အပိုင်း ၁၉၂
Viewers 35k

Chapter 192




ကျိလဲ့ယွီက သူတို့ကို ကြည့်ရင်းတွေးလိုက်မိ၏။ ‘သူတို့က ဒရမ်မာထဲမှာလို ပြုမူနေကြတာပဲ … ’


သူ၏ ဖခင်အား ပါပါးက ဟင်းထည့်ပေးရန် မည်သည့်အခါမှ မမေ့ချေ။ ၎င်းက အလွန်ချိုမြိန်လှ၏။


သူ့ပန်းကန်ထဲရှိ ထမင်းက ပို၍ပင် ချိုမြိန်လာသည်။ 


ညစာစားပြီးနောက် လင်းလော့ချင်းက စာကြည့်ခန်းတွင်းသို့သွားကာ ကွန်ပြူတာကိုဖွင့်၍ ဝူရှင်းယွင်ပို့ထားသည့် ဇာတ်ညွှန်းအား ဖတ်ကြည့်လိုက်သည်။ 


ဒါရိုက်တာလီက ဘာမှပြန်မပြောသေးချေ။ စုထုံကိုလည်း ထို့အတူပင်။ 


ဝူရှင်းယွင် တစ်စုံတစ်ဦးကို စုံစမ်းခိုင်းလိုက်ချိန်၌ လူသိများမှုကြောင့် ဆုံးဖြတ်ရခက်နေခြင်း ဖြစ်ကြောင်း သိလိုက်ရ၏။ 


လင်းလော့ချင်းက လူသိများခြင်းမရှိပေ။ သို့သော် သူက ဒိုင်များ စိတ်ကျေနပ်အောင် သရုပ်ဆောင်ပြနိုင်ခဲ့သည်။ ထို့ကြောင့် ဒါရိုက်တာက တွန့်ဆုတ်နေ၏။ သူက လင်းလော့ချင်းအား ပယ်မချနိုင်သလို ရွေးလည်းမရွေးနိုင်ချေ။  


စုထုံကမူ သူနှင့် ဆန့်ကျင်ဘက်ဖြစ်၏။ သူအား လူသိများသဖြင့် ရွေးလိုက်ခြင်း ဖြစ်သည်ဟု ပရိတ်သတ်ထံမှ ပေါက်ကွဲလာမည်ကို ဒါရိုက်တာ စိုးရိမ်မိသည်။ ထိုသို့ဖြစ်လာသည်နှင့် ရုပ်ရှင်သည်လည်း ထိခိုက်မှာပင်။ ထို့ကြောင့် ဒါရိုက်တာက စုထုံအား သုံးရမလို၊ မသုံးရမလို ဝေခွဲရခက်နေ၏။  


သူတို့နှစ်ဦးမှလွဲ၍ ကျန်သူများအားလုံး အဆင်ပြေ၏။ လင်းလော့ချင်းကဲ့သို့ မကျော်ကြားသည့်လူမျိုး မရှိသလို စုထုံကဲ့သို့လည်း အဆိုးမြင်ပရိတ်သတ် အများအပြား ရှိကြသူများ မပါချေ။ ထို့ကြောင့် ဒါရိုက်တာလီက လက်ရှိတွင် သူတို့နှစ်ဦးအနက် တစ်ဦးကို ရွေးချယ်ရာ၌ အခက်တွေ့နေရ၏။ 


လင်းလော့ချင်း ထိုအကြောင်းကို ကြားသည့်အခါ ထိုရုပ်ရှင်အား အာရုံမစိုက်တော့။ ကမ္ဘာပေါ်၌ ရုပ်ရှင်အများအပြား ရှိသည်။ တစ်ခုထဲတွင် အချိန်ကုန်ခံစရာမလိုပေ။ 


သူ ဇာတ်ညွှန်းဖတ်နေစဉ် ဖုန်းမြည်လာ၏။ လင်းလော့ချင်း ဖုန်းကို ကြည့်လိုက်ချိန်၌ ဒါရိုက်တာကျန်းထံမှ ဖြစ်ကြောင်း သိလိုက်ရသည်။ 


သူက သံသယအပြည့်ဖြင့် ဖုန်းကိုင်လိုက်၏။ ‘မက်မွန်ပင်နဲ့ ဇီးပန်းပင်တွေက စကားမပြောဘူး ’ ကို ခုထိမထုတ်လွှင့်သေးဘူး မဟုတ်လား … 


‘မက်မွန်ပင်နဲ့ ဇီးပန်းပင်တွေက စကားမပြောဘူး’ မလွှင့်သေးပဲနဲ့ ဘာလို့ ဒါရိုက်တာကျန်းက ဖုန်းခေါ်တာလဲ … 


“ရှောင်လင်း … အလုပ်ရှုပ်နေလား … အလုပ်မရှုပ်ရင် အကူအညီတောင်းစရာရှိလို့ … ”


အကူအညီလား … 


လင်းလော့ချင်း ဇဝေဇဝါဖြစ်သွားသည်။ “ဘာဖြစ်လို့လဲ … ”


ဒါရိုက်တာကျန်းက ရေတစ်ငုံသောက်လိုက်ပြီးနောက် သူ့အားပြောလာ၏။  


အမှန်စင်စစ် ဖြစ်ပုံမှာ ရိုးရှင်းလှသည်။ ဒါရိုက်တာကျန်း၏ သူငယ်ချင်းတစ်ဦးက ယခုနှစ်တွင် ဇာတ်လမ်းတွဲရိုက်ရန်ရှိသည်။ ၎င်းက သက်ဆိုင်ရာဌာနများ၏ ထောက်ပံ့မှုနှင့် ရဲအမှုထမ်းများ အကြောင်းကို ရိုက်ကူးမည့် ဇာတ်လမ်းတွဲဖြစ်၏။ 


ဇာတ်ညွှန်းမှာ အနှစ်သာရ ပြည့်ဝလွန်းပြီး ပုံမှန်သရုပ်ဆောင်များအပြင် စစ်မှုထမ်းဟောင်းများကိုပါ ထည့်သွင်းရိုက်ကူးမှာဖြစ်သည်။ ထိုဇာတ်ညွှန်းတွင် သူလျှိုဇာတ်ကောင် ပါဝင်၏။ ထိုဇာတ်ကောင်အား အစက မကျော်ကြားသော်လည်း သရုပ်ဆောင်ကောင်းသော သရုပ်ဆောင်တစ်ဦးနှင့် စာချုပ်ချုပ်ထားခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုသရုပ်ဆောင်က ပါဝင်သည့် ဇာတ်ဝင်ခန်းမှာ နည်းလွန်းသည်ဟု ခံစားမိသွားခဲ့သည်။ စာချုပ်လျော်ကြေးမှာလည်း မမြင့်မားရာ သူက လျော်ကြေးပေး၍ စာချုပ်အား ဖျက်သိမ်းလိုက်၏။  


ယခု ဇာတ်လမ်းတွဲအား စတင်ရိုက်ကူးနေပြီ ဖြစ်သော်ငြား ထိုသူ၏ ဇာတ်ကောင်နေရာက လစ်လပ်နေရာ အလွန်အလျင်လိုနေကြခြင်း ဖြစ်သည်။ 


ထိုဇာတ်ကောင်သည် ဇာတ်ကွက်များများစားစား မပါရှိသော်လည်း သူလျှိုဇာတ်ကောင် ဖြစ်သည့်အလျောက် သရုပ်ဆောင်ကျွမ်းကျင်မှု များစွာလိုအပ်၏။ ထို့အပြင် ငယ်ရွယ်သော သရုပ်ဆောင်သည် အဖွဲ့နှင့်လည်း အသားတကျ ဖြစ်နေရလိမ့်မည်။ ထိုဇာတ်ကောင်နေရာအတွက် သင့်လျော်သူမှာ အနည်းငယ်သာရှိ၏။  


ဒါရိုက်တာနှင့် ထုတ်လုပ်သူက သူတို့၏ အဆက်အသွယ်များကိုသုံးကာ သရုပ်ဆောင် အပူတပြင်း ရှာဖွေနေကြသည်။ ဒါရိုက်တာကျန်းအား ဆက်သွယ်မိချိန်၌ သူက လင်းလော့ချင်းကို တွေးမိလိုက်ခြင်းဖြစ်၏။ 


ထိုဇာတ်လမ်းတွဲသည် လင်းလော့ချင်းအတွက် အလွန်သင့်လျော်သည်ဟု ခံစားရသည်။  “မင်းတစ်သက်လုံး အိုင်ဒေါလ်ဇာတ်လမ်းတွေပဲ ရိုက်သွားလို့မရဘူးလေ … မင်းအနေနဲ့ လေးနက်တဲ့ ဇာတ်လမ်းတွဲတွေကိုလည်း ရိုက်ရမယ် … မင်းအခုသွားရင် အဆက်အသွယ်လည်း ရှာတွေ့နိုင်တယ် … ပြီးတော့ ရိုက်ကူးရေးက ရက်နှစ်ဆယ်လောက်နဲ့ ပြီးသွားမှာ … အဲဒီ့တော့ အချိန်လည်း သိပ်ပေးစရာမလိုဘူး … မင်းလုပ်ချင်လား …”


လင်းလော့ချင်း အမှန်တကယ် လိုလားသည်။ 


သူက အိုင်ဒေါလ်ဇာတ်လမ်းတွဲများမှ ဆုမရနိုင်ချေ။ လေးနက်သော ဇာတ်လမ်းတွဲများမှသာ ဆုရနိုင်မှာဖြစ်သည်။ ဤတစ်ကြိမ် အခွင့်အလမ်းသည် အရူးသာ လက်လျှော့မည့် အခွင့်အရေးမျိုး ဖြစ်၏။ 


ထို့အပြင် ၎င်းကို သဘောတူလိုက်ခြင်းက ဒါရိုက်တာကျန်းနှင့် ဒါရိုက်တာဝမ်တို့အပေါ် အကူအညီပေးရာ ကျသွားမည်ဖြစ်၏။ အနာဂတ်တွင် သူတို့က အခွင့်အလမ်းကောင်းများ တွေ့ချိန်၌ သူ့အတွက် တွေးပေးကြမှာဖြစ်သည်။ 


ထိုမျှမကသေး ဇာတ်လမ်းတွဲ၌ ဝါရင့်သရုပ်ဆောင်များလည်း ပါဝင်မည်ဖြစ်ရာ သူ့အတွက် အတွေ့အကြုံများစွာ ရရှိစေမှာပင်။ 


လင်းလော့ချင်း ချက်ချင်း ပြန်ဖြေလိုက်၏။ “ပြဿနာမရှိပါဘူး … ဒါရိုက်တာကျန်း တောင်းဆိုမှတော့ ကျွန်တော် ကူညီရမှာပေါ့ … ”


ဒါရိုက်တာကျန်းက သူ့အား သဘောကျပြီးသားဖြစ်သည်။ ထိုစကားကို ကြားချိန်၌ ပို၍ပင် သဘောကျသွား၏။ “ကောင်းပြီ … ဒါဆို ငါဟိုဘက်ကို ဆက်သွယ်လိုက်မယ် … ထုတ်လုပ်သူက မင်းနဲ့ စာချုပ်လာချုပ်လိမ့်မယ် … ”


“ဟုတ်ကဲ့ … ကျေးဇူးပါ ...”


“ဟေး … လော့ချင်း … မင်းပြောမှ သူတို့မင်းကို ကျေးဇူးတင်သင့်တယ်လို့ ငါတွေးမိသွားပြီ … ငါဖုန်းချပြီနော် ….”


“ဟုတ်ကဲ့ပါ ...”


လင်းလော့ချင်း ဖုန်းချလိုက်ချိန်၌ ကျိယွီရှောင် သူ့အား ကြည့်နေသည်ကို တွေ့လိုက်ရသည်။ “ဘာဖြစ်လို့လဲ …” 


“ငါ အလုပ်ကို အရေးပေါ် ပြန်သွားရတော့မယ် … ”


“ရုတ်တရက်ကြီး … ” ကျိယွီရှောင် ရှော့ခ်ရသွား၏။ 


လင်းလော့ချင်း ခေါင်းညှိတ်လိုက်သည်။ “အရေးပေါ်ဖြစ်နေလို့လေ … အဲဒါ ငါရိုက်ကူးရေးကို သွားရတော့မယ် ...”


ကျိယွီရှောင် ထိုစကားများကို ကြားချိန်၌ အနည်းငယ် မှိုင်သွား၏။ 


သူက လင်းလော့ချင်းနှင့် နေ့နေ့ညည အတူရှိရခြင်းကို အသားကျနေပြီဖြစ်သည်။ လင်းလော့ချင်း မကြာခင် ထပ်ထွက်သွားရဦးမည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။ 


ပထမဆုံးအနေဖြင့် သူက လင်းလော့ချင်းသာ သရုပ်ဆောင်မဟုတ်ပဲ သာမန်ရုံးဝန်ထမ်းတစ်ဦး ဖြစ်လျှင် ပိုကောင်းမည်ဟု တွေးမိ၏။ 


သို့သော် သူတို့ပထမဆုံး တွေ့သည့်နေ့ကတည်းက လင်းလော့ချင်းသည် သရုပ်ဆောင်ရခြင်းကို နှစ်သက်ကြောင်း ကျိယွီရှောင် သိခဲ့သည်။ အချို့လူများ အစားအသောက်နှင့် အားကစားလုပ်ခြင်းကို နှစ်သက်ကြသကဲ့သို့ လင်းလော့ချင်းက သရုပ်ဆောင်ခြင်းကို နှစ်သက်၏။ 


ထို့ကြောင့် ကျိယွီရှောင်အနေဖြင့် လင်းလော့ချင်း သာမန် ရုံးအလုပ်လုပ်ကာ သူနှင့် နေ့ရောညပါ အချိန်ဖြုန်းပေးရန် မမျှော်လင့်နိုင်ချေ။ 


“ဟုတ်ပါပြီ …” သူက ညှင်သာစွာ ပြောလိုက်၏။ “ကိုယ်မင်းကို လာတွေ့မယ်နော် … ”


“ဒီတစ်ခါ ရိုက်ကူးရေးက သိပ်မကြာဘူးလေ … ” လင်းလော့ချင်း အပြုံးနှင့် ဖြေလိုက်၏။ “ဒါရိုက်တာကျန်း ပြောပုံအရဆို ရိုက်ကူးရေးက ရက် ၂၀ လောက်ပဲကြာမှာတဲ့ … ငါမကြာခင် ပြန်ခဲ့မယ် … ”


ကျိယွီရှောင် ပျော်သွားသည်။ “မြန်လိုက်တာ … ”


“ဟုတ်တယ် … ဘာလို့ဆို အဲဒါက အရေးမကြီးတဲ့ ဇာတ်ကောင်မို့လို့လေ ….”


“ဒါကိုတောင် သွားဦးမှာပဲလား …” 


လင်းလော့ချင်း ရယ်လိုက်သည်။ သူက ဇာတ်ပို့နေရာမှ အကြိမ်များစွာ သရုပ်ဆောင်ဖူး၏။ ပြောစရာမလိုအောင်ပင် လင်းလော့ချင်းက သရုပ်ဆောင်သည့် ဇာတ်ကောင်များ၏ ခံစားချက်များကို လိုက်ပါခံစားရင်း စိတ်နှစ်ကာ သရုပ်ဆောင်လေ့ရှိသည်။ 


“ဇာတ်ကောင်တိုင်းက အရေးကြီးတယ် … ဇာတ်ပို့ဆိုတာကလည်း မရှိလို့မဖြစ်တဲ့ ဇာတ်ကောင်မျိုးပဲ … ဇာတ်ပို့နေရာက သရုပ်ဆောင်တိုင်း စိတ်နှစ်ပြီး သရုပ်ဆောင်ဖို့ထိုက်တန်ပါတယ် … ”


ကျိယွီရှောင်က ပြုံးလိုက်သည်။ သူက ခေါင်ညှိတ်လိုက်ရင်း လင်းလော့ချင်း သူ့အား စိတ်ကူးယဉ်ဆန်ကာ ကြင်နာတတ်သော လူတစ်ဦးဟု ပြောခဲ့သည်ကို တွေးလိုက်မိ၏။ အမှန်စင်စစ် လင်းလော့ချင်းသည်လည်း ထိုသို့သော လူတစ်ဦးဖြစ်သည်။ 


သူက အလွန်ကြင်နာတတ်သဖြင့် ကမ္ဘာကြီး၏ ကြင်နာမှုကို ရသင့်သောလူပင်။ 


“ကြိုးစားထား … ” ကျိယွီရှောင် အားပေးလိုက်သည်။ 


“အွန်း ...” လင်းလော့ချင်း ရယ်လိုက်၏။ 


လင်းလော့ချင်းက ဝူရှင်းယွင်အား ဖုန်းခေါ်ကာ အကျိုးအကြောင်း ရှင်းပြလိုက်၏။ ဝူရှင်းယွင်သည်လည်း သူနှင့်အတွေးတူပြီး ဇာတ်ကောင်နေရာမှာ ကောင်းမွန်သည်ဟု ခံစားရသည်။ လင်းလော့ချင်းသာ ထိုကဲ့သို့ ကြည့်ရှုသူများပြားသော ဇာတ်လမ်းတွဲမျိုးတွင် သရုပ်ဆောင်ပါက သူ၏ ကျော်ကြားမှုသည် တဟုန်ထိုး မြင့်တက်သွားမှာဖြစ်၏။ 


“ကောင်းပြီ … ငါ ထုတ်လုပ်သူနဲ့ ဆက်သွယ်လိုက်မယ် … မင်းဘာမှ မပူနဲ့ ...”


“ဟုတ် … ” လင်းလော့ချင်း ပြန်ပြောလိုက်၏။ 


ဝူရှင်းယွင်က ဖုန်းချပြီးနောက် ထုတ်လုပ်သူနှင့် ဆက်သွယ်လိုက်သည်။ 


လင်းလော့ချင်းက ဇာတ်ညွှန်းများကို ဆက်ဖတ်ရင်း သင့်လျော်သည့် ဇာတ်လမ်းတွဲ သို့မဟုတ် ရုပ်ရှင်ရှိမရှိ ကြည့်နေလိုက်သည်။ 


လင်းလော့ကျင်းက ကိုးနာရီကျော်တွင် အိမ်သို့ ပြန်လာသည်။ သူက အိမ်ထဲသို့ ဝင်လိုက်သည်နှင့် ဆိုဖာပေါ်တွင် ထိုင်ငိုနေသော ချန်ဖုန်းအား တွေ့လိုက်ရ၏။ 


သူက စိုးရိမ်တကြီး မေးလိုက်သည်။ “မေမေ … ဘာလို့ငိုနေတာလဲ … ”


“ဘာဖြစ်ရမှာလဲ …မင်းအဖေက အစက မင်းအတွက် ရည်ရွယ်ထားတဲ့ ရှယ်ယာတွေကို လင်းလော့ချင်းဆီ ပေးပစ်တော့မယ်တဲ့လေ … ငါ သူ့ကို ညစာစားဖို့သွားခေါ်ပေမယ့် သူက အပြင်ထွက်သွားတယ် … သူဘယ်လိုတောင် ရက်စက်နိုင်ရတာလဲ …”


လင်းလော့ကျင်း ရှော့ခ်ရသွား၏။ “သူက ကျွန်တော့် ရှယ်ယာတွေကို လင်းလော့ချင်းကို ပေးမလို့လား … ဘာလို့လဲ … ”


“ဟုတ်တယ် … မင်းက သူ့သားလေ … မင်းပဲ ပေါယွမ်ကို အမွေရသင့်တာပေါ့ …လင်းလော့ချင်းက ဘာမို့လို့လဲ..”


လင်းလော့ကျင်း ဆိုဖာပေါ်တွင် ထိုင်ရင်း အံကြိတ်လိုက်၏။ “ကျွန်တော်သာ ကြိုသိရင် အရင်ကတည်းက အဖေ့ကို ရှယ်ယာတွေ လွှဲခိုင်းခဲ့မှာ … ”


သူက လင်းလော့ချင်းထက် အသက်ငယ်ပြီး ယခုနှစ်တွင် နောက်ဆုံးနှစ်ဖြစ်သည်။ ပါပါးလင်းက သူ့အတွက် ရှယ်ယာ ဆယ်ရာခိုင်နှုန်း ပေးမည်ဟု ပြောထားခဲ့သည်။ သို့သော် လင်းလော့ကျင်းက ဘွဲ့မရသေးသည့် အလျောက် နောင်တစ်ချိန် ဘွဲ့ရပြီး ကုမ္မဏီတွင် အလုပ်ဝင်သည့်အခါမှ လွှဲပြောင်းပေးမည်ဟု ဆိုခဲ့၏။ 


ထိုစဉ်က လင်းလော့ကျင်းနှင့် ချန်ဖုန်းတို့ ဂရုမစိုက်ခဲ့ချေ။ လင်းလော့ချင်းက လင်းမိသားစုမှ ကန်ထုတ်ခံရပြီးဖြစ်ကာ လင်းလော့ရှီးသည်လည်း သေဆုံးသွားပြီဖြစ်၏။ ရှယ်ယာများက သူ့အတွက်သာ။ 


သို့သော် ကိစ္စများက ရုတ်တရက်ပြောင်းလဲသွားကာ ပါပါးလင်း မျက်လုံးထဲသို့ လင်းလော့ချင်း ပြန်ဝင်လာပြီး လင်းလော့ကျင်း၏ ရှယ်ယာများကို လုယူသွားခဲ့သည်။ 


လင်းလော့ကျင်း ဒေါသထွက်သွား၏။ “မရဘူး … ကျွန်တော် လုံးဝခွင့်မပြုနိုင်ဘူး … လင်းလော့ချင်းက ဘာလို့ ရှယ်ယာ ဆယ်ရာခိုင်နှုန်းရရမှာလဲ … ကျိယွီရှောင်က သူ့ကို ချစ်မိသွားလို့လား … ကျွန်တော် ခုချက်ချင်း ကျိယွီရှောင်ဆီကိုသွားပြီး လင်းလော့ချင်းက ငွေသုံးသန်းကြောင့် သူနဲ့အတူ ရှိနေတာလို့ ပြောလိုက်မယ် … ”


“မလုပ်နဲ့ ...” ချန်ဖုန်း သူ့လက်ကို ဆွဲလိုက်၏။ “မင်းအဖေက ငါတို့သူ့စကားနားမထောင်ပဲ ကျိယွီရှောင်ကို ရန်စတယ်လို့ ပြောပြောနေတာ … အဲဒါကြောင့် မင်းရဲ့ရှယ်ယာတွေကို လင်းလော့ချင်းဆီ ပေးပစ်လိုက်တာပဲ … မင်းသူ့ကိုထပ်ပြီး စိတ်ပျက်စေလို့မဖြစ်ဘူး … ”


သူမက သားဖြစ်သူအား နှစ်သိမ့်လိုက်သည်။ “အခုမဟုတ်ဘူးဆိုရင်တောင် အခွင့်အရေးရှိလာဦးမှာပါ … အမေနဲ့အတူတူ နာနာခံခံနေပြီး လင်းလော့ချင်းနဲ့ ကျိယွီရှောင်ကို ရန်မရှာမိစေနဲ့ … သားအဖေကိုပဲ ဂရုစိုက် … အဲဒီ့လိုဆို သားအဖေက စိတ်လည်လာပြီး သားရှယ်ယာတွေ ပြန်ရလိမ့်မယ် ...”


လင်းလော့ကျင်း သူမစကားများကို နားထောင်ပြီးနောက် တွန့်ဆုတ်စွာ သဘောတူလိုက်သည်။ “ဟုတ်ကဲ့ … ”


မကြာခင်မှာပင် လင်းပေါပြန်လာ၏။ သူက ဆိုဖာပေါ်ရှိ လူနှစ်ဦးကို ကြည့်ရင်း ဒေါသထွက်လာသည်။ 


လင်းပေါက သူတို့နှစ်ဦးကို လျစ်လျူရှုလျှက် လှေကားထံသွားလိုက်သည်။ 


ချန်ဖုန်း မတ်တပ်ရပ်လိုက်ပြီး သူ့အား ညှင်သာစွာ မေးလိုက်၏။ “ရှင်စားခဲ့ပြီးပြီလား … ရှင့်အတွက် ကျွန်မ ညစာပြင်ထားတာ ခုထိ ထိတောင်မထိရသေးဘူး … စွပ်ပြုတ်ကလည်း နွေးနေတုန်းပဲ … ”


“မလိုဘူး … ” လင်းပေါက အေးစက်စက် တုံ့ပြန်လိုက်၏။ 


သူက လှေကားတက်တော့မည့်ဆဲဆဲတွင် တစ်စုံတစ်ခုအား သတိရသွားပုံဖြင့် ချန်ဖုန်းနှင့် လင်းလော့ကျင်းကို လှည့်ကြည့်လိုက်သည်။ “မနက်ဖြန်နေ့လည် အပြင်မသွားနဲ့ … ငါမင်းတို့ကို ပြောစရာရှိတယ် … ”


ချန်ဖုန်း ထိတ်လန့်သွားကာ အမြန်မေးလိုက်၏။ “ရှင် … ရှင်ဘာပြောမလို့လဲ … ”


“အချိန်ကျလာရင် သိမှာပေါ့ ...”


ထို့နောက် သူက အပေါ်ထပ်သို့ တက်သွားလိုက်သည်။ 


လင်းလော့ချင်း သူ့ပုခုံးများကို နှိပ်နယ်လိုက်၏။ သူက ကွန်ပြူတာကိုပိတ်ကာ လင်းဖေးအား သွားရှာတော့မည့်အချိန်တွင် ဖုန်းမြည်သံအား ကြားလိုက်ရသည်။ 


သူက ဖုန်းကိုကြည့်လိုက်၏။ ဟေး … အဲဒါသူ့ရဲ့ မကောင်းတဲ့အဖေပဲ … 


လင်းလော့ချင်း ပြန်မဖြေချေ။ 


ပါပါးလင်းက သူဖုန်းမကိုင်သည်နှင့် ကျိယွီရှောင်အား ဖုန်းဆက်တော့သည်။ 


ကျိယွီရှောင် လင်းလော့ချင်းကို ကြည့်လိုက်၏။ လင်းလော့ချင်း မေးကိုချီလိုက်သည်။ “ကိုင်လိုက် ….”


ကျိယွီရှောင် ဖုန်းကိုင်လိုက်ချိန်တွင် ပါပါးလင်း၏ မေးခွန်းထုတ်သံက ထွက်ပေါ်လာသည်။ “လော့ချင်း ဘာလို့ဖုန်းမဖြေတာလဲ …” 


“သူဘယ်ကိုင်ရဲပါ့မလဲ … မနက်ဖြန်ကျ လင်းဖေးရဲ့ အဖေတွေ ထပ်ပေါ်လာရင် ဘယ့်နှယ့်လုပ်မလဲ … ” ကျိယွီရှောင် ပါးစပ်ဖွင့်လိုက်သည်နှင့် ထေ့လုံးငေါ့လုံးများသာ ထွက်ပေါ်လာ၏။ 


ပါပါးလင်း ထိုစကားကို ကြားချိန်၌ ချန်ဖုန်းကို ကြိတ်ဆဲလိုက်မိသည်။ 


သူက ကျိယွီရှောင်နှင့် ဆက်သွယ်လိုပြီး ကျိယွီရှောင်အား လင်းမိသားစုတွင် သူ၏ အရေးပါပုံကို ပြချင်ခဲ့သည်။ “ယွီရှောင် … ငါ ချန်ဖုန်းကို ဆူပြီးပါပြီ … သူမ နောက်ပိုင်းဒီလိုလုပ်ရဲမှာ မဟုတ်တော့ပါဘူး … ”


“ကျွန်တော် မယုံဘူး ...” ကျိယွီရှောင် နှာခေါင်းရှုံ့လိုက်၏။ “ခင်ဗျားသားကို သင်ပြပေးခဲ့တယ်ဆိုပြီး အရင်ကပြောခဲ့တာပဲ … နောက်ပိုင်း ဘာဖြစ်လာလဲ ခင်ဗျားလည်းသိတာပဲလေ … ”


ပါပါးလင်း ရှက်ရွံ့သွားသည်။ 


သူက လင်းလော့ကျင်းအား အကြိမ်များစွာ နားချသော်လည်း လင်းလော့ကျင်းက နားမထောင်ခဲ့ချေ။ သို့သော် လင်းလော့ကျင်းက ငယ်ရွယ်သေး၍ထား၊ သူ၏ မိခင်ချန်ဖုန်းကပါ ပါပါးလင်း၏ စကားများကို လျစ်လျူရှုခဲ့၏။ 

ဘယ်လိုတောင် ရှုပ်ထွေးတာလဲ … 


သူဘာမှမလုပ်ဘူးလို့ သူတို့တကယ်ပဲ တွေးကြတာလား… 


သူ့တွင် သားတစ်ယောက်ထဲ ရှိခြင်းမဟုတ်ပေ။ လင်းလော့ကျင်းမနာခံပါက သူ၏ ရှယ်ယာများကို တခြားလူထံ လွှဲပေးမှာဖြစ်၏။


ပါပါးလင်း ထိုသို့တွေးမိသည်နှင့် ဆုံးဖြတ်ချက်က ပိုမိုပြတ်သားလာသည်။ သူက ချန်ဖုန်းနှင့် လင်းလော့ကျင်းအား သင်ခန်းစာပေးမှသာ အနာဂတ်တွင် အလားတူဖြစ်ရပ်မျိုး ထပ်မံဖြစ်မလာမှာပင်။ 


“စိတ်မပူပါနဲ့ … အခုက တခြားကိစ္စပါ … မနက်ဖြန် မင်းနဲ့လော့ချင်း အိမ်ကိုလာနိုင်မလား … ငါမင်းတို့ကို ပြောစရာရှိတယ် … ”


“မေ့လိုက်ပါ … ” ကျိယွီရှောင် ပယ်ချလိုက်၏။ “ဦးလေး … လော့ချင်းကို လွှတ်ပေးလိုက်ပါတော့ … ဦးလေးအတွက် မိသားစုက ချန်ဖုန်းနဲ့လင်းလော့ကျင်းပဲ ရှိတာမဟုတ်လား ...”


“ယွီရှောင် … မနက်ဖြန် လော့ချင်းနဲ့အတူလာခဲ့ပါ … ငါလော့ချင်းကို ကုမ္မဏီကရှယ်ယာတွေ ပေးမယ် … ဒီတစ်ခါ သူတို့နှစ်ယောက်ကို မှတ်သားလောက်အောင် သင်ခန်းစာပေးရမယ် … ”


ကျိယွီရှောင် အံ့အားသင့်သွား၏။ “ဦးလေး … တကယ်ပြောနေတာလား … ”


“ဒါပေါ့ … ” ပါပါးလင်းက ပြော၏။ “ငါ လွှဲပြောင်းကြောင်း စာရွက်စာတမ်းတွေတောင် ရေးပြီးပြီ ….”


ကျိယွီရှောင် ရယ်ချင်သွားသည့်စိတ်အား ပြန်လည်ထိန်းချုပ်လိုက်ရသည်။ “အိုး … ဒါဖြင့် လော့ချင်းနဲ့ကျွန်တော် ပြောလိုက်ပါ့မယ် … ဦးလေး … ကျွန်တော် ပြောပြမယ် … ကျွန်တော်တို့ နှစ်ယောက်လုံးက ယောက်ျားတွေပဲလေ … ဘာလို့ မိန်းမနဲ့ကလေးတွေကို ကျွန်တော်တို့ ခေါင်းပေါ်တက်ခွင့်ပေးရမှာလဲ … လော့ချင်းကိုပဲကြည့် … သူက အရမ်းနာခံတတ်တယ် … ကျွန်တော်က ဒါမလုပ်နဲ့ပြောရင် မလုပ်ဘူး … ဒါကမှ ဇနီးကောင်းပဲ … ဦးလေးက လက်ထပ်ထားတာ နှစ်တွေကြာနေပြီလေ … ဂျူနီယာတစ်ယောက် ကျော်တက်တာ လက်မခံသင့်ဘူးမဟုတ်လား …” 


ပါပါးလင်းက မငြင်းနိုင်ဖြစ်သွား၏။ 


မှန်၏။ သူ၏သားက အလွန်နာခံတတ်သည်။ ကျိယွီရှောင်က သူ့အား ပြန်ခွင့်မပေးခဲ့သဖြင့် သူက ပြန်မလာခဲ့ချေ။ ဒါဖြင့် သူ့ဇနီးကရော … သူခွင့်မပြုတဲ့ကိစ္စကို သူ့နောက်ကွယ်မှာလုပ်ရဲတယ် … 


သူသိသွားတဲ့အထိ သူမက ဝန်မခံချင်သေးဘူး … 


လင်းပေါက ချန်ဖုန်းသူ့အပေါ် နှစ်ပေါင်းများစွာ လှည့်ဖြားခဲ့သည်ဟု ခံစားလိုက်ရသည်။ 


သူက ကျိယွီရှောင်ကဲ့သို့ ဂျူနီယာရှေ့တွင် မျက်နှာပျက်ခဲ့ရ၏။ သူ၏မာနလည်း ထိခိုက်ခဲ့သည်။  


ပါပါးလင်း စကားမြန်မြန်ပြောကာ ဖုန်းချလိုက်၏။ သူက ချန်ဖုန်းတို့သားအမိအား ပို၍ပင် အမြင်မကြည်တော့။


“မင်းအဖေဘာပြောလဲ မှန်းကြည့် … ” ကျိယွီရှောင် ဖုန်းချလိုက်ပြီး လင်းလော့ချင်းအား ပြုံးကာ မေးလိုက်သည်။ 


လင်းလော့ချင်း ပြုံးလိုက်၏။ သူက ကျိယွီရှောင်ထံ လျှောက်လာပြီး ဆံစများကို ပွတ်သပ်လိုက်သည်။ 


“ဒါက ဘာလို့လဲ … ” ကျိယွီရှောင် သူ့လက်ကလေးကို ဆွဲယူလိုက်၏။ 


“မင်းဇနီးက မင်းခေါင်းပေါ်တက်ချင်နေလို့လေ ….”


ကျိယွီရှောင် ရယ်လိုက်၏။ လင်းလော့ချင်းအား သူ့လက်မောင်းကြား ဆွဲသွင်းကာ ခေါင်းထိုးပေးလိုက်သည်။ “လုပ်လေ ...”


လင်းလော့ချင်း ကျေနပ်စွာဖြင့် သူ၏ ဆံစများကိုပွတ်သပ်လိုက်သည်။ “သူ ဘာပြောလဲ … ”


“သူက လင်းလော့ကျင်းကို ပေးဖို့ရည်ရွယ်ထားတဲ့ ရှယ်ယာဆယ်ရာခိုင်နှုန်းကို မင်းဆီလွှဲပေးမလို့တဲ့ … မနက်ဖြန်လာခဲ့ဖို့ ခေါ်နေတာ ….”


လင်းလော့ချင်း အံ့အားသင့်သွား၏။ “တကယ် … ဒီတစ်ခါ သူဘာလို့ အလျင်လိုနေတာလဲ … ”


“သူ့ရဲ့မနာခံတတ်တဲ့ ဇနီးနဲ့သားကြောင့်ပေါ့ … ”


“အိုး ~” လင်းလော့ချင်း နားလည်သွား၏။ “ဒါကြောင့် မင်းခုနက ရည်ရွယ်ချက်ရှိရှိ ပြောလိုက်တာကိုး … ”


“အဲဒီ့လို အဆိပ်အတောက်ဆန်တဲ့ အဖြောင့်ကောင်တွေနဲ့ စကားပြောရင် အရှိုက်ထိတာကို ရွေးပြောဖို့လိုတယ်လေ … ”


“မင်းကတော့ အဖြောင့်မဟုတ်ဘူး မဟုတ်ဘူးလား ...” လင်းလော့ချင်း ပြောလိုက်သည်။ 


ကျိယွီရှောင်က အလွန်မာနကြီး၏။ “ဒါပေမယ့် ကိုယ်က ယောက်ျားပီသတယ်လေ ….”


လင်းလော့ချင်း ရုတ်တရက် ရယ်လိုက်ရင်း ကျိယွီရှောင်၏ ပုခုံးကို ဖက်လိုက်သည်။ “မင်းကအရမ်းချစ်စရာကောင်းတာပဲ … ”


“မင်းအမျိုးသားကို ခန့်ညားတယ်လို့ ချီးကျူးရမှာ … ” ကျိယွီရှောင် သူ့မျက်နှာလေးကို ဆိတ်လိုက်သည်။ 


လင်းလော့ချင်းက သူ့အကြိုက်လိုက်ပြောလိုက်၏။ “အမှန်ပဲ … ငါ့အမျိုးသားက အရမ်းခန့်ညားတာ … ”


“ဒါပဲလေ … ” ကျိယွီရှောင် သူ့ကို ထောက်ခံလိုက်သည်။


လင်းလော့ချင်းက သူ့ခေါင်းကို မော့စေကာ နှုတ်ခမ်းထောင့်ကလေးများကို နမ်းလိုက်ပြီး ချွဲနွဲ့စွာ ဖက်လိုက်၏။ 


ယခုမူ သူက ကျိယွီရှောင်နှင့်အတူ အိပ်ချင်လာသည်။ သို့သော် ကလေးများကို ပြောပြီးပြီဖြစ်ရာ မနက်ဖြန်ကို စောင့်ရန်မှအပ ရွေးချယ်စရာမရှိတော့ချေ။ 


“မနက်ဖြန်ကျ ငါတို့ဟာငါတို့ အိပ်ရအောင် … ” လင်းလော့ချင်း ခပ်တိုးတိုးပြောလိုက်သည်။


“မင်းသားနဲ့ ခွဲနေမလို့လား … ” ကျိယွီရှောင် သူ့ကိုစလိုက်၏။


“ငါအဲ့လိုမလုပ်ချင်ပါဘူး ...” လင်းလော့ချင်း သူ့ကိုကြည့်လိုက်သည်။ “ဒါပေမယ့် ငါမင်းနဲ့မခွဲချင်

ဘူး … ”


သူ့မျက်နှာထက်တွင် ချိုမြိန်သည့်အပြုံးတစ်ခု ပေါ်ပေါက်လာ၏။ “ငါ့အမျိုးသားက အရမ်းခန့်ညား‌တယ်လေ … အဲဒါကြောင့် ငါသူ့အနားပဲ ကပ်နေချင်တော့တယ် ...”


ကျိယွီရှောင် ရယ်လျှက် သူ့နှုတ်ခမ်းလေးအား နမ်းလိုက်သည်။ သူက လင်းလော့ချင်းအား အချိန်အတော်ကြာ ပွေ့ဖက်ထားခဲ့၏။