အပိုင်း ၅၂
Viewers 11k

🧑‍⚕️Chapter 52



ကျန်းရွှိ၏စိတ်မှာ စင်ပေါ်မှဆင်းလာသည့်အချိန်အထိ ရှုပ်ထွေးနေဆဲပင်။ လီရှန့်သူတို့ကို လာကြိုချိန်တွင် လက်ကိုင်ထားကြသည်ကို မြင်လိုက်ရသောကြောင့် နောက်ပြောင်လိုဟန်ဖြင့် ပြောလိုက်သည်။ " အိုကေ အိုကေ စင်အောက်ပဲရောက်နေပြီ လက်မကိုင်ထားလည်းရပါတယ်…"

ကျန်းရွှိသတိပြန်ဝင်လာချိန်တွင် ရှန့်ဖန်းယွိ၏လက်ကို အမြန်ဖြုတ်ချလိုက်သည်။ သူစင်ပေါ်တွင် သတိမပြုမိခဲ့သော်လည်း ယခုအချိန်မှသာ သူ၏လက်တွင်ချွေးများရွှဲနေသည်ကို သတိထားမိလိုက်သည်။ ရှန့်ဖန်းယွိ စကားတခွန်းမျှ ‌မပြောဘဲ လီရှန့်ပေးလာသည့်ရေဘူးကိုသာယူကာ တစ်ငုံနှစ်ငုံခန့်သောက်လိုက်သည်။

ကျန်းရွှိ ရုတ်တရက်ထမေးလိုက်မိသည် " မင်းအဆိုသင်တန်းတက်ဖူးတာလား…"

" မင်းငါ့သီချင်းဆိုတာကို ချီးကျူးချင်ရင်လည်း ကွေ့ပတ်မနေနဲ့ ဒဲ့ပဲချီးကျူးလိုက်ပါကွာ…" ရှန့်ဖန်းယွိ ပြုံးလျက် ကျန်းရွှိကို ရေပေးလာသည်။ ကျန်းရွှိမှ မယူလာသည့်အတွက် သူ၏လက်ကိုများစွာစိုးရိမ်မနေဘဲ ပြန်ရုတ်လိုက်ကာ လီရှန့်ကို မဖွင့်ရသေးသည့်ရေဘူးအသစ်ယူလာရန် ပြောလိုက်သည်။

" ငါအများကြီးသိပါတယ်…" သူ ကျန်းရွှိ၏မေးခွန်းကို ပြန်ဖြေလိုက်သည်။ " နံပါတ်လေးအလယ်‌တန်းကျောင်းက အတော်ဆုံးအဆိုတော်ဆယ်ယောက်မှာ ပထမအဆင့်ကို နှစ်တိုင်းရခဲ့တာလေ…"

ကျန်းရွှိ အဖုံးကိုဖွင့်ကာ နှစ်ငုံခန့်သောက်လိုက်ပြီး " ဒါဆိုရင် တက္ကသိုလ်ကြတော့ ဘာလို့မင်းထိပ်ပိုင်းအဆိုတော်ဆယ်ယောက်စာရင်းထဲဝင်တာ မမြင်ရတာလဲ.."

" မင်းငါ့ကိုအချိန်မပေးတာကော မမေးတေ့ာဘူးလား… ငါသာထိပ်ဆုံးအဆိုတော်စာရင်းထဲရောက်အောင် ကြိုးစားနေရင် မင်းကိုစာမေးပွဲမှာပထမနေရာပေးနေရမှာပေါ့ဟ…"

ကျန်းရွှိ တခစ်ခစ်ရယ်နေသည်ကို ကြည့်ကာ ရှန့်ဖန်းယွိလည်း ရယ်ချလိုက်သည်။ " ငါတို့အထက်တန်းတုန်းက မဆုံခဲ့တာကောင်းတယ်.." သူရေဘူးကိုချကာ ကျန်းရွှိကို မေးလိုက်သည်။ " ငါတို့ဆေးရုံဝန်းထဲပြန်သွားကြမလား…"

ကျန်းရွှိခေါင်းငြိမ့်ကာ သူနှင့်အတူပြန်မည်အလုပ်တွင် ရုတ်တရက်ဖုန်းထမြည်လာသည်။ သူကြည့်လိုက်ရာ ဥက္ကဌကောင်းထံမှ စာကို မြင်လိုက်ရလေသည်။

သူတက္ကသိုလ်တက်နေစဉ်က ဥက္ကဌကောင်း၏လက်ချာအချို့ကို လိုက်တက်ဖူးသော်လည်း လက်ထောက်ပါရဂူအဖြစ်ရာထူးတက်သွားသည့်အခါမှသာ ဥက္ကဌ၏ WeChat ကို အပ်လိုက်ခြင်းဖြစ်သည်။

ဥက္ကဌမှာ သူ့ကို အချိန်အတော်ကြာအထိ မရှာခဲ့ဖူးသည်ဖြစ်ရာ အဘယ့်ကြောင့်ယနေ့မှ ရုတ်တရက်ထသတိရလာသည်ကို သူတွေးနေမိသည်။

ဥက္ကဌကောင်း : [ ကျန်းရွှိ အားရဲ့လား ငါမင်းကိုညစာဖိတ်ကျွေးချင်လို့ ]

ကျန်းရွှိ၏လက်ချောင်းမှာ ရပ်တန့်သွားသည်။ သူစာကို အနည်းငယ်အံ့ဩသွားဟန်ဖြင့် ဖတ်နေမိစဉ် ဥက္ကဌမှ သူစိတ်ရှုပ်သွားပုံကို ကြိုသိနေဟန်ဖြင့် ချက်ချင်းဆိုသလို စာတစ်စောင်ထပ်ပို့လာခဲ့သည်။

[ စိတ်မပူပါနဲ့ ငါ့သမီးနဲ့သူ့သူငယ်ချင်းပဲပါမှာ
… မင်းတို့ဂျူနီယာလေးတွေက အလုပ်ကလွဲရင် ဘာမှမလုပ်ဖြစ်ကြတော့ ခဏနားလို့ရတာပေါ့ ငါကတော့မလိုက်လာတော့ဘူးနော်…]

ရှန့်ဖန်းယွိမှ ရှုပ်ထွေးနေဟန်ဖြင့် " ဘာဖြစ်နေလို့လဲ.."

ကျန်းရွှိ ဖုန်းကို ရှန့်ဖန်းယွိထံပေးလိုက်ရာ ရှန့်ဖန်းယွိ စာကိုတစ်လုံးချင်းစီ ဖတ်ပြီးနောက် ဖုန်းပြန်ပေးလိုက်သည်။ သူကျန်းရွှိ၏မျက်နှာတစ်ဖက်ခြမ်းကို ကြည့်ကာ သူတို့ ယခုပင်ဖျော်ဖြေခဲ့သောဖျော်ဖြေမှုနှင့်အတူ ကွက်တိဝင်လာသောစာကြောင့် ရုတ်တရက်တစ်စုံတစ်ခုကို သဘောပေါက်သွားသော်လည်း ချက်ချင်းထုတ်မပြောခဲ့ချေ။

ကျန်းရွှိ ငြင်းပယ်တော့မည့်စာလုံးများကို ရေးရန် လက်ကိုမလိုက်စဉ် ရှန့်ဖန်းယွိမှ နှုတ်ခမ်းကိုကိုက်ကာ တားမြစ်လိုက်သည်။

" ဒါက ဥက္ကဌရဲ့ဖိတ်ကြားမှုလေ…မျက်နှာသာပေးရ‌မှာပေါ့ သူ့သမီးကို သွားတွေ့လိုက်ပါကွာ…"

ကျန်းရွှိ သူ့ကိုမေးလိုက်သည် " ဥက္ကဌကောင်းရဲ့သမီးက နေမကောင်းဖြစ်နေတာလား…"

ရှန့်ဖန်းယွိခေါင်းယမ်းလိုက်သည်။

" သူကနေမကောင်းမဖြစ်ဘူးဆို ငါဘာလို့သွားတွေ့ရမှာလဲ…" ကျန်းရွှိ သူ့ကိုနားမလည်နိုင်သောအကြည့်တစ်ချက်ပေးကာ ပြောလိုက်သည်။

" ငါကရောဂါဘယ်လိုကုရမလဲဆိုတာပဲသိတာလေ…"

ရှန့်ဖန်းယွိမှ သက်ပြင်းချကာ " ဘလိုင်းဒိတ်ဖြစ်လိမ့်မယ်ထင်တယ်…"

ကျန်းရွှိမှ ဆတ်ခနဲမျက်လုံးကိုပင့်၍ ကြည့်လာသည်။

" ဒါရိုက်တာချွေ့က ငါတို့ဆရာမလေ… ဒါကြောင့် မင်းသူ့ကို ထပ်ခါတလဲလဲငြင်းလို့ရတယ်… သူကမင်းနဲ့ဆရာတပည့်ဖြစ်နေ‌တာကြောင့် စိတ်ကွက်မှာမဟုတ်ဘူး…ဒါပေမယ့် ဥက္ကဌကိုတော့ စော်ကားမိလို့မရဘူးလေ…စိတ်မြန်လက်မြန်မလုပ်လိုက်ပါနဲ့ကွာ…"

ကျန်းရွှိ၏အသံမှာ စတင်အေးစက်လာသည်။ " မင်းကငါ့ကိုဘလိုင်းဒိတ်သွားစေချင်တာလား…"

" ငါဒီလိုဆိုလိုတာမဟုတ်ဘူးလေ… မင်းအရမ်းဒေါသမကြီးနေလို့မရဘူးလား…"

ကျန်းရွှိ ကုတ်အင်္ကျီကိုယူကာ ထွက်လာခဲ့ပြီး ရှန့်ဖန်းယွိကို ပြတ်သားသောကျောပြင်တစ်ခုဖြင့် ချန်ထားခဲ့သည်။ လိုက်ကာစကိုမလိုက်ချိန်တွင် လေများဝင်ရောက်လာသောကြောင့် အရာအားလုံးကို မြင်တွေ့လိုက်ရသောလီရှန့်ကို ကြက်သီးထ‌သွားစေသည်။

လီရှန့်မှာ သူတို့နှစ်ဦးအမြဲလိုပင် အဆင်မပြေကြကြောင်းကို သိနေခဲ့ပြီး အတူဖျော်ဖြေကြမည်ဟုပြောစဉ်က စင်ပေါ်တွင် ကား‌တိုက်မှုသဖွယ်ဖြစ်သွားမည်ဟု တွေးထားမိခဲ့သည်။ သို့သော်လည်း အံ့ဩစရာကောင်းစွာဖြင့် ဖျော်ဖြေမှုမှာ ကောင်းမွန်စွာပြီးဆုံးသွားခဲ့ပြီး ထိုသူနှစ်ဦးမှာ စင်ပေါ်မှဆင်းလာချိန်တွင် အမှန်တကယ်ပင် ရယ်ရယ်မောမောဖြင့် စကားပြောနေကြပြီး ရုံးခန်းမှာကဲ့သို့ တစ်ဦးကိုတစ်ဦးမုန်းတီးနေခြင်းမျိုး မမြင်ခဲ့ရပေ။

သူအစပိုင်းပင် ထိုသူနှစ်ဦးထသတ်မည်ကို စိုးသောကြောင့် တုန်ယင်နေခဲ့ရသော်လည်း နှစ်ယောက်သား ခင်မင်ရင်းနှီးနေကြဆဲဖြစ်သည်ကို မြင်လိုက်ရချိန်တွင် စိတ်သက်သာရာရသွားခဲ့သည်။ မမျှော်လင့်စွာဖြင့် သူတို့စကားပြောသည်ကို နှစ်မိနစ်ခန့်သာအာရုံမစိုက်မိသည့်အချိန်တွင် ထိုနှစ်ဦးမှာ ထပ်မံ၍ ‌ရန်ဖြစ်နေကြပြန်သည်။

အကြည့်တစ်ချက်နှင့်ပင် ကျန်းရွှိအလွန်ဒေါသထွက်နေသည်ကိုမြင်လိုက်ရပြီး သူထွက်သွားပြီး‌ချိန်တွင် ရှန့်ဖန်းယွိမှာ မည်သည့်အရာကို တွေးနေသည်ကိုပင် မသိရလောက်သည်အထိ ရုပ်တုတစ်ခုသဖွယ်ရပ်နေသည်ကို တွေ့လိုက်ရသည်။

" အစ်ကိုရှန့်…" လီရှန့်စကားပြောရန် တုန့်ဆိုင်းနေမိသည်။

ရှန့်ဖန်းယွိ ရုတ်တရက်အသိပြန်ဝင်လာခဲ့သည်။ ခဏအကြာတွင် သူခေါင်းကိုအသာအယာယမ်းကာ ကုတ်အင်္ကျီကိုယူ၍ ထွက်သွားခဲ့သည်။

ထပ်မံ၍သူတို့နှစ်ဦး စစ်အေးတိုက်ပွဲအတွင်း ကျရောက်သွားပြန်ပြီ။

ကောင်းရွှမ်းမှာ အလွန်ပင် လက်မြန်ခြေမြန်ရှိလှသည်။ သူမအလျင်အမြန် ကျန်းရွှိ၏ WeChat ကိုအပ်ကာ တွေ့ဆုံရန်အချိန်နှင့်နေရာကိုသတ်မှတ်လိုက်သည်။ ချိန်းဆိုထားသည့်နေ့တွင် ဒါရိုက်တာချွေ့သည်ပင် ကျန်းရွှိကိုခေါ်ကာ စေတနာဖြင့် ကောင်းရွှမ်းကိုဖေးမသင့်သည်ဟူသောရည်ရွယ်ချက်ကို ပြောလာခဲ့သည်။

ကျန်းရွှိနားမလည်မည်ကို စိုးရိမ်သောကြောင့်ဖြစ်ပေမည်၊ သူမထပ်ပြောလိုက်သည်။

" မင်းရဲ့အနာဂတ်ကကောင်းပေမယ့် သွားရမဲ့လမ်းကရှည်ပြီးတော့ အရာတိုင်းကချောမွေ့နေမှာမဟုတ်ဘူး…ဥက္ကဌကိုသာ ယောက္ခထီးအဖြစ်တော်နိုင်ရင်တော့ အရာအားလုံးက ပိုပြီးအဆင်ပြေသွားမှာပေါ့…"

ကျန်းရွှိ၏ဒေါသအရ သူငြင်းပယ်ကာ သူ၏အနာဂတ်မှာ သူ့ကိစ္စသာဖြစ်ပြီး ယောက္ခထီးဖြစ်လာမည့်သူနှင့်မဆိုင်ကြောင်းကို ပြောမည်ဖြစ်သော်လည်း ရှန့်ဖန်းယွိ၏စကားများကို ပြန်လည်အမှတ်ရသွားခြင်းကြောင့် သူ၏စကားများကို မြိုချထားလိုက်သည်။

သူအလုပ်မှပြန်မည်အလုပ်တွင် ရှန့်ဖန်းယွိထံမှ မည်သည့်အချိန်အလုပ်ဆင်းမည်ဖြစ်ကြောင်းမေးသောစာကိုရလိုက်သည်။

ထိုဗိုက်နာမှုအပြီးတွင် ရှန့်ဖန်းယွိမှအမြဲလိုအလုပ်ဆင်းသည်မှာနောက်ကျမည်လားဟုမေးတတ်ပြီး အထူးသဖြင့် ညဘက်တာဝန်ချိန်မရှိသည့်အချိန်မျိုးတွင် မည်မျှကြာမည်နည်းကို မေးလေ့ရှိသည်။ ထို့မှသာ သူနှင့်အတူပြန်နိုင်ပေမည်။ သူတို့ကားကိုယ်စီမောင်းကြသော်လည်း တစ်အိမ်တည်း‌နေသည့်အချိန်မှစကာ လမ်းပေါ်တွင်ကားပြောင်း၍ အတူသွားအတူပြန်လေ့ရှိကြသည်။

ဤမျှော်လင့်မထားသောကိုယ်ဝန်မတိုင်မီက သူတို့နှစ်ဦးမှာ အချင်းချင်းဆန့်ကျင်နေကာ အလုပ်ပိုဆင်းရန်အတွက် ပြိုင်ဆိုင်လေ့ရှိကြသည်။ မကြာမဏဆိုသလိုပင် တစ်ယောက်ပြီးတစ်ယောက်အလုပ်ဆင်းတတ်သည်ဖြစ်လေရာ ဌာနရှိလူများမှာ သူတို့ကို ထွေထွေထူးထူးသတိမပြုမိကြချေ။

ကျန်းရွှိ ဖုန်းကိုကြည့်ကာ ဖြေလိုက်သည်။ " င့ါကိုမစောင့်နဲ့…"

ရုံးခန်း၏အဝေးတစ်နေရာတွင် ထိုင်နေသောရှန့်ဖန်းယွိမှ ရုတ်တရက်ထရပ်ကာ ကျန်းရွှိထံလျောက်လာသည်။

" မင်းသူတို့နဲ့ညစာသွားစားမလို့လား…"

ရုံးခန်းထဲတွင် အခြားသောသူများလည်းရှိနေသည်ဖြစ်ရာ ရှန့်ဖန်းယွိစကားကို တဝက်နှင့်ရပ်ပစ်လိုက်ပြီး နာမည်ထုတ်ပြောခြင်းမရှိသော်လည်း ကျန်းရွှိ ဆိုလိုရင်းကို နားလည်လိုက်သည်။

ကျန်းရွှိ ထရပ်ကာ တစ်ချက်ကြည့်လိုက်ပြီး မျက်မှန်အောက်မှ သူ၏အကြည့်မှာ အေးစက်နေကာ သူ၏စကားများမှာ ပို၍ပင်အေးစက်နေခဲ့သည် " မင်းပဲဖြစ်စေချင်တာမဟုတ်ဘူးလား…"

ထိုသို့သွယ်ဝိုက်မေးလိုက်ပြီးနောက် ရှန့်ဖန်းယွိ၏အမူအယာကိုပင် ဂရုမစိုက်တော့ကာ ရုံးခန်းမှ အနောက်သို့လှည့်မကြည့်ဘဲ ထွက်လာလိုက်သည်။

ဤကိစ္စတွင် ရှန့်ဖန်းယွိလုပ်ပုံမှာ သူ့ကိုအလွန်ဒေါသထွက်စေသည်။

သူအဘယ့်ကြောင့်စိတ်ဆိုးနေရသည်ကို မပြောနိုင်သော်လည်း မသိစိတ်အရ ယခုအချိန်တွင် ရှန့်ဖန်းယွိနှင့် စကားမပြောချင်ပေ။

သူကောင်းရွှမ်းနှင့် စားသောက်ဆိုင်တွင်ဆုံချိန်၌ ကောင်းရွှမ်းမှာသူမ၏သူငယ်ချင်းနှင့်စကားပြောနေပြီး သူတို့ရွေးချယ်ထားသည့်စားပွဲမှာ လမ်းမဘေးပြတင်းပေါက်တွင်ဖြစ်ကာ အပြင်ဘက်မှ ပျားပန်းခတ်သွားလာနေသည့်လမ်းမကို ကောင်းစွာမြင်တွေ့နေရသည်။

ဥက္ကဌကောင်းမှ ကောင်းရွှမ်း၏ပုံကို ပို့လာခဲ့ပြီးဖြစ်သည်။ ကျန်းရွှိအနည်းငယ်မမြင်နိုင်ဖြစ်နေသော်လည်း ကောင်းရွှမ်း၏ဘေးမှမိန်းကလေးက သူ့ကို အလျင်အမြန်မှတ်မိသွားကာ လက်ယမ်းပြလာသည်။

‌" ကောင်းသောညနေခင်းပါ…" ကျန်းရွှိ မိန်းကလေးနှစ်ယောက်နှင့်ဆန့်ကျင်ဘက်ခုံတွင်ထိုင်ကာ မိတ်ဆက်လိုက်သည်။

" ကျွန်တော်က ကျန်းရွှိပါ…"

" ကောင်းရွှမ်းပါ…" ကောင်းရွှမ်းမှ သူ့ကိုပြုံးပြကာ ဘေးမှမိန်းကလေးကို ညွှန်ပြလိုက်ပြီး " ဒါကယန်ရွေ့ပါ.."

သူမမီနူးကိုပေးကာ ပြောလိုက်သည်။ " ကျွန်မတို့ကတော့မှာပြီးပြီ ရှင်ထပ်ထည့်ချင်တာရှိမလားလို့ ကြည့်လို့ရပါတယ်.."

သူတို့စကားပြောနေစဉ်မှာပင် ဟင်းပွဲများရောက်လာခဲ့သည်။ မှာထားသည်မှာ လုံလောက်နေသောကြောင့် ကျန်းရွှိထပ်မမှာခဲ့ချေ။ သို့သော်လည်း မီနူးကိုကြည့်လိုက်ချိန်တွင် ရင်းနှီးနေသော ဟင်းပွဲတစ်ခုမှာ သူ၏မျက်လုံးရှေ့သို့ရောက်လာခဲ့သည်။

ကျားသားရေငရုတ်ပွစိမ်း…

" ဒီတစ်ခုထပ်ထည့်လိုက်မယ်…" ခဏမျှတိတ်ဆိတ်သွားပြီးနောက် သူမီနူးကိုညွှန်ပြကာ စားပွဲထိုးကိုပြောလိုက်သည်။

" ကျားသားရေငရုတ်ပွဟင်း ဟုတ်တယ်မလား…" စားပွဲထိုးမှ မီနူးကိုယူကာ အတည်ပြုရန်အတွက် ပြန်မေးလိုက်သည်။ သေချာသောအဖြေကိုရရှိပြီးနောက် " ကောင်းပါပြီ လူကြီးမင်း.." ဟုပြောကာ ပြန်လှည့်ထွက်သွားသည်။

" ကျားသားရေငရုတ်ပွဟင်းဆိုတာ ဘယ်လိုမျိုးလဲ…" ယန်ရွေ့ထိုဟင်းကို တခါမှမကြားခဲ့ဖူးပေ။ ထို့ပြင် သူမဟင်းမှာချိန်တိုင်း သတိမပြုမိသောကြောင့် ကျန်းရွှိကို မေးလိုက်သည်

" ဒါကကောင်းလား…"

ကျန်းရွှိ ဖျော့တော့သည့် အင်း ဟူသောအသံပေးလိုက်ပြီး " မင်းစမ်းကြည့်လို့ရပါတယ်…"

သူစကားပြောလိုက်စဉ် တောက်ပသောအဝါရောင်အရိပ်တစ်ခုမှ သူ၏မျက်လုံးထောင့်မှ ဖြတ်ပြေးသွားခဲ့သည်။ သူမသိစိတ်မှ လိုက်ကြည့်လိုက်မိပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် အပြင်ဘက်ပြတင်းပေါက်မှကားလမ်းပေါ်တွင် မည်သည့်အရာမှမရှိတော့ပေ။

" ဒေါက်တာကျန်းက ဘာတွေကြည့်နေတာလဲ…" ယန်ရွေ့မှ သိလိုစိတ်ဖြင့် မေးလိုက်သည်။

" ကားတစ်စီးမြင်လိုက်မိတယ်ထင်လို့ပါ…" ကျန်းရွှိ ခဏမျှရပ်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။

" ကျွန်တော့်လုပ်ဖော်ကိုင်ဖက်ရဲ့ကားနဲ့တူလို့ပါ…"

" ဘယ်လုပ်ဖော်ကိုင်ဖက်လဲ… သူငယ်ချင်းတစ်ယောက်လား.." ယန်ရွေ့ မယုံနိုင်သောကြောင့် ပြုံးလျက်ကောင်းရွှမ်းကို လှမ်းမေးလိုက်သည်။ " နင်ငါ့ကားကဘယ်လိုလဲဆိုတာ မှတ်မိလား…"

ကောင်းရွှမ်း ခေါင်းယမ်းကာ ပြန်ဖြေလိုက်သည်။ " ဘယ်သူကနင့်ကားတွေအကုန်လုံးကိုမှတ်မိနိုင်မှာလဲ.."

ယန်ရွေ့ လက်များကိုဆန့်ကာ ကျန်းရွှိကို ပုခုံးတွန့်ပြလိုက်ပြီး ရယ်လျက် " ကြည့်ပါဦး ရွှမ်းရွှမ်းတောင် ကျွန်မကားမော်ဒယ်ကို မမှတ်မိဘူးတဲ့…"

" မစ်ကောင်း …" ကျန်းရွှိ ကောင်းရွှမ်းကိုကြည့်ကာ သူအကြိမ်ပေါင်းများစွာ ပြင်ဆင်လာပြီးသောစကားများကို ထပ်ခါတလဲလဲ ပြောလိုက်သည်။

" ကျွန်တော်တကယ်ကျေးဇူးတင်ပေမယ့်…"

" အမ်းး နေပါဦး.." ကောင်းရွှမ်း သူ့ကိုကြားဖြတ်ပြောလိုက်သည်။

" ကျွန်မအဖေက ရှင့်ကိုဒီခေါ်တယ်ဆိုတာ ဘလိုင်းဒိတ်ကြောင့်ဆိုပြီး တွေးနေမယ်ဆိုတာ ကျွန်မသိပြီးသားပါ…" အများနှင့်မတူဘဲ သူမ၏စကားများမှာ ပြတ်သားလှသည်။

" ကျွန်မတို့စတွေ့ထဲက ကျွန်မကိုစိတ်မဝင်စားဘူးဆိုတာ သိနေတာမလို့ လူကောင်းကဒ်ကို အလောတကြီးပို့ဖို့မလိုပါဘူး အရင်ဆုံးကျွန်မရှင်းပြပါရစေ…"

ကျန်းရွှိ ရုတ်တရက်ဆိုသလို မူလအစကစဉ်းစားထားသည့် ကောင်းရွှမ်းကိုလည်းမထိခိုက်သလို ဥက္ကဌကောင်းလည်း စိတ်မကွက်သွားနိုင်မည့်ယဉ်ကျေးသောစကားလုံးများမှာ တားဆီးခံလိုက်ရသည်။ သူအံ့ဩနေစဉ်မှာပင် ကောင်းရွှမ်းမှ တိုက်ရိုက်ပြောလာခဲ့သည်။

" ကျွန်မလည်း ဘလိုင်းဒိတ်မတွေ့ချင်တာမလို့ စိတ်မပူပါနဲ့… အိမ်ပြန်ရောက်ရင် အဖေ့ကိုကျွန်မတို့မသင့်တော်ဘူးလို့ ပြောလိုက်ပါ့မယ်…"

ကျန်းရွှိ စိတ်သက်သာရာရသွားသောကြောင့် သက်ပြင်းတစ်ချက်ချလိုက်စဉ် ကောင်းရွှမ်းမှ ဆက်ပြောလာသည်။

" ဒေါက်တာကျန်း ကျွန်မညစာဖိတ်ကျွေးတယ်ဆိုတာ အဖေ့စကားကိုနာခံလို့မဟုတ်ပါဘူး.."

ထို့နောက် ယန်ရွေ့ကို ကြည့်ကာ " အဓိကတော့ယန်ရွေ့ကရှင့်ကိုလူကိုယ်တိုင်လာပြီး ကျေးဇူးတင်ချင်လို့ပါ…"

" ကျေးဇူးတင်ဖို့လား…" ကျန်းရွှိ ယန်ရွေ့နှင့်ကိစ္စတစ်ခုခုရှိဖူးသည်ကို မမှတ်မိပေ။ ထို့ပြင်မက ယန်ရွေ့မှာ သူ၏လူနာလည်းမဟုတ်ခဲ့ဖူးသည်ကို သူရှင်းရှင်းလင်းလင်းသိနေခဲ့သည်။

ယန်ရွေ့မှ " ဒေါက်တာကျန်း ဟွမ်းပင်းကိုမှတ်မိလား …ကျွန်မကသူ့အရင်ကောင်မလေးလေ… WeChat မှာ ရှင်ပဲစာတွေနဲ့အသံဖမ်းတာကို ပို့ပေးခဲ့တာ…"

ဤကိစ္စမှာ မကြာသေးသောကြောင့် ကျန်းရွှိ ရှင်းရှင်းလင်းလင်းမှတ်မိနေခဲ့သည်။ ထို့အပြင် သူအသံဖမ်းထားသည်ကို ပို့ပြီးသည်နှင့် တန်းဘလော့ခံလိုက်ရသည်ကိုလည်း မှတ်မိနေသေးသည်။

" အဲဒီနေ့တုန်းက ဟွမ်းပင်ကရုတ်တရက်ရောက်ချလာပြီးတော့ ရှင်ကသူ့အတန်းဖော်ဖြစ်ကြောင်းနဲ့ ခွဲစိတ်မှုအတွက် ဆွေးနွေးလို့ရတယ်ဆိုပြီး ပြောလာခဲ့တယ်လေ…ဟွမ်းပင်းက နည်းနည်းသတိကြီးတော့ ကျွန်မဖုန်းကတဆင့်ရှင်အသံသွင်းထားတာကို သိသွားမှာကြောက်တာနဲ့ အမြန်ဖျက်လိုက်ရတာပါ… ရှင့်အပေါ် ဟွမ်းပင်းရန်ငြိုးထားတာမျိုး မဖြစ်စေချင်ဘူးလေ.." ယန်ရွေ့ရှင်းပြလိုက်သည်။

" ကံဆိုးတာက ကျွန်မဖျက်တာအရမ်းမြန်သွားတော့ ရှင့်နံပါတ်ကိုမှတ်ထားပြီး နောက်မှကျေးဇူးတင်ဖို့ အခွင့်အရေးမရလိုက်ဘူးလေ… ပြီးတော့ ကျွန်မဟွမ်းပင်းကိုလည်း သွားပြီးမေးလို့မှမရတာ.."

သူမ အနည်းငယ်ကို့ရို့ကားယားနိုင်စွာရယ်လိုက်ပြီးနောက် ကျေးဇူးတင်ဟန်ဖြင့် ပြောလာသည်။

" ဆောင်းလလယ်ပွဲတော်ကြမှသာ ရှင့်ကိုမှတ်မိသွားတာ… ရှင်က WeChat မှာတင်ထားတဲ့ပုံနဲ့ တစ်ပုံစံထဲပဲလေ…"

လူနာများနှင့် လုပ်ဖော်ကိုင်ဖက်များလွယ်ကူစွာဆက်သွယ်နိုင်ရန်အတွက် ကျန်းရွှိ၏ဝီချက်ပုံမှာ တဲ့တိုးဆန်စွာပင် သူ၏ပုံသာဖြစ်သည်။

" ကျေးဇူးတင်ပါတယ်နော် ဒေါက်တာကျန်း…"

ယန်ရွေ့၏အကြည့်များမှာ စစ်မှန်နေခဲ့သည်။

" စိတ်မပူပါနဲ့ ကျွန်မဟွမ်းပင်းကို ရှင့်အကောင့်ကို လက်မခံဘူးလို့ပြောခဲ့တာ… ပြတ်တုန်းကလည်း အသံဖမ်းထားတာနဲ့ပတ်သက်ပြီး ဘာမှမပြောခဲ့ဘူး…ဒါကြောင့် သူရှင့်ကိုသံသယဝင်မှာမဟုတ်ပါဘူး.."

ကျန်းရွှိ အံ့ဩနေစဉ်မှာပင် ဘေးမှ ကောင်းရွှမ်းကလည်းပြောလာသည်။ " ကျွန်မလည်း ကျေးဇူးတင်ချင်ပါတယ်…" သူမပြုံးလျက် " ကျွန်မအရင်တုန်းကထင်ထားတာ ယောင်္ကျားတွေက ဒီပုတ်ထဲကဒီပဲတွေကြီးပဲ ကောင်းတာမရှိဘူးပေါ့…ဒါပေမယ့်ကောင်းတဲ့သူတချို့တလေရှိနေတာကိုတော့ လုံးဝကို မထင်ထားမိခဲ့ဘူး…"

ထိုနေ့တွင် ယန်ရွေ့ ကောင်းရွှမ်းကို တွေ့ရန်ပြောခဲ့စဉ်က ကောင်းရွှမ်း သူမအချစ်သစ်စတင်ချင်သောကြောင့် ဖြစ်မည်ဟုထင်မိလိုက်သော်လည်း ထို့နောက်တွင်မှသာ ယန်ရွေ့ကို အသံသွင်းထားသည်အားပို့ပေးလာပြီး ထိုမကောင်းသည့်ကောင်ထံမှ လွတ်မြောက်စေရန် အသိစိတ်ဝင်လာအောင်လုပ်ပေးခဲ့သူမှာ ဤငယ်ရွယ်ပြီး ထူးချွန်သောဒေါက်တာကျန်းဖြစ်နေသည်ကို သိလိုက်ရသည်။

" ဒါဆိုရင် မင်း…"

ယန့်ရွေ့မှ " စိတ်မပူပါနဲ့ ဒေါက်တာကျန်း ကျွန်မအဆင်ပြေပါတယ် ကိုယ်ဝန်ရှိမနေပါဘူး…"

သူမကောင်းရွှမ်းကိုကြည့်ကာ " ကျွန်မနဲ့ဟွမ်းပင်းက နှစ်တွေအကြာကြီးတွဲလာကြတာ သူကရုတ်တရက်ကိုယ်ဝန်ရသွားတဲ့အချိန်ကြရင် လက်ထပ်ကြမယ်လို့ ပြောလာတယ်လေ…ကျွန်မလည်း တစ်ခုခုမှားနေတယ်လို့ခံစားလိုက်ရတာနဲ့ ရွှမ်းရွှမ်းကိုပြောပြလိုက်တာ…ကံကောင်းသွားတာက ရွှမ်းရွှမ်းက ကျွန်မကိုအကြံပေးလာတယ်လေ… ဒါနဲ့ပဲ သူဘယ်လိုလူဆိုတာသိသွားပြီးတော့ နောက်ကြရင် ပြသနာမဖြစ်လာအောင် အချိန်မီရှောင်နိုင်ခဲ့တာ…"

ကောင်းရွှမ်း ဘေးမှ နှာခေါင်းရှုံ့ကာ " သူကအသံဖိုင်ထဲမှာ ရှောင်ရွေ့ကို ဆင်းရဲလို့ဆိုပြီး အထင်သေးနေတယ်လေ…ရှောင့်ရွေ့မိသားစုက ယွမ်ဘီလီယံချီချမ်းသာပြီးတော့ သူပြောနေတဲ့စီးပွားရေးနဲ့ကုမ္ပဏီလေးကို သာမန်ကာလျှံကာနင်းခြေလိုက်လို့ရတယ်ဆိုတာ မသိဘူး…တော်သေးတာက အဲဒီကောင်က မကောင်းတဲ့ကောင်ဆိုတာကို သံသယရှိနေလို့ ရှောင်ရွေ့ကို သူ့မိသားစုအကြောင်းမပြောဖို့ ပြောခဲ့တာလေ…"

ရှောင်ရွေ့မှ " ဒါပေမယ့် ဒေါက်တာကျန်း…ရှင်က သိမ်မွေ့ပြီး ယဉ်ကျေးပေမယ့် အသံဖိုင်ထဲမှာတော့ အတော်ကြမ်းတယ်နော်… ကံဆိုးတာပဲ အဲဒီခွေးကောင်က အမြန်ဖုန်းချသွားတော့ လုံလောက်အောင် မကြားလိုက်ရဘူး…"

သူမရယ်လိုက်ပြီး " ကျွန်မထင်ထားတာ ဆေးကျောင်းသားတွေအားလုံးက စာကြမ်းပိုးတွေကြီးပဲပေါ့…နှစ်ပေါင်းများစွာ စာလေ့လာ ဘွဲ့ရပြီး ဆရာဝန်ဖြစ်လာကြတာ…ကျွန်မတုံးအနေသေးတာပဲ ရှင်တို့ကအသံသွင်းထားရလောက်အောင် ဉာဏ်ပြေးမယ်လို့ မထင်ထားမိဘူး…"

ကျန်းရွှိမှ " ကျွန်တော်အသံသွင်းတာမဟုတ်ပါဘူး…ဖုန်းပြောခဲ့တာက အဲဒီနေ့က ကျွန်တော်နဲ့အတူ ဖျော်ဖြေခဲ့တဲ့ရှန့်ဖန်းယွိပဲ…"