အပိုင်း ၁၈၈
Viewers 35k

Chapter 188




"မဖြစ်ဘူး" 


ကျိယွီရှောင်က အလွန်ကို ယုံကြည်မှုရှိနေသည်။

"စိတ်မပူပါနဲ့...ငါဒီမှာရှိနေသရွေ့ မင်းသေချာပေါက်အနိုင်ရမှာပါ"


လင်းလော့ချင်း စိတ်သက်သာရာ ရသွားသည်။သူ ယခုလိုအချိန်တွင် ကျိယွိရှောင်၏အတ္တပေမဝါဒကို အလွန်နှစ်သက်သည် - ယင်းက စိတ်ချရသည်။


လင်းလော့ချင်း သူ့အနားသို့ တိုးကပ်သွားပြီးသူ့ကို နမ်းလိုက်သည်။ 

"မင်းပီသပါပေတယ်"


ကျိယွီရှောင်က ပြုံးပြီး သူ့ပါးကိုညစ်လိုက်သည်။ 

"မဟုတ်ရင် ငါက မင်းရဲ့ နတ်ဘုရားဘယ်လိုလုပ်ဖြစ်လာမှာလဲ"


လင်းလော့ချင်းက ပြုံးပြီးပြောလိုက်၏။

"ဒါဆိုမင်းတာဝန်ထားလိုက်မယ်နော်"


"အဲဒါဆို မင်းငါ့ကို ဘယ်လိုပြန်ဆပ်ဖို့စီစဥ်ထားလဲ" 

ကျိယွီရှောင် သေချာအောင်မေးလိုက်သည်။


"ငါ့ကိုယ်ငါနဲ့ပေါ့...တခြားဘာရှိရမှာလဲ"


"ဒါဆို..." 

ကျိယွီရှောင် သူ့နားနားကို ကပ်ပြီးပြောလိုက်သည်။

"ဒီည ပြန်ဆပ်ရင်ရော"


လင်းလော့ချင်း:...သူက အသားစားပြီးတာနဲ့ အရင်က သက်သတ်လွတ်စားခဲ့တဲ့ဘဝကို လုံးလုံးမေ့သွားတယ်...


ဟီးဟီး


သူ ကျိယွီရှောင်ကို အေးစက်စက်နှာမှုတ်သံတစ်ခုပေးလိုက်ပြီး အဖေလင်း၏ နံပါတ်ကို ခေါ်ကာ သူ့အစီအစဉ်ကို အကောင်အထည်ဖော်ရန် ပြင်ဆင်ခဲ့သည်။


အဖေလင်းက လင်းလော့ချင်းဘက်က သူ့ကိုစဆက်သွယ်လာသဖြင့် နောက်ဆုံးမှာ လင်းလော့ချင်းစိတ်တွေ ပျော့ပျောင်းသွားပြီး သူနှင့်စကားပြောချင်စိတ်ရှိလာသည်ဟုထင်ကာ ပြောလိုက်၏။ 

"လော့လော့... သား အကုန်လုံးကို သိသွားပြီး အိမ်ပြန်လာချင်လို့လား"


လင်းလော့ချင်းက နှစ်ခါရှိုက်ပြီး သနားစရာကောင်းဟန်ဆောင်ကာပြောလိုက်သည်။

"အဖေ ကျွန်တော် ဘယ်တော့မှ ပြန်မလာတော့ဘူး...အန်တီကို ပြောလိုက်ပါ၊ ရှယ်ယာတွေ မလိုချင်တော့ဘူး၊ အဖေ့ကိုလည်း မလိုချင်တော့ဘူး၊ အိမ်လည်း မလိုချင်တော့ဘူး၊ ဘာမှ မလိုချင်တော့ဘူး... ကျေးဇူးပြုပြီး ကျွန်တော်နဲ့ဖေးဖေးကို လွှတ်ပေးပါလို့"


သူက ပြောပြီးသည်နှင့် ငိုပါတော့သည်။


ကျိယွီရှောင် သူ၏သဘာဝနှင့်ကင်းကွာလောက်အောင် စစ်မှန်သော ငိုကြွေးသံကို နားထောင်ပြီး အမူအရာမဲ့နေသော သူ့မျက်နှာကို ကြည့်လိုက်သည်။


သူမိန်းမရဲ့ သရုပ်ဆောင်စွမ်းရည်က တကယ်ကို...ဩချလောက်တယ်...


အဖေလင်းက သူဝမ်းးပမ်းတနည်း ငိုနေသည်နှင့်သူပြောသည့်စကားကို ကြားသောအခါ ချက်ချင်း မေး၏။

"ဘာဖြစ်လို့လဲ...အန်တီက ဘာလုပ်လိုက်တာလဲ...အဖေ့ကိုပြော...အဖေ သားအတွက်တရားမျှတမှုရှာပေးမယ်"


လင်းလော့ချင်းက သူ့ခေါင်းကို ခါယမ်းလိုက်ပြီးဆိုသည်။

"ထားလိုက်ပါ အဖေ...ကျွန်တော်ဘာမှ မပြောချင်ပါဘူး...အန်တီကိုပဲ ကျွန်တော်နဲ့ဖေးဖေးကို လွှတ်ပေးထားစေချင်တယ်...အခုချိန်ကစပြီး အဖေကျွန်တော့်ကို မမွေးခဲ့ဖူးသလိုပဲ ဟန်ဆောင်လိုက်ပါ...အဖေ၊ အန်တီနဲ့ တိတိက အဖေတို့မိသားစုနဲ့အဖေတို့ ကောင်းကောင်းနေကြပါ...ကျွန်တော်၊ယွီရှောင်နဲ့ဖေးဖေးကလည်း ကိုယ့်ဘာကိုယ်နေမယ်... တစ်ယောက်ကိုတစ်ယောက် တစ်ခါမှမသိဖူးသလိုပဲ နေကြရအောင်နော် ဟုတ်ပြီလား"


"မဟုတ်ဘူးလေ လော့ချင်း... ဘာဖြစ်ခဲ့လို့လဲ" 

အဖေလင်းက နားမလည်စွာမေးသည်။


လင်းလော့ချင်းက နှာရှုံ့လိုက်သည်။ "ဘာမှမဖြစ်ပါဘူး...ဒါဆို အဖေ ကျွန်တော် ဖုန်းချလိုက်တော့မယ်... နောင်မှာ ကိုယ့်ကိုကိုယ် ကောင်းကောင်း ဂရုစိုက်ပါ"


သူကပြောပြီးသည်နှင့် ဖုန်းကို အမြန်ချလိုက်ပြီး ရေဖန်ခွက်ကို ကောက်ယူကာ ရေတစ်ငုံသောက်လိုက်သည်။


ကျိယွီရှောင်: ......


ကျိယွီရှောင် သူ့ကို တိတ်တဆိတ် ချီးမွမ်းလိုက်သည်။အနာဂတ်မှာ သူ့သရုပ်ဆောင်စွမ်းရည်နဲ့ ဆုတစ်ဆုမရဘူးဆိုရင် တကယ်အဓိပ္ပါယ်မရှိဘူးမလား...


"မင်းငါ့ကိုဘာလို့ဒီလိုကြည့်နေတာလဲ" 

လင်းလော့ချင်း ကျိယွီရှောင်၏တွေးဆဆအကြည့်က သူ့အပေါ်ရောက်နေသည်ကိုခံစားမိသည်။


"မင်းရဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့် ငါ အံ့သြနေတာ"


လင်းလော့ချင်း ယက ဂုဏ်ယူစွာဖြင့်ဆို၏။

"ပရော်ဖက်ရှင်နယ်ကျတယ်မလား"


"တကယ့်ကို ပရော်ဖက်ရှင်နယ်ပဲ"


သူပြောပြီးသည်နှင့် သူ့အိတ်ကပ်ထဲက လက်ကိုင်ဖုန်းမြည်လာသည်။


ကျိယွီရှောင် ၎င်းကို ထုတ်ယူပြီး တကယ်ကို အဖေလင်းဖြစ်နေမှန်း တွေ့လိုက်ရ၏။


လင်းလော့ချင်း သူက ပြောချင်ပေမဲ့ ဘာမှမပြောဘူးဆိုလျှင် အဖေလင်းက သူ့ကို သိချင်လာပြီး သူ့ကို စုံစမ်းလိမ့်မည်။သူ့ကို စုံစမ်းချင်လျှင် အကောင်းဆုံးကိုယ်စားလှယ်က ကျိယွီရှောင်ဖြစ်လိမ့်မည်ပင်။


——မည်သို့ပင်ဖြစ်စေ သူက ကျိယွီရှောင်နှင့် ဆက်ဆံရေးတစ်ခု အလွန်ရှိချင်သည်။ကျိယွီရှောင်နှင့် စကားပြောခွင့်ရရန်လည်းနေ့တိုင်းဆုတောင်းနေသူဖြစ်သည်။ထို့ကြောင့် ယခုလိုအဆင်သင့်ရှိနေသည့် အခွင့်အရေးကို လက်လွှတ်ခံရန်က သူ့အတွက်မဖြစ်ရေးချမဖြစ်နိုင်ပေ။


"ဖြေလိုက်" 

လင်းလော့ချင်း ကျိယွီရှောင်ကို အမူအရာပြလိုက်သည်။


ကျိယွီရှောင် ဖုန်းကို ကောက်ကိုင်လိုက်သည့်အခါ အဖေလင်း၏ ရှုပ်ထွေးစွာမေးလာမှူကိုကြားလိုက်ရသည်။

"ယွီရှောင်...လော့ချင်း ဘာဖြစ်နေတာလဲ...ဘာလို့ ငိုယိုပြီး ဖုန်းထဲကနေ အခုကနေစပြီး အချင်းချင်း မသိသလို ဟန်ဆောင်ဖို့ပြောတာလဲ"


သူက နူးညံ့ဟန်ဆောင်ပြီးပြော၏။

"ငါစဉ်းစားပြီးပြီ...မင်းပြောတာမှန်တယ်... ငါ သူ့ကို အရမ်းချစ်ပြီး အစက အပြစ်ကင်းစင်တဲ့ နှလုံးသားကို မညစ်ညမ်းအောင် ကာကွယ်ပေးချင်ခဲ့တာ...အဲဒါကြောင့် သူ့ကို ကုမ္ပဏီကိစ္စတွထဲ မပါဝင်စေချင်ခဲ့တာ...သူ့ကိုကော်ပိုရေးရှင်းရဲ့ အမှောင်ထုကို မမြင်စေချင်ခဲ့တာ...ဒါကြောင့် သူ့ကို ရှယ်ယာမပေးချင်ခဲ့ဘူး... ဒါပေမဲ့ အဲဒါက သူ့ကိုနားလည်မှုလွဲစေခဲ့တာပဲအဖတ်တင်တယ်...ငါသူ့ကို ရှယ်ယာ 5% ပေးဖို့ဆုံးဖြတ်လိုက်တယ်... ဒါမှ သူနဲ့ သူ့ညီလေးနဲ့ အတူတူ ဖြစ်ပြီး ငါ့ကို ဘက်လိုက်တယ်လို့မထင်တော့မှာပေါ့"


ကျိယွီရှောင်က အေးစက်စွာ နှာမှုတ်လိုက်သည်။

"ဒါဆို ခင်ဗျား မပေးလိုက်တာ ပိုကောင်းတယ်...ကိုယ့်ဘာကိုယ်သာသိမ်းထားလိုက်တော့...ခင်ဗျားကတောင် ရှယ်ယာတွေ မပေးရသေးဘူး... အန်တီချန်ဖုန်းက လင်းဖေးရဲ့ အဖေအရင်းကို ရှာပြီးလော့ချင်းကို ခြိမ်းခြောက်ဖို့ မစောင့်နိုင်တော့ဘူး... ခင်ဗျားသာတကယ် ကျွန်တော့်ကို ပေးလိုက်ရင်၊ အန်တီချန်ဖုန်းက ဘာလုပ်မလဲဆိုတာ ဘယ်သူသိမှာလဲ"


"မင်းဘာပြောလိုက်တာလဲ"

အဖေလင်းက အံဩတကြီးပြောလိုက်သည်။

"လင်းဖေးရဲ့အဖေအရင်း...သူ့အဖေအရင်းကဘယ်သူလဲ"


ကျိယွီရှောင်က ဒေါသတကြီးတုန့်ပြန်လိုက်သည်။

 "အိုး၊ ခင်ဗျားမသိဘူးလား...ခင်ဗျားနဲ့ အန်တီချန်ဖုန်း နေ့တိုင်း စောင်တစ်ထဲတည်းအတူတူခြုံ အိပ်ကြတော့ သူ ဘယ်သူ့ကိုဖုံးထားပါစေ၊ခင်ဗျားကိုတော့ ဖုံးကွယ်ထားမှာ မဟုတ်ဘူးလို့ထင်ခဲ့တာ...ခင်ဗျားကိုပါ ဖုံးကွယ်ထားမယ်လို့ဘယ်သူကထင်ပါ့မလဲ...ဘယ်လောက်အကြံပက်စက်လိုက်သလဲ..."


အဖေလင်းသည် ထိုစကားကိုကြားသောအခါ သူ့မျက်နှာစိမ်းဖန့်သွား၏။


ထိုအချိန်တုန်းက လက်မထပ်ဘဲ ကလေးမွေးသည့်လင်းလော့ရှီးနှင့် ပတ်သက်ပြီး သူ ဒေါသအပြင်းအထန်ထွက်ခဲ့သည်။လင်းလော့ရှီးကိုပင် ကလေးအဖေဘယ်သူလဲ မေးလိုက်သေးပေမဲ့ လင်းလော့ရှီးက ကလေးအဖေ သေသွားပြီဟုသာ ပြောခဲ့သည်။သူလည်း မေးခွန်းတွေ ထပ်မမေးခဲ့တော့ဘဲ ကလေးအဖေ တကယ်သေသွားပြီဟုသာမှတ်ယူခဲ့သည်။သူ့သမီးက သူ့ကိုလိမ်ခဲ့သည်ကအဆင်ပြေသည်။သို့သော ချန်ဖုန်းကပါ သူ့ကို ဖုံးကွယ်ထားမည်ဟု မထင်ထားခဲ့ပေ။


အရင်ကတည်းက သိသည်ဖြစ်စေ အခုမှ သိသည်ဖြစ်စေ သူမ သူ့ဆီကနေ လုံးဝ ဖုံးကွယ်မထားသင့်ပေ။မဟုတ်လျှင် ယခုလိုအရာမျိုး ဖြစ်လာမှာမဟုတ်ပါချေ။


လင်းဖေး၏ မျိုးရိုးအမည်က လင်းဖြစ်သည်။ဆိုလိုသည်က ကလေးက သူတိူ့ လင်းမိသားစုကလူဖြစ်သည်။ သူ့သမီးနဲ့သားက ဒီကလေးကို ဒီအရွယ်ရောက်တဲ့အထိ ကြိုးကြိုးစားစား ပြုစုပျိုးထောင်ပေးခဲ့တာ...နောက်ဆုံးကျတော့ ဘာအတွက်လဲ...သူများအတွက် ဖြစ်သွားဖို့လား...


ဘယ်လောက်ရူးလိုက်သလဲ...


"စိတ်မပူပါနဲ့ ...ဒီကိစ္စအတွက် ငါမင်းကိုကျေနပ်လောက်တဲ့ အဖြေတစ်ခုပေးပါ့မယ်...ငါဒီနေ့ပြန်ရောက်ရင် သေချာမေးလိုက်မယ်"


"အန်ကယ်...ကျေးဇူးပြုပြီး မမေးပါနဲ့တော့" 

ကျိယွီရှောင်က တမင်တကာ သရော်လိုက်၏။

"အန်ကယ်...အရင်ကခင်ဗျားက .အိမ်ထောင်ဦးစီးဆိုတော့ ခင်ဗျားမိသားစုထဲမှာ ခင်ဗျားစကားကအတည်ပဲလို့ ကျွန်တော် ထင်ခဲ့တာ...အခုက အဲဒီလိုနည်းနည်းမှ ဟုတ်မနေဘူး...မဟုတ်ရင် ခင်ဗျားက တစ်ဖက်မှာလော့ချင်းကိုချစ်ကြောင်းပြောနေချိန်မှာ ခင်ဗျားမိန်းမနဲ့ သားသမီးတွေက ခင်ဗျားနောက်ကွယ်မှာ လော့ချင်းကို ဒုက္ခရောက်အောင် ထိခိုက်နာကျင်အောင် နည်းမျိုးစုံနဲ့ ကြိုးစားနေကြမှာမဟုတ်ဘူး... ခင်ဗျားက ခင်ဗျားမိသားစုကိုတောင် မထိန်းချုပ်နိုင်ဘူး... ခင်ဗျားနဲ့ ပူးပေါင်းချင်ရင်တောင် ကျွန်တော်အခု မတွေးရဲဘူး...ခင်ဗျားမိန်းမနဲ့ သားသမီးတွေ အခုလိုလုပ်ရင် ဘယ်လိုလုပ်မလဲ...ခင်ဗျားက'ငါပြန်ရောက်ရင် သင်ခန်းစာတစ်ခု ပေးလိုက်မယ်' လို့သာ ထပ်ခါထပ်ခါ ပြောပြီး လက်တွေ့ကျတဲ့ အကျိုးသက်ရောက်မှုတွေကျ ရှိမှာမဟုတ်ဘူး...အဲဒါကို မေ့ထားလိုက်ပါ... အန်ကယ် နောင်ကျရင် ကျွန်တော်တို့ အဆက်အဆံမလုပ်ဘဲနေကြရအောင်...မဟုတ်ရင် ခင်ဗျားမိန်းမနဲ့ သားသမီးတွေ စိတ်မချမ်းမသာဖြစ်ပြီး လော့ချင်းလည်း သူတို့ဒေါသကြောင့်ထိခိုက်လိမ့်မယ်"


ပြောပြီးသည်နှင့် သူက ဖုန်းချသွားလိုက်သည်။


လင်းလော့ချင်းက ချက်ချင်း လက်ခုပ်တီးလိုက်၏။

"အပြောအရမ်းကောင်းတယ်"


လင်းပေါ်ကဲ့သို့သော ဖိုဝါဒီတစ်ဦးသည် ဤစကားများကို မည်သို့နားထောင်နိုင်မည်နည်း။ထိုစကားများက သူအနာပေါ်တည့်တည်ထိမှန်သွားကြမည်ပင်။ယနေ့ညမှာ ရလဒ်တွေထွက်လာဖို့များလိမ့်မည်။


ကျိယွီရှောင်က ခပ်ဖွဖွရယ်ပြီးဆိုသည်။

"ဒါလေးကိုလား... ငါ့မှာ ပိုကောင်းတာတစ်ခုတောင်ရှိသေးတယ်"


"ဘာလဲ"

လင်းလော့ချင်းက သူ့ကို မေးသည်။


ကျိယွီရှောင်က လက်ကိုင်ဖုန်းကိုယူကာ ချန်မင်၏နံပါတ်ကို တိုက်ရိုက်ခေါ်ဆိုလိုက်သည်။


ချန်မင် ပေါ်လာသည့် ပထမဆုံးနေ့မှာ သူချန်မင်ကို တိုက်ရိုက်သတိမပေးခဲ့ပါချေ။ပထမအချက်က လင်းလော့ချင်းက ထိုအချိန်တုန်းက သူ့ကို စွက်ဖက်ခွင့်မပေးခဲ့၍ဖြစ်ပြီး ဒုတိယအနေဖြင့် ချန်မင်ကို နှုတ်နှင့်ပဲသတိမပေးချင်၍ဖြစ်လေသည်။


လင်းဖေးရှေ့မှာ သူ့ကို ဘယ်သူက ပေါ်လာခိုင်းလို့လဲ...


လင်းဖေးရှေ့မှာ ပေါ်လာပြီး လင်လော့ချင်းဆီက ကလေးရဲ့အုပ်ထိန်းခွင့်ကိုလုရအောင် သူ့မှာဘာအရည်အချင်းရှိလဲ...


ကျိယွီရှောင်က ကျိလဲ့ယွီကို မွေးစားပြီးကတည်းက တခြားသူများအားလုံးရဲ့ အာရုံစိုက်မှုနှင့် လိုချင်မက်မောမှုတွေကို ခံစားလာရသည်။ သူ့အစ်ကို၏ အမွေတွေက များပြားလွန်း၍ လူတိုင်းက လိုချင်ကြသည်။ သူ့အဖေက ကျိလဲ့ယွီကို သူ့နောက်ကို လိုက်စေချင်ပြီး ထိုအရူး ကျိမူက ကျိလဲ့ယွီ၏ အုပ်ထိန်းခွင့်ကိုပင် လိုချင်တပ်မက်ခဲ့သည်။


ထို့ကြောင့် ချန်မင် ယခုလို ပေါ်လာပြီး လင်းဖေးကို လုယူချင်နေသည်က ကျိလဲ့ယွီ၏ မိုင်းကွင်း၌ အရူးကဲ့သို့ ကခုန်နေခြင်းနှင့် အတူတူပင်ဖြစ်လေသည်။


ထို့ကြောင့် အစကတည်းက ချန်မင်ကို သူ၏တစ်ကိုယ်ကောင်းဆန်မှုအတွက် အခကြေးငွေပေးချေခိုင်းရန် စီစဉ်ခဲ့သည်။


သတိပေးချက်တစ်ခုသည် အစစ်အမှန်လုပ်ဆောင်မှုအချို့ လိုအပ်ပေသည်၊ မဟုတ်ပါက ၎င်းသည် လူတို့ကို အဘယ်ကြောင့် ကြောက်လန့်စေပါမည်နည်း။


အစစ်အမှန်လုပ်ဆောင်မှုများက သဘာဝအတိုင်း အချိန်အနည်းငယ် ကြာလိမ့်မည်။


ထို့ကြောင့် ချန်မင်အား လက်ဆောင်များ ပေးအပ်ပြီးနောက် ယနေ့နံနက်အထိ ချန်မင်အား သတိပေးရန် အစီအစဉ်မရှိခဲ့ပေ။


ချန်မင်က ကျိယွီရှောင်၏ ဖုန်းနံပါတ်ကို မသိခဲ့ပေ။သူက တစ်ချက်ပဲကြည့်လိုက်ပြီး ၎င်းသည် အမည်မသိ ခေါ်ဆိုသူဖြစ်ကြောင်း သိလိုက်ရသောအခါ ဖုန်းပြန်မဖြေခဲ့ပေ။သုံးကြိမ်မြှောက်ခေါ်လာသောအခါမှ မကျေမနပ်ဖြင့်ဖုန်းကိုင်လိုက်သည်။


လောလောဆယ် သူအလုပ်ရှုပ်နေသည်။အရှေ့ဘက်က ပရောဂျက်တစ်ခုက ရုတ်တရက် တစ်ခုခု ဖြစ်သွား၏။မြောက်ဘက်မှာရှိသည့် လုပ်ဖော်ကိုင်ဖက် နှစ်ယောက်က ရုတ်တရက်ဖုန်းခေါ်ပြီး ပြန်စဉ်းစားမည်ဟု ပြောခဲ့သည်။သူ တစ်ဖက်လူတွေကို အကြာကြီး ဖြောင့်ဖြရန်ကြိုးစားခဲ့ပေမဲ့အချည်းနှီးသာဖြစ်ခဲ့သည်။ ဘာဆက်လုပ်ရမလဲဆိုသည်ကို သူ့အဖေနှင့် ဆွေးနွေးနေခဲ့သည်။လင်းလော့ချင်းက လင်းဖေးကသူ့ကိုပါးပါးဟု ခေါ်သည့်ပျော်ရွှင်မှုကို မျှဝေပေးပြီးနောက်မှာ ဒေါသထွက်နေပေမဲ့လည်း သူ့မှာ ဖုန်းပြန်ခေါ်ရရန်အချိန်မရှိခဲ့ပေ။


သူ့တွင်အရေးကြီးအာရုံစိုက်ရန် ကိစ္စများရှိနေသောကြောင့် လင်းလော့ချင်း တထောင်ထောင်ဖြစ်နေသည်ကို ဂရုစိုက်ရန် အချိန်နှင့်အားအင်မည်သို့ရှိပါမည်နည်း။


ထို့ကြောင့် ဤထူးဆန်းသောနံပါတ်က ဆက်၍ခေါ်ဆိုသည်ကိုမြင်လျှင် ချန်မင်က ဒေါသတကြီးကိုင်ပြီးပြောလိုက်သည်။ 

"ဘယ်သူလဲ... အာရုံနောက်အောင်လုပ်နေတယ်"


"ကျိယွီရှောင်"


ချန်မင် ချက်ချင်း ထိတ်လန့်သွားသည်။ခဏကြာပြီးနောက် သူ့မျက်နှာပေါ်က ဒေါသတွေက အပြုံးတစ်ခုဖြစ်သွားသည်။

"ဥက္ကဋ္ဌကျိ...ဘာလို့ ရုတ်တရက်ကြီး ကျွန်တော့်ကိုဖုန်းခေါ်ဖို့တွေးမိတာလဲ... တောင်းပန်ပါတယ်...အခုန ဥက္ကဋ္ဌကျိမှန်းမသိတော့ ကျွန်တော့် လေသံက ရိုင်းပြမိသွားတယ်...ခင်ဗျားကလည်း ကြည့်...လော့ချင်းကို ကြိုအသိပေးခိုင်းလိုက်တာမဟုတ်ဘူး... မဟုတ်ရင် ကျွန်တော် တန်းဖြေတာပေါ့"


"ဘာကိစ္စရှိလို့လဲဗျ" 

သူက ယဉ်ယဉ်ကျေးကျေး မေးသည်။


ကျိယွီရှောင်က သူနှင့် အဓိပ္ပါယ်မရှိသည့်စကားတွေပြောပြီးအချိန်ကုန်မခံဘဲ လိုရင်းကို တိုက်ရိုက်ပြောလိုက်၏။

"ငါပေးခဲ့တဲ့ လက်ဆောင်သုံးခုကို သဘောကျလား"


ချန်မင် နားမလည်ဖြစ်သွားသည်။

"ဘာလက်ဆောင်လဲဗျ...ဘယ်တုန်းက လက်ဆောင်ပေးခဲ့တာလဲ...လူကြီးမင်းကျိက ယဉ်ကျေးလွန်းနေပါပြီ"


ကျိယွီရှောင်က ရယ်လိုက်သည်။ထိုကဲ့သို့သော လူမိုက်တစ်ယောက်က လင်းဖေး၏အဖေဖြစ်ချင်နေသေးသည်။အိပ်မက်မက်နေခြင်းသာ ဖြစ်သည်။


"မစ္စတာချန်...ပရောဂျက်နဲ့ စာချုပ်မှာ ရုတ်တရက် ပြဿနာတက်တာက မင်းရဲ့ သူများခံစားချက်တွေကို လှည့်စားတာ၊ မိန်းမတွေနဲ့ ကစားတာ၊ တခြားသူတွေရဲ့ ကလေးတွေကို ခိုးဖို့ကြိုးစားတာတွေအတွက် ဘုရားပေးတဲ့ ဆုလာဘ်လို့ တကယ်မထင်ဘူးလား"


ချန်မင်၏ မျက်နှာပေါ်ရှိ အပြုံးသည် ရုတ်တရက် ပျောက်ကွယ်သွားသည်။


"ကလေးတစ်ယောက်အတွက် မင်းကငါ့ကိုပြိုင်ချင်တယ်ပေါ့...မင်းနဲ့တန်လို့လား"


ကျိယွီရှောင်က အေးစက်စွာပြောသည်။ "မင်း လင်းဖေး ဒါမှမဟုတ် လော့ချင်း ရှေ့မှာ တစ်ခါပြန်ပေါ်လာရင် မင်းရဲ့ပရောဂျက်တစ်ခုကို ငါဖျက်လိုက်မယ်... မင်းနှစ်ခါပြန်ပေါ်လာရင် မင်းကုမ္ပဏီရဲ့ တစ်ဝက်ကို ဒေဝါလီခံအောင်လုပ်ပစ်မယ်... သုံးခါပေါ်လာရင် မင်းကုမ္ပဏီရဲ့ မျိုးရိုးနာမည်ကို ကျိပြောင်းဖို့ အဆင်သင့်ပဲ...ငါလုပ်နိုင်မလားဆိုတာ စမ်းကြည့်လိုက်စမ်းပါ"


ချန်မင်၏ မျက်နှာ ရုတ်ချည်း အကျည်းတန်သွားသည်။

"ဥက္ကဋ္ဌကျိ...ခင်ဗျား အဲဒီလို လုပ်လို့မရဘူး ...ကျွန်တော်က လင်းဖေးရဲ့ အဖေအရင်း... ခင်ဗျား..."


"ငါ့လက်ဆောင်တွေက မလုံလောက်သေးဘူးလား ...မင်းကိုယ်မင်း သူ့အဖေလို့ ငါ့ကို ပြောရဲသေးတယ်ပေါ့" 

ကျိယွီရှောင်က ရုတ်တရက် သဘောပေါက်သွားဟန်ဖြင့်ဆိုသည်။


"ငါက ပေါ့လျော့မိပြီး လက်ဆောင်တွေ လုံလုံလောက်လောက် မပြင်ဆင်ခဲ့ဘူး... စိတ်မပူပါနဲ့... ငါ 'လက်ဆောင်' အသစ်တွေ ချက်ချင်းပြင်ဆင်လိုက်မယ်"


"ဥက္ကဋ္ဌကျိ" 

ချန်မင် သူ့ကို အမြန်တားလိုက်သည်။ သူ ကျိယွီရှောင်ကို ထိပ်တိုက်ရင်မဆိုင်ရဲပေ။ရှိခိုးကောင်နှင့် ကားနှင့်ရင်ဆိုင်လျှင် ကားကဘာမှဖြစ်မှာမဟုတ်ဘဲ ရှိခိုးကောင်က သေသွားလိမ့်မည်။


"ကျွန်တော်နားလည်ပါပြီ" 

သူက ခေါင်းငုံ့ပြီးပြောလိုက်သည်။

"ကျွန်တော် ဖေးဖေး နဲ့ လင်းလော့ချင်းကို ထပ်မနှောင့်ယှက်တော့ပါဘူး"


"ကောင်းတယ်" 

ကျိလဲ့ယွီ၏လေသံက ပျော့ပြောင်း သွားသည်။

"ဘယ်လိုပဲဖြစ်ဖြစ် အခုရက်ပိုင်း ငါ့ဒေါသက တကယ်ကို ဆိုးတယ်...တက်လွယ်ကျလွယ်ပြီး မှန်းဆလို့ မရဘူး...ဒါကြောင့် မင်းအနေနဲ့ဝေးဝေးနေလိုက်တာ အကောင်းဆုံးပဲ"


ချန်မင် သူ့နှလုံးသားထဲက ခါးသီးမှုကို မျိုချလိုက်ပြီး "ဟုတ်ကဲ့"ဟု သူ့ကိုယ်သူတွန်းအားပေး ပြောရုံသာတတ်နိုင်သည်။


သူဖုန်းချလိုက်ပြီးနောက် ချန်မင်၏အဖေက ရှုပ်ထွေးစွာမေးလာသည်။

"မင်းက ဘယ်သူ့အဖေအရင်းလို့ ပြောလိုက်တာလဲ...ရှောင်မင် မင်းမှာ ကလေးရှိတာလား"


ချန်မင် ခါးသီးစွာ ပြုံးလိုက်သည်။ 

ဟုတ်တယ်၊ သူ့မှာ ကလေးရှိတယ်...ဒါပေမဲ့ ဘာအသုံးဝင်မှာလဲ...သူမှ လုံးဝ ပြန်မရနိုင်တာ...


"မဟုတ်ဘူး အဖေ...အဖေနားကြားမှားတာ...ခုနအကြောင်းကို ဆက်ပြောရအောင်"

သူက ခေါင်းစဉ်ကို အမြန်ပြောင်းလိုက်သည်။


အဖေချန် ဇဝေဇဝါဖြစ်နေသော်လည်း ကုမ္ပဏီ၏ရုတ်တရက်အခြေအနေနှင့် ပတ်သက်၍ သူပို၍စိုးရိမ်သောကြောင့် နောက်ထပ်မေးခွန်းများမမေးတော့ပေ။ကိစ္စများပြီးမှ သားဖြစ်သူနှင့် အေးအေးဆေးဆေးစကားပြောရန် စီစဉ်လိုက်သည်။


လင်းလော့ချင်း ကျိယွီရှောင်က စကားစကားအနည်းငယ်ဖြင့် ချန်မင်ကို ဖြေရှင်းလိုက်သည်ကိုနားထောင်ဘဲ မနေနိုင်ဘဲ လက်ခုတ်တီးကာ ချီးကျုးလိုက်သည်။

"လေးစားလောက်စရာပါပဲ"


"ဒါပေမဲ့ မင်း သူ့ကို ဘာလက်ဆောင်ပေးလိုက်တာလဲ" 

သူ သိချင်ပြီးမေးလိုက်သည်။


"ဘာမှမဟုတ်ပါဘူး...သူ့ပရောဂျက်တချို့ကို ပြဿနာတက်အောင်လုပ်လိုက်ရုံ... အခု ဒီလေးလပတ်တစ်ခုလုံး သူဘဝကခက်ခဲနေတော့မှာ" 

ကျိယွီရှောင်က သက်ပြင်းချလိုက်ပြီးဆိုသည်။

"အခုမှ နှစ်သစ်ရဲ့အစရှိသေးတယ်...သူ့ဘဝက ခက်ခဲကြမ်းတမ်းနေရပြီ...ဒါက 

ကောင်းတဲ့နမိတ်တော့မဟုတ်ဘူးလေ~"


လင်းလော့ချင်းက ရယ်လိုက်သည်။ "မင်းလှုပ်ရှားတာ တော်တော်မြန်တယ်"


"မဟုတ်ရင်... သူလိုမျိုးနှံကောင်အတွက် ငါဘယ်လောက်အားစိုက်သင့်တယ်လို့မင်းထင်လဲ..."

ကျိယွီရှောင်၏လေသံက အထင်အမြင်သေးမှုတို့ဖြင့်ပြည့်နေသည်။


သူက တကယ်ကိုမတန်ဘူးဟု လင်းလော့ချင်းက တွေးလိုက်သည်။


သူ လက်ပေါ်မေးတင်ကာ သူ့ရှေ့ကလူကို ကြည့်လိုက်သည်။ကျိယွီရှောင်၏ပုံစံက တစ်နည်းနည်းဖြင့် အတော်လေး ချောမောနေသလို ခံစားရသည်။


ကျိယွီရှောင်က သူ့ကိုကြည့်ရင်းဆိုသည်။

"ဘာလဲ...မင်းရဲ့နတ်ဘုရားက ပိုပို အထင်ကြီးစရာကောင်းလာတယ်လို့ထင်နေတာလား"


"နည်းနည်း"


"ဒါဆို ဒီညမှာ နတ်ဘုရားက မင်းကို သူနဲ့ ကိုယ်ချင်းရင်းနှီးဖို့ အခွင့်အရေး ပေးရင်ရော"


လင်းလော့ချင်းက ရယ်ပြီးပြောလိုက်သည်။

"ဒါဆိုရင်တော့ ငါမလိုချင်သေးဘူး"


သူက မတ်တပ်ထရပ်ပြီး ခေါင်းလေးစောင်းကာ ကျိယွီရှောင်ကိုကြည့်လိုက်သည်။

"ဒီည ငါ့သားနဲ့ အတူတူအိပ်ချင်နေတုန်းပဲ ဟီးဟီး"


ကျိယွီရှောင်: ......


အိုကေ၊ကျိယွီရှောင်က ခေါင်းညိတ်လိုက်သည်။လင်းလော့ချင်းက ယခုအချိန်တွင် အရူးပါးပါးစင်ဒရုန်း၏အစောပိုင်းအဆင့်တွင်ရှိနေဆဲဖြစ်သည်ကို အဘယ်ကြောင့် သူမေ့သွားရသနည်း။သူက သူ၏ ချစ်လှစွာသောပေါင်ပေ့လေးနှင့် ခွဲပြီးအသက်မရှင်နိုင်ပေ။


"ဒါဆို ငါတို့ လေးယောက် ဒီည အတူတူ အိပ်ကြမယ်...ငါလည်း ငါ့သားနဲ့ အတူတူ အိပ်မယ်လေ" 

သူက ပြောလိုက်သည်။


လင်းလော့ချင်း ထိုစကားကိုကြားသောအခါ သူ၏မျက်လုံးများထဲရှိ အပြုံးက ပို၍တောက်ပလာသည်။


သူက အင်တင်တင်ဟန်ဆောင်ပြီးပြောလိုက်သည်။

"စဉ်းစားကြည့်လိုက်ဦးမယ်"


သို့ပေမဲ့ သူ့ရင်ဘက်ထဲမှာကား ပန်းတွေပွင့်နေပြီဖြစ်သည်။