အပိုင်း ၁၉၀
Viewers 35k

Chapter 190




ကျိယွီရှောင်က အိမ်တွင် စာထိုင်ဖတ်နေ၏၊၊ သူ့အတွက် နားနေချိန်မှာ အလွန်ရှားပါးလှသည်။ ထို့ကြောင့် သူ၏ ဇနီးနှင့်ကလေးများ ပြန်မရောက်သေးသည်ဖြစ်ရာ တစ်ခါမှ မဖတ်ဖူးသည့် စာအုပ်ကို ဖတ်ရန် ကောက်ကိုင်လိုက်၏။  


ထိုစဉ် အန်တီကျန်းက သူ့အား အကြောင်းကြားလာသည်။ “သခင်လေး … သခင်လေးရဲ့ အဖေရောက်နေပါတယ် … ”


ကျိယွီရှောင် ဒဏ်ရာရခဲ့စဉ်က ပါပါးကျိသည် လက်ရှိအိမ်သို့ ရောက်လာခဲ့ပြီး အကြီးအကျယ် စကားများခဲ့ဖူး၏။ ထိုအချိန်မှစ၍ ပါပါးကျိက ကျိယွီရှောင်၏ အိမ်သို့ လာချင်လျှင် အန်တီကျန်းထံမှ အကြောင်းကြားရပြီး ကျိယွီရှောင် ခွင့်ပြုမှသာ အိမ်တွင်းသို့ ဝင်ရလေ့ရှိသည်။ 


ထို့ကြောင့် အန်တီကျန်းက မေးလိုက်၏။ “သူ့ကို ဝင်ခွင့်ပေးလိုက်ရမလား … ”


ကျိယွီရှောင် အံ့အားသင့်သွားသည်။ သူ့အဖေက ဒီတစ်ခါရော ဘာလာလုပ်ပြန်တာလဲ …


သူဘွဲ့ရပြီးနောက် အိမ်ပြောင်းခဲ့သည့် အချိန်မှစ၍ သူ၏ဖခင် လာရောက်သည်မှာ ရှားပါးလှ၏။ ကားမတော်တဆမှု ဖြစ်ပြီးနောက် တစ်ကြိမ်စကားများခဲ့သည်မှအပ ဤအိမ်သို့ လွန်ခဲ့သည့် ခြောက်လလုံးလုံး ရောက်မလာခဲ့ချေ။ 


“ဝင်ခွင့်ပေးလိုက်ပါ … ” ကျိယွီရှောင် ပြန်ဖြေလိုက်သည်။


သူက အနည်းငယ် သိချင်နေ၏။ သူ့အဖေ ဒီတစ်ခါလာတာက ဒီအတိုင်း စိတ်ပူလို့်တော့ မဟုတ်လောက်ဘူး ထင်တယ် … 


ကျိယွီရှောင်က ဝှီးချဲလ်ကိုတွန်းကာ စာကြည့်ခန်းထဲမှထွက်၍ ဓာတ်လှေကားထံသို့ ဦးတည်လိုက်၏။ 


ပါပါးကျိက ဒေါသတကြီး ရောက်လာခဲ့သော်ငြား သူ့အား တံခါးပိတ်ထားသဖြင့် ပို၍ပင် သွေးတိုးချင်လာသည်။ 


အန်တီကျန်းက တံခါးဖွင့်ပေးချိန်တွင် သူမအား စိုက်ကြည့်လိုက်သည့် ပါပါးကျိကြောင့် ထိတ်လန့်သွား၏။ သူမက စိတ်တွင်းမှ ပြောလိုက်သည်။ ‘ဘာတွေလာကြည့်နေတာလဲ … ရှင်သာ ဒေါသတကြီး ဆူပူမနေခဲ့ရင် သခင်လေးကျိက ရှင့်ကို ဝင်ခွင့်ပြုခဲ့မှာပဲလေ … ’


သူမက ကျိယွီရှောင်၏ ပိုက်ဆံကို ယူနေခြင်းဖြစ်ရာ ကျိယွီရှောင်၏ စကားကို နားထောင်ရန် လို၏။ ကျိယွီရှောင်က သူမအား လခအလုံအလောက်ပေးသည်။ သူ့ကဲ့သို့ အလုပ်ရှင်အား လွယ်လွယ်ရှာတွေ့နိုင်မည် မဟုတ်ပေ။ 


အန်တီကျန်းက တံခါးကို အသံမမြည်အောင် ပိတ်ရင်း ပါပါးကျိနောက်မှ လိုက်ဝင်လာခဲ့၏။


ပါပါးကျိက ဗီလာအတွင်းသို့ ခပ်သွက်သွက် ဝင်သွားသည်။ ထိုစဉ် ဓာတ်လှေကားအတွင်းမှ ထွက်လာသည့် ကျိယွီရှောင်ကို တွေိ့လိုက်ရ၏။ 


သူက ကြောင်အသွားခဲ့သည်။ ယခုမှသာ ကျိယွီရှောင်က သူ၏အိမ်အတွင်း၌ ဓာတ်လှေကားတပ်ထားကြောင်း သိရခြင်းဖြစ်သည်။ 


အေးလေ … သူ့လက်ရှိပုံစံနဲ့ဆို ဓာတ်လှေကားတပ်ထားမှ အဆင်ပြေမှာပဲ … 


သူက ထိုသို့တွေးမိသည်နှင့် အိမ်ဟောင်းသို့ ကျိယွီရှောင် ပြန်လာခဲ့စဉ်က လင်းလော့ချင်း သူ့အား သယ်သွားပေးရကြောင်း အမှတ်ရသွား၏။


သူ၏သားသည် အလွန်မာနကြီးသော လူတစ်ဦးဖြစ်သည်။ သူက လှေကားကိုပင် ကိုယ့်အားကိုယ်ကိုး၍ မဆင်းနိုင်သည်ဖြစ်ရာ မည်သို့ စိတ်မကောင်းမဖြစ်ပဲ နေနိုင်ခဲ့မည်နည်း။ 


ပထမဆုံးအနေဖြင့် ပါပါးကျိက ကျိယွီရှောင်အား လျစ်လျူရှုမိသည်ဟု ခံစားလိုက်ရသည်။


မတော်တဆမှုက ရုတ်တရက် ဖြစ်သွားခြင်းဖြစ်ရာ ကျိယွီလင်၏ ကိစ္စအဝဝကို ကိုင်တွယ်ရင်း သူအလုပ်ရှုပ်နေခဲ့သည်။ ကျိယွီလင်၏ ကိစ္စများ အပြီးသတ်သွားသည့်နောက် ကျိယွီရှောင်၏ ကိစ္စက ပေါ်လာပြန်၏။ သူက ကျိယွီလင်၏ ရှယ်ယာများကို ပြန်လိုချင်သော်လည်း ကျိယွီရှောင်က ပြန်မပေးခဲ့ချေ။ ထို့အပြင် ကျိယွီရှောင်၏ မိမိကိုယ်ကိုယ် အရှုံးပေးထားသော ပုံစံကြောင့် ပါပါးကျိ အလွန်ဒေါသဖြစ်ခဲ့ရသည်။ သူတို့က အသေးအမွှားကိစ္စများကိုပင် စကားများကြ၏။ 


ပါပါးကျိက ရှက်ရွံ့သွားကာ မိဘမေတ္တာက သူ့စိတ်နှလုံးတွင် ပြန်လည်နေရာယူလာခဲ့သည်။ “မင်း ပိုသက်သာလာပြီလား … ”


ကျိယွီရှောင်က ထိုသို့အမေးခံလိုက်ရသဖြင့် ပါပါးကျိသည် သူ့ကျန်းမာရေးကို သိချင်၍ လာရောက်လည်ပတ်ခြင်း ဖြစ်သည်ဟု တွေးလိုက်၏။ 


သူက ထိုသို့စဉ်းစားပြီးနောက် သူ၏ ခြေထောက်များ ပို၍သက်သာလာကြောင်း သိသူသည် လင်းလော့ချင်း၊ ဝေ့ကျွင်းဟယ်နှင့် ရှောင်လီသာ ရှိကြောင်း တွေးလိုက်မိသည်။ ထိုလူများက ပါးစပ်ဖွာမည်မဟုတ်ရာ သူ့ဖခင်က ထိုအကြောင်းကို သိမည်မဟုတ်ပေ။ 


ဒါဖြင့် သူဘာလို့ ဒါကိုမေးတာပါလိမ့် … 


ကျိယွီရှောင်က သူ့ဖခင်သည် သူ့အား ဂရုစိုက်မည်ဟု မယုံပေ။ ထို့ကြောင့် စိတ်မရှည်သည့် ပုံစံဖြင့်ပြန်ဖြေလိုက်သည်။


“အဆင်ပြေပါတယ် … မသေသေးတာ ကောင်းတဲ့အချက်ပါပဲ … ” သူက ထေ့ငေါ့လိုက်၏။ “အဖေဒီမှာ ဘာလုပ်နေတာလဲ … ”


ပါပါးကျိက ကျိယွီရှောင်၏ လေသံကြောင့် အပြစ်မကင်းစိတ်ပင် ပျောက်လုနီးနီး ဖြစ်သွားသည်။ 


ဒီလူက စကားကောင်းကောင်း ပြောလို့မရဘူးလား 


“ငါမင်းကို လာတွေ့တာ …” သူက စိတ်ကိုထိန်းကာ ညှင်သာစွာဆို၏။ 


သို့သော် ကျိယွီရှောင်က အသိအမှတ်မပြချေ။ “အခုတွေ့ပြီမလား … သွားတော့လေ ...”


ပါပါးကျိ “…”


“ဒါက မင်းအဖေကို ပြောတဲ့ပုံစံလား … ”


“ဒါဖြင့် ဘယ်လိုပြောရမှာလဲ … ” ကျိယွီရှောင် ပျင်းရိစွာပြော၏။ “ဒီမှာ ထမင်းစားချိန်အထိ နေမလို့လား …အန်တီကျန်းက ထမင်းကို လေးယောက်စာပဲချက်ထားတာ … အပိုမရှိဘူး ...”


ပါပါးကျိ “……”


ပါပါးကျိ အပြစ်ရှိစိတ် လုံးဝမခံစားရတော့ချေ။ 


သူက အိမ်တွင် ဓာတ်လှေကားတပ်ရန် သတိမရသည်မှာ အံ့ဩစရာမရှိတော့။ ကျိယွီရှောင်၏ လေသံအရ သူမေ့သွားသည်မှာ ပုံမှန်သာဖြစ်၏။


“ရှောင်ရှောင် … မင်းငါ့ကို စကားကောင်းကောင်း ပြောလို့မရဘူးလား … ”


ကျိယွီရှောင် နှာခေါင်းရှုံ့လိုက်သည်။ “ဒါဖြင့် အဖေ့ခြေထောက်တွေကို ဒဏ်ရာရအောင်လုပ်လိုက်လေ … ပြီးရင် အဖေ့ဆီက စကားကောင်း ထွက်လာနိုင်ပါ့မလား ကြည့်ကြသေးတာပေါ့ … ”


ပါပါးကျိ “……”


လေထုက အေးခဲသွား၏။ 


ထိုစဉ် လင်းလော့ချင်း၊ ကျိလဲ့ယွီနှင့် လင်းဖေးတို့က တံခါးကိုတွန်းဖွင့်ကာ အိမ်တွင်းသို အပြုံးများဖြင့် ဝင်လာသည်။ 


ရလဒ်အနေဖြင့် သူတို့အား ကျောခိုင်းထားသော ပါပါးကျိအား တွေ့လိုက်ရ၏။


လင်းလော့ချင်း တွေးလိုက်သည်။ ‘… အိုးမိုင်ဂေါ့ဒ် … သူက အိမ်မှာရှိတဲ့ လူအားလုံးနောက်ကို လိုက်နေတာပဲ … သူရှောင်ယွီ အိမ်ပြန်လာဖို့ တကယ်ကြီးမျှော်လင့်နေပုံရတယ် ...’


ပါပါးကျိက လှုပ်ရှားသံများကြောင့် လှည့်ကြည့်လိုက်၏။ သူက လင်းလော့ချင်းဘေးတွင် ရပ်နေသည့် ကျိလဲ့ယွီအား တွေ့လိုက်ရသည်။


သူက ချစ်နေသည့် မျက်နှာအမူအရာကို ချက်ချင်းလုပ်လိုက်သည်။ “လဲ့လဲ့ ပြန်လာပြီပဲ ...”


ကျိလဲ့ယွီက နာခံစွာ ခေါင်းညှိတ်လိုက်သော်လည်း စိတ်ထဲတွင်မူ ‘ဘာလို့လာပြန်တာလဲ … စိတ်ရှုပ်စရာကောင်းအောင် ...’


“ဖိုးဖိုး … ” သူက ချစ်စဖွယ် ပြောလိုက်သည်။ 


ပါပါးကျိက သူ့ထံလျှောက်သွားကာ ပြုံးလျှက် ကောက်ချီလိုက်သည်။ “ဖိုးဖိုးက သားကို မတွေ့ရတာကြာတော့ သိပ်လွမ်းတာပဲ … ”


ကျိလဲ့ယွီက ခပ်ချွဲချွဲကလေး ပြောလိုက်၏။ “သားလည်း ဖိုးဖိုးကို လွမ်းနေတာ …”


လင်းဖေး “……”


လင်းဖေးက သူ၏ ကြောင်သူတောင် ညီငယ်လေးအား တစ်ခုခုမေးခွန်းထုတ်ရန် အလွန်ပျင်းရိနေ၏။ သူက ခေါင်းငုံ့ကာ ဖိနပ်လဲလိုက်သည်။


ပါပါးကျိ ထိုစကားများကို ကြားချိန်၌ ကျိလဲ့ယွီသည် သူ့အား အမှန်တကယ် ချစ်ခင်ကြောင်း ပို၍သေချာသွား၏။ ကျိယွီရှောင်နှင့် လင်းလော့ချင်း၏ တားမြစ်မှုကြောင့်သာ ကျိလဲ့ယွီ သူ့ထံပြန်မလာခြင်း ဖြစ်ရမည်။ 


သူက ကျိလဲ့ယွီကို နမ်းရင်းပြောလိုက်သည်။ “ဒါဖြင့် လဲ့လဲ့ အဖိုးဆီပြန်လာခဲ့လေ … အဖိုးက မင်းကို လာကြိုဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်မယ် … ”


ကျိယွီရှောင် “…”


ကျိယွီရှောင်က သူ့ဖခင် ယနေ့လာရောက်ရသည့် အကြောင်းရင်းကို သိသွားပြီဖြစ်သည်။ 


သူက ကျိလဲ့ယွီအား ခေါ်ထုတ်သွား၍ မရသဖြင့် အိမ်သို့လာရောက်၍ ကိုယ်တိုင်လာခိုးခြင်းဖြစ်သည်။ 


တကယ့်ကို သူ့အဖေပါပဲ … 


“ရှောင်ယွီ … ဆင်းခဲ့ … ” ကျိယွီရှောင်က နွေးထွေးစွာ ဆိုသည်။ “အခန်းကို ပြန်သွားပြီး မင်းအစ်ကိုနဲ့ အိမ်စာသွားလုပ်တော့ … ”


ထို့နောက် သူက လင်းဖေးကို ကြည့်လိုက်သည်။ “ထမင်းစားချိန်ကျရင် သားရဲ့ပါပါးကို လာခေါ်ခိုင်းလိုက်မယ် … သားညီလေးကို အိမ်စာကူလုပ်ပေးလိုက်နော် ...”


“ဟုတ်ကဲ့ … ” လင်းဖေး သဘောတူလိုက်၏။


ကျိလဲ့ယွီက ပါပါးကျိ၏ လက်မောင်းများကြားမှ ရုန်းကန်လိုက်သည်။. “ဖိုးဖိုး … သားကို အောက်ချပေးပါဦး … သားအိမ်စာသွားလုပ်မလို့ … ”


“အလျင်မလိုပါနဲ့လေ …” ပါပါးကျိက အပြုံးဖြင့်ဆို၏။ “ဖိုးဖိုးက ဒီနေ့ သားကိုလာခေါ်တာ … ဖိုးဖိုးအိမ်ကိုလိုက်ပြီး အဖော်လုပ်မပေးချင်ဘူးလား … အိမ်ဟောင်းမှာလည်း အိမ်စာလုပ်လို့ရတယ်လေ … ”


“ဘာတွေလာပြောနေတာလဲ … ” ကျိယွီရှောင်၏ အသံက အေးစက်လာ၏။ “ကျွန်တော် သဘောတူလို့လား … ”


“ငါက ငါ့မြေးနဲ့အတူတူရှိချင်တာ မင်းဆီက ခွင့်တောင်းစရာ လိုလို့လား … ” ပါပါးကျိ မျက်မှောင်ကြုတ်လိုက်၏။ 


သူက ကျိယွီရှောင်ကို ကြည့်လိုက်သည်။ “မင်း လဲ့လဲ့ကို ချစ်တာ ငါသိပေမယ့် ငါလည်း လဲ့လဲ့ကို ချစ်တာပဲ … မင်းအစ်ကို သက်ရှိထင်ရှားရှိတုန်းက သူငါ့ဆီ လဲ့လဲ့ကို ခေါ်လာပေးလေ့ရှိတယ် … ခု သူလည်းမရှိရော မင်းက လဲ့လဲ့ကို အပိုင်စီးထားတော့တာပဲ … မင်းက ငါတို့မြေးအဖိုးကြား သပ်ဝင်လျှိုချင်တာလား … ”


လင်းလော့ချင်း “……”


သူက ကျိယွီရှောင်နှင့် ကျိလဲ့ယွီအား သွေးခွဲချင်နေခြင်း ဖြစ်သည်။ 


လင်းလော့ချင်း ဝင်ပြောမည့် အချိန်တွင် ကျိယွီရှောင် ဒေါသတကြီး မေးခွန်းထုတ်သံကို ကြားလိုက်ရသည်။ “ခင်ဗျားမှာ ကျွန်တော့်အစ်ကို အကြောင်းထည့်ပြောရအောင် ဘာအရည်အချင်း ရှိလို့လဲ … ”


“ငါက သူ့အဖေပဲလေ … ဘာလို့ငါက သူ့အကြောင်း ထည့်မပြောနိုင်မရမှာလဲ … ” ပါပါးကျိက အလျှော့မပေးချေ။ 


ကျိယွီရှောင်က သူ့ကော်လံစကိုဆွဲကာ မေးလိုက်ချင်၏။ ‘ခင်ဗျားရဲ့သားလား … ခင်ဗျားက သူ့ကို သားအနေနဲ့ ဆက်ဆံခဲ့လို့လား … ’


အဲဒီ့လိုသာဆို သူက ဘာလို့ စည်းကမ်းမဲ့ ဒရိုင်ဘာတစ်ဦးကြောင့် သွေးသံရဲရဲသေဆုံးခဲ့ရမှာလဲ … 


အစက သူသည် သူ၏ ဖခင်က စိတ်ရှုပ်ထွေးနေသဖြင့် အမှတ်တမဲ့ ဖြစ်သွားသည်ဟု တွေးခဲ့မိသည်။ သို့သော် သူ၏ ဖခင်သည် အလွန်ထက်မြက်၏။ ထို့ကြောင့် ကျိယွီရှောင် နိုးလာပြီး မစုံစမ်းနိုင်ခင် ကားမောင်းသူအား ချက်ချင်း ထောင်ချပစ်ခဲ့သည်။ ကားမောင်းသူက သူ၏ ထောင်ဒဏ်ကို လက်မခံနိုင်သဖြင့် ထောင်စောင့်များ အာရုံမစိုက်ခင် မိမိကိုယ်ကိုယ် သေကြောင်းကြံစည်သွားခဲ့၏။  


သူက လူသတ်သမားအစစ်ကို ဖုံးထားပေးရန် များစွာကြိုးစားခဲ့သည်။ ကျိယွီရှောင် တစ်စုံတစ်ခု ရှာတွေ့သွားမည်ကိုရော၊ ကားမောင်းသူက လူသတ်သမား အစစ်ကို ထုတ်ပြောလိုက်မည်ကိုပါ အလွန်စိုးရိမ်ခဲ့၏။ 


ဤသည်ကိုပင် သူက ကျိယွီလင်း၏ အမည်အား ထုတ်ပြောသည်အထိ အရှက်မဲ့လှသည်။ 


သူက ကျိလဲ့ယွီ စိတ်ထိခိုက်မည်ကိုပင် အရေးမစိုက်ချေ။


လင်းလော့ချင်းက အမြန်ဝင်ပြောလိုက်သည်။ “အဖေ ဘယ်လိုပြောလိုက်တာလဲ … ယွီရှောင်က ရှောင်ယွီ့ကို နှစ်သစ်ကူးတုန်းက အဖေနဲ့တွေ့ဖို့ ခေါ်လာပေးခဲ့တယ် မဟုတ်လား … ကျွန်တော်တို့တောင် အဖေနဲ့အတူ ဖက်ထုပ်စားခဲ့ကြသေးတယ်လေ … ဒါကိုပြောလိုက်ရင် ကလေးက နားလည်မှုလွဲသွားနိုင်မှန်း အဖေမတွေးမိဘူးလား … ယွီရှောင်နဲ့ရှောင်ယွီ မရင်းနှီးမှ အဖေကျေနပ်မှာလား … ”


“မင်း ဒီမှာဝင်ပြောစရာ အကြောင်းမရှိဘူး … ” ပါပါးကျိ မကျေနပ်ချေ။. “ငါနဲ့လဲ့လဲ့ကို သွေးခွဲဖို့ ကြိုးစားမနေနဲ့ … ”


“ကျွန်တော်က ဒီအတိုင်း မေးကြည့်ရုံပါ … ရှောင်ယွီ … သား ဒယ်ဒီက သားကို အချစ်ဆုံးဆိုတာ သိတယ်မဟုတ်လား … ”


ကျိလဲ့ယွီ လျင်မြန်စွာ ခေါင်းညှိတ်လိုက်သည်။ ကျိယွီရှောင်က သူ့အား အချစ်ဆုံးဖြစ်၏။ ထိုသို့တွေးလိုက်မိချိန်၌  ကျိယွီရှောင် စိတ်ဆိုးနေသည်ကို သတိပြုမိသွားကာ သူ့နှလုံးသားက နာကျင်သွားရသည်။ သူက သူ့ဖခင်နှင့် ပတ်သတ်လာချိန်၌ ကျိယွီရှောင် စိတ်ဆိုးမည်ကို မလိုချင်ချေ။ ကျိယွီရှောင်က ဒေါသထွက်ရမည့်အပြင် စိတ်မကောင်းလည်း ဖြစ်နေပေလိမ့်မည်။ 


ဘာလို့ သူ့ရဲ့မကောင်းတဲ့အဖိုးက အိမ်ကို ရောက်လာရတာလဲ … 


ကျိလဲ့ယွီက အရှိန်ပြင်းပြင်း ရုန်းလိုက်ရင်း ပါပါးကျိ၏ အစာအိမ်ကို မတော်တဆလိုလိုနှင့် ကန်လိုက်သည်။ ဖြစ်နိုင်လျှင် သူက ကျိယွီရှောင် ထပ်မံ၍ စိတ်မဆိုးရစေရန် ထိုသူအား အိမ်ပြင်သို့ တိုက်ရိုက်ကန်ထုတ်လိုက်ချင်မိသည်။ 


ပါပါးကျိ သတိလက်လွတ်ဖြစ်သွား၏။ သူက ကျိလဲ့ယွီကို လွှတ်ပေးလိုက်ပြီး သူ၏ ဗိုက်အား အုပ်ကိုင်လိုက်၏။ 


လင်းလော့ချင်းက ကျိလဲ့ယွီကို အမြန်ဖမ်းလိုက်ရသည်။ ကျိလဲ့ယွီက လင်းလော့ချင်း၏ လက်မောင်းအတွင်းမှ အောက်ဆင်းလိုက်ပြီး သူ့အဖိုးနာကျင်သွားရန် မရည်ရွယ်ခဲ့ပုံဖြင့် စိုးရိမ်စွာပြောလိုက်သည်။ “ဖိုးဖိုး … အဆင်ပြေရဲ့လား … သားမရည်ရွယ်ပါဘူး … သားက အောက်ဆင်းချင်ရုံပါ …”


သူက အမြန်ပြေးလာသဖြင့် ပါပါးကျိ၏ ခြေထောက်ကို တက်နင်းမိလိုက်၏။ 


ပါပါးကျိက ကြောင်အသွားသော်ငြား ဘာမှမပြောနိုင်ချေ။ “အဆင်ပြေပါတယ် … အဖိုးအဆင်ပြေတယ်နော် … လဲ့လဲ့အမှားမဟုတ်ပါဘူး …” 


ကျိလဲ့ယွီ မျက်မှောင်ကြုတ်လိုက်၏။ သူက သနားစဖွယ် ဟန်ဆောင်လိုက်သည်။ “သားတောင်းပန်ပါတယ် … သားမရည်ရွယ်ပါဘူး ….”


“အဆင်ပြေပါတယ် ...” ပါပါးကျိက သူ့ဗိုက်သူ ပွတ်လိုက်၏။ “ဖိုးဖိုး သားကို အပြစ်မတင်ပါဘူး … အခု ဖိုးဖိုးနဲ့ လိုက်မယ်မဟုတ်လား … ”


ကျိလဲ့ယွီ ခေါင်းယမ်းလိုက်သည်။ “သားက အမှတ်တမဲ့နေတတ်လွန်းတယ် … အဖိုးက နေမကောင်းတာကို … အဖိုးကို ထိခိုက်စေမိရင် ဘယ်လိုလုပ်မလဲ … သား မလိုက်တော့ပါဘူး … ”


လင်းဖေးက သူစကားဆုံးသည်နှင့် ဝင်ပြောလိုက်၏။ “သွားရအောင် ...”


ကျိလဲ့ယွီ လှည့်ထွက်လိုက်သည်။ ပါပါးကျိက သူ့ကိုဆွဲထားရန် လက်ဆန့်လိုက်သော်လည်း လင်းဖေးက ခြေတစ်လှမ်းဦးသွားကာ ကျိလဲ့ယွီအား သူ့နောက်သို့ ဆွဲခေါ်ထားလိုက်၏။ 


လင်းလော့ချင်းက ပါပါးကျိ၏ လက်ကိုဆွဲလျှက် ပြောသည်။ “အဖေ … ရှောင်ယွီက ဘယ်လောက်တောင် သိတတ်လိုက်သလဲ … လူကြီးတွေအနေနဲ့ ကျွန်တော်တို့က ကလေးရဲ့သိတတ်မှုကို အသိအမှတ်ပြုသင့်တယ် ...”


လင်းဖေးက လင်းလော့ချင်း ထိုသူအား ဆွဲထားကြောင်း သိသည်နှင့် အချိန်မဆွဲတော့ပဲ ကျိလဲ့ယွီအားခေါ်ကာ ဓာတ်လှေကားထံ ဦးတည်လိုက်၏။ 


ပါပါးကျိက သူတို့နောက် လိုက်ချင်သော်ငြား လင်းလော့ချင်း၏ တားမြစ်ခြင်း ခံလိုက်ရသည်။ သူက ဒေါသတကြီး အော်လိုက်၏။ “သွားစမ်း … မင်းကို ဘယ်သူက အဖေခေါ်ခွင့်ပြုလို့လဲ .. ”


လင်းဖေး ခြေလှမ်းများရပ်သွားကာ နောက်ပြန်လှည့်ကြည့်လိုက်၏။ 


လင်းလော့ချင်းက ပြုံးရုံသာပြုံးနေပြီး ဒေါသထွက်ခြင်း မရှိပေ။ “ဒါဖြင့်လည်း ဦးလေးရယ် … ဒေါသမကြီးပါနဲ့လား … ဒေါသထွက်နေရင် မြေကြီးထဲကို မြန်မြန်ဝင်ရတတ်တယ်တဲ့ … အရမ်းဒေါသကြီးမိရင် တစ်ကိုယ်လုံး မြေကြီးထဲရောက်သွားမှာ … ”


ပါပါးကျိ “… ”


ပါပါးကျိက သူ့အား ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ “မင်း ဘယ်လိုတောင် ပြောရဲတာလဲ … ”


သူက ကျိယွီရှောင်အား ကြည့်လိုက်၏။ “ဒါက မင်းလက်ထပ်ထားတဲ့ အမျိုးသားလေ … တော်ပါပေတယ် … ”


“သူက တကယ့်ကိုတော်တာ … ” ကျိယွီရှောင် စိတ်ပါလက်ပါပြောလာ၏။ “သူ့ကိုဆိုးတယ်လို့ တွေးနေတာလား … ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ကြည့်ပါဦး … ကျွန်တော်က သူတော်တယ်လို့ ထင်တာကို ခင်ဗျားက သူဆိုးတယ်လို့ တွေးနေတာလား … အခု ကျွန်တော့်ကို ရန်စနေတာလား … ”


ပါပါးကျိ “……”


ပါပါးကျိ သူနှင့် စကားမပြောချင်တော့။ “ငါမင်းနဲ့ မပြောတော့ဘူး … မင်းဟာမင်း လုပ်ချင်တာလုပ် … လဲ့လဲ့ကို ငါနဲ့ပြန်ထည့်လိုက် …” 


“ရှောင်ယွီက ခင်ဗျားနဲ့ ပြန်မလိုက်ချင်ဘူး ...”


“ဘာလို့ဆို သူငါ့ကို ဂရုစိုက်လို့လေ … ”


“သူက ဒီအတိုင်း မလိုက်ချင်တာပါ … ”


“ငါ့ကို လဲ့လဲ့နဲ့ ရှိခွင့်မပေးချင်တာလား … မင်းက … ”


“ဒါပေါ့ … ” ကျိယွီရှောင် အေးစက်စက်ပြောလိုက်၏။ “အစ်ကိုက ရှောင်ယွီ့ကို ဂရုစိုက်ဖို့ ကျွန်တော့်ကို တာဝန်ပေးခဲ့တာ … ဒီတော့ ကျွန်တော် ဂရုစိုက်လိုက်မယ် … ခင်ဗျားက အရည်အချင်း မရှိဘူး ...”


ပါပါးကျိက သားဖြစ်သူအား အတန်ကြာစိုက်ကြည့်ပြီး ခေါင်းညှိတ်လိုက်၏။ “ကောင်းပြီလေ … ကျိယွီရှောင်… မင်းနိုင်တယ် ...”


သူက စကားဆုံးသည်နှင့် တံခါးထံ လှည့်ထွက်လိုက်သည်။