အပိုင်း ၄၉
Viewers 11k

Chapter 49


ထန်ခယ်အလုပ်လုပ်နေသည့် ပုဂ္ဂလိကဆေးရုံမှာ အဆင့်အတန်းအလွန်မြင့်မားပြီး အေမြို့တော်၏နေရာအကြီးတစ်ခုစာရှိသော ပန်းခြံတစ်ခုရှိရုံသာမက မြစ်ကမ်းနံဘေးနှင့်လည်း နီးကပ်သည်။ အောက်တိုဘာလ၏မြစ်မှဖြတ်လာသောလေမှာ သူတို့၏မျက်နှာများကို တိုက်ခတ်နေပြီး မြစ်ကမ်းနားတွင် ပန်းပင်များမှာ ရောယှက်နေကာ နှင်းဖြူရောင်တိမ်များမှာ မြစ်လေကြောင်းအတိုင်း ဝေ့ဝဲနေသည်။

လျှောက်လမ်း၏ဘေးတွင် စက်ဘီးစီးရန်လမ်းဖြစ်ကာ လူများဖြတ်သွားလေ့ရှိသည်။ ယခုမှာမူ ညအချိန်ဖြစ်သည့်အတွက်ကြောင့် လမ်း၏ဘေးနှစ်ဖက်တွင် ညလင်းမီးတိုင်များထွန်းလင်းနေကာ မြင်ကွင်းကို ပို၍ပသာဒဖြစ်အောင်လုပ်နေခဲ့သည်။

" နှစ်တိုင်း လူတွေက ပုဂ္ဂလိကဆေးရုံတွေကို ပြောင်းသထက်ပြောင်းလာတာ မဆန်းပါဘူးလေ…" ရှန့်ဖန်းယွိ သက်ပြင်းချလျက် " ဒီကပတ်ဝန်းကျင်က တကယ်ကောင်းတာပဲ ငါတောင်ထွက်ပြီး ဒီမှာလုပ်ချင်လာပြီ.."

မည်သည့်ဆရာဝန်တွင်မှ လမ်းမြန်မြန်မလျှောက်ရန် အခြေအနေမရှိနိုင်သောကြောင့် ဤသည်မှာ ကျန်းရွှိ၏လမ်းဖြည်းဖြည်းလျှောက်နိုင်မည့် ရှားပါးလှသောအခွင့်အရေးတစ်ရပ်ဖြစ်သည်။ ကျန်းရွှိ သစ်ပင်ပေါ်တွင် ပွင့်လင်းနေသောကွေ့ဟွားပန်းများကို ကြည့်နေခဲ့ပြီး စကားသံကြားလိုက်ပြီးနောက် ရှန့်ဖန်းယွိကို တစ်ချက်ကြည့်ကာ " ငါတို့ဖြည်းဖြည်းသွားကြမလား.."

" ဒါပေါ့ မင်းကိုအနောက်မှာမထားခဲ့နိုင်ပါဘူး ဒါကသိက္ခာနဲ့ဆိုင်တယ်လေ…" ပြောပြီးသည်နှင့် ရှန့်ဖန်းယွိ၏လက်မှာ ကျန်းရွှိ၏ပုခုံးပေါ်သို့ ရောက်လာခဲ့သည်။ မြင်ကွင်းမှာ အလွန်လှပကာ သက်တောင့်သက်သာရှိနေခြင်းကြောင့်ဖြစ်ပေမည်။ ကျန်းရွှိလည်း မဖျက်စီးချင်သည့်အတွက် အထွန့်တက်မနေတော့ချေ။

စုံတွဲတစ်တွဲမှာ ကလေးတွန်းလှည်းကို တွန်းလျက် သူတို့၏ဘေးမှဖြတ်လျောက်လာပြီး ဘီးလုံးမှ မြည်သံမှာ လေနှင့်အတူရောက်ရှိလာချိန်တွင် ရှန့်ဖန်းယွိ ရုတ်တရက်ထပြောလိုက်သည်။ " ကျန်းရွှိ မင်းမွေးမဲ့ရက်တွက်ပြီးပြီလား…"

ကျန်းရွှိမှာမူ ခေါင်းကိုစောင်း၍ လရောင်အောက်မှ မြစ်ရေပြင်ကို ကြည့်နေခဲ့သည်။ ရှန့်ဖန်းယွိသည်လည်း ရေတွက်ပြီးနိုင်သည်ဖြစ်သောကြောင့် သူပြောရန်မလိုခဲ့ပေ။ ထင်သည့်အတိုင်းပင် ရှန့်ဖန်းယွိမှ အလျင်အမြန်ပြောခဲ့သည်။ " ဘုရားရေ ဧပရယ်၁ရက်နေ့ပဲဟ…" သူမနေနိုင်ဘဲ ရယ်လိုက်မိကာ " ဒီကလေးမွေးမဲ့ရက်က တကယ်ကြီးကို ဧပရယ်၁ရက်အရူးများနေ့ပဲ… ကံကတော့တကယ်ကြီး…"

ကျန်းရွှိ သူ့ကို မတူညီသည့်အကြည့်တစ်ချက်ပေးလာကာ ကြားဖြတ်ပြောလိုက်သည်။ " ငါတို့ရဲ့တွေ့ဆုံမှုကိုက ရယ်စရာတစ်ခုပဲလို့ ဆိုလိုနေတာလေ…"

ရှန့်ဖန်းယွိ၏စိတ်အားထက်သန်မှုမှာ သူ၏အေးစက်စက်စကားများကြောင့် အနည်းငယ်ပင် လျော့ကျမသွားခဲ့ပေ။ ရှန့်ဖန်းယွိ စတင်၍ပင် အတွေးနယ်ချဲ့နေခဲ့သည်။ " ဟေး ငါတို့သမီးနာမည်က ဘာဖြစ်သင့်တယ်ထင်လဲ…ရှန့်ကျန်းကော… ကြီးမြတ်တဲ့ပုံပေါက်တယ်နော် ငါတို့ရဲ့မျိုးရိုးနာမည်တွေလည်းပါတယ်…"

ကျန်းရွှိ သူ့ကိုကြည့်ကာ ပြောလိုက်သည် " ကျန်းရှန့်က ပိုကောင်းတယ်…"

" ရှန့်ကျန်း…"

" ကျန်းရှန့်…"

" ရှန့်ကျန်း…"

ကျန်းရွှိ အခိုင်အမာပြောလိုက်သည် " ကျန်းရှန့်ပဲ…"

ရှန့်ဖန်းယွိမှ " ကျန်းရှန့်ဆိုတာ လူနာမည်နဲ့တူမနေဘူးနော် ကြားလိုက်ရုံနဲ့တင် မျိုးရိုးနာမည်ကြီးလိုပဲဖြစ်နေမှာ ဘယ်သူ့ရဲ့ပထမနာမည်ကရှန့်ဖြစ်ဖူးလို့လဲ…"

ကျန်းရွှိမှ " ဒါကမင်းကိစ္စလေ ဘယ်သူကများ မျိုးရိုးနာမည်ကို ရှန့်ထားလို့လဲ… ကျန်းရှန့်က လူနာမည်နဲ့မတူဘူးဆိုရင် ‌တခြားတစ်ခုစဉ်းစားပေ့ါ ဒါပေမယ့် မျိုးရိုးနာမည်ကတော့ ကျန်းပဲဖြစ်ရမယ်…"

" ဒါမှမဟုတ်…" ရှန့်ဖန်းယွိ အပေးအယူလုပ်လိုဟန်ဖြင့် ပြောလိုက်သည်။ " ငါတို့မျိုးရိုးနာမည်တွေတစ်ခုမှမယူရင်ကော…သူကအရူးများနေ့မှာမွေးမှာဆိုတော့ ယွီရန်းကျယ်လို့ ခေါ်ရင်ကော…ဒါဆိုရင် ဘယ်မိဘနဲ့မျိုးရိုးနာမည်မှယူဖို့မလိုတော့ဘူးမလား…"

မိဘများ၏မျိုးရိုးကိုမယူဘဲ အခြားနာမည်တစ်ခုသုံးနိုင်မည်လားကို ကျန်းရွှိမသိချေ။ သို့သော်လည်း သူ၏နည်းပါးသောနာမည်ပေးခြင်းအတွေ့အကြုံနှင့်ပင် သူတို့သမီးကိုသာ ဧပရယ်အရူးများနေ့ဟု ပေးလိုက်ပါက သမီးဖြစ်သူမှာ ရှန့်ဖန်းယွိကို သူ့ဘဝဆုံးသည်ထိ မုန်းတီးနေမည်ကိုမူ သိနေသေးသည်။

" ဉာဏ်ပညာကြီးခြင်းက ရူးသွပ်ခြင်းလိုပဲတဲ့…" ရှန့်ဖန်းယွိ အားကြိုးမာန်တက်ပြောလိုက်သည်။ " ဘယ်လောက်ကောင်းတဲ့ နာမည်လဲ…"

[ 大智若愚 သာ့ကျစ်ရော့ယွိ - လောင်ဇီမှ ပြောခဲ့ခြင်းဖြစ်ပြီး မြန်မာစကားအရဆိုပါက သူတကာထက်ထူး အရူးဖြစ်သည်ဟုသော ပုံစံမျိုးပင်ဖြစ်သည် ]

ကျန်းရွှိ အလေးအနက်တွေးလိုက်ပြီး " ဒီနေ့ငါတို့ ဒူးရင်းသီးဝယ်ကြမလား"

ရှန့်ဖန်းယွိမှ " မင်းဘာလို့ဒီရက်ပိုင်း ဒူးရင်းသီးစားရတာ ဒီလောက်ကြိုက်နေတာလဲ…"

ကျန်းရွှိ သူ၏ပုခုံးပေါ်မှ ရှန့်ဖန်းယွိ၏လက်ကို ဖယ်ထုတ်လိုက်ကာ ခေါင်းပေါ်ရှိ အဖြူရောင်ပတ်တီးစကိုကြည့်လိုက်ပြီး " ဒူးရင်းသီးနဲ့လူရိုက်ရတာ ပန်းသီးထက်ကောင်းတယ်လေ…"

ရှန့်ဖန်းယွိ : "...."

သူ၏ဘေးမှလူ၏ ကြောင်အကာ တိတ်ဆိတ်သွားမှုကြောင့် ကျန်းရွှိပြုံးလျက် မြို့တော်အေ၏ညဘက်အလှကို တိတ်တဆိတ်ရှူစားနေခဲ့သည်။

မြို့တော်အေမှာ အလွန်လှပသောမြို့တစ်မြို့ဖြစ်ပြီး ကျန်းရွှိ ဘူတာရုံမှ လက်ဆွဲအိတ်ကို ဆွဲထုတ်လာသည့်အချိန်မှပင် စ၍သဘောကျသွားခဲ့ရခြင်းဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဤ‌မြို့တွင်နေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်သွားခဲ့လေပြီ။

စာလေ့လာခြင်းမှ စတင်၍ အလုပ်လုပ်ကာ အခြေချခဲ့ပြီး ယခုတွင် ကလေးပင်ရှိလာကာ အတူနေရန်စိတ်မချရသောပါတနာတစ်ယောက်ပင် ရလာခဲ့ပြီ။

လူတစ်ဦးမှ သုံးဦးဖြစ်လာခြင်းပင်။

ဤသည်မှာ ကံကြမ္မာ၏နောက်ပြောင်မှုတစ်ခုဖြစ်ပြီး ကမောက်ကမအပြည့်ဖြစ်နေသည့်တိုင် မြို့တော်အေ၏လမင်းကြီးကဲ့သို့ပင် မျှော်လင့်မထားသောအနာဂတ်မှာ အတူတကွဖြစ်နေခဲ့သည်။ မျက်နှာ‌ပြင်ပေါ်၌ တွင်းများအပြည့်ဖြစ်နေသော်လည်း ရှင်းလင်းတောက်ပနေဆဲဖြစ်ကာ လူများ၏နှလုံးသားအတွင်း ထွန်းလင်းနေပြီး တိုက်ခိုက်လိုစိတ်ကို မြှင့်တင်ပေးနေသည်။

" ပြန်ရအောင်…"

သူတို့ထွက်လာသည်မှာ အနည်းငယ်ကြာပြီဖြစ်သည့်အတွက် ညလေညင်းမှာ အနည်းငယ်အေးမြလာသည်။ ယနေ့ညနက်ချိန်တွင် ကျန်းရွှိထံ၌ ဌာနအတွက်စာရွက်စာတမ်းများ ပြင်ဆင်ရမည်ဖြစ်ကာ ရှန့်ဖန်းယွိထံတွင်လည်း မနက်ဖြန်မနက်ခင်းအတန်းအတွက် သူ၏ကံမကောင်းသောကျောင်းသားများ၏စာတမ်းများကို ပြန်လုပ်ပေးရမည်ဖြစ်သည်။

ရှန်ဖန်းယွိ ရုတ်တရက် သူ့ကိုဆွဲလာခဲ့သည်။

ကျန်းရွှိအဆွဲခံလိုက်ရသော အင်္ကျီလက်ကိုကြည့်ကာ နောက်ပိုင်းတွင် အလိုက်တသိဖြင့် လက်ကိုလွှတ်ပေးလိုက်သည်။

" အခုတော့ နာမည်အတွက် မဆွေးနွေးဘဲ နေရအောင် ငါအိမ်ခေါ်နာမည်အတွက်တော့ စဉ်းစားမိသွားပြီ.."

လရောင်အောက်တွင် ရှန့်ဖန်းယွိ၏အကြံသမားအပြုံးမှာ ပေါ်လာကာ " ငါကတော့ ရှောင်ရှောင်းဆိုတာကို ရွေးထားတယ်…"

[ ရှောင် -ငယ်သော ရှောင်း - အပြုံး / အပြုံးလေးဟုအဓိပ္ပါယ်ရသည် ]

ကျန်းရွှိ ဆက်ပြောရန် မျက်ခုံးပင့်ပြလိုက်သည်။

ရှန့်ဖန်းယွိ၏မျက်လုံးမှာ ကျန်းရွှိ၏မျက်နှာတွင်သာ ရှိနေပြီး " ဘာဖြစ်လို့လဲဆိုတော့ မင်းပြုံးရင် ကြည့်ကောင်းလို့လေ…ပြီးတော့ … ငါမင်းပြုံးတာကို ကြည့်ရတာ ကြိုက်တယ်…ဒါပေမယ့် မင်းက ခဏခဏမပြုံးတတ်တော့ သူလေးက မင်းကိုပိုပြုံးစေလိမ့်မယ်…"

ည‌ခင်းအချိန်၏လေပြင်မှာ ရှန့်ဖန်းယွိ၏နဖူးပေါ်မှ ဆံမြိတ်ကို ဝေ့ဝဲနေစေကာ သူ၏မက်မွန်ပွင့်ပုံမျက်လုံးများမှာ ပျင်းတိပျင်းရွဲ့ပုံပေါက်နေခဲ့သည်။ သူ၏ဝိုင်းစက်နေသောမျက်လုံးထောင်လေးမှာ ရှည်လျားပုံရပြီး ဖီးနစ်ပုံမျက်လုံးကဲ့သို့ မဟုတ်သည့်တိုင် ကလူကြည်ဆယ်လိုပုံရနေသည်။

ကျန်းရွှိ၏နှလုံးသားထိပ်ကို လိပ်ပြာအတောင်ပံဖြင့် ရိုက်ခတ်ခံလိုက်ရသကဲ့သို့ တုန်ယင်လာကာ ယားယံနေစေသည်။

သူအကြည့်လွှဲလိုက်ပြီး ရှန့်ဖန်းယွိ၏အကြည့်များကို ရှောင်ရှားကာ ဆေးရုံအဆောက်အဦးစီသို့ ခြေလှမ်းအနည်းငယ်လှမ်းလိုက်သည်။

ရှန့်ဖန်းယွိ အပြေးလိုက်လာသည်။ " မင်းအဆင်ပြေရဲ့လား…"

ကျန်းရွှိ ပြန်မဖြေခဲ့သောကြောင့် ရှန့်ဖန်းယွိ " အဆင်ပြေလား " ဟူသော ထပ်ခါထပ်ခါမေးသံက ကျန်းရွှိ၏နှလုံးသားကို တစ်ကြိမ်ပြီးတစ်ကြိမ် ခုန်ပေါက်နေစေသည်။ သူစိတ်မရှည်တော့ဘဲ အရှေ့မှလူကို ပါးစပ်ပိတ်ရန်ပြောမည်အပြုတွင် ရှန့်ဖန်းယွိမှ သူ၏ဝှက်ဖဲဖြစ်သော သယ်သွားနိုင်သည့် စတူဒီယိုစပီကာကြီးကို ထုတ်ချလာသည်။

ရင်းနှီးနေသောသီချင်းသံမှာ ပြန့်လွင့်လာသောကြောင့် လမ်းသွားလမ်းလာများမှ သိလိုစိတ်အပြည့်ဖြင့် ကြည့်လာကြသည်။ ကျန်းရွှိ စပီကာကိုယူကာ ပိတ်သည့်ခလုတ်ကိုရှာလိုက်သော်လည်း အချိန်အတန်ကြာသည်အထိ မတွေ့နိုင်သောကြောင့် တိုက်ရိုက်ပင် မြေပေါ်ပစ်ပေါက်ချခွဲလိုက်မှသာ အသံတိတ်သွားခဲ့သည်။

ပတ်ဝန်းကျင်မှ စူးစမ်းသည့်အကြည့်များကြောင့် ကျန်းရွှိရှက်လာသဖြင့် ကျန်သည့်အပိုင်းအစများကို အမြန်ကောက်ယူကာ အမှိုက်ပုံးထဲသို့ပစ်လိုက်ပြီး အသံကိုနှိမ့်၍ပြောလာခဲ့သည် " ရှန့်ဖန်းယွိ မင်းရူးနေပြီလား…"

ရှန့်ဖန်းယွိ ပျော်ရွှင်မြူးတူးနေဟန်ဖြင့် နောက်ထပ်တစ်ခုကို သူ၏အိတ်ထဲမှထုတ်လာကာ " လာပါ ငါလည်း ကျားပေါင်ယွီစီက သင်လာတာပါနော်…ချင်းဝမ်က ယပ်တောင်ကိုဖြဲပြီး ကျန်းရွှိကတော့ စပီကာကိုပေါက်ခွဲတယ်… မင်းဘယ်လောက်ဖျက်စီးချင်သေးလဲ.."

[ ခန်းဆောင်နီအိမ်မက် ထဲတွင် ကျားပေါင်ယွီမှ ချင်းဝမ်ကိုချော့မော့နိုင်ရန်အတွက် သူမအလိုရှိသမျှ ယပ်တောင်အားလုံးကို ဖြဲခွင့်ပြုခဲ့သည် ]

ကျန်းရွှိနှင့် ရှန့်ဖန်းယွိတို့၏ကောလိပ်ဝင်စာမေးပွဲတွင် ခန်းဆောင်နီအိမ်မက်မှာ ယေဘူယျမေးခွန်းအတွက် မသင်မနေရဖြစ်ခဲ့သည်။ ဤမေးခွန်းမှာ ပုံမှန်အားဖြင့် လှည့်စားတတ်သောမေးခွန်းဖြစ်ပြီး စာအုပ်အများကြီးမဖတ်ချင်သော အထူးသဖြင့် သိပ္ပံအထူးပြုယူထားသည့် ဖြေဆိုသူများကို သနားစဖွယ်ကောင်းအောင်လုပ်ခဲ့သည့်အရာဖြစ်သည်။

ကျန်းရွှိ ညဘက်မီးအိမ်ဆီတစ်ခုလုံးကို ထိုစာအုပ်လှန်ရင်းကုန်ဆုံးခဲ့ရသည့် အတိတ်ကိုသတိရသွားကြောင့် ရှန့်ဖန်းယွိ၏စကားကိုကြားလိုက်ချိန်တွင် မနေနိုင်ဘဲ မေးလိုက်မိသည် " ကောလိပ်စာမေးပွဲထဲက ခန်းဆောင်နီအိမ်မက်လား…"

ရှန့်ဖန်းယွိမှ " ငါတစ်ခုလေ့လာခဲ့သေးတယ်… မင်းကတော့ ကြားချင်မယ်မထင်ဘူး…"

သူ့သင်လာသည့်အရာကို ကျန်းရွှိကြားချင်ပုံမရသောကြောင့် ရှန့်ဖန်းယွိ၏အကြည့်များမှာ လက်ထဲမှစတူဒီယိုစပီကာထံသို့ ရောက်ရှိသွားသည်။

" လုပ်ရဲလား.."

ရှန့်ဖန်းယွိမှ " ဒါဆိုမင်းကတိပေးလေ…"

" အင်း ကတိပေးတယ်…"

" မင်းသီချင်းဆိုဖို့ ကတိ‌မပေးချင်လည်းရပါတယ်.. ဒါပေမယ့် ငါတို့သမီးနာမည်ကိုတော့ ရှောင်ရှောင်းပေးဖို့ကတိပေး…" ရှန့်ဖန်းယွိ စကားတဝက်ကျိုးမှပင် ကျန်းရွှိလက်ခံသည်ကို သဘောပေါက်သွားရသည်။

သူကျန်းရွှိကိုကြည့်ကာ ကြောင်အနေမိသည်။

" မင်းထပ်ပြောပေးလို့ရမလား…"

ကျန်းရွှိ မျက်လုံးကိုလှိမ့်လိုက်ကာ အိတ်ကပ်ထဲသို့ လက်ထည့်၍ အနည်းငယ်ကျယ်သောအသံဖြင့် တစ်လုံးချင်းပြောလိုက်လေသည်။

" ဘာဖြစ်ဖြစ်… သဘောတူတယ်လို့.."

စစ်ဆေးမှုအပြီးတွင် ကလေး၏ညာလက်နှင့်ပတ်သက်၍ မည်သည့်ပြသနာမှမရှိကြောင်းကို အတည်ပြုနိုင်ခဲ့သည်။ သို့သော်လည်း ရှန့်ဖန်းယွိမှာမူ မယုံနိုင်ဖြစ်နေသေးကာ " မင်းတကယ်ကြီး သဘောတူလိုက်တာလား…" ဟု မေးနေခဲ့သည်။ သူ၏ဖုန်းကိုပင်ဖွင့်ကာ အသံဖမ်းခလုတ်ကို နှိပ်၍ " နေဦး ငါအသံသွင်းထားဖို့လိုသေးတယ် နောက်ကြမှမင်းစိတ်ပြောင်းသွားရင် ဘယ်လိုလုပ်မလဲ…"

ကျန်းရွှိ၏မျက်နှာမှာ အမူအရာကင်းမဲ့နေကာ " မလိုဘူး ငါ့ကလေးကို ထပ်ပြီးဒီလိုကိုယ်ဝန်ဆောင်ချိန်လုပ်ရမဲ့အရာမျိုးတွေ မလုပ်စေချင်ရုံပဲ…"

လွန်ခဲ့သောနှစ်ရက် သူအိမ်မက်ဆိုးပင်မက်ခဲ့ရသည်။ အခြားသူများ၏ကလေးမှာ မွေးစတွင် ပုံမှန်ကလေးငယ်များကဲ့သို့ ငိုကြွေးခဲ့ကြသော်လည်း သူ၏ကလေးမှာမူ မြွေဖြူရှင်မဒဏ္ဍာရီဇာတ်ကား၏သီချင်းကိုသီဆိုကာ ဒေါသတကြီး "အာ ဟာ ဟာ ဟာ.." ဟူ၍ထွက်လာသည်ဟု အိမ်မက်မက်ခဲ့သောကြောင့် ကျန်းရွှိကောင်းစွာမအိပ်နိုင်ခဲ့ချေ။

ထို့ကြောင့် သူရှန့်ဖန်းယွိကို ပြောလိုက်သည် " မင်းရဲ့စပီကာအစုတ်ကြီးကို မထုတ်လာသရွေ့ ရှိုးမှာပူးပေါင်းဖို့ကတိပေးတယ်…"

ရှန့်ဖန်းယွိလည်း အာမခံချက်ရရှိသွားပြီဖြစ်သောကြောင့် ချက်ချင်းပင် ဒါရိုက်တာ ချွေ့ထံသို့ ဖုန်းခေါ်လိုက်သည်။ ‌ဒါရိုက်တာ ချွေ့မှာမူမြေးထိန်းရင်းဖြင့် ဖုန်းသုံးနေပုံပင်၊ သူမပျော်ရွှင်စွာ ပြန်ဖြေလာပြီး အနောက်မှကလေးငိုနေသံကို သူကြားနေရသည်။

ရှန့်ဖန်းယွိမှ စိုးရိမ်တကြီးဖြင့် " ငါတို့သမီးလည်း နောက်ကြတအားငိုနေရင်ကော…"

" ငိုတာကရပါတယ်…" ကျန်းရွှိကို ‌အေးစက်စွာကြည့်လျက် " သီချင်းမဆိုနေသရွေ့…"

" ဒါဆိုလည်း စာသားခွဲလိုက်ရအောင်…" ရှန့်ဖန်းယွိ သီချင်းစာသားကိုလှန်ကာ ပြောလိုက်သည်။ " ငါကမူရင်းသီချင်းကို နားထောင်ထားတာ…ဒါကရှောင်ချင်းဆိုထားတာ ဒါကတော့ ဟော်ဟုန်းယွမ်ဆိုတာ.. မင်းဘယ်အပိုင်းကိုဆိုချင်လဲ…"

" စာသားပိုနည်းတဲ့အပိုင်း…"

" ဒါဆိုရှောင်ချင်းပေါ့…" ရှန့်ဖန်းယွိ ဖုန်းကိုလှမ်းပေးလိုက်ပြီး " ဒါကအားလုံးပေါင်းမှ လေးကြောင်းပဲရှိတယ် မင်းရဲ့မှတ်နိုင်စွမ်းနဲ့ဆိုရင် ဆယ်စက္ကန့်အတွင်း အလွတ်ကျက်နိုင်မယ်ဆိုတာ ငါသိသားပဲ.."

ကျန်းရွှိ ခေါင်းငြိမ့်လိုက်ပြီး ဆယ်ကြောင်းလုံးကိုဖတ်ကာ ရှန့်ဖန်းယွိထံသို့ ဖုန်းပြန်ပေးလိုက်သည် " ငါတို့ဘယ်အချိန်ဖျော်ဖြေရမှာလဲ…"

" မနက်ဖြန်လေ…"

ကျန်းရွှိ : " ? "

တည်ငြိမ်ပျော်ရွှင်နေဟန်ဖြင့် ရှိနေသောရှန့်ဖန်းယွိကို ကြည့်ကာ " ငါသဘောမတူမှာ မင်းမစိုးရိမ်ဘူးလား…" ဟုမေးလိုက်သည်။ ထို့နောက်တွင် ရှန့်ဖန်းယွိမှ ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလာခဲ့သည် " မဖြစ်နိုင်တာ ငါကဒါရိုက်တာချွေ့နဲ့သဘောတူပြီးပြီလေ… သန်မာတဲ့ကောင်မလေးတောင်မှ သူ့ ယောင်္ကျားအနိုင်ယူမှာကို ကြောက်သေးတာပဲ… မင်းလည်းသဘောတူမယ်ဆိုတာသိပြီးသား.."

[ မိန်းကလေးတစ်ယောက်မှာ မည်မျှပင် သန်မာနေပါစေ ယောင်္ကျားတစ်ယောက်နှင့်ယှဉ်ပါက အနိုင်ယူခံရသေးသည်ဟု ဆိုလိုသည် ]

ကျန်းရွှိစကားပုံကြောင့် သီးသွားပြီး သတ်မှတ်ချက်ဟူသောစကားလုံးကို နားလည်ရန်အချိန်အတော်ယူလိုက်ရသည် " မင်းနိုင်ငံခြားက ဟောပြောပွဲသွားရဖို့ကို ဒီလောက်တောင် စိတ်အားထက်သန်နေတာလား…"

သူအမှန်တကယ်ကိုပင် ရှန့်ဖန်းယွိ ဤအရေးတွင် အဘယ့်ကြောင့် စိတ်အားထက်သန်နေရသည်ကို နားမလည်နိုင်ပေ။ နိုင်ငံခြားသွားရမည့်အခွင့်အရေးမှာ အရေးကြီးသည်မှန်သော်လည်း သူတို့ဒါရိုက်တာချွေ့၏သဘောတူညီချက်ကို ငြင်းပယ်ခဲ့လျှင်ပင် ဌာန၏တိုးတက်မှုအတွက် မခေါ်သွားပေးဘဲ နေမည်မဟုတ်ချေ။

ကျန်းရွှိ သူ့ကိုယ်သူအလွန်အမြင့်မှန်းထားခြင်းမဟုတ်သော်လည်း သူနှင့်ရှန့်ဖန်းယွိတို့ကို ဌာနအတွင်း ရာထူးမြင့်သူဟု မှတ်ယူထားနိုင်ပြီး ဒါရိုက်တာချွေ့သည်လည်း လက်အောက်ငယ်သားများကို ခက်ခဲအောင်လုပ်မည့် အကြံကြီးသူတစ်ယောက်မဟုတ်နေပေ။

ထို့ထက်ပိုသည်မှာ ဒါရိုက်တာချွေ့သည် ဤအကြောင်းကို ထိုနေ့ကလူအများရှေ့တွင် ကြေငြာခဲ့လေရာ သူမ၏စရိုက်အရဆိုပါက သူတို့၏ဖျော်ဖြေမှုပေါ်မူတည်နေသောအရာတစ်ခုတွင် ခွဲတမ်းချပေးလိမ့်မည်မဟုတ်ချေ။

ရှန့်ဖန်းယွိသည်လည်း လူမှုဆက်ဆံရေးတွင် အလွန်အထိအရှမခံတတ်သူဖြစ်သောကြောင့် သူနားလည်သည့်အရာတိုင်းမှ ရှန့်ဖန်းယွိသဘာဝအလျောက်လုပ်ခဲ့ခြင်းသာဖြစ်သည်။

ရှန့်ဖန်းယွိမှ " ဟင့်အင်း ငါဒါရိုက်တာချွေ့ကိုတစ်ခုခုလုပ်ဖို့တောင်းဆိုခဲ့တာ…"

ကျန်းရွှိ မျက်လုံးပင့်ကာ ကြည့်လာသည်။

" မင်းကိုဖျော်ဖြေဖို့ သွေးဆောင်နိုင်ခဲ့ရင် နိုင်ငံခြားသွားတဲ့အချိန်ကြ သုံးရက်အားလပ်ရက်ပေးမယ်လို့ ဒါရိုက်တာချွေ့က ကတိပေးခဲ့တယ်လေ… ငါဒေါက်တာခန်းစီသွားလည်ပြီးတော့ ခွဲစိတ်မှုနဲ့ပတ်သက်တဲ့အချက်အလက်တွေ ပိုလိုချင်သေးတယ်…"

ကျန်းရွှိ ကြောင်အသွားခဲ့ရသည်။

သူဤကလေးကို မွေးမည်ဟုဆုံးဖြတ်ကာ ဒေါက်တာခန်း၏ဆောင်းပါးလာမည်ကို စောင့်မည်ဟုတွေးထားလိုက်တည်းက သူထိုအရေးနှင့်ပတ်သက်၍ များစွာမတွေးထားခဲ့ပေ။ ပထမဦးဆုံးအနေဖြင့် အချိန်မှာစောနေသေးသည်ဖြစ်ရာ ကြိုတင်တွေးပူနေရန်မလိုချေ။ ဒုတိယအနေနှင့် ဒေါက်တာကန်၏အပြုအမူမှာ တကယ်ပင်ဖော်ဖော်ရွေရွေမရှိလှပေရာ သူဆောင်းပါးမထွက်ခင်အထိ ထပ်မံပတ်သက်လိုခြင်းမရှိပေ။

မမျှော်လင့်ပါဘဲနှင့် ရှန့်ဖန်းယွိမှာမူ ရေရှည်ကိစ္စကို ကြိုတင်တွေးပူနေခဲ့သည်။

" ငါမင်းအတွက်လည်း တာဝန်ရှိတယ်လေ…" ရှန့်ဖန်းယွိ၏အသံမှာ မည်သည့်အရေးကြီးကိစ္စမျှမရှိသကဲ့သို့ ပေါ့ပါးနေသည်။ ကျန်းရွှိ မနေနိုင်ဘဲ အနည်းငယ်ခံစားသွားရသည်။