Chapter 31
ကျန်းရွှိကို ရှောင်ဖယ်နေခြင်းမှာ သူ့ကိုပို၍အပြစ်ရှိပုံပေါ်လာစေသည်။
ရှန့်ဖန်းယွိ ယခုအချိန်တွင် သေချာသွားလေပြီ။ ကျန်းရွှိသူ့ကို ဤခဏမျှဖမ်းစားနိုင်လျှင်ပင် ဘဝတစ်သက်တာလုံးထိ ဖမ်းစားနိုင်မည်လား။ အနှေးနှင့်အမြန်ပင် သူ၏ခန္ဓာကိုယ်မှာ ဦးနှောက်ကဲ့သို့ ကြည်လင်လာမည်ဖြစ်ပြီး အကယ်၍ ကျန်းရွှိမှရေသူမဝင်စားသူဖြစ်နေလျှင်ပင် သူသည်လည်း အိုဒီစီးယပ်ဘုရင်ဖြစ်နိုင်သေးသည်။
ကံမကောင်းစွာဖြင့် ကျန်းရွှိမှာ ရှန့်ဖန်းယွိ၏ဆယ်နှစ်ကျော်မျှနောက်ကျနေပြီဖြစ်သော မြီးကောင်ပေါက်အရွယ်ခံစားချက်များကို သတိမထားမိခဲ့ပေ။ ရုံးခန်းသို့ရောက်လာသော်လည်း ရှန့်ဖန်းယွိကိုပင် နှုတ်မဆက်ဘဲနေနေကာ ခဏအကြာတွင် ရောဂါဗေဒဌာနမှ သူ့ကိုခေါ်လာခဲ့သည်။
" ဒေါက်တာကျန်း ဒီရွမ်ရှုဖန်းက ရှင့်လူနာမလား…"
ကျန်းရွှိ ရောဂါဗေဒဌာနမှ ပေးလာသည့်ဆေးစစ်ချက်ရလဒ်များကို ကြည့်ရှုလိုက်သည်။ ထို့နေ့တွင် မားဟောင်ကို လုံခြုံရေးများမှဆွဲထုတ်သွားပြီးနောက် သူရွမ်ရှုဖန်းအတွက် ဆေးစစ်မှုအချို့ကို ထပ်မံ၍ညွှန်ကြားပေးခဲ့သည်။ သူဆွေးနွေးနေသည့်အချိန်အတွင်း သူမ၏အခြေအနေမှာ ထိုမျှမရိုးရှင်းလောက်ဘူးဟု သူခံစားနေသောကြောင့်ပင်။ ထင်သည့်အတိုင်းပင် ရောဂါဗေဒဌာန၏ သားအိမ်ခေါင်းပိုင်းဆိုင်ရာ ဆေးစစ်ချက်များက သူ၏အကဲခတ်မှုကို အမှန်ဖြစ်သွားစေခဲ့သည်။
ပြန့်ပွားနိုင်သည့်ကင်ဆာဆဲလ်ဖြစ်နိုင်ချေမှာ မြင့်မားနေသည်။
သူသားဖွားမီးယပ်ဌာနသို့ ခပ်သုတ်သုတ်ပြန်သွားလိုက်ပြီး ရုံးခန်းနံပါတ်သုံး၏တံခါးကိုဖွင့်လိုက်ချိန်တွင် ရှောက်လဲ့ကိုခေါ်လိုက်ပြီး ဆေးစစ်ချက်များကို ပေးလိုက်သည်။ " သူ့ကိုဖုန်းခေါ်ပြီး ဆေးရုံကိုအမြန်လာခိုင်းလိုက်…ငါသားအိမ်ခေါင်းအသားစစစ်ဆေးမှုလုပ်ချင်တယ်…ပြီးရင် ငါမင်းကို မှန်ပြောင်းကြည့်ဖို့အတွက် စောင့်ရမဲ့စာရင်းကိုလည်း ပေးလိုက်မယ်…"
" ကောင်းပါပြီ.." ရှောက်လဲ့ ဆေးစစ်ချက်အဖြေများကို လက်ခံလိုက်ရချိန်၌ ဤသည်မှာ ယမန်နေ့မှလူနာဖြစ်ကြောင်းကို ရုတ်တရက်မှတ်မိသွားခဲ့သည်။ အပြီးသတ်ရလဒ်များမှာ မထွက်လာသေးသည့်အပြင် ပြင်းထန်မည့်အဆင့်ကို သိနိုင်ရန် အသားစစစ်ဆေးရန်လိုအပ်ပြီး ထိုမှသာ အခြေအနေကိုခွဲခြားနိုင်မည်ဖြစ်သည့်အတွက် သူမတိတ်တခိုးသက်ပြင်းချလိုက်ရသည်။
ယမန်နေ့ကနှင့်မတူဘဲ မားဟောင် သူ၏ဇနီးဖြစ်သူဆေးစစ်ခံရသည့်အပေါ် အလွန်စိတ်ရှည်လက်ရှည်ဖြစ်နေပြီး သူမဖုန်းခေါ်ပြီးသည်နှင့် ရုံးခန်းသို့ပြေးလာကာ " ဒေါက်တာရှောက် " ဟုအော်ခေါ်လာသည်။ သူ၏မျက်လုံးများနီမြန်းနေပြီး လက်များတုန်ယင်နေကာ တစ်စုံတစ်ခုကို ပြောချင်မိသော်လည်း မကြာသေမီကပင် သူဤဆရာဝန်ကို ရိုက်မိမလိုဖြစ်သွားသည်ကို သတိရမိလိုက်သောကြောင့် အချိန်အတော်ကြာအထိ ပြောစရာစကားပျောက်ရှနေရသည်။
သူ၏ဘေးမှ မျက်ရည်များအပြည့်နှင့် ရွမ်ရှုဖန်းမှာလည်း ငိုကြွေးနေသည့်အတွက် အချိန်တစ်ခုအထိ ရုံးခန်းနံပါတ်သုံးထဲတွင် ဆူညံနေခဲ့သည်။
ရှောက်လဲ့ မားဟောင်ကို စကားမပြောချင်သောကြောင့် ကျန်းရွှိပေးထားခဲ့သည့်စောင်ဆိုင်းမှုဇယားကို ရွမ်ရှုဖန်းကိုပေးကာ နှစ်သိမ့်ပေးလိုက်သည် " မလန့်နဲ့နော်…အရင်သွားစစ်ကြည့်လိုက်ပါဦး…"
ထိုစကားထွက်လာသည်နှင့် ရွမ်ရှုဖန်းမှာ ပို၍ပင် သည်းထန်စွာငိုကြွေးလာခဲ့သည်။ ဤကဲ့သို့သော ပျော်ရွှင်မှုနှင့်ဝမ်းနည်းမှုများမှာ ကျီဟွားဆေးရုံတွင် မကြာခဏတွေ့ရသောအရာများဖြစ်ပြီး သူအကြိမ်ပေါင်းမြောက်များစွာမြင်ခဲ့ရသည့်တိုင် ဝမ်းနည်းမိနေစဲပင်။
ကျန်းရွှိမှာမူ ရောဂါဗေဒဌာနမှာ ထပ်ထွက်လာမည့်ဆေးစစ်ချက်များကို အရင်သွားယူနေခဲ့သည်။ " လူနာကိုဆေးရုံတင်ဖို့ဆက်သွယ်လိုက်…" ကျန်းရွှိပြောလိုက်ရင်းမှ မျက်လုံးကိုအောက်စိုက်၍ဆေးစစ်ချက်များကိုဖတ်နေကာ ရှောက်လဲ့ကို ဖုန်းဖြင့်လှမ်းမေးလိုက်သည်။ " ကုတင်လွတ်တာရှိသေးလား…"
" တစ်ခုတော့ ဒီမနက်ကပဲ လွတ်သွားတာ.. ဒါပေမယ့် လူနာရဲ့စိတ်အခြေအနေက ကောင်းမွန်နေပုံမရဘူး.. ကျွန်မပြောတာကိုလည်း နားမထောင်ဘူးလေ…"
သူမ ရွမ်ရှုဖန်းကို ချော့မော့နေသည့်တိုင် ဤအမျိုးသမီး၏ပူဆွေးမှုမှာ အနည်းငယ်မျှ လျော့ကျသွားပုံမရချေ။ ထိုမျှသာမက လူများတဖြည်းဖြည်းအုံလာချိန်တွင် သူမ၏ထိတ်လန့်မှုမှာ ပို၍ဆိုးရွားလာသည်။
" ဒေါက်တာကျန်း…" ခွဲစိတ်ခန်းမှ သူနာပြုတစ်ယောက်ထွက်လာပြီး ကျန်းရွှိဖုန်းပြောနေသည်ကို မြင်လိုက်ရသဖြင့် တိုက်တွန်းလိုက်သည်။ " လာမဲ့ခွဲစိတ်မှုအတွက် မေ့ဆေးပေးပြီးသွားပါပြီ ဒေါက်တာအတတ်နိုင်ဆုံးအမြန်သွားမှရပါမယ်…"
" ကောင်းပါပြီ ငါအဲဒီကို အမြန်လာခဲ့မယ်…"
ထို့နောက် ခေါင်းကိုပြန်စောင်းကာ ရှောက်လဲ့ကို ဖုန်းဖြင့်ပြောလိုက်သည် " မင်းသူ့ကိုငြိမ်အောင်လုပ်ထားပေးလို့ရမလား…"
" ကျွန်မ.." ရှောက်လဲ့ စကားပြောရန် အနည်းငယ်တုန့်ဆိုင်းနေခဲ့သည်။ သူမကျန်းရွှိကို လာကူညီပေးရန် ပြောချင်မိသော်လည်း ကျန်းရွှိအလွန်အလုပ်များနေသည်ကို ကြားလိုက်ရသောကြောင့် ခေါင်းယမ်း၍ပြန်ဖြေလိုက်သည်။ " ကောင်းပါပြီ ဒေါက်တာ…"
" သူ့ကိုဆေးရုံအရင်တင်ထားလိုက် ငါညကြမှအခြေအနေကိုရှင်းပြလိုက်မယ်…"
ဒေါက်တာကျန်းမှာ ပုံမှန်အားဖြင့် အလုပ်များလှသည်ဖြစ်ရာ ရှုပ်ထွေးသည့်ကိစ္စများမဟုတ်နေသရွေ့ လူနာစာရင်းသွင်းခြင်း၊ ရောဂါအကြောင်းနားလည်စေရန်ကူညီပေးခြင်းနှင့် ခွဲစိတ်မှုမတိုင်ခင် ခွဲစိတ်မှုနှင့်ပတ်သက်သည့်အကြောင်းအရာများဆွေးနွေးခြင်းတို့ကို ရှောက်လဲ့ကဲ့သို့ တာဝန်ကျဆရာဝန်များမှ လုပ်ဆောင်ရလေ့ရှိသည်။
ရွမ်ရှုဖန်း၏ရောဂါမှာ ကင်ဆာဖြစ်နေသည့်တိုင် သူမ၏အခြေအနေမှာ အပျော့စားရောဂါဖြစ်သောကြောင့် အဓိကခွဲစိတ်ဆရာဝန်ကြီးမှ ကျောင်းသားများကို ထိုကဲ့သို့အလုပ်များတွင် ကူညီပေးရန်မလိုပေ။
သို့သော်လည်း ပို၍ဆိုးရွားလာသည့်အခြေအနေမျိုးတွင် သမားတော်ကြီးမှ " မစိုးရိမ်ပါနဲ့ ကျွန်တော်တို့အတူအဖြေရှာနိုင်မှာပါ…" ဟူသောစကားထက်ကောင်းသည့်အရာမရှိနေချေ။
ရှောက်လဲ့ဖုန်းကိုကိုင်လျက် သူမ၏နှာခေါင်းများနာကျင်လာရသော်လည်း တစ်ဖက်မှကျန်းရွှိမှာမူ ချောချောမွေ့မွေ့ဖုန်းကိုချသွားပြီဖြစ်သည်။
ကုတင်ကိုအဖြူရောင်အခင်းသစ်များခင်းထားပြီး အဆောင်တစ်ခုလုံးတွင် ပိုးသတ်ဆေးနံ့များပျံ့လွင့်နေခဲ့သည်။ ထိုအချိန်၌ မားဟောင်မှာ ရွမ်ရှုဖန်းကိုကူညီ၍ ဆေးရုံကုတင်ပေါ်တွင် လဲလျောင်းစေလိုက်ပြီး သူတို့နှစ်ဦးစလုံး၏ပူဆွေးမှုများမှာ ရှောက်လဲ့၏ရှင်းပြချက်များနှင့် နှစ်သိမ့်မှုများကြောင့် အနည်းငယ်သက်သာနေပြီဖြစ်သည်။
အဆောင်တစ်ခုထဲရှိ အခြားကုတင်နှစ်လုံးတွင်လည်း လူနာရှိနေပုံရကာ ဘယ်ဘက်ကုတင်တွင် လူနာကိုမတွေ့ရသော်လည်း ကုတင်ဘေးစားပွဲမှာမူ ပစ္စည်းများအပြည့်ဖြစ်နေခဲ့သည်။ ညာဘက်ကုတင်ပေါ်တွင်မူ အနီရောင်လက်တိုဂါဝန်ဖြင့် အိုင်ဗွီသွင်းနေသည့်အမျိုးသမီးတစ်ဦးရှိနေခဲ့ပြီး တစ်ဖက်လက်မှာကြိမ်ယပ်တောင်ကိုကိုင်ကာ တဖြတ်ဖြတ်ခပ်ရင်း လူနာအသစ်ကို နှုတ်ဆက်လိုက်သည် " ညီမကဘာဖြစ်တာတဲ့လဲ…ဘာလို့ ဒီလောက်မျက်လုံးတွေနီရဲနေရတာလဲနော်…"
ရွမ်ရှုဖန်း အင်္ကျီလက်ဖြင့် မျက်ရည်များကိုသုတ်လိုက်ပြီး " ဆရာဝန်ပြောတာက.. ကင်ဆာတဲ့…"
" အစပိုင်းလား နှောင်းပိုင်းလား…" အစ်မချိုက်မှမေးလာခဲ့သည်။
" အစောပိုင်းအဆင့်ပါတဲ့ အစ်မချိုင်ရေ.." ယွီစန်း အဆောင်တွင်းသို့ ဝင်လာစဉ် သူမ၏မေးခွန်းကိုကြားလိုက်ရသည့်အတွက် ဖြေပေးလိုက်သည်။
" ဒေါက်တာယွီ.." အစ်မချိုက်မှ ယွီစန်းကိုအပြုံးဖြင့်နှုတ်ဆက်လာကာ လိမ္မော်သီးများပေးလိုက်ပြီး " လိမ္မော်သီးစားပါဦး ကျွန်မအမျိုးသားကဒီနေ့ပဲမွေးရပ်မြေကယူလာပေးတာလေ.. အရမ်းချိုတာပဲ.."
ယွီစန်းအလေ့အကျင့်အရ ကုတင်ဘေးမှလက်သန့်ဆေးရည်ဖြင့် လက်ဆေးလိုက်ပြီးနောက် အစ်မချိုက်ကို ပြုံးပြလိုက်ပြီး " အစ်မကြီးကတော့ အရမ်းကြင်နာတာပဲ…" ဟုပြောကာ လက်ယမ်း၍ ယဉ်ကျေးစွာငြင်းပယ်လိုက်သည်။ " ကျွန်တော်နောက်တစ်ခန်းသွားပြီး လူနာကြည့်ရဦးမှာမလို့ အခုတော့စားဖို့အချိန်မရှိတော့ဘူး.." ထို့သိုပြောပြီးနောက် သူ ဆေးသွင်းသည့်ကိစ္စနှင့်ပတ်သက်၍ အစ်မချိုက်ကို မေးမြန်းလိုက်သည်။ " ဒီနေ့ဘယ်လိုနေတုန်း မသက်မသာဖြစ်နေတာများရှိသေးလား.."
အစ်မချိုက် ခေါင်းယမ်း၍ ပြန်ဖြေလိုက်သည် " ကျွန်မအဆင်ပြေပါတယ်.."
" အစ်မကတော့ ကျွန်တော်တို့အထပ်မှာ အကောင်းဆုံးအပြုအမူရှိတဲ့သူပါပဲ.." ယွီစန်းပြုံးလျက် ချီးမွမ်းလိုက်ပြီးနောက် ခေါင်းကိုလှည့်ကာ ဘေးကုတင်မှ ရွမ်ရှုဖန်းအကြောင်းမေးလိုက်သည်။
သူသည် ရွမ်ရှုဖန်း၏ကုတင်တွင် တာဝန်ကျသူဖြစ်ပြီး ဌာနအတွင်းသို့လှည့်ပတ်သွားလာကာ လူနာများနှင့်အများဆုံးဆွေးနွေးရသည့်အပိုင်းတွင် သက်ဆိုင်သူဖြစ်သည်။
မိတ်ဆက်ခန်းပြီးနောက် ရှောက်လဲ့ ယွီစန်းကိုတိုက်ရိုက်ပင် အစီအရင်ခံတင်ပြလိုက်သည်။
ယွီစန်း ဆေးရုံတက်ရမည့်လုပ်ငန်းစဉ်များနှင့်ကျသင့်ငွေကို အကြမ်းဖျင်းမျှ အတည်ပြုပေးလိုက်ပြီးနောက် ဆေးစစ်ချက်ရလဒ်ကိုကြည့်ကာ ရွမ်ရှုဖန်းကို နှစ်သိမ့်ပေးလိုက်သည်။ " ဒါဆိုလည်း အရင်ဆုံးဒီမှာအခြေချလိုက်တာပေါ့ မသက်သာတာရှိရင်တော့ သူနာပြုကို သွားရှာရမယ်နော်.."
သူထွက်သွားတော့မည်အချိန်တွင် အစ်မချိုက်မှ နောက်ထပ်လိမ္မော်သီးတစ်အိတ်ကိုယူကာ ပေးလာခဲ့သည် " ဒေါက်တာယွီ အခုချိန်မအားဘူးဆိုလည်း ယူသွားပြီးနောက်ကြရုံးခန်းမှာစားပေါ့…လိမ္မော်သီးလေးနည်းနည်းပဲဟာ.. ကျွန်မကြားမိတာတော့ ဒေါက်တာကျန်းကလည်း လိမ္မော်သီးကြိုက်တယ်ဆို…"
ယွီစန်းတစ်ချက်ကြည့်လိုက်ပြီး ပလတ်စတစ်အိတ်အကြည်ဖြင့် ထုတ်ထားသည့် အဝါရောင်နှင့် လိမ္မော်ရောင် လိမ္မော်သီးများကိုသာ မြင်လိုက်ရပြီး မည်သည့်အရာမှ ပါဝင်ခြင်းမရှိသောကြောင့် ယူလိုက်ကာ ပြုံးလျက် " ကောင်းပါပြီ ကျွန်တော်ဒေါက်တာကျန်းစီကိုလည်း နည်းနည်းယူသွားပေးပြီး အစ်မရဲ့စေတနာကိုအသိပေးလိုက်ပါ့မယ်…"
ဤသည်ကို မြင်လိုက်ပြီးနောက် မားဟောင်လည်း ငှက်ပျောသီးအနည်းငယ်ကိုယူကာ ယွီစန်းကိုပေးလိုက်ပြီး " ဒေါက်တာယွီ ဒါကကျွန်တော်တို့ရဲ့ကျေးဇူးတင်မှုသေးသေးလေးပါ.."
မားဟောင်၏အကြောင်းမှာ သားဖွားမီးယပ်ဌာနတစ်ခုလုံးတွင် ပြန့်နှံ့နေခဲ့ရာ ယွီစန်းသူ့ကိုကွဲပြားစွာကြည့်၍ ငှက်ပျောသီးများကို လှည့်တောင်မကြည့်ဘဲ ရွမ်ရှုဖန်းတစ်ဦးတည်းကိုသာ ပြုံးပြလိုက်ပြီးနောက် အခန်းထဲမှ တိုက်ရိုက်ပင်ထွက်သွားခဲ့သည်။
မားဟောင် အနည်းငယ်ရှက်သွားရသဖြင့် လက်ကိုရုတ်ကာ ဇနီးသည်ကိုသာ ကြည့်နေလိုက်ရသည်။
အစ်မချိုက်မှာ ပြောရဲဆိုရဲရှိပြီး စကားများသောလူတစ်ယောက်ဖြစ်လေရာ ယွီစန်းထွက်သွားသည်နှင့် ချက်ချင်းဆိုသလို ရွမ်ရှုဖန်းနှင့်စကားဝိုင်းကိုစတင်လိုက်သည်။ " အစောပိုင်းအဆင့်ကင်ဆာက ပြသနာကြီးမဟုတ်ပါဘူး…ညီမ နင်မသိလို့ အစ်မဆို လွန်ခဲ့တဲ့သုံးနှစ်ကအစာအိမ်ကင်ဆာဖြစ်ခဲ့ပြီးတော့ အစာအိမ်တစ်ဝက်ကို ဖြတ်ထုတ်ပစ်ခဲ့ရတာ.."
" ဒီသုံးနှစ်အတွင်း ပြန်ဖြစ်မှာစိုးလို့ လတိုင်းထပ်ခါထပ်ခါပြန်စစ်ခဲ့ရပေမယ့် အစာအိမ်ကင်ဆာတော့ပြန်ဖြစ်မလာပါဘူး…ဒါတောင် သားအိမ်ကင်ဆာလိုမျိုးဖြစ်လိုက်သေးတယ် ဆရာဝန်ပြောတာတော့ အစာအိမ်ကင်ဆာလောက် မပြင်းထန်ဘူးတဲ့.."
သူမပေါင်ကိုရိုက်လိုက်ကာ " ဘဝကြီးကငါ့ကိုလာနောက်နေပေမယ့် ငါကအခုထိကောင်းကောင်းအသက်ရှင်နေသေးတယ်လေ…"
" ကင်ဆာကနင့်ကိုမခြောက်လှန့်စေနဲ့.. လမ်းမပေါ်မှာမလို့သာ ဘယ်သူကင်ဆာဖြစ်နေမှန်းမသိရတာ ဆေးရုံကော်ရစ်ဒါကိုသာ သွားကြည့်လိုက်ချည်…ဆံပင်မရှိဘဲ ကီမိုသွင်းနေရတဲ့သူတွေအများကြီးပဲ သူတို့လည်းကောင်းကောင်းအသက်ရှင်နေတာပဲကို…"
ဌာန၏ပိုင်ရှောင်ရှန်း(စပ်စုစိန်) တစ်ဦးလိုပင် အစ်မချိုက်မှာ ရွမ်ရှုဖန်း၏ဘေးကုတင်ကို ညွှန်ပြကာ ပြောလာသည်။ " နင့်ဘေးကကလေးမလေးဆို အသက်မှနှစ်ဆယ်ရှိသေးတာ ငယ်ငယ်ချောချောလေးကို ရေအိတ်သန္ဓတေည်လို့တဲ့ ထူးဆန်းတယ်မထင်မိဘူးလား.. ကံကောင်းတာက ဆရာဝန်ပြောပုံအရဆို စဦးအကြိတ်အဆင့်မလို့ အစ်မတို့လိုအန္တရာယ်များတဲ့ဟာတွေထက် ဖယ်ထုတ်ရပိုလွယ်တယ်တဲ့.."
အစ်မချိုက်မှာ အသက်ဝင်လှပြီး သူမ၏အသံသည် ခေါင်းလောင်းတစ်လုံးကဲ့သို့ ကျယ်လောင်လှပေရာ စကားအဆုံးတွင် ရွမ်ရှုဖန်း ယခင်လောက်စိတ်ပျက်အားငယ်နေခြင်းမရှိတော့ဘဲ " အစ်မပြောပုံအရဆို ကျွန်မကအရမ်းနေမကောင်းဖြစ်တာမျိုး မဟုတ်ဘူးပေါ့.."
" နင့်စိတ်ကိုလျော့ထားသင့်တယ် နည်းနည်းဖြစ်ဖြစ် များများဖြစ်ဖြစ် ဆရာဝန်စကားကိုသာနားထောင်ချည်…"
သူမဆက်ပြောလိုက်သည် " အဲဒီအချိန်တုန်းက ငါ့မြို့ဆေးရုံကဆရာဝန်က ကုလို့မရဘူးပြောခဲ့တာလေ ဆေးရုံဆင်းပြီး အိမ်မှာပဲသေဖို့တောင်စောင့်ခိုင်းခဲ့သေးတယ်…ငါကမယုံနိုင်လို့ အေမြို့ကိုပြေးလာတာလေ.. အဲဒီမှာ ဒေါက်တာကျန်းနဲ့တွေ့ပြီး ဆေးစစ်ချက်အဖြေတွေကြည့်ပြီး ကုလို့ရတယ်လို့ပြောခဲ့တာပဲ…အန္တရာယ်တော့များနိုင်တယ်ပေါ့ဟယ်…ငါ့ကို အိမ်ပြန်ပြီး ခွဲစိတ်မှုအတွက်သေချာစဉ်းစားဖို့ ပြောခဲ့သေးတယ်…"
" အဲဒီနောက် ငါမသေနိုင်ဘူးတာကို သိသွားတာပဲ.." အစ်မချိုက်မှာ ပြောချင်လွန်းအားကြီးသောကြောင့် ယပ်တောင်ခပ်ရန်ပင် မေ့လျော့နေခဲ့သည်။ " အဲဒါနဲ့ နှစ်ခါတွေးမနေဘဲ ဆေးရုံအမြန်ပြေးတက်လိုက်တော့တာပဲ.. ဒါမှဒေါက်တာကျန်းက ခွဲစိတ်မှုအတွက် ပြင်လို့ရမှာလေ…"
" အစ်မအမျိုးသားပြောတာတော့ ခွဲစိတ်မှုက ကိုးနာရီတောင် ကြာတယ်တဲ့.. ဒေါက်တာကျန်းက မပြီးမချင်းအစာတောင်မစားဘဲ အစာအိမ်ကအကြိတ်ကို သေသေသပ်သပ်ဖယ်ပေးခဲ့တာ..နိုးလာတဲ့အချိန် ကံကောင်းသွားမှန်းသိရလို့ နှလုံးသားထဲကကို ပျော်မိတယ်…"
" အဲဒီအချိန်တုန်းက ဒေါက်တာကျန်းက ပြန်ပွားလာမှာစိုးလို့ အချိန်ဇယားအတိုင်းဆေးရုံလာပြီး ကီမိုသွင်းရင်း အပြန်ပြန်အလှန်လှန်စစ်ဆေးခိုင်းခဲ့တာလေ…"
သူမ၏ပုလင်းကို ညွှန်ပြကာ ပြောလိုက်သည် " ဒါက အစ်မကီမိုသွင်းတာရဲ့နောက်ဆုံးပုလင်းလေ.. ဆေးစစ်ချက်အဖြေတွေကလည်း ကောင်းလွန်းလို့ ဒေါက်တာကျန်းပြောတာတော့ နောက်အနှစ်၃၀ ၄၀ထိတောင်ရှင်နိုင်မယ်တဲ့.. အစ်မသာ အဲဒီအချိန်တုန်းက ဒေါက်တာကျန်းကို မတွေ့ခဲ့ရရင် အခုဆိုမြေကြီးထဲမှာ အရိုးဆွေးနေလောက်ပြီ…"
မားဟောင် ခဏတာတုန့်ဆိုင်းနေပြီးမှ မေးလိုက်လေသည်။ " ဒါပေမယ့် ဒေါက်တာကျန်းက ယောင်္ကျားကြီးလေ ဘာလို့သားဖွားမီးယပ်ဆရာဝန်ဖြစ်နေရတာလဲ…"
အစ်မချိုက်မှ " ယောင်္ကျားဖြစ်တော့ ဘာဖြစ်လို့လဲ… ယောင်္ကျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် သူကသမားတော်ကောင်းတစ်ယောက်ဖြစ်တယ်ဆိုတဲ့အချက်က မပြောင်းသွားဘူးလေ…" မားဟောင်၏သံသယများကြောင့် အစ်မချိုက်ကို ချက်ချင်းလက်ငင်းပင် စိတ်မပျော်ရွှင်ဖြစ်သွားစေကာ " မသိလို့နော် ဒေါက်တာကျန်းနဲ့ဒေါက်တာရှန့်က ယောင်္ကျားတွေဖြစ်ပေမဲ့ ဒီဌာနရဲ့အတော်ဆုံးဆရာဝန်တွေပဲ…"
ထိုစကားများကြောင့် မားဟောင်၏မျက်နှာမှာ ပြာရာမှ ဖြူဖျော့သွားကာ စိတ်ညစ်လက်ညစ်ပြောလိုက်သည်။ " ဒေါက်တာကျန်းက ဒီလောက်အားကောင်းတယ်ထင်လား..သူကဒါရိုက်တာချွေ့ထက်ပိုတော်နိုင်လို့လား…" သူရည်ရွယ်ချက်ရှိရှိ အချက်အလက်အချို့ကို ရှာကြည့်လိုက်ရာတွင် ကျီဟွားဆေးရုံ၏သားဖွားမီးယပ်ဌာနတွင် မျိုးရိုးအမည်ချွေ့နှင့်အမျိုးသမီးဆရာဝန်ရှိသည်ကို သိလိုက်ရသည်။
" မင်းကတော့ တစ်ခုမှကို မသိဘူးပဲ… ဒါရိုက်တာရာထူးကြောင့် မျက်စိမှိတ်မယုံလိုက်နဲ့လေ.." ဆေးရုံသို့ ပုံမှန်လာရကာ အဓိကအတင်းပြောသူတစ်ဦးဖြစ်သောကြောင့် အစ်မချိုက်မှာ ဌာန၏အတွင်းရေးအချို့ကို အလွန်ကောင်းစွာသိနေခဲ့သည်။
" ဒါရိုက်တာချွေ့က အတော်ဆုံးပဲ အထူးသဖြင့် သူငယ်တုန်းကပေါ့… မဟုတ်ရင် ဒါရိုက်တာဖြစ်လာပြီး ဒီလောက်တော်တဲ့ကျောင်းသားတွေကို ဘယ်သင်ပေးနိုင်မှာလဲ…"
" ဒါပေမယ့် ဒါရိုက်တာချွေ့က အိုလာပြီး အငြိမ်းစားယူတော့မှာလေ.. အချိန်အများကြီးယူရတဲ့ခွဲစိတ်မှုတွေကို ဘယ်ခံနိုင်ရည်ရှိတော့မှာလဲ.. ငါကြားတာတော့ အခုဒီဌာနမှာ ဒေါက်တာကျန်းနဲ့ဒေါက်တာရှန့်က အဆင့်မြင့်ခွဲစိတ်မှုတွေကိုကိုင်ရတာတဲ့.. ဒါရိုက်တာချွေ့က ဘေးကနေစောင့်ကြည့်တတ်ပေမယ့် အချိန်အများစုကို သူတို့ဘာသာပဲ လွှတ်ပေးထားတာ…"
" ယောင်္ကျားလေးဆရာဝန်တွေကို အထင်မသေးပါနဲ့.. ငါတို့နိုင်ငံရဲ့ထိပ်သီးဆရာဝန်အများစုက ယောင်္ကျားတွေကြီးပဲလေ… သူတို့က ယောင်္ကျားတွေဖြစ်တဲ့အတွက် သန်မာကြလို့ ခွဲစိတ်မှုတွေမှာ ပိုအကျိုးရှိတယ်လေ…နာရီအများကြီးကိုခြေထောက်မတုန်ဘဲ ခွဲစိတ်ပေးနိုင်တာပေါ့…မိန်းကလေးခွဲစိတ်ဆရာဝန်အချို့လည်းရှိပေမယ့် သူတို့ဒီလောက်မစွမ်းဆောင်နိုင်ကြဘူး…"
အစ်မချိုက် နှုတ်ခမ်းကိုကိုက်ကာ သူမ၏သားကိုဆူသကဲ့သို့ ပြောလိုက်သည်။ " မင်းကဒေါက်တာကျန်းကိုအထင်သေးနေရင် မင်းဇနီးရဲ့ဆရာဝန်က သူ့လိုတော်မှာမဟုတ်ဘူးနော်…"
မားဟောင်၏မျက်နှာမှာ ဖြူဖျော့သွားကာ သူနှင့်ရွမ်ရှုဖန်းအကြည့်ချင်းဖလှယ်လိုက်ပြီးနောက် သတိတကြီးမေးလိုက်သည် " ဒါဆိုရင် ကျွန်တော့်မိန်းမကို ဒေါက်တာကျန်းခွဲပေးမှာလား…"
အစ်မချိုက် မားဟောင်၏အပြောင်းအလဲကြောင့် မျက်လုံးလှန်လိုက်ကာ အေးစက်စက်ပြောလိုက်သည်။ " မသိဘူးလေ ဒေါက်တာကျန်းက ဒီလောက်အလုပ်များတာကို…"
မားဟောင် သူတို့ကိုဆေးရုံသို့လာရန်ခေါ်ခဲ့ပြီး အခြေအနေအတွက် ပမာဏရှင်းပြချက်များပေးခဲ့သောရှောက်လဲ့ကို သတိရသွားခဲ့သည်။ ထို့ကြောင့် ရှောက်လဲ့သည်လည်း ရွမ်ရှုဖန်းကို ခွဲစိတ်ပေးနိုင်မည်လား သိချင်သည့်စိတ်ဖြင့် ငှက်ပျောသီးအနည်းငယ်ယူကာ အစ်မချိုက်ကို ပေးလိုက်ပြီး " ဒေါက်တာရှောက်ကကော.."
အစ်မချိုက် မားဟောင်ကို မျက်လုံးလှန်ပြလိုက်သော်လည်း ငှက်ပျောသီးများ၏မျက်နှာကြောင့် " ဒေါက်တာရှောက်တော့ ငါလည်းမသိဘူး…"
သူမအလှည့်တုန်းက ဆက်သွယ်လာသည့်မှာ ကျန်းရွှိ၏အခြားကျောင်းသားဖြစ်သောကြောင့် သူမရှောက်လဲ့အကြောင်းများစွာမသိနေပေ။
မားဟောင် ရွမ်ရှုဖန်း၏ကုတင်မှာ ကဒ်ပြားကိုကြည့်ကာ တာဝန်ကျဆရာဝန်အမည်တွင် ယွီစန်းကို မြင်လိုက်ရသောကြောင့် " ဒေါက်တာယွီကော ဘယ်လိုလဲ.."
" ငါဒေါက်တာယွီကိုမေးခဲ့သေးတယ် သူပြောတာတော့ သူကအန္တရာယ်ကြီးတဲ့အကြိတ်တွေခွဲဖို့ အရည်အချင်းမမီသေးဘူးတဲ့…"
ထို့နောက်တွင်မှ အစ်မချိုက် အစောပိုင်းက ယွီစန်းအပြူအမူကို ပြန်သတိရသွားကာ မေးလိုက်လေသည်။ " မင်း ဒေါက်တာယွီကို ဘယ်လိုများစော်ကားခဲ့တာလဲ… သူကဒီလောက်စိတ်ရှည်ပြီး အမြဲပြုံးနေတတ်တာကို ကြည့်ရတာ မင်းကိုသဘောမကျပုံပဲနော်…"