Chapter 48
ဟွမ်းပင်း၏စကားများမှာ အနည်းငယ်ထူးဆန်းနေသည်ဟု ခံစားမိလိုက်သော်လည်း သူများစွာအရေးမထားမိခဲ့ချေ။ ဟွမ်းပင်းမှ ရှန့်ဖန်းယွိကို ဦးစွာဆက်သွယ်ခဲ့ပြီး အဆူခံလိုက်ရသည်ဖြစ်ရာ ၎င်းကိုသင်ခန်းစာယူ၍ ဤတစ်ကြိမ်တွင် ဟွမ်းပင်းမှ ဝီချက်ဖြင့်သာ ဆက်သွယ်လိုက်သည်။
သူစီးပွားရေးကဒ်ကို ဖွင့်ကာ Addလိုက်ချိန်တွင် တစ်ဖက်မှ အလျင်အမြန်လက်ခံလာခဲ့သည်။
ကျန်းရွှိ လိုအပ်သောအချက်အလက်များနှင့် ဆောင်ရန်ရှောင်ရန်များအပြင် ဆရာဝန်နာမည်အနည်းငယ်ကိုပါ ရိုက်ပို့လိုက်ချိန်၌ ရှန့်ဖန်းယွိမှ တံခါးခေါက်လာခဲ့သည်။
ကျန်းရွှိ ပိတ်ထားသည့်တံခါးကို တစ်ချက်ကြည့်ကာ လှမ်းပြောလိုက်လေသည် " ဝင်လာခဲ့…"
ရှန့်ဖန်းယွိမှာ သူအိပ်ခန်းထဲတွင်ရှိသည်ဖြစ်စေ စာကြည့်ခန်းထဲတွင်ဖြစ်စေ ယဉ်ကျေးစွာ တံခါးအရင်ခေါက်တတ်သူဖြစ်ပြီး ထိုအချက်ကြောင့်ပင် ကျန်းရွှိအနည်းငယ်ပျော်ရွှင်ရသလို ခံစားမိသော်လည်း တချို့သောအကြောင်းပြချက်များကြောင့် သူ၏နှလုံးသားထဲမှ ခံစားချက်များမှာ ၎င်းနှင့်မဆိုင်သလို ခံစားနေရသည်။
ရှန့်ဖန်းယွိ တံခါးကို တွန်းကာဝင်လာချိန်၌ ကျန်းရွှိ သူ၏အတွေးများကို မသိမသာပြန်လည်ရုတ်သိမ်းလိုက်သည်။
" မင်းဘာလို့စိတ်တိုနေတာလဲ…" အကြည့်တစ်ချက်နှင့်ပင် ရှန့်ဖန်းယွိ စိတ်အခြေအနေမကောင်းသည်အား သူပြောနိုင်သည်။
" ဟွမ်းပင်း မင်းကိုဆက်သွယ်လာသေးလား…"
ကျန်းရွှိမှ အကြည့်တစ်ချက်ပေးလာသဖြင့် ရှန့်ဖန်းယွိ အသံသွင်းထားသည်ကို တိုက်ရိုက်ပင် ကျန်းရွှိရှေ့တွင် ဖွင့်ပြလိုက်လေသည်။
ကျန်းရွှိ၏မျက်နှာမှာ အေးစက်သွားကာ ခဏအကြာတွင် ရှန့်ဖန်းယွိကို ပြောလာခဲ့သည် " ငါ့ကိုပို့ပေး…"
အသံသွင်းထားသည်ကို ရလိုက်ပြီးနောက် ရှန့်ဖန်းယွိ၏အသံကိုဖြတ်ကာ သူ့ကိုကျေးဇူးတင်နေသောမိန်းကလေးအား ပြင်ထားသည့်ဖိုင်ကို ပို့ပေးလိုက်သည်။
တစ်ဖက်မှ လူအပေါ်သို့ အလွန်ကြီးစွာသောဖိအားသက်ရောက်သွားခြင်းကြောင့် ဖြစ်နိုင်ပေမည်။ သူမဆက်၍စာပြန်မလာခဲ့ချေ။
သူဖုန်းကို ရှန့်ဖန်းယွိထံသို့ လှမ်းပေးလိုက်သည်။ ရှန့်ဖန်းယွိမှ စာများကို ဒေါသတကြီးဖတ်လိုက်ပြီးနောက် ကျန်းရွှိကို ပြန်ပေးလိုက်သည်။ ထို့နောက်တွင်မှသာ သူ၏ဒေါသမှာ အနည်းငယ်ပျောက်ကွယ်သွားပြီး အေပရွန်သာဝတ်ဆင်ထားသည်ကို သတိရသွားခဲ့သည်။
ကျန်းရွှိမှာ သူ့ကိုအိပ်ခန်းထဲသို့ အိမ်နေရင်းအဝတ်မဝတ်ဘဲ ဝင်ခွင့်မပြုထားချေ။
ကံကောင်းစွာဖြင့် ကျန်းရွှိ သတိမပြုမိသေးသည့်အတွက် ရှန့်ဖန်းယွိ သူ၏ခံစားချက်များကို ဘေးချိတ်ကာ အေပရွန်ဖြင့်အခန်းထဲဝင်လာမိသည်ကို ကျန်းရွှိ သတိမပြုလိုက်နိုင်ခင်မှာပင် ပြောလိုက်သည် " ငါအဝတ်စားသွားလဲဦးမယ်…"
အခန်းထဲသို့ စဝင်လာတည်းက အေပရွန်ဝတ်ထားသည်ကို သတိပြုမိသော ကျန်းရွှိ : "...."
ရှန့်ဖန်းယွိ၏နောက်ကျောကို ကြည့်ကာ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းအနည်းငယ်ယမ်းလိုက်မိသည်။ ထို့နောက် ဖုန်းကိုပြန်ယူကာ " မင်းအကူအညီလိုရင် ငါ့စီလာခဲ့ …." ဟူသောစာကို ပို့လိုက်လေသည်။ စာပို့လိုက်သည်နှင့် ကျန်းရွှိ အနီရောင်သတိပေးချက်ကိုသာ ပြန်လည်ရရှိလိုက်သည်။
ဟွမ်းပင်း၏ကောင်မလေးမှ သူ့ကိုဘလော့သွားလေပြီ…
ကျန်းရွှိ ခဏမျှတိတ်ဆိတ်သွားပြီးနောက် မပို့ဖြစ်သောစာကို ဖျက်လိုက်ကာ ဖုန်းကို ပြန်ချထားလိုက်သည်။ ထိုအကြောင်းကိုမူ ထိုသူ၏စိတ်အခြေအနေကို မဖျက်စီးချင်သည့်အတွက် ရှန့်ဖန်းယွိအား ပြောပြမနေတော့ပေ။
ရှန့်ဖန်းယွိမှ ပန်းသီးစိတ်ပန်းကန်ဖြင့် ပြန်လာသည်ကို မြင်လိုက်ရချိန်တွင် တစ်ခုယူကာ ပန်းကန်ပြန်ပေးလိုက်ပြီး တစ်ဖက်သူ၏စိတ်ကိုဆေးကြောပေးရန်အတွက် ပျော်ရွှင်ဖွယ်ရာအကြောင်းအရာများကို ရွေးချယ်လိုက်သည်။ " ထန်ခယ်ပြောတာတော့ နောက်ဆုံးစစ်ခဲ့တဲ့ ကိုယ်ဝန်ဆောင်ဆေးစစ်မှုက အရမ်းကောင်းတယ်တဲ့…NT စစ်တဲ့အခါကြရင် ဘာပြသနာမှရှိမှာမဟုတ်ဘူး…"
( NT examination - Nuchal Translucency ကိုယ်ဝန်ပထမသုံးလအတွင်း စစ်ဆေးနိုင်သည့် သန္ဓသေား၏လည်ပင်းအနောက်ဘက်မှ တစ်ရှုးစစစ်ဆေးခြင်း၊ Down syndromeကဲ့သို့ရောဂါမျိုးဖြစ်နိုင်ခြေကို ဖော်ပြပြီး အလွန်တိကျမှန်ကန်မှုရှိသည် )
ပန်းသီးမှာ ကြွပ်ရွကာ ချိုမြိန်လှပြီး သူ၏နှုတ်ခမ်းနှင့်သွားများတွင် လတ်ဆတ်သောပန်းသီးနံ့များစွဲကပ်နေခဲ့သည်။ ရှန့်ဖန်းယွိ ခရင်းကို ကျန်းရွှိထံပြန်ပေးလိုက်ပြီး " ငါသိတယ်…"
ကျန်းရွှိမှ သံသယဖြစ်နေသည့်အကြည့်ဖြင့် ကြည့်လိုက်ချိန်တွင် ရှန့်ဖန်းယွိပြောလာသည်ကို ကြားလိုက်ရသည်။ " ထန်ခယ်က ငါ့ကိုDown syndromeအတွက်စစ်တာကော လုပ်သင့်တယ်လို့ ပြောသေးတယ်… မင်းရဲ့ထူးခြားတဲ့အခြေအနေကြောင့် နောက်ထပ်အာထရာဆောင်းလည်း ရိုက်သင့်တယ်တဲ့…"
" နောက်တစ်ခုလား…" ဤသည်မှာ ကျန်းရွှိမျှော်မှန်းထားသော သာမန်ကိုယ်ဝန်ဆောင်မိခင်တစ်ဦးရိုက်ရမည်ထက် ပို၍ကျော်လွန်နေခဲ့သည်။
ရှန့်ဖန်းယွိ ခေါင်းငြိမ့်လိုက်ပြီး " ငါလည်းနည်းနည်းများနေတယ်လို့ထင်တယ်… ဒါပေမယ့် သူပြောတာတော့ ငါးလ ခြောက်လအတွင်းရိုက်မဲ့ 4D ရောင်စုံအာထရာဆောင်းကြ ဘာပြသနာမှမရှိရင် ပုံမှန်အခြေအနေကို ပြန်သွားလို့ရပြီတဲ့… လိုရမယ်ရ တစ်ခု နှစ်ခုပိုရိုက်တာတော့ အဆင်ပြေမယ်ထင်တာပဲ…"
ထို့နောက် ထပ်ပြောလိုက်သည် " ငါမင်းရဲ့အချိန်ဇယားကိုကြည့်ပြီးတော့ သန်ဘက်ခါကြရင် သွားဖို့စာရင်းပေးထားတယ်… မနက်ကြရင် သွေးစစ်ရမှာဆိုတော့ ငါလိုက်ပို့ပေးမယ်လေ…မနက်ကြရင် ရေမသောက်ဖို့ မမေ့နဲ့ဦးနော် ပြီးသွားခါမှ ငါမနက်စာစားဖို့ခေါ်သွားပေးမယ်…"
ကျန်းရွှိမှာ မနက်ခင်းရေသောက်ရသည်ကို နှစ်သက်သော်လည်း မနက်စာစားရသည်ကို မကြိုက်သောကြောင့် ရံဖန်ရံခါတွင် ကျော်ပစ်လေ့ရှိသည်။
ရှန့်ဖန်းယွိ ပြောင်းလာပြီးနောက် ပိတ်ရက်မဟုတ်နေသည့်တိုင် ကျန်းရွှိထက်အနည်းငယ်စောစောထကာ အောက်သို့ဆင်း၍ မနက်စာစားသည်ကို ထိုင်ကြည့်လေ့ရှိသောကြောင့် အချိန်ကြာလာသည်နှင့် ကျန်းရွှိထံတွင်လည်း မနက်စာစားကျင့်ရှိလာခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ကျန်းရွှိမှာ သိသိသာသာပင် အခြားသောအရာတစ်ခုကို စိုးရိမ်နေဆဲပင်။ " ဘာလို့သူကငါ့အစား မင်းကိုရှာတာလဲ…" ထန်ခယ် ရှန့်ဖန်းယွိကိုကိုယ်ဝန်ဆောင်စစ်ဆေးမှုနှင့်ပတ်သက်၍ မဆက်သွယ်ခဲ့သည်မှာ အသေအချာပင် " ဘာလို့အခုမှ မင်းကိုအကုန်လိုက်ပြောပြနေရတာလဲ…"
" သေချာပေါက် ငါကမင်းထက်ပိုယုံရလို့ပေါ့…" ကျန်းရွှိ ခွံ့ကျွေးလာသည့်ပန်းသီးလက်နှစ်ဆုပ်စာခန့်ကို စားလိုက်ပြီးနောက် ရှန့်ဖန်းယွိ၏စိတ်အခြေအနေမှာ အလျင်အမြန်တိုးတက်လာကာ သူ၏ယခင်နောက်ပြောင်တတ်သည့်ပုံစံသို့ ပြန်ရောက်သွားခဲ့သည်။ " ဘယ်သူလည်းမသိဘူးနော် လူနာတွေကို ဆရာဝန်စကားနားထောင်ဖို့ နေ့တိုင်းတွန်းအားပေးနေပြီးတော့ နောက်ဆုံးကြ သူကသာဆရာဝန်စကားနားမထောင်ဆုံးသူဖြစ်နေတာလေ…အစားမစားဘဲ အစာအိမ်ကို ဘယ်လောက်ဖျက်စီးနေလဲပဲကြည့် ငါသာမရှိရင်…"
ကျန်းရွှိ ရုတ်တရက်ထရပ်လိုက်ပြီး ရွှေရောင်ခရင်းလေးကို ပန်းသီးစိတ်တွင် အားဖြင့်ထိုးချလိုက်ကာ တစ်ပန်းကန်လုံးကို သူနှင့်အတူစာကြည့်ခန်းတွင်းသို့ ယူသွားလိုက်သည်။
" ဟေး ဘာလုပ်တာလဲ ငါစားမပြီးသေးဘူးလေ…"
" မင်းပဲငါဖို့ခွဲပေးတာဆို… ဘယ်သူကမင်းကိုစားခိုင်းလို့လဲ.."
ကျန်းရွှိ စာကြည့်ခန်းတံခါးကို ပိတ်ချလိုက်သည်။ ရှန့်ဖန်းယွိမှာမူ ကျန်းရွှိကျွေးလာသည့်ပန်းသီးပလုတ်ပလောင်းဖြင့် တံခါးကိုခေါက်လျက် " မင်းက ကျိုးကြောင်းမသင့်တာပဲ… ကျန်းရွှိ ငါဘာလို့ငါခွဲထားတဲ့ပန်းသီးကို စားခွင့်မရှိတာလဲ… ပြီးတော့ မင်းအခုပဲ ငါ့ကိုခွံ့ကျွေးနေတာလေ… ဘယ်လိုလုပ်ပြီး မင်းမျက်နှာက စာရွက်လှန်တာထက်တောင် မြန်နေရတာလဲနော်…"
ကျန်းရွှိ သူ့ကိုလျစ်လျူရှုထားသော်လည်း အရှေ့စကားအနောက်ပို့ အနောက်စကားအရှေ့ပို့နေသည့်ထန်ခယ်ကို တိုက်ရိုက်ပင်ဖုန်းခေါ်လိုက်ပြီး အပြင်လူဘက်တွင်နေခဲ့သည့်အတွက် ဆူပူပစ်လိုက်သည်။
တံခါးအပြင်ဘက်မှ ရှန့်ဖန်းယွိမှာ တံခါးခေါက်နေရုံဖြင့် အသုံးမဝင်ကြောင်းကို သိရှိသွားသောကြောင့် တိုက်ရိုက်ပင် လူသတ်နိုင်သော နားတစ်ဖက်မကြားသူအဖွား၏ရေဒီယိုနှင့်ပင်ယှဉ်နိုင်သည့် စတူဒီယိုစပီကာကြီးကို ထုတ်ချလာခဲ့သည်။
အာ ဟူသော ရင်းနှီးနေသည့်အသံမှာ ချက်ချင်းဆိုသလိုပင် အခန်းတစ်ခုလုံး၌ ဖုံးလွှမ်းသွားပြီး စာကြည့်ခန်းတံခါးကိုပင် ကျော်ကာ ကျန်းရွှိ၏နားထဲသို့ ရောက်လာခဲ့သည်။ တစ်ဖက်ဖုန်းထဲမှ ထန်ခယ်သည်ပင် ရုတ်တရက်ထိတ်လန့်သွားရသောကြောင့် ဖုန်းကို နားနှင့်ဝေးရာအရပ်သို့ ပို့ဆောင်လိုက်ရလေသည်။
" ကျန်းရွှိ ဘာတွေလုပ်နေတာလဲ အိမ်မှာပြဇာတ်ကနေတာလား…" ထန်ခယ်မှာ သူနှင့်ရှန့်ဖန်းယွိတို့ အတူနေကြပြီဖြစ်ကြောင်းကို မသိသေးပေ။
" မင်း မြွေဖြူရှင်မဒဏ္ဍာရီသီချင်းကို နားထောင်ချင်ရင်တောင် ပုံမှန်အသံနဲ့ဖွင့်လို့မရဘူးလား…မင်းအိမ်ကအသံလုံတာမလို့ ပတ်ဝန်းကျင်ကို ဒုက္ခမပေးနိုင်ဘူးဆိုတာ ငါသိနေပေမယ့်လည်း ငါ့နားတွေမခံနိုင်တော့ဘူးဟ…"
နားပင်ကန်းသွားနိုင်မည့်သီချင်းသံမှာ ကျန်းရွှိ၏နားထဲအပြည့်ဖြစ်နေပြီး ဖုန်းထဲမှ ထန်ခယ်ကိုပင် မကြားနိုင်တော့ချေ။
စားပွဲပေါ်မှ ပန်းသီးများကိုကြည့်ကာ သက်ပြင်းတစ်ချက်ချ၍ ဖုန်းချလိုက်လေသည်။ ကျန်းရွှိ တင်းမာနေသောမျက်နှာဖြင့် စာကြည့်ခန်းတံခါးကိုဖွင့်ကာ ရှန့်ဖန်းယွိ၏မျက်လုံးများနှင့် ဆုံလိုက်ချိန်တွင်ထိုသူ၏ခေါင်းသို့ ပန်းကန်ပြားဖြင့် ကောက်ပေါက်ပစ်လိုက်သည်။
ငြိမ်းချမ်းရေးမှာ ပြိုကွဲသွားချေပြီ။ သူနှင့်ရှန့်ဖန်းယွိတို့အကြားမှ လိုက်လျောညီထွေဖြစ်မှုမှာ မည်သည့်အချိန်ကမှ သုံးစက္ကန့်ပင် မခံလိုက်ပေ။
ပုဂ္ဂလိကဆေးရုံတစ်ခု၏ တိတ်ဆိတ်နေသော အာထရာဆောင်းစစ်ဆေးခန်းထဲတွင် အမျိုးသားသုံးဦးရှိနေခဲ့သည်။ တစ်ဦးမှာ လဲလျောင်းနေပြီး တစ်ဦးမှာထိုင်နေကာ ကျန်တစ်ဦးမှာ မတ်တပ်ရပ်နေသည်။ လေထုမှာမူ အတော်အတန် သိမ်သိမ်မွေ့မွေ့နှင့် စိုးရိမ်တကြီးဖြစ်နေခဲ့သည်။
ကျန်းရွှိမှာ စစ်ဆေးရေးကုတင်ပေါ်တွင် လဲလျောင်းနေကာ အနည်းငယ်မို့မောက်နေသောဝမ်းဗိုက်အပေါ်ဘက်ကို လှစ်ဟပြထားပြီး ရှန့်ဖန်းယွိမှာမူ သူ၏ခေါင်းကိုပိတ်ကျဲစဖြင့် ပတ်ထားလျက် ဘေးတွင်ရပ်နေခဲ့သည်။ ထန်ခယ်မှာ စစ်ဆေးသည့်ကိရိယာဖြင့် ကျန်းရွှိ၏ဗိုက်ပေါ်သို့ လှိမ့်လိုက်ချိန်တွင် ခါးထောက်၍ ဘီအာထရာဆောင်းမျက်နှာပြင်ပေါ်မှ ပုံရိပ်ကို ကြည့်နေလျက်ရှိသည်။ ထန်ခယ်၏မျက်လုံးများအောက်တွင်မူ ကြီးမားသောအမဲကွက်ကြီးနှစ်ကွက်ဖြစ်ပေါ်နေခဲ့သည်။
ထန်ခယ်မှ " ကျန်းရွှိ ဒါမင်းကြောင့်လေ အဲဒီညတုန်းက သီချင်းလေးတစ်ကြောင်းနှစ်ကြောင်း ကြားလိုက်ရတာနဲ့ ငါနှစ်ညဆက်တိုက် အိပ်မပျော်နိုင်ဘူးဖြစ်သွားတယ်…အခုဆို မျက်လုံးမှိတ်လိုက်တာနဲ့ကို တအာအာနဲ့ လေးကြောင်းဆက်တိုက်သီချင်းသံကြီးပဲ ကြားနေရပြီ…"
ကျန်းရွှိမှ ပြုံးတုံ့တုံ့ဖြင့် " ငါဆိုဒါကို တစ်ပတ်ကျော်ခံစားနေရတာလေ.."
ရှန့်ဖန်းယွိမှ " မင်းဘယ်တုန်းကအိပ်မပျော်တဲ့ပြသနာရှိသွားတာလဲ… ငါတွေ့တာတော့ အမြဲတန်းတခေါခေါနဲ့ပါ…"
သူ၏စကားဆုံးသွားသည်နှင့် မျက်လုံးနှစ်စုံမှာ ရှန့်ဖန်းယွိထံသို့ ရောက်ရှိလာခဲ့သည်။
တစ်စုံမှာ အတင်းတုပ်ချင်နေပြီးအံ့အားသင့်နေသော အကြည့်ဖြစ်ကာ တစ်စုံမှာမူ လူသတ်ငွေ့များသန်းနေခဲ့သည်။
ရှန့်ဖန်းယွိ : "...."
" အဟမ်း…" ရှန့်ဖန်းယွိ လက်ကိုယမ်းကာ ထန်ခယ်ကို ပြောလိုက်သည် " အလုပ်ပဲကောင်းကောင်းလုပ်စမ်းပါ…"
ဒေါက်တာထန်မှာ သိသိသာသာပင် ကောင်းကောင်းအလုပ်မလုပ်နိုင်ခဲ့ပေ။ သူမယုံနိုင်စရာကောင်းသည့်အရာတစ်ခုကို ရှာတွေ့သွားဟန်ဖြင့် " မင်း.." ဟုခေါ်ကာ ကျန်းရွှိကို လှမ်းကြည့်မိလိုက်သည်။
ကျန်းရွှိမှ " ငါတို့အတူတူမနေဘူး…"
" ငါလည်းမင်းတို့အတူနေတယ်လို့ မပြောပါဘူး…" ထန်ခယ်၏မျက်လုံးများမှာ ဝိုင်းစက်ကာ တုန်ယင်နေခဲ့သည်။
"....." ကျန်းရွှိ စစ်ဆေးသည့်ကိရိယာကို လှမ်းယူလိုက်ပြီး " မင်းမလုပ်ရင်လည်း ငါ့ဘာသာပဲလုပ်တော့မယ်…"
" လုပ်ပါ့မယ် လုပ်ပါ့မယ်…" ထန်ခယ်ဆက်မမေးရဲတော့ဘဲ ကြားဖြတ်လုခံလိုက်ရသော ပစ္စည်းကိုယူကာ စစ်ဆေးမှုကို ပြန်လည်စတင်လိုက်သည်။
လေးလအရွယ်သန္ဓသေား၏ကိုယ်တွင်းအင်္ဂါများမှာ ပြည့်ပြည့်ဝဝရိပ်လုံးပေါ်နေပြီဖြစ်ပြီး လိင်အမျိုးအစားကို ရှင်းရှင်းလင်းလင်း သိနေရပြီဖြစ်သည်။ သူတို့ယခင်တစ်ခါစစ်ဆေးစဉ်ကပင် မိန်းကလေးဟုခံစားနေခဲ့ရကာ ယခုတစ်ခေါက်တွင်မူ ကျန်းရွှိဗိုက်ထဲမှကလေးမှာ မိန်းကလေးဖြစ်ကြောင်း ၇၀ ၈၀ရာခိုင်နှုန်းမျှ သေချာသွားပြီဖြစ်သည်။
ကလေးငယ်လေး၏ဦးခေါင်းမှာ မျက်နှာပြင်ပေါ်တွင်ရှင်းရှင်းလင်းလင်းပေါ်လာသောကြောင့် ထန်ခယ်ဂရုတစိုက်ဖြင့် ထိပ်ချင်းနှစ်ထပ်ကို တိုင်းတာလိုက်သည်။ ရှန့်ဖန်းယွိမှာမူ အနီးကပ်ကြည့်ကာ ဝမ်းပန်းတသာဖြင့် " သူကငါနဲ့တူတယ် အရမ်းလှတာပဲ…"
2D အာထရာဆောင်းမှာ သိသိသာသာပင် ကလေးငယ်၏ပုံပန်းသွင်ပြင်ကို ရှင်းလင်းစွာ မဖော်ပြနိုင်ချေ။ ထို့ကြောင့် ကျန်းရွှိ မျက်လုံးကို လှန်၍ပြောလိုက်လေသည် " ဒါက 2Dနော် 4Dမဟုတ်ဘူး… ဘယ်မျက်လုံးနဲ့ကြည့်ပြီး မင်းနဲ့တူတယ်လုပ်လိုက်တာလဲ…" ကျန်းရွှိ ပုံရိပ်ကို အကြိမ်အနည်းငယ်မျှ ကြည့်လိုက်ပြီး " သူကငါနဲ့တူတာ…"
ကျောင်းတော်ကြီး၏ကင်းများမှာ တစ်နေ့တွင် မူလတန်းကလေးငယ်များ အရုပ်လုနေသကဲ့သို့ ဖြစ်နေကြမည်ဟု ထန်ခယ်တစ်ခါမျှ ထင်မထားမိခဲ့ပေ။ ထို့မျှသာမက သူတို့ငြင်းခုန်နေကြသည်မှာ ကလေးမှမည်သူနှင့်တူသည်နည်းဟူသော အကြောင်းအရာပင်ဖြစ်လေသည်။ ဇာတ်ကြောင်းမှာ အလွန်ကြောက်မက်ဖွယ်ကောင်းကာ ပုံပြင်ဆန်လှသောကြောင့် သူ၏ခံစားချက်များကို မထိန်းချုပ်နိုင်ဘဲ ခဏအကြာ၌ ရယ်မိသွားသည်။ ထို့နောက် ငြင်းခုန်နေသည့်သူနှစ်ဦးမှာ သူ့ကိုကြည့်ကာ တပြိုင်တည်းပြောလိုက်လေသည်။ " ဘာရယ်နေတာလဲ.."
ထန်ခယ်၏အပြုံးမှာ တန့်သွားရသည်။
ဘာတွေဖြစ်နေတာလဲ…
သူတို့ကရန်ဘက်တွေမဟုတ်ကြဘူးလား…
သူက ကျန်းရွှိနဲ့ပိုကောင်းတဲ့ဆက်ဆံရေးရှိတာမဟုတ်ဘူးလား…
ဘာလို့ အခုကြဒီနှစ်ယောက်က မိသားစုတစ်ခုနဲ့တူနေရတာလဲ…
ကလေးရဲ့တာဝန်ကျဆရာဝန်လည်းဖြစ် ကျန်းရွှိနဲ့လည်း နှစ်ပေါင်းများစွာသူငယ်ချင်းဖြစ်ခဲ့တဲ့သူက အခုအပြင်လူတစ်ယောက်လိုပဲ….
ဒါကြီးက ကျိုးကြောင်းမသင့်လိုက်တာ…
သူငြင်းပယ်လိုက်မည်အလုပ်တွင် ရှန့်ဖန်းယွိမှ မျက်နှာပြင်ကို ညွှန်ပြကာ ပြောလာသည်။
" ကလေးရဲ့ညာဘက်လက်က ကျောနောက်မှာကွယ်နေတာလား…ငါတို့ ဒီရှူထောင့်ကနေမမြင်နိုင်ဘူးဖြစ်နေတယ်…ကျန်းရွှိ ငါတို့ထပ်မစစ်ခင် အောက်ဆင်းပြီး လမ်းနည်းနည်းလောက် လျှောက်ကြမလား…"
ထန်ခယ် မျက်နှာပြင်ပေါ်သို့ကြည့်လိုက်ချိန်၌ ၎င်းမှာ မှန်ကန်နေခဲ့သည်။
အာ သူအာရုံမလွင့်နေသင့်တော့ဘူး…
ထန်ခယ် ရှန့်ဖန်းယွိကို အဓိပ္ပါယ်ပါပါကြည့်လိုက်မိသည်… သူ၏တာဝန်ကျဆရာဝန်ဟူသောရာထူးမှာ ယူဆောင်သွားခြင်းခံလိုက်ရလေပြီ…
ဤကဲ့သို့သောအခြေအနေမျိုးမှာ သန္ဓသေားစစ်ဆေးခြင်းတွင် ဖြစ်လေ့ဖြစ်ထရှိပြီး ပုံမှန်အားဖြင့် မည်သည့်ပြသနာမှမရှိချေ။ သို့သော်လည်း ကလေးမမွေးဖွားခင်အထိ အာမခံနိုင်ခြင်းမရှိသည့်အတွက်ကြောင့် ကလေး၏ပျောက်နေသည့်လက်တစ်ဖက်အကြောင်းကို မည်သူကမှဖြစ်နိုင်ခြေအားမဖယ်ထုတ်သင့်ပေ။ ထို့ကြောင့် ကျန်းရွှိ ချက်ချင်းပင် ထရပ်ကာ အင်္ကျီကို ပြန်ဆွဲချလိုက်ပြီး ပြောလိုက်သည် " ကောင်းပြီ…"
" ငါမင်းကိုအဖော်လုပ်ပေးမယ်…" ရှန့်ဖန်းယွိလည်း ဘေးမှလိုက်ကာ သူတို့နှစ်ဦးသားထွက်ခွာသွားကြသည်။
ယခုမှသတိပြန်ဝင်လာသည့် ဒေါက်တာထန်မှာမူ ထိုသူနှစ်ဦး၏နောက်ကျောကိုကြည့်ကာ သူ၏ခေါင်းပေါ်တွင် အမှတ်ကြီးတစ်ခုတဖြည်းဖြည်းပေါ်လာခဲ့သည်။
ကျန်းရွှိမှာ ယခင်အချိန်များတွင် စစ်ဆေးမှုကို နောက်ကျပြီး ဆရာဝန်၏အကြံပေးချက်ကို ဂရုမစိုက်ခဲ့လေရာ ဤတစ်ကြိမ်တွင် သူရှန့်ဖန်းယွိကို ဆက်သွယ်ခဲ့ရသည်။ သူ၏မျက်လုံးထဲတွင်မူ ရှန့်ဖန်းယွိမှာ ကျန်းရွှိကို စစ်ဆေးရန်နှင့် ခွဲစိတ်ရန်အတွက် နားချနိုင်မည့်သူတစ်ဦးဖြစ်နေခဲ့သည်။ သို့သော်လည်း ထိုသူမှာ ကျန်းရွှိ၏အကောင်းဆုံးသူငယ်ချင်းနေရာကို လုယူသွားမည်ကိုမူ သူမထင်ထားမိခဲ့ပေ။
ထန်ခယ် ပစ္စည်းကိရိယာများကို ပြန်သိမ်းပြီးချိန်၌ ထပ်မံ၍ပြောလိုက်မိသည် " ဒါကြီးက ကျိူးကြောင်းမသင့်လိုက်တာ…"