အပိုင်း ၂၉
Viewers 12k

Chapter 29


မည်သို့ပင်ဖြစ်စေ ကျန်းရွှိ ပိုကျိုင်ကိတ်အိတ်ကြီးတစ်ခုလုံးကို အပြောင်ရှင်းလိုက်ပြီးနောက် ထပ်ရှိသေးလားဟု မေးလာချိန်တွင် ကျန်းရွှိလောက်မည် မလောက်မည်ကို မသိခဲ့သည့်အတွက် ခံစားသွားရသည်။

" ဒရိုင်ဘာကြီးကို အများကြီးပေးမိသွားတာထက် စာရင်တော့ သိထားတာ ပိုကောင်းမှာပဲ…"

ရှန့်ဖန်းယွိ တိတ်ဆိတ်နေသည်ကို မြင်လိုက်ရသဖြင့် ကျန်းရွှိသည်လည်း ဤသည်မှာ အကုန်ဖြစ်ကြောင်းကို သိရှိသွားခဲ့သည်။ သူ၏လက်များကို ဆေးလိုက်ကာ အနည်းငယ်ဗိုက်ပြည့်နေသည်ဟု ခံစားလိုက်ရသဖြင့် အစာကျေစေရန်အတွက် တံခါးကိုမှီ၍ ရပ်နေလိုက်ရသည်။

" မင်းဘာလို့ ပဲနီလေးပါတာတွေပဲဝယ်လာတာလဲ…"

" မင်းကပဲနီလေးအရသာကြိုက်တယ်မဟုတ်ဘူးလား…"

ကျန်းရွှိ တခဏမျှ တိတ်ဆိတ်သွားပြီးနောက် အောင့်မထားနိုင်တော့ဘဲ မေးလိုက်မိသည် " မင်းဘယ်လိုသိတာလဲ.."

" အရင်အဲဒီဆိုင်ရှေ့က ဖြတ်သွားတိုင်း မင်းပဲနီလေးပါတဲ့ဟာကိုပဲ စိုက်ကြည့်နေတတ်တာလေ.. ငါမကန်းသေးပါဘူးနော်…" ရှန့်ဖန်းယွိ သာမန်ကာလျှံကာပြောလိုက်သည် " ငါ့မှာသာအဲဒီလောက်ကောင်းတဲ့ စူးစမ်းနိုင်စွမ်းမရှိရင် ဆရာဝန်လို့ခေါ်မနေတော့ဘူး…"

ကျန်းရွှိ၏ခံစားချက်မှာ မသိမသာဖြင့် အနည်းငယ်သိမ်မွေ့လာသည်။

" ညနက်နေပြီ ငါတော့ပင်ပန်းနေပြီ..မင်းကငါ့ကိုအရမ်းမောင်းထားတာကိုး…" ရှန့်ဖန်းယွိ အပျင်းဆန့်လိုက်သည်။ သူဆေးရုံမှ ပိုကျိုင်ကိတ်ဆိုင်အထိ တက်ဆီစီးခဲ့ရကာ အိမ်သို့ပြန်ကာ အထုတ်အနည်းငယ်ယူ၍ ဤနေရာသို့ ကားမောင်းလာခဲ့ရသည်။ သူသည်အလွန်အလျင်စလို ပြေးလွှားနေခဲ့ရသည်ဖြစ်ကာ အရိုးများပင် မောပန်းမှုကြောင့် ပြုတ်ကျမလိုဖြစ်နေရလေသည်။

ကံကောင်းစွာဖြင့် သူ၏ကားကို အိမ်တွင်ရပ်ခဲ့မိလေသည်။ မဟုတ်ပါက ဤမျှနောက်ကျသည့်အချိန်၌ တက်ဆီရှာရမည်မှာ အလွန်ခက်ခဲပေမည်။

ရှန့်ဖန်းယွိ ထရပ်ကာ လက်ဆွဲအိတ်ကို ကောက်ကိုင်လိုက်ပြီး " မင်းအိပ်ခန်းကဘယ်မှာလဲ ငါအဲဒီမှာ လက်‌ဆွဲအိတ်ထားမလို့.."

ကျန်းရွှိ သူ့အား တည်တည်ငြိမ်ငြိမ်ဖြင့် တားမြစ်လိုက်ပြီး ဆိုဖာသို့ညွှန်ပြကာ " မင်းဒီမှာအိပ်လို့ရတယ်…" ဟုပြောလာခဲ့သည်။ ထို့နောက် ပိုးသတ်ဆေးရည်ဘူးကို ပေးကာ " မင်းရဲ့လက်ဆွဲအိတ်ကို အရင်ပိုးသတ်လိုက်ချည် အထူးသဖြင့် တလိမ့်တုံးတွေကိုနော်.."

"...."

ရှန့်ဖန်းယွိ : " မင်းနဲ့အတူမအိပ်ရင် မင်းကိုဘယ်လိုစောင့်ရှောက်ပေးလို့ရမှာလဲ… မင်းညဘက်ဗိုက်နာရင်တောင် ငါသိမှာမဟုတ်ဘူး…"

ကျန်းရွှိ သူ့ကိုစိုက်ကြည့်ကာ အသံကိုအနည်းငယ်မြင့်၍ ပြောလိုက်သည် " ဒါဆိုရင်လည်း ငါ့အခန်းထဲသွားပြီး ကြမ်းပြင်မှာအိပ်ချည်…"

" မင်းတကယ်ကြီးငါ့ကိုအိပ်ရာပေါ်ပေးမအိပ်ဘူးလား…" ရှန့်ဖန်းယွိ ထပ်မံ၍ တစ်ဝက်သာအမှန်ပါသည့်အလိမ်အညာကို ပြောမည့်ဟန်ပေါ်လာခဲ့သည်။ " ငါ့မှာဆိုးရွားတဲ့ တင်ပဆုံနဲ့ကျောရိုးပြသနာရှိတယ်ဟ.."

ကျန်းရွှိ ဒေါသဖြင့် တုန့်ပြန်ပြောဆိုလိုက်သည်။ " ဒါက မင်းအဲဒါကြောင့်မဟုတ်ဘူးလား…"

ကျန်းရွှိစကားငါးလုံးသာပြောခဲ့သော်လည်း ရှန့်ဖန်းယွိ သူဆိုလိုသည်ကို နားလည်ခဲ့သောကြောင့် " မဟုတ်ဘူး ကျန်းရွှိ.. ဒါကမတော်တဆပဲ.. ငါတကယ်အဲဒီလိုလူမျိုးမဟုတ်ပါဘူး… ငါမူးသွားလို့ပါ.."

သူပြောလေလေ ထစ်ငေါ့လာလေလေဖြစ်ကာ အဆုံးတွင် ကျန်းရွှိ၏အကြည့်များကို ခံနိုင်ရည်မရှိတော့ဘဲ လက်ကိုမြောက်ကာသာ ပြောလိုက်ရသည် " ကောင်းပြီ ငါကြမ်းပေါ်မှာပဲအိပ်လိုက်မယ်…"

အဆုံး၌ သူအဘယ့်ကြောင့်ဤနေရာသို့ရောက်လာရသည့်အကြောင်းကို မမေ့လျော့သေးပေ။ ထိုမျှသာမက ကျန်းရွှိ သူ့ကိုမယုံနိုင်သေးသည်မှာလည်း အဓိပ္ပါယ်ရှိလေသည်။ သူ့ကိုယ်သူ အဖြောင့်တစ်ယောက်ဟုသာခံယူထားသော်လည်း သူ၏ပထမဆုံးအကြိမ်အဖြစ် ကျန်းရွှိနှင့်အိပ်မိသွားပြီး ကလေးပါရသွားသည့်အချက်ကို လက်ခံရပေမည်။

သူတို့အကြောင်းကို ကြားသည့်လူတိုင်း သူ့ကိုအမှိုက်ကောင်ဟု မခေါ်ဘဲ‌မနေကြမည်မဟုတ်ချေ။

ကျန်းရွှိ ခေါင်းငြိမ့်လိုက်ပြီး အခန်းကိုလက်ညှိုးထိုးပြလိုက်သည် " ဒါကရေချိုးခန်းပဲ… ဘေးမှာရေစုပ်တဲ့တံမြက်စည်းရှိတယ်…ရေချိုးပြီးရင် ပြန်တိုက်ဖို့မမေ့နဲ့… ကြမ်းပြင်မှာရေရှိနေတာ ငါမကြိုက်ဘူး…"

" ဒါကရေချိုးခန်းလေ.." ရှန့်ဖန်းယွိ ရှော့ရသွားရသည် " မင်းရေချိုးခန်းဆိုတဲ့စကားလုံးထဲက ရေဆိုတဲ့စာလုံးမှာ အစက်သုံးစက်ပါတာမသိဘူးလား..ကြမ်းပေါ်ရေမရှိရင် ရေချိုးခန်းလို့ ခေါ်ပါဦးမလားဟ …"

ကျန်းရွှိ လက်များကို ဆန့်လိုက်ပြီး သူနှင့်ဆွေးနွေးချင်ပုံမရချေ။ သူ၏လက်မောင်းကြားတွင် တက်ဘလက်ကိုကိုင်ကာ အိပ်ခန်းထဲသို့သာ ပြန်ဝင်သွားခဲ့သည်။

ကောင်းပြီ…

ရှန့်ဖန်းယွိ တွေးမိလိုက်သည် " ဘယ်သူကများ ငါကိုဒီလောက်သန်မာတဲ့တာဝန်ယူစိတ်ရှိအောင် ပြောထားလဲနော်…"

သူသည် ဤနေရာသို့လာကာ ကျန်းရွှိကို စောင့်ရှောက်ပေးပြီး သူ၏အမှားကို ပြင်ရမည်ဖြစ်သောကြောင့် ယခုအချိန်တွင် ကျန်းရွှိနှင့် ငြင်းခုန်မနေသင့်ပေ။ ထို့ကြောင့် သူအရှက်ကွဲသမျှကို ရက်အနည်းငယ်တောင့်ခံကာ ကျန်းရွှိ၏ကျန်းမာရေးပြန်လည်ကောင်းမွန်လာသည်အထိ ဂရုစိုက်ပေးရပေမည်။

ကျန်းရွှိ၏အိမ်မှာ သူတွေးထားသည့်အတိုင်းပင်။ ကျန်းရွှိကဲ့သို့ပင် အေးစက်စက်မီးခိုးရောင်နှင့် အဖြူရောင်စကင်ဒီနေးဗီးယားသစ်သားစတိုင်ဖြစ်သည်။ အိမ်မှာ နေရာလပ်မရှိသန့်ရှင်းနေပြီး သပ်သပ်ရပ်ရပ် ပြင်ဆင်ထားသည်။ မည်သို့ပင်ဆိုစေကာမူ အပြင်အဆင်မှာ လူသားမဆန်ဘဲ ဂြိုလ်သားသဖွယ် အေးစက်ကာ နွေးထွေးမှုဟူ၍ မရှိပါချေ။

ကျန်းရွှိမှာ ဤအိမ်တွင် တစ်ဦးတည်းနေပုံရပြီး ရေချိုးခန်းမှ အကာအရံပေါ်တွင် ရိုးရှင်းသည့်အိမ်သာသုံးပစ္စည်းများသာရှိလေရာ ဧည့်သည်များစွာ လာခဲ့ဖူးပုံမရချေ။

ဦးစွာ ရှန့်ဖန်းယွိ ကျန်းရွှိ ညွှန်ကြားသည့်အတိုင်း လက်ဆွဲအိတ်ကို ရေချိုးခန်းထဲသို့ ယူသွားလိုက်သည်။ ၎င်းကို အယ်ကိုဟောနှင့်တစ်ရှုးများဖြင့် သန့်ရှင်းအောင်သုတ်လိုက်ပြီးနောက် ရေချိုးချလိုက်ကာ အိမ်နေရင်းအဝတ်များလဲလှယ်၍ ကျန်းရွှိ၏အခန်းထဲသို့ တံခါးကိုတွန်းပြီး မဝင်မိခင်အထိ တံခါးနားတွင် ယောင်လည်လည်လုပ်နေမိသည်။

ကျန်းရွှိမှာ အပေါ်ပိုင်းဗလာဖြစ်နေခဲ့သည်။ အသားရောင်ရှပ်အင်္ကျီကို ခေါင်းမှစွပ်နေသဖြင့် ရင်ဘတ်မှ မှဲ့နီလေးကို လှစ်ဟာပြနေပြီး သူ၏အေးစက်စက်ဖြူဖွေးသောအသားနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။

ရှန့်ဖန်းယွိ တောင့်ခဲသွားရသည်။ ထို့နောက် ကျန်းရွှိမှ အင်္ကျီကို အလျင်အမြန်ဆွဲချလိုက်သည်ကို မြင်လိုက်ရပြီး သူ့ကို ဒေါသတကြီးစိုက်ကြည့်ကာ " တခြားသူရဲ့အိပ်ခန်းထဲ မဝင်ခင် တံခါးခေါက်ဖို့ မင်းကိုဘယ်သူကမှမသင်ပေးထားဘူးလား…"

ရှန့်ဖန်းယွိသည် သူတို့နှစ်ဦးလုံးမှာ အမျိုးသားများသာဖြစ်သည့်အတွက် ရှောင်ရန်မလိုကြောင်း သို့မဟုတ် သူသည်ပင်ရေမိုးချိုးညအိပ်ဝတ်စုံလဲလှယ်ပြီးသည့်အချိန်မှ သူ၏အင်္ကျီကို အဘယ့်ကြောင့်ယခုလိုထလဲရသည်နည်း ဟုမေးလိုက်ချင်မိသော်လည်း သူ၏ခန္ဓာကိုယ်မှာ ဦးနှောက်ထက်စော၍ တုံ့ပြန်လာခဲ့သည်။

"...."

ကျန်းရွှိ ရှန့်ဖန်းယွိ၏ လည်ဇလုတ်မြင့်တက်သွားသည်ကို ကြည့်နေခဲ့ပြီး ပျော့ပြောင်းပါးလွှားသောညအိပ်ဝတ်စုံမှာ ရှန့်ဖန်းယွိ၏ခန္ဓာကိုယ်မှ ပြောင်းလဲချက်များကို မဖုံးဖိထားနိုင်သောကြောင့် ကျန်းရွှိအရာအားလုံးကို မြင်လိုက်ရသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကျန်းရွှိ၏အကြည့်မှာ မသာမယာဖြစ်နေရာမှ မယုံနိုင်အောင်ရှော့ရနေသည့်အသွင်ပြောင်းသွားပြီး ထို့နောက် ဒေါသထွက်လာကာ ခေါင်းအုံးတစ်လုံးကိုယူ၍ ရှန့်ဖန်းယွိ၏မျက်နှာကို ကောက်ပေါက်လိုက်သည်။

" လစ်လိုက်တော့…"

" ငါရှင်းပြတာကိုနားထောင်ပါဦး…"

ရှန့်ဖန်းယွိ ခေါင်းအုံးကို ကိုင်ကာ ရှင်းပြမည်လုပ်သော်လည်း ကျန်းရွှိကုတင်ပေါ်မှဆင်းလာကာ ‌သူ့ကိုခြေသုံးလှမ်းမျှ တွန်းထုတ်လိုက်ပြီး တံခါးကို ဘမ်းခနဲဒေါသတကြီး‌ဖြင့် ဆောင့်ပိတ်ပစ်လိုက်သည်။

ကျန်းရွှိ အိပ်ရာခင်းနှင့်စောင်များကို ကြမ်းပြင်ပေါ်သို့ ချလိုက်ပြီး စောင်မှာအနည်းငယ်ကြီးနေ‌သဖြင့် ပြင်ဆင်ရာတွင် ချွေးများရွှဲနစ်နေခဲ့ရသည်။ ထို့ကြောင့် အဝတ်လဲမည်အလုပ်တွင် ရှန့်ဖန်းယွိမှ အခန်းထဲသို့ ဝင်လာခဲ့လေသည်။

တံခါးခေါက်ရန် မေ့သွားသည်မှာ ရသေးသော်လည်း အဘယ့်ကြောင့် သူ့ကိုတုံ့ပြန်လာရသည်နည်း။

ကျန်းရွှိ ထို‌ရယ်စရာကောင်းသည့်ညအကြောင်းကို မေ့ပစ်ရန် သူ့ကိုယ်သူတွန်းအားပေးပြီးဖြစ်သော်လည်း ရှန့်ဖန်းယွိ၏အပြုအမူမှာ သူ၏ရင်ဘတ်ထဲတွင် ထပ်မံ၍အသက်ရှုကြပ်လာစေပြန်သည်။

သူဖုန်းကိုထုတ်ကာ ဒေါသတကြီးစာရိုက်ပြီး မတော်တဆအိမ်ထဲခေါ်သွင်းမိသောဝံပုလွေကို မောင်းထုတ်ရန် ပြင်လိုက်သည်။ သို့သော် စာနှစ်လုံးမျှသာရေးရသေးသည့်အချိန်၌ သူ၏ဝမ်းဗိုက်အောက်ပိုင်းမှ စူးခနဲနာကျင်လာခဲ့သည်။ နာကျင်မှုမှာ ကျောရိုးတလျောက်အပေါ်သို့တက်လာကာ သူ၏အာရုံကြောများကို လျှပ်စီးကြောင်းများကဲ့သို့ ဆွဲယူနေပြီး ကျန်းရွှိ တစ်စစီကွဲသွားတော့မလို ခံစားနေရသည်။

သူ၏အားအင်များ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားရကာ လက်ထဲရှိဖုန်းမှအောက်သို့ ခွက်ခနဲ ပြုတ်ကျသွားရသော်လည်း သူ့ထံ၌ ပြန်ကောက်နိုင်သည့် အားမရှိနေပေ။

ကျန်းရွှိ အိပ်ရာအစွန်းတွင်လှဲ၍ ရှန့်ဖန်းယွိအတွက် ပြင်ဆင်ပေးထားသည့်စောင်နှင့် ကိုယ်ကိုပတ်ကာ ဘောလုံးသဖွယ်ကွေး၍ သူ၏ဗိုက်ကို တင်းကြပ်စွာဆုပ်ကိုင်ထားရသည်။

ချွေးများမှာ သူ၏ဖြူလျော်နေသည့် နဖူးပြင်ပေါ်တွင် အပြည့်ဖြစ်နေပြီး သူအချိန်ယူကာ အသက်ပြင်းပြင်းရှုရှိုက်ရသည်။ ထို့နောက် ဖုန်းကိုလှမ်းယူရန် ပြင်နေစဉ်အတွင်း နာကျင်မှုကို ခံနိုင်ရည်ရှိစေရန် သူ့ကိုယ်သူ တွန်းအားပေးနေရလေသည်။

ဖုန်းမျက်နှာပြင်မှာ ရိုက်ခတ်မှုကြောင့် တစ်စစီကွဲကြေသွားရပြီး ကွဲနေသည့်မျက်နှာပြင်ပေါ်တွင် အကာအကွယ်မှန်တပ်ထားသည်လား မတပ်ထားသည်လားကိုပင် သူမသိတော့ပေ။

" သောက်ကျိုးနည်း…" ကျန်းရွှိ ဖုန်းကိုလွှင့်ပစ်လိုက်သည်။

အခန်းအပြင်သို့ ကန်ထုတ်ခံလိုက်ရသည့် ရှန့်ဖန်းယွိမှာ အခန်းတွင်းမှ အသံများကိုမကြားရသေးခင်အချိန်တွင် အဝေးကြီးမရောက်သေးချေ။ သူ၏ဖုန်းကိုထုတ်ကာ ကျန်းရွှိကိုတောင်းပန်ရန် စာပို့မည်အလုပ်တွင် အထဲမှအသံကြောင့် သူတောင်းပန်မည့်ကိစ္စကိုအရေးမစိုက်နိုင်တော့ဘဲ ချက်ချင်းဆိုသလို တံခါးကိုခေါက်၍မေးလိုက်သည် " ကျန်းရွှိ ဘာဖြစ်နေတာလဲ.."

ကျန်းရွှိ စကားပြောရန် ပါးစပ်ကိုဖွင့်လိုက်မိသော်လည်း နာကျင်မှုကြောင့် အသံထွက်လာရန် အနည်းငယ်ခက်ခဲနေသည်။

အခန်းတွင်းမှ ဆက်လက်တိတ်ဆိတ်နေမှုကြီးမှာ ရှန့်ဖန်းယွိကို ပို၍ပင် တောင့်တင်းသွားစေပြီး သူ့ကိုဆန့်ကျင်နေသည့်ခန္ဓာကိုယ်မှတုံ့ပြန်ချက်များကို ပျောက်ကွယ်သွားစေသည်။

သူတံခါးကိုတွန်းလိုက်ချိန်တွင် ကျန်းရွှိမှာ သူ့ကိုအပြင်ထုတ်လိုက်ချိန်၌ သော့ခတ်ထားသည်ကို သိလိုက်ရသည်။ ရှန့်ဖန်းယွိ တင်းတင်းကြပ်ကြပ်ပိတ်ထားသည့်တံခါးကို ကြည့်လိုက်ပြီးနောက် တုန့်ဆိုင်းမှုမရှိဘဲ အပြင်းအထန် ကန်ဖွင့်လိုက်လေသည်။

ဘမ်းခနဲဟူသောအသံနှင့်အတူ သော့ပြုတ်သွားပြီး တံခါးမှာ ကျယ်ကျယ်ပွင့်သွားခဲ့သည်။ ကျန်းရွှိမှာမူ တံခါးရှေ့မှာ ကြမ်းပြင်တွင်ထိုင်ကာ သူဖောက်ထွင်းဝင်လာသည်ကို ရှော့ရနေပုံပင်။

" မင်း…" ကျန်းရွှိဟောဟဲလိုက်နေပြီး ရိုးရှင်းစွာပင် ‌နောက်ထပ်စကားလုံးများကို မပြောနိုင်တော့ပေ။ အိပ်ခန်းတံခါး၏သော့မှာ တံခါးရှေ့မှ စင်္ကြန်တွင်ကျန်ခဲ့သည်ဖြစ်ရာ ရှန့်ဖန်းယွိမှာမူ သော့လိုက်ရှာမည့်အစား ဖျက်စီးပစ်ခဲ့သည်။

" မင်းဘာဖြစ်နေတာလဲ…" ရှန့်ဖန်းယွိ သူလုပ်ခဲ့သည့်ပျက်စီးမှုအပေါ်တွင် အားနာပုံမရဘဲ ကျန်းရွှိ၏ဘေးတွင် ဒူးတစ်ဖက်ထောက်ကာ ကျန်းရွှိ၏လက်ပေါ်သို့ သူ၏လက်ကိုတင်၍ နူးညံ့စွာဖြင့် အားသုံးကာ ပွတ်ပေးလိုက်သည်။ ရှန့်ဖန်းယွိ၏လက်မှာနွေးထွေးနေပြီး သူ၏လက်ပေါ်သို့ရောက်ရှိလာသည့်အပူကြောင့် ကျန်းရွှိ၏နာကျင်နေမှုမှာ အနည်းငယ်လျော့ကျသွားခဲ့သည်။

" အစာအိမ်အောင့်နေတာလား.." ရှန့်ဖန်းယွိရေရွတ်လိုက်သည် " ငါတို့သမီးလေးက ငါ့ကိုကူညီပေးနေတာတော့ မဖြစ်နိုင်ပါဘူးနော် ဟုတ်တယ်မလား…"

ကျန်းရွှိ၏ပုံမှာ အသည်းအသန်ဖြစ်နေသလိုပင်။

" ငါ ၁၂၀ကို ခေါ်လိုက်ရမလား…"

ကျန်းရွှိ အံတင်းတင်းကြိတ်ကာ ဖြည်းညင်းစွာအသက်ရှုထုတ်လိုက်ပြီး " စောင့်ကြည့်ပါဦး…"

နာကျင်မှုမှာ ရုတ်တရက်အလျင်အမြန်ဖြစ်ပေါ်လာပြီးနောက် အနည်းငယ်ပြန်လည်သက်သာလာသည့်ဟန်ပြလာသောကြောင့် ကျန်းရွှိသူ၏အနေအထားကို ထိန်းကာ နာကျင်မှုကို တဖြည်းဖြည်းချင်းဖိနှိပ်ထားလိုက်သည်။ ရုတ်တရက်နေရာရွှေ့လိုက်ခြင်း သို့မဟုတ် လှုပ်ရှားလိုက်ခြင်းမှာ နောက်ဆက်တွဲပြသနာများကို လွယ်ကူစွာ ဖြစ်ပေါ်စေနိုင်သည်။

ထိုထက်ပိုသည်မှာ သူ၏ဗိုက်ထဲမှ ရှင်းမပြနိုင်သောကလေးကြောင့် မည်သည့်ဆေးရုံကိုမဆို သွားရန်လန့်နေရပြီဖြစ်သည်။ လက်ရှိနေရာတဝိုက်ရှိဆေးရုံအားလုံးတွင် သူ၏အတန်းဖော်များရှိနေပြီး ယခုအချိန်မှ ညဖြစ်နေသည့်အတွက် သူတို့မတွေ့နိုင်သည့်တိုင် အကယ်၍တွေ့သွားခဲ့ပါက ကျန်းရွှိ ကမ္ဘာကြီးအားနှုတ်ဆက်စကား ဆိုရတော့မည်ဟု ခံစားလိုက်ရသည်။

ရှန့်ဖန်းယွိ သူ၏စိုးရိမ်မှုများကို လျင်မြန်စွာ သဘောပေါက်လိုက်သောကြောင့် ထပ်မပြောခဲ့ပေ။ ကျန်းရွှိသည်လည်း ရှန့်ဖန်းယွိ သူ၏ဗိုက်ကို ပွတ်ပေးနေသည်ကို ခွင့်‌ပြုပေးလိုက်ပြီး သူ၏မျက်ခုံးမှာမူ အနည်းငယ်မြင့်တက်နေခဲ့သည်။

ရှန့်ဖန်းယွိမှ မေးလာသည် " ကြွက်တက်နေတာမျိုးလား.."

ကျန်းရွှိ ခေါင်းယမ်းပြလိုက်သည်။

ရှန့်ဖန်းယွိမှာ ပို၍လေးနက်လာကာ " အူကျုံ့တာမျိုးလား.."

" ဆင်တယ်.." ကျန်းရွှိထံတွင် အမှန်တကယ်ပင် စကားများစွာပြောရန် အားအင်မရှိသောကြောင့် စကားတစ်လုံးသာပြောလိုက်ရသည်။

" ပိုကျိုင်ကိတ်တွေမှာများ ပြသနာရှိလို့လား…" ရှန့်ဖန်းယွိ ထပ်ပြောမလာခင်အထိ ရောဂါကို အဖြေရှာနေခဲ့သည်။ " မင်းအများကြီးစားလိုက်တာကြောင့်နေမယ်…"

ကျန်းရွှိ : "...."

" မင်းကအတိုင်းအတာတွေနဲ့ပတ်သက်ရင် အာရုံမရှိဘူးပဲ.." ရှန့်ဖန်းယွိ သူ၏လူနာတစ်ဦးကဲ့သို့ ကျန်းရွှိ၏ဝမ်းဗိုက်ကို နှိပ်နယ်ပေးနေချိန်တွင် စကားစမြည်ပြောနေခဲ့သည်။ " အဲဒီလိုအစားအစာမျိုးက လွယ်လွယ်အစာကြေတတ်တာမဟုတ်ဘူး…မင်းရဲ့အစာအိမ်က အခုတစ်ကြိမ်တည်းနဲ့ သိမ်းကျုံးစားသောက်လိုက်မျိုးကို ဘယ်ခံနိုင်မှာလဲ.. ပြီးတော့…ဟေး ကျန်းရွှိ…" သူ ရုတ်တရက် တစ်စုံတစ်ခုကို သ‌တိရသွားသောကြောင့် မေးလိုက်သည် " မင်းခဏခဏ မနက်စာမစားဘူးမလား …"

ကျန်းရွှိ မကြားချင်ယောင်ဆောင်လိုက်သော်လည်း ရှန့်ဖန်းယွိမှာမူ ထန်ဘုန်းတော်ကြီးမှ မျောက်ဘုရင် လူသားအသွင်ပြောင်းနေသည့်အရိုးဖြူတစ်ဆေကို ရိုက်နှက်နေစဉ်ဖမ်းမိသွားသကဲ့သို့ မရပ်မနားပေါက်ပေါက်ဖောက်နေခဲ့သည်။ ထို့အပြင် စတင်၍ ‌အချက်အလက်များကို အရူးအမူးပြန်လည်ရွတ်ပြလာသည်။ " မင်းဘာတွေမှားနေတာလဲကွာ… မင်းကဆရာဝန်တစ်ယောက်နော် ဒါတောင် မင်းရဲ့ခန္ဓာကိုယ်ကို ဘယ်လိုဂရုစိုက်ရမယ်ဆိုတာ မသိဘူး… မင်းအစာအိမ်ကို ထိခိုက်အောင်လုပ်ရဲသေးတယ်.. မနက်စာမစားရင် သည်းခြေကျောက်တည်ဖို့ လွယ်တယ်ဆိုတာ မင်းမသိလို့လားကွ…"

" သက်သေပြနိုင်မယ့် အချက်အလက်အတိအကျမရှိပါဘူး…"

ကျန်းရွှိ ယခုအချိန်တွင် ရှန့်ဖန်းယွိနှင့် အချေအတင်ပြောရန် တကယ်ပင် အားမရှိနေပေ။ သူသာပြန်သက်သာလာပါက အချက်အလတ်များဖြင့် ရှန့်ဖန်းယွိ၏မျက်နှာကိုပစ်ပေါက်၍ မနက်စာမစားခြင်းနှင့် သည်းခြေကျောက်တည်ခြင်းမှာ မသက်ဆိုင်ကြောင်းကို ပြောမည်ပင်။ ထို့အပြင် သမားတော်တစ်ဦးအနေနှင့် အရေးကြီးဆုံးစောင့်ထိန်းရမည့်အချက်မှာ ယုံတမ်းစကားများကို မယုံကြည်ရန်နှင့် ၎င်းတို့ကို မပြန့်ပွားစေရန်ဖြစ်ကြောင်း ပြောပစ်လိမ့်မည်။

" အချက်အလက်တွေကို ထားလိုက်စမ်းပါ… ငါကမင်းမနက်စာမစားရင် ဆိုးကျိုးဖြစ်နိုင်တာကိုပဲ ပြောတာ.. ပြောရမယ်ဆိုရင်…"

ကျန်းရွှိ လက်ကိုမြောက်ကာ ရှုးဟု လက်ဟန်ပြလိုက်ပြီး ဗိုက်ကို ထိုးပြ၍ နားနှစ်ဖက်ကိုအုပ်လျက် " နာတယ်.." ဟုပြောလိုက်လေသည်။

ရှန့်ဖန်းယွိ၏စကားမှာ လမ်းတစ်ဝက်တွင် နှောင့်ယှက်ခံလိုက်ရသည်။ သူကျန်းရွှိကို တုန့်ဆိုင်းစွာ ကြည့်ကာ သူ၏ပါးစပ်ကို မပိတ်လိုက်ခင် တစ်ချက်ကျိတ်ရယ်လိုက်မိသည်။