Chapter 35
ကျန်းရွှိသည် ရှန့်ဖန်းယွိဆုပ်ကိုင်ထားသောလက်ကို လှမ်းကြည့်လိုက်ပြီး သူ့ကိုအလျင်စလိုတွန်းအားမပေးဘဲ အဖြေကိုနားထောင်ဖို့ စိတ်ပိုင်းဖြတ်ထားပုံပင်။
အချိန်အတော်ကြာပြီးနောက် ရှန့်ဖန်းယွိက ဖြေးညှင်းစွာ ပြောလာ၏။ "ကျန်းရွှိ မင်းမှတ်သားခဲ့ရတဲ့ အဓိပ္ပါယ်တွေအကြောင်း မတွေးပါနဲ့။ မင်းရေးခဲ့တဲ့ ထင်မြင်ယူဆချက်မေးခွန်းတွေကိုလည်း မတွေးပါနဲ့။ မင်းကိုယ်မင်း ဘယ်လိုရောဂါရှာဖွေသင့်သလဲဆိုတာလည်း မတွေးပါနဲ့။ မင်းစိတ်ထဲမှာ မင်းကယောက်ျားလေးလို့ခံစားရရင် မင်းကတကယ်ယောက်ျားလေးပဲ"
"မင်းရဲ့ကိုယ်ဝန်နဲ့ ပတ်သက်ပြီး ငါအများကြီးစဉ်းစားထားပြီးပြီ ဒါပေမယ့် ငါကတိပေးတယ်။ မင်းကို မလေးမစားပြုမူပြီး ခွဲခြားဆက်ဆံဖို့ဆိုတာအတွေးထဲမှာတောင် ဘယ်တော့မှမရှိခဲ့ဖူးဘူး"
ကျန်းရွှိ ရုတ်တရက်မျက်လုံးပင့်ကြည့်လိုက်မိသည်။သူ မှန်ကိုဖျက်ဆီးလိုက်ရုံဖြင့်၊သူ့ရဲ့ မရှင်းလင်းမသေချာသည့်မေးခွန်းများကိုနားထောင်ရုံဖြင့် ရှန့်ဖန်းယွိကသူ့စိတ်ထဲကရှုပ်ထွေးမှုများကို ခန့်မှန်းမိသွားလိမ့်မည်ဟု မထင်ထားပေ။
"ကျန်းရွှိ မင်းသိပါတယ် ငါအမြဲတမ်း ငါ့ကိုယ်ငါပဲအထင်ကြီးတယ်ဆိုတာ။ ငါ့ဘဝမှာ ဘယ်သူ့ကိုမှ မချီးကျူးဖူးဘူး"
ရှန့်ဖန်းယွိက သူ့ကို လှမ်းကြည့်လာ၏။
"အမှန်အတိုင်းပြောရရင် မင်းက ပထမဆုံးပဲ"
“ငါ အိပ်မပျော်တဲ့အချိန်တိုင်း အဲ့ဒါကို အကြိမ်ပေါင်းများစွာ တွေးခဲ့ဖူးတယ်။ ငါ့ဆီမှာဒီလိုအဖြစ်မျိုးကြုံခဲ့ရင် ငါဘာလုပ်ရမလဲဆိုပြီး”
သူက ခဏရပ်လိုက်ပြီး
"နောက်ဆုံးပြောရမယ်ဆိုရင်တော့ ကိုယ်ဝန်ရှိနေတဲ့သူက ငါသာဖြစ်ခဲ့ရင် အခုချိန်မှာ ကျီဟွားဆေးရုံရဲ့အမြင့်ဆုံးအဆောက်အဦးကနေ ခုန်ချပြီးနေလောက်ပြီ"
"ကျန်းရွှိ" သူက ခဏလောက် နှုတ်ဆိတ်သွားပြီး ပြောလာပါ၏။
"မင်းက ငါ့ထက် ပိုသန်မာတယ်။ ငါကမင်းကိုမမီပါဘူး"
ပြတင်းပေါက်အပြင်ဘက်မှလေသည် ကျန်းရွှိပါးနှစ်ဖက်ပေါ်တိုက်ခတ်သွားသည်။ရှန့်ဖန်းယွိရဲ့စကားကို နားထောင်ပြီးနောက် သူ့မျက်လုံးများမှာ ခဏမျှတောက်ပသွားရ၏။
ရှန့်ဖန်းယွိနှင့် ဆယ်နှစ်ကြာအောင် ယှဉ်ပြိုင်ခဲ့ပြီးနောက် ရှန့်ဖန်းယွိဆီမှ "ငါက မင်းလောက်မတော်ဘူး" ဟူသောစကားကို ကြားရမည်ဟု သူမျှော်လင့်မထားမိခဲ့ပါချေ။
ခဏလောက် ၎င်းက သူ့အပေါ် ရှန့်ဖန်းယွိ၏နှစ်သိမ့်ပေးမှုလား သူ၏စိတ်ရင်းအမှန်လား ရုတ်တရက်ကြီး သူမခန့်မှန်းနိုင်တော့ပေ။
သို့သော် ထိုစကားက မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ သူ့နှလုံးသားထဲရှိစိတ်ပူပန်မှုမှာ အတော်လေးသက်သာလာကြောင်း သူလက်ခံလိုက်ရသည်။
ရှန့်ဖန်းယွိက သူ၏အတွေးတို့ကို သတိမထားမိဘဲ သူ့ကိုပြောလာပါ၏။
"ဒီမနက် အလုပ်မသွားခင်တုန်းက သူငယ်ချင်းတစ်ယောက်တွေ့ခဲ့ပြီးတော့ ငါ့အိမ်ကိုရောင်းဖို့အတွက်ပြောထားတယ် "
"မင်းရဲ့အိမ်လား"
အခုလို စကားလမ်းကြောင်းပြောင်းသွားရခြင်း၏ အကြောင်းပြချက်ကို ကျန်းရွှိနားမလည်ပါချေ။
ရှန့်ဖန်းယွိကအသံပြုလာ၏။"အမ်း"
“အရင်တုန်းကတော့ ဒီကိစ္စအတွက် ငါ့မှာတာဝန်ရှိတယ်လို့ ခံစားရလို့ ဒီကလေးကိုမွေးဖို့ မင်းကိုပြောခဲ့တယ်။အဓိကကတော့ နိုင်ငံခြားမှာ ခွဲစိတ်ဖို့ ငါငွေအများကြီး မတတ်နိုင်ဘူးလို့ တွေးခဲ့တာ။ မင်းဒီကလေးကို လက်မခံနိုင်ရင် ငါဒီကလေးကို ပြုစုစောင့်ရှောက်မယ်။ ဒါဆိုရင် ငါအသိတရားရှိရှိနဲ့ နေထိုင်နိုင်သွားပြီဆိုပြီး "
"ဒါပေမယ့် အဲ့အကြောင်းကိုတွေးရင်းတွေးရင်းနဲ့ ငါက တစ်ကိုယ်ကောင်းဆန်တာပဲလို့ နားလည်လာရတယ်"
"ငါက ကလေးတစ်ယောက်ရဲ့အဖေလည်းမဖြစ်ဖူးခဲ့ဘူး။ တစ်ယောက်ယောက်ရဲ့ ကောင်လေးလည်းမဖြစ်ဖူးခဲ့ဘူး။ဒါကြောင့်မို့ မင်းကို ငါ စာနာမပေးခဲ့မိဘူး။ မင်းကို ကောင်းကောင်းမွန်မွန်ပြုစုဆက်ဆံဖို့ ပျက်ကွက်ခဲ့တယ်။ ငါအခုရက်တွေမှာ နားလည်လာရတာက ဒီကလေးကို လွယ်ထားရတာပဲဖြစ်ဖြစ်၊ဒီကလေးကို မွေးရတာပဲဖြစ်ဖြစ် မင်းအတွက် အရမ်းခက်ခဲတယ်ဆိုတာကိုပဲ။ ငါက ကလေးကို ပြုစုပျိုးထောင်ဖို့ တာဝန်ယူမယ်ဆိုရင်တောင် မင်းအတွက်ဘာလုပ်ပေးနိုင်မလဲဆိုတာ မသိဘူး"
"Pretenal checkလုပ်ပြီးတဲ့နေ့ကတည်းက ဒီနေ့အထိ ကလေးကိုမွေးမှာလား၊ မမွေးဘူးလားဆိုတဲ့မေးခွန်းကို မင်းမဖြေခဲ့ဘူးဆိုရင်တောင် ငါ ဘာလုပ်ရမလဲဆိုတာကို တွေးထားပြီးပြီ” သူက သူ့မျက်လုံးတွေကို အောက်သို့စိုက်ကြည့်ရင်း
“ဒါပေမယ့် ဒီနေ့တော့ မင်းရဲ့အဖြေကို ငါသိပြီထင်တယ်”
ရှန့်ဖန်းယွိကအသက်ပြင်းပြင်းရှူလိုက်ပြီး ဘာမှမဖြစ်သလိုမျိုး သူ့လက်ထဲက မှန်ကွဲစလေးတွေကို ဖယ်ပေးနေ၏။
"ငါ အိမ်ရဲ့အနိမ့်ဆုံးဈေးနဲ့ ကားရဲ့အနိမ့်ဆုံးစျေးကို စာရင်းလုပ်ထားပြီးပြီ။ ငါ အဲ့ဒါတွေကိုတစ်ပတ်အတွင်း ရောင်းနိုင်မယ်ထင်တယ်။ ငါMနိုင်ငံကိုသွားဖို့ ဗီဇာလျှောက်ထားပြီးပြီ။မင်းငါ့ကို စောင့်ချင်တယ်ဆိုရင် ငါမင်းနဲ့အတူတူDr.Kennကိုတွေ့ဖို့သွားကြမယ်။တကယ်လို့ ငါ့ကိုမစောင့်နိုင်ဘူးဆိုရင် မင်းအရင်သွားနှင့်ပါ။ ငါဗီဇာရပြီးတာနဲ့ ငါမြန်နိုင်သမျှမြန်အောင်လိုက်လာခဲ့မယ်"
"အခုချိန်မှာ သုံးပြီးသားကားတွေကိုရောင်းဖို့ကနည်းနည်းခက်တယ်။ ဈေးလည်းကျနေတယ်။ဒါပေမယ့် City A က အိမ်ရာစျေးနှုန်းတွေကတော့ တည်ငြိမ်နေတုန်းပဲ ...အဲဒါကို မေ့လိုက်တော့။အဲ့ဒါက လောက်မယ်လို့ထင်တာပဲ။ တကယ်လို့ မလုံလောက်ဘူးဆိုရင် ငါတခြားနည်းလမ်းတွေ စဉ်းစားကြည့်မယ်" သူက ကျန်းရွှိကို အာမခံနေ၏။
"အဲ့ဒါက 2သိန်း ပဲဖြစ်ဖြစ် ဒေါ်လာ2 သန်းပဲ ဖြစ်ဖြစ်ကိစ္စမရှိဘူး။ သူကသာခွဲစိတ်တာကို သဘောတူသရွေ့ ငါကသေချာပေါက် ပိုက်ဆံပေးရမှာပေါ့"
"ဒါပေမယ့်…"
သူက ခေါင်းကိုငုံ့ပြီး ကျန်းရွှိကိုပြောလာ၏။
"ငါတို့ အချင်းချင်းသိကြတာ နှစ်တွေတော်တော်တောင်ကြာပြီ။ ငါက ချမ်းသာတဲ့ မိသားစုက မဟုတ်ဘူးဆိုတာလည်းမင်းသိပါတယ်။ ငါ အလုပ်လုပ်တာလည်း နှစ်အနည်းငယ်ပဲ ရှိသေးတယ်။ ဒီအိမ်ကို ငါစုထားတဲ့ငွေတွေ အားလုံးနဲ့ဝယ်ခဲ့တာ။ ပြီးတော့ အိမ်ကို ဘဏ်မှာအပေါင်ထားတုန်းပဲ"
"ဒါကြောင့်မို့ မင်းငါ့ကို စိတ်ပျက်နေမယ်ဆိုရင်တောင် ငါ့ကို နောက်ထပ်လအနည်းလောက်ထိ ခေါ်ထားဖို့ ပြောရမှာပဲ။ မင်း ခွဲစိတ်မှုပြီးသွားလို့ ဆေးရုံရဲ့သီးသန့်အခန်းထဲကိုရောက်ပြီးတဲ့အချိန်ထိ မင်းကိုဂရုစိုက်ပြီးမှ ငါပြန်မယ်"
"အစကတော့ အိမ်ရောင်းပြီး နှစ်ရက်လောက်နေမှမင်းကိုပြောပြမယ်လို့ တွေးထားခဲ့တာ။ ဒါပေမယ့် မင်းက မင်းကိုယ်မင်းနာကျင်အောင်လုပ်လိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ"
ရှန့်ဖန်းယွိက ဇာဂနာကိုအောက်သို့ချကာ ဂွမ်းစတွေကို iodineထဲသို့နှစ်လိုက်ပြီး ကျန်းရွှိ၏ ဒဏ်ရာပေါ်တွင် ညင်သာစွာ လိမ်းပေးနေသည်။
"ဒဏ်ရာထဲမှာ မှန်ကွဲ အပိုင်းအစတွေ မကျန်တော့ဘူးထင်တာပဲ။ ဒဏ်ရာက သိပ်မနက်တော့ ချုပ်စရာမလိုပါဘူး"
သူက ကျန်းရွှိကို မေးလိုက်သည်။ "နာနေသေးလား"
ကျန်းရွှိက သူ့ကိုကြည့်ပြီး စိတ်ရှုပ်ထွေးနေတဲ့ အမူအရာနှင့် ခေါင်းခါပြလိုက်သည်။
"လှုပ်ကြည့်လိုက်" ရှန့်ဖန်းယွိကမေးလာ၏။
"ထုံတာကျင်တာတို့ရော ခံစားရလား"
ကျန်းရွှိသည် ရှန်ဖန်းယွိ၏အမေးကို သိ၏။ သူ မှန်ကို ရိုက်ခွဲပြီး မကြာခင် သူစစ်ဆေးကြည့်ခဲ့ပြီးပြီဖြစ်သည်။ "အရွတ်တွေရော၊ အာရုံကြောတွေရော နာတာမျိုး မရှိဘူး"
ရှန့်ဖန်းယွိက ခေါင်းငြိမ့်လိုက်ပြီး" မင်း မှန်ရဲ့အရည်အသွေးညံ့ဖျင်းမှုကို ကျေးဇူးတင်ရမယ်" သူသည်အသုံးပြုထားသောဂွမ်းများကိုလွှင့်ပစ်လိုက်ပြီး ကျန်းရွှိ၏ လက်များကိုဆုပ်ကိုင်ရင်းလက်တွေကို ကြည့်ကာ "ဒီလက်တွေက ငါတို့ဌာနရဲ့ရွှေရောင်စံချိန်စံနှုန်းတစ်ဝက်ပဲ။မင်းအလုပ်ကို မဖျက်စီးပါနဲ့"
သူသည် အဖြူရောင်ပတ်တီးစကိုယူလိုက်ပြီး ကျန်းရွှိ၏ လက်ကို ခပ်လျော့လျော့ပတ်ပေးလိုက်ကာ ကြိုးကိုလှလှပပလေးချည်ပေးကာ ကျန်းရွှိ၏ လက်ဖဝါးလေးကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ "Okay ပြီးသွားပြီ"
သူသည် မတ်တပ်ထရပ်လိုက်ပြီး ဆံပင်အခြောက်ခံစက်ကိုယူရန်ရေချိုးခန်းထဲသို့သွားပြီး ၎င်းကိုစစ်ဆေးကြည့်လိုက်၏။ကျန်းရွှိ၏ ဆံပင်လေမှုတ်စက်က မှန် ထက်အများကြီး ပိုခိုင်ခံ့ပြီး ကြမ်းပြင်ပေါ်သို့ပစ်ချလိုက်တာတောင် အကောင်းအတိုင်း ရှိနေဆဲပင်ဖြစ်သည်။
ရှန့်ဖန်းယွိသည် ဆံပင်လေမှုတ်စက်ကို ဧည့်ခန်းထဲသို့ယူလာပြီး ပလပ်ထိုးကာ ကျန်းရွှိ၏ အနောက်တွင်ရပ်လိုက်ပြီး သူ့ဆံပင်ကို အခြောက်ခံပေးလိုက်သည်။
တစ်ဝက်ခန့်စိုစွတ်နေသော ဆံပင်များမှာ လေတိုက်ခတ်ခြင်းကြောင့် အနည်းငယ်အေးနေပြီဖြစ်သည်။သို့သော် ယခုတွင်တော့ ပူနွေးနေသောလေသည် ကျန်းရွှိ၏ လည်ပင်းပေါ်ကို နွေးထွေးစွာကျရောက်နေ၍ အနည်းငယ် ယားယံလာရသည်။ပူနွေးသောလေက ရံဖန်ရံခါတွင် သူ့နဖူးပေါ်သို့ ရောက်လာပြီး ကျန်းရွှိမျက်လုံးများကိုမှိတ်ထားလိုက်သည်။ နွေးထွေးသောလေသည် သူ့အား ဖုံးလွှမ်းထားပြီး ဆောင်းရာသီ၏ နေ့လည်ခင်းတွင်သာသော နေရောင်ခြည်ကဲ့သို့ သူ့ဆံပင်မှအအေးဓာတ်များမှာ အနွေးဓာတ်ကြောင့် ပျောက်ကွယ်သွားရသည်။
ရှန့်ဖန်းယွိသည် ကျန်းရွှိ၏ ဆံပင်တွေကိုဖြတ်ပြီးသူ့လက်ချောင်းများကို လှုပ်ရှားလိုက်တာမို့ ကျန်းရွှိ မငြိမ်မသက်ဖြစ်သွားရသည်။
"မလှုပ်နဲ့" သူက ကျန်းရွှိ၏ ပုခုံးကိုဖိဖို့အတွက် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး "မင်းကို အပူလောင်မယ်လေ သတိထား"
" ......အမ် "
" ငါလုပ်ပေးတာ အဆင်ပြေရဲ့လား "
"ပြေပါတယ်"
" တကယ်လား " ရှန့်ဖန်းယွိကပြုံးလိုက်ပြီး "ဒါက တခြားသူရဲ့ဆံပင်ကို အခြောက်ခံပေးတာ ပထမဆုံးပဲ။ ငါ့မှာ ဒီလို အရည်အချင်းတွေရှိမယ်လို့ မျှော်လင့်မထားဘူး။ ငါအနားယူပြီးရင် beauty salonဖွင့်ရမလား ပြောကြည့် "
"မဟုတ်ဘူး"
"ဘာဖြစ်လို့လဲ မင်းငါ့ကျွမ်းကျင်မှုကို လက်ခံလိုက်တာပဲလေ"
ရှန့်ဖန်းယွိ၏ မယုံကြည်နိုင်ဖြစ်နေတဲ့အသံက ဆံပင်လေမှုတ်စက်သံကြားတွင် ထွက်ပေါ်လာ၏။
"ငါနာမည်ကို စဉ်းစားပြီးပြီ။ ငါအဲ့ဒါကို "Hell Hairdressing"လို့ခေါ်မယ်
ကျန်းရွှိ: "....."
"Hell Bar ပိုင်ရှင် အဖမ်းခံရတာ မင်းသိလား?" ကျန်းရွှိကမေးသည်။
"ငါမကြားမိလိုက်ဘူး"ရှန့်ဖန်းယွိက ပြောလိုက်သည်။
"ဒါဆို ငါကသူ့ရဲ့မပြီးဆုံးလိုက်ရတဲ့ ငရဲစီးပွားရေးကို ရှေ့ဆက်ပြီး စက်ရုံတစ်ခုခု ဒါမှမဟုတ် တခြားဟာတစ်ခုခုလုပ်ရမယ်"
ကျန်းရွှိက ခေါင်းညိတ်
လိုက်ပြီး "အခကြေးငွေပေးရတဲ့ဟာမျိုးလား"
"ကျန်းရွှိ မင်းမြင့်မြင့်တွေးလို့မရဘူးလား"
ရှန့်ဖန်းယွိက Hair dyerကိုပိတ်လိုက်ပြီး ကျန်းရွှိ၏နူးညံ့နေသောဆံပင်များကိုကိုင်ကြည့်ကာ"ကောင်းပြီ၊ စောစောအိပ်တော့"
သူက Hair dyerကိုကော်ဖီစားပွဲပေါ်တင်လိုက်ပြီး နောက်ကိုမှီရင်း သမ်းလိုက်၏။
ကျန်းရွှိက ရုတ်တရက်ကြီး သူ့ကိုလှမ်းကြည့်လာတာမို့ တစ်ဝက်တစ်ပျက်သမ်းဝေရင်းရပ်တန့်လိုက်ကာ စိတ်ရှုပ်ထွေးသွားရသည်။
ရှန့်ဖန်းယွိက "မင်း ဘာလို့ ငါ့ကိုဒီလိုကြီးကြည့်နေတာလဲ"
သူက ကျန်းရွှိအနားကို တိုးကပ်သွားလိုက်ပြီး ကျီစယ်သလိုမျိုးပြုံးလိုက်ကာ "ဘာလို့လဲ ငါကရုပ်ချောတယ်ဆိုတာ ရုတ်တရက်ကြီးသိသွားလို့လား"
ကျန်းရွှိက ကော်ဖီစားပွဲပေါ်ရှိ ဆေးသေတ္တာကို လက်ညှိုးထိုးပြလိုက်ပြီး ပြောလာ၏။ "ဒါကို အရင်ရှင်းလိုက်"
"မင်းက ဘာလို့ ငါ့အမေနဲ့တူနေရတာလဲ"ရှန့်ဖန်းယွိက ကော်ဖီစားပွဲပေါ်မှ ပစ္စည်းများကိုရှင်းလင်းပြီး သေတ္တာကိုမူလနေရာတွင်ပြန်ထားရင်းအပြောနှင့်အလုပ်မကိုက်ညီစွာပြောလာပါ၏။
"မင်းရဲ့အိပ်ခန်းက ရှုပ်ပွနေတာတောင် မင်းရှင်းလင်းနေတာကို ငါမမြင်မိပါဘူး"
ကျန်းရွှိက သူ့စကားတွေကို လျစ်လျူရှုထားလိုက်ပြီး သူစကားမပြောလိုက်ခင်မှာ ရှန့်ဖန်းယွိကို ခဏမျှ စိုက်ကြည့်နေမိ၏။
"ငါ မင်းအိမ်ရောင်းတာကို သဘောမတူဘူး"