အပိုင်း ၄၇
Viewers 11k

Chapter 47


ကျန်ရွှိသည် ပါးစပ်ထောင့်စွန်းကိုကွေးတက်စွာ ပြုံးလိုက်ပြီး စာရွက်ကိုခေါက်ကာ စာအိတ်ထဲသို့ ပြန်ထည့်လိုက်သည်။သူသည် အလုပ်စားပွဲအောက်မှ ကျေးဇူးတင်ကြောင်းစာအိတ် များစွာကို သပ်ရပ်စွာစီထည့်ထားသည့် အံဆွဲအားဖွင့်လိုက်သည်။ထို့နောက် မားဟောင်၏ စာကိုပါထိုအထဲတွင် သေချာစီထည့်ကာ အံဆွဲကို ပိတ်လိုက်သည်။

——-
"မင်းကို မားဟောင် ပေးထားတဲ့ ပိုးသား နဖူးစည်းလေ ယွီစန်း စည်းထားတာ ငါတွေ့လိုက်တယ်…"

မနက်စောစော မျက်နှာသစ်နေချိန်တွင် ရှန့်ဖန်းယွိက ကျန်းရွှိအားပြောသည်။

"လွဲနေတာကြီးက အရမ်းသိသာတယ်မဟုတ်ဘူးလား…"

လွဲမှားနေသည်မှာ သိသာလွန်းသည်လား…။

စာသည် မားဟောင်ပြဿနာလာရှာစဉ်က အနိုင်ယူ၍ထိန်းနိုင်ခဲ့သော ကျန်းရွှိအတွက်ဖြစ်သည်။မားဟောင် ၏ နဖူးစည်းတွင် "ပါရမီရှိသော လက်များနှင့် ကြင်နာသော နှလုံးသား" ဟု အောက်ဘက်တွင်ရေးထားသည်။ သတင်းအစီစဉ်တွင် တိုက်ရိုက်ကြေငြာနေသကဲ့သို့ပင်ဖြစ်သည်။ ကျီဟွားဆေးရုံ သားဖွားနှင့် မီးယပ်ဌာနမှ ကျောင်းသားများ၏ လက်ဘက်ရည်သောက်ချိန်နှင့် ထမင်းစားချိန်တွင် ပြောစမှတ်ပြုစရာ ဖြစ်လာမည့် ဒေါက်တာကျန်းနှင့် သူ၏ နောက်ထပ် ဂန္တဝင်ဇာတ်လမ်း ပင်ဖြစ်သည်။

ကျန်းရွှိသည် ဆရာဝန်ဖြစ်၍ လူနာများအား ဆေးကုသရန် နှင့် ကယ်တင်ရန်မှာ သူ၏အလုပ်ဖြစ်သည်။ထို့ကြောင့် လူနာများနှင့် သူတို့၏မိဘများ အနေနှင့် ကျန်းရွှိအပေါ်သို့ အထူးတည်ကျေးဇူးတင်ရန် သို့မဟုတ် ကျေးဇူးတင်သည့်အကြောင်းကို ပြသရန် မလိုအပ်ကြောင်းခံစားမိသည်။တစ်နည်းအားဖြင့် သူသည် လူနာများအနေနှင့် ဆရာဝန်၏ လမ်းညွှန်ချက်များကို လိုက်နာ၍ မိမိရောဂါအခြေနေနှင့် ပြန်နာလန်ထူရေးကို သေချာပိုဂရုစိုက်ကြခြင်းကို သာ အလေးထားသည်။

သို့သော် ထိုသို့ အသိမှတ်ပြုခံရလျှင်ပင် ဆရာဝန်တိုင်းသည်ပျော်ရွှင်နေမည်ဖြစ်သည်။ကျန်းရွှိလည်း ထိုကဲ့သို့ပင်ဖြစ်သည်။အထူးသဖြင့်ထိုလူနာရှင်သည် သူ့အား တကြိမ်တခါ သဘောမကျခဲ့ဖူးသူဖြစ်သည်။

သားဖွားနှင့်မီးယပ်ဌာနမှ အမျိုးသားဆရာဝန်များသည် အမျိုးသမီးဆရာဝန်များထက်ပို၍ မထီမဲ့မြင်ပြုကာ လှောင်ပြောင်သရော်ခံရသည်။ဌာနခွဲ ခံရပြီးသည့်နောက်ပိုင်း မားဟောင်ကဲ့သို့ လူများစွာ တွေ့ခဲ့ရပြီး ထိုနေ့က မားဟောင်ပြောခဲ့သည်ထက် ပိုဆိုးသောစကားများကိုလည်းကြားခဲ့ရသည်။

ခြုံပြောရလျှင် သားဖွားမီးယပ်ဌာနမှအမျိုးသားဆရာဝန်များသည် မူလအစက တခြား ဘာသာရပ်များသင်ယူရန် လျှောက်ထားကြပြီးအမှတ်မမှီကြ၍သာ ထိုဌာနသို့ပြောင်းရွှေ့ခံကြရခြင်းဖြစ်သည်။ သို့သော် ကျန်းရွှိနှင့် ရှန့်ဖန်းယွိအတွက်မူ အခြားဘာသာရပ်များ ရွေးချယ်ခွင့်ရှိသော်လည်း သားဖွားနှင့် မီးယပ်ဌာနကိုသာ ပထမဦးစားပေးလျှောက်ထားခဲ့ခြင်းဖြစ်သည်။

ရှန့်ဖန်းယွိက
"တကယ်တော့ မင်းဘာလို့ သားဖွားနဲ့မီးယပ်ဌာနကို အဓိကမေဂျာအဖြစ်ယူလိုက်တာလဲဆိုတာကို ငါအမြဲသိချင်ခဲ့တာ…"

ကျန်းရွှိက သူအခုမှ ဝယ်လာခဲ့သောပဲနို့ပူပူ အား တစ်ငုံမျှသောက်ကာ
"ငါလည်း မင်းဘာကြောင့် သားဖွားနဲ့မီးယပ်ဌာနကို ရွေးခဲ့တာလဲဆိုတာ သိချင်နေခဲ့တာ…"

"ပြောရရင် ဇာတ်လမ်းကအရှည်ကြီးပဲ"
ရှန့်ဖန်းရွိမျက်လုံးများက အနည်းငယ် နူးညံ့သွားသည်။

ကျန်းရွှိက သူ့အားတချက်ဝေ့ကြည့်ကာ
"ငါရွေးချယ်ထားတဲ့ ဘာသာရပ်တွေနဲ့ ပတ်သက်ပြီး မင်းတယောက်ယောက်ကို မေးနေခဲ့တာကို ငါသိတယ်…"

ရှန့်ဖန်းယွိက သူ၏မျက်နှာပေါ်မှရေများအားသုတ်လိုက်ကာရပ်လိုက်သည်။
"အဲ့လူငါ့ကိုပြောတာက မင်းက မျက်စိဆိုင်ရာဗေဒ၊အရိုးအကြောဆိုင်ရာဗေဒ နဲ့ ရင်ခွဲခြင်းဆိုင်ရာ ဗေဒ တွေကို ရွေးလိုက်တာတဲ…"

"အဲ့လိုဖြည့်ခဲ့တာပဲလေ…မင်းငါရွေးထားတဲ့ အတန်းတွေအကြောင်း လိုက်မေးထားတာ သိလို့ ထပ်ပြောင်းပြီး လျှောက်လိုက်တာ .."

ကျန်းရွှိသည် မည်သည့် ဌာနကျသည်ဖြစ်စေ ဂရုမစိုက်ပါ…။ ကျရာ ဌာနတိုင်းသည် လူနာများအား ကုသကယ်တင်နိုင်သည်။ ဌာနတိုင်းတွင်စိတ်ဝင်စားစရာအချက်များရှိကြသည်။ ထို့ကြောင့် မည်သည့်ဌာနကမျှ အဆင့်နိမ့်သည်ဟု မတွေးပဲ ဘယ်ဌာနတွင်မဆို အကောင်းဆုံးဆရာများရနိုင်သည်ဟု ယုံကြည်ထားသည်။

ထို့ကြောင့် ဖောင်ဖြည့်သည့်အချိန်တွင် စီနီယာများ၏ အကြံအရ နာမည်အကြီးဆုံး ဌာနအား ရွေးချယ်လိုက်သည်။

သို့သော် သူ့အခန်းဖော်က ရှန့်ဖန်းယွိသည် သူ့ရွေးချယ်မှုများအကြောင်း မေးသွားသည်ဟု ပြန်ပြောပြသည်။ ကျန်းရွှိက ရှန့်ဖန်းယွိသည် သူနှင့် တဌာနတည်း လိုက်လျှောက်နေသည်ဟုတွေးကာ ရွေးချယ်မှုအားပြောင်းလိုက်သည်။စီနီယာများ၏ အကြံပြုချက်အနည်းဆုံးဌာနကိုသာ လျှောက်လိုက်သည်။ကောလိပ်တွင် နှစ်များစွာ ရုန်းမထွက်နိုင်လောက်အောင်ပင်အချိန်ကုန်ဆုံးခဲ့ပြီးသည့်နောက်…ကျန်းရွိသည် ရှန့်ဖန်းယွိနှင့် မပြိုင်ဆိုင်ချင်တော့ပေ…။

တစုံတယောက်သည် သားဖွားနှင့်မီးယပ်ဌာန သို့သွားရတော့မည်….။

ထိုအချိန်တွင်ကျန်းရွှိသေချာဂရုပြု၍ တွေးသည်။ပြဿနာ ကြီးကြီးမားမားမဟုတ်၍ သူ့အနေနှင့်ကြောက်စရာ မလိုပါ။လူတိုင်းက သားဖွားနှင့်မီးယပ်ဌာသည် မကောင်းပါဟုဆိုသော်လည်း သူသည် အတော်ဆုံး ဖြစ်လာနိုင်သေးသည်။

သူသည် ရှန့်ဖန်းယွိ ဆီမှ လွတ်မြောက်ခဲ့လေပြီ…။

မမျှော်လင့်ထားပဲ ရှန့်ဖန်းယွိပါ သားဖွားနှင့်မီးယပ်ဌာနသို့ လျှောက်ထားခဲ့သည်။

အဘယ့်ကြောင့် ထိုကဲ့သို့ ဖြစ်လာရသည်ကို ကျန်းရွှိစဉ်းစားမရဖြစ်သွားသည်။သူ၏လျှောက်လွှာအား ပြောင်းလဲပြီးသည့်နောက် ထိုစာရင်းအား မည်သူ့ကိုမျှ မပြခဲ့ပါ…။သူသာလျှင် နောက်ဆုံး အပ်သည့်သူဖြစ်သည်။ ထို့ကြောင့် နည်းလမ်းတကျ ပြောရမည်ဆိုလျှင် သူ ဘာရွေးချယ်ခဲ့သည်ကို ရှန့်ဖန်းယွိလုံးဝ မသိနိုင်ပေ…။

ရှန့်ဖန်းယွိက ကျန်းရွှိ၏ အဖြေကိုကြားသောအခါ မျက်လုံးများ ပို၍ဖျော့တော့သွားသည်။

"ငါက မင်းဘာရွေးထားလဲ လိုက်မေးတယ်ဆိုတာ မင်းနဲ့အတူတူမကျအောင်လို့ပါ"

စိတ်ချရစေရန်အတွက် ရှန့်ဖန်းယွိသည် ကျန်းရွှိ လုံးဝမရွေးချယ်လောက်မည့် သားဖွားနှင့်မီးယပ်ဌာနအား ရွေးချယ်ထားသည်။အကယ် ၍ကျန်းရွှိစိတ်ပြောင်းကာ ရွေးချယ်မှုပြောင်းခဲ့လျှင်လည်း သူနှင့်မဆုံလောက်ဟုသာတွေးခဲ့သည်။

"…"
ကျန်းရွှိနှုတ်ဆိတ်နေမိသည်။

ဤကိစ္စသည် လူအများကြားမှ ဆက်ဆံရေးသည် မည်မျှ အရေးကြီးကြောင်းကို ထောက်ပြနေသည်။

"ငါတို့ဟာ မိုင်ထောင်ချီဝေးလည်း ဆုံတွေ့ဖို့ ကံကြမ္မာပါလာပြီးသား…အာ….အာ…"

ပဲ့တင်ထပ်နေသော အဆိုသံသည် ကျယ်လွန်း၍ ဆူညံသွားသည်။ကျန်းရွှိသည် သူ့စိတ်ထဲမှ တွေးထားသည်နှင့် သံစဉ်လွဲသွားသည်။ သူကြိုးစား၍မေ့သော်လည်း အရာမရောက်ပေ။

သူမနေ့ကခွဲစိတ်ခန်းထဲတွင် "အာ…."ကို အသံနှိမ့်ဆိုခဲ့သည်ကို ဘုရားသခင်သိသည်။ ယွိစန်းက သူ့အား သရဲတကောင်အားမြင်ရသကဲ့သို့ကြည့်နေသည်ကို မြင်မှ မိမိဘာလုပ်နေမိသည်ကို သတိရလိုက်သည့် အချိန် မတိုင်ခင် လောက်က ဖြစ်မည်။

ကျန်းရွှိသည် ခွဲစိတ်ခန်းတွင်ဖြစ်ပျက်ခဲ့သည့် ရှက်စရာကောင်းသော အခိုက်အတန့်အား တစ်စက္ကန့်မျှ ပြန်မမှတ်မိချင်တော့ပေ…။ထို့ကြောင့် သူ၏ ညစာပန်းကန်အား ပန်းကန်ဆေးစက်ထဲသို့ ချက်ချင်း ပစ်ထည့်ကာ ရုံးလက်စွဲအိတ်ကို ကောက်ကိုင်လိုက်ပြီး ရှူးဖိနပ်ပြောင်းဝတ်ရန်ဝင်ပေါက်တံခါးဆီသို့သွားလိုက်သည်။

"ငါ့ကို စောင့်အုံး …အတူသွားမယ် ကျန်းရွှိ…"
"မစောင့်ဘူး" ကျန်းရွှိသည် ထူးမခြားနားပေ။

"မင်းခွဲစိတ်စရာ အများကြီးရှိလို့လား"
ရှန့်ဖန်းယွိက ဘန်းမုန့်ပူပူလေး စားရင်းမေးသည်။

"သိပ်မများပါဘူး…"
ရှန့်ဖန်းရွှိက ထိုသို့ ကြားသည်နှင့်…
"ဒါဆို ညကျ အိမ်မှာ ပြန်လာစား…ငါချက်ပြုတ်နေတယ်…"

ကျန်းရွှိသည် တံခါးလက်ကိုင်ဘုအားကိုင်ထားရာမှ ရပ်၍
"သေချာတွေးကြည့်လိုက်မှ ခွဲစိတ်စရာတွေ အများကြီးရှိသေးတာပဲ…"

"မင်းရဲ့သရုပ်ဆောင်တဲ့ပုံစံက နည်းနည်း လေး ပိုပြီး ရှက်ကိုးရှက်ကန်းဖြစ်ပြလို့ မရဘူးလား…ငါတော့ ဂရုမစိုက်ပါဘူး…မင်းဒီနေ့ အိမ်ပြန်ပြီး လာစားရမယ်…မဟုတ်ရင် ငါတကယ် ဝမ်းနည်းနေမိမှာ…မင်းလည်း ငါ့ကို တယောက်တည်းမထားခဲ့နိုင်ဘူးမလား…"

"ထားခဲ့နိုင်တာပေါ့"

ဒေါက်တာကျန်း တံခါးပိတ်၍ ထွက်မသွားခင် ရှန့်ဖန်းယွိမြင်လိုက်ရသည်က သူ၏ ခန့်ညားသော ကျောဘက်ပင်ဖြစ်သည်။

"ကျစ်…သူ့မှာ လူမှုရေးအသိတရားကို မရှိဘူး"
ရှန့်ဖန်းယွိသည် စားပွဲတွင်ပြန်ထိုင်ကာ ဘန်းမုန့်အား ရက်ရက်စက်စက် ကိုက်ပစ်လိုက်သည်။

ကျန်းရွှိ‌ဤကဲ့သို့နောက်ပြောင်ခြင်းမှာ ပထမဦးဆုံးအကြိမ်ဖြစ်နေသောကြောင့် ရှန့်ဖန်းယွိအချိန်အတော်ကြာကြောင်အနေပြီးမှ ပြောလိုက်လေသည် " မင်းကကြည့်ကောင်းပါတယ်…"

" အပိုတွေ…"

" မဟုတ်ပါဘူးနော်…"

ကျန်းရွှိ စကား‌ပြန်ပြောရမည်ကို အလွန်ပျင်းရိနေမိသည်။ ထို့အပြင် ငရုတ်ပွစိမ်းများမှာ အလွန်အရသာရှိလှပေရာ စားရင်းစားရင်းဖြင့် သူရှန့်ဖန်းယွိကို မေ့လျော့သွားခဲ့သည်။

ထို့ကြောင့် ရှန့်ဖန်းယွိ သူ၏ပန်းကန်လုံးနှင့်တူကို တိတ်တခိုးချကာ သူ့ကိုပြုံးလျက်စိုက်ကြည့်နေသည်ကို သူမသိနိုင်တော့ပေ။

" မင်းအဲဒီလောက်ကြိုက်မယ် မထင်မိဘူး…" ရှန့်ဖန်းယွိ ရုတ်တရက်ထပြောလိုက်သည်။

ကျန်းရွှိ မမျှော်လင့်ဘဲ မော့ကြည့်လာသည်။

ရှန့်ဖန်းယွိ လက်တစ်ဖက်ဖြင့်မေးထောက်ကာ အမှတ်တရများမှာ သူ၏စိတ်ထဲတွင် ပြန်ပေါ်လာခဲ့သည်။

" ကျန်းရွှိ မင်းသိလား ငါလည်းငယ်ငယ်တုန်းက အဖိုးကြော်ပေးတဲ့ကျားသားရေငရုတ်ပွစိမ်းကြော်ကို အရမ်းကြိုက်ခဲ့တာ…"

ရှန့်ဖန်းယွိ၏နှုတ်ခမ်းထောင့်များကော့တက်နေကာ ပထမဦးဆုံးအကြိမ်အဖြစ် သူ၏မိသားစုအကြောင်းပြောလာမိသည်။

" ငါကြားခဲ့တာတော့ အဖိုးကဒီငရုတ်ပွကြော်ကိုသင်ခဲ့တာ အဖွားကြောင့်တဲ့…"

သူကျန်းရွှိကို တစ်ချက်ကြည့်ကာ ဆက်ပြောလိုက်သည်။ " ငါ့အဖွားက သူငယ်ငယ်တုန်းက နာမည်ကျော်အလှလေးလေ…လှလည်းလှသလို စိတ်လည်းကြီးတယ်… အဖိုးကတော့ ငါတို့စကားနဲ့ဆို မယားကြောက်ပေါ့…"

" နောက်ကြတော့ သူဘယ်ကကြားခဲ့မှန်းမသိပါဘူးကွာ… ကျားလိုသူ့မိန်းမကို ကျားသားရေငရုတ်ပွကြော်ကျွေးရင် သိမ်မွေ့လာမယ်ဆိုလို့ သူဒီဟာကို ဆရာတစ်ယောက်စီသွားသင်ပြီး စားသောက်ဆိုင်ကနေတောင် စနစ်တကျလေ့လာခဲ့တာလေ…"

" ငါ့အဖွားက ဒီကျားသားရေငရုတ်ပွစိမ်းကို စားပြီးတော့ သူ့ဒေါသမပြောင်းလဲခဲ့ပေမယ့် အရသာကိုကြိုက်တော့ အဖိုးကို နောက်ဆုံးအချိန်ထိ ကြော်ကျွေးခိုင်းခဲ့တာလေ…" ရှန့်ဖန်းယွိ ရယ်လျက်ပြောလိုက်သည်။

ကျန်းရွှိမှ " တောင်တန်းနဲ့မြစ်ပြင်တွေရဲ့သဘာဝကို ပြောင်းလဲဖို့လွယ်ပေမယ့် လူတွေရဲ့စိတ်ကို ပြောင်းလဲဖို့ကတော့ ခက်ခဲလွန်းလှတယ်…"

" ဟုတ်တယ် ပြီးတော့ အဖိုးက အဖွားရဲ့ဒေါသကို နေသားကျနေပြီလေ… သူကပျော်တောင်ပျော်မွေ့နေသေးတာ…" ရှန့်ဖန်းယွိ၏နှုတ်ခမ်းထောင့်များ အနည်းငယ်ကော့တက်သွားပြီး " ငါငယ်ငယ်တုန်းက အဖိုးကသူ့ရဲ့မိန်းမကြောက်တဲ့‌ဗီဇကိုဆက်ခံရမှာစိုးတော့ ဒီဟင်းကို မဖြစ်မနေသင်ခိုင်းခဲ့တာ… ဒါမှနောက်ကြရင် ချစ်ဇနီးအတွက်လုပ်ပေးနိုင်မှာတဲ့…"

သူ ကျန်းရွှိကို ပြုံးလျက်ကြည့်ကာ အမှတ်တရများမှာ ပြန်လည်ပေါ်လာသောကြောင့် သူ၏မျက်လုံးများမှာ အထူးသိမ်မွေ့နေပြီး စနောက်လိုက်မိသည်။ " မထင်ထားတာက ငါဒီဟင်းကိုပထမဆုံးချက်တာ ဇနီးသည်အတွက် မဟုတ်ဘဲ မင်းအတွက်ဖြစ်နေတာပဲ…"

အဟွတ် အဟွတ်…

ပျော်ရွှင်စွာစားသောက်နေသောကျန်းရွှိမှာ ရုတ်တရက်သီးသွားခဲ့သည်။ ရှန့်ဖန်းယွိ ကမန်းကတန်းအတိတ်မှအကြောင်းအရာများကို ပစ်ချကာ ‌အပြေးသွား၍ ပုခုံးကိုအသာအယာပုတ်ပေးလိုက်ပြီး တိုးတိုးပြောလိုက်သည်။ " ဖြည်းဖြည်းစားလေ ငရုတ်သီးစေ့တွေက သီးလွယ်တယ်…"

ခဏကြာပြီးနောက် ကျန်းရွှိချောင်းဆိုးရာမှ သက်သာသွားပြီး တိတ်တိတ်ဆိတ်ဆိတ်တူကိုချကာ ပါးစပ်ကို ညင်ညင်သာသာသုတ်၍ ပြောလိုက်သည် " စားလို့ပြီးပြီ.."

ကျန်းရွှိ အစေ့‌များကို ကြောက်သွားသောကြောင့် ဆက်မစားတော့သည်ဟု ထင်သွားသဖြင့် ရှန့်ဖန်းယွိ ဖြောင်းဖြလိုက်သည် " သီးသွားတာနဲ့ပဲ အစားအစာကို မဖြုန်းတီးစမ်းပါနဲ့…သေချာစားလေ ငါးစားသလိုဂရုစိုက်ပြီးစားချည်…"

ကျန်းရွှိ ခေါင်းကိုယမ်းကာ ပြန်လှည့်မကြည့်ဘဲ အိပ်ခန်းစီသို့ ထွက်သွားလိုက်သည်။

" ကြေးများတဲ့ဟာလေး…" ရှန့်ဖန်းယွိ အသံကိုနှိမ့်၍ပြောလိုက်ကာ အနောက်သို့လှည့်လိုက်ပြီးနောက် သူ၏အကြည့်များကို လက်ကျန်ငရုတ်ပွများစီသို့ ပြန်ပို့ပြီး သက်ပြင်းချလိုက်သည်။ " ထားလိုက်တော့ နောက်တစ်ခါချက်ရင်တော့ အစေ့တွေဖယ်တာပိုကောင်းမယ်…"

သူထရပ်ကာ စားပွဲကိုရှင်းလင်းလိုက်ပြီး ပန်းကန်များနှင့်တူများကို ပန်းကန်ဆေးစက်ထဲသို့ ထည့်လိုက်ကာ စားပွဲကိုပိုးသတ်ဆေးရည်ဖြင့် ဆေးကြောလိုက်သည်။ သူအပြင်သို့ထွက်လာချိန်၌ ဖုန်းမှာ ရုတ်တရက်ထမြည်လာခဲ့လေသည်။

" ရှန့်ဖန်းယွိ ငါ့ကိုမှတ်မိလား…" တစ်ဖက်မှ ရင်းနှီးနေသောအသံထွက်ပေါ်လာခဲ့သည်။

" ဟွမ်းပင်းလား…"

" ဟုတ်တာပေါ့ ငါ‌ပဲလေ…"

ဟွမ်းပင်းအဘယ့်ကြောင့်သူ့ကိုဆက်သွယ်လာကြောင်းကို ရှန့်ဖန်းယွိ အနည်းငယ်အံ့အားသင့်နေမိသည်။

ဟွမ်းပင်းမှာ သူနှင့်ကျန်းရွှိတို့၏အတန်းဖော်ဖြစ်ပြီး သူနှင့်များစွာရင်းနှီးသူမဟုတ်ချေ။ ကျောင်းဆင်းပြီးနောက် ဟွမ်းပင်းမှာ ဆရာဝန်တစ်ဦးမဖြစ်လာခဲ့ဘဲ ဆေးဘက်ဆိုင်ရာ ကိုယ်စားလှယ်တစ်ခုဖြစ်လာခဲ့သည်။ ဟွမ်းပင်းတွင် ပျော့လွယ်ပြောင်းလွယ်သောဦးနှောက်တစ်ခုရှိပြီး သူ၏စီးပွားရေးမှာ အခြေအနေကောင်းသည်ဟုပင် ပြောခဲ့ဖူးသည်။ မည်သို့ပင်ဖြစ်စေကာမူ သူ၏ကျီဟွားရှိအသိမိတ်ဆွေမှာ အကန့်အသတ်ရှိပြီး ဟွမ်းပင်းနှင့် အချိန်အတော်ကြာအထိ အဆက်အသွယ်မရှိခဲ့ကြချေ။

မည်သို့ပင်ဖြစ်စေ ဟွမ်းပင်းမှ အလျင်အမြန်ခေါင်းစဉ်ကိုဦးတည်လာခဲ့သည်။ " မင်းနဲ့ကျန်းရွှိတို့ ကျီဟွားမှာ လက်ထောက်ပါရဂူဖြစ်နေကြပြီဆို ဂုဏ်ယူပါတယ်ကွာ…"

ရှန့်ဖန်းယွိ ပြုံးကာ ကျေးဇူးတင်လိုက်ပြီးနောက် တစ်ဖက်လူမှပီတိဖြစ်လာသည်အထိ ဟွမ်းပင်း၏အောင်မြင်မှုများကိုလည်း ပြန်လည်ချီးမွန်းလိုက်သည်။ ထို့နောက် ဟွမ်းပင်းမှ သူ၏ရည်ရွယ်ချက်ကို ပြောလာခဲ့လေသည် " ငါရဲ့ကောင်မလေးကိုခေါ်လာပြီး ကိုယ်ဝန်ဖျက်ချဖို့လေ… မင်းမှာ… ဆရာဝန်ကောင်းကောင်းများသိမလားလို့…"

ဤသည်မှာ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်သောကြောင့် ရှန့်ဖန်းယွိ ဝင်ရောက်မစွက်ဖက်ချင်ပေ။ သို့သော် ဟွမ်းပင်းမှာ ခွေးစာများပြုလုပ်ရာတွင် အလွန်တော်သူဖြစ်ပြီး ရှန့်ဖန်းယွိကဲ့သို့ သူငယ်ချင်းများ၏ Momentများကို မကြည့်တတ်သူပင် ကျောင်းအဖွဲ့စကားဝိုင်းတွင်းမှ သူ၏ရူးလောက်သည့်အကြောင်းအရာများမှာ မလွတ်မြောက်နိုင်ခဲ့ပေ။ ထို့ကြောင့် သူနှင့်အတူကျောင်းဆင်းခဲ့သည့်လူတိုင်းလိုလို ဟွမ်းပင်းထံတွင် နှစ်ပေါင်းများစွာတွဲလာသောချစ်သူရှိပြီး လက်ထပ်ရန်ရည်ရွယ်ထားကြောင်းကို သိကြသည်။

ထို့ကြောင့် ရှန့်ဖန်းယွိ မေးလိုက်မိသည်။ " မင်းနဲ့မင်းကောင်မလေး ဆက်ဆံရေးမကောင်းကြလို့လား…"

ကိုယ်ဝန်ဖျက်ချခြင်းဆိုသည်မှာ အသေးအဖွဲ့ကိစ္စလေးမဟုတ်ပေ။ ခန္ဓာကိုယ်ကို အတိုင်းအတာတစ်ခုအထိ ထိခိုက်စေနိုင်ပြီး အနာဂတ်တွင် လက်ထပ်ပြီးကလေးယူကြမည့်စုံတွဲများအတွက် ထိုဒုက္ခများကို ခံယူနေရန်မလိုချေ။

ဟွမ်းပင်းမှ " ဆက်ဆံရေးကောင်းတာ ဘာလုပ်ရမှာလဲ.. သူ့မိသားစုက အာဏာတို့ အဆက်အသွယ်တို့မရှိဘူးလေ…လက်ထပ်ဖို့အကြောင်းပြောတော့တောင် သူကငါ့ကို ယွမ်တစ်သိန်းတင်တောင်းခိုင်းသေးတာ…သူ့ကိုယ်သူတောင် အဲဒီလောက်တန်လားဆိုတာ ပြန်မမေးကြည့်ဘူး…ငါကတခြားမိန်းမမရှာနိုင်မှမဟုတ်တာ…ကလေးဆိုတာကလည်း စိတ်ပါရင်ထပ်ယူလို့ရတာပဲကို…"

ထိုမျှသာမက ဟွမ်းပင်းမှ ဖြောင့်မတ်ဟန်ဖြင့်ပင် " ရှန့်ဖန်းယွိ ငါတို့အကုန်လုံးက ယောင်္ကျားလေးတွေပဲလေ မင်းသိလား ဒီလိုမိန်းမမျိုးနဲ့သာ ကလေးယူမိလို့ကတော့ ငါ့တစ်ဘဝလုံးချည်နှောင်ခံလိုက်ရပြီပဲ…"

ဟွမ်းပင်း၏စီးပွားရေးမှာ ကောင်းမွန်လှပြီး လူတိုင်းကို ခွေးစာကျွေးခြင်းအပြင် အဖွဲ့ထဲတွင်လည်း သူ၏ချမ်းသာကြွယ်ဝမှုကို ကြွားဝါတတ်သူဖြစ်လေရာ ဟွမ်းပင်းမှာ အမှန်တကယ်ပင် တင်တောင်းငွေ ယွမ်တစ်သိန်းကို တတ်နိုင်သူဖြစ်သည်။

ပထမဆုံးစကားနှင့်ပင် ရှန့်ဖန်းယွိ တစ်ခုခုမှားယွင်းနေသည်ဟု ခံစားနေရသောကြောင့် အသံဖမ်းသည့်ခလုတ်ကို နှိပ်ထားခဲ့ပြီး သူနားထောင်လေလေ မျက်မှောင်ကြုတ်မိလေလေဖြစ်ကာ သူ၏အသံမှာ အေးစက်လာခဲ့သည်။ " ဟွမ်းပင်း မင်းဘာပြောနေလဲဆိုတာ မင်းသိရဲ့လား…"

" မင်းယောင်္ကျားမလား…"

" ရှန့်ဖန်းယွိ မင်းဘာကိုဆိုလိုတာလဲ.." ဟွမ်းပင်း ရှန့်ဖန်းယွိ၏အသံကြောင့် အနည်းငယ်စိတ်တိုလာရသည်။

" ထားလိုက်ပါတော့ ဟွမ်းပင်း မင်းကိုယ်ချင်းမစာနိုင်ဘူးလား…" ရှန့်ဖန်းယွိ ‌ဖြည်းညင်းစွာ သက်ပြင်းရှည်တစ်ချက်ချလိုက်ပြီး " မင်းကတာဝန်ဘယ်လိုယူရတယ်ဆိုတာကို မသိတော့လည်း ငါမင်းကို ဆုတောင်းပေးလိုက်ပါတယ်ကွာ…အိပ်ရာထဲမှာ မစွမ်းဆောင်နိုင်ပါစေ…ပန်းသေပါစေ ပြီးတော့…"

ဟွမ်းပင်း ရှန့်ဖန်းယွိ၏စကားကိုဖြတ်ကာ ဖုန်းချလိုက်သည်။

" ချီးပဲ…" ရှန့်ဖန်းယွိ မနေနိုင်ဘဲ ချသွားပြီဖြစ်သောဖုန်းကိုကြည့်ကာ ဆဲဆိုလိုက်သည်။

တစ်ချိန်တည်းမှာပင် ကျန်းရွှိမှာလည်း ဖုန်းသို့ လောလောလတ်လတ်ရောက်လာသည့်စာကိုကြည့်ကာ အနည်းငယ်မျက်မှောင်ကြုတ်နေခဲ့သည်။

ဟွမ်းပင်း : [ ဟယ်လို ကျန်းရွှိလား… ]

ဟွမ်းပင်း : [ ငါမင်းကိုမေးစရာရှိလို့လေ မင်းမှာကိုယ်ဝန်ဖျက်ချတာနဲ့ပတ်သက်ပြီး အကြံပေးချင်တဲ့ ဆရာဝန်ကောင်းကောင်းများ ရှိမလားလို့ ]

ကျန်းရွှိ တိုတိုတုတ်တုတ်စာပြန်လိုက်သည် : [ လူနာရဲ့ ဝီချက်ပဲပေး ငါသူ့ကိုတိုက်ရိုက်ဆက်သွယ်လိုက်မယ် ]

ဟွမ်းပင်း: [ ကောင်းပြီလေ အဲဒီမှာ စကားပြောကြတာပေ့ါ ]

ထို့နောက် ကိုယ်ရေးကိုယ်တာသုံးစီးပွားရေးကဒ်တစ်ခုကို ပို့လာခဲ့သည်။

အဲဒီမှာပြောကြတာပေါ့လား…