းရိုင်းတစ်ကောင်ကဲ့သို့ပင်။ ပြောနေရင်းဖြင့်ပင် ပို၍ စိတ်အားထက်သန်လာလေဖြစ်သည်။ “ဒါဆို နောက်ဆယ်နှစ်ကြာသွားလို့ မင်းတို့နှစ်ယောက် ဒါရိုက်တာရာထူးအတွက် ပြိုင်ကြတဲ့အခါမှ မင်းက ရှန့်ဖန်းယွိကို မင်းကလေးရဲ့အဖေက သူပဲလို့ပြောပြီး သူ့ကိုဓားစာခံလုပ်လိုက်။”
ကျန်းရွှိ: “…..”
“ဒီလို စိတ်ကူးယဉ်ဆန်ပုံမျိုးနဲ့ မင်းကဆရာဝန်ဖြစ်လာတာ တကယ်နှိမ့်ချရာရောက်တယ်။”
“အမှန်အတိုင်းပြောရရင် ဆေးပညာကိုစွန့်ပြီး စာပေအနုပညာဘက်ကို ကူးသွားတဲ့ လုရွှင်က ငါ့ရဲ့ စံပြပုဂ္ဂိုလ်ပဲ။” ထန်ခေါ့က ပြုံးလျက်ဆို၏။
ကျန်းရွှိမျက်လုံးလိမ့်လိုက်သည်။ ထန်ခေါ့ကအလေးအနက်ဆိုလာလေသည်။
“မင်း သူ့ကို ပြောပြလိုက်တာ ကောင်းမယ်ထင်တယ်။”
သူက ဆက်ပြောသည်။ “အကယ်၍ မင်း ခွဲစိတ်မှုလုပ်ပြီပဲထား။ မင်းအနေနဲ့ ခွင့်ရက်ရှည်က ယူရတော့မှာလေ။ ငါလည်း ကျီဟွားဆေးရုံမှာ အချိန်တွေအကြာကြီးလုပ်ခဲ့တာပဲ။ အစိုးရဆေးရုံတွေမှာ အလုပ်လုပ်ရတာ ခွင့်ယူဖို့ ဘယ်လောက်ခက်လဲဆိုတာ ငါသိတယ်။ ပြီးတော့ ဘယ်လောက်ထိ အလုပ်တွေများလဲဆိုတာလည်း ငါသိတယ်။ အခု မင်းရဲ့ လက်ရှိအခြေအနေနဲ့ဆို ပြောမနေနဲ့တော့။”
ကျန်းရွှိအနေဖြင့် ဆေးရုံမှာ အလုပ်ဆက်လုပ်ပြီး လူမှုဆက်ဆံရေးကို လုံးဝမဖြတ်တောက်လိုက်သရွေ့ ကိုယ်ဝန်ဆောင်နှင့် ကိုယ်ဝန်ဖျက်ချခြင်းဟူသည့် အကြောင်းပြချက်အားသုံးကာ ခွင့်ယူ၍မရနိုင်ချေ။
သို့သော်လည်း သူ့ရဲ့အခြေအနေကို အခြားဌာနများဆီမှ ဖုံးကွယ်လိုပါကလည်း ခွင့်ယူဖို့က ပို၍ခက်ခဲပေလိမ့်မည်။
အကယ်၍ အလုပ်မှထွက်လိုက်ပါကလည်း ရှန့်ဖန်းယွိသည် သူ့ဘိုးဘွားတို့၏အုတ်ဂူဘေးတွင် သုံးရက်သုံးညတိတိ မီးရှူးမီးပန်းများဖောက်၍ ပျော်ပွဲဆင်နေလိမ့်မည်။ ကျန်းရွှိက သူ့အားရှုံးသွားသည်ကို နောက်ဆုံးဝန်ခံလိုက်ရပြီး ထွက်သွားခဲ့ရသည်ဟူ၍ပင် တွေးနေဦးမည်။
ရှန့်ဖုန်းယွိ၏ အူမြူးနေမည့်မျက်နှာအား မြင်ယောင်ကြည့်မိသည့် ကျန်းရွှိတစ်ယောက် မျက်နှာကြီး မည်းပုတ်လာလေသည်။
“ရှန့်ဖန်းယွိက ခေါင်းဆောင်ပိုင်းကလူတွေနဲ့ ဆက်ဆံတဲ့အခါ မင်းထက်ပိုပြီး ပါးနပ်တယ်။”
ထန်ခေါ့က ပြောသည်။ “ပြီးတော့ မင်းတစ်ယောက်တည်း ဝန်ထမ်းနေစရာမလိုဘူး။ ရှန့်ဖန်းယွိလည်း တာဝန်ယူရမယ်လေ။”
သူ့လည်ပင်းတည့်တည့်မှာ ချိန်ရွယ်ထားသည့် ဓားသာမရှိပါက ကျန်းရွှိအနေဖြင့် ရှန့်ဖန်းယွိကို မယုံနိုင်လောက်စရာ ကိစ္စအား ပြောပြရန်မလိုလားချေ။
သားလေးကိုခေါ်ပြီး ထွက်ပြေးသွားသည့်ဝတ္ထုဇာတ်လမ်းတွဲများလည်းခိုင်လုံသောအကြောင်းပြချက်ရှိသည်။ထွက်ပြေးပုန်းရှောင်နေရခြင်းက ရှက်ဖွယ်ဖြစ်သော်လည်း အမှန်ပင် အသုံးဝင်လှသည်။
ကျန်းရွှိလက်ကိုမြှောက်၍ မျက်မှန်ကို ပြန်တွန်းတင်လိုက်သည်။ “ငါ စဉ်းစားကြည့်လိုက်ဦးမယ်။” သူ့ဖုန်းကို ငဲ့ကြည့်လိုက်သည်။ ညစာစားရန် ထွက်မလာမီတည်းက ဒေါက်တာခန်းကိုမေးလ်ပို့ထားသော်လည်းအကြောင်းပြန်မလာသေးပေ။
အချိန်ကွာခြားချက်ရှိနေပြီး သူကလည်း သူ၏နယ်ပယ်၌ကျော်ကြားသည့် ကျွမ်းကျင်သူတစ်ဦးဖြစ်နေ၍ အလျင်အမြန်အကြောင်းပြန်စာရရန် မဖြစ်နိုင်သည်ကို သိနေသည့်တိုင် ကျန်းရွှိအနည်းငယ် စိတ်ကသိကအောက် ဖြစ်ရသည်။
သတင်းဆောင်းပါးများတင်စဉ်ကပင် သူ၏ဖုန်းမက်ဆေ့ခ်ျကို ယခုကဲ့သို့ မကြာမကြာစစ်ဆေးလေ့မရှိပေ။
သူ၏ အပြုအမူလေးတွေကိုမြင်၍ ထန်ခေါ့က “အကယ်၍ ဒေါက်တာခန်းက ခွဲစိတ်ကုသမှုဆိုင်ရာညွှန်ကြားချက်နဲ့ ဗီဒီယိုကို ပေးမယ်ဆိုပါစို့။ ငါ့အနေနဲ့ မင်းအတွက် ဆေးရုံမှာ ခွဲစိတ်ခန်းကို စီစဉ်ပေးနိုင်တယ်။ ဒါပေမယ့် ဘယ်သူက မင်းအတွက် ခွဲစိတ်မှုကိုလုပ်ပေးမှာလဲ။”
ကျန်းရွှိက ဖုန်းကိုဆတ်ခနဲကောက်ကိုင်လိုက်လေသည်။ ရုတ်တရက်ကြီး သူ ထန်ခေါ့နှင့် စကားဆက်မပြောချင်တော့ပေ။
ယနေ့ည ထန်ခေါ့ပြောသွားသည့်အချက်များအားလုံးသည် သူရင်ဆိုင်နေရသည့် အခက်ခဲဆုံး ပြဿနာများပင်။ သူအမှန်ပင် သူ၏နားများကို ဖုံးအုပ်ကာ အရာအားလုံးမှ ထွက်ပြေးချင်မိသည်။
အဆိုပါ ခွဲစိတ်မှုမှာ တရုတ်နိုင်ငံ၏ ပထမဆုံးသော ခွဲစိတ်မှုဖြစ်လာမည်ဖြစ်ပြီး သားဖွားမီးယပ်ပညာနှင့် ကျွမ်းကျင်သော ခွဲစိတ်ဆရာဝန်များက ယုံကြည်ချက်မရှိပဲ လာ၍ခွဲစိတ်ပေးမည်မဟုတ်ချေ။ ထို့အပြင် ကျီဟွားဆေးရုံ၏ သားဖွားမီးယပ်ဌာနမှာ နိုင်ငံ့ထိပ်တန်းဖြစ်နေခြင်းပင်။
သို့သော် သူ့အနေနှင့် ကျီဟွားဆေးရုံ၏ သားဖွားမီးယပ်ဌာနမှလူများအား ခွင့်မပြုချင်ပေ။ ပထအဆုံးအချက်အနေနှင့် သူတို့က သူ့အနေနဲ့ အမြဲမြင်တွေ့နေရသည့် လုပ်ဖော်ကိုင်ဖက်များဖြစ်သည်။ ရှက်စရာကောင်းသည်ဟူသည့် ကိစ္စအား ထည့်မစဉ်းစားလျှင်သော်မှ ကျန်းရွှိအနေနှင့် သူ့လုပ်ဖော်ကိုင်ဖက်များ၏ စွမ်းဆောင်ရည်ကို ကောင်းကောင်းသိလေသည်။ ပထမဆုံး ဟူသည့်အရာကို လုပ်ကိုင်ရဲသည့် ယုံကြည်ချက်နှင့် သတ္တိရှိသူမှာမရှိသလောက်ပင်။
ထိုသို့ဖြစ်နေသော်လည်း သူ သူတို့အား အပြစ်မတင်နိုင်ချေ။ အလားတူ ကိစ္စရပ်မျိုးအား သူလုပ်ရမည်ဆိုပါကလည်း သူ့အနေဖြင့် အသေအချာစဉ်းစားချင့်ချိန်ပြီးမှ လုပ်သင့်မလုပ်သင့် ဆုံးဖြတ်မည်ဖြစ်သည်။
ကျန်းရွှိအနေဖြင့် ထို စွမ်းဆောင်ရည်ရော၊ ယုံကြည်ချက်ရော နှစ်မျိုးလုံးရှိသည့် လူတစ်ယောက်ကို စဉ်းစားမိသော်လည်း ထိုလူမှာ သူလုံးဝမပြောချင်ဆုံးလူပင်။
“ငါတို့ ရှန့်ဖန်းယွိကို မေးကြည့်လို့ရတာပဲ။” ထန်ခေါ့က သူ့စိတ်ထဲတွင်ရှိနေသည့် နာမည်အား တိုက်ရိုက်ပင် ဖော်ထုတ်လာခဲ့သည်။
ကျန်းရွှိ ကြက်သေသေသွားလေသည်။
“သူက သာမာန်ပဲလို့ထင်ရပေမယ့် သူ့မှာ စွမ်းဆောင်နိုင်စွမ်းရှိတယ်။ မင်းတို့က အတူတူလည်း အိပ်ပြီးသွားပြီဆိုတော့ သူ့ကို ကိုယ်ဝန်ဖျက်ချခိုင်းဖို့က ရှက်နေစရာ မလိုတော့ဘူး။ အကယ်၍ သူငြင်းရဲရင် စည်းကမ်းထိန်းသိမ်းရေးကော်မတီကို သွားပြီး မိန်းကလေးတွေရော ယောက်ျားလေးတွေကိုပါ ကစားသွားတဲ့ *ချန်ရှစ်မေ့ လိုလူစားမျိုးဆိုပြီး တိုင်ပစ်လိုက်။”
*ချန်ရှစ်မေ့ - နှလုံးသားမရှိသော မယုံကြည်ရသည့် ယောက်ျား
ကျန်းရွှိ: “…”
အနာဂတ်မှာ ရှန့်ဖန်းယွိကြောင့် သူစိတ်မတိုရလျှင်တောင် ထန်ခေါ့ကြောင့် ဒေါသထွက်ရမည်မှာ အသေအချာပင်။
ကျန်းရွှိ သူ့အနားရှိလူများ စကားမများရခြင်းမှာ သူက စကားပြောရတာ မကြိုက်လို့များလားဟုပင် တွေးမိသည်။
ဟင်းပွဲများအား စားပွဲသို့ ဖြည်းဖြည်းချင်းသယ်ဆောင်လာလေသည်။ ကျန်းရွှိက အိုးထဲမှ အကြီးဆုံး ကြက်ပေါင်တစ်ပေါင်အားယူကာ ထန်ခေါ့၏ ပန်းကန်လုံးထဲ ထည့်ပေးလိုက်သည်။ ထန်ခေါ့ တစ်ခုခုပြောချင်နေမှန်း သိသည့်အတွက် ကျန်းရွှိသူ၏ကိုယ်ပိုင်နှုတ်ခမ်းအား လက်ညှိုးတစ်ချောင်းဖြင့် ထိကပ်ကာ “ရှုး၊ စားတော့။”
သို့သော်လည်း အလုတ်အနည်းငယ် စားပြီးနောက်တွင် ကျန်းရွှိ လက်ထဲမှ တူတစ်စုံအား ချလိုက်သည်။ အချိန်အခါမရွေး ပေါ်လာတတ်သည့် အန်ချင်စိတ်ကြောင့် စားပွဲပေါ်ရှိ အရောင်စုံဟင်းပွဲများအား မြင်တွေ့နေရသော်လည်း စားချင်စိတ် နည်းနည်းလေးမျှ ဖြစ်မလာပေ။
ကိုယ်ဝန်ဆောင်ရတာက တကယ်ကို ပင်ပန်းရတာပဲ။
သူမှတ်မိသလောက် သူ့အနေဖြင့် တစ်ခါမျှ ကြီးကြီးမားမား မဖျားနာဖူးပေ။ အအေးမိခြင်းနှင့် တုပ်ကွေးမိခြင်းပင် မဖြစ်သလောက်ပင်။ သူ၏ ကိုယ်ခန္တာမှာ သူ့အလုပ်နှင့်စာလေ့လာမှုအချိန်များအား ပံ့ပိုးပေးနိုင်ရန် လုံလောက်သော ကိုယ်ခံအားကို အမြဲတမ်းထောက်ပံ့ပေးခဲ့သည်သာ။
ယခုတွင်တော့ ကျန်းရွှိ သူ့ရဲ့ကိုယ်ခံစွမ်းအားတွေအကုန် စုပ်ယူစားသုံးခံနေရသလိုပင်။ အတင်းအကြပ် ပါဝါပိတ်ခံလိုက်ရသည့် စမတ်ဖုန်းတစ်လုံးလို ဘာမျှ လုပ်နိုင်စွမ်းမရှိတော့ဟု ခံစားနေရသည်။
ငှက်ကုလားအုပ်တစ်ကောင်ကဲ့သိုသာ ဖုံးကွယ်နေချင်မိသော်ငြား ထန်ခေါ့၏ စကားအား စဉ်စားကြည့်ရမည်ပင်။
ပဟေဠိတစ်ခု၏ အလယ်ဗဟိုတည့်တည့်တွင်ရှိနေသောကြောင့် အချို့သော အရာများမှာ သူ၏ စိတ်ခံစားမှုနှင့် ရောင်စုံအမြင်များနှင့် ဖုံးကွယ်ထားခံရမည်ဖြစ်သည်။ သို့သော် ထန်ခေါ့သည်ကားပဟေဠိ၏ ဘေးဘက်အစွန်တွင် ရှိနေသောကြောင့် သူ(ကျန်းရွှိ)မြင်ရသည်ထက် ပို၍ ရှင်းရှင်းလင်းလင်း သိမြင်နိုင်ပေသည်။
ကျန်းရွှိ အတန်ကြာအောင် တိတ်ဆိတ်နေမိသည်။ ရှန့်ဖန်းယွိကို ပြောပြပြီးပါက ဘာတွေဆက်ဖြစ်နိုင်လဲဆိုတာလည်း သူမသေချာပေ။ နောက်ပိုင်း သူနှင့် ဘယ်လို မျက်နှာချင်းဆိုင်ရမလဲမသိတော့ရင်တောင်မှ ထန်ခေါ့ပြောသည်မှာ တစ်ခုတော့မှန်သည်။ ကိုယ်ဝန်ဖျက်ချသည်ဖြစ်စေ၊ ကလေးအား မွေးဖွားသည်ဖြစ်စေ၊ တာဝန်များအားလုံးအား မိမိကိုယ်ပေါ်သို့သာ အတင်းအကြပ်စုတင်ထားခြင်းက နောက်ဆုံးရလဒ်အား ပို၍ဆိုးရွားစေမည်သာ။
ကျန်းရွှိသည် မိမိကိုယ်ကို တွန်းအားများပေးတတ်သော လူတစ်ယောက်ဖြစ်ပြီး မျှော်လင့်မထားသည့် ဤကလေးအတွက် ခွန်အားများစွာ ထုတ်သုံးထားသည်ကြောင့် သူကိုယ်တိုင်၏ လုပ်ဆောင်ချက်ကြောင့် ဖြစ်စေ၊ မတော်တဆကြောင့်ဖြစ်စေ ၊ သူ၏စွမ်းဆောင်ရည်များ ကျဆင်းသွားမည်ကို တွေးတောင် တွေးမကြည့်ရဲပေ။
ဤအတိုင်း ဆက်သွားနေဦးမည်ဆိုလျှင် အကျိုးဆက်အနေဖြင့် မျက်နှာပျက်ရရုံ၊ လူမှုအသိုင်းအဝိုင်းမှ ဖယ်ကျဉ်ခံရရုံဖြင့် ပြီးသွားမည်မဟုတ်ချေ။
‘ထားလိုက်ပါတော့။’ ကျန်းရွှိတွေးမိသည်။ ‘စစ်သားဆိုတာ ခုခံဖို့၊ ရေဆိုတာ လွှမ်းမိုးဖို့ပဲ။ ငါကိုယ်တိုင် ရှက်ကြောက်မနေသရွေ့ အရှက်ရမှာက တခြားသူတွေပဲဖြစ်လိမ့်မယ်။’
သို့နှင့် အသက်ပြင်းပြင်းရှူကာ ရှန့်ဖန်းယွိ၏ မက်ဆေ့ခ်ျဘောက်စ်ကို နှိပ်ကာ စာပို့လိုက်သည်။
“ဒီနေ့ည ကိုးနာရီမှာ ငါမင်းကို ရုံးခန်းထဲမှာစောင့်နေမယ်။ ပြုံးနေသည့်.jpg”