အပိုင်း ၅၃
Viewers 11k

🧑‍⚕️Chapter 53
သူက ကျန်းရွိကို တကယ်ပဲ ဂရုစိုက်တယ်။



အသံဖမ်းသွားသည်မှာ ပေါ်သွားပါက ရှန့်ဖန်းယွိထိခိုက်မည်ကို စိုးရိမ်မိသောကြောင့် သူ၏အသံဖြင့် မစ်ယန်ကိုမပို့ခင်ပြင်ထားလိုက်သည်။ ထို့ကြောင့် အမှန်တကယ် ဟွမ်းပင်းနှင့်စကားပြောခဲ့သူမှာ ရှန့်ဖန်းယွိဖြစ်ကြောင်းကို ယန်ရွေ့မသိနိုင်ခဲ့ပေ။

သူနှင့်ရှန့်ဖန်းယွိတို့ အတူနေကြသည်ဟူသောအချက်ကို ဖယ်ချန်ကာ ထိုနေ့ညမှအကြောင်းစုံကို ရှင်းပြလိုက်သည်။ ယန်ရွေ့နားလည်သွားဟန်ဖြင့် ခေါင်းငြိမ့်ကာ " ဒါဆိုဒီလိုဖြစ်ခဲ့တာပေါ့… ဒီလိုမှန်းသိ ဒေါက်တာရှန့်ကိုလည်း ကျေးဇူးတင်ရအောင် ခေါ်လိုက်ပါတယ်…"

စကားပြောနေစဉ်မှာပင် ကျားသားရေငရုတ်ပွဟင်းမှာ ရောက်လာခဲ့သည်။ ကျန်းရွှိ တူကိုယူကာ ခေါင်းကိုငုံ့၍ အရသာမြည်းစမ်းကြည့်လိုက်သည်။

ကောင်းရွှမ်း၏ရည်ရွယ်ချက်များမှာ ရှင်းလင်းသွားပြီးဖြစ်ရာ တင်းကြပ်နေသော ကျန်းရွှိ၏နှလုံးသားလည်း ပေါ့ပါးသွားခဲ့သည်။ ထို့အပြင် ယန်ရွေ့မှာ ဟွမ်းပင်း၏ရည်းစားဟောင်းဖြစ်ကာ သူမ၏ကျန်းမာရေးကောင်းမွန်နေပြီး ကိုယ်ဝန်ဖျက်ချရန်မလိုသည်ကို သိလိုက်ရချိန်တွင် ကျန်းရွှိ၏ခံစားချက်များမှာ သိသိသာသာပင် ကောင်းမွန်လာခဲ့သည်။

ရှန့်ဖန်းယွိအကြောင်းပြောလိုက်မိချိန်မှာပင် သူပင်မသိမပြုမိလိုက်ဘဲ အနည်းငယ်ပြုံးမိသွားသည်။

" ကျွန်တော်သူ့ကိုတစ်ဆင့်ပြောပေးပါ့မယ်…" ကျန်းရွှိတွေးမိသည်မှာ အကယ်၍သာ ရှန့်ဖန်းယွိ ဤလှည့်ကွက်အပြောင်းအလဲနှင့် ယန်ရွေ့မှာ နေကောင်းကျန်းမာကာ လူရှုပ်ကောင်ဟွမ်းပင်းနဲ့ပြတ်သွားကြောင်းကို သိပါက ဝမ်းသာသွားလိမ့်မည်ကိုပင်။

" ‌ဒေါက်တာကျန်းက တကယ်ထူးခြားတာပဲ… ကျားသားရေငရုတ်ပွစိမ်းတစ်ပွဲက ရှင့်ကိုပျော်အောင်လုပ်ပေးနိုင်မယ်လို့ မထင်ထားမိဘူး .."

ကျန်းရွှိ၏အပြုံးမှာ အရသာရှိသောအရာတစ်ခုကို စားလိုက်ရခြင်းကြောင့်ဟု ယန်ရွေ့ထင်မိသည့်အတွက် တစ်ခုယူကာ အနည်းငယ်ဝါးလိုက်ပြီးနောက် မျက်မှောင်ကြုတ်၍ " ဒါကတကယ်ကြီး… သာမန်အရသာပဲလေ…"

ကျန်းရွှိ ခေါင်းပြန်မော့မလာခင်အထိ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ " အင်း ကျွန်တော့်လုပ်ဖော်ကိုင်ဖက်ချက်တာလောက် မကောင်းဘူး…"

......

မှန်ပြတင်းပေါက်၏အပြင်၊ အဝါရောင်တောက်တောက်ကားထဲ၌၊ ကျန်းရွှိပြောထားသည့် လုပ်ဖော်ကိုင်ဖက်က သူ့ကားအား လမ်းဘေးတွင် ပါကင်ထိုးထားကာ ပျားပန်းခတ်မျှ သက်ဝင်လှုပ်ရှားနေသည့် စားသောက်‌ဆိုင်အား တိတ်ဆိတ်စွာဖြင့် ငေးကြည့်နေသည်။ သူ့ဘက်မှ မြင်ကွင်းအရ ကျန်းရွှိ၏မျက်နှာတစ်ဖက်ခြမ်းအား အနည်းငယ်မြင်တွေ့ရသော်လည်း၊ ကျန်းရွှိ၏တစ်ဖက်တစ်ချက်တွင်ထိုင်နေသည့်လူကို သူမမြင်နိုင်ပေ။

မစ်ချောင်က လှလား။

'လှနေမှာပဲ၊' ဟု ရှန့်ဖန်းယွိကတွေးမိသည်။ ထိုသို့မဟုတ်ပါက ကျန်းရွှိက သူမအား ဤမျှတောက်ပစွာ ပြုံးပြနေမည်မဟုတ်ပေ။

သူ့ကိုဆို ဘယ်တုန်းကမှ ဒီလို မပြုံးပြခဲ့ဖူးဘူး။

ရှန့်ဖန်းယွိက အသက်ပြင်းပြင်းတစ်ချက်ရှူကာ မျက်ခုံးနှစ်ခုကြားကို လက်ဖြင့်ဖိနှိပ်ထားလိုက်သည်။ မနာလိုဖြစ်လွန်းအားကြီး၍ သူက နေမကောင်းတောင်ဖြစ်ချင်နေပြီဟု ခံစားရသည်။ သူက မည်သည့်အကြောင်းပြချက်ကြောင့် ကျန်းရွိ၏ကားနောက်က‌တောက်လျောက်လိုက်လာခဲ့မိမှန်း သူကိုယ်တိုင်လည်း နားမလည်ပါချေ။ ယခုတွင်တော့ သူက တစ်နာရီလျှင်ယွမ်သုံးဆယ်ပေးရသည့် ကားပါကင်ထောင့်နားလေးတွင် ကျန်းရွှိအား ကြည့်နေမိသည်။

မထွက်လာမီလေးတင်၊ မဂ္ဂဇင်းအယ်ဒီတာဆီမှ အီးမေးလ်အား သူလက်ခံရရှိခဲ့သည်။ သူ၏ ကံမကောင်းရှာသော ကျောင်းသား၏ စာတမ်းအား မမှတ်မိနိုင်လောက်အောင် ပြုပြင်ပြီးသည့်နောက် စာတမ်းက ပဏာမသုံးသပ်ခြင်းအား အောင်မြင်သွားလေသည်။ ထပ်ပြီး စစ်ဆေးသူများကလည်း စာတမ်းအား ပြင်ဆင်စရာရှိသည်များကို အလျင်အမြန်ပြန်လည်ပြင်ဆင်နိုင်ရန် မှတ်ချက်အနည်းငယ်များလည်း ပေးပို့ထားသေးသည်။ ထိုအတွက်ကြောင့် သူ့အနေနှင့် ကျန်းရွှိနှင့်အခြားသူတစ်ယောက် စားသောက်နေသည်ကို စောင့်ကြည့်နေမည့်အစား ကျောင်းသားဖြစ်သူ၏ စာတမ်းပြင်ဆင်ခြင်းကို ကူညီပေးနေသင့်သည်။

ကား၏လီဗာက ရှန့်ဖန်းယွိ၏ ခြေဖဝါးအောက်တွင်ရှိနေသော်လည်း သူက တစ်ချက်လေးသော်မျှ မနင်းခဲ့ချေ။

ညက ပို၍နက်လာပြီး၊ ပင်ပန်းရသည့်နောက်ထပ်နေ့ရက်တစ်ရက်အပြီးတွင်၊ ပင်ပန်းနေသည့်ဦးနှောက်မှာ အနားမရသည့်အတွက်၊ ပုန်ကန်သည့်အနေနှင့် ဦးနှောက်မှ လူများအားဝမ်းနည်းစေသည့် အတွေးများ မရေမတွက်နိုင်အောင် ဖြန့်ကျက်ထားပေးခြင်းကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

ဥပမာအားဖြင့်.... ရှန့်ဖန်းယွိတွေးမိသည်က ထိုကလေးသာမရှိခဲ့လျှင်၊ ကျန်းရွှိမှာ မစ်ချောင်နှင့် ချစ်ကျွမ်းဝင်သွားနိုင်သည်။ လက်ထပ်ပြီးနောက် ဥက္ကဌ၏ ဂုဏ်ယူရသည့် သမက်ဖြစ်လာပြီး ပျော်ရွှင်သည့်မိသားစု၊ ချိုမြိန်သည့်ချစ်ခြင်းမေတ္တာတို့အပြင် ကြီးကျယ်ခမ်းနားသည့် အလုပ်အကိုင်တစ်ခုပါ ရှိနေမည်ဖြစ်သည်။

ကျန်းရွှိ၏အရည်အချင်းဖြင့်ဆိုလျှင်၊ အသက်လေးဆယ်လောက်ရောက်သည့်အခါ ငွေရေးကြေးရေးအား ပူပန်စရာမလိုတော့သည့် လွတ်လပ်ခြင်းကို ရနိုင်‌လိမ့်မည်။ အကယ်၍ သူက ဆက်လက်ပြီး ကြိုးစားရုန်းကန်လိုပါက၊ ကျီဟွား၏ အသက်အငယ်ဆုံးသော ဥက္ကဌတစ်ယောက် ဖြစ်လာလိမ့်မည်။ အနားယူလိုပါကလည်း ဖိအားတစ်စုံတစ်ရာမရှိပဲ စောစီးစွာ အလုပ်မှ အငြိမ်းစားယူ၍ ဆေးပညာရပ်အားဆည်းပူးနေ၍ နှောင့်နှေးခဲ့ရသည့်ဘဝအား ပျော်ရွှင်စွာ ပြန်လည်အစားထိုးနိုင်လိမ့်မည်ပင်။

ဤနားလည်သဘောပေါက်မှုက ရှန့်ဖန်းယွိမှ အတိတ်မှအကြောင်းအရာအချို့အား ပြန်လည်တွေးတောစေသည်။ ကောလိပ်ဝင်ခွင့်စာမေးပွဲပြီးသည့်နောက် သူတို့ဖြည့်ခဲ့ရသည့် တက္ကသိုလ်ဝင်ခွင့်ဆိုင်ရာ ရွေးချယ်မှုများကဲ့သို့ အကြောင်းအရာများပင်။

ကောလိပ်ဝင်ခွင့်စာမေးပွဲပြီးသည့်နောက် သူ၏အဆင့်များအား သိရှိခဲ့ရသည်။ ထိပ်တန်းတက္ကသိုလ်များ၏ အရာရှိများကသူ့အား ဆက်သွယ်ခဲ့ကြသည်။ အမှန်တော့၊ မည်သည့်ကျောင်းပင်ဖြစ်ပါစေ၊ ကျောင်းဝင်ခွင့်ဆိုင်ရာအရာရှိများက အဝတ်အထည်ဆိုင်များ၏ အလုပ်ကြိုးစားသည့်အရောင်းသမားကဲ့သို့၊ အတော်ဆုံး၊အရည်အချင်းအရှိဆုံးကျောင်းသားများကို ရရှိနိုင်ရန် တိုက်ပွဲဝင်ကြမည်ပင်။

ပထမဆုံးအနေဖြင့်၊ သူတို့၏ကျောင်းနှင့် ‌ကျောင်းမှ သင်ကြားမည့် ဘာသာရပ်များအား အမွမ်းတင်ကြမည်။ ထို့နောက် ကျောင်းသားများအား ပညာသင်ဆုမည်မျှရနိုင်မည့်အကြောင်းအား ပြောပြကြမည်မှာ အထည်ဆိုင်များတွင် လျော့ဈေးပေးနေသည့်အတိုင်းပင်။

ထိုဆိုင်များတွင် ပြောနေကြအရာတစ်ခုရှိသည်။ "ဒီဝတ်စုံက ငါတို့ဆိုင်မှာ လူကြိုက်များတယ်၊ မင်းမလာခင်တုန်းကတောင် တစ်ယောက်က တစ်စုံလုံးဝယ်သွားသေးတယ်။"

ကျောင်းဝင်ခွင့်အရာရှိများနှင့်ဆိုလျှင်တော့ "မင်းကို လျှို့ဝှက်ချက်တစ်ခုပြောပြမယ်။ ဘီမြို့က တခြားထိပ်တန်းကျောင်းသားကလည်း ငါတို့ကျောင်းမှာတက်မလို့ စီစဉ်ထားတယ်။" ဟူ၍ ဖြစ်လာမည်ပင်။ ကျောင်းဝင်ခွင့်အရာရှိများက ရှန့်ဖန်းယွိအား တိတ်ဆိတ်စွာကြည့်ကြသည်။ ဤသွယ်ဝိုက်သောနည်းလမ်းသည် ကျန်းရွိ၏ရွေးချယ်မှုအားအသုံးပြု၍ ရှန့်ဖမ်းယွိ၏ရွေးချယ်မှုအား လွှမ်းမိုးခြင်းပင်။

‌ကျောင်းဝင်ခွင့်အရာရှိများ၏ တတွတ်တွတ်ပြောနေသံအား စိတ်မပါလက်မပါဖြင့်နားထောင်နေသည့် ရှန့်ဖန်းယွိသည် ရုတ်ချည်းပင် "သူက ခင်ဗျားတို့ရဲ့ကျောင်းကို လျှောက်ခဲ့တာပေါ့။ " ဟုခေါင်းမော့ကာ မေးလာသည်။

"ဟုတ်တာပေါ့။" အေ ဆေးတက္ကသိုလ်၏ ကျောင်းဝင်ခွင့်အရာရှိက ဂုဏ်ယူစွာဖြင့်ပြောသည်။

"ဆေးပညာရပ်နဲ့ ပတ်သက်လို့ကတော့ ဒီတိုင်းပြည်က ဘယ်တက္ကသိုလ်က ငါတို့နဲ့ယှဉ်နိုင်သေးလို့လဲ။"

ထိုအချိန်က ကောလိပ်ဝင်ခွင့်စာမေးပွဲပြီးနောက် ကျန်းရွှိအား သူတွေ့ခဲ့သည်မှာ နှစ်လ၊သုံးလပင် ကျော်ပြီဖြစ်သည်။ ရှန့်ဖန်းယွိတွေးခဲ့သည်မှာ၊ ရလဒ်များထွက်လာပါက မောက်မောက်မာမာပြောခဲ့သည့်ကျန်းရွိမှာ သူ့အား စိတ်ပျက်‌အားငယ်စွာရှုံးနိမ့်သွားလိမ့်မည်ဟုပင်။ မမျှော်လင့်ထားစွာပင်၊ သူတို့နှစ်ယောက်လုံး သရေကျခဲ့သည်။

ဘီမြို့၏ ကောလိပ်ဝင်ခွင့်စာမေးပွဲများ ပြန်လည်စတင်သည့်အချိန်မှစ၍ ရှန့်ဖန်းယွိ ကောလိပ်ဝင်ခွင့်စာမေးပွဲ‌ဖြေသည့်နှစ်တိုင်အောင်၊ သရေကျခဲ့သည့် ဖြစ်ရပ်မှာ တစ်ကြိမ်မျှမရှိခဲ့ပေ။ သို့သော် ထိုနှစ်တွင်တော့ ကံကြမ္မာက ရုတ်ချည်းပင် ပြောင်းလဲသွားခဲ့သည်။

အသက်တစ်ဆယ့်ရှစ်နှစ်အရွယ်တွင်၊ သူက ငယ်ရွယ်ကာ အားမာန်အပြည့်နှင့်ဖြစ်သည်။ ထို့ကြောင့် သူ့အနေနှင့် စိတ်လိုက်မာန်ပါလုပ်လေ့ရှိသည်။ ဤသရေကျခဲ့မှုကြောင့်နှင့်အတူ၊ မူမမှန်သည့် ကျောင်းဝင်ခွင့်အရာရှိများ၏ မကြုံစဖူး အချက်အလက်များအား ထုတ်ဖော်ပြောပြခဲ့ခြင်းကြောင့်၊ မောက်မာဝံ့ကြွားသည့် ရှန့်ဖန်းယွိမှာ ရှစ်နှစ်ကြာသည့် အေ ဆေးတက္ကသိုလ်၏ ဆေးပညာရပ်အား သူ၏ရွေးချယ်မှုအဖြစ် ရေးသားခဲ့လေသည်။

ယခုပြန်တွေးကြည့်အခါ၊ အမှန်စစ်စစ် သူ့အနေနှင့် ကျန်းရွှိအား တွေ့ချင်ရုံမျှသာဖြစ်ပြီး "ကောလိပ်ဝင်ခွင့်စာမေးပွဲတုန်းက မင်းနဲ့သရေကျသွားတာက မတော်တဆတစ်ခုသာသာပဲ။ အနာဂတ်မှာ ငါတို့နှစ်ယောက်ထဲ တစ်ယောက်ကပဲ ပထမနေရာကို ရမယ်ဆိုတာ မင်းကို နားလည်စေချင်တယ်။" ဟု သူ့အားပြောလိုခြင်းပင်။

မမျှော်လင့်စွာပင်၊ ထိုစကားအား သူမပြောနိုင်မီ၊ ကျန်းရွှိက ပြောသွားခြင်းပင်။ အမှတ်ခြောက်အလယ်တန်းကျောင်းမှ ထိုကောင်လေးမှာ သူထင်ထားသကဲ့သို့ အနိုင်ယူရန်မလွယ်ကူပါကြောင်း သူမထင်မှတ်ထားမိပေ။

ဒေါသတကြီးဖြင့် ပြုလုပ်ခဲ့သည့် ဆုံးဖြတ်ချက်အတွက်ကြောင့် အထက်တန်းကျောင်းထက် ပို၍လွယ်ကူခဲ့ရမည့် သူ၏ ကောလိပ်သက်တမ်းမှာ ငရဲခန်းတမျှ ခက်ခဲခဲ့ရသည်။ ထိုအချိန်က သူသည် ဖွင့်ဟဝန်ခံချက်များအား ငြင်းပယ်ရန်၊ ကျန်းရွှိအား မသိလိုက်ဘာသာဖြင့် အမြဲ အကြောင်းပြချက်အဖြစ် သုံးခဲ့မိပြီး သူ့ကိုယ်သူလည်း ဒေါသအနည်းငယ် ထွက်မိသည်။

ကျန်းရွှိ အင်မတန်ကြိုးစားကြောင်း သူသိထားသော်လည်း ကျန်းရွိနှင့်ယှဉ်လျှင် သူက အနည်းငယ် အကူအညီမဲ့လေသည်။ ကျန်းရွိနှင့် တက္ကသိုလ်တစ်ခုတည်း၊ မေဂျာတစ်ခုတည်းတက်ရန်မှာ သူရွေးချယ်ခဲ့ခြင်းပင်။

ကိုယ့်ခြေထောက်ကိုယ် သေနတ်ဖြင့်ပစ်သည်ဆိုသည့်အဓိပ္ပာယ်အား သူဧကန်ကြုံတွေ့ခံစားရသည်။

ဌာနများ ရွေးချယ်သည့်အချိန်တွင်၊ ရှန့်ဖန်းယွိ ကျန်းရွှိ၏ ရွေးချယ်မှုအား နောက်တစ်ကြိမ်ထပ်သိခဲ့ရသည်။ ယခင်တစ်ခေါက်နှင့် ကွာခြားချက်မှာ၊ ကျောင်းဝင်ခွင့်အရာရှိများက သူ့အားပြောပြရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး ယခုအကြိမ်တွင်တော့ သူကိုယ်တိုင် စုံစမ်းခြင်းပင်။

နှစ်များစွာကြာအောင် ကျန်းရွှိနှင့်တိုက်ခိုက်ရခြင်းက ပင်ပန်းလွန်းလှသည်။ သူ အနားယူချင်သော်ငြား ကျန်းရွှိထံတွင် ရှုံးနိမ့်ကြောင်းလည်း ဝန်မခံလို။ သို့နှင့် ကျန်းရွှိလုံးဝမရွေးနိုင်မည့် ဌာနအား သူရွေးချယ်ကာ ဤလျောက်ပတ်သောနည်းလမ်းဖြင့် ကျန်းရွှိအား နှုတ်ဆက်စကား ပြောလိုခဲ့သည်။

ရလဒ်မှာ သူနှင့်ကျန်းရွှိတို့ ထပ်မံ ထိပ်တိုက်တွေ့ကြခြင်းပင်။

ထိုနေ့က၊ ကျန်းရွှိ၏ ညဆိုင်းအား သူကူညီပေးစဉ်က၊ ကျန်းရွှိအိပ်မောကျနေစဉ် အတိတ်အကြောင်းတွေးမိကာ မေးမိသည်။ "မင်း နောင်တရလား။"

သို့သော် သူက ကျန်းရွှိအား မေးခြင်းမဟုတ်ပေ။ သူ့ကိုယ်သူ မေးခွန်းထုတ်ခြင်းသာ။

--ကျန်းရွိနှင့် တက္ကသိုလ်တစ်ခုတည်း တက်ခဲ့ရသည့်အတွက် သူနောင်တမရပါချေ။

နောင်တ စိုးစဉ်းမျှ မရှိပါချေ။

ကျန်းရွှိ၏ တွန်းအားပေးခြင်းမရှိလျှင်လည်း အောင်မြင်ထူးချွန်သည့် ဆရာဝန်တစ်ယောက်ဖြစ်လာရန် ရှန့်ဖန်းယွိက သူ့ကိုယ်သူ ယုံကြည်မှုရှိသည်။ မဟုတ်လျှင်လည်း အခြားနယ်ပယ်များတွင်လည်း ထိပ်တန်းအရည်အချင်းရှိသူ ဖြစ်လာပေမည်။

သို့သော် သူတို့နှစ်ယောက် ဆုံတွေ့ခဲ့ကြသည့်အတွက်၊ သူတို့က ဘေးချင်းယှဉ်လျက်၊ ကျီဟွားဆေးရုံ၏ ဒဏ္ဍာရီဖြစ်လာခဲ့သည်။

ရှန့်ဖန်းယွိမှာ ကျန်းရွှိက ယခုအရှိန်အား ထိန်းထားပြီး သူနှင့်ဆက်လက်ယှဉ်ပြိုင်နေမည်ဟု တစ်ခါက ထင်မှတ်ထားခဲ့သောကြောင့် ထိုအချက်အား လက်ခံခဲ့သည်။ သို့သော်လည်း တစ်ရက်တွင်၊ ကျန်းရွှိက အရှိန်လျော့သွားကာ ကျုံးလန်အား စတင်လိုက်တော့သည်။

သူဘာတွေးမိမှန်း သူလည်းမသိပေ။ သို့သော် သူ နောက်တစ်ကြိမ် ကျန်းရွှိနှင့် ယှဉ်ပြိုင်ခဲ့သည်။

ကျုံးလန်သည် သူလိုက်ပိုးခဲ့သည့် ပထမဆုံးသူဖြစ်သည်။ အမှန်စင်စစ်၊ ယခု ပြန်တွေးကြည့်သည့်အခါ၊ ကျုံးလန်အား လိုက်ပိုးခဲ့သည့်အချိန်အတွင်း၊ လိုက်ပိုးနေသည်နှင့်မတူပဲ၊ ကျန်းရွှိနှင့် ယှဉ်ပြိုင်နေခြင်းဖြင့် ပိုတူလေသည်။

အငြင်းဆိုခံရသည့် ထိုနေ့အပါအဝင်ပင်။ ကျန်းရွှိအား သောက်ရန် သူဖိတ်ခေါ်လိုက်သည်မှာ အချစ်ကြောင့် စိတ်ညစ်နေ၍မဟုတ်ပေ။ ၎င်းအကာအကွယ်ကိုယူကာ "ဘာလို့ လက်ထပ်ချင်ရတာလဲ။ ဘာလို့ မိသားစုတစ်ခုထူထောင်ချင်နေရတာလဲ။ မင်း.....ငါနဲ့ ဆက်ပြီး မပြိုင်တော့ဘူးလား။" ဟု ကျန်းရွှိအား မေးချင်၍ပင်။

သို့သော် အဆုံးတွင်တော့ ဝိုင်အတု၏ လွှမ်းမိုးမှုအားခံလိုက်ရပြီး မည်သည့်စကားတစ်ခွန်းမျှ မမေးလိုက်ရပေ။

ရှန့်ဖန်းယွိမှာ သူက စိတ်ကျေနပ်မှုပေးရန် အလွန်ခက်ခဲသည်ဟု ထင်သည်။ ကျန်းရွှိ သူနှင့်ယှဉ်ပြိုင်စဉ်က သူ ငြီးငွေ့သည်ဟု ခံစားရသည်။ သို့သော် ကျန်းရွှိက နောက်သို့ကျန်ခဲ့ရန်ပြင်စဉ်၊ သူက လစ်ဟာနေသည်ဟု ခံစားရသည်။

ရှန့်ဖန်းယွိမှာ သူက အမှန်စင်စစ်တွင် ကျန်းရွှိအား ဂရုစိုက်ကြောင်း သဘောပေါက်သွားသည်။

ယခုကဲ့သို့ စိုးရိမ်စိတ်မျိုးက ရန်လိုခြင်းဟု သူယခင်က မှတ်ယူထားခဲ့သော်လည်း၊ ယခုအချိန်တွင်တော့ ဤကဲ့သို့ ဂရုစိုက်မှုက ရန်လိုခြင်းထက် ပိုသည်၊ သို့သော် ထို့ထက် မည်သည့်အရာရှိသေးသနည်း။ သူ သေသေချာချာ၊ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။

အာရုံကြောသိပ္ပံအား သုတေသနနယ်ပင်တွင် အလားအလာအရှိဆုံးပညာရပ်အဖြစ်သတ်မှတ်ရသည်မှာ ထိုပညာရပ်က အင်မတန်ရှုပ်ထွေးကာ၊ ခကခဲနက်နဲလွန်းလှပြီး အဖြေမထုတ်နိုင်သေးသည့်အရာများစွာလည်း ရှိသည့်အတွက်ပင်။

ဆရာဝန်များကိုယ်တိုင်လည်း ဦးနှောက်၏ တွေးတောမှုများ ဖြတ်တောက်ခံရပြီး ရှုပ်ထွေးသွားရသည့် အခြေအနေများအား ကြုံတွေ့ဖူးကြလေသည်။

ရှန့်ဖန်းယွိမှာ မည်သည့် အာရုံခံကိရိယာက သူ၏အာရုံကြောများအား သိမ်းပိုက်ထားသည်ကို မသိသော်လည်း ထိုအရာက လျှို့ဝှက်ထားမှုအား ရပ်တန့်စေရန် မျှော်လင့်မိသည်။

ထို အာရုံခံကိရိယာက သူ့အား အနည်းငယ်ဝမ်းနည်းစေသော်လည်း အကြောင်းအရင်းအား သူရှာမရပေ။

ကျန်းရွှိ တံခါးကို ဖွင့်လိုက်သည့်အခါ၊ အခန်းကမှောင်မဲနေသည့်အတွက် သူမီးခလုတ်အားဖွင့်လိုက်သည်။ ရှန့်ဖန်းယွိ ဆိုဖာပေါ်တွင်ထိုင်နေသည်အား တွေ့လိုက်ရသည်။

"မင်းဘာလုပ်နေတာလဲ။" သူက မေးလိုက်သည်။
"မီးတွေ ဘာလို့မဖွင့်ထားတာလဲ။"

သူတို့က စစ်အေးတိုက်ပွဲအား ဆင်နွဲနေဆဲပင်။ ထို့ကြောင့် ကျန်းရွှိအနေနှင့် ရှန့်ဖန်းယွိအား ဤမျှမြန်မြန် စကားစမပြောချင်ပေ။ သို့သော် ရှန့်ဖန်းယွိအား ယန်ရွေ့နှင့် ပတ်သက်၍ ပြောပြချင်သည့်အတွက် သူ့ဘက်မှနေ၍ စစ်ပြေငြိမ်းပေးလိုက်သည်။

"အင်း...ငါ အိပ်ငိုက်နေလို့။" ရှန့်ဖန်းယွိက သူ့မျက်ခူံများအား ဖိနှိပ်ထားသည်။ သူ့အသံက အနည်းငယ် အက်ကွဲနေလေသည်။

"ပြီးတော့ ငါ အိပ်ပျော်သွားတယ်။ "

"ငါ အိပ်ခန်းထဲ ဝင်အိပ်တော့မယ်။"

ကျန်းရွှိက လက်ဆွဲအိတ်ကို ချကာ လျှောက်လာလေသည်။ ရုတ်တရက် ဝိုင်အနံ့ပြင်းပြင်းကို သူရလိုက်သည်။ ကြည့်လိုက်သည့်အခါ ကော်ဖီစားပွဲပေါ်တွင် ဝိုင်ခွက်နှင့် ဝိုင်နီတစ်ပုလင်းအား မြင်လိုက်ရသည်။ သူ့အိမ်တွင် ဝိုင်မရှိပေ။ ထို့ကြောင့် ရှန့်ဖန်းယွိအပြင်မှ ဝယ်လာသည်သာ ဖြစ်နိုင်သည်။

သူက မသိမသာ တောင့်တင်းသွားပြီး ဝိုင်ခွက်အားဆေးကာ၊ ဝိုင်ပုလင်းနှင့်အတူ ‌ဗီရိုထဲထည့်လိုက်သည်။

"ငါ မင်းကို ပြောစရာရှိတယ်။" ဆိုဖာပေါ်တွင်ထိုင်ကာ စကားစရန် ပြင်လိုက်စဉ်၊ ရုတ်တရက် ဖုန်းမြည်လာလေသည်။ ရှန့်ဖန်းယွိက ခေါင်းဆတ်ပြကာ သူ့အား ဖုန်းအရင်ဖြေရန် အချက်ပြလာသည်။ ကျန်းရွှိ ဖုန်းအား ကြည့်ကြည့်သည့်အခါ ခေါ်ဆိုသူမှာ ထန်ခယ်။

ကလေးမွေးဖွားစစ်ဆေးမှုနှင့် ပတ်သက်၍ တစ်ခုခု လွဲမှားနေသည်တော့ မဖြစ်နိုင်ရာ။

စိုးရိမ်မှုများနှင့် သူဖုန်းကိုင်လိုက်သည်။ သို့သော် "သတင်းကောင်း၊ သတင်းကောင်း။" ဟု ထန်ခယ်ပြောသည်ကို ကြားလိုက်ရသည်။

သူ့အသံက အင်မတန် စိတ်လှုပ်ရှားနေဟန်ပေါ်သည်။ "ဒေါက်တာခန်းရဲ့ ဆောင်းပါးထွက်လာပြီ။" ထန်ခယ်က မြန်မြန်ပင် ပြောသည်။

" ခွဲစိတ်မှုဗီဒီယိုကလည်း မဂ္ဂဇင်းဝက်ဆိုက်မှာတင်ထားပြီးပြီ။ ကိုယ်ဝန်ဆောင်ချိန်စစ်ဆေးမှု အချက်အလက်အညွှန်းတွေနဲ့၊ မှတ်တမ်းတွေကိုရောပဲ။ ခွဲစိတ်မှုဘယ်အချိန်လုပ်မယ်ဆိုတာ ရှန့်ဖန်းယွိနဲ့ မြန်မြန်ဆွေးနွေးတော့၊ ငါဒီမှာ မင်းအတွက် ခွဲစိတ်ခန်းပြင်ထားပေးမယ်။"

ဆောင်းပါးမှာ ထုတ်ဝေရန် နှောင့်နှေးခဲ့ရသည်။ ထို့အတွက် ကျန်းရွှိအား အဆိုးဆုံးအတွက် ပြင်ဆင်ထားရန် ထန်ခယ်က ပြောကြားခဲ့သည်။ မမျှော်လင့်စွာပင်၊ အရာအားလုံးပြောင်းလဲသွားပြီး ယခုကဲ့သို့ လျင်မြန်ထုတ်ဝေမှုက အံ့အားသင့်ဖွယ်ပင်။ ဆိုလိုသည်မှာ ကျန်းရွှိအနေဖြင့် ကိုယ်ဝန်ဖျက်ချရန်ခွဲစိတ်မှုအား လုပ်ဆောင်ရန် အချိန်ရှိသေးသည်၊ ကလေးအား မွေးဖွားရန်မလိုအပ်တော့ပေ။

ထန်ခယ်က သိသိသာသာကိုပင် ပျော်ရွှင်နေခဲ့သည့်အတွက် သူ့အသံက အလွန်ပင် ကျယ်လောင်လွန်းလှသည်။ ကျန်းရွှိမှာ အသံတိုးရန်အချိန်ပင် မရလိုက်ပေ။ စကားလုံးများက မိုက်ခရိုဖုန်းမှတဆင့် ပျံ့လွင့်လာလေသည်။

ရှန့်ဖန်းယွိလည်း ထိုစကားများအား ကြားသွားမည်လားဟု သူမသိချေ။ သို့သော် အချို့အချို့သော အကြောင်းများကြောင့်၊ ရုတ်တရက်ကြီး သူ့အနေနှင့် ရှန့်ဖန်းယွိကို ကြည့်ရမည်ကို ကြောက်လာလေသည်။

ထန်ခယ်က ဆက်ပြောသည်။ "အွန်လိုင်းပေါ်သွားပြီး ကြည့်ကြည့်ဦး။ ငါတို့ လုပ်ဖော်ကိုင်ဖက်တွေ တော်တော်များများ ဒီကိစ္စကို ဆွေးနွေးနေလောက်ပြီ။ ကိုယ်ဝန်ဖျက်ချဖို့က သိပ်နောက်မကျသေးပါဘူး။ ဒါပေမယ့် မင်းက တော်တော်ကြာအောင် အချိန်ဆွဲထားသေးတော့၊ ရှန့်ဖန်းယွိကို မြန်မြန်ပြောပြီး အမြန်ပြင်ဆင်ထားတော့။ "

သူ့အသံက တဖြည်းဖြည်းနှင့် ပို၍ကျယ်လောင်လာပြီး ဖုန်း၏တစ်ဖက်တွင် သူမည်ကဲ့သို့ ကခုန်နေမည်ကိုပင် ကျန်းရွှိမြင်ယောင်နိုင်လေသည်။ ထန်ခယ်မှာ သူ့အတွက်စဉ်းစားပေးနေပြီး ကျန်းရွှိမှာ သူ၏ နွေးထွေးသောခံစားမှုတို့ပင် ကူးစက်လာရသည်။ သို့သော် ထန်ခယ်မှာ အနည်းငယ် ဆူညံလွန်းလှသည်ဟု အဘယ်ကြောင့် သူခံစားနေရမှန်းမသိချေ။

"ငါသိပြီ၊ ငါအခုပဲ ကြည့်လိုက်မယ်။" ကျန်းရွှိ ဖုန်းချလိုက်ပြီး သူ့လက်ကိုင်ဖုန်းထဲမှ သတင်းများအား ကြည့်ရှုလိုက်သည်။ မထင်မှတ်ထားသည်က သူ့ဖုန်းကို ဖွင့်ဖွင့်ချင်း၊ သံရုံးဆီမှ စာတစ်စောင်ရောက်နေလေသည်။ သူ့ ဗီဇာအား လက်ခံလိုက်လေပြီ။

သုံးကြိမ်တိုင်တိုင် အငြင်းခံရပြီးနောက်၊ ထန်ခယ်၏ အကြံပြုချက်အတိုင်း လက်ရေးဖြင့် လျှောက်လွှာတင်ခဲ့ပြီး၊ အစီရင်ခံစာအားလုံးကို ပြန်လည်ပူးတွဲတင်ပြကာ၊ ပြန်လည်စစ်ဆေးရန် လျှောက်ထားခဲ့သည်။ အချိန်အတော်ကြာသည်အထိ မည်သည့်သတင်းမျှမကြားရသည့်အတွက် သူလက်လျှော့လိုက်သည်ပင်။ အံ့အားသင့်စရာပင်၊ သူက အမှန်တကယ်ကို စစ်ဆေးမှုအား အောင်မြင်သွားသည့် သတင်းကို လက်ခံလိုက်ရသည်။

ဆိုလိုသည်မှာ ရှန့်ဖန်းယွိမှာ သူ၏ တစ်ခုတည်းသော ရွေးချယ်စရာမဟုတ်တော့။ ပိုက်ဆံလုံလုံလောက်လောက်သာ သူပြင်ဆင်ထားနိုင်လျှင်၊ အမ် နိုင်ငံသို့သွားကာ ခွဲစိတ်မှုပြုလုပ်ရန် ဒေါက်တာခန်းအား ‌ရှာနိုင်လေသည်။

"ဘာဖြစ်လို့လဲ။ " ရှန့်ဖန်းယွိက သူ့ကို မေးလာသည်။

ကျန်းရွှိ လက်ကိုင်ဖုန်းအား ဆုပ်ကိုင်ထားရင်း ‌အတန်ကြာအောင် တိတ်ဆိတ်သွားသည်။ ထို့နောက် တောင့်တင်းစွာ လှည့်ကာ ရှန့်ဖန်းယွိအား ကြည့်လာလေသည်။

"ဒေါက်တာခန်းရဲ့ ဆောင်းပါးကို ထုတ်ဝေလိုက်ပြီ။" သူက ပြောသည်။ "ပြီးတော့ ငါ့ဗီဇာလည်း အောင်သွားပြီ။"