Chapter 191
ကျိလဲ့ယွီ လင်းဖေးအခန်းတွင်းသို့ ရောက်သည်နှင့် ဝရန်တာထံ တန်းတန်းမတ်မတ် သွားလိုက်၏။ သူက အပြင်ဘက်တွင်ရှိသော ပါပါးကျိ၏ ကားကိုကြည့်ရင်း နောင်တရဟန်ဖြင့် ပြောသည်။
“သား အပေါ်တက်လာမိတာ နှမြောစရာပဲ … မဟုတ်ရင် သူ့ကားတာယာကို ဖြတ်လို့ရမှာ ….”
လင်းဖေး “……”
လင်းဖေး အစက ကျိလဲ့ယွီသည် မိဘများအား ကားမတော်တဆမှုကြောင့် ဆုံးရှုံးခဲ့ရခြင်းဖြစ်ရာ ကားနှင့်ပတ်သတ်သည့် ကိစ္စတိုင်းကို ရှောင်လိမ့်မည်ဟု တွေးခဲ့မိသည်။ သို့သော် ထိုသို့မဟုတ်ပုံပင်။
“ကားကို သွားမလုပ်နဲ့ … ” သူက ပြော၏။ “မင်း သေချာဂရုမစိုက်ရင် တစ်ခုခုဖြစ်သွားနိုင်တယ် ...”
“အဲဒါက ဆိုးလို့လား … ” ကျိလဲ့ယွီ၏ မျက်ဝန်းများက အပြစ်ကင်းမှုဖြင့် ပြည့်နှက်နေ၏။ “တစ်ခုခုဖြစ်သွားခဲ့ရင် သူက သားဦးလေးကို စိတ်ဆိုးအောင် ထပ်လုပ်နိုင်မှာ မဟုတ်တော့ဘူး ...”
လင်းဖေးက သူ့ခေါင်းကိုပုတ်ကာ နှစ်သိမ့်လိုက်သည်။ “ပြစ်မှုတစ်ခုက သေသင့်တဲ့အထိ မဖြစ်သင့်ဘူး ...”
“ကိုကို ဘာကိုပြောချင်တာလဲ … ” ကျိလဲ့ယွီ နားမလည်ပေ။
“သူ အမှားလုပ်ခဲ့ပေမယ့် သူသေစရာ မလိုဘူးလေ ...”
“ကိုကို ဒါကို ဘယ်လိုလုပ်သိတာလဲ … ” ကျိလဲ့ယွီ ဇဝေဇဝါဖြစ်သွား၏။ “ဘာသာစကားသင်တန်းမှာ ဒါကိုမသင်ပေးပါဘူး …”
လင်းဖေး “……”
“ကိုကို တီဗီရှိုးထဲက သိလာတာ … ဟိုတစ်နေ့က မင်းကြည့်တဲ့ ဇာတ်ကားထဲက ဇာတ်လိုက်က ဒီစကားကို ပြောခဲ့တာလေ … ”
သူက သက်ပြင်းချလိုက်သည်။ “မင်းစာမဖတ်ရင်တောင် တီဗီကြည့်ရင် နည်းနည်းပို အာရုံစိုက်သင့်တယ် ...”
သူ ဘာလို့အရမ်းတုံးတာလဲ …
ကျိလဲ့ယွီ “……”
ကျိလဲ့ယွီ ကြောင်တောင်တောင်ဖြစ်သွား၏။ ဘယ်သူက တီဗီကြည့်နေရင်း နားမလည်တဲ့ စကားလုံးတွေကို လိုက်မှတ်ထားလို့လဲ …
ကိုကိုပဲ အဲဒီ့လိုလုပ်မှာ …
နည်းနည်းပဲစာလုပ်ရင် သူသေမှာမို့လို့လား …
သူက ဒေါသတကြီး ခေါင်းကိုလှည့်လိုက်၏။ ထိုစဉ် ပါပါးကျိ ခြံထဲသို့ လျှောက်လာသည်ကို တွေ့လိုက်ရသည်။
ကျိလဲ့ယွီ နှာခေါင်းရှုံ့လိုက်၏။ “ဒီအတိုင်းသွားခွင့်ပေးလိုက်တာက သူ့အတွက် လွယ်လွန်းတယ် ...”
“ဒါဖြင့် အဲဒီ့လို မဖြစ်စေနဲ့ပေါ့ … ” လင်းဖေး ပြောလိုက်သည်။
ကျိလဲ့ယွီ ကြောင်အသွား၏။ သူလှည့်ကြည့်လိုက်ချိန်တွင် ဗီရိုထဲမှ လေးခွအား ထုတ်လာသည့် လင်းဖေးကို တွေ့လိုက်ရသည်။
သူက ဝရန်တာရှိပြတင်းပေါက်ထံသို့ လျှောက်လာ၏။ ထို့နောက် ပါပါးကျိ၏ ဦးခေါင်းနောက်ကို ချိန်ရွယ်ကာ လေးခွဖြင့် ပစ်လိုက်သည်။
ကျိလဲ့ယွီ “…”
ပါပါးကျိက ဒေါသတကြီး လျှောက်နေရင်း ဦးခေါင်းအနောက်ဘက်မှ နာကျင်မှုကြောင့် လှည့်ကြည့်လိုက်၏။ သို့သော် သူက ဘာမှမတွေ့ခဲ့ရချေ။
သူက ငုံ့ရှာသော်လည်း သူ့ခေါင်းကို လာထိသည့် အရာအား မတွေ့ခဲ့ရချေ။
၎င်းမှာ အလွန်ထူးဆန်း၏။ ပါပါးကျိ ပို၍စိတ်ဆိုးလာပြီး ထွက်သွားရန် အရှိန်တင်လိုက်သည်။
ကျိလဲ့ယွီက ထိုမြင်ကွင်းကို ကြည့်ရင်း အားရပါးရ ရယ်မိတော့၏။
သူက ဘေးတွင်ထိုင်နေသည့် လင်းဖေးကို ကြည့်လိုက်သည်။ “ကိုကိုလည်း ဒီလိုလုပ်တတ်တာပဲလား …”
“ဒါပေါ့ … ” လင်းဖေး တည်ငြိမ်စွာ ပြန်ဖြေသည်။
“စိတ်မပူပါနဲ့ … သားဒါကို လျှို့ဝှက်ထားမှာပါ ...” ကျိလဲ့ယွီက သူ၏ ရင်ဘတ်အား ပုတ်ပြလိုက်၏။
လင်းဖေး ဂရုမစိုက်ပေ။ “လုပ်ချင်တာလုပ် ...”
“ဒယ်ဒီနဲ့ ပါပါးသိသွားမှာ မစိုးရိမ်ဘူးလား … ”
သူ့ပုံစံကကြောက်နေပုံပေါ်လို့လား …
“ငါက လိမ္မာတဲ့ကလေးမှ မဟုတ်တာ … ” လင်းဖေးက တည်ငြိမ်စွာပြောသည်။ “မင်းသာ လိမ္မာချင်ယောင်ဆောင်ရတာကို သဘောကျတာ ...”
ကျိလဲ့ယွီ “……”
ထိုသည်မှာအမှန်ပင်။
သို့သော် လင်းဖေး ထိုသို့လုပ်မည်ဟု သူ မမျှော်လင့်ထားခဲ့။
“နောက်တစ်ခါ သားတစ်ခုခုဆိုးတာ လုပ်တော့မယ်ဆိုရင် ကိုကို့ကိုလည်း ခေါ်မယ် ...”
လင်းဖေး သူ့အား အထင်သေးဟန်ဖြင့် ကြည့်လိုက်၏။ သူက ဝရန်တာတွင်ထိုင်နေရာမှ ထကာ စားပွဲထံသို့ လျှောက်သွားလိုက်သည်။
“ဘာလို့ သားကိုအဲဒီ့လိုကြည့်တာလဲ … ” ကျိလဲ့ယွီ မကျေနပ်ချေ။ “သားကို နည်းနည်းပိုသဘောကျပေးလို့ မရဘူးလား … သားက ကိုကို့ရဲ့ညီလေးလေ … ”
လင်းဖေး ပြန်လှည့်ကြည့်ချိန်တွင် နှုတ်ခမ်းစူနေသည့် ကျိလဲ့ယွီအား တွေ့လိုက်ရသည်။ သူက ပြုံးလိုက်မိ၏။
သူက ဘာမှမပြောသော်လည်း သူ့မျက်ဝန်းများကမူ တဖြည်းဖြည်း ပြန်လည်တည်ငြိမ်စ ပြုလာ၏။ သူနှင့် လင်းလော့ချင်းတို့ အတူတကွ ကျိကျန်းဟုန်အား တွေ့ချိန်တွင် ကျိကျန်းဟုန် လင်းလော့ချင်းအပေါ် မလေးမစား ပြုမူသည်မှာ ဤသည်က တတိယအကြိမ် ဖြစ်သည်။
အထူးသဖြင့် ယနေ့ပင်။ သူက လင်းလော့ချင်းအား လမ်းဖယ်ရန်ပြောခဲ့ပြီး လင်းလော့ချင်းသည် သူ့အား အဖေခေါ်ရန် မထိုက်တန်ကြောင်း ပြောခဲ့၏။
လင်းဖေးက လင်းလော့ချင်းအား ပါပါးဟု စတင်ခေါ်ဆိုနေပြီဖြစ်ရာ ထိုအခေါအဝေါ်နှင့် ပတ်သတ်၍ သူက အလွန်အလေးအနက်ထားသည်။ ကျိကျန်းဟုန်၏ စကားများကို သူ မနှစ်မြို့ချေ။
သူ၏ ကိုယ်ပိုင်ကိစ္စများတွင် သူက အလွန်သွေးအေးလေ့ရှိ၏။ ယခုကဲ့သို့ စိတ်လိုက်မာန်ပါ ပြုမူခဲ့ခြင်း တစ်ကြိမ်တစ်ခါပင် မရှိခဲ့။
သို့သော် လင်းလော့ချင်းနှင့် ပတ်သတ်လာလျှင်မူ ကွဲပြား၏။ လင်းလော့ချင်းက သန့်စင်ကာ ကလေးဆန်လှသည်။ လင်းဖေးက မည်သူ့ကိုမှ လင်းလော့ချင်းအပေါ် မလေးမစား ဆက်ဆံခွင့်ပြုမည် မဟုတ်ပေ။
ထို့ကြောင့် လင်းဖေးက ကျိကျန်းဟုန်အား လွယ်လွယ် ထွက်သွားခွင့် မပြုနိုင်ခြင်းဖြစ်သည်။
သို့သော် ကျိကျန်းဟုန်က လင်းလော့ချင်းအား စကားဖြင့်သာ မလေးမစားလုပ်ခဲ့ခြင်း ဖြစ်သဖြင့် လင်းဖေးသူ့အား လေးခွစာသာ ကျွေးခဲ့ခြင်းဖြစ်၏။
၎င်းက မျှတသည်။
လင်းဖေးက စာအုပ်ကို ဖွင့်လိုက်ပြီး တည်ငြိမ်သော အမူအရာဖြင့် စာစဖတ်လိုက်သည်။
လင်းလော့ချင်းက ပါပါးကျိ ထွက်သွားသည်အထိ ကြည့်နေပြီးနောက် ကျိယွီရှောင်အား မေးလိုက်သည်။ “သူဘာလို့ မင်းကိုလာရှာတာလဲ … ”
“ရှောင်ယွီ့ကို ကိုယ့်ဆီက ခေါ်ထုတ်သွားချင်လို့လေ … ”
လင်းလော့ချင်း နားမလည်ချေ။ “သူဘာလို့ ဒီလောက် ခေါင်းမာနေတာလဲ … မင်းအစ်ကိုက ရှောင်ယွီရဲ့စောင့်ရှောက်ခွင့်ကို မင်းဆီလွှဲပေးပြီးသားလေ … သူက ရှောင်ယွီ့အဖေမှမဟုတ်တာ … ဘာလို့မင်းနဲ့ လိုက်ပြိုင်နေတာလဲ … ”
ချန်းမင်က ဖခင်တစ်ဦးဖြစ်ရာ တိုက်ခိုက်နိုင်စွမ်းရှိသည်။ သို့သော် ပါပါးကျိကမူ အဘယ့်ကြောင့်နည်း။
“သူက ရှောင်ယွီ့ကိုမဟုတ်ပဲ ကိုယ့်အစ်ကိုရဲ့ ရှယ်ယာတွေကို လိုချင်နေတာ … ” ကျိယွီရှောင် တည်ငြိမ်စွာဖြေ၏။
“သူ့မှာမရှိလို့လား … ”
ကျိယွီရှောင်က လင်းလော့ချင်းအား နွေးထွေးစွာ ရှင်းပြလိုက်သည်။ “ကိုယ့်အမေဆုံးတော့ ကိုယ်နဲ့ ကိုယ့်အစ်ကိုကို သူမရဲ့ရှယ်ယာတွေ အမွေပေးခဲ့တယ် … နောက်တော့ ကိုယ့်အစ်ကို အရွယ်ရောက်လာတော့ အဖေက သူ့ရှယ်ယာအချို့ လွှဲပေးခဲ့တယ် … ကိုယ်လည်း ရခဲ့တာပေါ့ … ဒါပေမယ့် ဒီနှစ်ပိုင်းမှာ အစ်ကိုကြီးက တခြားလူတွေဆီက ရှယ်ယာတွေကို လိုက်စုနိုင်ခဲ့တယ်လေ … ဒါ့ကြောင့် အစ်ကိုကြီးရဲ့ရှယ်ယာက အဖေ့ရှယ်ယာနဲ့ သိပ်မကွာတော့ဘူး …”
“ဒီတော့ သူနဲ့ကိုယ့်ရဲ့ ရှယ်ယာတွေကိုပေါင်းလိုက်ရင် ရှယ်ယာပမာဏက အဖေ့ကို အသာလေးကျော်တက်သွားမှာ … ကိုယ်က ကျိအုပ်စုရဲ့ဉက္ကဌတောင် လုပ်နိုင်တယ် … ”
လင်းလော့ချင်း နားလည်သွား၏။ “သူက မင်းရဲ့ခွန်အားကို ကန့်သတ်ထားချင်လို့ မင်းအစ်ကိုရဲ့ရှယ်ယာတွေကို လာယူတာလား … အရင်ခေတ်က ရှင်ဘုရင်တွေလိုပေါ့ … ထီးနန်းကို လွှဲပေးမယ်ဆိုရင်တောင် သူတို့ မသေသေးခင်အထိ အာဏာကို လွှဲမပေးဘူး ဆိုတာမျိုး …”
ကျိယွီရှောင် ဘာမှပြန်မပြောချေ။ သူသည်လည်း ထိုသို့တွေးခဲ့၏။ သို့သော် အခြားကိစ္စများ ရှိနေသေးပုံရသည်။
သူက ခဏတိတ်နေပြီးနောက် ဆက်ပြော၏။ “ဒီတော့ သူက ရှောင်ယွီ့ကို လိုချင်တာမဟုတ်ဘူး … ဒီအတိုင်း ကိုယ့်ဆီက ရှောင်ယွီ့ကို ခွဲထုတ်ချင်ရုံပဲ … ကိုယ်သူနဲ့ တရားရင်ဆိုင်မှာ မဟုတ်မှန်း သူသိတယ်လေ … သူက ရှောင်ယွီ သူ့သဘောနဲ့သူ သူ့ဆီလိုက်နေတာကို လိုချင်တာ … ကိုယ်ရှောင်ယွီ့ဆန္ဒကို ပယ်ချမှာ မဟုတ်မှန်း သူသိတယ် … ရှောင်ယွီ့ သူ့ကို တစ်ကြိမ်ရွေးလိုက်တာနဲ့ ကိုယ် ရှောင်ယွီ့ကို ပြန်လိုချင်ရင် ရှယ်ယာနဲ့ အလဲအလှယ် လုပ်ရတော့မှာ … ရှောင်ယွီနဲ့ ရှယ်ယာကြားမှာ ကိုယ်က ရှောင်ယွီ့ကိုပဲ သေချာပေါက် ရွေးလိမ့်မယ်ဆိုတာ သူသိတယ် … ဒါက သူ့အကြံအစည်ပဲ …”
ကလေးတစ်ဦးအတွက် လူကြီးနှစ်ယောက် တိုက်ခိုက်ကြချိန်တွင် ကလေးငိုသည်နှင့် ကလေးအား ပို၍ချစ်သည့်ဘက်က အရင်လွှတ်ပေးပေလိမ့်မည်။ အကယ်၍ ကလေးသာ ထိုလူဘက်မှ ရှိနေပါက အားလုံးအဆင်ပြေ၏။
သို့သော် ကလေးက အခြားတစ်ဖက်ကို ရွေးချယ်ခဲ့ပါက သူ့ဟာသူ ပြန်လာမည်မဟုတ်တော့ချေ။ ထိုအခါ တစ်ဖက်လူ ကလေးကို ထပ်မံမလုယူစေရန် သူ၏ တောင်းဆိုချက်များအား လိုက်လျောရတော့မှာ ဖြစ်သည်။
ကံကောင်းစွာဖြင့် ကျိလဲ့ယွီသည် ထိုသို့သော ကိစ္စမျိုးတွင် ကျိယွီရှောင်ကိုသာ အမြဲရွေးချယ်လေ့ရှိသည်။
လင်းလော့ချင်း လက်မခံနိုင်ခဲ့။ “ရှောင်ယွီက သူ့မြေးလေ ...”
‘အဲဒီ့တော့ … ’ ကျိယွီရှောင် တွေးလိုက်၏။ ‘သားကိုတောင် ဂရုမစိုက်တာ … မြေးကို ဂရုစိုက်မယ်တဲ့လား … ’
သူက သူ့ကိုယ်သူအတွက်ပဲ သိတာ။
“သူ့အကြောင်း မပြောတော့ဘူး … ခဏနားပြီး ထမင်းစားရအောင် …”
လင်းလော့ချင်း ခေါင်းညှိတ်လိုက်သည်။ ထို့နောက် တစ်စုံတစ်ခုအား သတိရသွား၏။ “ငါမင်းနဲ့ တိုင်ပင်စရာရှိတယ် … ”
“ဘာများလဲ … ”
“တစ်ယောက်ယောက်ကို မွေးစားမယ်ဆိုရင် ဘာတွေပြင်ဆင်ရမလဲ … ” လင်းလော့ချင်း မျက်တောင်များကို တဖျပ်ဖျပ်ခတ်ကာ သူ့ကိုကြည့်လိုက်၏။ “ဖေးဖေးက ငါ့ကိုအခု ပါပါးလို့ ခေါ်နေပြီလေ … ငါသူ့ကို မွေးစားလိုက်ရင် ငါတို့က တကယ့်မိသားစုအစစ်ဖြစ်သွားတော့မှာ … ”
ကျိယွီရှောင် “……”
ကျိယွီရှောင် သူ့ကိုကြည့်လိုက်၏။ “မင်း ကိုယ်တို့ လက်ထပ်မှတ်ပုံတင် လုပ်တုန်းက အိမ်ထောင်စုဇယားကို မကြည့်ခဲ့ဘူးလား … ”
လင်းလော့ချင်း ခေါင်းယမ်းလိုက်၏။ ထိုစဉ်က သူတို့နှစ်ဦးမှာ မရင်းနှီးကြချေ။ သူက ဘယ်လိုလုပ်အဲဒီ့လို ရှက်ဖို့ကောင်းတာမျိုး လုပ်နိုင်မှာလဲ …
ကျိယွီရှောင် သက်ပြင်းချလိုက်၏။ “ကိုယ်ရှောင်ယွီ့ကို မွေးစားမထားဘူး … ရှောင်ယွီက ကိုယ့်အစ်ကိုနဲ့ မရီးရဲ့ အိမ်ထောင်စုဇယားထဲမှာ ရှိနေတုန်းပဲ ...”
လင်းလော့ချင်း “…”
“မင်း ရှောင်ယွီ့ကို မွေးစားမထားဘူးလား … ”
ကျိယွီရှောင် ခေါင်းညှိတ်လိုက်သည်။ “ကိုယ်က သူ့မွေးစားအဖေဖြစ်ပြီး သူနဲ့အတူ နေ့ရောညပါ ရှိပေးတယ် … အနာဂတ်မှာ သူ့ဘဝထဲ ကိုယ်က နေရာပိုယူလာမှာပဲ … ဒါပေမယ့် ကိုယ်က သူ့ရဲ့အဖေရင်း မဟုတ်ဘူးဆိုတာကို ရှောင်ယွီအမြဲ အမှတ်ရနေစေချင်တယ် … သူ့ရဲ့မိဘတွေက ကျိယွီလင်နဲ့ ချန်းဝေ့ပဲ … သူတို့က သူ့ကို အရမ်းချစ်ကြတယ် … ဒါ့ကြောင့် သူတို့အတူတူရှိနေနိုင်တဲ့ တစ်ခုထဲသော နေရာကနေ ကိုယ် ရှောင်ယွီ့ကို ခွဲမထုတ်ရက်ဘူး ….”
“သူတို့ကမှ မိသားစု အစစ်ပဲ ... သူက အစ်ကိုကြီးနဲ့မရီးရဲ့ ကလေးဖြစ်တာကြောင့် သူတို့ရဲ့ အိမ်ထောင်စုဇယားထဲမှာပဲ ရှိနေသင့်တယ် … ကိုယ်သူ့ကို အမြဲတမ်းချစ်သွားမှာပါ …ဒါပေမယ့် သူ့မှာ မိဘရင်းတွေနဲ့အတူ ကမ္ဘာတစ်ခု ပိုင်ဆိုင်နေဖို့ ကိုယ်မျှော်လင့်မိတယ် …”
သူ့မိဘရင်းတွေက သေဆုံးသွားခဲ့တယ်ဆိုရင်တောင်မှပေါ့ …
လင်းလော့ချင်း တိတ်ဆိတ်စွာ နားထောင်နေပြီး ဘာပြောရမှန်းမသိ ဖြစ်သွား၏။
ထိုအခိုက်အတန့်တွင် ကျိယွီရှောင်သည် တစ်ကမ္ဘာလုံးတွင် အကြင်နာတတ်ဆုံး လူတစ်ဦးဖြစ်သည်ဟု သူခံစားမိလိုက်သည်။
သူ၏ အစ်ကိုက သားဖြစ်သူအား သူ့ထံ အပ်နှံခဲ့သည်မှာ အံ့ဩစရာမရှိတော့။
ကျိယွီလင်၏ နှလုံးသားထဲတွင် ကျိယွီရှောင်သည် အလွန်ကြင်နာတတ်ပြီး အပြစ်ကင်းကာ ယုံကြည်အားထားရသော ညီငယ်တစ်ဦး ဖြစ်ပုံရ၏။
“ငါသိပြီ … ” လင်းလော့ချင်း ညှင်သာစွာ ပြောလိုက်သည်။
သူက လင်းဖေးအား သူ၏ အိမ်ထောင်စုဇယားထဲတွင် ရှိစေချင်မိခဲ့သည်။ ယခုမူ လင်းလော့ရှီးနှင့် အတူထားရန်သာ ဆုံးဖြတ်လိုက်၏။
လင်းလော့ရှီး၏ အထီးကျန်ဆန်ပြီး တိုတောင်းသော ဘဝထဲတွင် လင်းဖေးသာ သူမ၏ ပျော်ရွှင်မှုဖြစ်ခဲ့သည်။ သူမက လူအများအပြားကို ချစ်ခင်ခဲ့သော်လည်း လင်းဖေး တစ်ဦးထဲထံမှသာ တန်ပြန်မေတ္တာအား ခံစားခဲ့ရ၏။
လင်းဖေးတွင်လည်း သူ့အား ကိုယ်ဝန်စရှိချိန်မှစ၍ တစ်ဦးထဲပျိုးထောင်ကာ ကြိုးစားရုန်းကန်ခဲ့သော မိခင်ဖြစ်သူနှင့် အတူရှိနိုင်မည့် ကမ္ဘာတစ်ခု ပိုင်ဆိုင်သင့်သည်။
သူက လင်းဖေးနှင့်အတူ ရှိနေပြီဖြစ်ရာ အိမ်ထောင်စုဇယားသည် အရေးမပါတော့ချေ။
သူတို့က မိသားစုများ ဖြစ်နှင့်ပြီးလေပြီ။ ထိုကိစ္စများက အရေးမပါတော့။
လင်းလော့ချင်း ပြုံးလျှက် ကျိယွီရှောင်အား နမ်းလိုက်သည်။ “ကျေးဇူးပါ … ”
“ကိုယ့်ကို ဘာလို့ကျေးဇူးတင်တာလဲ … ” ကျိယွီရှောင် နားမလည်ခဲ့။ “မင်း ဖေးဖေးကို မွေးစားချင်ရင် ကိုယ် လက်ထောက်ကိုခေါ်ပြီး စာရွက်စာတမ်းတေွ ပြင်ဆင်ခိုင်းလိုက်မယ်လေ ...”
“နေပါစေ ...” လင်းလော့ချင်းက ပျော်ရွှင်စွာပြော၏။ “မင်းပြောတာမှန်တယ်လို့ ငါထင်တယ် … ဖေးဖေးနဲ့သူ့အမေမှာလည်း ကိုယ်ပိုင်ကမ္ဘာလေး ရှိသင့်တယ်လေ ...”
“မင်းက အရမ်းစိတ်ကူးယဉ်ဆန်ပြီး ကြင်နာတတ်တာပဲ … မင်းကြောင့် ငါလည်း အဲဒီ့လို ဖြစ်ချင်လာပြီ … ”
ကျိယွီရှောင် ရယ်လိုက်၏။ “မင်းက အစကတည်းက အဲဒီ့လို လူမျိုးပါ … ”
လင်းလော့ချင်း၏ မျက်ဝန်းများ ကွေးညွှတ်သွား၏။ သူက ကျိယွီရှောင်ကိုကြည့်ကာ ညှင်သာနူးညံ့သော အသံဖြင့် ပြောလိုက်သည်။ “ဒါက ငါ့နတ်ဘုရားရဲ့ ဆွဲဆောင်မှုပဲဖြစ်မှာ ….”
ကျိယွီရှောင်က လင်းလော့ချင်း၏ ခါးကိုဖက်ကာ သူ့ပေါင်ပေါ် ထိုင်စေ၏။ “မင်းကိုယ့်ကို ရန်စနေပြန်ပြီ ...”
“ဒါကို ရန်စတယ် ခေါ်လို့ရမလား …” လင်းလော့ချင်း မျက်တောင်ခတ်လိုက်၏။ သူက ကျိယွီရှောင်၏ မေးဖျားကို လက်ဖြင့်ပင့်လိုက်သည်။ “ဒါဆို ဒါကရော ဘယ်လိုခေါ်လဲ … ”
ကျိယွီရှောင် “……”
ကျိယွီရှောင်က သူထိုလူနှင့် ရှင်းရတော့မည်ဟု ခံစားလိုက်မိသည်။
“ညကျမှ ဘယ်လိုဖြစ်မလဲ စောင့်ကြည့်လိုက်လေ … ”
“ဘာတွေလျှောက်တွေးနေတာလဲ … ” လင်းလော့ချင်း သူ့လည်ပင်းကို ဖက်လိုက်၏။ “ဒီည ငါတို့မိသားစုလေးယောက် တူတူအိပ်ကြမှာလေ … မင်းက ရှောင်ယွီနဲ့ဖေးဖေးရှေ့မှာ တစ်ခုခု လုပ်ရဲမှာမို့လို့လား … .”
ကျိယွီရှောင် “……”
ကျိယွီရှောင် ခဏတွေဝေသွားသော်လည်း မငြင်းဆန်ခဲ့။ သူက လင်းလော့ချင်း နောက်ထပ်ဘာမှ မပြောနိုင်ရန် အနမ်းဖြင့် နှုတ်ပိတ်လိုက်၏။
လင်းလော့ချင်း ပြုံးကာ ပြန်နမ်းလိုက်သည်။ သူ၏ အမျိုးသားက ပါပါးကျိရောက်ရှိလာမှုကြောင့် စိတ်အနှောင့်အယှက် မဖြစ်တော့ချေ။
၎င်းက ကောင်းမွန်သည့်ကိစ္စဖြစ်သည်။
သူက ကျိယွီရှောင် စိတ်ဆိုးမည်ကို မလိုလားချေ။
အန်တီကျန်း ချက်ပြုတ်ပြီးချိန်၌ လင်းလော့ချင်းက အပေါ်ထပ်ကိုတက်ကာ လင်းဖေးနှင့်ကျိလဲ့ယွီအား ခေါ်လိုက်သည်။
ကျိလဲ့ယွီက ကျိယွီရှောင်၏ ပုံမှန်အမူအရာကို တွေ့ရမှသာ စိတ်သက်သာရာရသွား၏။
သူက ကျိယွီရှောင်အား နှစ်သိမ့်လိုက်သည်။ “ဒယ်ဒီ … မစိုးရိမ်ပါနဲ့ … သား အဖိုးနဲ့ လိုက်မသွားပါဘူး …. ဒယ်ဒီနဲ့ပဲ အမြဲတမ်းနေမှာ ….”
သူက ထိုသို့ပြောပြီးသည်နှင့် တစ်စုံတစ်ခုအား အမှတ်ရသွားသည်။ “ပါပါး ….”
ကျိယွီရှောင် ပြုံးကာ သူ့အတွက် ဟင်းထည့်ပေးလိုက်၏။ “ဟုတ်ပါပြီ ...”
“သား ဖိုးဖိုးကို မကြိုက်ဘူး … ပါပါးကိုပဲ သဘောကျတယ် … ” ကျိလဲ့ယွီက သူခံစားရသည့်အတိုင်း ပြောလိုက်သည်။
ကျိယွီရှောင်က ထိုအရာအား သူသဘောကျရန်သာ ပြောခြင်းဖြစ်သည်ဟု မှတ်ယူလိုက်၏။ သူက ထိုစကားကို အတည်မယူချေ။ “ဟုတ်ပြီ … ပါပါး နားလည်ပါပြီ … ”
‘မဟုတ်ပဲနဲ့ … ’ လင်းလော့ချင်းက သူ၏ ပုံမှန်အမူအရာကြောင့် စိတ်တွင်းမှ တွေးလိုက်မိသည်။ ‘မင်းသားက မင်းအဖေကို တကယ်မကြိုက်တာ … သူကမင်းကိုပဲ ချစ်တာ ...’
မင်းအဖေက သူများအိမ်မှာ ကပ်နေတဲ့ ကျီးကန်းလိုပဲ … အခုတော့ ကျီးကန်းက အိမ်ခေါင်မိုးကို လာဆိတ်နေပြီဆိုတော့ အိမ်က ကန်ထုတ်ချိန်တန်ပြီ။
အာ … ကောင်းလိုက်တာ … ငါ့ရဲ့ကြင်နာတတ်တဲ့ အမျိုးသားက ဘာမှမသိဘူးပဲ …
လင်းလော့ချင်း တူကိုကိုင်ကာ ကျိယွီရှောင်အတွက် ဟင်းထည့်ပေးလိုက်သည်။ “မင်းလည်းစား ...”
ကျိယွီရှောင်က တစ်ဖက်လူ၏ မူမမှန်သော အသံနေအသံထားကြောင့် လင်းလော့ချင်းအား အပြစ်ကင်းစွာ စိုက်ကြည့်လိုက်သည်။