အပိုင်း ၃၀
Viewers 11k

Chapter 30



ကျန်းရွှိ၏အိပ်ခန်းတွင် ပြတင်းပေါက်တစ်ပေါက်ရှိပြီး လရောင်မှာ ထိုပြတင်းပေါက်မှ ဖြာကျနေကာ အထပ်မြင့်ဖြစ်သည့်အတွက် မြင်ကွင်းကောင်းကောင်းကို ပေးနေခဲ့သည်။

နေ့အချိန်များတွင် တစောင်းစေးနှင့်မျက်ချေးကဲ့သို့ ဖြစ်နေတတ်သည့် ဆရာဝန်နှစ်ဦးမှာ အိပ်ရာပေါ်တွင် တိတ်ဆိတ်စွာထိုင်ကာ တစ်ဦးမှာ မျက်မှောင်ကြုတ်ထားပြီး တစ်ဦးမှာမူ ကျွမ်းကျင်စွာ နှိပ်နယ်ပေးခဲ့သည်။ အခန်းတွင်းရှိ တစ်ခုတည်းသောအသံထွက်နေသည့်မှာ အဝတ်များပွတ်တိုက်သည့်အသံသာ ဖြစ်လေသည်။

ရှားပါးလှသည့် ငြိမ်းချမ်းမှုပင်။

ကျန်းရွှိ၏ဗိုက်မှာနာကျင်မှုမှာ မပျောက်ကွယ်သွားခင်အထိ အချိန်အတော်ကြာခဲ့သည်။ ရှန့်ဖန်းယွိ သူ၏ခြောက်သွေ့နေပြီဖြစ်သောနှုတ်ခမ်းများကို လျှာသပ်လိုက်ကာ စကားပြောရန် ပြင်လိုက်သည်။

ကျန်းရွှိ သိသာနေသည့်ကြောက်လန့်မှုဖြင့် ကြည့်လိုက်မိသော်လည်း ရှန့်ဖန်းယွိမှ ပြောလာသည်ကိုသာ ကြားလိုက်ရသည် " ငါမင်းအတွက် ရေတစ်ခွက်သွားယူပေးရမလား…"

ကျန်းရွှိ ရှန့်ဖန်းယွိအပေါ်အထင်မှားမှုကြောင့် အနည်းငယ်အပြစ်ရှိသလို ခံစားလိုက်ရပြီး သက်ပြင်းတစ်ချက်ချလိုက်ကာ အိပ်ရာဘေးမှ စားပွဲအား ညွှန်ပြ၍ " ခွက်ကဒီမှာပဲ…"

ရှန့်ဖန်းယွိ လက်ညှိုးညွှန်ပြသည့်နောက်သို့ လိုက်ကြည့်လိုက်ချိန်တွင် လုံးဝကို ကြောင်အမ်းသွားရသည်။

သူကျန်းရွှိ၏အိပ်ခန်းထဲသို့ နှစ်ကြိမ်တိုင်တိုင်ဝင်ခဲ့‌ဖူးသော်လည်း နှစ်ကြိမ်လုံးသေသေချာချာမကြည့်ခဲ့ဖူးပေ။ အခုအချိန်မှသာ ကျန်းရွှိ၏အိပ်ခန်းမှာ အိမ်ရှိအခြားအခန်းများနှင့် အလွန်ကွာခြားသည်ကို သိလိုက်ရသည်။

အကယ်၍သာ ကျန်းရွှိမှာ ဤနေရာတွင် လဲမနေခဲ့ပါက ၎င်းမှာ ကျန်းရွှိ၏အိပ်ခန်းဖြစ်မည်ဟု သူယုံနိုင်လိမ့်မည်မဟုတ်ချေ။

ကုတင်ဘေးရှိစားပွဲမှာ အထွေထွေသုံးပစ္စည်းဖြင့် ရှုပ်ပွနေကာ စောင်မှာ ကြေမွနေပြီး ခေါင်းအုံးများမှာ တစ်ခုပေါ်တစ်ခုထပ်နေခဲ့သည်။ ထိုမျှသာမက ကုတင်ဘေးရှိဆိုဖာပေါ်တွင် အဝတ်များအပုံလိုက်ဖြစ်နေပြီး မီးပူတိုက်စက်ပေါ်၌ လည်စည်းတစ်ခုပါ ရစ်ပတ်နေသေးသည်။

စိတ်တိုစရာအကောင်းဆုံးအချက်မှာ ကျန်းရွှိ၏အခန်းထဲတွင် အရုပ်အများအပြားရှိနေပြီး နဂိုကပင်အမှိုက်ပုံကဲ့သို့ဖြစ်နေပြီးဖြစ်သောအခန်းကို လက်ငင်းဆိုသလို ခွေးအိမ်သဖွယ်ပြောင်းသွားစေခဲ့သည်။

" မင်းလို ယောင်္ကျားရင့်မာကြီးက ဘာလို့အခန်းထဲမှာ အရုပ်တွေရှိနေရတာလဲ…" ရှန့်ဖန်းယွိ ဝက်ဝံရုပ်ဘေးမှ ကျန်းရွှိ၏မျက်မှန်ကို ကျော်၍ကြည့်နိုင်ရန် ရုန်းကန်နေရပြီး နောက်မှသာ ထိုအရာမှာ သူ၏အိပ်ရာပေါ်မှာ နားရွက်အကြီးကြီးဖြင့် ပန်းရောင်ယုန်ရုပ်ဖြစ်နေသည်ကို ရှာတွေ့သွားရသည်။

" မင်းဒါတွေနဲ့ဖက်အိပ်တယ်တော့ င့ါကို မပြောနဲ့နော်…" ရှန့်ဖန်းယွိ၏မျက်လုံးများထဲတွင် ရှော့ရနေမှုနှင့် အထင်အမြင်သေးမှုပါဝင်နေသည်။

ကျန်းရွှိ လက်ကို ဖြည်းညင်းစွာယမ်းကာ နည်းလမ်းတကျပြောလိုက်သည် " ငါ့ကိုယုန်ပေး…"

ယုန်ရုပ်မှာ အနည်းငယ်ဟောင်းနေပြီး ဖြစ်နိုင်သည်မှာ နှစ်အတော်ကြာထဲက ရှိခဲ့ပုံပင်။ ရှန့်ဖန်းယွိ သူ့ကိုပေးလိုက်ပြီးနောက် ကျန်းရွှိ နံရံကိုမှီကာ အရုပ်ကို ဖက်ထားသည်ကို မြင်လိုက်ရသည်။

" ဒါက ဒီအတိုင်းအရုပ်မဟုတ်ဘူး ငါ့ရဲ့ပထမဆုံးခွဲစိတ်မှုပရောဂျက်ပဲ…"

" ငါ့အမေပြောတာတော့ ငယ်ငယ်လေးကတည်းက အစာသွပ်ထားတဲ့အရုပ်တွေကို ကြိုက်ခဲ့တာတဲ့ အထူးသဖြင့် သူတို့ကိုဖွင့်ပြီး ပြန်ချုပ်ပေးရတာကိုပဲ… အရင်တည်းက သူတို့ကငါနောက်ကြရင် ဆရာဝန်ဖြစ်နိုင်မှာကို ကြိုမြင်နေလို့ ငါ့ရဲ့ဝါသနာကို အထောက်အပံ့ပေးဖို့အတွက် အရုပ်တွေအများကြီးဝယ်ပေးခဲ့တာလေ…"

ယခုပင် ခံစားခဲ့ရသောနာကျင်မှုကြောင့် ကျန်းရွှိကို ပုံမှန်ထက် အနည်းငယ်အားပျော့နေစေသဖြင့် သူ၏အသံမှာ ပို၍နူးညံ့နေကာ ကောင်းကင်ပေါ်တွင် လွင့်ပျံ၍ သရဲကားများထဲတွင် ပြောနေသလိုဖြစ်နေခဲ့သည်။

ရှန့်ဖန်းယွိ : "...."

သူ အခန်းထဲမှ အရုပ်များကို တစ်ကြိမ်ထပ်ကြည့်လိုက်မိသည်။ ထိုအရုပ်များမှာ ချစ်ဖို့ကောင်းသော်လည်း အနည်းငယ်ခြောက်ခြားစေကာ သူ့ကို အမှောင်မျက်လုံးများဖြင့် စိုက်ကြည့်နေသကဲ့ ခံစားမိစေသည်။

ကျန်းရွှိ ရှန့်ဖန်းယွိ၏အမူအယာကို ကြည့်ကာ ဘဝ၏ပထမဆုံးအဖြစ် အနည်းငယ်အောင်မြင်မှုရသွားသည်ဟူသော မှောင်ခိုသမားကဲ့သို့အပြုံးမျိုး ပြုံး‌နေမိသည်။

ရှန့်ဖန်းယွိ သူဇာတ်လမ်းဆင်နေခြင်းကို မရိပ်မိခင် တည်ငြိမ်စွာဖြင့် အကြည့်လွှဲလိုက်ကာ သတိပေးလိုက်သည် " ရေလေ…"

" အိုး ငါမေ့တော့မလို့…"

ရှန့်ဖန်းယွိ အိပ်ရာထဲမှ ထွက်ကာ ဖန်ခွက်ထဲသို့ ရေဖြည့်လိုက်သည်။ ရေအပူချိန်ကို စမ်းသပ်လိုက်ပြီး ရေနွေးနွေးမှာ သူ၏အသိစိတ်ကို ပြန်လည်လာစေခြင်းကြောင့် ဖြစ်နိုင်ပေမည်။ ကျောရိုးထဲမှစိမ့်တက်နေမှုမှာ ကျန်းရွှိ၏အိပ်ခန်းထဲသို့ ထပ်မံ၍ဝင်လိုက်သည်နှင့် ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် ခွက်ကို တစ်ငုံနှစ်ငုံမျှသာသောက်ပြီး အမှိုက်ပုံထဲသို့ ပြန်ပို့လိုက်သည့် ကျန်းရွှိထံသို့ ပေးလိုက်လေသည်။

" နေ့တိုင်း ကြယ်သီးသေချာတပ်ပြီး အင်္ကျီမှာတွန့်ခေါက်ရာတောင်မရှိအောင် အနေအထိုင်သပ်ရပ်တဲ့ ဒေါက်တာကျန်းက ဒီခွေးအိမ်လိုအိပ်ခန်းထဲက ထွက်လာမယ်လို့ ငါလုံးဝကို မထင်ထားမိဘူး.."

ကျန်းရွှိ သူ့ကို ရှုပ်ထွေးနေဟန်ဖြင့် ကြည့်လိုက်ပြီး " ဒါဆိုရင် ငါ့အိပ်ခန်းက ဘယ်လိုဖြစ်မယ်လို့ ‌မင်းတွေးထားတာလဲ…"

ရှန့်ဖန်းယွိ စဉ်းစားကြည့်လိုက်ပြီးနောက် " စောင်တွေကို တို့ဖူးတုံးလိုခေါက်ထားမယ်…အခင်းကပြားနေပြီးတော့ ကုတင်ဘေးကခုန်မှာ ဖုန်တစ်မှုန်တောင် မရှိဘူး…လေထုတစ်ခုလုံးက အေးခဲကြမ်းတမ်းနေတာမျိုး… ကြည့်လိုက်တာနဲ့ ဘယ်သူမှမနေချင်တဲ့ပုံစံမျိုးလေ…"

" ဒါကအိပ်ခန်းမှမဟုတ်တာ ရေခဲတိုက်ဖြစ်နေပြီလေ…" ကျန်းရွှိ မျက်စောင်းတစ်ချက်ထိုးကာ ပြောလိုက်သည်။

"....." ကြည့်ရတာ အဓိပ္ပါယ်ရှိပုံပင်။

" အံဆွဲထဲက အရန်ဖုန်းကို ကူပြီးယူပေးပါဦး ပြီးရင် ဖုန်းကဒ်ကို အဲအထဲထည့်လိုက်…"

ရှန့်ဖန်းယွိ ကျန်းရွှိကို တစ်ချက်ကြည့်လိုက်သည်။ ကျန်းရွှိမှာ ညဘက်တွင် ဆေးရုံမှခေါ်လာမည်ကို စိုးရိမ်နေပြီး အလုပ်ချိန်မဟုတ်သည့်တိုင် လုပ်ဆောင်မှုကောင်းလေလေ တာဝန်ယူရသည်မှာ ပို၍ကြီးမားလေလေဖြစ်သည်။ မတော်တဆ ‌အရေးပေါ်ခွဲစိတ်မှုအကြီးများရှိပါက တာဝန်ကျဆရာဝန်များမှာ သူတို့နှစ်ဦးကိုသာ ရှာဖွေလိမ့်မည်ပင်။

သူ ကျန်းရွှိကိုကူညီ၍ ဖုန်းကဒ်လဲလှယ်ပေးလိုက်ပြီး ဖုန်းကိုဘေးမှ ခေါင်းအုံးပေါ်တွင်တင်ကာ ပြောလိုက်သည် " ဆေးရုံက ညဘက်ခေါ်ခဲ့ရင်တောင် မင်းအစားငါသွားလိုက်တာ ကောင်းတယ်… ကောင်းကောင်းနားလိုက်ဦး…"

ကျန်းရွှိ တင်းကြပ်ထားရသောကြွက်သားများကို လျော့ချလိုက်ချိန်တွင် မသက်မသာဖြစ်နေမှုမှာ တဖြည်းဖြည်းပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည်။ သူအရန်ဖုန်း၏အခြေအနေကို စစ်ဆေးလိုက်ပြီးနောက် ပြောလိုက်လေသည်။ " တစ်စုံတစ်ယောက်က ကိုယ့်တာဝန်ချိန်ကိုယ်ပဲ လုပ်ဖို့ပြောခဲ့တာမဟုတ်ဘူးလား…"

ရှန့်ဖန်းယွိ မျက်နှာပင် မပြောင်းခဲ့ချေ " ဘယ်သူက အဲလောက်ရိုင်းတာလဲနော်.."

ကျန်းရွှိ ယုန်ရုပ်ကိုပိုက်လျက် အိပ်ရာပေါ်သို့ ဖြည်းဖြည်းချင်းမတက်သွားခင် သူ့ကို ပျင်းရိနေသည့်အကြည့်တစ်ချက်ပေးကာ သူ့ကိုယ်သူ မီးခိုးရောင်ဖျော့ဖျော့‌အိပ်ရာခင်းအောက်တွင် မြုပ်နှံလိုက်သည်။

" မီးတွေပိတ်လိုက်တော့…"

ရှန့်ဖန်းယွိ တောင့်ခဲသွားကာ မသာမယာဖြစ်ဟန်ဖြင့် " ဒါဆို ငါလည်းဒီမှာအိပ်ရမှာလား…"

ကျန်းရွှိ မကြားသကဲ့သို့ လှိမ့်လိုက်သည်။ ခဏကြာပြီးနောက် ရှန့်ဖန်းယွိ မီးကိုပိတ်ကာ လှဲချလိုက်ပြီး ဖျော့တော့သော အမ်း ဟူသည့်အသံကို ထုတ်ဖော်လိုက်သည်။

" ဒါဆိုလည်း မင်းညဘက်ပြသနာတစ်ခုခုရှိတာတို့ ဒါမှမဟုတ် အဆင်မပြေတာတို့ဆိုရင်…" ရှန့်ဖန်းယွိ ကျန်းရွှိ၏လက်မောင်းကြားထဲမှ ပန်းရောင်ယုန်ကို ထိုးပြကာ " ငါ့ကိုဒါနဲ့ရိုက်လိုက်နော် ငါသေချာပေါက်နိုးလာလိမ့်မယ်…"

စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်နေပြီးနောက် ကျန်းရွှိမှာ သူ့ကိုနောက်ကျောပေး‌ကာ ပြောလာခဲ့သည် " ကောင်းပြီ…"

လရောင်မှာ ပြီးပြည့်စုံနေပြီး အခန်းတွင်းရှိလေထုမှာ နွေးထွေးလှသည်။ အိပ်ရာခင်းမှာ ပျော့ပျော့ပြောင်းပြောင်းရှိလေရာ ရှန့်ဖန်းယွိ မကြာခင်အချိန်အတွင်း အိပ်ပျော်သွားခဲ့လေသည်။

အချိန်အတော်ကြာ ပြေးလိုက်လွှားလိုက်လုပ်နေရသဖြင့် အလွန်ပင်ပန်းသွားခြင်းကြောင့်ဖြစ်ပေမည်။ ရှန့်ဖန်းယွိ အရုပ်များကို မြင်နေသည့်နေရာတွင်ပင် အိပ်ပျော်သွားခဲ့သည်။ သို့သော်လည်း တစ်ဝက်မျှသာ အိပ်ပျော်နေစဉ် ကလေးငယ်တစ်ဦး ကုတင်ခေါင်းရင်းတွင်ထိုင်ကာ ငုံ့ကြည့်နေသည်ကို ရုတ်တရက်မြင်လိုက်ရသည်။ သူ၏မျက်နှာကို ည‌အမှောင်ထဲတွင် မမြင်ရဘဲ သူ၏လှုပ်ရှားမှုများကိုသာ ဖျော့တော့တော့ မြင်နေရသည်။

ထိုကောင်လေး၏လက်ထဲတွင် လရောင်၌ အလင်းပြန်သော ကပ်ကြေးချွန်တစ်လက်ရှိသည်။ ထိုကောင်ငယ်လေးမှ ခြောက်ခြားစရာကောင်းစွာ ရယ်မောပြီး စုတ်ပြတ်နေသည့်အရုပ်၏‌ဗိုက်ကို ဖောက်နေသည်အား မြင်လိုက်ရချိန်၌ ရှန့်ဖန်းယွိ ထိတ်လန့်သွားရသည်။

မကြာမီ အခန်းတွင်းရှိအရုပ်များမှာ ရယ်မောကာ ရွေ့လျားလာကြပြီး ရှန့်ဖန်းယွိကို ဝိုင်းပတ်ကာ ရယ်သံများမှာ နီးသထက် နီးကပ်လာသည်။

" ငိုး…."

ရှန့်ဖန်းယွိ အိပ်မက်ဆိုးမှ နိုးမလာခင်း ထိတ်လန့်တကြားအော်မိလိုက်လေသည်။ အခန်းတွင်းရှိ အရုပ်များမှာ ညအမှောင်ထဲတွင် အိပ်မောကျနေပြီး သူ၏မသိစိတ်ကြောင့် ကျန်းရွှိကို လှမ်းကြည့်မိလိုက်သည်။

ကျန်းရွှိမှာ အိပ်မောကျနေပြီဖြစ်ပြီး သူလှိမ့်လာခြင်းကြောင့် ဖြစ်ပေမည် ယခုအချိန်၌ သူနှင့်မျက်နှာခြင်းဆိုင်နေခဲ့သည်။

သူ၏မျက်လုံးများကိုမှိတ်ထားပြီး မျက်နှာတစ်ခုလုံးကို ပွယောင်းယောင်းစောင်ဖြင့် ဖုံးအုပ်ထားကာ သူ၏ဆံမြိတ်များမှာ မျက်ခုံးများကို တစ်ဝက်ခန့် ဖုံးအုပ်ထားသောကြောင့် နူးညံ့သည့်အသွင်ဖြစ်နေစေကာ အိမ်မက်ထဲမှကြောက်ဖို့ကောင်းသည့်ကောင်လေးနှင့် လားလားမျှ မသက်ဆိုင်နေပေ။

ဒရမ်တစ်လုံးကဲ့သို့ ခုန်ပေါက်နေသည့် သူ၏နှလုံးသားမှာ တဖြည်းဖြည်းပျောက်ကွယ်သွားကာ သူ၏အတွေးများသည်ပင် တည်ငြိမ်သွားခဲ့သည်။

သူ ကျန်းရွှိကို စိုက်ကြည့်နေသည်မှာ မည်မျကြာသွားသည်မသိ အချိန်အတော်ကြာပြီးနောက် ကျန်းရွှိ အိပ်ပျော်နေစဉ် အိမ်မက်ယောင်၍ပြောသံကို ကြားလိုက်ရသည်။ ရှန့်ဖန်းယွိ သေသေချာချာမကြားရသောကြောင့် မသိစိတ်ကသိချင်လာသည့်အတွက် မေးမိသွားသည်။ " မင်းဘာပြောတာလဲ…"

သူအရှေ့သို့အနည်းကပ်တိုးကပ်သွားကာ ကျန်းရွှိ၏အိပ်ရာကို လက်ထောက်လိုက်ပြီး ပါးစပ်နားသို့ သူ၏နားကိုကပ်လိုက်သည်။ အချိန်အတန်ကြာပြီးနောက်မှသာ ကျန်းရွှိမှ နားလည်ရန်ခက်ခဲသော စကားနှစ်ခွန်းကို ရေရွတ်လာခဲ့သည်။

ရှန့်ဖန်းယွိ ရယ်ချမိသွားပြီး သူ့ကိုယ်သူပြောလိုက်လေသည်။ " အိပ်နေတဲ့သူကို စကားသွားပြောတာ ဘာရမှာမလို့လဲ…"

သူလှဲချကာ ပြန်အိပ်မည်အပြုတွင် ရုတ်တရက်သူ၏ရှေ့မှ လှုပ်ရှားမှုတစ်ခုဖြတ်သွားကာ သူ၏လက်အနောက်ဘက်မှာ ပူလောင်သွားခဲ့သည်။

ရှန့်ဖန်းယွိ လရောင်အောက်မှ လှမ်းကြည့်လိုက်ချိန်တွင် ကျန်းရွှိမှာ ပန်းရောင်ယုန်ကိုဖက်ထားခဲ့သော်လည်း သူ၏လက်မှာ စောင်ကိုကျော်ကာ ရှန့်ဖန်းယွိ၏လက်ကို လှမ်းကိုင်နေသည်။

ရှန့်ဖန်းယွိ၏နှလုံးသား ခုန်ပေါက်သွားရသည်။

ထို့နောက် အိမ်မက်ယောင်နေသည့်ကျန်းရွှိမှ ထပ်မံပြောလာသည်ကို ကြားလိုက်ရသည်။ ဤတစ်ကြိမ်မှာတော့ သူစကားလုံးများကို ကြားနိုင်ပြီဖြစ်သည်။

" ရှန့်ဖန်းယွိ ငတုံးကောင်…"

"..."

ရှန့်ဖန်းယွိ သူ၏လက်ကို အမူအယာကင်းမဲ့စွာ ဖယ်ထုတ်လိုက်ပြီး သူ့ကိုယ်သူစောင်နှင့်ရစ်ပတ်ထားလိုက်သည်။

နားမထောင်တာက ပိုကောင်းလိမ့်မယ်….

ကျန်းရွှိ မနက်စောစောနိုးလာချိန်တွင် စားပွဲပေါ်၌ တင်ထားသည့် နို့နှင့်ပေါင်မုန့်တို့နှင့်အတူ သနားစဖွယ်တစစီကွဲကြေ‌နေခဲ့သည့်ဖုန်းကို မြင်လိုက်ရသည်။

ကျန်းရွှိဆေးကြောပြီးနောက် စားပွဲတွင်ထိုင်လိုက်ကာ ခေါင်းကိုသုတ်ရင်းမှ ဖုန်းကြည့်နေခဲ့သည်။ ဖုန်းမှအက်ရာများမှာ ပျောက်ကွယ်သွားပြီး ရှန့်ဖန်းယွိ ၎င်းကို မနက်စာဝယ်ချိန်တွင် တစ်ခါတည်းပြင်ပေးခဲ့ပုံရသည်။

သူလော့ဖွင့်လိုက်ချိန်တွင် မျှော်လင့်ထားသည့်အတိုင်းပင် ဖုန်းမျက်နှာပြင်မှာ လင်းလာခဲ့သည်။ ကဒ်ကို ပြန်ထည့်လိုက်ပြီးနောက် မျက်နှာပြင်ပေါ်တွင် သူနှင့်ရှန့်ဖန်းယွိ၏စကားပြောခန်းမှာ ပွင့်နေခဲ့လေသည်။ သူ ယမန်နေ့ကရိုက်ထားခဲ့သည့်စာကို တိတ်တဆိတ်ဖျက်နေစဉ် ရှန့်ဖန်းယွိပို့ထားသည့်စာကို မြင်လိုက်ရသည် " ငါဆေးရုံအရင်သွားနှင့်မယ်…"

ကျန်းရွှိ မျက်တောင်တစ်ချက်ခတ်လိုက်ပြီး ဖုန်းကို ဘေးတွင် ပြန်ထားလိုက်စဉ် ဖုန်းမှာ ထပ်မံ၍ မြည်လာပြန်သည်။

စာပို့သူမှာ ရှန့်ဖန်းယွိပင်။

" မနက်စာစားဖို့ မမေ့နဲ့နော် စားပြီးရင်လည်းပုံပို့ဦး ငါသက်သေလိုတယ်…"

ကျန်းရွှိ : "..."

ကြက်မွှေးကို မျှားအဖြစ်သုံးသည့်သူတွင် အနည်းဆုံးတော့ ကြက်မွှေးရှိနေသေးသည်။ ဤရှန့်ဖန်းယွိ၏သတ္တိများမှာ မည်သည့်နေရာမှ ရောက်လာသည်နည်း။

ကျန်းရွှိ ကျစ်ခနဲ စုတ်သပ်လိုက်ပြီး ရှန့်ဖန်းယွိကို စာမပြန်ခဲ့ချေ။ သို့သော်လည်း သူ၏မျက်လုံးများမှာ ရှန့်ဖန်းယွိဝယ်လာပေးသည့်မနက်စာပေါ်သို့ရောက်ရှိသွားခဲ့သည်။

ခွက်အကြည်တွင် နွားနို့ထည့်ထားပြီး အပူချိန်မှာ အနေတော်ဖြစ်နေကာ လိမ္မော်ရောင်သန်းနေသည့် ကြက်ဥမှာ မနက်စောစောနေရောင်ခြည်အောက်တွင် သိသိသာသာတောက်ပနေသည်။ သူမကြိုက်မည်စိုးသောကြောင့်ဖြစ်နိုင်ပေမည်။ အရွက်သုတ်ကိုဘေးတွင်လည်း ပန်းကန်ငယ်လေးဖြင့် ခွဲပေးထားခဲ့သည်။

ဒါကအတော်လေးအနုပညာဆန်တာပဲ…

ကျန်းရွှိဖုန်းကိုကြည့်လိုက် ပြီးနောက်သူ၏မနက်စာကိုစားလိုက်သည်။

သူတစ်ကိုက်မျှသာ ကိုက်လိုက်ပြီးနောက်...

ကျန်းရွှိ တူများကို မြောက်ကြွကြွဖြင့် ကိုင်လိုက်သည်။

သေချာတာပေါ့ သူမနက်စာကိုစားရင်တောင်မှ ရှန့်ဖန်းယွိဆီကိုတော့ ဘယ်တော့မှပုံပို့မှာမဟုတ်ဘူး…



အဆောက်အဦး၏အောက်ထပ်တွင် ရှန့်ဖန်းယွိ စာပို့ပြီးနောက် ဖုန်းကိုအိတ်ထဲသို့ ပြန်ထည့်လိုက်သည်။ မနက်ခင်း အချိန်အတော်ကြာပြေးပြီးနောက် သူ၏ခေါင်းတွင်ချွေးများရွှဲနေခဲ့သည်။

‌ထို့နောက် ဆေးရုံသို့ တိုက်ရိုက်မောင်းသွားလိုက်ပြီး ရေမိုးချိုးပြီးနောက် အဖြူရောင်ကုတ်အင်္ကျီကို လဲလှယ်ကာ ခုနစ်နာရီမထိုးခင်မှာပင် သူ၏ရုံးခန်းထဲ၌ ထိုင်နေပြီးဖြစ်နေသည်။

ယမန်နေ့ညမှ အိမ်မက်ဆိုးပြီးနောက် သူပြန်အိပ်ချိန်တွင် နောက်ထပ်အိမ်မက်တစ်ခုမက်ခဲ့သေးသည်။ ဤတစ်ကြိမ်တွင် အိမ်မက်မှာ သူ့ကိုမထိတ်လန့်စေသော်လည်း နိုးထလာချိန်၌ သူမမှတ်မိနိုင်ခဲ့ပေ။ သို့သော်လည်း အိမ်မက်ထဲတွင် ကျန်းရွှိပါဝင်နေသည်ကို သိနေခဲ့ပြီး အကြောင်းအရာမှာမူ အနည်းနှင့်အများ မရေရာဘဲ ဝိုးတဝါးဖြစ်နေခဲ့သည်။

ထိုလက်တွေ့ဆန်လှမှုကြီးကြောင့် ရှန့်ဖန်းယွိ နိုးလာပြီး ကျန်းရွှိကို တွေ့လိုက်ချိန်တွင် ထခုန်မတတ်ပင်ဖြစ်သွားရသည်။

သူချက်ချင်းဆိုသလို ရေအေးဖြင့်ချိုးလိုက်ရကာ ကျန်းရွှိနိုးသည်ကိုပင် မစောင့်နိုင်ဘဲ အားကစားဝတ်စုံကိုလဲလှယ်၍ မနက်စာဝယ်ရန်နှင့် ကွဲသွားသည့်ဖုန်းကို ပြင်ရန်ထွက်သွားလိုက်သည်။ ထို့နောက် ကျန်းရွှိမနိုးလာခင် အိမ်မှထွက်လာကာ အနီးတဝိုက်တွင် အကြိမ်အနည်းငယ်မျှ ပတ်ပြေးနေလိုက်ရသည်။

ယခုတလောအတွင်း သူမကြာခဏဆိုသလို ထကြွနေခြင်းကြောင့် သူအံ့ဩနေမိပြီး သူ၏အပူမီးကို လေ့ကျင့်ခန်းဖြင့်သာ ငြိမ်းသတ်နေခဲ့ရသည်။ သို့သော်လည်း သူ၏ရုံးတွင် ထိုင်ချလိုက်ချိန်အထိ အနည်းငယ်အာရုံလွင့်နေသေးသည်။

သူ၏လုပ်ငန်းဆောင်တာများနှင့်ပတ်သက်၍ တစ်ခုခုမှားယွင်းနေသည်ဟု ရှန့်ဖန်းယွိ ခံစားလိုက်ရသည်။

သူ၏ပထမဦးဆုံးသောလိင်ဆက်ဆံဖက်မှာ ကျန်းရွှိဖြစ်ခဲ့ပြီး သူသဘောကျနေသည် ဆိုလျှင်ပင် ကျန်းရွှိကို ကြည့်လိုက်ရုံမျှဖြင့် သူ့ကိုရူးသွပ်‌သွားစေနိုင်မည့် မကောင်းသောခံစားချက်များ ပေါ်လာရန်မှာ အသက်အနည်းငယ်ကြီးနေပြီဖြစ်သည်။

သူ၏ဆရာဝန်တစ်ဦးအနေဖြင့် နှစ်များအတွက် ရေတွက်နိုင်သည်ထက်ပင် ပို၍လူ့ခန္ဓာကိုယ်များကို မြင်ခဲ့ရဖူးသည်။ ကြီးကြီးငယ်ငယ်၊ ယောင်္ကျားဖြစ်စေ မိန်းမဖြစ်စေ၊ အသက်ရှင်လျက် ဖြစ်စေ အလောင်းအဖြစ်ဖြစ်စေ သူမြင်ခဲ့ရသော်လည်း သူ၏စိတ်မှာ အမြဲလိုရှင်းလင်းနေခဲ့ကာ ဤကဲ့သို့ တစ်ခါမျှမဖြစ်ဖူးခဲ့ပေ။

ကျန်းရွှိမှာ မည်သို့ကွာခြားနေသည်နည်း။

ကျန်းရွှိတွင် ကြည့်ကောင်းသောခန္ဓာကိုယ်နှင့် ဆွဲငင်တတ်သော မှဲ့လေးရှိသည့်တိုင် သူသည်အဖြောင့်တစ်ဦးသာဖြစ်ပေရာ ကျန်းရွှိနတ်သားတစ်ဦးဖြစ်နေလျှင် သူထိုင်ရာမှမထဘဲ ပြသနာဖြစ်စေမည်မဟုတ်ချေ။

ထိုအကြောင်းကိုတွေးမိလိုက်ချိန်တွင် ရှန့်ဖန်းယွိ၏အမူအယာမှာ တောင့်တင်းသွားကာ ယခင်အချိန်များတွင် မည်သည့်အခါကမျှ မပေါ်လာခဲ့ဖူးသောမေးခွန်းတစ်ခု သူ၏စိတ်ထဲမှပေါ်လာခဲ့သည်။

" ငါငိုးမလို့ကွေးနေတာတော့မဟုတ်ဘူးမလားဟင်…"

ထိုအတွေးမှ ရှန့်ဖန်းယွိ၏အတိတ်မှအမြင်ကို လွှမ်းမိုးလာကာ ထိတ်လန့်မှုနှင့်အတူ သူအဆောင်နေစဉ်က အခန်းဖော်များ ကိုယ်လုံးတီးနှင့်ပြေးလွှားခဲ့ကြသည်ကို အမှတ်ရသွားသည်။ မည်သို့ပင်ဖြစ်စေ သူတို့အပေါ် သူဘယ်လိုမှမနေခဲ့ပေ။ ထို့ကြောင့် သူ့ကိုယ်သူပေးထားသည့်ရောဂါအပေါ် အဖြေရှာမရသည့်ရောဂါဟူ၍ အတိအကျခိုင်ခိုင်မာမာရေးချလိုက်သည်။

" အဖြေရှာမရတဲ့ရောဂါ…" ရှန့်ဖန်းယွိ တွေးလိုက်မိသည် " သေချာပေါက်ကို အဖြေရှာမရတဲ့ရောဂါပဲ.."

ကျန်းရွှိနှင့်သူ၏အဆောင်မှအခန်းဖော်များကြားတွင် လူခြောက်ယောက်နေရသည်မှ နှစ်ယောက်ဖြစ်သွားပြီး တစ်ဦးခြင်း၏ဧရိယာပိုကျယ်လာသည်မှ လွဲ၍ အခြားကွာခြားချက်မရှိသင့်ပေ။