Chapter 193
နောက်တစ်နေ့ နေ့လည်ခင်းတွင် လင်းလော့ချင်းက ခွင့်ယူကာ ပါပါးလင်း၏ အိမ်အား ကျိယွီရှောင်နှင့်အတူ သွားလိုက်သည်။
ဝူရှင်းယွင်က ထုတ်လုပ်သူနှင့် ပြောပြီးပြီဖြစ်၏။ ထုတ်လုပ်သူက ပြောဆိုရလွယ်ပြီး ရိုက်ကူးရေးသို့ မလာခင် လင်းလော့ချင်းအတွက် ပြင်ဆင်ချိန် သုံးရက်ပေးလိုက်သည်။ သူက လင်းလော့ချင်းအား သုံးရက်ပြည့်လျှင် အဖွဲ့သို့ လာရောက်ရိုက်ကူးပေးရန်နှင့် ဇာတ်ညွှန်းကိုလည်း ပို့ပေးလိုက်ပြီဖြစ်ကြောင်း ပြန်ပြောလေသည်။
လင်းလော့ချင်းက ဇာတ်ညွန်းကို ဖတ်ကြည့်လိုက်သည်။ ဇာတ်ညွန်းက အလွန်စိတ်လှုပ်ရှားဖွယ်ကောင်း၏။ သူက အဓိကဇာတ်ကောင် မဟုတ်သော်လည်း ဇာတ်ဝင်ခန်း အများအပြား ပါရှိ၏။ အထူးသဖြင့် အချို့ရိုက်ချက်များတွင် သရုပ်ဆောင်စွမ်းရည် မြင့်မားရန် လိုအပ်ပေသည်။ ထုတ်လုပ်သူနှင့် ဒါရိုက်တာနှစ်ဦးလုံး သရုပ်ဆောင်ရှာရ၌ အခက်တွေ့နေသည်မှာ အံ့ဩစရာမရှိတော့။
လင်းလော့ချင်း သုံးရက်ပြည့်လျှင် ရိုက်ကူးရေးသို့ သွားရောက်ရမည်ဖြစ်ကြောင်း ကြားချိန်၌ ကျိယွီရှောင် တောင့်ခဲသွားခဲ့၏။
မြန်လွန်းတယ် … သူအသင့်မဖြစ်သေးဘူးလေ ..
လင်းလော့ချင်းသည်လည်း ခွဲရမည်ကို တုံ့ဆိုင်းနေ၏။ သူက ကျိယွီရှောင်အပေါ်မီရင်း သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။ “အဆင်ပြေပါတယ် … သုံးရက်ကြာရင် ပြီးသွားမှာပါ ...”
“မျှော်လင့်ရတာပဲ … ”
“အချိန်ရရင်လာတွေ့နော် ...”
“ဟုတ်ပါပြီ … ” ကျိယွီရှောင် သဘောတူလိုက်၏။
ထိုသို့ပြောကာမှ သူက လင်းလော့ချင်းနှင့် အတူတူအိပ်သည်မှာ အတန်ကြာပြီဖြစ်သည်။ လင်းလော့ချင်း မရှိချိန်တွင် သူအိပ်ပျော်မပျော် သေချာမသိချေ။
ထားပါတော့ … ဒါက ရက်နှစ်ဆယ်လောက်ပဲကို … ပြဿနာမရှိလောက်ပါဘူး …
ထိုသို့တွေးနေစဉ် သူတို့စီးလာသည့်ကားက လင်းမိသားစုအိမ်ရှေတွင် ရပ်သွားခဲ့သည်။
လင်းလော့ချင်း ကားအပြင်သို့ ထွက်လိုက်ပြီး ကျိယွီရှောင်အား ကြည့်လိုက်၏။ သူက ကျိယွီရှောင်အား ကျေးဇူးတင်မိသည်။ သူသာ အရှိုက်ထိအောင် မပြောပါက ပါပါးလင်းသည် လင်းလော့ကျင်းအတွက် ရည်ရွယ်ထားသည့် ရှယ်ယာများကို သူ့အား ပေးမည်မဟုတ်။
အကယ်၍ ပါပါးလင်းသာ တုံဆိုင်းနေခဲ့ပါက လင်းလော့ချင်းသည်လည်း ရိုက်ကူးရေးသို့ သွားရတော့မှာဖြစ်သည်။ ယခုမူ သူက ချက်ချင်းရှယ်ယာလွှဲပေးလာ၏။
“ငါ ဒီအိမ်က ထွက်လာပြီးမှ ပေါယွမ်ရဲ့ ရှယ်ယာရှင်ဖြစ်မှာဆိုတော့ စိတ်မလှုပ်ရှားပဲ မနေနိုင်ဘူး … ” လင်းလော့ချင်း ပြောလိုက်သည်။
“အဲဒါက စိတ်လှုပ်ရှားစရာလား … ” ကျိယွီရှောင်က သူသည် ရောင့်ရဲလွန်းသည်ဟု ခံစားလိုက်ရသည်။ “မင်းရဲ့ပစ်မှတ်က ပေါယွမ်ရဲ့ ရှယ်ယာရှင်ဖြစ်ဖို့ပဲလား … ဉက္ကဌဖြစ်ဖို့ မဟုတ်ဘူးလား … ”
လင်းလော့ချင်း ရယ်လိုက်သည်။ သူက လက်ရှိတွင် ရှင်းယီ၏ စီအီးအိုဖြစ်နေလေပြီ။ သူသာ ပေါယွမ်၏ ဉက္ကဌဖြစ်လာပါက … သူ စိတ်လှုပ်ရှားမှုဖြင့် မျက်နှာကို ကာလိုက်မိသည်။
“မင်းကြိုက်လား … ” ကျိယွီရှောင်က သူ့မျက်နှာပေါ်ရှိ အပြုံးကိုကြည့်ရင်း မေးလိုက်သည်။
“အဆင်ပြေတာပေါ့ … ” လင်းလော့ချင်း ပြော၏။ “ရှောင်ယွီနဲ့ ဖေးဖေးကြီးလာရင် ပေါယွမ်ကို ဖေးဖေးဆီ လွှဲပေးပြီး ရှင်းယီကို ရှောင်ယွီ့ဆီလွှဲပေးမယ် … ”
သို့သော် ဖေးဖေးက ပေါယွမ်ကဲ့သို့ ကုမ္မဏီလေးကို စိတ်ဝင်စားမည်မဟုတ်ပေ။ သို့သော် သူက ပေါယွမ်အား လေ့ကျင့်ကွင်းအနေဖြင့် အသုံးပြုနိုင်၏။
၎င်းမှာ အလွန်ကောင်းမွန်သည်ဟု လင်းလော့ချင်း တွေးလိုက်မိသည်။ ထိုသို့ဆိုလျှင် လင်းဖေးက သက်တောင့်သက်သာ အလုပ်လုပ်နိုင်မှာဖြစ်သည်။
“သွားရအောင် ...” လင်းလော့ချင်းက ကျိယွီရှောင်၏ ဝှီးချဲလ်ကို တွန်းပေးလိုက်သည်။ “ပွင့်လန်းရာသီ ရောက်လာပြီ … ဂျုံခင်းတွေ ရိတ်သိမ်းရအောင် …”
****
ချန်ဖုန်းနှင့် လင်းလော့ကျင်းက ပါပါးလင်း ပြောစရာရှိသဖြင့် အပြင်မသွားရန် ပြောသည့်အချိန်ကတည်းက လန့်နေကြခြင်းဖြစ်သည်။ သူတို့က သူပြောမည့်အရာကို မသိကြချေ။
သူမက ညအတူတူအိပ်သည့် အချိန်တွင် စကားပြောရင်း ပါပါးလင်းအား နှစ်သိမ့်ရန် စဉ်းစားထားခဲ့၏။ ပါပါးလင်းက စိတ်မဆိုးတော့ပဲ မနက်ဖြန်မှ ပြောမည်ဖြစ်ကြောင်းသာ ပြောခဲ့သည်။ ထို့အပြင် သူက သူမအား အခန်းတွင်းသို့ အဝင်မခံခဲ့ချေ။
သူတို့နှစ်ဦး အတူတူစရှိချိန်မှစ၍ ပါပါးလင်း သူမအား အခန်းတွင်း ဝင်ခွင့်မပေးသည်မှာ ဤသည်က ပထမဆုံးဖြစ်သည်။ ချန်ဖုန်း အပြင်ဘက်မှ မည်မျှငိုယိုတောင်းပန်စေကာမူ ဒေါသတကြီး အော်ဟစ်သံမှအပ မည်သည့်တုံ့ပြန်မှုမှ မရခဲ့ချေ။
သူမက သူမ အခန်းတွင်းမှ နှင်ထုတ်ခံခဲ့ရကြောင်း လင်းလော့ကျင်း သိသွားမည်စိုးသဖြင့် ကျယ်ကျယ်ပင် မငိုရဲခဲ့။ ခဏအကြာတွင် သူမက မျက်ရည်စက်လက်ဖြင့် ဧည့်သည်ခန်းသို့ သွားအိပ်ခဲ့သည်။
သူမ၏ မျက်လုံးများ ဖူးယောင်လာသည်အထိ မနေ့ညက တစ်ညလုံး ငိုကြွေးနေခဲ့သည်။ မနက်လင်းချိန်တွင် သူမက အယောင်ကျရန်အတွက် ကြက်ဉကိုပင် မသုံးခဲ့ချေ။ ထိုမျက်လုံးများ မို့အစ်နေသည်ကို တွေ့ပါက ပါပါးလင်း စိတ်ပြေသွားမည်ဟု မျှော်လင့်နေခြင်းဖြစ်၏။
ပါပါးလင်းကမူ လက်ရှိတွင် သူမအပေါ် စိတ်ပျက်နေခဲ့သည်။ သူက ထိုမျက်လုံးအစ်အစ်များကြောင့် ပို၍ပင် ဒေါသထွက်သွား၏။
သူမက ဘာလို့ငိုရတာလဲ …
သူ့စကားက မှားနေတယ်လို့ သူမ တွေးနေတာလား …
ခုထိတောင် ငိုထားတဲ့ရုပ်နဲ့ ရှိနေတုန်းပဲ …
လုံးဝကို နောင်တမရတတ်တာပဲ …
သူက ချန်ဖုန်းကို အေးစက်စက်ကြည့်ကာ ဆိုဖာပေါ်တွင် ထိုင်လိုက်ရင်း လင်းလော့ချင်းနှင့် ကျိယွီရှောင်အား စောင့်ဆိုင်းနေ၏။
လင်းလော့ချင်း ရောက်လာချိန်တွင် ကွဲပြားသော အမူအရာကိုယ်စီနှင့် ထိုင်နေကြသည့် လူသုံးဦးအား တွေ့လိုက်ရသည်။ ပါပါးလင်းက ဒေါသကို ဖိနှိပ်လျှက် စိတ်ပိုင်းဖြတ်နေပုံပေါ်၏။ ချန်ဖုန်းကမူ ပါပါးလင်းအား ဝမ်းနည်းစွာ စိုက်ကြည့်နေပြီး လင်းလော့ကျင်းက ဂနာမငြိမ်ဖြစ်နေသည်။
သူ့အား တွေ့လိုက်ချိန်၌ ထိုသုံးဦး၏ အမူအရာက ပို၍ပင် ကွဲပြားသွားကြ၏။
ပါပါးလင်းက သူ့သားသူ မြင်လိုက်ရချိန်၌ ချက်ချင်းပြုံးလိုက်မိသည်။
ချန်ဖုန်း၏ မျက်ဝန်းများက ပြူးကျယ်သွားကာ မျက်ရည်များဖြင့် ပြည့်နှက်လာ၏။
လင်းလော့ကျင်း၏ မျက်ဝန်းများကမူ မလိုလားမှုများနှင့် စိတ်ပျက်မှုများ အပြည့်ဖြစ်သွားသည်။
ထိုသုံးဦးက မိသားစုဟု ခေါ်ထိုက်ပါပေ၏။ သုံးဦးလုံးက တစ်ယောက်တစ်မျိုးစီ ဖြစ်နေကြသည်။
“လော့ချင်း ရောက်လာပြီပဲ ...” ပါပါးလင်း မတ်တပ်ရပ်လိုက်ပြီး သူတို့အား ပြုံးပြလိုက်၏။
လင်းလော့ချင်း ပြုံးလိုက်သည်။ “အဖေ … ”
“လာပါ … ထိုင်ကြပါ … ” ပါပါးလင်းက သူနှင့် ကျိယွီရှောင် ထိုင်နိုင်ရန်အတွက် ဘေးသို့ ရွှေ့ပေး၏။
လင်းလော့ချင်းက ပါပါးလင်း ထိုင်နေသည့် ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။ ကျိယွီရှောင်ကမူ ဝှီးချဲလ်ပေါ်တွင်သာ ပျင်းရိစွာ ထိုင်နေ၏။
ပါပါးလင်းက လင်းလော့ချင်းအား ချစ်ခင်စွာ ကြည့်လိုက်သည်။ “မတွေ့တာကြာပြီ … လော့ချင်း … သားဝိတ်ကျသွားတာလား … ”
“မကျပါဘူး … ” လင်းလော့ချင်း ပြုံးလိုက်သည်။ “အဖေရော … ”
“အဖေ ပိန်သွားရတဲ့အကြောင်းက ရှိတာပေါ့ … ” ပါပါးလင်းက အနှောင့်အသွားမလွတ် ပြောလိုက်သည်။
လင်းလော့ချင်း ထိုစကားကို ကြားသည်နှင့် မျက်လွှာချလိုက်၏။ “သားမကောင်းတာပါ … သားတောင်းပန်ပါတယ် … အဖေ ….”
ပါပါးလင်းက သူ၏ ချက်ချင်း အမှားဝန်ခံလိုက်ပုံကြောင့် စိတ်ကျေနပ်သွားသည်။
ကြည့်လေ … ဒါကမှ နာခံတတ်တဲ့ သားသမီးပုံစံပဲ … သူ တစ်ခုခုပြောလိုက်ရုံနဲ့ လင်းလော့ချင်းက သူ့အမှားဟုတ်ဟုတ် မဟုတ်ဟုတ် ချက်ချင်း တောင်းပန်တော့တာ … လင်းလော့ကျင်းလိုမျိုး တစ်ခွန်းမကျန် ခံပြောမနေဘူး …
ပြီးတော့ သူ့အမေရှိသေးတယ် … သူမက အထင်မှားခံရတဲ့ ပုံစံနဲ့ အဲဒီ့မှာထိုင်ပြီး ငိုနေတော့တာပဲ … သူမက ဘာလို့ ငိုနေရတာလဲ …
သူ သူမကို လျှော့ပေးတာ များလွန်းနေပြီပဲ …
“အဖေက သားကို မပြောပါဘူး …” ပါပါးလင်း ညှင်သာစွာ ပြောလိုက်သည်။ “တခြားလူတွေကို ပြောတာပါ … ”
စကားဆုံးသည်နှင့် သူက ချန်ဖုန်းနှင့် လင်းလော့ကျင်းအား ကြည့်လိုက်သည်။
ချန်ဖုန်း “……”
လင်းလော့ကျင်းက တွေးလိုက်၏။ ‘…မှတ်ပုံတင်နံပါတ်ပဲ တပ်ခေါ်လိုက်ပါတော့လား ...’
ချန်ဖုန်းက အမြန်ပြုံးကာ နာခံစွာ ပြောလိုက်သည်။ “ယောက်ျား … ကျွန်မ မှားမှန်းသိပါပြီ ...”
ပါပါးလင်းက သူမအား လျစ်လျူရှုထား၏။ သူက ကျိယွီရှောင် ရှေ့တွင် သူသာလျှင် အိမ်ထောင်ဦးစီးဖြစ်ကြောင်းနှင့် မည်သူမှ သူ့ခေါင်းပေါ်မတက်ရဲကြောင်း သက်သေပြချင်နေသည်။
ချန်ဖုန်းက လင်းလော့ချင်း၏ လက်အား ဆုပ်ကိုင်လျှက် သူမအား လျစ်လျူရှုလိုက်သည့် ပါပါးလင်းကြောင့် မနေ့ကပြောခဲ့သည့် စကားအား စိုးရိမ်စပြုလာ၏။ သူမက စကတ်စကို တင်းတင်း ဆုပ်ကိုင်လိုက်ရင်း ပို၍ စိုးရိမ်လာသည်။ သူဘာလို့ လင်းလော့ချင်းကို ပြန်ခေါ်လိုက်တာလဲ …
ရှယ်ယာတွေအကုန် လင်းလော့ချင်းဆီပေးဖို့ ကြံနေတာတော့ မဟုတ်လောက်ဘူးမလား …
အရင်က ပါပါးလင်းသည် လင်းလော့ကျင်း ဘွဲ့ယူကာ ကုမ္မဏီသို့ ဝင်ရောက်ချိန်အထိ စောင့်ရမည်ဟု ပြောခဲ့သည်။ သို့သော် ယခုမူ လင်းလော့ချင်းက ဘွဲ့မရသေးသလို ပေါယွမ်သို့လည်း မဝင်သေးချေ။ ပါပါးလင်း သူ့ကို ရှယ်ယာတွေ မပေးလောက်ပါဘူး … ဟုတ်တယ်မလား …
သူမက ခင်ပွန်းသည်အား စိုးရိမ်စွာကြည့်ရင်း စကတ်စအား တင်းတင်း ဆုပ်ကိုင်လိုက်မိ၏။
မဖြစ်နိုင်ပါဘူးလေ …. ချန်ဖုန်း သူမကိုယ်သူမ နှစ်သိမ့်လိုက်သည်။ လင်းပေါ၏ အကျင့်အရ ထိုသို့ အလျင်စလို ပြုမူလိမ့်မည် မဟုတ်ပေ။
လုံးဝ မဖြစ်နိုင်ဘူး …
သို့သော် နောက်တစ်စက္ကန့်၌ ပါပါးလင်းက ပြောလိုက်၏။ “အားလုံး ဒီမှာရှိနေကြပြီ ဆိုတော့ ခုပဲပြောလိုက်တော့မယ် … လော့ချင်းက ကုမ္မဏီကို ဝင်လို့ရနေပြီ … ဒါပေမယ့် သူ့မှာ ကိုယ်ပိုင်အလုပ် ရှိနေတော့ ငါ သူ့အတွက် ရာထူးတစ်ခု စီစဉ်ပေးလို့ မရဘူး … ငါသူ့ကို ရှယ်ယာ ဆယ်ရာခိုင်နှုန်း ပေးလိုက်မယ် … လော့ချင်း … အနာဂတ်မှာ ဘာပဲလုပ်လုပ် မင်းအဖေနဲ့ ကုမ္မဏီအကြောင်း စဉ်းစားပေးရမယ်နော် … ”
လင်းလော့ချင်း အံ့အားသင့်ဟန် ဆောင်လိုက်၏။ “အဖေ …. အရမ်းတန်ဖိုးကြီးလွန်းပါတယ် … ကျွန်တော် လက်မခံပါရစေနဲ့ … ”
ပါပါးလင်းက လင်းလော့ချင်း၏ ငြင်းဆန်မှုကြောင့် သူ၏ သားသည် အလွန်ရိုးရှင်းပြီး ဟန်ဆောင်မှုကင်းသည်ဟု တွေးလိုက်မိ၏။ သူက လင်းလော့ကျင်းအား ရှယ်ယာမပေးပါက သေတော့မလို ပြုမူနေသည့် ချန်ဖုန်းနှင့် သက်သက်စီဖြစ်သည်။
ချန်ဖုန်းက ချက်ချင်း ဝင်ပြောလိုက်၏။ “မဖြစ်နိုင်တာ … ရှယ်ယာ ဆယ်ရာခိုင်နှုန်းက လော့ကျင်းကို ပေးမယ်လို့ ရှင်ပြောခဲ့တာလေ … ဘာလို့ လော့ချင်းကို ပေးမှာလဲ … ”
ပါပါးလင်း အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။ “ဒါက ငါ့ကုမ္မဏီ … ရှယ်ယာကလည်း ငါ့ဟာပဲ … မင်းက ဘာမို့လို့ ဝင်ပြောရတာလဲ … ”
သူက ချန်ဖုန်းကို ကြည့်ကာ အေးစက်စက် ပြောလိုက်၏ “မင်းရဲ့လောဘတက်နေတဲ့ ပုံကိုကြည့်စမ်း … သိပ်အကျည်းတန်တာပဲ … လော့ချင်းကိုလည်း ကြည့်လိုက်ဦး … သူက ငြင်းဖို့တောင်ပြင်နေတာ … ”
ကြာပန်းဖြူလေး လင်းလော့ချင်း “……”
လင်းလော့ချင်းက ကြာပန်းဖြူကဲ့သို့ ဆက်လက်သရုပ်ပြလိုက်သည်။ “အဖေ … အဲဒီ့လို မတွေးပါနဲ့ … အန်တီက ညီလေးအတွက် လုပ်ပေးနေတာလေ … အဖေ ရှယ်ယာပြန်ယူလိုက်ပါ … ကျွန်တော့်ကို မပေးပါနဲ့ ….”
“မင်း ဟန်ဆောင်တာ နည်းနည်းလျှော့စမ်းပါ … လင်းလော့ချင်း …” လင်းလော့ကျင်းက သူ၏ ဟန်ဆောင်နေသော အပြုအမူအား ဆက်လက်ရပ်မကြည့်နိုင်တော့။ “မင်းအခု အရမ်းပျော်နေတယ် မဟုတ်လား … ငါ့ရှယ်ယာတွေက အခု မင်းလက်ထဲရောက်သွားပြီ … မင်းပျော်နေသင့်တယ် … ”
“ပြီးတော့ … အဖေ … .” လင်းလော့ကျင်း မတ်တပ်ရပ်လိုက်ပြီး ပါပါးလင်းကို ကြည့်လိုက်သည်။ “အဖေ … ရူးများနေလား … အရင်ကဘာပြောခဲ့လဲ … ကျွန်တော်က အရမ်းငယ်သေးလို့ ကုမ္မဏီကို မဝင်နိုင်သေးဘူးဆို … ဘွဲ့ရမှ ရှယ်ယာတွေ လွှဲပေးမယ်ဆို … အခုကျ သူ့အတွက် ဖြစ်သွားပြီပေါ့ … အဖေက အပြောနဲ့အလုပ်သက်သက်စီပဲ …”
ပါပါးလင်း “…”
ပါပါးလင်း သားဖြစ်သူအား ထိတ်လန့်စွာ ကြည့်လိုက်သည်။
သူ ဘယ်လိုတောင် ပြောရဲတာလဲ …
ကျိယွီရှောင်နဲ့ လင်းလော့ချင်းရှေ့မှာ ဒီလိုပြောရဲတယ်ပေါ့လေ …
ဒီလောက်တောင် အရှက်မဲ့ရလား …
ပါပါးလင်းက ဒေါသထွက်သွားကာ လင်းလော့ကျင်းအား ပြင်းပြင်းထန်ထန် သင်ပြရန် ကြံလိုက်စဉ် လင်းလော့ချင်းက သူ့ထက်ဦးသွား၏။
“ရှောင်ကျင်း … မင်းဘယ်လိုများ အဖေ့ကို ပြောလိုက်တာလဲ … သူက မင်းအဖေလေ … မင်းက ကျေးဇူးမသိတတ်လိုက်တာ … ”
‘မှန်တယ် … ’ ပါပါးလင်း စိတ်ထဲမှ သဘောတူလိုက်၏။ လင်းလော့ချင်းက နာခံတတ်ရုံသာမက သူ့ကိုလည်း ကာကွယ်ပေးလေသည်။
လင်းလော့ကျင်း နှာခေါင်းရှုံ့လိုက်သည်။ “ဟန်ဆောင်နေတာ ရပ်လိုက်တော့ … အခုအဖေက မင်းဘက်ရောက်သွားပြီဆိုတော့ မင်းကျေနပ်နေတယ် မဟုတ်လား … အရင်က မင်းကို အိမ်ကနေ မောင်းထုတ်ခဲ့ပေမယ့် မင်းကတော့ ခွေးတစ်ကောင်လို အိမ်ကို ပြန်လာနေတုန်းပဲ … မင်းကို ဒီအိမ်ကမကြိုဆိုမှန်း နားမလည်ဘူးလား … ဒီအိမ်က ဘယ်အရာမှ မင်းနဲ့မသက်ဆိုင်ဘူး …”
“မျိုးမစစ်လေး … ”
လင်းလော့ချင်းက သူ၏ အတိတ်ကို သတိရသွားသကဲ့သို့ နာကျင်စွာ နောက်ဆုတ်လိုက်သည်ကို ပါပါးလင်း တွေ့လိုက်ရ၏။ ပါပါးလင်းက ဆေးလိပ်ပြာခွက်ကိုယူ၍ လင်းလော့ကျင်းထံ ပစ်ပေါက်လိုက်သည်။
လင်းလော့ကျင်းက မရှောင်နိုင်ခဲ့သဖြင့် နဖူးကွဲသွားကာ သွေးများ ဖြာကနဲ့ကျလာ၏။ ထိုမြင်ကွင်းကြောင့် ချန်ဖုန်း သူမ၏ ပါးစပ်ကိုကာ၍ အော်လိုက်မိသည်။
လင်းလော့ကျင်းက ပါပါးလင်းထံမှ လင်းလော့ချင်းအတွက်နှင့် ဤကဲ့သို့ အရိုက်ခံရသည်ကို မယုံနိုင်ဟန်ဖြင့် ပါပါးလင်းအား ငေးကြည့်လိုက်သည်။
ပြီးတော့ လင်းလော့ချင်းရှေ့မှာလေ …
“မင်းအစ်ကိုကို ဘယ်လိုပြောနေတာလဲ … ” ပါပါးလင်း သူ့ကိုဆူလိုက်သည်။ “မင်းအစ်ကိုကို တောင်းပန်လိုက် ..”
“ကျွန်တော် မလုပ်နိုင်ဘူး … ” လင်းလော့ကျင်း ဒေါသတကြီး ပြန်ဖြေလိုက်၏။
“ကောင်းပြီ ...” ပါပါးလင်း ခေါင်းညှိတ်လိုက်သည်။ “ကြည့်ရတာ ငါမင်းကို မထိန်းချုပ်နိုင်ဘူးပဲ ...”
“ဒီနေ့ကစပြီး မင်းကို လင်းမိသားစုက ထုတ်လိုက်ပြီ
… အမှားကိုသိတဲ့အချိန်ကျရင် မင်းပြန်လာနိုင်တယ် … အခုထွက်သွား … ”
လင်းလော့ကျင်း နေရာတွင် ကြောင်အနေပြီး ဘာမှမပြောနိုင်တော့။
ပါပါးလင်း တံခါးထံ ညွှန်ပြလိုက်သည်။ “လမ်းပျောက်နေတာလား … ”