အပိုင်း ၅၀
Viewers 11k

Chapter 50


ဤခွဲစိတ်မှုကို ရွေးချယ်ခြင်းမှာ ရှန့်ဖန်းယွိကို ကြီးမားသည့်ဖိအားအောက်သို့ ပို့မိသည်အား သူသိနေခဲ့သည်။ အန္တရာယ်အလွန်ကြီးပြီး ‌ခွဲစိတ်မှုအောင်မြင်ခဲ့ပါက သဘာဝကျစွာပင် ပျော်ရွှင်ဖွယ်ကိစ္စဖြစ်မည်ဖြစ်သော်လည်း ကျရှုံးခဲ့ပါက ရှန့်ဖန်းယွိနှစ်ပေါင်းများစွာတည်ဆောင်ခဲ့ရသောဂုဏ်သိက္ခာတစ်ခုလုံး ပြိုလဲသွားလိမ့်မည်ပင်။

ထို့ထက်ပိုသည်မှာ အကယ်၍သူနှင့်ကလေးသာ‌ဆုံးပါးသွားပါက ရှန့်ဖန်းယွိ၏နှလုံးကွဲကြေသွားနိုင်သည်။ အဆုံး၌ သူတို့မှာ နှစ်ပေါင်းများစွာ အတန်းဖော်များဖြစ်ခဲ့ကြသည်ဖြစ်ရာ ခွဲစိတ်မှု၏အဓိကဆရာဝန်အနေဖြင့် ရှန့်ဖန်းယွိအိမ်မက်ထဲတွင် မက်ခဲ့လျှင်ပင် အနည်းငယ်ခံစားသွားရနိုင်သည်။

ဤသည်ကို တွေးမိလိုက်ခြင်းကြောင့် ကျန်းရွှိ ရုတ်တရက်အကြံပေးလိုက်သည်။ " ငါတို့ဓာတ်ပုံရိုက်ရအောင်…"

" ဓာတ်ပုံရိုက်ဖို့လား…"

ကျန်းရွှိ အင်း ဟုပြန်ဖြေလိုက်ပြီးနောက် SLRကင်မရာတစ်လုံးကို အရေးကြီးပစ္စည်းများထည့်ထားသည့်အံဆွဲအတွင်းမှထုတ်ကာ မှန်ဘီလူးကို ကျွမ်းကျွမ်းကျင်ကျင်ချိန်ညှိလိုက်သည်။

" မင်းဘယ်လိုသုံးရလဲသိတာလား…" ရှန့်ဖန်းယွိ အနည်းငယ်အံ့ဩသွားခဲ့သည်။

ကျန်းရွှိ ကင်မရာ၏အချင်းကို တိုင်းတာနေရင်းမှ " ငါအများကြီးသိတယ်…"

သူတက္ကသိုလ်တက်သည့်အချိန်မှာပင် ကျန်းရွှိ စန္ဒရား၊စစ်တုရင်၊လက်ရေးလှနှင့်ပန်းချီပညာတွင် ထူးချွန်နေပြီးဖြစ်သည်။ သူဓာတ်ပုံပြိုင်ပွဲအချို့တွင် ဆုရခဲ့ခြင်းကြောင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေသည့်အချိန်၌ မိဘများမှ SLRကင်မရာတစ်လုံး ဝယ်ပေးခဲ့လေသည်။

တက္ကသိုလ်သို့ ရောက်ချိန်တွင် သားဖြစ်သူမှာ ‌အနားယူကာ ဝါသနာပါရာများလုပ်နိုင်ဟု သူ၏မိဘများမှ တွေးထားခဲ့ကြသော်လည်း မမျှော်လင့်ဘဲနှင့် ကျန်းရွှိ၏တက္ကသိုလ်ကာလမှာ အထက်‌ကျောင်းတက်စဉ်ထက်ပို၍ အလွန်ခက်ခဲကြမ်းတမ်းခဲ့လေရာ ကင်မရာသုံးရန်အတွက် မည်သည့်အချိန်ကမှ အခွင့်အရေးမရခဲ့ပေ။

ကင်မရာချိန်ညှိပြီးနောက် ကျန်းရွှိ စာကြည့်ခန်းထဲမှ သုံးချောင်းထောက်ကိုယူလာခဲ့သည်။ စာကြည့်ခန်း၏ဘေးတွင် ပြတင်းပေါက်တစ်ခုရှိပြီး ကျောက်ပြားပေါ်တွင် မီးခိုးရောင်နှင့်အဖြူရောင်ကူရှင်များချထားကာ အဖြူရောင်ပြတင်းပေါက်မှာ ချထားသောလိုက်ကာစများနှင့်အတူ သိမ်မွေ့သောမှင်ပန်းချီကားတစ်ချပ်နှယ် အဝေးမှမြင်ကွင်းနှင့်လိုက်ဖက်ညီနေသည်။

ကျန်းရွှိ ရှန့်ဖန်းယွိကို ပြောလိုက်သည် " အဲဒီမှာသွားထိုင် ဘေးကခေါင်းအုံးကိုယူလိုက်…"

ရှန့်ဖန်းယွိ ထိုင်ချလိုက်သည်ကိုကြည့်ကာ ကိုယ်နေဟန်ထားအချို့ကိုညွှန်ပြလိုက်ပြီးနောက် စာကြည့်ခန်း၏အလင်းရောင်ကို သူစိတ်တိုင်းကျချိန်ညှိလိုက်သည်။

" အရမ်းပရိုကြတာပဲ.." ရှန့်ဖန်းယွိ ကျန်းရွှိ ခုံကိုပြင်းပြင်းထန်ထန်ထုရိုက်နေသည်ကို မြင်လိုက်ရသည့်အတွက် ပြုံးလျက် စနောက်လိုက်သည်။ " ငါတို့မိသားစုမှာတော့ အရမ်းတော်တဲ့ဓာတ်ပုံဆရာရှိလာတော့မှာပဲ…"

" ဘယ်သူက တစ်မိသားစုတည်းနေမယ် ပြောလို့လဲ…" ကင်မရာကိုချိန်ညှိနေရင်းမှ ကျန်းရွှိယခင်ကကဲ့သို့ခံစားချက်မျိုး ပြန်လည်ရောက်ရှိလာခဲ့သည်။ ဓာတ်ပုံရိုက်ရသည်ကို သူအလယ်တန်းမှစတင်၍ သဘောကျလာခဲ့ပြီး ပစ္စည်းကောင်းကောင်းမရှိခဲ့လျှင်ပင် သူအရာတိုင်းကို ရိုက်ကူးရသည်အား နှစ်သက်ခဲ့သည်။ သူအရောင်ဖွဲ့စည်းမှုအကြောင်းကို ကိုယ့်ဘာသာလေ့လာခဲ့ပြီး အဆုံး၌ ပစ္စည်းအပြည့်အစုံလက်ထဲရောက်လာချိန်တွင် ဓာတ်ပုံရိုက်ခြင်းကို နှစ်အတန်ကြာအထိ နားထားခဲ့ရသည်။

သူ၏စိတ်ထဲမှခံစားချက်များကို ဘေးသို့ပို့ကာ ကင်မရာကို သုံးချောင်းထောက်တွင်တပ်ဆင်လိုက်ပြီး အနိမ့်အမြင့်ကို ထပ်မံချိန်ညှိလိုက်သည်။ ထို့နောက် အချိန်မှတ်လိုက်ပြီးနောက် ခေါင်းအုံးတစ်လုံးကိုယူကာ ရှန့်ဖန်းယွိဘေးတွင်ထိုင်ချလိုက်ပြီး သူလက်ကို တစ်ဖက်လူ၏ပုခုံးပေါ်တွင် ပေါ့ပေါ့ပါးပါးတင်၍ ခေါင်းတစ်ဖက်မှီချလိုက်သည်။

ကျန်းရွှိ၏ဆံပင်ထိပ်ဖျားမှာ ကြောင်အမ်းနေသောရှန့်ဖန်းယွိ၏မျက်နှာနှင့်ပွတ်တိုက်မိသွားသည်။ သူ၏နှလုံးခုန်သံမှာ နှေးကွေးလာကာ အချိန်အတန်ကြာပြီးနောက် တိတ်တဆိတ်ငုံ့ကြည့်မိခဲ့သည်။

ဇာတ်ကောင်ပေါင်းများစွာကို ရိုက်ခဲ့ဖူးခြင်းကြောင့်ဖြစ်ပေမည်။ ကျန်းရွှိ ကင်မရာရှေ့တွင် ထူးထူးခြားခြားဖြစ်မနေပေ။ ပုံထွက်ပိုလှစေရန်အတွက်နှင့် ပို၍ကောင်းသောတည်ဆောင်ပုံအတွက် သူထိုကဲ့သို့တရင်းတနှီးကိုယ်ဟန်ကို လုပ်လိမ့်မည်ပင်။

ချပ်ခနဲအသံနှင့်အတူ ရှန့်ဖန်းယွိသတိပြန်ဝင်လာခဲ့သော်လည်း ကင်မရာကိုကြည့်ရန်အတွက်မူ နောက်ကျသွားလေပြီ။

ကျန်းရွှိ ပုံသွားကြည့်ရန်အတွက် ပုခုံးပေါ်မှလက်ကိုချလိုက်ပြီးနောက် ကင်မရာကိုကိုင်ကာ ယခုပင်ရိုက်ထားသည့်ပုံကိုကြည့်ရန် လှန်လိုက်သည်။

အလင်းဖျော့ဖျော့အောက်တွင် သူ သက်တောင့်သက်ဟာဖြစ်သည့်ကိုယ်ဟန်ဖြင့် ရှန့်ဖန်းယွိပေါ်သို့အနည်းငယ်စောင်းမှီထားကာ ရိုးရှင်းသောအိမ်နေရင်းတီရှပ်များကိုသာ ဝတ်ဆင်ထားပြီး ပုံစံတူသော်လည်း အရောင်ကွဲသောခေါင်းအုံးများကို ပိုက်ထားခဲ့သည်။ သူတို့နှစ်ယောက်၏ပုံမှာ ညီအစ်ကိုကောင်းများနှင့်တူနေခဲ့ပြီး အသက်အရွယ်ကိုသာ မသိနေပါက စိတ်အားထက်သန်သောတက္ကသိုလ်ကျောင်းသားများဟုပင် မှတ်ယူနိုင်ပေလိမ့်မည်။

ပုံအလယ်ရှိပုံရိပ်နှစ်ဦးမှ သူတို့၏နောက်မှ အဖြူအမည်းမြင်ကွင်းနှင့် လိုက်ဖက်ညီစွာ ပူးပေါင်းနေခဲ့ပြီး သာယာသောပုံစံရှိနေခဲ့သည်။ ကျန်းရွှိ ကျေနပ်စွာ ခေါင်းငြိမ့်နေပြီးနောက် ရုတ်တရက်ဆိုသလိုရှန့်ဖန်းယွိမှာ ကင်မရာကိုကြည့်မနေကြောင်း သတိပြုမိသွားခဲ့သည်။

သူပုံကိုအနည်းငယ်ချဲ့ကြည့်လိုက်ချိန်တွင် ရှန့်ဖန်းယွိမှာ သူ၏ခေါင်းထိပ်တွင်ရှိနေကာ အမြင်မှားနေသည်လားမသိ ရှန့်ဖန်းယွိ၏အကြည့်ထဲတွင် ချစ်မြတ်နိုးမှုများ ပါဝင်နေခဲ့လေသည်။

" ဘာလို့ဒီလောက်ကြာနေတာလဲ…" သူ၏ဘေးမှအသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။ ရှန့်ဖန်းယွိမှာ သူ၏အနောက်ဘက်တွက် ရပ်နေသည့်အတွက် အသက်ရှုလိုက်တိုင်း လေနွေးနွေးမှာ သူ၏လည်ပင်းပေါ်သို့ လာရောက်ထိခတ်နေသည်။ အချို့သောအကြောင်းပြချက်ကြောင့် ကျန်းရွှိ အပြစ်ရှိသလိုခံစားလိုက်ရကာ ကင်မရာကို အမြန်ချလိုက်ပြီး ညာပြောလိုက်သည်။ " ဘာမှမဟုတ်ဘူး အဆင်ပြေပါတယ်…"

ထိုအချိန်၌ ရှန့်ဖန်းယွိမှာ သူ့ထက်ပို၍ အပြစ်ရှိသလို ခံစားနေခဲ့ရသည်။ ဓာတ်ပုံရိုက်စဉ် သူ၏အာရုံလွင့်မှုကြောင့် ကျန်းရွှိစိတ်ဆိုးမည်ကို ကြောက်နေသဖြင့် အင်းဟုအသံပြုကာနေရာမှ အလျင်အမြန်ထွက်ပြေးသွားခဲ့သည်။

ရှန့်ဖန်းယွိ ထွက်ပြေးသွားသည်ကို သိနေသောကြောင့် ကျန်းရွှိ ဓာတ်ပုံကိုပြန်ဖွင့်ကာ အချိန်အတော်ကြာ ကြည့်နေလိုက်သည်။

ဤတစ်ကြိမ်ပြန်ကြည့်လိုက်ချိန်တွင်မူ သူ၏စိတ်ထဲမှဖျတ်ခနဲပေါ်လာသောအတွေးများကိုမသိစိတ်မှငြင်းပယ်နေခြင်းကြောင့် ဖြစ်ပေမည်။ ရှန့်ဖန်းယွိ၏မျက်လုံးများမှာ ထိုမျှချစ်မြတ်နိုးနေသည့်ပုံပေါ်မနေခဲ့ပေ။

သူသက်ပြင်းအနည်းငယ်ချလိုက်ပြီးနောက် ဓာတ်ပုံကိုဖုန်းထဲလွှဲကာ အက်ပ်ပလီကေးရှင်းဖြင့် အရောင်အနည်းငယ်ပြင်လိုက်ပြီးနောက် ရှန့်ဖန်းယွိထံသို့လည်း ကော်ပီတစ်ခုပို့ပေးလိုက်သည်။

ရှန့်ဖန်းယွိမှာမူ မီးဖိုချောင်သို့သွားကာ အနေတော်ဖြစ်နေသည့်အပူချိန်နှင့် ပျားရည်နို့တစ်ခွက်သွားယူကာ ကျန်းရွှိကို လှမ်းပေးလိုက်သည်။ ကျန်းရွှိ ခွက်ကိုယူလိုက်သည်ကို ကြည့်နေရင်းမှ အချက်ပေးသံပေါ်လာသည့်ဖုန်းကြောင့် လှည့်ကြည့်ကာ " စာပို့ထားတာလား…" ဟုမေးလိုက်သည်။ ထို့နောက် ကြောင်အမ်းအမ်းဖြင့် ဖုန်းကိုဖွင့်ကြည့်လိုက်ရာ သူတို့ယခုပင်ရိုက်ခဲ့သောပုံကို မြင်လိုက်ရလေသည်။

" ကျန်းရွှိကအရမ်းမိုက်တာပဲ…" ရှန့်ဖန်းယွိ ကြည့်ကာ သက်ပြင်းချလိုက်မိသည် " မင်းရဲ့ဓာတ်ပုံကနေရာအနေအထားနဲ့အရမ်းအားပြင်းတဲ့လိုက်ဖက်မှုမျိုးရှိတယ်…"

အစပိုင်းတွင် ကျန်းရွှိမှ ရုတ်တရက်ဓာတ်ပုံရိုက်ရန်ပြောလာသည်အား ရှန့်ဖန်းယွိ ကျန်းရွှိစိတ်ကူးပေါက်၍ထလုပ်သည်ဟုသာ တွေးထားမိခဲ့သည်။ သို့သော်လည်း သူမထင်ထားမိသည့်အရာမှာ ကျန်းရွှိမှာ အမှန်တကယ်ပင် အလေးအနက်ထားလုပ်ဆောင်ခဲ့ပြီး ဓာတ်ပုံအကြောင်းအနည်းငယ်ကိုပင် သိနေသေးသည်။

နှစ်အတော်ကြာအထိ ကျန်းရွှိဓာတ်ပုံရိုက်သည်ကို မမြင်ဖူးခဲ့ပေရာ ထိုအချိန်က သူများစွာ‌မမျှော်မှန်းထားခဲ့ချေ။ ဓာတ်ပုံကို မြင်လိုက်ရသည့်အခါမှသာ သူချက်ချင်းဆိုသလို အံ့ဩသွားခဲ့ရသည်။

သူဓာတ်ပုံပညာအကြောင်း တစ်လုံးတပါဒမျှမသိသည့်တိုင် လူတိုင်းမှာ အလှတရားကိုခံစားတတ်သေးသည်။

ဓာတ်ပုံထဲတွင် အမျိုးသားနှစ်ဦးမှာ ပြတင်းပေါက်ဘေးတွင် ဘေးချင်းကပ်ထိုင်နေကြကာ အလင်းဖျော့ဖျော့မှ သူတို့၏သွင်ပြင်ကိုထောက်ပံ့ပေးနေပြီး တမင်တကာလုပ်ယူထားခြင်း သို့မဟုတ် ထူးဆန်းနေခြင်းမရှိဘဲ သဘာဝကျသောလေထုကို ထုတ်ဖော်ပေးနေသည်။ အိမ်နီးချင်းသူငယ်ချင်းနှစ်ယောက်မှာ အတူဆော့ကစားနေရာမှ နားချိန်တွင် မတော်တဆရိုက်ခဲ့သောအခိုက်အတန့်တစ်ခုနှယ်ဖြစ်နေခဲ့သည်။

ကင်မရာသို့ကြည့်နေရမည့်အစား ကျန်းရွှိထံရောက်နေသော ရှန့်ဖန်းယွိ၏အကြည့်မှလည်း သိသိသာသာပင် လိုက်ဖက်ညီနေကာ ဓာတ်ပုံထဲတွင်ဇာတ်လမ်းအနည်းငယ်ပေါင်းထည့်ထားပုံပေါ်နေသည်။

ရှန့်ဖန်းယွိ ဓာတ်ပုံကို အချိန်အတော်ကြာကြည့်နေမိကာ ခဏအကြာတွင် သူနှင့်ကျန်းရွှိတို့၏စကားပြောခန်းနောက်ခံအဖြစ်ထားလိုက်သည်။ အဆုံးတွင်မှ ခေါင်းမော့လိုက်ချိန်တွင် ကျန်းရွှိသူ့ကိုကြည့်နေသည်အား မြင်လိုက်ရလေသည်။

" ဘာဖြစ်လို့လဲ…ဘာလို့ငါ့ကိုဒီလိုကြည့်နေတာလဲ.."

" ဒီပုံကမင်းအတွက်ပဲ.." ကျန်းရွှိ ခေတ္တရပ်တန့်သွားပြီးမှ " တကယ်လို့သာ… ငါသေသွားရင် အမှတ်တရပုံအဖြစ်သုံးလိုက်လို့ရတယ်… မလုပ်ချင်ရင်လည်း ဒီတိုင်းမေ့လိုက်ချည်…"

လူအိုကြီးများမှာ အလွန်အယူသီးတတ်ကြကာ သေခြင်းရှင်ခြင်းအကြောင်း အလွယ်တကူမပြောကြသော်လည်း ငယ်ရွယ်သူများမှာမူ ကြောက်ရွံ့နေခြင်းမရှိချေ။ အထူးသဖြင့် ဆေးပညာသင်ယူနေသည့်လူငယ်များမှာ သေဆုံးခြင်းအကြောင်းပြောရာတွင် ခက်ခဲခြင်းမရှိပေ။

မည်သို့ပင်ဆိုစေကာမူ ကျန်းရွှိအဖို့ ဤသို့သောစကားမျိုးကိုပြောရန် အနည်းငယ်ခက်ခဲနေခဲ့သည်။

သူသေမှာကြောက်သည်လား …

အနည်းငယ်ပေါ့…

ဒေါက်တာခန်း၏လူနာမှလွဲ၍သူနှင့်အဖြစ်တူသည့်ကျန်လူနာများမှာ ရလဒ်ကောင်းရခြင်း မရှိခဲ့ပေ။ ထိုခွဲစိတ်ဆရာဝန်များ၏ကျွမ်းကျင်မှုများမှာလည်း ဒေါက်တာခန်းထက်များစွာလျော့ကျခြင်းမရှိချေ။ လူများတွင် မတူညီသောခန္ဓာကိုယ်ဖွဲ့စည်းပုံများရှိကြပေရာ ဆရာဝန်တစ်ဦးမှ ခွဲစိတ်လျှင်ပင် မတူညီသောအဖြေမျိုးထွက်နိုင်သေးသည်။ ဥပမာအားဖြင့် လူနှစ်ဦးကို တပြိုင်နက်တည်းခွဲစိတ်လျှင်ပင် တစ်ဦးမှာရှင်ပြီး တစ်ဦးမှာသေဆုံးနိုင်‌ခြေရှိသည်။

ဆရာဝန်များမှာ အကောင်းဆုံးကြိုးစားရန်တစ်ခုသာရှိပြီး ကျန်သည်မှာ ကံစီမံရာအရဖြစ်သည်။

ကိစ္စများမှာ ထိုအခြေအနေသို့ရောက်ရှိလာပြီဖြစ်ရာ ကျန်းရွှိထံတွင် ရွေးချယ်ရန်မရှိ ရင်ဆိုင်တွေ့ရပေတော့မည်။

ကျန်းရွှိ သူ့အတွက်ကြောင့်လေထုကို အလွန်လေးလံမသွားစေချင်သည့်အတွက် သက်ပြင်းတစ်ချက်ချ၍ သူ့ကိုယ်သူ့ သက်သာအောင်လုပ်ချင်သည့်အတွက် ပြောလိုက်သည် " စိတ်မပူပါနဲ့ ခွဲစိတ်မှုက အန္တရာယ်တော်တော်များတော့ တစ်ခုခုဖြစ်ခဲ့ရင်တောင် ငါအပြစ်မတင်…"

" ကျန်းရွှိ…" ရှန့်ဖန်းယွိမှ ရုတ်တရက်ပွေ့ဖက်လာသည့်အတွက် ကျန်းရွှိရှော့ရသွားပြီး စကားပင်ဆုံးအောင်မပြောလိုက်ရချေ။

" မင်းဘာလုပ်နေတာလဲ…" ကျန်းရွှိ၏ဘဝမှာ အလွန်ပင်တဲ့တိုးဆန်လှသည်။ သူ၏မိဘများမှာ တစ်ဦးကိုတစ်ဦးအလွန်ချစ်ခင်ကြသော်လည်း ပွေ့ဖက်ခဲလှသောကြောင့် သူရှန့်ဖန်းယွိ၏ပွတ်သီးပွတ်သပ်လုပ်နေခြင်းကို မကြိုက်ခဲ့ပေ။

သူရုန်းကန်နေ‌သော်လည်း ရှန့်ဖန်းယွိမှာ သူ့ကိုဖက်ထားမည်ဟုစိတ်ဆုံးဖြတ်ထားကာ သွားခွင့်မပေးခဲ့ချေ။

ကျန်းရွှိ ရုန်းနေခြင်းကိုလက်လျော့လိုက်ရကာ ပေးဖက်လိုက်ရသည်။ သို့သော်လည်း ခဏအကြာတွင် သူမျှော်လင့်မထားသည့် ရှန့်ဖန်းယွိမှ သူ၏နားထဲသို့တီးတိုးပြောလာသံကို ကြားလိုက်ရသည် " တကယ်လို့သာ မင်းသေသွားမယ်ဆို ငါဘယ်တော့မှ ခွဲစိတ်မှုမလုပ်တော့ဘူး…"

" မင်းကတကယ့်ရှန့်ဖန်းယွိလား…ဘာလို့ဒီလောက်စိတ်မခိုင်ရတာလဲ…"

ဆရာဝန်အလုပ်တွင် လူတိုင်းလိုလို လူနာကိုဆုံးရှုံးဖူးကြသည်။ အထူးသဖြင့် ခွဲစိတ်အထူးကုဖြစ်သောသားဖွားမီးယပ်ဌာနတွင် ခွဲစိတ်ကုတင်ပေါ်မှသေဆုံးခြင်းမှ မရေတွက်နိုင်အောင်ဖြစ်ပျက်နေသောအရာပင်ဖြစ်သည်။

ရှန့်ဖန်းယွိ ပြန်မဖြေခဲ့ပေ။ သူကျန်းရွှိကို မလွတ်ပေးခင်အထိ အချိန်အတန်ကြာ ဖက်ထားမိခဲ့သည်။

ရှန့်ဖန်းယွိ ဤအကြောင်းကို ဆက်မပြောချင်‌ဘူးဟုထင်ခဲ့မိသော်လည်း မမျှော်လင့်ပါဘဲ ရှန့်ဖန်းယွိမှာ ကုန်သွားပြီဖြစ်သောနို့ခွက်ကိုကိုင်ကာ စာကြည့်ခန်းမှထွက်မသွားခင် အနောက်သို့လှည့်၍ " အင်း ငါကအဲဒီလောက်ကို စိတ်မခိုင်တာ…"

ကျန်းရွှိကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်မိသည် " မင်းကသုံးနှစ်သားလား …"

ရှန့်ဖန်းယွိ ပြန်မဖြေခဲ့သော်လည်း ပြောလာခဲ့သည်။ " တွေးမနေနဲ့ စာသားပဲသေချာကျက်ချည် မနက်ဖြန်ကြရင် အရှက်မကွဲစေနဲ့.." ထို့နောက် သူစာကြည့်ခန်းထဲမှ နောက်သို့ပြန်လှည့်မကြည့်ဘဲ ထွက်သွားခဲ့သည်။

ကျန်းရွှိ သူ၏နောက်ကျောကိုကြည့်ကာ သုံးချောင်းထောက်နှင့်ကင်မရာကိုဖယ်လိုက်ပြီး အနည်းငယ်ကူကယ်ရာမဲ့ဟန်ဖြင့် ဗီဒိုထဲ ပြန်သိမ်းလိုက်သည်။

တံခါးမပိတ်သွားခင်အချိန်တွင် သူ၏လက်များရပ်တန့်သွားခဲ့သည်။ ကျန်းရွှိခဏမျှစဉ်းစားလိုက်ပြီးနောက် ကင်မရာကိုပြန်ထုတ်ကာ ဆိုဖာဘေးမှ စားပွဲ‌ခုံအသေးပေါ်တင်လိုက်သည်။

အနာဂတ်မှာ အချိန်ရတိုင်း သူပုံများများရိုက်ထားတာ ကောင်းမယ်။

အေမြို့တော်၏ဆောင်းဦးရာသီမှာ အချိန်ကြာရှည်သည်နှင့်အမျှ လပြည့်နှင့်အတူ အချိန်ကြာမြင့်စွာစောင့်ဆိုင်းခဲ့ရသော ဆောင်းဦးရာသီပွဲတော်လည်းရောက်ရှိလာခဲ့သည်။

ပွဲတော်အငွေ့အသက်များကို ကျီဟွားဆေးရုံတွင် မသက်ရောက်နိုင်စေရန် ဆေးရုံဂိတ်တံခါးများမှ တားဆီးထားသကဲ့သို့ ဖြစ်နေခဲ့သည်။ လူနာအရေအတွက်မှာမူ ပို၍ပင်တိုးလာကာ ဆေးရုံဝန်ထမ်းများမှာ အလျင်စလိုလှုပ်ရှားနေကြရသည်။

ယခုပင် ခွဲခန်းတွင်းမှထွက်လာခဲ့သောကျန်းရွှိမှာ အဝတ်လဲခန်းတွင် အင်္ကျီလဲနေသောရှန့်ဖန်းယွိနှင့် တိုက်မိသွားခဲ့သည်။

" မြန်မြန်လုပ်…" ရှန့်ဖန်းယွိ အချိန်ကိုကြည့်ကာ လောဆော်လိုက်သည်။ " ငါလီရှန့်ကို ခန်းမထဲမှာ စောင့်ကြည့်ခိုင်းထားတယ်…သူပြောတာတော့ ငါတို့ရှေ့ကတကယ့်ရှိုးပွဲကမှန်းထားတာထက် ပိုတိုလိမ့်မယ်တဲ့…ငါတို့မြန်မြန်လုပ်မှရမယ်…"

" ဘာလို့သူတို့က စောစောပြီးသွားတာလဲ.." ကျန်းရွှိအချိန်ကို တွက်ချက်ထားပြီးဖြစ်ကာ ခွဲစိတ်ပြီးချိန်မှာ အစီအစဉ်ချထားသောအချိန်ထက် တစ်နာရီစောနေသင့်သည်။

" မင်းကလူတိုင်းကို မင်းလိုသတ်မှတ်ထားတဲ့အချိန်မှာမှ ဖျော်ဖြေမယ်လို့ တိတိကျကျလုပ်ထားတယ်များထင်နေလား…"

အုပ်ချုပ်ရေးဌာနမှ ပြပွဲတစ်ခုစီကို ငါးမိနစ်အောက်မနည်းရန် သတ်မှတ်ထားသော်လည်း သိသိသာသာပင် အလုပ်အလွန်များတတ်သောဆေးရုံဝန်ထမ်းများနှင့်သူနာပြုများမှာ ထိုစည်းမျဉ်းကိုလိုက်နာမည်မဟုတ်ချေ။ သူတို့အလျင်စလိုမထွက်သွားကြရခင် ဖျော်ဖြေမှုများကို အဖြစ်မျှသာ လုပ်နိုင်ခဲ့ကြသည်။

" ငါအဝတ်လဲလိုက်ဦးမယ်…" ကျန်းရွှိသူ၏ပုံမှန်အဝတ်အစားများကို လော့ကာထဲမှထုတ်ကာ ဧည့်ခန်းသို့သွားလဲမည်အပြုတွင် ရှန့်ဖန်းယွိ ပြောသည်ကို ကြားလိုက်ရသည် " ဒီမှာလဲလိုက်လေ တခြားလူရှိတာလည်းမဟုတ်ဘဲနဲ့ကို…"

အခြားသူရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အမျိုးသားနှင့်အမျိုးသမီးအဝတ်လဲခန်းများမှာ ခွဲခြားထားသင့်သည်သာဖြစ်သည်။

ကျန်းရွှိ၏လက်မှာ ရပ်တန့်သွားပြီး " မင်းကလူလား…"

"..." ရှန့်ဖန်းယွိ သစ္စာရှိရှိပြန်လှည့်သွားခဲ့သည်။ အချိန်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူ၏အနောက်မှ ဆူညံသံအနည်းငယ်ထွက်ပေါ်လာကာ ရှန့်ဖန်းယွီ၏နှလုံးသားထဲတွင် အနည်းငယ်အပြစ်ရှိသလိုခံစားလိုက်ရသည်။

သူထိုအကြောင်းကို အစပိုင်းတွင် မစဉ်းစားခဲ့မိချေ။ သို့သော်လည်း ကျန်းရွှိ၏အပြုအမူမှာ သူ၏စိတ်ထဲတွင် အနည်းငယ်ခြောက်ခြားသွားစေပြီး သူမမြင်နိုင် မထိတွေ့နိုင်သော မဖော်ပြနိုင်သည့်အတွေးများမှာ လေထဲတွင် တွဲလောင်းဆွဲနေသည့်နှယ်ဖြစ်နေသည်။

ကံကောင်းစွာဖြင့် သူ၏ရှင်းပြရန်ခက်ခဲသောအတွေးများမှ ပို၍မဆိုးလာခင် ကျန်းရွှိမှ သူ၏ပုခုံးကိုပုတ်ကာ ပြောလာခဲ့သည် " သွားမယ်…"

သူတို့နှစ်ဦး၏အဝတ်လဲခန်းမှ ခန်းမသို့သွားရာလမ်းတွင် လမ်းလျှောက်နှုန်းမှာ အလွန်လျင်မြင်လှပေရာ ကုတ်အင်္ကျီများပင် လေတွင် လွင့်ပျံနေခဲ့သည်။ ကျန်းရွှိပြေးသွားချင်မိသော်လည်း ရှန့်ဖန်းယွိမှာ တားဆီးလိုက်ကာ မကြာခဏပြေးရန် မသင့်‌လျော်တော့ကြောင်း ပြောလာခဲ့သည်။