အပိုင်း ၃၂
Viewers 11k

Chapter 32



သူမ မားဟောင်ကို ကြည့်လိုက်ချိန်တွင် တစ်ခုခုပြောချင်သည့်ပုံဖြစ်နေသောကြောင့် အစ်မချိုက်လည်း သိချင်လာခဲ့သည်။

ရွမ်ရှုဖန်းမှာမူ သူတို့ပြောသည်ကိုသာ တချိန်လုံးနားထောင်နေခဲ့သည်။ ယခင်တစ်ကြိမ် မားဟောင်ပြသနာရှာခဲ့စဉ်က သူမအလွန်ဒေါသထွက်ခဲ့ပြီး အိမ်ပြန်ရောက်ချိန်တွင် အကြီးအကျယ်စကားများကြကာ စစ်အေးတိုက်ပွဲပင်ဖြစ်ခဲ့ရသည်။ မမျှော်လင့်စွာဖြင့် ထိုအချိန်တွင် ဆေးရုံမှ သူမ၏ကျန်းမာရေးအကြောင်း သတင်းဆိုးကို ပြောလာခဲ့သည်။

သူမဆေးစစ်ချက်လာထုတ်သည့်အချိန်အတွင်း မားဟောင်မှအဖော်ပြုပေးသည့်အတွက် စိတ်ချမ်းသာခဲ့ရသည်။ သူမ မားဟောင်နှင့်စကားများရန်ဖြစ်လိုစိတ်မရှိသည့်တိုင် အစ်မချိုက်၏စကားကြားပြီးနောက် သူမ၏စိတ်ဝိညာဉ်မှာ အတော်အတန်သက်သာရာရသွားပြီး ဒေါသများမှာမူ ဆူပွက်လာရသည်။ သူမမထိန်းနိုင်ထားနိုင်တော့ဘဲ မားဟောင်ကို ကြည့်၍ အစ်မချိုက်ကို ပြောလိုက်လေသည် " ကျွန်မ သူ့ကြောင့်တကယ်အရှက်ရမိတယ်… ကျွန်မကဆေးရုံလာပြပေမဲ့ သူကတော့အတင်းတိုးဝင်လာပြီး ဆရာဝန်တွေကိုတောင်ရိုက်ဖို့လုပ်ခဲ့တာလေ…"

သူမထိုသို့ပြောလိုက်သည်နှင့် အစ်မချိုက်၏မျက်နှာမှာပြောင်းလဲသွားကာ " မင်းက ဒေါက်တာကျန်းရဲ့ဆွေးနွေးခန်းမှာ ပြသနာရှာခဲ့တဲ့ခွေးကောင်လား.."

သူမထို‌အကြောင်းကို ယမန်နေ့က ကြားခဲ့ရပြီး ဤလောကတွင် မတိုးဖောက်နိုင်သောနံရံဟူ၍ မရှိလေရာ ဌာနအတွင်း အစ်မချိုက်မသိသည့်အတင်းအဖျင်းမရှိခဲ့ပေ။ သူမအလွန်စိတ်တိုနေသည့်အတွက် ယမန့်နေ့က ဘေးကုတင်မှ မိန်းကလေးကိုဆွဲကာ အချိန်အတော်ကြာသည်ဆဲဆိုမိခဲ့သည်။ မမျှော်လင့်ဘဲ တရားခံမှာ ယခုသူမ၏ဘေးမှဖြစ်နေပြီး ထိုသူ၏ငှက်ပျောသီးကို သူမစားနေမိခဲ့သည်။

အစ်မချိုက် နောက်ဆုံးကျန်သည့်တစ်ကိုက်ကို ဒေါသတကြီးကိုက်ချလိုက်ပြီး အခွံကို အမှိုက်ပုံးထဲပစ်လိုက်ကာ " ငါနားမလည်လို့ပါ ဒေါက်တာကျန်းရဲ့ပုံစံနဲ့ဆေးကုသတဲ့နေရာမှာကျွမ်းကျင်မှုက စကားနဲ့တောင်ဖော်ပြလို့မရတာကို မင်းဘာလို့များ သူ့ကိုရွေးရတာလဲနော်.."

မားဟောင်၏နှလုံးမှာ တုန်လှုပ်သွားခဲ့ရသည်။ သို့သော်လည်း အစ်မချိုက်မှ မေးခွန်းထုတ်လာသည့်အတွက် သူ၏ခေါင်းမာမှုကို လက်ကိုင်ထားဆဲဖြစ်ကာ " သူက ယောင်္ကျားလေးလေ ကျွန်တော့်ဇနီးရဲ့ခန္ဓာကိုယ်ကို ကြည့်တဲ့အချိန်ကြရင် ဒေါသမထွက်ရဘူးလား…"

ရွမ်ရှုဖန်းမှ " ကျွန်မသူ့ကိုတွေ့တယ်ဆိုတာ သူကဒီအပိုင်းမှာအထူးကုမလို့လေ… ‌သူကလူနာတွေကို ဘယ်လိုကုသရမလဲဆိုတာပဲကြည့်တာ ရှင့်စိတ်ထဲကလို မကောင်းတဲ့အတွေးတွေရှိတာမဟုတ်ဘူး… ပြီးတော့.. ရှိခဲ့ရင်တောင် ကျွန်မကမသိနိုင်တော့ဘူးလား…"

အစ်မချိုက်၏မျက်နှာမှာ မားဟောင်၏စကားများကြောင့် ပို၍ပင် ရုပ်ဆိုးလာရသည်။ " မင်းဇနီးတောင် ဘာမှမကန့်ကွက်တာကို မင်းကမိသားစုဝင်အနေနဲ့ ဒီမှာဘာလာလုပ်နေတာလဲ…"

" ငါ့အစ်မရေ စော်ကားတာတော့မဟုတ်ဘူး နင်ကအသိဉာဏ်ရှိတဲ့သူဆိုတာ ငါပြောနိုင်ပေမယ့် နင့်အမျိုးသားကတေ့ာ တကယ်ဆိုးတဲ့သူနော်.. ဘယ့်နှယ် ကိုယ့်မိန်းမကိုအသက်ကယ်ပေးဖို့လုပ်နေတဲ့ဆရာဝန်ကို နောက်ကျောဓားနဲ့ထိုးရတယ်လို့…ကံကောင်းလို့ ဒေါက်တာကျန်းက မထိခိုက်သွားလို့ပေါ့… ဒီလိုဆရာဝန်တွေကို ပြုစုပျိုးထောင်ဖို့ဆို နိုင်ငံက အချိန်တွေငွေတွေ ဘယ်လောက်ကုန်တယ်မှတ်လဲ…"

" ဟင့်အင်း…" မားဟောင်ဘက်မှနေပေးရန် သိသိသာသာပင် ရည်ရွယ်ချက်မရှိပုံရသောရွမ်ရှုဖန်းမှ အစ်မချိုက်နှင့်အတူဒေါသထွက်လာကာ စတင်၍ သင်ခန်းစာပေးလာခဲ့သည်။ သူမ အိမ်တွင်မားဟောင်၏ဒေါသကို သည်းခံခဲ့သော်လည်း ယခုအချိန်၌ ထပ်မံ၍သည်းခံနေမည်မဟုတ်တော့ပေ။ သူမ မားဟောင်၏နှာခေါင်းရှေ့သို့ တည့်တည့်ထိုးကာ " ဒေါက်တာရှောက်က ရှင်နဲ့စကားမပြောချင်တာမပြောနဲ့ ကျွန်မတောင်ရှင်နဲ့စကားမပြောချင်တော့ဘူး…"

" မင်းတကယ်ကိုပဲ.." အစ်မချိုက်မှာ စိတ်ဆိုးရလွန်းသောကြောင့် စကားပင် ထပ်မပြောချင်မိသော်လည်း ကူကယ်ရာမဲ့စွာဖြင့် မားဟောင်ကို အနည်းငယ်ဆူပူလိုက်သည် " မင်းမသိဘူးလား အဲဒီနေ့ကလုံခြုံရေးတွေကို ခေါ်လာတာ ဒေါက်တာရှန့်လေ…မင်းတစ်ယောက်တည်းနဲ့ ဌာနတွင်းကအတော်ဆုံးဆရာဝန်နှစ်ယောက်လုံးကို ပစ်မှားခဲ့တာ မင်းရဲ့ဇနီးကို ထည့်မတွက်တော့ဘူးလား…"

ဦးစွာ ယွီစန်းထံမှ လျစ်လျူရှုခံရပြီး ယခုအမျိုးသမီးနှစ်ဦးထံမှ အဆူခံရကာ သူ့ကိုမျက်နှာသာပေးမည့်ဟူ၍မရှိသောကြောင့် မားဟောင် သူ၏မျက်နှာကိုအုပ်ကာ သက်ပြင်းချလိုက်ပြီး " အိုကေ အိုကေ ကျွန်တော်မှားပါတယ်ဗျာ…" ထို့နောက် ထရပ်လိုက်ကာ " ကျွန်တော်သွားပြီး ဒေါက်တာကျန်းကို သွား‌တောင်းပန်လိုက်ပါ့မယ် ဟုတ်ပြီလား .."

မားဟောင် ရွမ်ရှုဖန်း၏ပုခုံးကိုဆုပ်ကိုင်ကာ ရဲရင့်စွာပြောလိုက်သည် " ငါမျက်နှာပျက်ရမယ်ဆိုရင်တောင်မှပဲ မင်းကိုဒေါက်တာကျန်းခွဲပေးရစေမယ်…"

ယနေ့တွင် ခွဲစိတ်မှုများစွာရှိပြီး သူပြီးသည့်အချိန်၌ ညမှာမှောင်မိုက်နေပြီဖြစ်သည်။ သူခွဲခန်းမှထွက်လာပြီးနောက် အစောင့်များကို မှာကြားထားသည့် မီးအေးအေးဖြင့်တည်ထားသောစွပ်ပြုတ်ကိုယူလိုက်သော်လည်း ၎င်းမှာအနည်းငယ်အေးစက်နေပြီဖြစ်သည်။

သူ၏အလုပ်စားပွဲတွင် ထိုင်ကာ တစ်ငုံနှစ်ငုံမျှသာ သောက်ရသေးသည့်အချိန်၌ တံခါးမှာပွင့်သွားပြီး ကြွက်သားများနှင့်လူထွားကြီးတစ်ဦးမှ သူကြည့်ပင် မကြည့်နိုင်လိုက်ခင်မှာပင် ဒုန်းခနဲမြည်အောင် ဒူးထောက်ချလာသည်။

အဟွတ်.. ကျန်းရွှိ စွပ်ပြုတ်သီးသွားရပြီး အလျင်အမြန် ထိုသူကိုထရပ်နိုင်ရန် ကူညီပေးလိုက်သည်။

သူပထမဆုံးအကြိမ် ဆေးရုံတွင် အလုပ်သင်ဆင်းစဉ်အခါက လူတစ်ယောက်မှာခေါင်းမာမာနှင့် ဒူးထောက်နေပြီး သူမည်မျှပင်ပြောနေပါစေ မထသည်ကို ကျန်းရွှိ ဝိုးတဝါးပြန်လည်မှတ်မိသွားခဲ့သည်။ ထို့ကြောင့် သူ၏ဆရာမှာ မတတ်နိုင်ဘဲ ထိုသူနှင့်အတူ ဒူးထောက်ချလိုက်ရကာ ၎င်းမှာ ဤနယ်ပယ်သို့ ယခုမှစဝင်လာသည့်ကျန်းရွှိအတွက် ကြီးမားသောစိတ်ပိုင်းဆိုင်ရာရှော့ခ်ရမှုဖြစ်သွားစေခဲ့သည်။

သို့တိုင် သူသည်လည်း တစ်ထပ်တည်းတူညီစွာကြုံတွေ့ရမည်ဟု မထင်ထားမိခဲ့ချေ။

" ဘယ်သူကအရိုအသေပေးနေတာလဲဟ.." ရှန့်ဖန်းယွိ အနောက်မှဝင်လာပြီးနောက် ကျန်းရွှိ မထိနိုင်ခင်မှာပင် ထိုသူ၏ရင်ဘတ်ကို လက်ဖြင့်သိုင်းဖက်လိုက်သည်။ သူ၏လက်‌မောင်းကြွက်သားများမှာ တောင့်တင်းနေကာ ထိုသူကို ဆွဲမလိုက်ပြီးနောက် မည်သူမှန်းမှတ်မိသွားချိန်၌ အော်ပြောလိုက်သည် " မင်းလား…" သူ၏လက်များကို လွှတ်ချလိုက်ကာ " မင်းမှန်းသိရင် မကူပါဘူး…"

မားဟောင် : "...."

" မားဟောင်လား…" ကျန်းရွှိလည်းမှတ်မိသွားပြီး " ဒီမှာဘာလုပ်နေတာလဲ.."

ရှန့်ဖန်းယွိမှာ သူ့ကိုချုပ်ထားသောကြောင့် မားဟောင်ထရပ်ခြင်း သို့မဟုတ် ဒူးထောက်ခြင်းများ လုပ်ဆောင်၍မရချေ။ သူ၏ယမန့်နေ့ကအဖြစ်အပျက်ကို အမှန်တကယ်ပင် နောင်တရမိနေပြီဖြစ်သည်။

သူယခင်ကကဲ့သို့ မောက်မဲရိုင်းစိုင်းခြင်းမရှိတော့ဘဲ မျက်လုံးများနီမြန်းနေကာ ပူဆွေးနေပုံပေါ်နေသည်။ သူ၏မျက်နှာကိုပွတ်ကာ အင်္ကျီကော်လာထောင့်ကို ဆွဲဖြန့်လိုက်ပြီးနောက် စကားတစ်လုံးစီမှ သူ့ကိုသတ်နိုင်သည့်ပုံဖြင့် ပြောလိုက်လေသည် " ဒေါက်တာကျန်း အရင်ကဖြစ်ခဲ့တာတွေအတွက် ကျွန်တော်တောင်းပန်ချင်လို့ပါ…"

စကားဆုံးချိန်၌ မားဟောင်အောက်သို့ငုံ့ကာ သူ၏ခြေချောင်းများကိုသာကြည့်နေပြီး စကားတစ်ခွန်းမှ မပြောတော့ချေ။ သူ၏ဇနီးကို ယခင်ပေးခဲ့သည့်ကတိများကို မြိုချထားလိုက်ပြီး ထပ်မံ၍စကားတစ်လုံးမျှပင်ဆက်မပြောနိုင်ကာ အရှက်ရမှုများပြည့်နေခဲ့သည်။

" ဒီ‌နားမှာ ရွှေရှိလို့လား…" ရှန့်ဖန်းယွိ မားဟောင်ကို ရက်ရက်စက်စက်ကဲ့ရဲ့လိုက်သည်။ ထို့နောက် သူဖြတ်ကျော်လာကာ ကျန်းရွှိ၏နေ့လည်စာဘူးကို ထိလိုက်ပြီး " မင်းဘာလို့ဒီရက်ပိုင်းစွပ်ပြုတ်တွေပဲ သောက်နေရတာလဲကွာ…"

ကျန်းရွှိ သူ၏လက်များကိုဖယ်ထုတ်ကာ " မင်းကိစ္စမဟုတ်ဘူး " ဟု မပြောနိုင်လိုက်ခင်မှာပင် ရှန့်ဖန်းယွိမှာ ဦးစွာပြောလာသည် ။" ငါမင်းကိုလာစစ်တာ မနက်စာပုံတွေကော…"

" မရှိဘူး…"

" မယုံပါဘူးနော် .." ရှန့်ဖန်းယွိ လက်ကိုဆန့်ကာ " မင်းဖုန်းပေး…"

ကျန်းရွှိ သူ့ကို မျက်စောင်းတစ်ချက်သာ ပေးလိုက်မိသည်။

" မပေးနိုင်ဘူးဆိုတော့ ရိုက်ထားလိုက်တယ်လို့ဆိုလိုတာပဲ…"

ကျန်းရွှိ ခဏမျှတိတ်ဆိတ်သွားပြီးနောက် ဖုန်းကိုပေးလိုက်သည်။ ရှန့်ဖန်းယွိယူကာ ဓာတ်ပုံအယ်လ်ဘမ်များကိုထောက်ကြည့်လိုက်ပြီး ရယ်လျက် " ဒေါက်တာကျန်းရဲ့ဖုန်းကို ရဖို့မခက်ဘူးပဲ… မင်းရဲ့ကိုယ်ရေးကိုယ်တာတွေပေါက်ကြားမှာ မကြောက်ဘူးလား…"

ကျန်းရွှိ ပြောချင်သည့်စကားများကို မြိုချလိုက်သည့်ဟန်ဖြင့် ရှန့်ဖန်းယွိကို ကြည့်ကာ " ငါကဖုန်းကိုလူတိုင်းကိုပေးနေတာမျိုးမဟုတ်ဘူး…"

ရှန့်ဖန်းယွိ အဓိပ္ပါယ်ပါသည့်" အို "သံတစ်ချက်ပေးလိုက်ပြီး " ဒါဆိုမင်းရဲ့နှလုံးသားထဲမှာ ငါကထူးခြားတယ်ပေါ့…"

ကျန်းရွှိ သူ့ကိုအရေးမစိုက်လာသောကြောင့် ရှန့်ဖန်းယွိ ဖုန်းကိုသာ ပြန်ကြည့်လိုက်သည်။

" မင်းတကယ်ပုံတွေမရိုက်ခဲ့ဘူးလား…"

ဓာတ်ပုံအယ်လ်ဘမ်ထဲတွင် မနက်စာပုံများမရှိနေခဲ့ပေ။

" ရပါတယ် မနက်ဖြန်ကြမှပဲ မင်းစားတာကိုငါ့မျက်လုံးနဲ့ကိုယ်တိုင်စောင့်ကြည့်တော့မယ်…"

သူ၏ကျန်းရွှိအပေါ်ထားရှိသောအရွယ်မရောက်သေးသည့်ခံစားချက်များကိုဖိနှိပ်ရန်အတွက် မနက်စာစားသည်ကို နေ့စဉ်နေ့တိုင်းကြီးကြပ်ရင်းဖြင့် စတင်ပေမည်။

ကျန်းရွှိ မတတ်နိုင်သည့်ဟန်ဖြင့် ပြောလိုက်သည် " မင်းလူတွေကိုကြီးကြပ်ရတာအဲဒီလောက်သဘောကျရင် ဒီကထွက်ပြီး ထိန်းသိမ်းရေးစခန်းကိုသွားလေ.."

" ဒါဆိုလည်း မင်းအစာအိမ်ပိုကောင်းလာတဲ့အထိတော့ စောင့်လိုက်ပါဦး.." ရှန့်ဖန်းယွိ ကျန်းရွှိ၏တစ်ဝက်ခန့်သောက်ပြီးသောစွပ်ပြုတ်ကိုယူကာ " ဒါကအေးနေပြီ…ငါနားနေခန်းယူသွားပြီး နွှေးထားလိုက်မယ် နောက်ကြမှသွားယူသောက်ချည်.."

" နေပါဦး…"

ရှန့်ဖန်းယွိ အသံတစ်ချက်ထွက်လာသည့်မားဟောင်ကို ကြည့်ကာ " အိုး မင်းဒီမှာရှိနေသေးတာလား…"

" ငါ…"

ဤသည်မှာ မားဟောင်ရုံးခန်းထဲသို့လာသည့် တတိယအကြိမ်မြောက်ဖြစ်သည်။ ယခင်အကြိမ်များတွင် ကျန်းရွှိမှာ နေရာတွင်မရှိတတ်ဘဲ အစည်းအဝေး သို့မဟုတ် ခွဲစိတ်ခန်းတွင်ရောက်နေတတ်သည်။

" ကျွန်တော် ဒေါက်တာကျန်းကို ဇနီးသည်ကိုခွဲပေးဖို့အတွက် လာတောင်းဆိုတာပါ.. ဒေါက်တာ သူ့ကိုကျိန်းသေပေါက်ကယ်ပေးရမယ်နော်… ဒေါက်တာရှောက်က အမျိုးသမီးဆရာဝန်ပေမဲ့ သူတို့ပြောတာက အမျိုးသမီးဆရာဝန်တွေက ခွဲစိတ်‌တဲ့နေရာမှာ အမျိုးသားဆရာဝန်တွေလောက် မတော်ကြဘူးတဲ့…ကျွန်တော် မင်းကိုအရင်ကအဲဒီလောက်တော်မယ်မထင်ထားခဲ့မိလို့ပါ… ကျေးဇူးပြုပြီး ငဲ့ညှာတဲ့အနေနဲ့ ဇနီးကို ဒေါက်တာပဲခွဲပေးပါနော်.. ကျွန်တော့်မှာ ဇနီးတစ်ယောက်တည်းရှိတာပါ… ကျွန်တော် ဒေါက်တာရှောက်ကို ခွဲခွင့်ပြုဖို့ တကယ်ကြီးစိတ်မသက်မသာဖြစ်ရလို့ပါ…"

အစ်မချိုက်ထံမှ စည်းကမ်းကိုကြားရပြီးနောက် ဒေါက်တာရှောက်မှ ရွမ်ရှုဖန်းကို ခွဲပေးမည်ဟု မားဟောင်‌ထင်နေမိသည်။

မားဟောင်၏စကားထဲတွင် အထင်လွဲမှားမှုများစွာရှိနေသောကြောင့် ကျန်းရွှိ ရှင်းပြမည်အလုပ်တွင် ရှန့်ဖန်းယွိမှ ဦးစွာပြောလာခဲ့သည် " မင်းကကျန်းရွှိကိုရိုက်ဖို့လုပ်ပြီး တစ်ချိန်တည်းမှာပဲ ကူညီစေချင်တာပေါ့… စိတ်ဝင်စားစရာပဲနော်…"

သူ စွပ်ပြုတ်ကို ပြန်ချလိုက်ချိန်တွင် စကားများမှာ ပို၍ကြမ်းတမ်းလာခဲ့သည်။

" မင်းက ဇနီးသည်ကို အမျိုးသားဆရာဝန်တွေကို မတွေ့စေချင်ဘူး… အမျိုးသမီးဆရာဝန်ကိုကြတော့လည်း ခက်ခဲတဲ့ခွဲစိတ်မှုတွေမလုပ်စေချင်ပြန်ဘူး..မင်းစီကနေ တကယ့်ကို အလုပ်ခွင်မှာ ကျားမခွဲခြားတဲ့စကားတွေ ထွက်လာတာပဲ…"

ရှန့်ဖန်းယွိ၏စကားများမှာ အညှာအတာကင်းမဲ့ကာ အနည်းငယ်လှောင်ပြောင်လိုဟန်ရှိနေခဲ့သည်။ သူ၏စကားအဆုံးတွင် မားဟောင်၏မျက်နှာမှာ ပို၍နီမြန်းလာကာ " အရင်က ကျွန်တော့်အမှားတွေပါ.. ကျွန်တော်မလုပ်.. မလုပ်သင့်.." ဟူ၍ စကားထစ်ငေါ့နေခဲ့သည်။

မားဟောင် လုံခြုံရေးများဖြင့် ဆွဲထုတ်ခံရပြီးနောက် အဘယ့်ကြောင့်ထိုသို့လုပ်ခဲ့ရခြင်းအကြောင်းမှာ သားဖွားမီးယပ်ဌာနတစ်ခုလုံးတွင် ပြန့်နှံ့သွားခဲ့သည်။ ကျန်းရွှိမှာ သားဖွားမီးယပ်ဌာနမှ အမျိုးသားဆရာဝန်ဖြစ်နေခြင်းကြောင့် သူ၏ဇနီးအပေါ် မကောင်းသောရည်ရွယ်ချက်များ ရှိနေမည်ဟု မားဟောင်တွေးနေခြင်းကိုလည်း ရှန့်ဖန်းယွိသိနေခဲ့သည်။

ထိုကဲ့သို့သော ခွဲခြားဆက်ဆံမှုများမှာ ဤဌာနအတွင်း ဖြစ်နေကြဖြစ်ပြီး သူတို့၏အလုပ်သင်ကာလအတွင်းမှာလည်းမကြာခဏကြုံတွေ့ခဲ့ရဖူးသည်။ မည်သို့ပင်ဖြစ်စေ လူနာများထံတွင် ကိုယ်ပိုင်စဉ်းစားဆုံးဖြတ်နိုင်ခွင့်ရှိသည်ကို သူနားလည်ပြီး မားဟောင်မှာမူ မိသားစုဝင်သာဖြစ်သည်။ ထို့ကြောင့်ပင် လူနာမှခွင့်ပြုပြီးသည်ကိုပင် ထပ်မံသောင်းကျန်းနေခြင်းအပေါ် သူကဲ့ရဲ့မိခြင်းဖြစ်သည်။

သူ့စကားအဆုံးမှသာ ကျန်းရွှိ သူ၏အင်္ကျီလက်ကိုကိုင်၍ ခေါင်းအနည်းငယ်ယမ်းပြနေသည်ကို မြင်လိုက်ရသည်။

ရှန့်ဖန်းယွိ၏အမူအယာမှာ အနည်းငယ်ပျော့ပြောင်းသွားခဲ့လေသည်။

" စိတ်မပူပါနဲ့ မင်းတို့ကုသမှုမှာ ပူးပေါင်းပေးနေသရွေ့ မင်းရဲ့ဇနီးကိုခွဲစိတ်ဖို့အတွက်က ကျွန်တော်ပဲလုပ်မှာပါ မယုံဘူးဆိုရင် ဒါရိုက်တာချွေ့စီမှာ သွားစစ်ကြည့်လို့ရပါတယ်…ပြီးတော့ မစ်ရွမ်ရဲ့အကျိတ်က အတော်လေးထူးခြားတော့ ခဏနေကြရင် လူနာဆောင်ထဲလာပြီး ခွဲစိတ်မှုအဆင့်ဆင့်အတွက် လာရောက်ဆွေးနွေးပြီး တတ်နိုင်သမျှ အမြန်ဆုံးပြင်ဆင်ပေးမှာပါ…"

ကျန်းရွှိ၏အသံမှာ ရှောက်လဲ့ သူနှင့်ရွမ်ရှုဖန်းကို ပြောသည့်ပုံနှင့် မတူညီပေ။ ကျန်းရွှိ သူ့ကိုသနားစဖွယ်ကောင်းသည်ဟု မကြည့်နေသလို မည်ကဲ့သို့ ‌နှစ်သိမ့်ပေးရမည်ကိုလည်း သေသေချာချာမသိနေချေ။ သူ၏အသံမှာ အလွန်တည်ငြိမ်နေသည့်တိုင် အလေးအနက်ထားခဲ့သည်။ ကျန်းရွှိ၏အသံကြောင့် မားဟောင်အနည်းငယ်စိတ်သက်သာရာရသွားကာ လေထဲတွင် တွဲလဲဖြစ်နေသည့်သူ၏နှလုံးသားမှာ အဆုံးတွင် မြေပြင်ပေါ်သို့ ပြန်လည်ဆင်းသက်နိုင်ပြီဖြစ်သည်။

ရှန့်ဖန်းယွိ တစ်ဖက်သူ၏အခြေအနေကို မသိခဲ့သော်လည်း အကျိတ်၏အဆင့်ဟူသော စကားကို ကြားလိုက်ရချိန်မှသာ ကျန်းရွှိကို ကြည့်လိုက်ပြီး အဘယ့်ကြောင့် သူ့ကိုဆက်ပြောလာမည်အား တားမြစ်ခဲ့ရသည်ကို သဘောပေါက်သွားခဲ့သည်။

မားဟောင်၏ဇနီးသည်ထံတွင် သားအိမ်ကင်ဆာဖြစ်ပွားနေပြီး ထို့အတွက်ကြောင့်သာ မားဟောင်၏ပုံစံမှာ အလွန်ကြေကွဲနေခြင်းဖြစ်သည်။ ရုံးခန်းမှ အဖြူရောင်အလင်းမှာ သူ၏ခေါင်းပေါ်သို့ ထိုးထားပြီး အထင်မှားခြင်းကြောင့်ဖြစ်ပေမည်။ မားဟောင်၏ခေါင်းတွင် ယမန်နေ့ကထက်ပို၍ ဆံပင်ဖြူများ ပိုထွက်လာခဲ့သည်။

ကျန်းရွှိ သူ၏အကြည့်ကို မားဟောင်၏ခေါင်းပေါ်မှာ လွှဲလိုက်ပြီး " ဘာမှပြောဖို့မရှိတော့ဘူးဆိုရင် လူနာဆောင်ကိုပြန်သွားပြီး ဇနီးသည်ကိုပဲ အဖော်ပြုပေးလိုက်ပါ အခုအချိန် သူမင်းကိုအလိုအပ်ဆုံးပဲ.."

ရှန့်ဖန်းယွိ၏စကားများမှာ သူ့ကိုအနည်းငယ်ပျော်ရွှင်စေနိုင်သည့်တိုင် သူမီးထဲသို့ဓာတ်ဆီလောင်းထည့်ရန် မလိုချေ။

" ဒါဆိုရင် ဒေါက်တာ…" မားဟောင်သတိတကြီးဖြင့် မေးလိုက်သည် " ကျွန်တော့်ဇနီးဘယ်လောက်အသက်ရှင်နိုင်မှာလဲ…"

" ခန့်မှန်းချက်အတိုင်း ပြန်မဖြစ်ဘူးဆိုရင်တော့ သူကလူကောင်းနဲ့ဘာမှခြားမှာမဟုတ်ပါဘူး… ဒါကအသေးစားခွဲစိတ်မှုလေးပါ.."

ပထမအဆင့်သားအိမ်ကင်ဆာဆိုသည်မှာ လူနာအတွက်ကြောက်မက်ဖွယ်ကောင်းနိုင်သော်လည်း ကျီဟွာ‌ဆေးရုံတွင်မူ ထိုကဲ့သို့သောလူနာများကို မရေတွက်နိုင်အောင် နေ့စဉ်နေ့တိုင်းမြင်နေရပြီး အများစုမှာ နိုင်ငံတစ်ဝှမ်းမှ ခက်ခဲသောကိစ္စများဖြစ်လေရာ ရွမ်ရှုဖန်း၏အခြေအနေကိုမူ အသေးစားခွဲစိတ်မှုဟူ၍ မှတ်ယူနိုင်သည်။

" တကယ်လားဟင်…" မားဟောင် ကျန်းရွှိကို မသာမယာဖြင့် ကြည့်နေမိသည်။ အစ်မချိုက်၏အကောင်းဘက်မှ စကားများကို ကြားခဲ့ရသည့်တိုင် သူ၏နှလုံးသားမှာ ဒရမ်ကဲ့သို့ခုန်ပေါက်နေမိဆဲပင်။ အဆုံး၌ အစ်မချိုက်ကဲ့သို့ ကင်ဆာလူနာများမှာ ကောင်းကောင်းရှင်သန်နေသော်လည်း ကင်ဆာရောဂါမှာကုသ၍မရဟုပြောနေသည့် လူအများအပြားလည်း ရှိနေသေးသည်လေ။

" ကျွန်တော်ကြားဖူးတာက ကင်ဆာက နာတာရှည်ရောဂါဆို… အဒေါ်တစ်ယောက်ဆို ကင်ဆာမှန်းသိပြီးတာနဲ့ သုံးလကြာတော့ ဆုံးသွားခဲ့တယ်.." သူပြောလေလေ သူ၏အသံမှာ ဇနီးသည်အားဆုံးရှုံးမည်ကို ထိတ်လန့်ခြင်းကြောင့် တိုးဝင်လာလေလေဖြစ်သည်။

" ခန့်မှန်းချက်တွေက အဆင့်ခွဲခြားမှုနဲ့လုပ်ရမှာပါ.. ကံကောင်းတာက မင်းရဲ့ဇနီးကအချိန်မီရောက်လာခဲ့တယ်…"

အမျိုးစုံသော တီဗွီဇာတ်လမ်းတွဲများ၏လွှမ်းမိုးမှုကြောင့် လူအများစုမှာ ကင်ဆာရောဂါမှာ ‌ကုသ၍မရဟုမှတ်ယူကြသည်။ အချို့သောကင်ဆာရောဂါများမှာမူ ကုသ၍မရသော်လည်း စောစောသိရလေလေ အသက်ရှင်နိုင်သည့်နှုန်းပိုမြင့်လေလေဖြစ်ကာ ငါးနှစ်ထက်ပို၍ အသက်ရှင်နိုင်မည်ဖြစ်သည်။

အများစုတွင် ကံကောင်းမှုသည်လည်း ပါဝင်နေသည့်တိုင် ရွမ်ရှုဖန်းကဲ့သို့ စောစောသိလိုက်ရခြင်းမှာ ကောင်းမွန်လှသည်။

" ဒါဆိုရင် ဒေါက်တာကျွန်တော့်ကို အငြိုးမထားဘူးပေါ့…သေသေချာချာခွဲပေးမှာပေါ့နော် ဟုတ်တယ်မလား.."

ကျန်းရွှိ : "...."

ရှန့်ဖန်းယွိမှ " ကောင်းပြီ… မင်းအပေါ် သူအငြိုးမထားစေချင်ရင် အနားမှာလာမရှုပ်နေနဲ့တော့..ဒေါက်တာကျန်းက မင်းနဲ့ပြောဆိုနေရလောက်အောင် အချိန်မရှိဘူး…"

သူ မားဟောင်ကိုခေါ်ထုတ်သွားကာ တံခါးကိုပိတ်လိုက်သော်လည်း မားဟောင်မှာ တံခါးကို ပြန်ဖွင့်လာကာ ကျန်းရွှိကို သနားစဖွယ်အရိုအသေပေးလိုက်ပြီး " ကျွန်တော့်ဇနီးကို ဒေါက်တာလက်ထဲအပ်လိုက်ပြီနော်"ဟူ၍ ပြောလာခဲ့သည်။