Chapter 28
ပိတ်ခါနီးနေသော အသင့်စားအစားအစာဆိုင်တွင် ဆရာဝန်သုံးဦးမှာ သူတို့၏ညလယ်စာကို စားနေခဲ့သည်။
လီရှန့်နှင့်ကျန်းချမ်တို့မှာ ရှန့်ဖန်းယွိ ဖုန်းပြောနေသည်ကို ကြည့်နေကြပြီး ဖုန်းကိုင်လိုက်ပြီးနောက် ရှန့်ဖန်းယွိ၏တစ်ကိုယ်လုံးမှာ ဖယောင်းရုပ်တုသဖွယ် တောင့်ခဲသွားသည်ကို မြင်လိုက်ကြရသည်။
" ဘာဖြစ်တာလဲ…" လီရှန့်မှ မေးလာခဲ့သည်။
ရှန့်ဖန်းယွိ ရုတ်တရက်အသိစိတ်ဝင်လာကာ တစ်ဖက်မှချသွားပြီးဖြစ်သော ဖုန်းကိုကြည့်၍ ဖုန်းပေါ်မှ အချိန်ကိုကြည့်ကာ " ငါသွားရတော့မယ်…" ဟုပြောလိုက်သည်။ ထို့နောက် သူမနေနိုင်ဘဲ တီးတိုးရေရွတ်မိသွားခဲ့သည်။ " ကျန်းရွှိကဘာဖြစ်နေတာလဲကွာ.. အချိန်ကမမီဘူးလေ သူအလျင်လိုနေတာလား…"
" ကျန်းရွှိခေါ်တာလား…" ယခင်တစ်ကြိမ် ကျန်းရွှိ ဖုန်းခေါ်စဉ်အခါက ကျန်းချမ်နှင့်ရှန့်ဖန်းယွိတို့ ကြက်သားတုတ်ထိုးစားနေကြချိန်ဖြစ်သည်။ ယခုအချိန်တွင် ထိုမြင်ကွင်းမှာ တစ်ပတ်ပြန်လည်လာသဖြင့် သူမနေနိုင်ဘဲ အနည်းငယ်စနောက်ချင်သည့်ပုံဖြင့် ပြောလိုက်သည် " ဒီတစ်ခါကော ဘုရင်မကြီးက မင်းကိုဘာလုပ်ခိုင်းတာတဲ့လဲ…"
ရှန့်ဖန်းယွိ ပြန်မဖြေခဲ့ချေ။ ထရပ်ကာ အပေါ်ဝတ်အင်္ကျီကို လက်မှကိုင်လိုက်ပြီး ဖုန်းဖြင့် ဘေရှင်းလိုက်ကာ " မင်းတို့နှစ်ယောက်ဆက်စားလိုက်ကြတော့.." ထို့နောက် သူငယ်ချင်းနှစ်ယောက်ကို လက်ယမ်းပြလိုက်ပြီး " ငါလုပ်စရာရှိလို့ အရင်သွားနှင့်ပြီ…"
အနီးကပ်ထိုင်နေသော လီရှန့်၏ပုခုံးကိုပုတ်ကာ ထွက်သွားလိုက်ပြီး အနားမှဖြတ်သွားသည့်တက်ဆီကို လက်တား၍ငှားလိုက်သည်။
" ဆေးရုံမှာ တစ်ခုခုဖြစ်နေလို့လား.." လီရှန့်မှာ ယခင်တစ်ကြိမ်အဖြစ်အပျက်ကို မသိခဲ့ပေ။ " ဘုရင်မကြီးဆိုတာကကော ဘာကြီးလဲ.. ဒေါက်တာကျန်းကိုပေးထားတဲ့နာမည်အသစ်လား… သူကော အဲဒီအကြောင်းသိရဲ့လား…"
သားဖွားမီးယပ်ဌာနတွင် အလုပ်လုပ်နေသည့် ကျန်းချမ်နှင့်မတူပေ။ လီရှန့်မှာ မတူညီသောဆေးရုံမှဖြစ်ပြီး ရှန့်ဖန်းယွိ ကျန်းရွှိတို့်နှင့် တစ်တန်းတည်းတက်ဖူးခဲ့ကာ ရှန့်ဖန်းယွိနှင့်နှစ်ပေါင်းများစွာ ပေါင်းခဲ့သောသူငယ်ချင်းဖြစ်သောကြောင့် သူ၏စကားများမှာ ပေါ့ပေါ့ပါးပါးမဖြစ်ဘဲ အနည်းငယ်ယဉ်ကျေးနေသည်။
ကျန်းချမ်သည်လည်း အနည်းငယ်ပဟေဠိဖြစ်နေခဲ့သည်။ တစ်ကြိမ်ဆိုလျှင် အဆင်ပြေသော်လည်း ရှန့်ဖန်းယွိမှာ ထပ်မံ၍ အလျင်စလိုထွက်သွားပြန်သည်။ ကျန်းရွှိနှင့်ရှန့်ဖန်းယွိတို့၏ဆက်ဆံရေးအရဆိုလျှင် ကိုယ်ရေးကိုယ်တာကိစ္စဆိုပါက ရှန့်ဖန်းယွိကို ဤမျှလောက် စိတ်လှုပ်ရှားစေမည်မဟုတ်ချေ။ ထို့ကြောင့် သူ လီရှန့်၏ခန့်မှန်းချက်ကို ထောက်ခံလိုက်ကာ " ငါလည်းထင်တာပဲ…"
" ဒါဆို ဘုရင်မကြီးဆိုတာကကော…" လီရှန့်မှာမူ သိချင်နေဆဲပင်။
" စားစားစား.." ကျန်းချမ် လီရှန့်ကို စကားဆက်ပြောခွင့် မပေးနိုင်ပေ။ သို့သော်လည်း အသံကိုနှိမ့်၍ သတိပေးလိုက်သေးသည် " ဒါကို ကျန်းရွှိမကြားစေနဲ့နော်…"
ထိုအချိန်၌ သူ၏အပေါင်းအသင်းများ၏မျက်လုံးထဲတွင် ကိုယ်ရေးကိုယ်တာကိစ္စများတွင် ရင်မခုန်တတ်ဘဲ ဆေးရုံသို့အပြေးသွားသည့် ရှန့်ဖန်းယွိမှာ တက်ဆီဒရိုင်ဘာနှင့် ကိုယ်ရေးကိုယ်တာကိစ္စကြောင့် စကားများနေရသည်။
" ဆရာကြီး ကျေးဇူးပြုပြီး ညှာတာပါဦး ဒီမှာငါးမိနစ်ပဲစောင့်ပေးပါ ကျွန်တော်ဝယ်ပြီးတာနဲ့ ပြန်လာခဲ့မယ်.." ရှန့်ဖန်းယွိ ပိတ်တော့မည့်ပိုကျိုင်ကိတ်ဆိုင်ကိုကြည့်ကာ သူ၏လက်ဖဝါးတွင်ပင် ချွေးပြန်လာခဲ့သည်။
ဤနေရာတွင် တက်ဆီငှားရခက်ခဲသောကြောင့် သူ ကိတ်မုန့်ဝယ်ပြီးနောက် ဆက်မသွားခင် ခဏမျှစောင့်ဆိုင်းစေလိုခြင်းဖြစ်သည်။ မဟုတ်ပါက သူကျန်းရွှိ၏အချိန်ကန့်သတ်ချက်ကို မီမည်မဟုတ်ချေ။
" ငါးမိနစ်အတွင်း အော်ဒါဘယ်လောက်လက်ခံလို့ရလဲဆိုတာ မင်းသိလို့လား…မင်းလည်းဘယ်လောက်မှ မဝေးတော့ဘူးဟာကို.. ငါ့မှာလည်းပိုက်ဆံအများကြီးရှိတာမဟုတ်ဘူး ပိုက်ဆံပိုပေးနိုင်တဲ့သူစီ သွားရမှာပဲ…" ဒရိုင်ဘာမှာ ရှန့်ဖန်းယွိကို ကန်ချမလိုပင် ဖြစ်နေခဲ့သည်။
ရှန့်ဖန်းယွိ သူ၏အိတ်ထဲမှ ယွမ်တစ်ရာကိုထုတ်ကာ ပေးလိုက်ပြီး " ကျေးဇူးပြုပြီးတော့ ဆရာကြီးရေ တကယ်အလျင်လိုနေလို့ပါ.."
လွန်ခဲ့သည့်စက္ကန့်အနည်းငယ်အတွင်း စိတ်မရှည်ဖြစ်နေသည့်ဒရိုင်ဘာကြီးမှာ ပိုက်ဆံကိုယူ၍ မျက်တောင်ပင်မခတ်ဘဲ သူ၏အိတ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် စီချွမ်းအော်ပရာမှာ မျက်နှာပြောင်းသူများကဲ့သို့ပင် ချက်ချင်းကြင်နာသည့်အပြုံးပြုံးပြလာခဲ့သည်။
ယနေ့ခေတ်တွင် ဤမျှအမြတ်ထွက်အောင် မကြာခဏမလုပ်နိုင်တော့ပေ။
သူရှန့်ဖန်းယွိကို ပျော်ရွှင်စွာကြည့်ကာ ပြောလိုက်သည်။ " ကိစ္စမရှိပါဘူး ဦးလေးကကြင်နာတတ်ပြီး အလျင်မလိုဘူး…"
"....." ပထမဦးဆုံးအကြိမ်အဖြစ် ရှန့်ဖန်းယွိ သူကဲ့သို့မျက်နှာပြောင်သည့်လူကြောင့် ကြောင်အသွားခဲ့ရသည်။
ဒရိုင်ဘာမှ စေတနာအပြည့်ဖြင့် ပြုံးလျက် " ဒီမှာထိုင်မနေနဲ့ သွားတော့လေ…"
ရှန့်ဖန်းယွိ ကားတံခါးကိုဖွင့်ကာ ပိုကျိုင်ကိတ်ဆိုင်သို့ အပြေးလာခဲ့သည်။ ပိုင်ရှင်မှ သူအဝေးမှပြေးလာသည်ကို မြင်နေရသောကြောင့် လှမ်းအော်လိုက်သည် " ပိတ်နေပြီ မနက်မှလာတော့.."
ရှန့်ဖန်းယွိမှာ ယခုတစ်ကြိမ်တွင် အတွေ့အကြုံရှိသွားဖြစ်ရာ စားပွဲပေါ်သို့ ပိုက်ဆံအနည်းငယ်တင်ပေးလိုက်ပြီး " ကျေးဇူးပြုပြီးတော့.. ကျွန်တော်တကယ်ဝယ်ဖို့အလျင်လိုနေလို့ပါ…"
မမျှော်လင့်စွာဖြင့် ပိုင်ရှင်မှာ ပိုက်ဆံကြောင့်အလျော့ပေးသည့်သူမဟုတ်ခဲ့ချေ။ သူလက်ကိုယမ်းကာ ပြောလိုက်သည်။ " မရဘူး ပိတ်နေပြီဟ ပစ္စည်းတွေကိုလည်း အနောက်ဘက်မီးဖိုချောင်ထဲမှာ ထားခဲ့ပြီးပြီ…ငါလည်းအိမ်ပြန်ဖို့အလျင်လိုနေတယ် အိမ်ရောက်ရင်သားကိုသိပ်ရဦးမှာ…"
စိတ်ရင်းမှန်သည့်သူသာဆိုပါက စိတ်ထိခိုက်ဖွယ်သတင်းကို ခံနိုင်ရည်ရှ်ိမည်မဟုတ်ပေ။
" လောပန်.." ရှန့်ဖန်းယွိ ချက်ချင်းဆိုသလို သနားစဖွယ်ပုံစံအဖြစ်ပြောင်းသွားပြီး အဝေးမှ ကျီဟွားဆေးရုံကို ညွှန်ပြကာ သူ၏မျက်လုံးများမှာ နီမြန်းလာသည် " ကျွန်တော့်မှာ သူ့ကိုယ်သူဂရုမစိုက်နိုင်တဲ့ အားနည်းတဲ့ချစ်သူတစ်ယောက်ရှိပါတယ်… သူကနာတာရှည်ရောဂါဖြစ်နေတာ…ဆရာဝန်တွေပြောတာတော့ ဒီညတောင်မကျော်နိုင်ဘူးတဲ့ သူကမသေခင်ပိုကျိုင်ကိတ်လေးတစ်ကိုက်လောက် စားချင်မိတယ်လို့ ပြောနေလို့ပါဗျာ…"
ထိုစကားကိုကြားလိုက်ပြီးနောက် ပိုင်ရှင်မှ အသည်းကွဲနေသည့်လူငယ်လေးကို သတိတကြီးဖြင့်ကြည့်ကာ စိတ်မသက်သာဟန်ဖြင့် ပြောလိုက်သည် " မင်းတကယ်ပြောနေတာလား…"
ရှန့်ဖန်းယွိ ခေါင်းကို လေးလံစွာငြိမ့်ပြလိုက်ပြီး သူ၏မျက်လုံးများမှာ တောင်းပန်လိုဟန်ရှိနေခဲ့သည်။ " ကောင်းမှုလုပ်တယ်လို့ပဲ သဘောထားလိုက်ပါဗျာ.. ကျွန်တော့်ချစ်သူကလောပန်ကို ကောင်းကင်ဘုံကနေ ကောင်းချီးပေးပါလိမ့်မယ်…" ထို့နောက် မျက်လုံးကိုအောက်စိုက်ကာ အနည်းငယ်စိတ်ညစ်နေသည့်အသံဖြင့် " မဟုတ်ရင်တော့ သူသရဲအနေနဲ့ကောင်းကောင်းဘဝကူးနိုင်မယ်မထင်ဘူး… ဒီဆိုင်မှာပဲ သရဲဖြစ်ပြီး ကပ်နေမယ်ထင်တယ်.. ထွက်သွားဖို့ငြင်း…"
" ရပြီ ရပ်တော့ ရပ်တော့.." ကြွက်သားအပြည့်ဖြင့် ဆိုင်ပိုင်ရှင်မှာ ချွေးအေးများပင်ထွက်လာရသည်။ ဆောင်းဦး၏အေးမြသောလေအဝှေ့တွင် သူ၏လက်မောင်းကိုပွတ်လိုက်ရပြီး လေပြေလေညင်းမှာ သရဲတစ်ကောင်မှ ပြုလုပ်သကဲ့သို့ တိုက်ခတ်နေခဲ့သည်။
" ကျေးဇူးတင်ပါတယ် တာ့ကော…" ရှန့်ဖန်းယွိ သူ၏မသာမယာဖြစ်နေသော အမူအယာကို ပစ်ထုတ်လိုက်ကာ အလွန်ရိုးသားဟန်ဖြင့် ယခုပင် သရဲပုံပြင်ကို သုံး၍ ခြောက်လှန့်ခဲ့သူမှာ သူမဟုတ်သလို ဆိုင်ရှင်အား မျှော်လင့်တကြီး ကြည့်နေခဲ့သည်။
ဆိုင်ရှင်၏ခေါင်းမှာ ပြန်လှည့်သွားပြီး သက်ပြင်းမချခင်အထိ ချောင်းအသည်းအသန်ဆိုးသွားခဲ့သည် " ကောင်းပါပြီလေ ငါ့ကိုလူကောင်းလုပ်ခိုင်းလိုက်တာပဲဟာ…"
ရိုလာတံခါးကိုပိတ်တော့မည့် ဆိုင်ရှင်၏လက်များမှာ ရပ်တန့်သွားပြီး မီးဖိုချောင်ဝင်သွားကာ ရေခဲသေတ္တာကိုဖွင့်၍ အပြင်ဘက်မှာလူအား ညည်းညူသည့်အသံဖြင့် လှမ်းအော်မေးလိုက်သည် " မင်းဇနီးက ဘယ်လိုအရသာကြိုက်တာလဲ.."
" ပဲနီလေးပါ…"
လူတစ်ယောက်၏မျက်နှာမှာ စာအုပ်ကိုလှန်လိုက်သည်ထက်ပင် ပိုမြန်လှပြီး ပိုင်ရှင်၏အထင်လွဲသွားမှုအပေါ် ပြန်ပြင်ပေးရန် အချိန်မရှိခဲ့ပေ။
" ကောင်းပြီ…" ဆိုင်ရှင်မှာ တွန့်တိုသူမဟုတ်ချေ။ ရှန့်ဖန်းယွိကို မည်မျှလောက်ယူမည်ကိုပင် မမေးဘဲ ရေခဲသေတ္တာထဲတွင်ကျန်နေသည့် ပဲနီလေးဖြင့်လုပ်ထားသည့်ကိတ်အားလုံးကို ထုတ်ပိုး၍ ပေးလိုက်လေသည်။
" ဒီလောက်များဖို့မလိုပါဘူး.."
" ရပါတယ်ကွာ ပိုက်ဆံမယူတော့ဘူးနော်…" ဆိုင်ရှင်မှ အခိုင်အမာပြောလိုက်သည် " ကောင်းမှုကုသိုလ်လုပ်တယ်ဆိုကတည်းက ဒီတိုင်းသာယူသွားတော့… ငါအခုတော့တကယ်ပြန်ရတော့မှာကွ မဟုတ်ရင် အိမ်ကသားကစိတ်ပူနေလိမ့်မယ်…"
ရှန့်ဖန်းယွိကဲ့သို့ နံရံတစ်ခုနှယ်မျက်နှာပြောင်သည့်သူပင် ဤကဲ့သို့အခြေအနေအပေါ် အခွင့်အရေးမယူရက်ခဲ့ပေ။ ပိုက်ဆံယူရန် အကြိမ်အနည်းငယ်မျှ ငြင်းပယ်လိုက်ပြီးနောက် ရှန့်ဖန်းယွိ အိတ်ထဲမှာ ကျီဟွားဆေးရုံကားပါကင်ကဒ်ကိုယူကာ ပြောလိုက်သည် " ဒါကကျီဟွားဆေးရုံက ကားပါကင်ကဒ်ပါ နာရီနှစ်ဆယ်စာရှိတာမလို့ ယူလိုက်ပါနော်…"
ပိုင်ရှင်မှာ တောင့်ခဲသွားကာ လက်ယမ်း၍ငြင်းဆိုလိုက်သည်။ " ကျီဟွားဆေးရုံရဲ့ ကားပါကင်ကြေးက အရမ်းဈေးကြီးတာ…ပုံမှန်ဆို ငါတို့ကားမောင်းမသွားရဲဘူး မင်းရဲ့ကဒ်လည်း ဈေးနည်းမယ်မထင်…"
ဆရာဝန်နှင့်သူနာပြုများမှာ ဆေးရုံတွင် နေ့စဉ်နေ့တိုင်းအချိန်ကြာမြင့်စွာနေကြရသူများဖြစ်သောကြောင့် အကယ်၍သာ ပါကင်ကြေးမှာ လူထုနှင့်တန်းတူဖြစ်နေပါက သူတို့၏လစာပင် လုံလောက်မည်မဟုတ်ချေ။
ရှန့်ဖန်းယွိနှင့်သူ၏အဖွဲ့မှာ ကားပါကင်အတွက် အတွင်းပိုင်းကဒ်ကိုအသုံးပြုသူများဖြစ်ကြသည်။ ထို့အပြင် မကြာသေးမီက ၅ခုဝယ်၁ခုအလကားရ သို့မဟုတ် ၁၀ခုဝယ် ၂ခုအလကားရ ကမ်ပိန်းလည်းရှိခဲ့သည်။ လူများကို ကဒ်များပြန်လည်ရောင်းချခြင်းမှ ကာကွယ်ရန်အတွက် တစ်ဦးစီကို ဝယ်ယူနိုင်သည့်ပမာဏကန့်သတ်ထားပြီး တစ်ဦးစီကို တစ်ကဒ် နှစ်ကဒ်မျှ မိသားစုနှင့် မိတ်ဆွေသူငယ်ချင်းများအတွက် ရရှိနိုင်မည်ဖြစ်သည်။
ရှန့်ဖန်းယွိ နောက်တစ်ကြိမ်လာမည့်ကမ်ပိန်းမတိုင်ခင် သူဝယ်လို့ရသမျှ အများဆုံးဝယ်ယူခဲ့သည်။
ကဒ်ဝယ်ယူခဲ့သည့်ဈေးမှာ ပိုကျိုင်ကိတ်များတန်ဖိုးနှင့် အတူတူသာဖြစ်သည်။ သို့သော်လည်း ယခင်လိမ်ညာခဲ့သောစကားမပေါ်စေရန်အတွက် ရှန့်ဖန်းယွိ သူ့ကိုယ်သူဆရာဝန်ဖြစ်ကြောင်း မပြောနိုင်ဘဲ သူ၏ကြေကွဲနေသောမျက်မှာကိုဆက်ထိန်းထားကာ " ဘယ်လိုပဲဖြစ်ဖြစ် သူကသွားတော့မှာပဲလေ ကျွန်တော်ဒီကဒ်ကိုသုံးဖို့မလိုတော့ပါဘူး.. ယူထားလိုက်ပါနော် ပြီးတော့ ကျန်းကျန်းမာမာနေပါဗျာ.."
ပိုင်ရှင်မှာ သူ၏လက်ထဲမှ ပါကင်ကဒ်သည် ပေါင်တစ်ထောင်မျှ လေးလံသည်ဟု ခံစားလို့်ရသည်။ ထိုစကားများကို ကြားလိုက်ရပြီးနောက် ရှန့်ဖန်းယွိအား အခိုင်အမာခေါင်းငြိမ့်ပြလိုက်သည်။
ပိုင်ရှင်ထွက်သွားပြီးနောက် ရှန့်ဖန်းယွိ ပိုကျိုင်ကိတ်များပါသည့်အိတ်အလေးကြီးကိုကိုင်ကာ တက်ဆီစီသို့ သာသာယာယာပင် ပြန်လာခဲ့သည်။ သူခဏကြာမျှ တွေးပြီးနောက် ပိုကျိုင်ကိတ်များအား ဒရိုင်ဘာဦးလေးကြီးကို တစ်ဝက်ခွဲ၍ပေးရန် ဆုံးဖြတ်လိုက်သည်။
အကယ်၍သာ ထိုမျှများပြားသောပိုကျိုင်ကိတ်များကို ကျန်းရွှိ၏နေရာသို့ယူသွားပါက တိုက်ရိုက်ပင် သူ့ကိုမျက်နှာသေဖြင့်ကြည့်ကာ " ဖန့်ထုန် " ဟုခေါ်လိမ့်မည်ပင်။
[ ဖန့်ထုန် ဆန်ပုံးဟူသောအဓိပ္ပါယ်မှာ အသုံးဝင်သည့်နေရာမရှိသောလူကို ဆိုလိုသည်။ တစ်နည်းဆိုရပါက ဆန်ကုန်မြေလေးဟု ခေါ်နိုင်ပေမည် ]
ဒရိုင်ဘာမှာ အပိုပိုက်ဆံအပြင် မုန့်များပါရရှိသောကြောင့် အလွန်ပျော်ရွှင်နေပြီး ပေါ့ပေါ့ပါးပါးစနောက်လိုက်သည် " ဒီလောက်အလျင်လိုနေတာ ကောင်မလေးကိုသွားတွေ့မလို့လား…"
ရှန့်ဖန်းယွိ ဖုန်းကိုဖွင့်ကာ တင်းကြပ်နေသည့်အချိန်ကိုကြည့်လိုက်ပြီး ကျန်းရွှိ၏အပြုအမူအပေါ် အပြင်းအထန်မှတ်ချက်ပေးလိုက်သည် " ဘယ်ကသာကောင်မလေးရမှာလဲ ဘိုးဘေးကြီးပါဗျာ…"
ဆယ်နာရီ နှစ့်ဆယ်ကိုးမိနစ်တွင် သေခြင်းနှင့်ရှင်ခြင်းကြား ပြေးလွှားနေသကဲ့သို့ဖြစ်နေသည့်ရှန့်ဖန်းယွိမှာ အဆုံးတွင် ဘိုးဘေးကျန်းရွှိ၏အိမ်တံခါးကို ခေါက်လိုက်နိုင်သည်။
ကျန်းရွှိ သူ၏နာရီကိုကြည့်ကာ တံခါးဖွင့်ပေးလိုက်ပြီးနောက် အပြင်ဘက်တွင် ပင်ပန်းနေသည့်ရှန့်ဖန်းယွိကိုကြည့်လိုက်သည်။ ခဏကြာ တိတ်ဆိတ်နေပြီးနောက် ကျန်းရွှိပြောလိုက်လေသည် " အချိန်ကျော်သွားပြီ…"
" မဖြစ်နိုင်တာ.." ရှန့်ဖန်းယွိ ဖုန်းကိုထုတ်ကာ ပြတော့မည်အလုပ်တွင် ကျန်းရွှိမှ သူ၏အိမ်မှနာရီကို ညွှန်ပြကာ ပြောလာသည် " ငါ့အိမ်မှာ ငါ့အိမ်ကနာရီအတိုင်းပဲ…"
" ဟေး မဟုတ်သေးဘူးနော် ကျန်းရွှိ မင်းကအကျိုးအကြောင်းမသင့်တာပဲ.." ရှန့်ဖန်းယွိ ဝင်လာကာ တံခါးကိုပိတ်လိုက်ပြီးနောက် သူ၏လက်ဆွဲအိတ်ကို တံခါးတွင်ပင် ထားခဲ့လိုက်သည် " အချိန်ကို မင်းဆုံးဖြတ်ရမှာမဟုတ်ဘူး ဘယ်လိုပဲဖြစ်ဖြစ် ငါအချိန်မီရောက်တယ်…"
ကျန်းရွှိ ရှန့်ဖန်းယွိ၏လက်ထဲမှ ပိုကျိုင်ကိတ်မုန့်အိတ်များကိုယူကာ ကြမ်းပြင်ပေါ်မှ အစင်းကြောင်းများပါသည့် အိမ်တွင်းစီဖိနပ်ကို ညွှန်ပြလိုက်ပြီး " ဒါကိုစီး.."
" ပြီးတော့ မင်းအိမ်ထဲတောင်မရောက်သေးတာ မင်းအချိန်ကိုဘာလို့လိုက်နာရမှာလဲ..ငါဖုန်းထဲကနာရီကို ကျီဟွားဆေးရုံကအတိုင်း တိုက်ထားတာကွ မမှန်နိုင်စရာအကြောင်းမရှိ…"
အင်္ကျီလက်များကို ခေါက်တင်ကာ အချေအတင်စကားများတော့မည့် ရှန့်ဖန်းယွိမှာ ကျန်းရွှိ၏စကားဆိုလိုရင်းကို သူ့စကားတစ်ဝက်မကျိုးခင်အထိ သဘောမပေါက်ခဲ့ချေ။ ထို့နောက်တွင်မှသာ သူရပ်တန့်သွားခဲ့သည်။
" မင်းအခုဘာပြောလိုက်တာလဲ.."
ကျန်းရွှိ သူ့ကိုအကြည့်တစ်ချက်ပေးကာ ပိုကျိုင်ကိတ်များကိုသယ်၍ မီးဖိုချောင်စီသို့ လျှောက်သွားလိုက်သည်။
သူ၏ဦးနှောက်မှာ စကားလုံးများအပေါ်တွင်သာ ရစ်ဝဲနေပြီး စင်္ကြန်တွင်သာ ရပ်တန့်နေမိသော ရှန့်ဖန်းယွိမှ အဆုတ်ကွဲလုမတတ်အော်ပြောလိုက်သည် " မင်း ငါ့ကိုဖိနပ်လဲပြီး အထဲဝင်လာခိုင်းတာလား.."
ကျန်းရွှိ အိတ်ထဲမှ ပိုကျိုင်ကိတ်ကို ထုတ်ကာ တစ်ကိုက်ကိုက်လိုက်သည်။
ပိုကျိုင်ကိတ်၏အရည်အသွေးမှာ ကျန်းရွှိ စိတ်ကူးထားသည်ပင် ပို၍ကောင်းမွန်နေပြီး နူးညံ့ကာ ချိုမြိန်လှသည်။ ကောင်းမွန်စွာ ပျော်ဝင်နေသည့်အချိုအရသာနှင့် ပဲနီလေးမှ ရနံ့တို့အပြင် အနေတော်မျှ စိုစွတ်မှုနှင့် နှုတ်ခမ်းနှင့်သွားများအကြား မွှေးရနံ့တစ်ခုကို ချန်ရစ်ထားခဲ့သည်။
သူ၏ချဉ်ခြင်းတက်မှုမှာ ရုတ်တရက်ပြီးပြည့်စုံသွားခဲ့ကာ ကျန်ရစ်နေသော ပိုကျိုင်ကိတ်များကိုကြည့်၍ အနည်းငယ်ပျော်ရွှင်လာရသည်။
တစ်ချိန်တည်းမှာပင် စိတ်အားထက်သန်သော မုန့်ပို့သမားလေးဖြစ်သည့် ရှန့်ဖန်းယွိကို မလိုအပ်သောသလို အနည်းငယ်ခံစားလိုက်ရသည်။
ထို့ကြောင့် ကျန်ရှိနေသည့်ပိုကျိုင်ကိတ်များကိုယူကာ စင်္ကြန်သို့ ပြန်လာပြီး ပြောလိုက်သည် " ထပ်မေးလို့ကတော့ ပြန်လို့ရပြီပဲ…"
ရှန့်ဖန်းယွိ နာနာခံခံဖြင့် ပါးစပ်ကိုပိတ်ကာ ကျန်းရွှိ ညွှန်ပြသည့် အိမ်တွင်းစီဖိနပ်များကို လဲလှယ်လိုက်သည်။
" ကောင်းလား…" သူ ကျန်းရွှိ စင်္ကြန်တွင်ထားထားသည့် လက်သန့်စင်ဆေးရည်ဖြင့် လက်များကို သုတ်ကာ မေးလိုက်သည်။
ကျန်းရွှိ ခေါင်းငြိမ့်ပြလိုက်ပြီး ကိတ်မုန့်ပါသည့်အိတ်ကိုပေးလိုက်သည်။
" မင်းပဲစားပါ ငါအချိုမကြိုက်ဘူး…"
ကျန်းရွှိ သူ့ကို ကြည့်လာသော်လည်း လက်များကို ပြန်မရုတ်ခဲ့ချေ။
တခဏမျှ အချင်းချင်းစိုက်ကြည့်လိုက်ပြီးနောက် ရှန့်ဖန်းယွိ တိုက်ပွဲတွင် ရှုံးနိမ့်သွားခဲ့သည်။ သူတစ်ခုလုံးကိုယူကာ မျိုချလိုက်ချိန်အထိ ကျန်းရွှိမှာ သူ့ကိုစိုက်ကြည့်နေခဲ့သည်။
အချိန်တစ်ခုကြာ တွေးလိုက်ပြီးနောက် သူကျန်းရွှိ၏အမူအယာကိုကြည့်ကာ လက်ခံဟန်ဖြင့်ပြောလိုက်သည် " ဒါကအတော်လေးအရသာရှိတာပဲ.."
ကျန်းရွှိ၏အကြည့်မှာ အနည်းငယ်နွေးထွေးသွားခဲ့သည်။
ရှန့်ဖန်းယွိ သူ၏အသံကို အလွန်အမင်းချဲ့ကားဟန်သို့ ပြောင်းလိုက်ပြီး ပိုကျိုင်ကိတ်၏အရသာရှိမှုကို ဖော်ပြရန် သူ၏အဘိဓာန်ထဲမှစကားများအားလုံးကို မြင့်တင်လိုက်ရသည်။ ထိုအချိန်မှသာ ကျန်းရွှိ ကျေနပ်သွားဟန်ဖြင့် အကြည့်များကို လွှဲသွားခဲ့သည်။