အပိုင်း ၁၉၆
Viewers 40k

Chapter 196




သူက တကယ်ကို ထက်မြက်ပြီး အဓိက အချက်အလက်တွေကို ရှာဖွေကာ ရဲဘက်ကို အပ်ခဲ့ပေမဲ့ ရဲဘက်ကနေဖမ်းဆီးအရေးယူသည့်နေမှာ သူ့သူငယ်ချင်းတွေကို ကယ်တင်ရန် ကြိုးစားရင်း သေဆုံးသွားခဲ့သည်။


သူ့မှာ ဇာတ်ဝင်ခန်းတွေ အများကြီးမရှိပေမဲ့ သူ့ကာရိုက်တာဖွဲ့စည်းပုံက အလွန် ရုပ်လုံးပေါ်ပြီး ပြီးပြည့်စုံသည်။


ဒရာမာထဲရှိ ဖူဟန်၏ပါဝင်မှုက သေးငယ်သောအစိတ်အပိုင်းတစ်ခုမျှသာဖြစ်ပြီး၊ အမျိုးသားဇာတ်ဆောင်ဖူပင်း တရားမျှတမှုကို ကာကွယ်ပေးသည့်လမ်းပေါ်တွင် တွေ့ကြုံခဲ့ရသော နာကျင်ဝမ်းနည်းစရာဖြစ်ရပ်များထဲမှ တစ်ခုမျှသာဖြစ်သည်။


သူ၏ဇာတ်လမ်းသည် ဖူပင်း၏ဇာတ်ကောင်သရုပ်ကို ပိုမိုတိုးတက်စေပြီး တစ်ချိန်တည်းမှာပဲ ပရိတ်သတ်ကို မျိုးချစ်လူငယ်မျိုးဆက်တစ်ယောက်၏ပုံရိပ်ကိုပေးစွမ်းလေသည်။


ဖူဟန်က ငယ်ရွယ်နုပျိုပြီး ချောမောကာ နေခြည်ကဲ့သို့ နွေးထွေးပြီး ထက်မြက်သူဖြစ်သည်။ မည်သူကမျှ သူ့ကိုကြည့်လျှင် ရဲအရာရှိဟု မြင်ကြမှာမဟုတ်သော်လည်း သူက ပြည်သူများ၏ ပျော်ရွှင်မှုအတွက် သူ့အသက်ကို စတေးနိုင်သည့် တကယ့်ရဲအရာရှိဖြစ်လေသည်။


လူငယ်တွေမှာလည်း သတ္တိရှိသည်၊ လူငယ်တွေမှာလည်း စိတ်ဓာတ်ရှိသည်၊ လူငယ်တွေမှာလည်း ခိုင်မာသော မျိုးချစ်စိတ်ရှိသည်။


ယင်းက ဖူဟန်ဇာတ်ကောင်၏ အဓိပ္ပါယ်ဖြစ်၏။


လင်းလော့ချင်း ဇာတ်ညွှန်းကို ဖတ်သောအခါတွင် ဤဇာတ်ကောင်ကို အလွန်နှစ်သက်သွားမိသည်။ သူက ငယ်ရွယ်ပြီး သတ္တိရှိကာ ထက်မြက်သည်။ တောင်များတွင် ကျားများရှိသည်ကို သူသိသော်လည်း ကျားများကို လိုက်ရှာရဲသည့် သတ္တိရှိခဲ့သည်။


ဤဇာတ်ရုပ်က ကောင်းကောင်းသရုပ်ဆောင်နိုင်လျှင် သရုပ်ဆောင်ဖြစ်သူက ပရိတ်သတ်၏ရင်ထဲကို ဝင်ရောက်စွဲထင်စေမည်မှာသံသဖြစ်ဖွယ်မရှိပေ။


သူ အဝတ်လဲခန်းရှိ ကုလားထိုင်ပေါ်တွင် စတိုင်လစ် မိတ်ကပ်လိမ်းပေးမည်ကို စောင့်နေသည်။


စတိုင်လစ်က သူ့မျက်နှာကို ကြည့်ပြီး ရှုပ်ထွေးသွား၏။ဤဒရာမာမှာ မိတ်ကပ်လိမ်းရန်လိုအပ်ချက်တွေ ကြီးကြီးမားမားမရှိသလို မင်းသားရောမင်းသမီးပါ ကြည့်ကောင်းစရာမလိုပေ။ထို့အပြင် သူတို့က ရုပ်ရည်သွင်ပြင်ထက် ပရော်ဖက်ရှင်နယ်ကျမှုကိုဦးစားပေးသည့် ပုံစံကျမှုခင်းဒရာမာကိုရိုက်ကူးနေခြင်းဖြစ်သည်။လင်းလော့ချင်း၏ အသွင်အပြင်က စတိုင်လစ်ကို အနည်းငယ်ကျဥ်းထဲကြပ်ထဲရောက်သွားသလို ခံစားရစေခဲ့သည်။ကနဦးပိုင်း အံ့အားသင့်မှုမှုအပြီးမှ သူမစပြီးစိတ်ပူလာသည်။


လင်းလော့ချင်း၏မျက်နှာသည် သူသာ အမှန်တကယ်ရဲအရာရှိတစ်ဦးဖြစ်ပြီး သရုပ်ဆောင်မဟုတ်ပါက၊အင်တာနက်အသုံးပြုသူများက သူ့ကို တွေ့ဆုံပြီးနောက် ကောင်ချောလေးတွေအကုန်လုံးက နိုင်ငံတော်လက်သို့ လွှဲပြောင်းပေးအပ်လိုက်ခြင်းခံရသည်ဟုသောအကြောင်းအရင်းဖြင့် မကျေမနပ်သောက်သောက်လဲအောင်ပြောဆိုကြလိမ့်မည်ဖြစ်ပြီး အပူတပြင်း ရှာဖွေနေသောအကြောင်းအရာတစ်ခု ဖြစ်လာနိုင်၏။


သို့ပေမဲ့ သူက သရုပ်ဆောင်တစ်ယောက်ဖြစ်လေသည်။သူ့ကို ဘယ်လိုပဲကြည့်ကြည့် သူ့မျက်နှာက ရဲတစ်ယောက်၏ပုံရိပ်နှင့် လုံးဝမကိုက်ဟု စတိုင်လစ် ခံစားရသည်။


အထူးသဖြင့် အဖွဲ့သားတွေ၏ လက်ရှိသရုပ်ဆောင်တွေကြားထဲမှာ သူ့မျက်နှာကတကယ်ကို ထင်းထွက်နေသည်။


ထို့ကြောင့် စတိုင်လစ် အလှတရားကို ဖိနှိပ်ပြီး လျော့ချရန်ဆုံးဖြတ်လိုက်သည်။


သူမက အညိုရောင်ဖောင်ဒေးရှင်းအရည်ကိုထုတ်ကာ လင်းလော့ချင်းင်း၏မျက်နှာကို မိတ်ကပ်စတင်လိမ်းသည်။ခဏအကြာတွင် ဖောင်ဒေးရှင်းက လိမ်းပြီးသွားသည်။သူမ ခြယ်သလေလေ လင်းလော့ချင်းက ပိုမိုထင်းထွက်လာလေလေဖြစ်မည်ကို စိုးရိမ်သောကြောင့် စတိုင်လစ်မှာ အခြားအစိတ်အပိုင်းများကို သွားမထိရဲခဲ့ပေ။သို့ပေမဲ့ သူမက ဝတ်ကျေတမ်းကျေဆန်လွန်းသည်ဟု လင်းလော့ချင်းက တွေးမည်ကိုစိုး၍ မျက်ခုံးမွှေးပါ ဆွဲပေးရန်ဆုံးဖြတ်လိုက်သည်။


ထို့နောက် ရှည်လွန်းနေသော ရှေ့ဆံပင်ကို ညှပ်ကာ အဝတ်အစားလဲခိုင်းလိုက်သည်။


ဝူရှင်းယွမ်က မည်းသွားသောသူ့မျက်နှာကိုမြင်သောအခါ သေချာအောင်မေးကြည့်၏။

"ဒါက အဆင်ပြေရဲ့လား"


"မဟုတ်ရင် သူက အရမ်းနုတဲ့ပုံပေါ်နေလိမ့်မယ်" ဟု စတိူင်လစ်က ကူကယ်ရာမဲ့ပြောသည်။


ဝူရှင်းယွမ်က လင်းလော့ချင်းကို မှန်ထဲတွင်ကြည့်ရန် အမူအရာပြလိုက်သည်။လင်းလော့ချင်း အမှန်တကယ်တွင် သူ့ပုံစံကို မြင်ပြီးပြီဖြစ်သည်။စတိုင်လစ်၏ ရည်ရွယ်ချက်ကို နားလည်နိုင်သော်လည်း ၎င်းမှာ မလိုအပ်ဟု သူခံစားရသည်။ဒရာမာထဲရှိ ဖူဟန်ကိုယ်တိုင်က အလွန်ချောမောပြီး အသား အလွန်ဖြူသည်။ထို့ကြောင့် လူတချို့က သူ့ကို "ကောင်ချောလေး"ဟု ခေါ်ကြသည်...


စတိုင်လစ်နှင့်စကားပြောရန်ပြင်လိုက်သော်လည်း

လက်ထောက်ဒါရိုက်တာ လာနေသည်ကို သူတွေ့လိုက်ရသည်။


"ဟေး မိတ်ကပ်ပြင်ပြီးပြီလား" လက်ထောက်ဒါရိုက်တာက နွေးထွေးစွာပြောသည်။


လင်းလော့ချင်းက ခေါင်းညိတ်ပြီး သူ့ကို ကြည့်ခိုင်းလိုက်၏။


လက်ထောက်ဒါရိုက်တာက သူ့အား အချိန်အကြာကြီး စိုက်ကြည့်နေကာ နောက်ဆုံးတွင် လင်းလော့ချင်း၏ မျက်နှာကို ကြည့်ပြီး စတိုင်လစ်ကိုပြောလေသည်။

"နင် သူ့ကို ဖောင်ဒေးရှင်း လိမ်းပေးထားတာလား"


"နည်းနည်း"

စတိုင်လစ်ကဖြေသည်။

"ကင်မရာရှေ့မှာ ဘယ်လိုပဲဖြစ်ဖြစ် ဖောင်ဒေးရှင်းနည်းနည်းကတော့လိုတယ်... မဟုတ်ရင် ကင်မရာက အသေးငယ်ဆုံး အပြစ်အနာအဆာတွေကိုတောင် ချဲ့ပေးလိမ့်မယ်...ပြီးတော့ လင်းလောင်ရှီးက အရမ်းဖြူနေတော့ သူ့ကို သူ့ကိုအရမ်းကြီးပေါ်မနေအောင်ဆိုပြီး အသာပိုညိုအောင် ဖောင်ဒေးရှင်းတစ်ခု တင်လိုက်တယ်"


လက်ထောက် ဒါရိုက်တာက ခေါင်းညိတ်ပြီး ဆိုသည်။

"အခုမှ သူ့လည်ပင်းနဲ့ မျက်နှာက အရောင်တခြားဆီဖြစ်နေတာကို ငါသိတယ်"


"ဖျက်လိုက်တော့" 

သူက စတိုင်လစ်အားပြောသည်။

"ဖူဟန်က ကောင်ချောလေး...လော့ချင်ကို ရွေးတုန်းက သူ့ဓာတ်ပုံတွေကို ကြည့်ပြီးတော့ သူဘယ်လိုပုံစံလဲဆိုတာ ငါပြီးသား...သူက အပြင်မှာ ဓာတ်ပုံတွေထဲကထက် ပိုကြည့်ကောင်းပေမဲ့ ဒါက ကြီးကြီးမားမားတော့ မဟုတ်ပါဘူး... သူ့အပေါ် အများကြီး မသက်ရောက်ဘူး...သူ့ကို မျက်နှာသစ်ပေးလိုက်"


"ကောင်းပါပြီ" 

သူပြောတာကိုကြားသောအခါ စတိုင်လစ်က သဘာဝအတိုင်း ပြန်မချေပပေ။


သူမက လင်းလော့ချင်း၏မျက်နှာပေါ်ရှိဖောင်ဒေးရှင်းကို မိတ်ကပ်ဖျက်ဆေးနှင့်ဖျက်ပေးပြီး မျက်နှာသစ်ရန် မျက်နှာသစ်ဆေးတစ်ဘူး ပေးခဲ့သည်။


လင်းလော့ချင်း သူ့မျက်နှာကို ဆေးကြောပြီး စားပွဲတင်ခုံရှေ့မှာ ပြန်ထိုင်ကာ စတိုင်လစ် သူ့ကို မိတ်ကပ်ထပ်လိမ်းပေးမည်ကို စောင့်နေသည်။


စတိုင်လစ် မိတ်ကပ်လိမ်းတော့မည်ပြုစဥ်မှာ လက်ထောက်ဒါရိုက်တာက လင်းလော့ချင်း၏မျက်နှာကို မှန်ထဲတွင် စေ့စေ့ကြည့်ကာနေသည်ကို မြင်လိုက်ရသည်။


သူမ၏လက်သည် တန့်သွား၏။ လက်ထောက်ဒါရိုက်တာမှာ ညွှန်ကြားစရာတစ်ခုခုရှိများရှိနေသလားဟု သူမတွေးမိသွားသည်။


သူမ တွေးနေချိန်မှာ လက်ထောက်ဒါရိုက်တာက အနားတိုးလာပြီး လင်းလော့ချင်းကို အသေအချာကြည့်နေသည်။


လင်းလော့ချင်း : ? ? ? ?


ဘာ... ဘာဖြစ်တာလဲ


လက်ထောက် ဒါရိုက်တာက သူ့မေးစေ့ကို ပွတ်ပြီး ခဏလောက် တိတ်တိတ်လေး တွေးနေကာ နောက်ဆုံးမှာပြောလိုက်၏။

"လင်းလောင်ရှီး မိတ်ကပ်မလိမ်းဘဲ နေပါ့လား...အခုလိုဆို မင်းက အတော်လေး လန်းဆန်းပြီး တက်ကြွတဲ့ပုံစံမျိုးပေးနေတယ်"


လင်းလော့ချင်း စိတ်သက်သာရာရပြီး သက်ပြင်းချလိူက်သည်။တစ်ခုခုဖြစ်နေသည်ဟု သူထင်သွားခြင်းဖြစ်၏။လက်စသတ်သောအခါ ယခုလိုဖြစ်နေသည်။သူ ခပ်တည်တည်ပဲခေါင်းညိတ်ပြလိုက်သည်။

"ကျွန်တော်က ကိစ္စမရှိပါဘူး"


စတိုင်လစ်က ကြက်သေသေသွားသည်။

"မိတ်ကပ်မလိမ်းဘူးလား...ဒါ တကယ် အဆင်ပြေရဲ့လား"


"ဘာမှ အဆင်မပြေစရာမရှိဘူး...အရင်က မိတ်ကပ်မလိမ်းဘဲသရုပ်ဆောင်တဲ့ မင်းသားတွေ မရှိဖူးတာလည်းမဟုတ်ဘူး...နောက်ပြီး လင်းလောင်ရှီးက မိတ်ကပ်လိမ်းသည်ဖြစ်စေ၊ မလိမ်းသည်ဖြစ်စေ အရေးမကြီးဘူးလို့ ငါထင်ပါတယ်... မိတ်ကပ်မလိမ်းဘဲနဲ့ဆို ပိုလန်းဆန်းတဲ့ပုံပေါက်တယ်"


မိတ်ကပ်ပညာရှင်: ...ကောင်းပြီ၊ ဘာပဲဖြစ်ဖြစ် လင်းလော့ချင်းက မိတ်ကပ်လိမ်းသည်ဖြစ်စေ၊ မလိမ်းသည်ဖြစ်စေ ကွာခြားမှုမရှိဘူးဟု သူမ ထင်သည့်အတွက် လက်ထောက်ဒါရိုက်တာစကားကိုပဲ နားထောင်လိုက်သည်။ 


သူမက ခေါင်းဖြီးကို ကောက်ယူလိုက်ပြီး လင်းလော့ချင်း၏ ဆံပင်ကို ဖြီးရင်း ပြောလိုက်သည်။

"ကောင်းပြီ... အခုကနေစပြီး လင်းလောင်ရှီးက မိတ်ကပ်လိမ်းဖို့ အချိန်ကုန်သက်သာတော့ အိပ်ချိန်ပိုတောင်ရသေးတယ်"


လင်းလော့ချင်းလည်း အလားတူခံစားရပြီး ခေါင်းညိတ်လိုက်သည်။

"မှန်တယ်"


လင်းလော့ချင်း၏ ကင်မရာပေါ်မှာ ကြည့်မကောင်းဖြစ်မှာကို မစိုးရိမ်ပုံပေါ်သည့်လေသံကို ကြားသောအခါ စတိုင်လစ် သူ၏ အပူအပင်မရှိသောသဘောထားကြောင့် သဘောတကျရယ်မိသွား၏။


လက်ထောက်ဒါရိုက်တာကလည်း ရယ်မောပြီး လင်းလော့ချင်းကိူ အဝတ်လဲခန်းထဲကနေ အပြင် ခေါ်သွားသည်။


ဒါရိုက်တာဝမ်က ဖူပင်းအဖြစ် သရုပ်ဆောင်သော ကျိုးချန်ရွှမ်နှင့် စကားပြောနေသည်။ လက်ထောက်ဒါရိုက်တာက လင်းလော့ချင်းကိုခေါ်လာသည်ကိုတွေ့သောအခါ သူက ကျိုးချန်ရွှမ်နှင့်မိတ်ဆက်ပေးသည်။

"ဒါက မင်းရဲ့သားဖူဟန်နေရာမှာ သရုပ်ဆောင်မဲ့မင်းသား လင်းလော့ချင်း..."


လင်းလော့ချင်းက ပြုံးပြီး သူ့လက်ကို မြှောက်ကာ အလေးပြုသည့်အမူအရာဖြင့် နှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါ ကပ္ပတိန်ဖူ"


ဤသည်က ဇာတ်ကားထဲက ဇာတ်ကွက်တစ်ခုဖြစ်၏။ဖူဟန်က သူ့အဖေကို ရဲစခန်းမှာ တွေ့လိုက်သည်။ သူက တမင်တကာ ချဉ်းကပ်သွားပြီး သူ့ကို "မင်္ဂလာပါ ကပ္ပတိန်ဖူ"ဟု ခေါ်သည့်လိုက်အတွက် ဖူပင်းမှာ သူ့ခေါင်းကို ခေါက်ပြီး အလုပ်ကြိုးစားရန်ပြောရုံကလွဲပြီး ရွေးချယ်စရာ မရှိပေ။


ထို့ကြောင့် ကျိုးချန်ရွှမ်ကလည်း ဘာမှပြန်မပြောဘဲ သူ့ကို နားလည်သည့်အကြည့် တစ်ချက်သာကြည့်ကာ ခေါင်းကို အသာခေါက်ပြီး "အလုပ်ကြိုးစား" ဟုဆိုလိုက်သည်။


လင်းလော့ချင်းက သူ့နဖူးကို ပွတ်သပ်ကာ ပြုံးရင်း သူ့ကိုကြည့်သည်။


ဝူရှင်းယွမ်က ဇာတ်ညွှန်းကို သေချာမဖတ်ရသေးပေ။ ယခုမြင်လိုက်ရသောအခါ ကျိုးချန်ရွှမ်၏အပြုအမူကြောင့် သူ ဇဝေဇဝါဖြစ်သွားသည်။ကျိုးချန်ရွှမ်က ဘာလို့အဲလိုလုပ်တာလဲ...သူနဲ့လင်းလော့ချင်းက တစ်ယောက်နဲ့တစ်ယောက် သိကြတာလား...


ဒါရိုက်တာဝမ်နှင့် လက်ထောက်ဒါရိုက်တာက နှစ်ယောက်စလုံး ရယ်မောကြသည်။


ဒါရိုက်တာဝမ်က ဒါရိုက်တာကျန်း၏ အကြံပြုချက်ကို နားထောင်ပြီး လင်းလော့ချင်း၏ သရုပ်ဆောင်ချက်အချို့ကို ကြည့်ရှုခဲ့ပေမဲ့ သူက လင်းလော့ချင်းနှင့် တစ်ခါမှ တွဲမလုပ်ဖူးပေ။လင်းလော့ချင်း၏ သရုပ်ဆောင်စွမ်းရည်ကိုလည်း သူ မရင်နှီးသေးသောကြောင့် ကျိုးချန်ရွှမ်ကိုပြောလိုက်သည်။

"မကြာခင်မှာ မင်းနှစ်ယောက်အပြိုင်ရိုက်ရမဲ့ ဇာတ်ကွက်တစ်ခု ရှိလာတော့မှာ...မင်းတို့သွားပြီး မင်းတို့လိုင်းကို အတူတူအရင်စစ်ကြည့်ကြပါလား...လော့ချင်း မင်းမသိတာတွေရှိရင် ချန်ရွှမ်ကိုသာ မေးလိုက်"


"ကောင်းပြီ"

လင်းလော့ချင်းက သဘောတူလိုက်သည်။


သူနှင့် ကျိုးချန်ရွှမ်က ဇာတ်ညွှန်းကိုယူပြီး ထွက်လာခဲ့သည်။ 


ကျိုးချန်ရွှမ်က ဝါရင့်ဒရမ်မာမင်းသားကြီးတစ်လက်ဖြစ်ပြီး အနုပညာနယ်ပယ်မှာ အချိန်အတော်ကြာအောင် ကျင်လည်ခဲ့သူဖြစ်သည်။သူက ဆောက်နှင့်ထွင်းထုထားသကဲ့သို့သော မေးရိုးတိတိရိရိ၊ ဓားနှင့်တူသောမျက်ခုံးမွှေးများနှင့် ကြယ်ရောင်မျက်လုံးများဖြင့် အလွန်လေးနက်ဖြောင့်မတ်သောရုပ်ရည်ရှိသည်။ထိုသို့သောအသွင်အပြင်က ဖြောင်မတ်မှန်ကန်သောမျိုးချစ်ပုဂ္ဂိုလ်တစ်ယောက်၏ပုံစံနှင့်အလွန်ကိုက်ညီ၏။သို့ပေမဲ့ သူ၏ လေးနက်တည်ကြည်သော အသွင်အပြင်နှင့် ဆန့်ကျင်ဘက်အနေဖြင့် သူက အတော်လေး နူးညံ့သိမ်မွေ့ပြီး စကားပြောရလွယ်ကူလေသည်။


ယခုလည်း လင်းလော့ချင်း နှင့် လမ်းလျှောက်ရင်း သူက စိုးရိမ်တကြီးဖြင့် မေးသည်။

"ရှောင်လင်း... မင်းဇာတ်ညွှန်းကို ဖတ်ပြီးပြီလား"


"ဟုတ်ကဲ့"


"ဒါဆိုမင်းမှာ မေးစရာတို့နားမလည်တာတို့ရှိလား"


"လောလောဆယ်တော့ မရှိသေးဘူးဗျ"


"အေးအေး" 

ကျိုးချန်ရွှမ်က ခေါင်းညိတ်ပြီးဆိုသည်။

"ငါတို့က သားအဖနှစ်ယောက်နေရာမှာ သရုပ်ဆောင်ရမှာဆိုတော့ ဇာတ်ကွက်တွေ အများကြီးရှိတယ်... မင်း နားမလည်တာတစ်ခုခုရင် ငါ့ကိုလာမေးကွာ"


"ကျေးဇူးတင်ပါတယ် ကျိုးလောင်ရှီး" 

လင်းလော့ချင်းက ပြုံးလိုက်သည်။


"မလိုပါဘူး" 

ကျိုးချန်ရွှမ်ကလည်း ရယ်ပြီးဆို၏။ 

"မင်းရဲ့ တဲကို မဆောက်ရသေးဘူးမလား...စာသားကျင့်ရအောင် ငါ့နေရာကို အရင်သွားရအောင်"


"ကောင်းပါပြီ" 

လင်းလော့ချင်းက မငြင်းဆန်ခဲ့ပေ။


သူ ကျိုးချန်ရွှမ်နောက်ကနေ သူ့တဲဆီသို့ လိုက်သွားခဲ့သည်။ကျိုးချန်ရွှမ်က သူ့လက်ထောက်ကို လင်းလော့ချင်းအတွက် ရေတစ်ဘူး ယူလာခိုင်းပြီးနောက် ဇာတ်ညွှန်းကို စတင်ဖတ်သည်။


လင်းလော့ချင်းက ရေအနည်းငယ်သောက်ပြီး ဇာတ်ညွှန်းကိုကောက်ယူကာ ကျိုးချန်ရွှမ်နှင့် အတူလေ့ကျင့်ရန် ပြင်ဆင်ခဲ့သည်။


သူတို့အတူလေ့ကျင့်ရာကနေ လင်းလော့ချင်း ကျိုးချန်ရွှေ၏ သရုပ်ဆောင်စွမ်းရည်က တကယ်ကို ကောင်းမွန်ကြောင်း တွေ့ရှိခဲ့သည်။သူက အသက်လေးဆယ်ကျော်နေပြီဖြစ်သော်လည်း ရုပ်ရှင်လောကမှာ ထိပ်တန်းအမျိုးသားဇာတ်ဆောင်အဖြစ် ဆက်လက်သရုပ်ဆောင်နိုင်ဆဲဖြစ်သည်က အံ့ဩစရာမရှိပါချေ။သူ့ရုပ်ရည်က သင့်တော်ရုံသာမက သူ၏သရုပ်ဆောင်စွမ်းရည်နှင့်လုပ်ကိုင်နိုင်စွမ်းများကပါ ပံ့ပိုးပေးနေသည်မဟုတ်ပါလော။


"ကျိုးလောင်ရှီး...လောင်ရှီးက အရမ်းမိုက်တယ်" 

လင်းလော့ချင်း ရင်ထဲကနေလှိုက်လှိုက်လှဲလှဲပြောလိုက်သည်။ "လောင်ရှီးရဲ့ သရုပ်ဆောင်စွမ်းရည်က အံမခန်းပဲ"


ကျိုးချန်ရွှေက နှိမ့်ချစွာ ပြုံးလိုက်သည်။လင်းလော့ချင်း၏ သရုပ်ဆောင်စွမ်းရည်မှာလည်း ကောင်းမွန်သည်ဟု သူခံစားရသည်။ပထမတုန်းက လင်းလော့ချင်းက ငယ်ရွယ်ပြီး အတွေ့အကြုံနည်းသေးသည်ဟု သူထင်ခဲ့သည်။သူ၏သရုပ်ဆောင်စွမ်းရည်က မဆိုးဟု ဒါရိုက်တာကပြောသော်လည်း ယင်းက သူ၏ အဓိက နုပျိုလန်းဆန်းသောအားမန်အပေါ်မှာ အားကိုးပြီး ရထားခြင်းဖြစ်မည်ဟုသူထင်ခဲ့မိသည်။ ရလဒ်အနေဖြင့်... လင်းလော့ချင်းက တကယ်ကိုတက်ကြွပြီး အားမာန်အပြည့်ရှိပေမဲ့ သူ၏သရုပ်ဆောင်စွမ်းရည်ကလည်း တကယ့်ကို သွေးထားသထားပြီးသားဖြစ်နေကာ အံ့အားသင့်စရာကောင်းလောက်အောင် သရုပ်ဆောင်ရာမှာ ကျွမ်းကျင်လှလေသည်။မသိလျှင် သူက ရိုက်ကူးရေးများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပြီး အတွေအကြုံအတော်များများ ရှိထားသလိုမျိုး ခံစားချက်မျိုးရလေသည်။


သို့ပေမဲ့ ဒါရိုက်တာဝမ်ဆီကနေ ဤဇာတ်ကားက သူ၏ဒုတိယမြောက်ဇာတ်ကားဟု သူရှင်းရှင်းလင်းလင်းကြားထားပြီးသားဖြစ်၏။သူဘယ်လိုလုပ်ပြီး ဒီလောက် ကျွမ်းကျင်နေရတာလဲ...


သူ့ဘာသူ သီးသန့် လေ့ကျင့်ခဲ့တာများလား...

ကျိုးချန်ရွှမ် တွေးကြည့်မိသည်။တကယ်သာဆိုလျှင် အနှီကောင်လေးက တကယ်ကိုအလုပ်ကြိုးစားပြီး သူ့အနာဂတ်အလားအလာက ကြောက်စရာကောင်းလောက်အောင်တောက်ပနေမှာပင်။


လင်းလော့ချင်းအား စကားအနည်းငယ်ပြောတော့မည်ပြုချိန်မှာ သူ့လက်ထောက်က ခေါင်းပြူလာပြီး ရိုက်ကွင်းစီစဉ်ပြီးပြီဟု ပြောလာသည်။ ဒါရိုက်တာဝမ်က သူ့ကို လှုပ်ရှားမှုများကို စမ်းကြည့်ရန် ခေါ်နေသည်။


"ဒါဆို ရှောင်လင်းရေ ခဏနားလိုက်ဦးနော်...ငါအရင်ဆုံး ရိုက်ကွင်းသွားကြည့်လိုက်ဦးမယ်"


"ကောင်းပါပြီ"

လင်းလော့ချင်းကဆိုသည်။

"ဖြစ်ချင်တော့ ကျွန်တော်ကလည်းတစ်ချက်လောက်သွားကြည့်ချင်နေတာ"


"အေးအေး"


ကျိုးချန်ရွှမ် သူကြည့်ချင်နေသည်ကိုတွေ့သောအခါ သူနှင့်အတူ ခေါ်သွားလိုက်သည်။


သိပ်မကြာခင်မှာပဲ အခြားသရုပ်ဆောင်တွေလည်း ရောက်လာကြသည်။ ဒါရိုက်တာဝမ်က လူတိုင်း၏နေရာကို အကျဥ်းချုပ် လမ်းညွှန်ပေးပြီးနောက် ရိုက်ကူးရေးကို တရားဝင် စတင်ခဲ့သည်။


ကျိုးချန်ရွှမ်က ဤဇာတ်ဝင်ခန်းတွင် အဓိကဇာတ်ဆောင်အဖြစ်ရှိနေဆဲဖြစ်သည်။လက်ရှိမှာ သူက သူ၏အဖွဲ့သားများကို ပြတ်ပြတ်သားသားဝေဖန်နေပြီး ၎င်းတို့၏အမှားများ၏အကျိုးဆက်များကို တစ်ယောက်ပြီးတစ်ယောက်ဖော်ပြနေသည်။နောက်ဆုံးတွင် သူက ၎င်းတို့ကို သူတို့ကိုယ်သူတို့ပြန်လည်သုံးသပ်ခိုင်းသည်။


လင်းလော့ချင်း သူ့အပေါ် ကြင်နာသည့်သူက လက်ရှိမှာ ဆောင်းဦးလေက ကြွေကျလာသာသစ်ရွက်ခြောက်တွေကို တိုက်ခတ်သွားသလိုမျိုး စည်းကမ်းတင်းကြပ်ပြီး ကြောက်စရာကောင်းသောရဲအရာရှိအဖြစ်ရုတ်ချည်းပြောင်းလဲသွားပြီး ရက်စက်ကြမ်းကြုတ်စွာ ရှုံ့ချနေသည်ကို မြင်လိုက်ရသည်။ သူ၏မျက်နှာထားတင်းတင်းပါ ပေါင်းစပ်လိုက်သောအခါ ဆူပူကြိမ်းမောင်းခံရသော အဖွဲ့သားများ ငိုချင်ရုံတင်မကဘဲ လင်းလော့ချင်းပါ အနည်းငယ် ကြောက်ရွံ့လာခဲ့သည်။ .


ဒါက တကယ်ကို ...မျက်နှာအပြောင်းအလဲမြန်ချက်ပဲ...


ကံကောင်းထောက်မစွာဖြင့် ဇာတ်ကားထဲမှာ ဖူပင်းက သူ့ကို ငေါက်သည့်အခန်းမပါပေ။


အဖေ့မေတ္တာတွေအတွက် ကျေးဇူးတင်မဆုံးပါဘူးဗျာ...


သူကြည့်နေရာကနေ ခေါင်းလှည့်ကြည့်လိုက်သောအခါ မနီးမဝေးတွင် အင်္ကျီအဖြူဝတ်ထားသည့် မိန်းကလေးတစ်ယောက် ရပ်နေသည်ကို လင်းလော့ချင်း တွေ့လိုက်ရ၏။သူ အကြည့်ပြန်ရုတ်မည်ပြုချိန်မှာက ထိုမိန်းကလေး လှည့်ကြည့်လာသည်ကို မြင်လိုက်ရပြီး သူ သူမကိုချက်ချင်းမှန်မိသွား၏။မနေ့ညက လှေကားထစ်မှာ ငိုနေတဲ့ ကောင်မလေးမဟုတ်ဘူးလား...


ဆိုသည့်အခါ သူမက ဤပုံစံပင်။သေချာပေသည်၊သူမကလည်း ရိုက်ကူးရေးအဖွဲ့ဝင်တစ်ဦးဖြစ်နေသည်။