အပိုင်း ၃၃
Viewers 11k

Chapter 33



ဆေးစစ်ချက်အဖြေများထွက်လာပြီးနောက် မားဟောင်ငိုကြွေးကာ ဇနီးဖြစ်သူကိုဝန်ခံမှုအကြီးကြီးလုပ်ခဲ့ကြောင်း အခြားလူနာများထံမှ တိုင်ကြားမှုများကို မကြာခဏရခဲ့ကြောင်း ကြားခဲ့ရသည်။မားဟောင်ထွက်သွားသည်နှင့် သူ၏အကြည့်ကိုလွှဲကာ အေးစက်နေပြီဖြစ်သော စွပ်ပြုတ်ထံသို့သာ ပို့လိုက်သည်။

နောက်ကျနေသောဝန်ခံမှုများမှာ အမြဲလိုပင်နောင်တတရားကြောင့် ဖြစ်လာခြင်းဖြစ်သည်။ ကံကောင်းစွာဖြင့် ရွမ်ရှုဖန်းထံတွင် မားဟောင်ကိုပြင်ဆင်ပေးရန်အတွက် တစ်ဘဝလုံးစာအချိန်ရှိနေသေးသည်။

ရှန့်ဖန်းယွိ သူ၏ဘေးနားသို့ရောက်လာပြီး " မင်းကိုကြည့်ရတာ အေးတိအေးစက်နဲ့ ကိုင်တွယ်ရခက်မဲ့ပုံပေါက်နေပေမဲ့ အတော်လေးနှလုံးသားပျော့ပြောင်းမယ်လို့ ငါမထင်ထားမိဘူးပဲ…"

ကျန်းရွှိ ပြန်မပြောလိုက်ချေ။

" စိတ်ထားကောင်းလည်း ဒဏ်ကြေးကတော့ဆောင်ရမှာပါပဲလေ.." ရှန့်ဖန်းယွိ ကျန်းရွှိ၏ရှေ့သို့ အဝါရောင်‌A4စာရွက်ကို ထုတ်ပြလိုက်သည်။

ကျန်းရွှိ A4စာရွက်ကိုကြည့်လိုက်ပြီးနောက် သူ၏မျက်နှာပေါ်တွင် အမဲရောင်အစင်းကြောင်းများပေါ်လာခဲ့သည်။

" ငါအခုပဲစီမံခန့်ခွဲရေးဌာနကို ဖြတ်လာတော့ အစ်မကွေ့ကမင်းကို လက်မှတ်တစ်စောင်ပေးဖို့ပြောလာတာပဲ ပြီးတော့ သူကကြင်နာစွာနဲ့ ကြေငြာဘုတ်ကို လာကြည့်ဖို့ဖိတ်ပါတယ်တဲ့.."

သားဖွားမီးယပ်ဌာန၏ကြေငြာဘုတ်ပေါ်တွင် အလွန်လိုက်ဖက်ညီနေသောလက်မှတ်နှစ်စောင်ရှိနေခဲ့သည်။ ကျန်းရွှိနှင့်ရှန့်ဖန်းယွိတို့မှာ ဘုတ်ပေါ်မှာ ဘယ်ဘက်တွင်ရှိနေသည့်တစ်ခုနှင့်ညာဘက်တွင်ရှိနေသည့်တစ်ခုကို အချင်းချင်းကြည့်နေမိသည်။

ဘယ်ဘက်ရှိတစ်ခုမှ ကျန်းရွှိအား လူနာ၏မိသားစုအပေါ်ထိခိုက်စေခြင်းအတွက်ဝေဖန်ထားသောစာဖြစ်ပြီး ညာဘက်မှာမူ ရှန့်ဖန်းယွိ၏အထိကရုန်းမဖြစ်စေရန် တရားနည်းလမ်းကျကျ တားဆီးပေးခဲ့မှုအတွက် ချီးကျူးထားခြင်းဖြစ်သည်။

ရှန့်ဖန်းယွိ ကြေငြာဘုတ်ပေါ်မှ အဖြူရောင်စာရွက်ကိုကြည့်ကာ နောက်ဆုံးစာကြောင်းကို ဖတ်ပြလိုက်သည်။ " အကြမ်းဖက်မှုကို အကြမ်းဖက်မှုဖြင့် မတုံ့ပြန်ရန် အကြံပေးလိုက်သည်။ ဒါကြောင့် လုပ်ဖော်ကိုင်ဖက်များနှင့် အထူးသဖြင့် ရဲဘော်ကျန်းကို ရဲဘော်ရှန့်၏နမူနာကို လိုက်နာကာ ဆေးဘက်ဆိုင်ရာအငြင်းပွားမှုများအား မည်ကဲ့သို့ဖြေရှင်းရမည်ကို သူထံမှ သင်ယူကြပါ။"

ကျန်းရွှိ မျက်နှာသေဖြင့်ကြည့်ကာ စာရွက်ကိုဖြဲချလိုက်ပြီး အောက်မှ " ပြည်သူပိုင်ပစ္စည်းကိုပျက်စီးစေပြီး အကြမ်းဖက်သည့်အတွက် ရဲဘော်ရှန့်မှ ယွမ်နှစ်ရာပေးဆောင်ရမည် " ဟူသောလက်မှတ်ကို ထုတ်ဖော်ကာ ဖတ်ပြလိုက်သည်။

ဤသည်ကိုကြားပြီးနောက် ရှန့်ဖန်းယွိ သူ၏အဖြူရောင်ကုတ်တွင်းမှ တူညီသောလက်မှတ်တစ်‌စောင်ကိုထုတ်၍ ကြေငြာဘုတ်ပေါ်တွင် ကော်ဖြင့်ကပ်လိုက်ပြီး ပြန်ဖတ်ပြလိုက်သည် " လူနာရှင်မိသားစုကိုထိခိုက်စေသည့်အတွက် ရဲဘော်ကျန်းမှ ယွမ်နှစ်ရာပေးဆောင်ရမည်…"

အဆိုပါ အကြမ်းဖက်တတ်သောအရူးနှစ်ယောက်မှာ တစ်ဦးကိုတစ်ဦးစိုက်ကြည့်နေကြသည်။

" ရှန့်ဖန်းယွိ…"

" ဟမ်…"

" မင်းဟာကိုကပ်တာ ငါမဟုတ်ဘူး…"

ရှန့်ဖန်းယွိမှ " ငါသိတယ်‌..အစ်မကွေ့ကအလုပ်များနေတော့ ငါလည်းလမ်းကြုံနေတာနဲ့ သူ့ကိုကူကပ်ပေးလိုက်တာ.. မင်းငါ့ဟာကိုမကပ်ပေးလည်း ကိစ္စမရှိပါဘူး ငါကတေ့ာ ကူပေးမယ်လေ.. ငါလေးကဒီလောက်တောင် အမျှော်အမြင်ရှိတာနော်…"

"...."

အမျှော်အမြင်ရှိသည် မရှိသည်ကိုဂရုမစိုက်ချင်တော့ဘဲ ကျန်းရွှိ ရှန့်ဖန်းယွိ၏ပါးစပ်ကိုသာ ကော်ဖြင့်ကပ်ထားလိုက်ချင်မိသည်။

ကြေငြာဘုတ်ပေါ်မှ လက်မှတ်နှစ်စောင်မှာ အချင်းချင်းလိုက်ဖက်ညီလှပြီး အလင်းရောင်အောက်တွင် ကြည့်ကောင်းနေသည်။ ရှန့်ဖန်းယွိ လက်ကိုပိုက်၍ သူ၏အလုပ်နှင့် ကျန်းရွှိ၏အမူအယာကို တန်ဖိုးထားကြည့်ရှုနေကာ ကော်ကိုဘေးချလိုက်ပြီးနောက် နောက်ထပ်လက်မှတ်တစ်စောင်ကို ကျန်းရွှိရှေ့တွင် ဝှေ့ယမ်းပြလိုက်သည်။

ပုံမှန်အားဖြင့် စီမံခန့်ခွဲရေးမှ လက်မှတ်နှစ်စောင်ကို ထုတ်ပေးလေ့ရှိပြီး တစ်ခုမှာဒဏ်ကြေးဆောင်ရန်နှင့် တစ်ခုမှာ ကြေငြာဘုတ်တွင် ကပ်ရန်ဖြစ်သည်။

ဤတစ်ကြိမ်တွင်မူ သူပထမတစ်ခုကိုဖြဲလိုက်သော်လည်း ရှန့်ဖန်းယွိမှ နောက်ထပ်တစ်ခုထပ်ကပ်လာသောကြောင့် ကျန်းရွှိ ရှုံ့မဲ့ကာပြောလိုက်သည် " မင်းမှာဘာလို့နောက်တစ်ခုရှိနေတာလဲ.."

" ငါအစ်မကွေ့ကို အပိုတစ်ခုတောင်းလိုက်တာလေ…" ရှန့်ဖန်းယွိ မျက်စိတစ်ဖက်မှိတ်ပြလိုက်ပြီး " အမှတ်တရအနေနဲ့သိမ်းထားချင်တယ်လို့ ပြောလိုက်တာ…"

" ငါ့ကိုပေး…" ကျန်းရွှိလှမ်းယူလိုက်သည်။

ရှန့်ဖန်းယွိ လက်မှတ်ကို အမြန်ခေါက်ကာ ဂျာကင်အိတ်ကပ်ထဲသို့ထည့်လိုက်ပြီး " မပေးပါဘူး ငါမင်းကိုစိတ်ဆိုးနေတာနော်…"

ကျန်းရွှိ : "...."

ဤသူမှာ သေသည်အထိ မြီးကောင်ပေါက်ကဲ့သို့ ပြုမူနေမည်ကို သူမသိခဲ့ရပေ။ သို့သော်လည်း ရှန့်ဖန်းယွိမှာ မြီး‌ကောင်ပေါက်အဆင့်မဟုတ်တော့သည်ကို သူခံစားမိလိုက်သည်။ မူကြိုကျောင်းအဆင့်သာ ဖြစ်ပေလိမ့်မည်ပင်။

ထို့ကြောင့် သက်ပြင်းတစ်ချက်ချ၍ ရှန့်ဖန်းယွိကို ပြောလိုက်လေသည် " မင်းဘာလို့စွပ်ပြုတ်သွားမနွှေးသေးတာလဲ…"

ကျန်းရွှိ လူနာဆောင်သို့ရောက်လာချိန်တွင် မားဟောင်မှာ ရွမ်ရှုဖန်းအတွက် လိမ္မော်သီးခွာပေးနေခဲ့သည်။ ကျန်းရွှိရောက်လာသည်ကို မြင်လိုက်သည်နှင့် အသီးကို ချက်ချင်းချကာ လက်ကိုတစ်ရှုးဖြင့် သုတ်လိုက်လေသည်။

"‌ ဒေါက်တာကျန်း…" မားဟောင် ကုတင်ဘေးရှိထိုင်ခုံလေးမှ ထရပ်လိုက်ကာ ကြယ်ပွင့်များသဖွယ်လင်းလက်နေသော မျက်လုံးများဖြင့် ကျန်းရွှိကို ကြည့်နေခဲ့သည်။

ရွမ်ရှုဖန်း၏အခြေအနေမှာ ပို၍ကောင်းမွန်လာပုံရသည်။ သူမအစပိုင်းတွင် ကုတင်ပေါ်၌ လဲလျောင်းနေသော်လည်း ကျန်းရွှိရောက်လာသည်နှင့် ထရပ်လိုက်ပြီး ယဉ်ယဉ်ကျေးကျေးနှုတ်ဆက်လာခဲ့သည် " ဒေါက်တာကျန်း…"

ကျန်းရွှိ ခေါင်းငြိမ့်လိုက်ပြီး ဘေးနားမှခြုံပုတ်ကို ရိုက်မနေတော့ပေ(ကွေ့ဝိုက်မပြောတော့ပေ) " လိမ္မော်သီးတွေအရင်စားလိုက်ပါဦး.. ပြီးကြမှပဲ ခွဲစိတ်မဲ့အစီအစဉ်တွေအတွက် ဆွေးနွေးကြတာပေါ့.."

သိသိသာသာပင် မားဟောင်နှင့်ရွမ်ရှုဖန်းထံ၌ လိမ္မော်သီးစားချင်စိတ် မရှိနိုင်တော့ပေ။ ကျန်းရွှိ ရှောက်လဲ့နှင့်ယခုမှဘွဲ့ရလာသောအလုပ်သင်ကျောင်းသားအသစ်ကို ခေါ်ကာ လူနာကြည့်ရန်သွားလိုက်ပြီး‌ ပြန်လာကြတွင် ထိုသူနှစ်ဦးမှာ တံခါးရှေ့တွင်ရပ်နေသည်ကို မြင်လိုက်ရသည်။

လက်ထဲမှဖိုင်ဖြင့် ထိုသူနှစ်ကို ဝှေ့ယမ်းပြလိုက်ပြီးနောက် ရှောက်လဲ့နှင့်အလုပ်သင်ကျောင်းသားတို့ကိုပါခေါ်ကာ ဆွေးနွေးခန်းစီသို့ ဝင်လာလိုက်ကြသည်။

" ထိုင်ပါဦး.." ကျန်းရွှိ သူတို့နှစ်ဦးကို နေရာပြလိုက်ပြီးနောက် ဖိုင်ကိုလှန်ကာ ရှောက်လဲ့ဘေးမှ အလုပ်သင်ကျောင်းသားကို လှမ်းပြောလိုက်သည် " ရှောင်ဝမ် အခြေအနေအကြောင်း အကြမ်းဖျင်းပြောပြပေးပါ…"

ရှောင်ဝမ် သိသိသာသာပင် ပြင်ဆင်လာပြီးသည့်တိုင် အနည်းငယ်စိတ်လှုပ်ရှားနေမိသော်လည်း စကားပြောလိုက်သည်နှင့် သူ၏စကားများမှာ ထိထိမိမိရှိနေကာ လုပ်ဆောင်ရန်လိုချက်သောအချက်မှန်သမျှ ပါဝင်အောင်ပြောနိုင်ခဲ့သည်။

ကျန်းရွှိထံမှ အင်း ဟူသည့်အသံထွက်လာမှသာ ရှောင်ဝမ်သက်ပြင်းတစ်ချက်ချနိုင်လိုက်သည်။

သူစောင့်ဆိုင်းရမည့်စာရင်းများနှင့် ဆေးကုသမှုအတွက်အစီအရင်ခံချက်များကို ဖိုင်ဖြင့် ရွမ်ရှုဖန်း၏ရှေ့တွင် တစ်ခုချင်းစီချထားပေးလိုက်ကာ မားဟောင် ၎င်းတို့ကို ကြည့်နေသည်အား မြင်လိုက်ရသည်နှင့် ရှင်းရှင်းလင်းလင်းပိုမြင်နိုင်စေရန် စာရွက်များကို အနည်းငယ်တွန်းရွှေ့ပေးလိုက်သည်။

ထို့နောက် အခြေအနေကိုရှင်းပြနေစဉ်အတွင်း သူတို့နှစ်ဦးကို သက်တောင့်သက်သာဖြစ်စေရန် ပြောဆိုနေလိုက်သည်။ မားဟောင်နှင့်ရွမ်ရှုဖန်းတို့ နှစ်ဦးစလုံး သတင်းများအပေါ်သူတို့ခံစားချက်များ အနည်းငယ်လျော့ကျသွားကာ သေသေချာချာနားထောင်နေကြသည်။ ထို့ကြောင့် အဓိပ္ပါယ်နားလည်ရခက်သောဆေးဘက်ဆိုင်ရာအသုံးအနှုန်းအချို့ကို ရွမ်ရှုဖန်းတို့နားလည်နိုင်မည့်စကားလုံးများဖြင့် အစားထိုးပေးလိုက်လေသည်။

" ဒေါက်တာ ကျွန်မတကယ်အသက်ရှည်ရှည်နေနိုင်မှာပေါ့.." သူမအစ်မချိုက်၏အာမခံချက်နှင့်မားဟောင်တစ်ခေါက်ထပ်မံ၍ပြောသည်ကို ကြားပြီးသည့်တိုင် သေရေးရှင်ရေးနှင့်ကြုံလာရချိန်တွင် မနေနိုင်ဘဲ ကုတ်အင်္ကျီအဖြူရောင်နှင့်ကျန်းရွှိကိုကြည့်ကာ တစ်ခါထပ်၍အတည်ပြုမိသည်။

ကျန်းရွှိမှ " ဆေးဘက်ဆိုင်ရာအရ လုံးဝသေချာပေါက်ကြီးတော့မဟုတ်ဘူး ဒါပေမဲ့ စာရင်းဇယားတွေအရဆိုရင်တော့ အစောပိုင်းသားအိမ်ကင်ဆာကို ကုသဖို့က အရမ်းမဆိုးဝါးပါဘူး.."

အခြေခံအားဖြင့် ရှင်းပြလိုက်ပြီးနောက် စကားကို ဖြတ်ကာ တိုက်ရိုက်ပင်ပြောလိုက်သည် " ကျွန်တော်ဒီနေ့ခေါ်လိုက်တာရဲ့ အဓိကအကြောင်းက ခွဲစိတ်မှုလုပ်ငန်းစဉ်အတွက် ရွေးချယ်ကြဖို့ပါ…"

ရွမ်ရှုဖန်း၏အခြေအနေမျိုးတွင် ရွေးချယ်စရာနှစ်ခုရှိပြီး သားအိမ်မှအသားစကိုသာ ဖြတ်ထုတ်ခြင်းနှင့် သားအိမ်တစ်ခုလုံးထုတ်ပစ်ခြင်းဟူ၍ဖြစ်သည်။ အမည်အရပင် တစ်ခုမှသားအိမ်မှအစိတ်အပိုင်းကိုသာ ဖြတ်ထုတ်ပြီး တစ်ခုမှာမူ အရာအားလုံးကို ဖယ်ထုတ်ပစ်ခြင်းဖြစ်သည်။

ရွမ်ရှုဖန်းတွင် ကလေးတစ်ဦးရှိ‌ပြီဖြစ်ပြီး ထပ်မံ၍ကလေးယူလိုစိတ်မရှိသည်ကို ကျန်းရွှိအတည်ပြုလိုက်ပြီးနောက် " ‌ဒီလိုအခြေအနေမှာဆို ပုံမှန်ကတော့ ကျွန်တော်တို့ ပိုကောင်းဖို့အတွက် သားအိမ်တစ်ခုလုံးထုတ်ပစ်ဖို့ကို တိုက်တွန်းလေ့ရှိကြတယ်…စာရင်းဇယားတွေအရ ပြန်ဖြစ်လာဖို့အတွက် အခွင့်အလမ်းနည်းသွားတာပေါ့…"

" အကုန်ထုတ်ပစ်မှာလား…" ရွမ်ရှုဖန်း တုန့်ဆိုင်းနေခဲ့သည် " ဒါဆိုရင် ကျွန်မမှာသားအိမ်မရှိတော့ဘူးပေါ့…"

" သားအိမ်ရဲ့အဓိကလုပ်ငန်းဆောင်တာက သန္ဓသေားဖြစ်တည်ဖို့အတွက်ပါပဲ…စိတ်မပူပါနဲ့ မစ်ရွမ်ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာကို မသက်ရောက်စေပါဘူး.." ရှောင်လဲ့မှဝင်ပြောလိုက်သည်။

ရွမ်ရှုဖန်း ရှောက်လဲ့ကိုကြည့်ကာ " ဒါပေမယ့် ဒေါက်တာကျန်း.. ဒေါက်တာကျန်းပြောတာက အသားစဖယ်ထုတ်တယ်ဆိုတာ သားအိမ်ရဲ့အစိတ်အပိုင်းလေးပဲ ဖယ်လိုက်မှာဆို…" သူမအနည်းငယ်ရှုပ်ထွေးနေခဲ့သည်။

ကျန်းရွှိမှ " အခုမခွဲစိတ်ခင် ဆေးစစ်ချက်အဖြေတွေအရဆိုရင်တော့ မစ်ရွမ်ရဲ့အခြေအနေက အသားစဖယ်ထုတ်လိုက်တာနဲ့ရပါတယ်…နောက်ပိုင်းအတွက် အန္တရာယ်တော့ကြီးတာပေါ့…"

ပြတ်ပြတ်သားသားပြောရမည်ဆိုပါက ကင်ဆာအကျိတ်မှာ မြင်နေရသည့်နေရာအတွင်း တစ်ကြိမ်ဖြတ်ထုတ်လိုက်လျှင်ရသော်လည်း မမြင်ရသည့်နေရာများမှ တစ်ဖန်ပြန်၍ဖြစ်တည်နိုင်သည်။

သားအိမ်ကဲ့သို့သော ကိုယ်တွင်းအင်္ဂါမျိုးမှာ အသက်ရှင်ရန်အတွက် အရေးပါသောအရာဟုမှတ်ယူ၍ရသောကြောင့် လုံးဝဖယ်ထုတ်ပစ်ခြင်းမှာ လုံခြုံစိတ်အချရဆုံးဖြစ်သည်။ ထို့ကြောင့်ပင် သားအိမ်ကင်ဆာကို ကုသနိုင်မှုမှာ အခြားသောအရေးကြီးအင်္ဂါအစိတ်အပိုင်းများ၏ကင်ဆာထက် ပို၍ကောင်းမွန်နေခြင်းဖြစ်သည်။

ရွမ်ရှုဖန်း သူ၏စကားများကြောင့် တိတ်ဆိတ်မှုတွင်းသို့ ကျဆင်းသွားရကာ ကျန်းရွှိ၏စကားကို နားလည်ဟန်ဖြင့် မေးခွန်းထပ်မေးခြင်းမရှိတော့ပေ။

" လောလောဆယ်စီစဉ်ထားတာကတော့ အစွန်းဖက်တွေကို အရင်ဆုံးဖြတ်တောက်ပြီး‌ရင် လေဆာကုထုံးနဲ့ကီမိုကုထုံးရဲ့အဆင့်သုံးဆင့်ရှိလိမ့်မယ်…ပထမအဆင့်ကတော့ ကျွန်တော်တို့ဌာနမှာပဲ လုပ်လို့ရပေမယ့် ဒါပြီးရင်တော့ ရှောက်လဲ့က ကင်ဆာဌာနကို လွှဲပြောင်းပေးဖို့အတွက် ကူညီပေးပါလိမ့်မယ်…"

ကျန်းရွှိ မေးလိုက်သည် " ထပ်မေးစရာကျန်သေးလား…"

" ဒေါက်တာ…" ရွမ်ရှုဖန်း အချိန်အတန်ကြာမှ ရေရွတ်လာသည် " ကျွန်မသားအိမ်ကိုချန်ထားချင်နေသေးတယ်…"

ကျန်းရွှိ သူမကိုကြည့်လိုက်ပြီး စာရွက်ပေါ်တွင်ရေးသားနေသော ဖောင်တိန်ဘောပင်ကို ချကာ စာရွက်ကို ရွမ်ရှုဖန်းထံလွှဲပြောင်းပေးလိုက်ပြီး " အသားစဖယ်ထုတ်ခြင်းက လေဆာကုထုံးနဲ့ အဆင့်သုံးဆင့်လုပ်ရလိမ့်မယ်…ဖယ်ထုတ်ထားတဲ့အသားစကို စစ်ဆေးခန်းပို့ပြီး ခွဲခြမ်းစိတ်ဖြာမှုလုပ်ရမယ်…တကယ်လို့ အဲဒီအစမှာ ကင်ဆာလက္ခဏာကျန်သေးရင်တော့ ကင်ဆာအကျိတ်တွေကျန်သေးတယ်လို့ ဆိုလိုတဲ့အတွက် နောက်ထပ်ဖြတ်ထုတ်ဖို့လိုလာလိမ့်မယ်…"

ကင်ဆာလက္ခဏာပြနေတဲ့အသားစကို ပြန့်ပွားနေသည့်ကင်ဆာဟု သတ်မှတ်နိုင်ပြီး ရွမ်ရှုဖန်း၏အဆင့်အရ ပြန်လည်အဖြေရှာခြင်းနှင့်ဆုံးဖြတ်ချက်ချခြင်းတို့ လိုအပ်ပေမည်။ အကယ်၍သာ ကိစ္စများမှာ ခန့်မှန်းထားသည့်အတိုင်းဖြစ်မလာပါက ဖြစ်နိုင်သည်မှာ အကျိတ်များကို ထပ်၍ဖြတ်ပစ်ရမည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် သားအိမ်တစ်ခုလုံး ဖယ်ထုတ်ပစ်ရလိမ့်မည်။

ရွမ်ရှုဖန်း ခေါင်းကိုယမ်းကာ " ဒေါက်တာ…" သူမအနည်းငယ်တုန့်ဆိုင်းနေပြီး " သားအိမ်မရှိတော့ရင် ကျွန်မ မိန်းမတစ်ယောက်မဟုတ်နိုင်တော့ဘူး…"

ကျန်းရွှိ၏မျက်တောင်များတုန်ယင်သွားခဲ့သည်။

ဤတစ်ကြိမ်မှာတော့ ကျန်းရွှိပြောလာသည်ကိုပင် မစောင့်ဘဲ မားဟောင်မှ ဦးစွာပြောလာခဲ့သည် " အိုက်ယား မိန်းမကလည်းကွာ အသက်ကသာ အရေးကြီးဆုံးလေ … အသက်မရှိတော့ရင် သားအိမ်ရှိတော့ကော ဘာလုပ်လို့ရမှာလဲ… ဘယ်သူကများ မင်းကိုမိန်းမမဟုတ်တော့ဘူးလို့ ပြောရဲလဲ ငါသွားပြီး ရိုက်သတ်လိုက်မယ်…"

ကျန်းရွှိ ဘောပင်ကိုချကာ ရွမ်ရှုဖန်းကို ကြည့်နေခဲ့သည်။

" သားဥအိမ်ထဲက အီစထရိုဂျင်က ခင်ဗျားရဲ့ ဒုတိယလိင်ပိုင်းဆိုင်ရာ လက္ခဏာပဲ…ခွဲစိတ်မှုအတွင်း အဆင်ပြေမယ်ဆိုရင် ကျွန်တော်တို့ ခင်ဗျားရဲ့သားဥအိမ်ကိုချန်ထားပေးဖို့ တတ်နိုင်သမျှ ကြိုးစားပါ့မယ်…"

" မတူဘူး ဒေါက်တာ…" ရွမ်ရှုဖန်း ခါးသီးစွာပြောလိုက်သည်။ " ကျွန်မနေရတာ မသက်သာလို့ပါ…ကျွန်မအသက်ရှင်ဖို့အတွက် ဖယ်ထုတ်ရမယ်ဆိုရင်တော့ လုပ်ပါမယ်…အခုက တခြားရွေးချယ်လို့ရတာရှိနေတော့ လိုလိုလားလားနဲ့ အန္တရာယ်ကိုပဲယူပါ့မယ်…ကျွန်မက ဒီခွဲစိတ်မှုကိုလုပ်တဲ့ ပထမဆုံးသူမှမဟုတ်တာ…ဘယ်လိုလုပ်ပြီး ပြန်ဖြစ်ရလောက်အောင် ကံဆိုးမှာလဲနော် ဟုတ်တယ်မလား…"

ကျန်းရွှိ ခေါင်းညိတ်ပြလိုက်ပြီးနောက် ထပ်မံ၍ မခွဲစိတ်မီ ကြိုတင်သတိထားရမည်များနှင့် ခွဲစိတ်မှုနှစ်မျိုး၏ ကောင်းကျိုးဆိုးကျိုးများကို ထပ်မံ၍ရှင်းပြလိုက်သည် " ပြန်သွားပြီး ဆွေးနွေးကြပါ.. မနက်ဖြန်မနက် လူနာလာကြည့်တဲ့အခါကြရင်တော့ ဆုံးဖြတ်ကြတာပေါ့…"

သူ ဖိုင်ကိုပိတ်၍ ဘောပင်ကို အိတ်ကပ်ထဲပြန်ထည့်ကာ ဆွေးနွေးခန်းထဲမှ ထွက်လာလိုက်သည်။

ရှောင်ဝမ်မှာမူ ရှောက်လဲ့၏နောက်မှလိုက်လာကာ သူဤဆေးရုံသို့ရောက်သည်မှာ အချိန်ကြာပြီမဟုတ်သည့်အပြင် ကျန်းရွှိ စည်းကမ်းတင်းကြပ်ပုံကိုလည်း သိနေသောကြောင့် တိုက်ရိုက်မမေးရဲဘဲ အသံကိုနိမ့်၍ ရှောက်လဲ့ကိုသာ မေးလိုက်သည်။ " အစ်မရှောက်လဲ့ ဒေါက်တာကျန်းက ဒီအတိုင်းထွက်သွားတော့မှာလား … သူတို့ကို နားမချတော့ဘူးလား…"

ရှောက်လဲ့ ခေါင်းယမ်းလိုက်ကာ သူမဤနေရာသို့ ပထမဆုံးရောက်လာစဉ်အခါက ထိုကဲ့သို့သံသယမျိုးရှိဖူးသည်ကို မှတ်မိခဲ့သည်။ သို့သော်လည်း ကျန်းရွှိမှ သူမကအား မည်သို့ပြောသင့်ကြောင်းကို ပြောပြခဲ့သည်။ သားအိမ်ကဲ့သို့ပင် ၎င်းကိုအရေးပါရုံမျှသာဟုတွေးနိုင်သော်လည်း တချို့သောလူများ၏စိတ်ထဲတွင်မူ ၎င်းမှာ အလွန်အရေးကြီးသောအရာဖြစ်နေတတ်သည်။ လူတိုင်း၏လိုအပ်မှုမှာ ကွာခြားတတ်သည်ဖြစ်ရာ ဆရာဝန်များအနေဖြင့် လူနာများကို အပြစ်မတင်သင့်ဘဲ သူတို့လိုအပ်သည်ကိုသာ ဦးစားပေးလုပ်ဆောင်သင့်သည်။

အထူးသဖြင့် ကင်ဆာကဲ့သို့ စိတ်ပိုင်းဆိုင်ရာနှင့်ဆက်နွယ်နေသည့်ရောဂါမျိုးတွင် လူနာမှာ ခွဲစိတ်မှုနှင့်ပတ်သက်၍ ရွမ်ရှုဖန်းကဲ့သို့ အပြင်းအထန်ခုခံနေပါက သူမ၏လုံခြုံမှုအတွက် သူတို့တစ်ဖက်သက်ဆုံးဖြတ်ချက်ချလိုက်မည်ဆိုလျှင်ပင် စိတ်ဓာတ်ပြိုလဲမှုကြောင့် ရောဂါပြန်လည်ဖြစ်ပွားနိုင်သည်။

ကျန်းရွှိထံသို့ လိင်အင်္ဂါကြွက်နို့ဖြစ်နေသည့် လူနာအိုကြီးတစ်ယောက်ရောက်ခဲ့ဖူးသည်ကို သူမမှတ်မိနေသေးသည်။ ထိုအမျိုးသမီးမှာ အလွန်အိုမင်းနေပြီဖြစ်ရာ သဘာဝကျစွာပင် အမာရွတ်ကျန်မည်ကို ဂရုမစိုက်လောက်ပေဟု လူတိုင်းကထင်ခဲ့ကြသော်လည်း ကျန်းရွှိမှ သူမကို အနာဂတ်တွင် လိင်ဆက်ဆံခြင်းမျိုးရှိဦးမည်လားဟု မေးမြန်းခဲ့သည်။ အံ့ဩစရာပင် ဆံပင်ဖြူဖွေးနေသည့် လူနာအမျိုးသမီးအိုကြီးမှာ ခေါင်းညိတ်ပြလာသောကြောင့် ခွဲစိတ်မှုအဖွဲ့မှာ လုပ်ငန်းစဉ်များကို အရေးပေါ်ပြောင်းလဲပေးခဲ့ရလေသည်။

လူအများစုမှာ သူတို့၏ကိုယ်ပိုင်ခံစားချက်ဖြင့် သို့မဟုတ် အများစုအမြင်ကြောင့် အခြားသူများအပေါ် ဆုံးဖြတ်တတ်ကြသော်လည်း ထောင်နှင့်ချီသော စိတ်အခြေအနေများစွာရှိလေရာ ဆရာဝန်အနေဖြင့် လူနာ၏လိုအပ်မှုကိုသာ ဦးစားပေးစဉ်းစားရမည်ဖြစ်သည်။

စဉ်းစဉ်းစားစားဖြင့် ခေါင်းညိတ်နေသော ရှောင်ဝမ်ကို ယခင်ကအကြောင်းများကို ပြောပြရင်းဖြင့် ရှောက်လဲ့ ကျန်းရွှိ၏သွယ်လျသောနောက်ကျောကို ကြည့်နေမိသည်။

ကျန်းရွှိ၏စိတ်ထဲတွင် ရွမ်ရှုဖန်း၏စကားများသာ ကြီးစိုးနေရာ ရှားရှားပါးပါးအာရုံလွင့်နေပြီး ရှောက်လဲ့တို့ဆွေး‌နွေးနေသည်ကို မကြားခဲ့ချေ။ သူ၏အလုပ်ခန်းသို့ပြန်သွားကာ ဖိုင်ကိုချ၍ ရေအနည်းငယ်သောက်လိုက်လေသည်။ ရေခွက်ကိုချထားသည်မှာ အချိန်အနည်းငယ်ကြာပြီဖြစ်သောကြောင့် အေးစက်နေရာ ကျန်းရွှိရေနွေးအနည်းငယ်လောင်းထည့်လိုက်ပြီး တစ်ငုံနှစ်ငုံမျှသောက်ကာ အထူးသဖြင့် ပင်ပန်းနေသည်ဟုခံစားလိုက်ရသည်။

ကိုယ်ဝန်မှာ သုံးလသာရှိသေးသော်လည်း အမြဲလိုလွယ်ထားရန်မှာမူ လေးလံလှသည်။ ကျန်းရွှိ သူ၏နာကျင်နေသောနောက်ကျောကို ပွတ်လိုက်ပြီး ခဏမျှ ထိုင်နေမိခဲ့ကာ သူ၏အကြည့်များမှာမူ လွင့်ပျံနေခဲ့သည်။ အားအင်အတောအသင့်မျှ ပြန်လည်ရရှိပြီးနောက် ကားပါကင်သို့ ထွက်သွားလိုက်လေသည်။

အိမ်သို့ပြန်ရောက်ချိန်တွင် မသိစိတ်ကြောင့် သော့ကို နှစ်ခါမျှ လှည့်ဖွင့်မိလိုက်သော်လည်း အံ့ဩစရာကောင်းစွာပင် တစ်ခါတည်းနှင့် တံခါးမှာပွင့်လာခဲ့သည်။ ဧည့်ခန်းမှ အလင်းရောင်ကို မြင်လိုက်ရပြီးနောက် ကျန်းရွှိ ဤနေရာတွင် အခြားသူတစ်ဦးနှင့်အတူနေထိုင်ကြောင်းကို အမှတ်ရသွားခဲ့သည်။

ထိုအရာမှာ ပုံပြင်ဆန်နေပြီး အနည်းငယ်ထူးဆန်းလှသည်။

သူနောက်ဆုံးအကြိမ် အလင်းရောင်ရှိနေပြီးသောအိမ်ကို သော့ဖွင့်ခဲ့ရသည်မှာ အချိန်အ‌ တော်ကြာကပင်ဖြစ်သည်။