အပိုင်း ၁၈၉
Viewers 35k

Chapter 189



တစ်ဖက်၏ ကြည်နူးဆွတ်ပျံ့ဖွယ်လေထုနှင့်ယှဉ်လျှင် ပါးပါးလင်းနှင့်ချန်ဖုန်းတို့နှစ်ယောက်ကြားရှိ လေထုက ရေခဲတမျှ အေးစက်နေသည်။


ပါးပါးလင်းက သူ့ရှေ့ရှိမိန်းမကိုစိုက်ကြည့်ကာ ဒေါသတကြီး ပြောဆိုလိုက်သည်။


" လင်းဖေးရဲ့ အဖေရင်းက ဘာဖြစ်သွားတာလဲ။ ပြောစမ်း... အဲ့အကြောင်းတွေကို မင်း ဘယ်ကတည်းက သိတာလဲ…မင်းအကုန်သိရက်သားနဲ့ ဘာလို့ သူ့ကို လော့ချင်းနဲ့ ဖေးဖေးဆီ သွားခွင့်ပြုလိုက်တာလဲ...”


ချန်ဖုန်းက အပြစ်ကင်းသယောင်နှင့် သနားစရာအသွင် လုပ်နေသည်။

" ကျွန်.. ကျွန်မ ဘာမှ မသိထားပါဘူးဆို..."


" မင်းကခုထိ ဟန်ဆောင်‌ကောင်းတုန်းပဲ.." ပါးပါးလင်းက သူမကို ထောက်ပြကာ ဆက်‌ပြောသည်။

" မင်းက လင်းဖေးရဲ့အဖေရင်းကို ရှာတွေ့ထားတယ်ဆိုတာနဲ့... သူ့ကို အသုံးချပြီး လော့ချင်းကို ခြိမ်းခြောက်မယ့်အကြောင်းတွေကို ကျိယွီရှောင်က ငါ့ကို အကုန်ပြောပြသွားတယ်...”


" မင်း ဘယ်ကတည်းက ဒီလိုပုံစံဖြစ်သွားရတာလဲ။ တကယ်ပဲ လူတွေကို ခြိမ်းခြောက်အကြပ်ကိုင်တဲ့သူလား။ ချန်ဖုန်း... ငါတို့တွေ နေ့တိုင်းအတူတူအိပ်ကြတယ်။ ဒါပေမဲ့ လင်းဖေးရဲ့အဖေရင်းက ဘယ်သူမှန်း ငါမသိရဘူး။ မင်း ငါ့ကို ဖုံးကွယ်ထားတဲ့အရာ‌တွေတော်‌တော်များတာပဲ။ မင်းဘာတွေ လုပ်ချင်နေတာလဲ...”


ချန်ဖုန်းက မကျေမနပ်ဖြစ်စွာ ဆက်ပြောသည်။

" ကျွန်မ ဘာမှမသိပါဘူးဆို…ကျိယွီရှောင်က ပြောတယ်ဆိုရင်တောင် ရှင်က ဘာလို့ သူ့စကားကို ယုံရတာလဲ…ကျိယွီရှောင်ထက် ကျွန်မပြောတာကို ပိုယုံသင့်တယ်မဟုတ်ဘူးလား.."


" ဘာလို့.. ဟုတ်လား…မင်းငါ့ကို ဘာလို့လဲလို့မေးတာ မရှက်ဘူးလား…ကျိယွီရှောင်က မင်းကို ချောက်ချနိုင်လို့လား… လင်းဖေးရဲ့အဖေရင်းကို သူရှာတွေ့ပြီဆိုတာကော ငါ့ကို လိမ်တာပဲလား...”


" လော့ချင်းက ငိုရင်းနဲ့ ငါ့ကို ဖုန်းဆက်တယ်… သူနောက်ကိုအိမ်မပြန်လာတော့ဘူး... ငါနဲ့လည်း အဆက်သွယ်မလုပ်တော့ဘူးတဲ့…သူနဲ့ လင်းဖေးကို သွားခွင့်ပြုပါလို့ မင်းကို တောင်းဆိုသွားတယ်…သူကကော ငါ့ကိုလိမ်ပြောတာပဲလား…သူတို့တွေ လင်းဖေးရဲ့အဖေရင်းနဲ့ လက်ဝါးချင်းရိုက်ပြီး ငါ့ကို ပေါင်းလိမ်ခဲ့တာလို့ မင်းပြောချင်တာလား?! "


" ကျွန်မ မဟုတ်ဘူးလို့..."


" မင်းက ခုထိ မဝန်ခံသေးဘူးပဲ… " ပါးပါးလင်းက ခေါင်းငြိမ့်လိုက်သည်။


" ဟုတ်ပြီ... မင်းပြောင်းလဲသွားတာကို ငါသိလိုက်ပြီ…မင်းက ဟိုအရင် ငါ့နောက်စလိုက်တုန်းကလို ရိုးသားကြင်နာတတ်တဲ့သူ မဟုတ်တော့ဘူး…မင်းမှာလည်း မင်းကိုယ်ပိုင်အကြံတွေနဲ့ ဖြစ်နေပြီ…မင်းက ငါ လော့ကျင်းရဲ့ ရှယ်‌ယာတွေကို လော့ချင်းဆီ ပေးပစ်မှာ စိုးနေတာမလား.."


" ကောင်းပြီလေ ဒါဆိုလည်း.." ပါးပါးလင်းက သူမအား ဒေါသအပြည့်ဖြစ်နေသော မျက်ဝန်းများနှင့်စိုက်ကြည့်ကာ

" မင်းနဲ့လော့ကျင်းနှစ်ယောက်လုံးက ငါ့ကုမ္ပဏီရဲ့အခြေအနေကို တစ်ချက်မှ မကြည့်တတ်တဲ့အပြင် ငါ့စကားလည်း နားမထောင်ချင်... အဲ့လိုအတွေးမျိုးလည်း ရှိမှတော့ မင်းတို့တွေ မေ့လိုက်တော့… ငါ လော့ကျင်းလက်ထဲက ရှယ်ယာတွေအားလုံးကို ပြန်သိမ်းပြီး လော့ချင်းကိုပဲ ပေးတော့မယ်… ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့နှစ်ယောက်လုံးက အခု ဘုန်းတန်ခိုးတွေကြီးနေကြပြီလေ…ငါ့စကားလည်းနားမထောင်ပဲနဲ့ ငါ့ပစ္စည်းတွေကို ဘာလို့လိုချင်နေတာလဲ...”


ချန်ဖုန်း အထိတ်အပြာနှင့် သူမကိုယ်သူမ ပါးပါးလင်းထံပစ်ဝင်ကာ လက်မောင်းဆွဲကိုင်လိုက်သည်။

" ရှင် ဘာမဟုတ်တရုတ်တွေ လျှောက်ပြောနေတာလဲ…ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…လော့ကျင်း ဘယ်လိုတွေးမလဲ...”


" သူဘာတွေးတွေး ငါဂရုစိုက်စရာလား..."


လင်းပေါ(ပါးပါးလင်း) သည် သူ့မိန်းမနှင့်သားအား ကောင်းကောင်းမထိန်းချုပ်နိုင်ဟု ကျိယွီရှောင်၏အလှောင်ခံခဲ့ရပုံများကို တွေးမိကာ ရှက်လာသည်။

" မင်းတို့နှစ်ယောက်လုံး အကြံကိုယ်စီရှိကြတယ်မလား… ငါလည်း မင်းတို့ကို မထိန်းချုပ်နိုင်ဘူးလေ… ဒီလိုမှတော့ မင်းတို့ကို ငါ ဂရုစိုက်စရာ မလိုတော့ဘူး...”


သူ ဒေါသတကြီးဆက်ပြောသည်။

" ငါ့မှာတော့ မိသားစုကို ထောက်ပံ့နိုင်ဖို့ တနေ့လုံး ကြိုးစားအလုပ်လုပ်ပြီး ပိုက်ဆံရှာရတယ်… အဆုံးသတ်ကျတော့ မင်တို့နှစ်ယောက်လုံးက ငါဘာတွေးတွေးဂရုမစိုက်တဲ့အပြင် ငါ့စကားတစ်ခွန်းမှ နားမထောင်ကြဘူး… ငါ့အတွေးကိုကော မင်းတို့ဘာလို့ အလေးမထားကြတာလဲ...”


" ယောက်ျား..." ချန်ဖုန်းက သူ့အား တိုးလျညင်သာစွာ ခေါ်လိုက်သည်။


ပါးပါးလင်းက သူမ၏လက်ကို ခါချလိုက်သည်။

" ဘယ်လိုပဲဖြစ်ဖြစ်... အရင်ကတည်းက ငါ ရှယ်ယာတွေကို လော့ကျင်းဆီ တရားဝင်မလွှဲပြောင်းပေးထားခဲ့တာ မှန်သွားတယ်… အချိန်ကျလာရင် လော့ချင်းဆီ တိုက်ရိုက်လွှဲပြောင်းပေးတော့မယ်… ခြေတစ်လှမ်းပဲကျန်တော့တာဆိုတော့ ဘာမှသိပ်လုပ်စရာမလိုတော့ဘူး...”


" မဖြစ်ဘူး..." ချန်ဖုန်းက လက်မခံနိုင်။

" လင်းပေါ... ရှင် လင်းလော့ချင်းကို ရှယ်ယာတွေမပေးဘူးလို့ ကျွန်မကို ကတိပေးထားတယ်လေ… ရှင့်ကတိ ရှင် မဖျက်သင့်ဘူး...”


" အဲ့တာ အရင်ကကွ " ပါးပါးလင်း သူ့ရှေ့ကမိန်းမကိုကြည့်ရင်း စိတ်နာလာသည်။

" ငါ့ကို အချစ်မြတ်နိုးဆုံးလူက မင်းလို့ ငါထင်ခဲ့ဖူးတယ်…အဲ့တာကြောင့်လည်း ငါ မင်းကို ချစ်ခဲ့တယ်... ဂရုစိုက်စောင့်ရှောက်ပေးခဲ့တယ်... ရှောင်ကျင်းကိုလည်း ပိုချစ်ပေးခဲ့တယ်… အခုတော့ ဒီမိသားစုထဲမှာ လော့ချင်းတစ်ယောက်တည်းကပဲ ငါ့စကားနားအထောင်ဆုံးနဲ့ ငါ့အသိအမှတ်ပြုမှုကို အလိုချင်ဆုံးဆိုတာ ငါသိလိုက်ရပြီ...”


" ငါသူ့ကို နှင်ထုတ်ခဲ့တယ်... ဒါပေမဲ့ သူ ဘာအမုန်းတရားမှ မထားဘဲ ငါသူ့ကို ပြန်အသိအမှတ်ပြုအောင် နေ့တိုင်း တောင်းပန်ခဲ့တယ်…သူ ကျိယွီရှောင်နဲ့ လက်ထပ်ပြီးနောက်ပိုင်းတောင် အတိတ်ကဖြစ်ရပ်တွေအပေါ် ဘာနာကျည်းချက်မှ မရှိခဲ့ဘူး…သူ အိမ်ပြန်လာပြီး ငါ့ကိုတွေ့ချင်နေတုန်းပဲ…မင်းသူ့ကို ခြိမ်းခြောက်အကျပ်ကိုင်ခဲ့တာတောင် မင်း မကောင်းကြောင်းတွေ ဘာတစ်ခုမှ မပြောခဲ့ဘူး။ မင်းအတွက်လုပ်တယ်များ ထင်နေလား… မဟုတ်ဘူး... ငါအတွက် လုပ်ခဲ့တာကွ…မင်းနဲ့ သူ့ကြားမှာ ကြားညပ်နေမယ့် ငါ အခက်အခဲဖြစ်မှာ စိုးရိမ်လို့ နောက်ကို အိမ်ပြန်မလာတော့ဘူးလို့ အရင်ဆုံးစပြောခဲ့‌တာပေါ့…ငါ အရှက်မရအောင်လို့ သူအရင်နောက်ဆုတ်ပေးခဲ့တာ…သူတစ်ယောက်တည်းကပဲ ငါ့စကားနားအထောင်ဆုံး... ငါ့ကိုအလေးစားဆုံးနဲ့ အဖေ တစ်ယောက်အဖြစ် ဆက်ဆံတဲ့သူပဲ...”


လင်းလော့ချင်းသာ ထိုစကားများကို ကြားလျှင် ထိုနေရာတွင်ပဲ ချက်ချင်း လက်ခုပ်တီးအား‌ပေးနေလိမ့်မည်။


သူ ထိုစကားလုံးများကို ကျိယွီရှောင်ပေါ်လာရန်အတွက် သုံးချင်ခဲ့သည်။ ပြီးလျှင် ကျိယွီရှောင်က ချက်ကောင်းကို တိတိကျကျထိုးနှက်လိမ့်မည်။ သို့သော် ပါးပါးလင်းက သူ့အဓိပ္ပါယ်သူ ကောက်လိုက်လိမ့်မည်ကိုတော့ သူ မမျှော်လင့်ထားခဲ့ပေ။ ဖြစ်နိုင်သည်က ပါးပါးလင်းလည်း လက်ဖက်စိမ်းကို နှစ်ရှည်လများသောက်သုံးမိ၍ အတွေးလွန်သွားပုံရသည်။


လင်းပေါ... ဒါက မင်းနဲ့အထိုက်တန်ဆုံးပဲ....


ချန်ဖုန်းသည် နှစ်ပေါင်းများစွာကြာပြီးနောက် ဤမျှကြီးမားသော ပြောင်းပြန်သက်‌ရောက်မှုကြီးဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့။


‌သူမ ခေါင်းခါရမ်းကာ အော်လိုက်သည်။

" ရှောင်ကျင်းလည်း ရှင့်ကို အဖေတစ်ယောက်လို ဆက်ဆံတယ်လေ..."


" သူသာ ငါ့ကို အဖေတစ်ယောက်လိုဆက်ဆံရင် ဘာလို့ ငါ့စကားနားမထောင်ရတာလဲ…ကျိယွီရှောင်ကို ရန်စဖို့အတွက် ဘယ်လိုလုပ် သူ့အစ်ကိုကို ထပ်ခါထပ်ခါ အနိုင်ကျင့်ရတာလဲ..."


" ကျိယွီရှောင်... ကျိယွီရှောင်... ကျိယွီရှောင်... ဒါတွေအကုန် သူ့ကြောင့်ပဲ…သူသာမရှိရင် ကျွန်မတို့မိသားစုလည်း အခုလိုဖြစ်မှာမဟုတ်ဘူး…သူနဲ့လင်းလော့ချင်းတို့ အတူပူးပေါင်းပြီး ကျွန်မတို့ကို သက်သက်ရှိုးလုပ်သွားတာ...”


" မဖြစ်နိုင်တာတွေ…လော့ချင်းဦးနှောက်နဲ့ သူဘယ်လိုရှိုးလုပ်နိုင်မှာလဲ…ငါကတော့ မင်းတစ်ယောက်ပဲ သရုပ်ဆောင်နေတာလို့ ထင်တယ်...”


ချန်‌ဖုန်း ဒေါသထွက်လာသည်။

" သူမလုပ်နိုင်ဘူးထား... ဒါပေမဲ့ ကျိယွီရှောင်ကကော..."


လင်းပေါရယ်လိုက်သည်။

" ငါတို့ကို ရှိုးလုပ်ရတဲ့အထိ သူက ဘာလိုချင်လို့လဲ… ငါတို့မိသားစုက သူ့သွားချိတ်ဖို့တောင် မလုံလောက်ဘူး...”


" သူ လော့ချင်းရဲ့ဒေါသတွေကို ဖြေလျှော့ပေးချင်လို့လေ..."


" လော့ချင်းက ငါ့ကိုလေးစားပြီး အဖေတစ်ယောက်လို ဆက်ဆံချင်တဲ့သူ…ကျိယွီရှောင်ကို အဲ့လိုလှည့်ကွက်သေးသေးလေးတွေ လုပ်ခွင့်ပေးမှာမဟုတ်ဘူး…တစ်ဖက်မှာတော့... မင်းက လော့ချင်းကို လုပ်ကြံပြောဆိုဖို့ ဘယ်တော့မှ မမေ့ဘူး… ချန်ဖုန်း... ငါ မင်းကို တကယ်စိတ်ပျက်သွားပြီ...”


လင်းပေါ သူ့ခေါင်းကို ခါရမ်းကာ စာကြည့်ခန်းဘက် လျှောက်သွားတော့သည်။


ချန်ဖုန်းက သူ့ကျောပြင်ကိုငေးကြည့်ရင်း သွားကြိတ်မိသည်။ သို့သော် သူမလုပ်နိုင်သောအရာ ဘာမှမရှိပေ။


ယခုအချိန်၌ လင်းလော့ချင်းလက်မထပ်မှီ သူမထံမှ သုံးမီလီယံတောင်းသွားခြင်းကို ကျိယွီရှောင်အား မပြောရဲသည်မှာ ပါးပါးလင်း သူမကို ထပ်အပြစ်တင်မည့်အပြင် လင်းလော့ကျင်းအတွက်လည်း ဘာမှမကျန်တော့မည်ကို စိုးရိမ်၍သာ။


သူမ ဝမ်းနည်းစွာနှင့် ဆိုဖာပေါ်ထိုင်ချလိုက်ကာ စတင် ငိုကြွေးတော့သည်။ တစ်အောင့်ကြာပြီးနောက်... ချန်မင်ကို အပြစ်ပြောဆိုသည်။ သူအသုံးမကျမှန်းသာ သူမ သိခဲ့လျှင် သူ့ကို ရှာခဲ့မည်မဟုတ်ပေ။ အခုတော့ အကုန်ကောင်းသွားခဲ့ပြီ။ လင်းဖေးကလည်း လင်းလော့ချင်း၏သားဖြစ်နေဆဲအပြင် သူမသားလေး၏ ဝေစုပင် လင်းလော့ချင်းလက်ထဲ ပါလုနီးပါးဖြစ်နေလေပြီ။


ဘာတွေဖြစ်ကုန်တာလဲ… ဒါကြီးက တော်တော် ဆီလျော်မှုမရှိလိုက်တာ…


ချန်ဖုန်း ခေါင်းငုံ့၍ သနားစရာဖြစ်စွာ ရှိုက်ငိုနေတော့သည်။


****

တစ်ဖက်၌... လင်းဖေးက စာဖတ်နေ၏။


အတိအကျဆိုရလျှင်... Hans Christian Andersen၏ ပုံပြင်များစာအုပ်မှ " ပင်လယ်ပြာ၏သမီးတော်" ပုံပြင်ကို ဖတ်နေခြင်းပင်။


သူသည် လင်းလော့ချင်း၏ပင်‌လယ်အောက်ခြေတွင်နေခဲ့ဖူးသည်ဆိုသော စကားများကို မှတ်မိနေသေးသည်။ နောက်ပိုင်း၌ လင်းလော့ချင်းက ဥပမာပေးသည်ဟု ပြောခဲ့သော်လည်း လင်းဖေး ထိုအကြောင်းများကို မတွေးဘဲမနေနိုင်ခဲ့။ အကယ်၍ လင်းလော့ချင်းသာ ပင်လယ်ထဲမှာ နေခဲ့ဖူးလျှင် ရေသူထီး ဖြစ်နိုင်လောက်သည် မဟုတ်ပါလား။


ရုပ်ပြစာအုပ်ထဲက ရေသူမပုံကို သူ ကြည့်လိုက်သည်။ ရေသူမမင်းသမီးလေးသည် ကောက်ကွေးသော ရွှေရောင်ဆံပင်ရှည်နှင့်ဖြစ်သည်။ သည်ပုံစံက လင်းလော့ချင်းနှင့် တစက်မှ မတူပေ။ လင်းလော့ချင်းက ယောက်ျားတစ်ယောက်ပေ။ သူသာ ရေသူထီးဆိုလျှင် ရေသူမမင်းသမီး မဖြစ်နိုင်တော့။ ရေသူထီးမင်းသားလေးသာ ဖြစ်ရမည်။


လင်းဖေး ပုံပြင်စာအုပ်ကို မြန်မြန်ပြီးအောင်ဖတ်ပြီးနောက် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ ရေသူမမင်းသမီးလေးသည် မင်းသားနှင့်လက်မထပ်ခဲ့သော်လည်း လင်းလော့ချင်းကတော့ ကျိယွီရှောင်နှင့် လက်ထပ်ပြီးဖြစ်သည်။ ဒါဆိုရင် သူက သူတို့နဲ့အတူတူ ကောင်းကောင်းမွန်မွန်နေလို့ရလို့ပဲလေ... ဟုတ်တယ်မလား...


သူသည် လင်းလော့ချင်း၏ကမ္ဘာက မည်သို့မည်ပုံ အမျိုးအစားမှန်း မသိချေ။ ထိုကမ္ဘာတွင် သူ မရှိပေ။ သို့သော် ကျိယွီရှောင်မဟုတ်ရင် ကျိလဲ့ယွီ ရှိတာလား...


သူ့အမေကော ရှိနိုင်လား...


လင်းဖေး၏နှလုံးသားထဲ၌ သိချင်စိတ်တို့ ပြည့်နှက်လာတော့သည်။


ကျောင်းခေါင်းလောင်းသံကြားသည်နှင့် လင်းဖေး သူ့လွယ်အိတ်ကို ကောက်လွယ်ကာ ကျိလဲ့ယွီထံ လျှောက်သွားတော့သည်။


ကျိလဲ့ယွီက သူ့လက်ကို ဆုပ်ကိုင်၍ ပျော်ရွှင်စွာ လှုပ်ရမ်းနေပေသည်။ လွန်ခဲ့သည့်ရက်အနည်းငယ်က လင်းဖေး၏အဖေရင်းပေါ်လာ၍ လင်းဖေးလေးအလုယူခံရတော့မည့် အကြောက်တရားကို လောလောလတ်လတ် ခံစားလိုက်ရ၍ ဖြစ်မည်။ အခုချိန်၌ လင်းဖေးအပေါ် သူ လွန်လွန်မင်းမင်း ကပ်တွယ်နေမိတော့သည်။ ထို့ကြောင့်ပဲ လင်းဖေးက သူ့ကို ထားမသွားနိုင်ဟု တွေးလိုက်မိသည်နှင့် ရှိရာနေရာမှ နှစ်ကြိမ်တိုင်တိုင်ထခုန်မိမတတ် ဖြစ်နေရသည်။


နှစ်ဦးသား ကျောင်းဂိတ်ဝသို့ ထွက်လာကြသည်။ လော့ကျား၏ကားကို မရောက်ခင် သူတို့ အရပ်ခံလိုက်ရသည်။


" ရှောင်ယွီ …" ထိုပုဂ္ဂိုလ်သည် မျက်မှန်ကို တပ်ဆင်ထားပြီးယဉ်ကျေးပုံပေါ်သည်။

" မင်းတို့ဖိုးဖိုး နေမကောင်းလို့ သူ့ကိုတွေ့ရအောင် မင်းတို့ကို လာခေါ်တာပါ... ဦးကိုမှတ်မိလား... ဦးတို့အရင်က ‌တွေ့ဖူးတယ်လေ..."


ကျိလဲ့ယွီက သူ့ကိုကြည့်ရင်း စမ်းတဝါးဝါးအတွေးပေါ်လာသည်။ သို့သော် ပါးပါးကျိကို သူဂရုမစိုက်ချင်ပေ။ ထို့ကြောင့် မည်သည့်စကားမှမပြောဘဲ လင်းဖေးကို ဆွဲခေါ်ရင်း တစ်ခြားဖက်သို့ လျှောက်သွားတော့သည်။


ထိုသို့ရှောင်ထွက်သွားပုံကို မြင်သောအခါ ထိုလူကြီးက သူ့နောက်အမြန်ပြေးလိုက်၍ ကျိလဲ့ယွီ၏ပုခုံးကိုဆွဲရန် လက်ဟန်ပြင်လိုက်သည်။


လင်းဖေးက ကျိလဲ့ယွီအား သူ့နောက်အမြန်ဆွဲခေါ်ကာ ထိုလူကြီးအား စိုက်ကြည့်လိုက်သည်။


သူသည် သူ့ရှေ့မှ လူကြီးအား မသိသည့်အပြင် ပါးပါးကျိကိုလည်း မကြိုက်ပေ။ ထို့ကြောင့် သူ့မျက်လုံးများမှာ အင်အားအပြည့်နှင့်အေးစက်ကာ အကြင်နာတရားကင်းမဲ့နေသည်။


တစ်ဖက်လူက ကလေးတစ်ယောက်၏မျက်လုံးထဲ၌ ထိုသို့အကြည့်မျိုးကို မမျှော်လင့်ထား၍ ခဏမျှ အံ့ဩသွားခဲ့သည်။ သူ့လက်များလည်း ထိုနေရာ၌ပဲ အေးခဲစွာ ရပ်တန့်နေတော့သည်။


လင်းဖေးက ကျိလဲ့ယွီရှေ့၌ မတ်တပ်ရပ်နေသည်။


သူအေးစက်စွာနှင့်

" ရှေ့ကဖယ်… "


ထိုစကားများ ထွက်လာပြီးနောက်၌ ထိုလူ၏နောက်မှ ထင်ရှားပြတ်သားသော အသံတစ်ခုပေါ်လာသည်။


" မင်းကို ဖယ်လို့ပြောနေတယ်လေ…မကြားဘူးလား...”


လင်းဖေး သူ့မျက်လုံးထဲမှ အင်အားအပြည့်နှင့်အေးစက်မှုများကို ချက်ချင်းရုတ်သိမ်းလိုက်ပြီး တစ်ဖက်သို့စောင်းကြည့်လိုက်သည်။ အဟုတ်ပင်... လင်းလော့ချင်း ဖြစ်ပြီး လော့ကျားပါ သူနှင့်အတူရောက်ချလာသည်။


လင်းလော့ချင်းသည် သူ့ကို လှမ်းကြည့်လိုက်ပြီး သူ့ရှေ့မှ လူကြီးကို တစ်ဖက်သို့တွန်းလိုက်ကာ လင်းဖေးနှင့် ကျိလဲ့ယွီရှေ့ လျှောက်သွားလိုက်သည်။

" ပါးပါးက မင်းတို့ကို ကျောင်းလာကြိုတာ..."


သူစကားပြောနေရင်း လင်းဖေး၏မျက်နှာကိုပွတ်သပ်ကာ သူ့လက်တစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် ပြန်လှည့်ကြည့်လိုက်ရာ ပါးပါးကျိလွှတ်လိုက်သောလူက ၎င်းနေရာတွင်ပဲ ရပ်နေသေးမှန်း တွေ့လိုက်ရသည်။


" မင်း မထွက်သွားသေးဘူးလား… "


" မစ္စတာလင်း... မစ္စတာကျိ ဖျားနေပြီး သူ့မြေးတွေကို တွေ့ချင်လို့ပါတဲ့…အဖိုးကြီးရဲ့ဆန္ဒကိုတော့ မင်းမငြင်းသင့်ပါဘူး... ဟုတ်တယ်မလား...”


' ဒါဆိုရင်တော့ မင်းငါ့ကို အထင်သေးလိုက်တာပဲ...' လင်းလော့ချင်း သူ့စိတ်ထဲတွေးလိုက်သည်။


" သူဖျားနေတာကို သူ့မြေးတွေတွေ့လို့ ဘာအသုံးဝင်မှာလဲ…ဆရာဝန်ဆီ သွားတွေ့သင့်တယ်လေ…ကလေးတွေက အားနည်းတယ်…ကူးစက်မှုဒဏ်ကို တောင့်ခံနိုင်မှာမဟုတ်ဘူး…မတော်လို့ ရှောင်ယွီ့ဆီ ကူးစက်ပြီး ကျောင်းစာတွေ နောက်ကျသွားရင်ကော…အဲ့လိုဆိုရင် မစ္စတာကျိ တကယ်စိတ်မကောင်းဖြစ်သွားမှာပေါ့... ဟုတ်တယ်မလား...”


ကျိကျန်းဟုန်၏အတွင်းရေးမှူး " ..... "


ဒါက ချွေးမတစ်ယောက် ပြောသင့်တဲ့စကားလား...


သူစကားပြောရန် ပြင်လိုက်သော်လည်း မည်သည့်စကားမှမထွက်လာခင် လော့ကျားက သူ့အား ကော်လံမှဆွဲကိုင်ကာ တစ်ဖက်သို့ ဆွဲထုတ်လိုက်သည်။


လင်းလော့ချင်းလည်း လင်းဖေးနှင့် ကျိလဲ့ယွီအား လော့ကျားကားသို့ ဆွဲခေါ်သွားတော့သည်။


အတွင်းရေးမှူးသည် လော့ကျား၏ဖမ်းချုပ်မှုအောက်တွင် မသက်မသာ ရုန်းကန်နေရသည်။

" ငါ့ကိုလွှတ်… " 


လော့ကျားလည်း သူ့ဆန္ဒအတိုင်း လွှတ်ချလိုက်ပြီး နောက်လှည့်ကာ ကားဆီသို့ လျှောက်သွားလိုက်သည်။


အတွင်းရေးမှူးသည် ကျိလဲ့ယွီနှင့် စိတ်ခံစားချက်ကတ်ကိုဖွင့်ကစားချင်သေးသည့်အတွက် အနောက်မှ ဆက်လိုက်လာသည်။ သို့သော်လည်း အဆုံး၌ လော့ကျားအနားပင် ကပ်ခွင့်မရခဲ့။ ကျိလဲ့ယွီနှင့် လင်းလော့ချင်းတို့ ကားထဲအတူတူဝင်သွားပုံကြည့်နေရင်း ဒေါသထွက်စွာ အံကြိတ်မိသည်။


" စောင့်ကြည့်နေလိုက်…" ဟု လော့ကျားအား ရန်ငြိုးဖြင့်ပြောလိုက်သည်။


လော့ကျားက ခေါင်းငြိမ့်ကာ

" ဟုတ်ကဲ့... ကျွန်တော် စောင့်နေပါ့မယ်… ဒါနဲ့ စကားမစပ်... နောက်ခါသူများကလေးကို လာကြိုရင် သူတို့ရဲ့အဖေကို ကြိုအသိပေးထားသင့်တယ်ပေါ့ဗျာ… နားလည်တယ်မလား...”


သူစကားပြောပြီးသည်နှင့် ကားတံခါးသို့ လျှောက်သွားကာ ဆွဲဖွင့်လိုက်ပြီး အထဲဝင်လိုက်သည်။


အတွင်းရေးမှူးလည်း မတတ်သာသည့်အဆုံး ပါးပါးကျိအား ဖုန်းခေါ်၍ အကြောင်းရင်းကို တင်ပြလိုက်သည်။

" လင်းလော့ချင်းရောက်လာခဲ့တယ်… ရှောင်ယွီ့ကို ကျွန်တော်နဲ့ မထည့်ပေးဘူး…ကျွန်တော်သူ့ကို မရလိုက်ဘူး...”


ပါးပါးကျိ " .... "


ပါးပါးကျိ ‌ဒေါသထွက်ထွက်နှင့်ရယ်လိုက်သည်။

" ဘာလို့သူလဲ…ရှောင်ယွီက သူနဲ့ ဘာတော်လို့လဲ…သူက မဆိုင်တဲ့လူတစ်ယောက်ပဲလေ..ငါတို့ကျိမိသားစုရဲ့ အတွင်းရေးကို စွက်ဖက်တာ သူမရှက်ဘူးလား…တကယ့်ကို သဘောထား ကြီးမြတ်တဲ့သူပါလား...”


ပါးပါးကျိ ဖုန်းချလိုက်ပြီး လင်းလော့ချင်းကို ဖုန်းခေါ်ကာ ပြောဆိုချင်သော်လည်း သူ့တွင် လင်းလော့ချင်းဖုန်းနံပါတ်မရှိမှန်း အမှတ်ရလိုက်သည်။


ကျိလဲ့ယွီထံသာ ဖုန်းခေါ်လိုက်သည်။ ဖုန်းသံသည် အကြိမ်ကြိမ် မြည်နေသော်လည်း ကျိလဲ့ယွီက ပြန်မဖြေခဲ့ပေ။


ဒါက ဘေးမှာရှိတဲ့ လင်းလော့ချင်း သူ့မြေးလေးကို ဖုန်းမကိုင်ခိုင်းလို့ပဲဖြစ်ရမယ်...


ပါးပါးကျိ ဒေါသထွက်လာသည်။ ကောင်းပြီ... သူ့မြေးလေး သူ့ကိုလာတွေ့မှာကို အဲ့လူက အရမ်းကြောက်နေမှတော့ သူပဲ သွားတွေ့ရတော့မှာပေါ့...


ပါးပါးကျိ ဒရိုင်ဘာကို ဖုန်းခေါ်လိုက်သည်။

" ကားပြင်ထား…ငါ အပြင်သွားစရာရှိတယ်...”


ကျိယွီရှောင်ရဲ့အိမ်ကို တိုက်ရိုက်သွားပြီး ကျိလဲ့ယွီနဲ့သူတွေ့မှာကို လင်းလော့ချင်းဝင်တားနိုင်တဲ့ သတ္တိရှိသေးလားဆိုတာ ကြည့်ရမယ်...


ဒီကလိမ်ကကျစ်ကောင်စုတ်ကတော့....


ထိုအချိန်၌ ကလိမ်ကကျစ်ကောင်စုတ်ဖြစ်သူ လင်းလော့ချင်းက ကားထဲ၌ ထိုင်နေရင်း ပါးပါးကျိ၏ရောဂါက တကယ်လော... လိမ်ပြောနေသလောဟု တွေးဆနေသည်။ လိမ်ပြောနိုင်လောက်ပြီး ရည်ရွယ်ချက်မှာ ကျိလဲ့ယွီဖြစ်ရမည်။


ထိုသို့တွေးမိရင်း ကျိလဲ့ယွီဘက်လှည့်လိုက်ကာ သူ့အားသင်ပြပေးတော့သည်။

" ရှောင်ယွီ... အနာဂတ်မှာ ဒါမျိုးကြုံလာခဲ့ရင် တခြားလူတွေနောက်ကို လွယ်လွယ် မလိုက်သွားနဲ့…မင်းပါးပါးကို အရင်ဆုံးခေါ်ရမယ်နော်… သူက ခွင့်ပြုမှ မင်းလည်း သဘောတူရမယ်...”


ကျိလဲ့ယွီက နာခံစွာ ပြန်ဖြေသည်။

" ဟုတ် "


လင်းလော့ချင်းက သူ့ခေါင်းလေးကို ထိလိုက်သည်။

" အခုကလေ အပြင်မှာ လူဆိုးတွေအများကြီးရှိတယ်…အထူးသဖြင့် မင်းလို ချစ်ဖို့ကောင်းပြီး အိမ်မှာလည်း ပိုက်ဆံရှိတယ်ဆိုရင် ပိုဂရုစိုက်ရတယ်... ဟုတ်ပြီလား ...”


" သား နားလည်ပါတယ်...” ကျိလဲ့ယွီက ခေါင်းငြိမ့်သည်။ သူ ဘယ်လိုလုပ် နားမလည်ဘဲရှိမှာလဲ…ဘယ်သူနဲ့မှလည်း သူ လိုက်သွားမှာ မဟုတ်ပါဘူး…သူ့အဖိုးနေမကောင်းတာက သူနဲ့ ဘာဆိုင်လို့လဲ…သူ့အဖိုးသာ တကယ်နေမကောင်းဘူးဆိုရင် သူကပိုတောင်ပျော်သေးတယ်...


သို့သော် ထိုစကားများကို ကျိလဲ့ယွီက လင်းလော့ချင်းအား ပြောပြမည်တော့မဟုတ်။ လိမ္မာကျိုးနွံစွာဖြင့် လင်းလော့ချင်း၏လက်မောင်းကြား၌ မှီနေလေသည်။

" သား လူဆိုးတွေနောက်ပါသွားလို့ရှိရင် ပါးပါးနဲ့ဖေဖေကို မတွေ့နိုင်တော့ဘူးလေ… ဆရာက ကျွန်တော့်ကိုပြောပြထားလို့ ကျွန်တော်သိတာပေါ့။ ကျွန်တော် သူတို့နဲ့ မလိုက်သွားပါဘူး...”


လင်းလော့ချင်း စိတ်သက်သာရာရသွားသည်။ သူ လက်ဆန့်ထုတ်ကာ ကျိလဲ့ယွီကိုဖက်လိုက်ပြီး သူ့နဖူးလေးအား အနမ်းပေးလိုက်သည်။

" ဟုတ်တယ်... ရှောင်ယွီလေးက သိပ်ဉာဏ်ကောင်းတာပဲ…"


လင်းဖေးတွေးမိသည်။

" ...ပါးပါးက သိပ်ရိုးစင်းတာပဲ..."