အပိုင်း ၅၁
Viewers 11k

🧑‍⚕️Chapter 51


ကိုယ်ဝန်ရင့်လာသည်နှင့်အမျှ အစောပိုင်းကိုယ်ဝန်ဆောင်ချိန်ပြသနာများမှာ စတင်လျော့နည်းပျောက်ကွယ်လာပြီး အလုံးစုံသော အာဟာရဖြည့်စွက်စာများ၊ ဗီတာမင်များနှင့် ကယ်လ်စီယမ်ဆေးပြားများကြောင့် ကိုယ်ဝန်ဆောင်ချိန် ဘေးထွက်ဆိုးကျိုးများမှာ စတင်ရှားပါးလာခဲ့သည်။

သို့သော်လည်း လက်ရှိကာလမှာ ကိုယ်‌ဝန်ဆောင်ချိန်၏အငြိမ်းချမ်းဆုံးကာလတစ်ခုဖြစ်ကာ မသက်မသာဖြစ်မှုများမှာ နှစ်လအကြာတွင် ပြန်လည်ဖြစ်ပွားမည်ကို ကျန်းရွှိသိနေခဲ့သည်။

သူအလုပ်ရှုပ်နေသည့်အချိန်များတွင် ကျန်းရွှိ ကလေး၏တည်ရှိမှုကိုပင် လုံးလုံးမေ့ပျောက်သွားခဲ့ကာ သူဘဝ၏အသေးစိတ်အကြောင်းအရာအချို့ကို လျစ်လျူရှူထားမိသည်။ မမျှော်လင့်ပါဘဲနှင့် ကိုယ်ဝန်ဆောင်မထားရသောရှန့်ဖန်းယွိမှာမူ ထိုအရာများအားလုံးကို မှတ်မိနေပေးသည်။

သူတို့စင်နောက်သို့ရောက်ချိန်တွင် လီရှန့်မှ သူတို့နှစ်ဦးကို ကပျာကယာနှုတ်ဆက်လာခဲ့သည်

" အစ်ကိုရှန့် ဒေါက်တာကျန်း နောက်‌ဆုံးတော့ မင်းတို့ရောက်လာကြပြီ…"

လီရှန့်မှာ အိုးပူပေါ်မှ ပုရွက်ဆိတ်ကကောင်းကင်မှကျလာသည့်ကယ်တင်ရှင်ကိုမြင်လိုက်ရသလို ဖြစ်နေခဲ့ကာ အသက်ပင်မရှုဝင့်ဘဲ တစ်ဆက်တည်းပြောလိုက်လေသည်။ " မင်းတို့က ဒီတစ်သုတ်ပြီးရင် တက်ရမှာ… ဒါရိုက်တာချွေ့တောင် စင်နောက်လာပြီး အစ်ကိုတို့ရောက်ပြီလား လာမေးသေးတယ်… ကျွန်တော်ကမရောက်ဘူးပြောလိုက်တော့ သူပြောသွားတာက အစ်ကိုတို့သာအချိန်မီမရောက်လာခဲ့ရင် ကျွန်တော်ပဲစင်ပေါ်တက်ပြီး အချိန်ဆွဲပေးရမယ်တဲ့ ဒါပေမယ့်လည်း ကျွန်တော်ကဘာလုပ်တတ်မှာမလို့လဲ.."

ကျန်းရွှိနှင့် ရှန့်ဖန်းယွိတို့ အချင်းချင်းကြည့်ကာ တစ်ချိန်တည်းမှာပင် လီရှန့်ကိုအတူတူကြည့်လိုက်ကြပြီး ပြိုင်တူပြောလိုက်သည်။

" အစောကြီးရောက်လာမိလို့ တောင်းပန်ပါတယ်…"

လီရှန့် : "...."

လီရှန့်မှာ ရဲဘော်ဖြစ်သူ၏ လျစ်လျူရှုမှုနှင့် သစ္စာဖောက်မှုကို ကြည့်ကာ ဝမ်းနည်းစွာဖြင့် ခေါင်းသာယမ်းလိုက်မိသည်။ လာမည့်ဖျော်ဖြေမှုကို ကြေငြာပြီးသော တင်ဆက်သူမှာမူ စင်ပေါ်မှဆင်းလာချိန်တွင် သုံးဦးသားကို မြင်လိုက်ရသောကြောင့် " ဘာလို့မင်းတို့ဒီမှာစကားပြောနေသေးတာလဲ.."

ကျန်းရွှိ မတုန့်ပြန်နိုင်ခင်မှာပင် မိုက်ခရိုဖုန်းတစ်ခုမှာ အသက်ဝင်လာသည့်သဖွယ် သူ၏လက်ထဲသို့ ခုန်ဝင်လာကာ အသံချဲ့စက်မှ မြွေဖြူရှင်မဒဏ္ဍာရီကား၏ဇာတ်ဝင်တေးဖြစ်သော အချစ်ကိုဖြတ်ကျော်ခြင်း တေးသွားမှာ ပြန့်လွင့်လာခဲ့သည်။

လိုက်ကာစများကို တင်လိုက်ချိန်တွင် စင်မှာအလွန်ထိန်လင်းလာသောကြောင့် ကျန်းရွှိမိန်းမောနေမိကာ သူ၏နှလုံးခုန်သံမှာ ရုတ်တရက်ဆိုသလို အနည်းငယ်မြန်လာခဲ့သည်။

သူ၏နောက်ဆုံးအကြိမ်စင်ပေါ်တွင်ဖျော်ဖြေခဲ့ခြင်းမှာ ငါးနှစ်သားအရွယ်ကဖြစ်ပြီး အနီရောင်ကလေးအောက်ခံကိုဝတ်ဆင်ကာ ပါးနှစ်ဖက်တွင် အနီရောင်ပါးနီများလိမ်းခြယ်ကာ လှည်းဘီးတစ်လုံးပြီးတစ်လုံးလှိမ့်ရသောအကကို မူကြိုကျောင်းယဉ်ကျေးမှုကပွဲတွင် ဖျော်ဖြေခဲ့ခြင်းဖြစ်သည်။

ကျန်းရွှိ ယခင်ကအကလုံးဝမသင်ဖူးခဲ့သော်လည်း သူ၏မူကြိုဆရာမမှာ သူ့ကိုအလွန်ကြည့်ကောင်းသည်ဟုမှတ်ယူထားပြီး စမ်းကြည့်ခိုင်းသောကြောင့်ပင်ဖြစ်သည်။ မမျှော်လင့်စွာဖြင့် ကျန်းရွှိမှာ အလွန်ပါရမီပါလှပြီး ဘီးလှည့်အကကို နှစ်ရက်ဖြင့်သင်ယူနိုင်ခဲ့လေရာ ဆရာမမှာ ချက်ချင်းပင် သူ့ကိုကပွဲထဲ ပစ်ထည့်လိုက်လေသည်။

ထိုအဖြစ်အပျက်မှာ ကျန်းရွှိ၏မှတ်ဉာဏ်ထဲတွင် များစွာမကျန်ခဲ့သော်လည်း အခြားသောမိဘများကဲ့သို့ပင် သူတို့၏ကလေးကို ထုတ်ကြွားရသည်အား နှစ်သက်သော ကျန်းစုံတွဲမှ ကလေးဘဝတွင် သူတို့သားမှာ မည်မျှထူးချွန်ကြောင်းကို လူတိုင်းကိုပြောပြခဲ့ကြသည်။ ထို့ပြင်သာမက သူတို့၏မိုဘိုင်းဖုန်းများထဲတွင်ပင် ထိုကပွဲဗီဒီယိုကို ထည့်ထားကာ ရောက်သည့်နေရာမှာ သူငယ်ချင်းများနှင့်ဆွေမျိုးများကို ထုတ်ကြွားနိုင်ရန် ပြင်ဆင်ထားခဲ့သည်။

သူ၏ကလေးဘဝအောင်မြင်မှုအကြောင်းမှာ ဆွေမျိုးအသိုင်းအဝိုင်းတွင်ပြန့်နှံ့နေပြီးဖြစ်ကြောင်းကို ကျန်းရွှိအသက့်တစ်ဆယ့်ငါးနှစ်မှ သူ၏ဝမ်းကွဲကတစ်ဆင့်သိခဲ့ရကာ အထက်တန်းကျောင်းဒုတိယနှစ်သို့ရောက်ရှိနေပြီဖြစ်သည့်ကျန်းရွှိကို အရှက်ရမှုကြောင့် တစ်ညလုံးအိပ်မပျော်နိုင်ဖြစ်စေခဲ့သည်။ ခြောက်နှစ်အရွယ်သူ၏ဝမ်းကွဲမှ ကလေးအောက်ခံကိုယူကာ နီကျားကဲ့သို့ ဝတ်ပြပေးရန် ပြောလာချိန်၌ ကျန်းရွှိ လောကကြီးကိုနှုတ်ဆက်လိုက်ရပြီဟုပင် ခံစားခဲ့ရလေသည်။

ထိုအကြောင်းကြောင့် ကျန်းရွှိမှာ စင်မြင့်နှင့်ပတ်သက်လာပါက အလွန်အထိမခံဖြစ်နေကာ သူစိတ်အားထက်သန်စွာဖြင့် ရှန့်ဖန်းယွိနှင့်အတူဖျော်ဖြေမည်ဟု ကတိပေးခဲ့မိသည့်ညတွင် အိပ်ပင်မပျော်ခဲ့ချေ။

ဤသည်မှာ သူ၏ပထမဆုံးအကြိမ်အဖြစ် ကျီဟွား၏ဆောင်းလလယ်ပွဲတော်ကို တက်ရောက်ခြင်းဖြစ်ပြီး အရှိန်ပြင်းပြင်းနှင့်သွားနေသောပွဲအစီအစဉ်များမှ ကျန်းရွှိစင်ပေါ်သို့ ပစ်ဝင်မသွားခင် စိတ်ပြင်ဆင်ချိန်အနည်းငယ်ရရန်လုပ်ဆောင်ပေးနေခဲ့သည်။ ကလေးဘဝမှ စိတ်ပိုင်းဆိုင်ရာအရိပ်မည်းများကြောင့်ကျန်းရွှိမသိစိတ်ကပင် စင်ပေါ်မှပြန်ဆင်းချင်မိသော်လည်း အလင်းရောင်များမှာ သူ့ပေါ်သို့ကျရောက်လာခဲ့သည်။

ရှောင်တိမ်းရန်လမ်းမရှိတော့သည်ကိုမြင်ရချိန်တွင် ကျန်းရွှိ သူနှင့်အတူစင်ပေါ်တွင်ရှိနေသောရှန့်ဖန်းယွိကိုကြည့်ကာ အချိန်တစ်ခုထိ တောင့်ခဲနေမိသည်။

သူ၏မျက်လုံးများမှ ရှန့်ဖန်းယွိကို ရှာမတွေ့သွားခင်မှာပင် သင့်တော်သောနွေးထွေးမှုနှင့် အားပါသောလက်တစ်ဖက်မှ သူ၏ခါးကိုဆုပ်ကိုင်လာခဲ့သည်။

လိုက်ပါလာသည့် ပရိသတ်၏ လက်ခုပ်သံများနှင့်အတူ ရှန့်ဖန်းယွိ သူ့ကို စင်လယ်စီသို့ ခေါ်လာပေးခဲ့ကာ မိုက်ကိုကိုင်၍ သံစဉ်နှင့်အတူ သီချင်း၏ပထမဆုံးစာသားအနည်းငယ်ကို သီဆိုလာသည်။

ဆိုနေစဉ်မှာပင် ရှန့်ဖန်းယွိမှ သူ့ကိုအားပေးသည့်အပြုံးဖြင့် ဆက်တိုက်ကြည့်နေပေးခဲ့ကာ နူးညံ့သော " အာ ဟာ ဟာ ဟာ " ဟူသည့်စာသား‌ဆုံးသွားချိန်တွင် ကျန်းရွှိအဆုံး၌ တည်ငြိမ်သွားခဲ့လေပြီ။

" မတ်လ၏ အနောက်ဘက်ကန်ကြီးရဲ့ အလှ... နွေဦးမိုးဟာ အရက်နှင့်တူပြီး မိုးမခပင်များမှာ မီးခိုးများကဲ့သို့ ယိမ်းနွဲ့နေရှာတယ်…"

ရှန့်ဖန်းယွိ၏အသံမှာ မူရင်းအဆိုတော်ကဲ့သို့ ထူထဲပြီး ချစ်ခင်စဖွယ်မရှိပေ။ ၎င်းမှာ အနည်းငယ်ပို၍နူးညံ့ကာ ပျင်းတိပျင်းရွဲ့ဟန်ရှိပြီး အိမ်တွင် ကျန်းရွှိကို တမင်တကာစိတ်တိုစေရန် ဆိုသည့်အချိန်မျိုးကဲ့သို့ မဆိုခဲ့ချေ။ ယခုအလေးအနက်ဖြစ်နေသည့်အချိန်တွင် ရှန့်ဖန်းယွိမှာ အမှန်တကယ်ပင်သီချင်းဆိုအလွန်ကောင်းသည်ကို သူသိသားခဲ့သည်။ယင်းမှာ မနူးမနပ်ကာရာအိုကေဆိုသည့်အဆင့်မျိုးမဟုတ်ဘဲ အဆိုသင်ခန်းစာအချို့ယူထားဖူးသကဲ့သို့ ဖြစ်နေခဲ့သည်။

ကျန်းရွှိ သက်ပြင်းတချက်ချကာ မိုက်ကို သူ၏နှုတ်ခမ်းနားသို့ မြောက်လိုက်ပြီး ရှန့်ဖန်းယွိကိုကြည့်ကာ သီဆိုလိုက်သည်။ " မိုင်ထောင်ချီဝေးပေးမယ့် ဆုံဖို့ကံပါတယ်…"

ရှန့်ဖန်းယွိ၏နှုတ်ခမ်းထောင့်များ ကော့တက်သွားကာ ကျန်းရွှိ၏လက်ကို အသိမပေးဘဲ လှမ်းကိုင်လိုက်သည်။

" တစ်ယောက်ကို တစ်ယောက်သတိရတဲ့အချိန်တိုင်း လက်တွေကိုင်ထားနိုင်ဖို့ ခက်ခဲလွန်းပါတယ်…"

ကျန်းရွှိ ထိတ်လန့်သွားရသည်။ သူလက်ကို ဖြုတ်မချနိုင်ခင်မှာပင် ရှန့်ဖန်းယွိမှ နောက်တစ်ကြောင်းကိုဆိုရန် မျက်လုံးဖြင့် အချက်ပြလာခဲ့သည်။

ကျန်းရွှိ မသိစိတ်မှ ဆိုမိသွားခဲ့သည်။ " ဆယ်နှစ်တာကျင့်ကြံမှုက လှေအတူစီးကြဖို့ပါလေ…"

ရှန့်ဖန်းယွိ သူ၏အပိုင်းကိုသီဆိုလိုက်သည် " နှစ်တစ်ထောင်ကျင့်ကြံမှုကတော့ အတူရှိကြဖို့ပါတဲ့…"

ကျန်းရွှိ : " နှစ်ထောင်ချီကသာ ပြောင်းလဲမှုလုပ်နိုင်ခဲ့ရင်…"

ရှန့်ဖန်းယွိ : " ငါတို့နှစ်ပေါင်းထောင်ချီ အတူရှိနေကြမယ်…"

" တကယ်လို့ နှစ်တစ်ထောင်ကသာ ကံကြမ္မာဆိုရင်လေ…"

ရှန့်ဖန်းယွိ ပြုံးလျက် သူ့ကိုကြည့်၍ ဆိုလိုက်သည်။ " ဆံပင်ဖြူတွေနဲ့ နှလုံးသားတစ်ခုက ငါတို့အရင်ဖြစ်လာလိမ့်မယ်…"

သူ၏မျက်လုံးများမှာ အလင်းရောင်ထဲတွင် ထူးထူးခြားခြား တောက်ပနေခဲ့ကာ နွေးထွေးမှုအချို့ပါဝင်နေပြီး ကျန်းရွှိ၏မျက်နှာကိုသာ နူးညံ့စွာကြည့်နေသည့်အတွက် ကျန်းရွှိ၏နှလုံးမှာ ခုန်ပေါက်လာသည်။

မက်မွန်ပွင့်ပုံမျက်လုံးများမှာ အမြဲလိုပင် လူများအား ချစ်မြတ်နိုးဟန်အမြင်မှားမှုမျိုးကို ပေး‌စွမ်းနိုင်သည်။ အကယ်၍သာ မူရင်းအဆိုတော် ဆရာကျိုးကိုသာ ဖက်ထုပ်ကဲ့သို့အသံနှင့်ကြမ်းတမ်းသောလှေသမားတစ်ဦးဟုခေါ်နိုင်ပါက ရှန့်ဖန်းယွိ၏အသံမှာ နူးညံ့ကာ ကျောက်စိမ်းကဲ့သို့ ရှုရှန်းလိုအသံမျိုးဖြစ်ပြီး ကြည်လင်သောလေပြည် လေညင်းနှင့်အတူ ပေါ့ပါးသောအပြုံးတို့နှင့်ဖြင့် ရေခိုးရေငွေ့များဖုံးလွှမ်းကာ မိုးရေစက်များကျဆင်းနေသော မတ်လ၏အနောက်ဘက်ကန်မှ တံတားပျက်ထက် ပို၍ခိုင်မာသောအချစ်သစ္စာပြုစကားကို ထပ်ခါတလဲလဲသီဆိုနေသည်။

ကျန်းရွှိ မြေဖြူရှင်မဒဏ္ဍာရီဇာတ်ကားနှင့် သူ၏ဂန္တဝင်သီချင်းတို့နှင့် ပတ်သက်၍ များစွာ မမှတ်မိခဲ့ပေ။ ခေတ်များအလီလီပြောင်းလာပြီး သားသမီးတွေ ကြီးပြင်းလာသည်နဲ့အမျှ ထိုသီချင်းမှာ အဖွားများအတွက် အောက်မေ့တမ်းတဖွယ် ခေတ်ဟောင်းသီချင်းတစ်ပုဒ် ဖြစ်လာခဲ့သည်။ အများစုမှာ စာသားအချို့လိုက်ညည်းနိုင်ကြသော်လည်း ၎င်းကို လမ်းညွှန်မှုတစ်ခု သို့မဟုတ် အချစ်ကိုဝန်ခံသည့်သီချင်းဟူ၍ မှတ်ယူကြမည်မဟုတ်ချေ။

သို့သော်လည်း ယနေ့တွင် ကျန်းရွှိ ထိုသီချင်းကြောင့် စိတ်လှုပ်ရှားသွားခဲ့ရကာ ယနေ့ခေတ်သေဆုံးခြင်းမှသာခွဲနိုင်မည်ဟူသောစာသားများဖြင့် သီချင်းများထက်ပို၍ ရင်ထဲထိနိုင်သည်ဟု ခံစားလိုက်မိသည်။

သီချင်းထဲတွင် အချစ်ဟူသောစကားလုံးတစ်လုံးမျှ မပါသော်လည်း ချိုမြိန်သော တောင်ကျစမ်းရေကဲ့သို့ သူ၏ခြေလက်နှင့် အရိုးများတစ်လျှောက် နူးညံ့သိမ်မွေ့စွာ စီးဆင်းနေခဲ့သည်။

မီးရောင်အောက်တွင် ရှန့်ဖန်းယွိမှာ ရိုးရှင်းသော မီးခိုးရောင်နှင့် အဖြူရောင် လက်ရှည်အင်္ကျီကို လက်လှုပ်ရှားလိုက်တိုင်း ပေါ်လာသည့် မီးခိုးရောင်အစင်းကြောင်းဖဲပြားများပါသည့် လက်ပတ်ဖြင့် တွဲ၍ဝတ်ဆင်ထားကာ သူ့ထံသစ္စာပြုနေသကဲ့သို့ အပြုံးဖြင့် သီဆိုနေသည်။

" လား လား လား လာ… လာ လာ လာ…"

ရှန့်ဖန်းယွိလက်ကိုမြောက်ကာ သီချင်းသံစဉ်ကို တစ်ဖက်မှတစ်ဖက်သို့ ပြောင်းလဲလိုက်သည်။ ခဏအကြာတွင် ရုတ်တရက်မိုက်ကိုသူနှုတ်ခမ်းအနီးမှခွာကာ ကျန်းရွှိကို တီးတိုးပြောလာခဲ့သည်။ " ပရိသတ်ကိုကြည့်လိုက်…"

ထိုအချိန်မှသာ ကျန်းရွှိအာရုံလွင့်နေသည်မှ သတိပြန်ဝင်လာကာ ပရိသတ်ကိုကြည့်ရန် ခေါင်းကို အလျင်စလို လှည့်လိုက်မိသည်။

ဤနှစ်၏ပရိသတ်မှာ ယခင်နှစ်ကထက်စာလျှင် အမှန်တကယ်ပင် တဝက်မျှသာရှိ၍ဌာနဆိုင်ရာဝန်ထမ်းများမှာ ပွဲကိုကြော်ငြာရာတွင် အခက်အခဲရှိသောကြောင့်လားဟု ကျန်းရွှိ တွေးနေမိသည်။ ပရိသတ်များမှလိုက်ဆိုနေသည့်အသံကို ကြားလိုက်သည့်အချိန်မှပင် ကျန်းရွှိ စင်ပေါ်စတက်ချိန်မှစ၍ ပရိသတ်အားမကြည့်‌မိသေးသည်ကို ရုတ်တရက်သတိရသွားခဲ့သည်။

သူအနည်းငယ်စိတ်ရှု‌ပ်ထွေးသွားရသည်။

၎င်းမှာ သူစင်ပေါ်တွင် အလွန်စိတ်လှုပ်ရှားနေခြင်းကြောင့် သို့မဟုတ် တခြားကြောင့်ဖြစ်နိုင်မည်လား …

အမြဲလိုပင်ဆန့်ကျင်နေကြသော ဒေါက်တာရှန့်နှင့်ဒေါက်တာကျန်းတို့မှာ ကျီဟွားဆောင်းလလယ်ပွဲတော်စင်မြင့်ပေါ်တွင် အချင်းချင်းလက်ကိုတွဲကာ သာယာငြိမ့်ညောင်းသောသီချင်းကို တစ်ယောက်တစ်လှည့်စီဆိုနေခဲ့သည်။ ဥက္ကဌကောင်းမှ ကျေနပ်စွာ ခေါင်းညိတ်ကာ ဒုဥက္ကဌကိုချွေ့ကိုပြောလိုက်သည်။" ငါအမြဲတမ်းကြားထားတာ မင်းတို့ဌာနကလူငယ်လေးနှစ်ယောက်က ဆက်ဆံရေးကောင်းမရှိဘူးဆို ကြည့်ရတာတော့ အဆင်ပြေနေပုံပါပဲ…"

ဒါရိုက်တာချွေ့ကပြုံးကာ ပြန်ဖြေလိုက်သည်။
" လူငယ်တွေပဲလေ မဖြေရှင်းနိုင်သေးတဲ့ ပဋိပက္ခဆိုတာ မရှိပါဘူး…"

" ရွှမ်းရွှမ်း…" ဥက္ကဌကောင်းမှ သူ၏ဘေးတွင် ဖျော်ဖြေမှုကိုကြည့်နေသောသမီးဖြစ်သူကို ပုတ်လိုက်ကာ စင်ပေါ်မှ ဆရာဝန်နှစ်ယောက်ကို ညွှန်ပြလိုက်ပြီး " ဒါကအဖေပြောထားတဲ့ သားဖွားမီးယပ်ဌာနကအသက်အငယ်ဆုံး လက်ထောက်ဆရာဝန်ကြီးတွေပဲ…အေမြို့ရဲ့ဆေးတက္ကသိုလ်ကနေဘွဲ့ရထားပြီးတော့ ‌ကျောင်းသားဘဝထဲက အရမ်းထူးချွန်ကြတယ်… သမီးသူတို့နဲ့ အသိအကျွမ်းလုပ်ပြီး သင်ယူကြည့်ချင်လား…"

" ဒါက သားဖွားမီးယပ်ဌာနတစ်ခုတည်းမဟုတ်ပါဘူး…" ဒါရိုက်တာချွေ့ ကသူမ၏ကျောင်းသားများကိုကြွားလုံးထုတ်ရာတွင် ခွန်အားချန်ထားခြင်းမျိုးမရှိပေ " ဥက္ကဌကောင်း စဉ်းစားကြည့်ပါဦး ကျွန်မတို့ကျောင်းမှာ သူတို့နှစ်ယောက်ထက်ပိုတော်တဲ့ကျောင်းသားမျိုး ဒီဆယ်စုနှစ်အတွင်းပေါ်ခဲ့ဖူးလားလို့…"

" မင်းအန်တီချွေ့ပြောတာမှန်တယ်" ဥက္ကဌကောင်းမှ ကောင်းရွှမ်းကိုပြောလိုက်သည် " ကျီဟွားမှာ ဒီဒဏ္ဍာရီလာပုဂ္ဂိုလ်နှစ်ယောက်အကြောင်းမသိတဲ့သူဆိုတာ အတော်ရှားတယ်… သူတို့ကအသက်ငယ်ငယ်လေးနဲ့တောင် ဦးဆောင်နိုင်နေပြီနော် သမီးသူတို့စီက သင်ယူသင့်တယ်…"

သိသိသာသာပင် ဒါရိုက်တာချွေ့နှင့်ဥက္ကဌကောင်းတို့မှာ ထိုအကြောင်းကိုဆွေးနွေးပြီးပြီဖြစ်သောကြောင့် ပြိုင်တူပင်ပြောလိုက်ကြသည်။ " ဒီလိုလုပ်လေ သမီးတွေ့ကြည့်ချင်တဲ့သူရှိရင် အဖေက မျက်နှာအိုကြီးကို ရှေ့မျက်နှာနောက်ထားပြီး ထမင်းစားဖိတ်လိုက်မယ်လေ… သမီးလည်းပိုသင်ယူလို့ရတာပေ့ါ… မင်းလိုထူးချွန်တဲ့ကောင်မလေးက အိမ်မှာပဲတစ်နေကုန်မနေသင့်ဘူးနော်… မင်းဘာတွေလွတ်ကုန်ပြီလဲဆိုတာတောင် မင်းမသိသေးဘူး…"

ကောင်းရွှမ်းမှာ အမြဲလိုပင် သူမ၏ထင်မြင်ချက်ကိုသာ ဂရုစိုက်သူဖြစ်သည်။ ဥက္ကဌကောင်းမှ သူမကိုဆေးပညာသင်ယူစေသည့်အချိန်တွင် ငြင်းဆိုခဲ့ပြီး ထိုအစား လူမှုဆက်ဆံရေးပညာကိုသာ သင်ယူချင်ခဲ့သည်။

သူမကျောင်းပြီးသည့်အချိန်တွင် ဖခင်ဖြစ်သူမှ ကျီဟွားတွင် မနက်ကိုးညငါးရုံးတက်ရမည့်အလုပ်ရှာပေးခဲ့သော်လည်း ငြင်းပယ်ခဲ့ပြန်ကာ အနောက်သို့လှည့်ပင်မကြည့်ဘဲ နိုင်ငံခြားတွင် ဘွဲ့လွန်သွားတက်ခဲ့သည်။

ယခုသူမပြန်ရောက်လာချိန်တွင် ဥက္ကဌကောင်းမှာ သူမကို လက်ထပ်ရန်တစ်ယောက်ယောက်ရှာစေချင်ပြီး ကလေးယူစေချင်ခဲ့သည်။ ထို့မှသာ သူသည်လည်း ဒါရိုက်တာချွေ့ကဲ့သို့ သားသမီးမြေးမြစ်များနှင့် ပျော်ရွှင်စွာနေနိုင်မည်ဖြစ်သည်။ ကံဆိုးစွာဖြင့် ကောင်းရွှမ်းမှာ အိမ်ထောင်ရေးအကြောင်းပြောဆိုမည့်စကားဝိုင်းတွင် ဝင်ပါခြင်းမျိုးမရှိချေ။ က‌လေးယူရန်အသာထား သူမမှာ မိတ်ဖက်တွေ့ရန်ပင် ပြောဆိုချင်စိတ်မရှိခဲ့ပေ။

ကောင်းရွှမ်းပြုံးလျက် " အဖေ သင်ယူဖို့ကို အကြောင်းပြချက်အဖြစ်သုံးတာ ရပ်လိုက်ပါတော့…" သူမထိုအောင်သွယ်တော်နှစ်ဦး၏ ရည်ရွယ်ချက်ကို ကြိုမြင်ပြီးသားပင်။ " အဖေတို့ကသမီးကို အိမ်ထောင်ဖက်ရှာစေချင်နေတာပဲကို…"

သူမစင်ပေါ်မှ ငယ်ရွယ်ပြီးအရည်အချင်း‌ရှိသောဆရာဝန်နှစ်ဦးကို ကြည့်လိုက်မိသည်။ သူတို့မှာ ရုပ်ရည်ချောမောကာ စွမ်းဆောင်နိုင်ပြီး စင်ပေါ်စတက်လိုက်သည်နှင့် လူအများ၏အကြည့်ကို ဖမ်းစားနိုင်ခဲ့သည်။

မိတ်ကပ်လိမ်းခြယ်ထားခြင်း သို့မဟုတ် ပုံသွင်းထားခြင်းမျိုးမရှိချေ။ သဘာဝအတိုင်း‌ဆံပင်အနက်ရောင်နှင့် ရိုးရှင်းသောအဝတ်အစားများကိုသာ ဝတ်ဆင်ထားကြသည်။ သူတို့မှာ ချောမောပြီး တောက်ပနေခဲ့ရာ ကောင်းရွှမ်းကဲ့သို့ အချစ်ရေးတွင်စိတ်မပါသည့် အိမ်ထောင်မပြုရန်ဆုံးဖြတ်ထားသူပင် မနေနိုင်ဘဲ အနည်းငယ်စိတ်လှုပ်ရှားမိသွားသည်။

အမှန်တကယ်ပင် သူမ၏အဖေပြောသကဲ့သို့ သူတို့မှာကောင်းမွန်သည့်ရွေးချယ်မှုများဖြစ်သည်။ သူမ၏အဖေသာ ပြန်လည်ဝင်စားနိုင်ပါက ထိုသူနှစ်ဦးကို သူ၏သားအရင်းများဖြစ်စေချင်မည်ဟုပင် သူမခန့်မှန်းခဲ့သည်။

သို့သော်လည်း ကောင်းရွှမ်းမှာ လက်မထပ်ရန်ဆုံးဖြတ်ချက်ချထားပြီးပြီဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူမငယ်ရွယ်စဉ်အခါက ဖခင်ဖြစ်သူမှာ သူမနှင့်အမေအပေါ်အကြောင်းအမျိုးမျိုးပြကာ သူ၏အလုပ်များဖြင့်သာ ရှုပ်နေခဲ့သည်။ ထိုအချိန်တုန်းက ဒါရိုက်တာချွေ့မှာ ဘေးအိမ်တွင်နေထိုင်ခဲ့ပြီး သူမသည်လည်းဆရာဝန်တစ်ဦးဖြစ်ပြီး မိသားစုဝင်များအိပ်ချိန်မှပြန်ရောက်တတ်စေကာမူ သူမ၏ရှုပ်ထွေးသောအလုပ်ချိန်ဇယားများအကြား အမြဲလိုပင်အချိန်ရှာဖွေကာ မိသားစုအတွက် အချိန်ပေးခဲ့သည်။

ထိုအချိန်တုန်းက ကောင်းရွှမ်းနားလည်ခဲ့သည်အရာမှာ မိသားစုအပေါ်အချိန်ပေးခြင်းမပေးခြင်းသည် တစ်စုံတစ်ယောက်၏အလုပ်အကိုင်နှင့်မသက်ဆိုင်ပေ။ သူ၏မိသားစုအပေါ်တာဝန်ယူလိုစိတ်နှင့်သာ သက်ဆိုင်လေသည်။ သူမအဖေနှင့်အတွေ့အကြုံများကြောင့် ကောင်းရွှမ်း အိမ်ထောင်ဖက်ကိုစဉ်းစားရာတွင် အမျိုးသားဆရာဝန်များကို စာရင်းထဲမထည့်ထားခဲ့ပေ။

သူ၏ရည်ရွယ်ချက်များပေါ်သွားပြီဖြစ်သောကြောင့် ဥက္ကဌရွှမ်းမှာ ရှက်မနေတော့ဘဲ ပြုံးလျက်မေးလိုက်သည်။ " ဒါဆိုလည်း သမီးဘယ်သူ့ကိုသဘောကျလဲ…"

ကောင်းရွှမ်း ငြင်းမည်အလုပ်တွင် သူမ၏သူငယ်ချင်းမှ အင်္ကျီလက်ကို ရုတ်တရက်ဆွဲလာခဲ့သည်။ သူမ၏သူငယ်ချင်းကို ယန်ရွေ့ဟုခေါ်ပြီး နှစ်အတော်ကြာခင်မင်လာသူများဖြစ်ကြသည်။ ကောင်းရွှမ်း သူမ၏အဖေမှ ကျီဟွားဆေးရုံ၏ဆောင်းလလယ်ပွဲတော်ကိုလာရန် ပြောခဲ့အချိန်တွင် သူမ၏အချစ်ဆုံးသူငယ်ချင်းကို အတင်း‌ဆွဲချလာခြင်းဖြစ်လေသည်။

" ဘာဖြစ်လို့လဲ.." ကောင်းရွှမ်း ယန်ရွေ့ကိုခေါင်းစောင်း၍မေးလိုက်သည်။

ယန်ရွေ့ စင်ပေါ်မှဆရာဝန်များကိုကြည့်ကာ ကောင်းရွှမ်း၏နားထဲသို့ တီးတိုးပြောလိုက်သည် " ငါဘယ်ဘက်ကဆရာဝန်နဲ့တွေ့ချင်တယ်…"

ကောင်းရွှမ်းမှာ အိမ်ထောင်ပြုရန် ရည်ရွယ်ချက်မရှိသော်လည်း သူငယ်ချင်းဖြစ်သူကို အမြဲလိုပျော်ရွှင်စေချင်သူဖြစ်သည်။ အထူးသဖြင့် ယန်ရွေ့မှာ လက်ထပ်တော့မည့် အချိန်အတော်ကြာတွဲခဲ့သောချစ်သူထံမှ သစ္စာဖောက်ခံရချိန်တွင်ဖြစ်သည်။ ကောင်းရွှမ်းအစတုန်းက သတို့သမီးအရန်လုပ်ရန် စီစဉ်ထားခဲ့သော်လည်း မမျှော်လင့်စွာဖြင့် သူမသူငယ်ချင်း၏ကောင်လေးမှာ လူပွေလူရှုပ်ကောင်ဖြစ်နေခဲ့သည်။ ကောင်းရွှမ်း သူမသူငယ်ချင်းအသည်းကွဲရာမှ ထွက်လာနိုင်သည်ကို မြင်လိုက်ရသဖြင့် သဘာဝကျစွာပင် သူမထပ်မံဒိတ်နိုင်ရန်အတွက် ကူညီချင်မိသည်။

ထို့ကြောင့် ဘယ်ဘက်မှဆရာဝန်ကို လက်ညှိုးထိုးပြကာ အဖေဖြစ်သူကို မေးလိုက်သည် " သူ့နာမည်ကဘာလဲ…"

သက်လတ်ပိုင်းအရွယ်ရောက်နေပြီဖြစ်သော ဥက္ကဌကောင်းနှင့်ဒါရိုက်တာချွေ့တို့မှာ ပြောင်းလဲသွားသည့်ကောင်းရွှမ်း၏အမူအယာကြောင့် သိသိသာသာပင် ကျေနပ်သွားကြသည်။

ဥက္ကဌကောင်းမှ " သူကကျန်းရွှိတဲ့… အဲ့ကောင်လေးက စကားအများကြီးပြောတဲ့သူမဟုတ်ဘူး… ဒါပေမဲ့ရိုးသားပွင့်လင်းတဲ့လူကောင်းတစ်ယောက်ပဲ…"