အပိုင်း ၃၄
Viewers 11k

Chapter 34



ရှန့်ဖန်းယွိမှာမူ ဗီဒီယိုကောဖြင့် အစည်းအဝေးလုပ်နေခဲ့သည်။ ကျန်းရွှိ ပြန်လာသည်ကို မြင်လိုက်ရပြီးနောက် နားကြပ်တစ်ဖက်ကို ချွတ်လိုက်သော်လည်း မည်သည့်စကားမှ ပြောမလာသည်နှင့် ပြန်တပ်လိုက်ကာ သူ၏မျက်လုံးများမှာ ကွန်ပြူတာမျက်နှာပြင်ပေါ်သို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

ရှန့်ဖန်းယွိ အလုပ်လုပ်နေချိန်အတွင်း အလွန်အာရုံစူးစိုက်ထားတာ မကြာခဏဆိုသလို စကားအနည်းငယ်မျှသာ ပြောတတ်သည်။ ကျန်းရွှိနားထောင်ကြည့်လိုက်ချိန်တွင် ရှန့်ဖန်းယွိမှာ ကျောင်းသားတစ်ဦးကို စာသင်ပေးနေသည်အား သဘောပေါက်သွားရသည်။

၎င်းမှာ ရှန့်ဖန်းယွိ၏ပုံမှန်အခြေအနေဖြစ်ပြီး ဤနေ့ရက်များအတွင် ထိုသူမှာနောက်နောက်ပြောင်ပြောင်နေတတ်ခြင်းကြောင်းသာ ကျန်းရွှိ သူ့ကို ယခုလိုမြင်လိုက်ရချိန်တွင် အနည်းငယ်ထူးဆန်းသလို ခံစားနေရသည်။

သူ၏မတည်ငြိမ်သောခံစားချက်များကို ဘေးချကာ အိတ်ကိုချထားလိုက်ပြီး အိမ်တွင်းစီးဖိနပ်များလဲလှယ်၍ ရေချိုးရန်ရေချိုးခန်းသို့ ဝင်သွားလိုက်သည်။

ရေနွေးနွေးလေးမှ သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာချိန်တွင် နို့နှစ်ရောင်ရေငွေ့များမှာ ကျန်းရွှိ၏အမြင်ကို ဝေဝါးအောင်လုပ်ဆောင်နေခဲ့သည်။

တစ်နေ့တာလုံး၏ခွဲစိတ်မှုများ၊သွေးများ၊ကလေးနှင့် စီမံခန့်ခွဲရေးဌာနမှ လက်မှတ်၊ ပြန်နွှေးထားသည့်အေးစက်နေသောစွပ်ပြုတ်၊ မားဟောင်နှင့်ရွမ်ရှုဖန်းတို့၏မျက်နှာတို့အပြင် နားကြပ်ကိုချွတ်လိုက်စဉ်က ရှန့်ဖန်းယွိ၏အကြည့်…

မျိုးစုံသောပုံရိပ်များမှာ ကျန်းရွှိ၏မျက်လုံးထဲတွင် တစ်ခုပြီးတစ်ခုပေါ်လာကာ ဝိုးတဝါးနှင့်ထူးဆန်းနေခဲ့သည်။

အချို့သောအကြောင်းပြချက်များကြောင့် ရုတ်တရက်သူပင်ပန်းလာသလို ခံစားလိုက်ရသည်။

ဆံပင်အခြောက်ခံနေစဉ် မှန်ရှေ့တွင်ရပ်ကာ သူ၏လက်တစ်ဖက်မှ မှန်၏ရေငွေ့များကိုသုတ်လိုက်ပြီး မှန်ပေါ်မှပုံရိပ်ကို ထုတ်ဖော်လိုက်သည်။

သူ၏ပုံပန်းသွင်ပြင်လို လုံးလုံးလျားလျားသတိမပြုမိသေးသော်လည်း ကိုယ်အလေးချိန်အနည်းငယ်ကျဆင်းသွားသည်ကို သတိပြုမိခဲ့ပြီး သူ၏ပါးပြင်မှာ ထင်ရှားသောမေးရိုးဖြင့် ယခင်ထက်ပို၍ သိသိသာသာ ချွန်မြလာခဲ့သည်။

ထူးဆန်းသောတိုက်ဆိုင်မှာအချို့ကြောင့် ကျန်းရွှိ သူ၏ခန္ဓာကိုယ်အပေါ်ပိုင်းကို မြင်ရသည်အထိ မှန်ကို သုတ်နေမိခဲ့သည်။

တစ်စုံတစ်ခုကို မြင်လိုက်ရသောကြောင့် သူ၏လက်မှာ လျော့ကျသွားပြီး အခြောက်ခံစက်မှာ လက်ထဲမှ လွတ်ကျသွားကာ ပလပ်မှာ လျှပ်စီးလိုက်သံများဖြင့် ပလပ်ပေါက်မှလွတ်ထွက်သွားခဲ့လေသည်။

ရေချိုးခန်းတွင် အခြောက်ခံစက်လွတ်ကျမှုကြောင့် ဆူညံသွားပြီး နောက်ခဏအကြာတွင် တိတ်ဆိတ်‌သွားလေရာ ဧည့်ခန်းထဲမှ အသံထွက်ပေါ်လာခဲ့သည်။ " ဘာပြုတ်ကျသွားတာလဲ…"

ကျန်းရွှိ ၎င်းကိုလျစ်လျူရှုလိုက်ပြီး သူ၏တစ်ဝက်မျှသာခြောက်သေးသည့် ဆံပင်များမှာ ‌အဖျားတွင် ရေတစက်စက်ကျနေခဲ့သည်။

သူ၏မျက်လုံးကို အောက်သို့ငုံ့လိုက်ချိန်တွင် ရေစိုနေသည့်မျက်တောင်များမှာ ပုံမှန်ထက်ပို၍ ထူထဲနေကာ မှင်ကဲ့သို့နက်မှောင်နေခဲ့သည်။ ကျန်းရွှိ၏အကြည့်မှာ မှန်ပေါ်မှသူ၏ခန္ဓာကိုယ်အပေါ်ပိုင်းသို့ရောက်ရှိသွားပြီး နားလည်ရခက်နေသည့် အကြည့်မျိုးဖြစ်နေခဲ့သည်။

သူ၏ဝမ်းဗိုက်တွင် သုံးလကိုယ်ဝန်ကြောင့် အနည်းငယ်ပုံရိပ်ပေါ်နေခဲ့ပြီး အဝတ်အစားများဝတ်ထားချိန်တွင် မသိသာသော်လည်း ယခုကဲ့သို့ အဝတ်မပါသည့်အချိန်တွင်မူ ထင်ထင်ရှားရှားမြင်နေရသည်။

ရွမ်ရှုဖန်း၏စကားများမှာ သူ၏စိတ်ထဲတွင် ပဲ့တင်ရိုက်နေကာ သူမ၏သက်ပြင်းချသံမှာ သူ၏နားထဲသို့ ဝင်လာခဲ့သည်။

" သားအိမ်မရှိဘူးဆိုရင် ကျွန်မက မိန်းမတစ်ယောက်မဟုတ်တော့ဘူး…"

သားအိမ်ရှိတာက ဘယ်လိုမျိုးလဲ…

ကျန်းရွှိ မှန်ထဲသို့ကြည့်နေမိသည်။

" ငါကဘာလဲ…" ကိုယ်ဝန်စရှိစဉ်ကတည်းက ပထမဦးဆုံးအကြိမ်အဖြစ် ကျန်းရွှိ သူ့ကိုယ်သူ မေးခွန်းထုတ်မိလိုက်သည်။

ထိုသို့ အတွေးမျိုး ယခင်ကမတွေးခဲ့ဖူးသည် မဟုတ်ဘဲ သူတွေးမိလိုက်သည်နှင့် မေ့ဖျောက်လိုက်ခြင်းသာဖြစ်ပြီး တစ်စက္ကန့်မျှပင် မတွေးရဲခဲ့ပေ။ သူ၏ပြောင်းလဲနေသောဝမ်းဗိုက်ကိုပင် ကျန်းရွှိ ရဲရဲမကြည့်ရဲခဲ့ချေ။

သို့သော်လည်း ယခုအချိန်၌ သူအလွန်ပင်ပန်း‌နေခြင်း သို့မဟုတ် ရွမ်ရှုဖန်း၏စကားများမှာ သူ၏နှလုံးသားကို တိတ်တဆိတ်ဖြတ်တောက်ခဲ့ခြင်းကြောင့် ဖြစ်နိုင်ပေမည်။ သူအချိန်အတော်ကြာ ဖိနှိပ်ထားခဲ့သောခံစားချက်များ ပေါ်လာကာ အဆုံး၌ သူ့ကိုယ်သူ မေးခွန်းထုတ်မိသွားသည်။

သူကဘာလဲ…

ကျန်းရွှိ သူ့ကိုယ်သူမှန်ထဲတွင်ကြည့်ကာ အဖြေကို မဖြေရဲခဲ့ပေ။

မှန်ထဲမှ ပုံရိပ်၏တိတ်ဆိတ်နေခြင်းနှင့်အတူ အချို့သောအတွေးများမှာ သူ၏စိတ်ထဲတွင် ပွင့်ထွက်လာခဲ့သည်။

အကယ်၍ ရှန့်ဖန်းယွိသာ ဤနေရာတွင်ရှိနေပါက သူ၏ဖိအားကိုမခံနိုင်ဘဲ ယုတ်မာသောအပြုံးဖြင့် မှန်ကိုဖျက်စီးလိုက်ခြင်းကို စနောက်နေပေလိမ့်မည်။

ကျန်းရွှိ ယခုပင် လုပ်မိခဲ့သည်။

ခွမ်းခနဲအသံနှင့်အတူ သူ၏ရှေ့မှမှန်မှာ နှစ်ခြမ်းကွဲသွားပြီး တစ်ခြမ်းမှာ မြေပြင်ပေါ်သို့ကျဆင်းသွားကာ တစ်ခြမ်းမှာ နေရာတွင်ပင် အစိတ်စိတ်အမြွှာမြွှာ အက်ကွဲနေခဲ့သည်။

ကျန်းရွှိ သူ၏သွေးထွက်နေသောလက်ကိုကြည့်ကာ ကွဲအက်နေသောမှန်ထဲမှ သူ၏ပုံရိပ်ကို ကြည့်နေမိသည်။

နက်ရှိုင်းသောတိတ်ဆိတ်မှုအပြီးတွင် ကျန်းရွှိ အလျင်စလိုပြေးလာနေသော ခြေသံများကို ကြားလိုက်ရလေသည်။

သူ၏နှလုံးခုန်သံနောက်ကို လိုက်လာခဲ့သလိုပင် ခြေသံမှာ အနီးသို့တိုးလာသည်နှင့် တစ်လှမ်းစီ တစ်လှမ်းစီ ပို၍ရှင်းရှင်းလင်းလင်းကြားလာခဲ့ရသည်။



"ကျန်းရွှိ မင်း အိမ်ကိုဖျက်ဆီးနေတာလား"
ရင်းနှီးနေသောအသံတစ်ခုက တံခါးအပြင်ဘက်မှထွက်ပေါ်လာ၏။ ရှန့်ဖန်းယွိက လက်တစ်ဖက်မှ ကွန်ပျူတာကိုကိုင်ထားရင်း တခြားတစ်ဖက်ဖြင့် ရေချိုးခန်းတံခါးကို ခေါက်လိုက်သည်။ "ဘာဖြစ်နေတာလဲ"

ကျန်းရွှိ၏ မျက်တောင်များက လှုပ်ခတ်သွားသည့်တိုင် သူဘာမှပြန်မဖြေလိုက်ပေ။

"ကျန်းရွှိ မင်းစိတ်အခြေအနေမကောင်းဘူးလား" ရှန့်ဖန်းယွိက ပိတ်ထားသည့် ရေချိုးခန်းတံခါးကိုကြည့်လိုက်၏။

ထိုစကားကို သူအတိတ်မှာတုန်းကသာ ပြောမိမည်ဆိုပါက ကျန်းရွှိ သေချာပေါက်ပြန်ပြောလာမည်က "မင်းကသာ အဆောက်အအုံဖျက်စီးနေတဲ့အရူး"ဟူ၍ပင်။ သို့သော် ယနေ့တွင်ကျန်းရွှိက ဘာမှပြန်ပြောမလာ၍ ရှန့်ဖန်းယွိ အနည်းငယ်စိုးရိမ်သွားရသည်။

"မင်းပြန်မဖြေဘူးပေါ့" သူကသော့ခတ်ထားသည့်တံခါးကိုတွန်းရင်း အထဲကလူကိုပြောလာပါ၏။
"မင်းကို ရွေးချယ်စရာနှစ်ခုပေးမယ်။ တံခါးကို မင်းဘာသာဖွင့်ပေးမလား။ တံခါးပွင့်လာအောင် ငါကန်လိုက်ရမလား။ ငါမနက်ဖြန်ကျရင် သော့ပြင်တဲ့ဆီကိုသွားပြီး ပြင်လိုက်ရုံပဲ"

"ပါးစပ်ပိတ်ထား"
ကျန်းရွှိ၏အသံက အတော်လေး တိုးလှသည်။ ထိုအသံက တံခါးပေါက်ကိုဖြတ်ကာ တိုးညှင်းစွာထွက်လာစေကာမူ ထိုစကားသံထဲမှ တုန်ခါမှုကိုသူချက်ချင်းကြားလိုက်ရသည်။

ရှန့်ဖန်းယွိ၏ အမူအရာကပြောင်းလဲသွား၏။ သူက သူ့နားကြပ်ကို ပြန်တပ်လိုက်ပြီး microphoneကိုဖွင့်ကာ သူနှင့်meetingလုပ်နေသော ကျောင်းသားအုပ်စုကို ရှင်းပြလိုက်သည်။
"ဆောရီးပါ ဆရာ့မှာ အခု ကိုယ်ရေးကိုယ်တာကိစ္စလေးတွေနည်းနည်းရှိနေလို့ ။ မပြောရသေးတဲ့ ကျောင်းသားနှစ်ယောက်က ဆရာ့ရဲ့mailထဲကို PPTပို့ထားလိုက်ပါ။ နောက်မှ မင်းတို့ကို appointmentပေးပါ့မယ်"

ထို့နောက် သူ meetingကိုရပ်လိုက်ပြီး ကွန်ပျူတာအား ပြန်ထားလိုက်သည်။ သူက အင်္ကျီလက်ကို မြှောက်တင်လိုက်ပြီး ရေချိုးခန်းတံခါးဆီသို့သွားကာ တံခါးအားတိုက်ရိုက်ပင် ကန်ထည့်လိုက်လေသည်။ "ကလစ်"ဟူသော အသံနှင့်အတူ တံခါးသော့မှာပျက်သွားပြီး ကြိုးပျက်သွားသောစွန်ကဲ့သို့ ရေချိုးခန်းတံခါးမှာလည်း ပွင့်လာတော့၏။

ရှန့်ဖန်းယွိက စိတ်မသက်မသာဖြင့်ပင် အထဲသို့လှမ်းကြည့်လာ၏။ရေချိုးကန်နှင့်ကြမ်းပြင်ပေါ်တွင် မှန်ကွဲစများဖြင့်ပျံ့နှံ့နေပြီး ပါးလွှာသော ရေငွေ့တွေက အလုံးစုံမပျောက်ကွယ်သေးဘဲ ရေချိုးခန်းထဲတွင်ကျန်ရှိနေဆဲပင်ဖြစ်သည်။ ကျန်းရွှိက ကွဲအက်နေသော မှန်ရှေ့တွင် အင်္ကျီမပါဘဲ မတ်တပ်ရပ်နေခဲ့၏။

မကြာသေးခင်ကမှ လျှော်ထားခဲ့တဲ့ သူ့ရဲ့ခေါင်းဟာ ရေစက်ကလေးတွေကျန်ရှိနေဆဲပင်ဖြစ်ပြီးထိုပုံစံကြောင့် သူ့ဆံပင်သည် ပိုပြီးနက်မှောင်နေပုံထင်ရသည်။ အေးစက်ပြီး ဖြူဖွေးနေတဲ့ အသားအရေမှာလည်း ရေခိုးရေငွေ့တွေလွှမ်းခြုံခံထားရပြီး အပြာရောင်သွေးကြောမှိန်မှိန်လေးများကိုပင် မြင်နေရ၏။

ထိုလူက ကျယ်ပြန့်သည့်ပုခုံးတွေ၊သေးသွယ်သည့်ခါးနှင့် အတော်လေးကြည့်ကောင်းသော ပုံပန်းသဏ္ဍာန်ရှိသည်။ သူ့ရဲ့ရင်ဘက်တွင် အနီရောင်တောက်နေသော မှည့်လေးတစ်လုံးရှိပြီး ...ဝမ်းဗိုက်မှာတော့ ကောက်ကြောင်းနဲ့အတူအနည်းငယ် စူဖြိုးစပြုနေသည်။

ထိုအရာက ကျန်းရွှိ၏ ခန္ဓာကိုယ်ပေါ်တွင် ဖြစ်ပေါ်မလာသင့်သော်လည်း ပေါ်လာသောအခါတွင်တော့ ဆန်းကြယ်ပြီး မဖော်ပြနိုင်လောက်အောင် သဟဇာတဖြစ်နေကာ ရှန့်ဖန်းယွိကို ရှင်းမပြတတ်အောင်အထိ အာရုံပျံ့လွင့်သွားစေသည်။ ရှန့်ဖန်းယွိသည် ရုတ်တရက် ခေါင်းကိုလှည့်ကာ ကြမ်းပြင်သို့ အကြည့်လွှဲလိုက်ပြီး လက်ကို မြှောက်ကာ ဘေးမှ ရေချိုးတဘက်ကို ယူလိုက်၏။ ထို့နောက် ကျန်းရွှိ၏ ခန္ဓာကိုယ်ပေါ် တင်ပေးလိုက်သည်။ ကျန်းရွှိ က သူ့ကို တစ်ချက်ကြည့်လာပြီး ရေချိုးတဘက်ကို ဘေးသို့ပစ်ချလိုက်ကာ သူ၏ရှပ်အင်္ကျီကိုဝတ်လိုက်သည်။ ထို့နောက် သူ့ဘေးမှ ဖြတ်ပြီး ရေချိုးခန်းထဲမှ ထွက်လာကာ ဆေးဗီရိုထဲတွင် ဆေးသေတ္တာကိုရှာဖွေနေ၏။

ရှန့်ဖန်းယွိက ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်မှသာ ကြမ်းပြင်ပေါ်မှသွေးများကို သတိပြုမိတော့၏။
"ကျန်းရွှိ မင်းရူးနေတာလား"
ရှန့်ဖန်းယွိက သူ့အနောက်ကနေလိုက်လာပြီး ကျန်းရွှိ၏ ဒဏ်ရာရနေသောလက်ကို တစ်ချက်ကြည့်လိုက်ပြီး သူ့လက်ထဲက ဆေးသေတ္တာကို ဆွဲယူကာ ဆိုဖာကို ညွှန်ပြရင်း ပြောလာပါ၏။
"မင်း အဲ့ဒီမှာသွားထိုင်လိုက်"

ကျန်းရွှိသည် သူ့ကို ပေါ့ပေါ့ပါးပါး စိုက်ကြည့်လာ၏။

သူမလှုပ်မယှက်ဖြစ်နေတာကိုမြင်လိုက်ရတော့ ရှန့်ဖန်းယွိက သူ့ပုခုံးကို တိုက်ရိုက် လှမ်းကိုင်လိုက်ပြီး ဆိုဖာပေါ်တွင် ထိုင်ဖို့အတွက် ဖိချလိုက်၏။ထို့နောက်သူက ခေါင်းအုံးတစ်လုံးကို သူ့ခြေထောက်ပေါ်မှာတင်လိုက်ပြီး သူ့လက်ကို ထိုခေါင်းအုံးပေါ်တွင် နေရာချထားလိုက်သည်။
ကျန်းရွှိက ရုန်းချင်သော်လည်း ရှန့်ဖန်းယွိသည် သူ့လက်ကောက်ဝတ်ကို ဖမ်းကိုင်ထားပြီး သူ့ကိုကြည့်လာ၏။ ကျန်းရွှိ သူ့လက်များကိုမရုန်းကန်ဘဲတိတ်တဆိတ် ရပ်လိုက်သည့်အချိန်မှသာ သူက လှည့်ပြီး ဆေးသေတ္တာထဲက ပစ္စည်းများကို ရှာဖွေနေသည်။

ကျန်းရွှိ၏ ဆေးသေတ္တာထဲတွင် ပစ္စည်းအ ပြည့်ရှိသည်။ရှန့်ဖန်းယွိက အဓိကပစ္စည်းတများကို ကောက်ယူပြီး အတန်းလိုက် စီလိုက်၏။ သူက ပလတ်စတစ် ခွက်ထဲသို့ အရက်ပျံ75% ပါဝင်သော ဘူးကိုလောင်းချလိုက်ပြီး ဇာဂနာတစ်စုံကို ထိုအထဲသို့ ထည့်လိုက်သည်။ ထို့နောက် သူက ပိုးသတ်ဆေးရည်နှင့် ဂွမ်းစများကို ထုတ်ယူ၍ ဓာတ်မီးကိုဖွင့်ကာ ကျန်းရွှိကို လှမ်းပေးလိုက်သည်။
"သေချာလေးကိုင်ထား"

ကျန်းရွှိသည် ယခုအကြိမ်တွင် ပူးပေါင်းဆောင်ရွက်စွာဖြင့် ဓာတ်မီးကိုကိုင်ကာ ဒဏ်ရာရနေသော လက်အနောက်ဘက်ကို မီးထိုးပြလိုက်သည်။ သူ့ဒဏ်ရာက မနက်သည့်တိုင် သွေးအများကြီးထွက်နေသေးသည်။iodineတွေစိုနေသော ဂွမ်းတံက သူ့ဒဏ်ရာပေါ်တွင် သွားလာနေပြီး သေးငယ်တဲ့ ပြတ်ရာလေးပေါ်ရောက်သွားချိန်တွင်ကျန်းရွှိ နာကျင်သည့်အသံအနည်းငယ်ကိုပြုလိုက်မိသည်။ ထိုအသံကိုကြားလိုက်ရတဲ့အခါမှာတော့ ရှန့်ဖန်းယွိ၏ ဒေါသတို့မှာ ပျောက်ကွယ်သွားရသည်။

"တော်တော်လေးရူးတာပဲနော် ဒေါက်တာကျန်း" ရှန့်ဖန်းယွိ၏ စကားထဲတွင် နားမလည်နိုင်မှုတွေပါဝင်နေ၏။ "ငါတစ်ခုခုကိုဖျက်ဆီးမယ်ဆိုရင်တောင် အနည်းဆုံးတော့ ငါ့ဘယ်လက်ကိုပဲသုံးမှာ။ ပြီးတော့ အဲ့ဒါနဲ့ဆိုင်တဲ့ ဆေးကိုချက်ချင်းထည့်လိုက်မယ်" သူက ကျန်းရွှိကို ကြည့်လာ၏။ "မင်းရဲ့လက်က အရမ်းအရေးကြီးတယ်ဆိုတာ သိနေတာတောင် ဘာလို့ မင်းရဲ့လက်နဲ့ မှန်ကိုထိုးရတာလဲ"

သူကပြောနေရင်းနဲ့ ဇာဂနါတွေကို ယူပြီးမီးခြစ်ဖြင့်အပူပေးလိုက်သည်။ ထို့နောက် အရက်ပြန်တွေ ခြောက်သွားသည်အထိ စောင့်ပြီး သူ့ခေါင်းကိုငုံ့ကာ ကျန်းရွှိရဲ့အသားအရေပေါ်က အသားစလေးတွေကို ဖယ်ရှားလိုက်သည်။

ကျန်းရွှိသည် နှုတ်ခမ်းကိုစေ့လိုက်ပြီး ရှန့်ဖန်းယွိရဲ့လက်ကို စိုက်ကြည့်နေမိသည်။သူက ပိုးသတ်ထားသော လက်အိတ်များကို ၀တ်ထားခြင်းမှာ ဒဏ်ရာမှ ဘက်တီးရီးယားပိုးမွှားများကြောင့်ဖြစ်မည်။ သူ့လက်နှင့်ထိလိုက်သောနေရာတိုင်းတွင်လည်း ချောမွေ့မှုကို ခံစားနေရ၏။

"အဲဒါက 200 ယွမ်ပဲ မဟုတ်လား ။ ငါမပေးနိုင်လို့လား ...ဟင်"

ရှန့်ဖန်းယွိက ထိုအကြောင်း စဉ်းစားလိုက်ပြီး ကျန်းရွှိကို ဒီနေ့ ဒေါသဖြစ်စေတဲ့အရာက ထိုTicketကြောင့်ပဲဟုတွေးလိုက်မိသည်။သို့ပေမယ့် သူနားမလည်နိုင်တာက ကျန်းရွှိက ဘာလို့ မှန်ကိုလက်သီးနဲ့ထိုးရလောက်တဲ့အထိ စိတ်ဆိုးရတာလဲ။ သူ ကျန်းရွှိအပေါ် အရမ်းလွှမ်းမိုးချုပ်ချယ်နေမိသလိုများ ဖြစ်သွားတာလား။

ကျန်းရွှိ သူအခု စိတ်မြန်လက်မြန်ဖြစ်လွန်းနေမှန်း သိသော်ငြား စိတ်ခံစားချက် မြင့်လွန်းနေချိန်မှာ သူစိတ်ကိုတကယ် မထိန်းချုပ်နိုင်ပါပေ။

သူက သူ့စိတ်ကို အပြည့်အဝမထိန်းချုပ်နိုင်သေးသည့်အတွက် ရှန့်ဖန်းယွိ၏ အမေးကို ကိုပြန်ဖြေမည့်အစား ရုတ်တရက်ပြန်မေးလိုက်၏။ "ငါ့မှာကိုယ်ဝန်ရှိနေပြီဆိုတာ မင်းသိလိုက်ရတော့ မင်း ပထမဆုံး ဘယ်လိုတွေးလိုက်မိလဲ"

ကျန်းရွှိရဲ့စကားကိုကြားတော့ အစကစိတ်အားထက်သန်နေသော ရှန်ဖန်းယွိမှာ ရုတ်တရက် အေးခဲသွားရသည်။

သူသည် တစ်စုံတစ်ခုကို နားလည်သွားရပြီး သူ၏မေးခွန်းထုတ်မှုတွေမှာ တဖြည်းဖြည်းချင်း အရှိန်လျော့သွားရသည်။ သူ့လက်လှုပ်ရှားမှုများပင် ရပ်တန့်သွားရ၏။

ဧည့်ခန်းရှိ အလင်းရောင်သည် ရှန့်ဖန်းယွိ၏ မက်မွန်ပွင့်ပုံစံမျက်လုံးတစ်စုံအောက်တွင် အရိပ်ပါးပါးလေး ထွက်ပေါ်လာစေပြီး သူ၏ငှက်မွှေးကဲ့သို့နူးညံ့သော မျက်တောင်များက သူ၏ အမူအရာကိုဖုံးကွယ်ထားသည်။