အပိုင်း ၅၄
Viewers 12k

🧑‍⚕️Chapter 54
မင်းမိန်းမနောက်ကို လိုက်နေတာလား


ရှန့်ဖန်းယွိသည် ဦးနှောက်မှ အာရုံကြောများအားလုံး ရုတ်ချည်းယိုယွင်းပျက်ပြားသွားသကဲ့သို့ ခံစားလိုက်ရသည်။ အချိန်အတော်ကြာသည့်တိုင် အပြင်လောကမှအသံများအား မကြားနိုင်တော့သလို၊ သူ၏အသိစိတ်သည်လည်း အနည်းငယ် ဖရိုဖရဲဖြစ်၍နေသည်။

"ဒါက.... ကောင်းတာပေါ့။"

သူ့ကိုယ်သူတောင် မည်သည့်စကားအားပြောလိုက်၍ အဘယ်ကြောင့်ပြောလိုက်သနည်းဟူ၍ပင် မသိစွာ အာရုံပျက်ပြားလျက် ဆိုသည်။"ဂုဏ်ပြုပါတယ်။"

ကျန်းရွှိက သူ့အား အနည်းငယ်ရှုပ်ထွေးနေသည့်ပုံဖြင့် ကြည့်လာသည်။

"မင်းက ဘာလို အဲ့ဒီပုံဖြစ်နေရတာလဲ။"

ရှန့်ဖန်းယွိက ဆက်ပြောသည်။ "မင်း ပျော်နေသင့်တာလေ။"

သူက မတ်မတ်ထိုင်ကာ လပ်တော့ကိုဖွင့်ပြီး နောက်ဆုံးရ သတင်းများအား လိုက်ရှာလေသည်။ သေချာသလောက်ပင်၊ ဒေါက်တာခန်း၏ဆောင်းပါးသည် ဆေးလောကနယ်ပယ်ထဲသို့ လှိုင်းပေါင်းတစ်ထောင်မျှရိုက်ခတ်သွားစေပြီး ပြင်းထန်သော ဆွေးနွေးမှုများ ဖြစ်ပေါ်စေသည်။ မဂ္ဂဇင်းစာမျက်နှာကို သူထောက်ကြည့်သည့်အခါ မဂ္ဂဇင်းမှာ ဖွင့်၍မရပဲ မျက်နှာပြင်တွင်သာ ပိတ်မိနေလေသည်။

-နိုင်ငံခြားမှဝက်ဆိုဒ်များသည် နှောင့်နှေးလေ့ရှိသည်။ ကမ္ဘာအနှံ့အပြားမှ မရေမတွက်နိုင်သည့် လုပ်ဖော်ကိုင်ဖက်များက ဒေါက်တာခန်း၏ဆောင်းပါးနှင့် သက်ဆိုင်သည့် အချက်အလက်များအား အားဖတ်ရှုသိမ်းဆည်းရန် ဤဝက်ဆိုဒ်သို့ရောက်လာလေသည်။

"အင်တာနက်ကျနေတယ်။ ငါဝက်ဆိုဒ်ထဲ ဝင်လို့မရဘူး" ဟု ရှန့်ဖန်းယွိက ပြောသည်။

ကျန်းရွှိက သူ့စကားကြောင့် ခေတ္တတန့်သွားကာ ပြောလာသည်။ "ငါ ဝင်လို့ရတယ်။"

"သေချာတာပေါ့၊ ဒါက မင်းအိမ်က ဝိုင်ဖိုင်လေ။ မင်းကိုပဲ log in ပေးဝင်ပြီး ငါ့ကိုတော့ မပေးဘူး။"

ရှန့်ဖန်းယွိ၏ စကားလုံးများက မိမိကိုယ်ကို အပြစ်တင်သည့် အပြုံးယဲ့ယဲ့နှင့် ရောယှက်လျက်။

ကျန်းရွှိ အနည်းငယ် မျက်မှောင်ကြုတ်သွားရကာ မေးမိသည်။ "မင်းဘာတွေ ပြောနေတာလဲ။"

နည်းနည်းပါးပါးသောက်ထားသည့်အတွက် ဖြစ်‌နိုင်သည်၊ သူ၏ ‌နွမ်းလျနေသည့်ဦးနှောက်က အနည်းငယ် ထုံထိုင်းလာပြီး ရှန့်ဖန်းယွိသည်လည်း သူ၏ခံစားချက်များကို ဖုံးကွယ်ထားရန် သိပ်မလိုလားတော့ချေ။

"ငါပြောတာနဲ့ပတ်သက်ပြီး ပြဿနာရှိလို့လား။ ငါက ဒီတိုင်း ဧည့်သည်တစ်ယောက်ဆိုတာ မင်းလဲသိတယ်၊ မင်းအိမ်က ဝိုင်ဖိုင်လည်း သိတယ်။" သူပဲ နားမလည်ခဲ့တာ။

"မင်း မူးမူးနဲ့ လျှောက်ပြောမနေနဲ့တော့။"

ကျန်းရွှိက WeChat ကို အသုံးပြုကာ အချက်အလက်များကို သူ့ထံ လွှဲပြောင်းပေးလိုက်သည်။ ထို့နောက် သူက ဧည့်ခန်းထဲရှိ ပရိုဂျက်တာအား ဖွင့်ကာ ကွန်ပျူတာမှဒေတာနှင့် ချိတ်ဆက်၍ ဒေါက်တာခန်း၏ ခွဲစိတ်မှုဗီဒီယိုအားဖွင့်လိုက်သည်။

ထို ဗီဒီယိုမှာ လေးနာရီကျော် ကြာမြင့်ပြီး မြင်ကွင်းမှာ ကြည်လင်ပြတ်သားလေသည်။ သူတို့နှစ်ယောက်လုံး ဆိုဖာ၏တစ်ဖက်တစ်ချက်စီတွင်ထိုင်ကာ တိတ်ဆိတ်စွာဖြင့် ကြည့်ရှုနေကြသည်။ ရံဖန်ရံခါ စကားတစ်လုံး၊နှစ်လုံးမျှ ကြည့်ရှုနေရင်း အပြန်အလှန်ပြောဆိုဖြစ်ကြသည်မှာ၊ ‌ဒါရိုက်တာချွေ့၏လက်အောက်တွင် ပညာသင်ကြားစဉ်အချိန်ကဲ့သို့ပင်။

ဒေါက်တာခန်းသည် အေးတိအေးစက်ဖြင့် မာနကြီးသူတစ်ဦးဖြစ်သော်လည်း သူက အမှန်ကိုပင် ကျွမ်းကျင်မှုရှိပြီး ခွဲစိတ်ကုသမှုဆိုင်ရာအရေးပေါ်အခြေအနေများတွင် ချုပ်ချက်များသည် တိကျပြီး ပြတ်သားမှုရှိသည်။ ထိုသည်ကပင် သူ့အား အောင်မြင်သည့် ခွဲစိတ်ဆရာဝန်ကြီးတစ်ယောက်ဖြစ်လာစေသည်ပင်။

လေးနာရီဆိုသည်မှာ အချိန်ကြာသည်ဟု ထင်ရသော်လည်း ယနေ့ညအတွက်တော့ တိုတောင်းလှသည် သူတို့မြင်လေ၏။ "ဂုဏ်ပြုပါတယ်။" ဟူသည့် စိတ်လှုပ်ရှားနေသည့် ချီးမွမ်းသံများနှင့်အတူ ဗီဒီယိုမှာ ပြီးဆုံးပြီး အသိအမှတ်ပြုခံရသည့် စာရင်းမှာ ပရိုဂျက်တာမျက်နှာပြင်ပေါ်တွင်ပေါ်လာလေသည်။

ကျန်းရွှိ ရီမုဖြင့်လှမ်းကာ ဗီဒီယိုအား ရပ်လိုက်သည့်အခါ ဧည့်ခန်းတစ်ခုလုံးအား တိတ်ဆိတ်မှုက ရုတ်ချည်းကြီးစိုးသွားလေသည်။ သို့သော် မည်သူကမျှ အသံတစ်ခုမျှ မထွက်ပေ။

အတိတ်အချိန်ကဆိုလျှင်၊ သူတို့မှာ ခွဲစိတ်မှုနှင့်ပတ်သက်၍ အသေးစိတ်ခွဲခြမ်းစိတ်ဖြာကာ ဆွေးနွေးမှုအား အလျင်အမြန်ပင် အစပြုကြမည်ဖြစ်သည်။ သို့သော် ယနေ့တွင်တော့ သူတို့နှစ်ဦးကြား လေထုမှ အနည်းငယ် ထူးဆန်းနေလေသည်။ ကျန်းရွှိက မည်သည့်စကားမျှမဆိုလာသကဲ့သို့ ရှန့်ဖန်းယွိသည်လည်း တိတ်ဆိတ်နေခဲ့သည်။

လမင်းကြီးသည် ပြတင်းပေါက်အပြင်ဘက်တွင် အေးချမ်းစွာ တည်ရှိနေပြီး ဆောင်းဦးအတွက် ရွက်ကြွေတို့သည်လည်း ပထမဆုံးအကြိမ်အဖြစ်ကြွေကျလာလေသည်။

ကြာမြင့်လှသည့် တိတ်ဆိတ်မှုအပြီးတွင် ရှန့်ဖန်းယွိမှ စကားစလိုက်သည်။

"ငါ သုတေသန နည်းနည်းလုပ်ထားတယ်။ အဲ့ဒီမှာ သက်ဆိုင်ရာ အမှုတွေ နည်းနည်းပဲရှိတဲ့အတွက် ယောင်္ကျားလေးကိုယ်ဝန်ဖျက်ချတဲ့ခွဲစိတ်မှုက ဗိုက်ခွဲမွေးတာထက်ပိုပြီး စိတ်ချရတယ်ဆိုတာကို သက်သေပြဖို့ လုံလောက်တဲ့ အထောက်အထားမရှိဘူး။ အကယ်၍ မင်းအနေနဲ့ ဖြစ်လာနိုင်တဲ့အန္တရာယ်တွေကိုထည့်သွင်းစဉ်းစားရမယ်ဆို ငါ့အနေနဲ့ laparoscopy ထက် တိုက်ရိုက် laparotomy လုပ်ဖို့ကိုပဲ အကြံပေးချင်တယ်။"

သူက ပရိုဂျက်တာကို လက်ညှိုးထိုးပြကာ "ပြီးတော့ ဒေါက်တာခန်းက laparotomy ကိုပဲ လုပ်သွားတာ။ ပြီးတော့ ဒါက အခုငါတို့မှာရှိတဲ့ အပြည့်စုံဆုံး ဗီဒီယိုဖိုင်ပဲ။ ထပ်ပေါင်းပြောရရင်၊ ယောက်ျားခန္ဓာကိုယ်က မိန်းမခန္ဓာကိုယ်နဲ့ မတူပဲ ကွဲပြားတယ်။ ပြီးတော့ laparotomy က ခွဲစိတ်ဆရာဝန်အတွက် ဝမ်းဗိုက်တစ်ခုလုံးရဲ့‌အခြေအနေကို ပိုပြီး ပြတ်ပြတ်သားသား မြင်ရစေတယ်။"

"ငါ ဗီဒီယိုနဲ့ လူနာရဲ့မှတ်စုတွေကို နည်းနည်းလောက်ထပ်ကြည့်ဖို့လိုတယ်။ ပြီးတော့ မင်း ငါ့ကို ခွဲစိတ်ခိုင်းဖို့ ဆုံးဖြတ်ထားတယ်ဆိုရင်၊ အကြမ်းဖျင်းနဲ့ အပြည့်အစုံခွဲစိတ်မှုအစီအစဉ် ဆွဲပြီး မနက်ဖြန်ညနေပိုင်း ငါမင်းဆီပို့ပေးလိုက်မယ်။ ညနေပိုင်း မင်းအားအောင် လုပ်ထားပြီးရင် ငါတို့ဆွေးနွေးကြတာပေါ့။" သူက ထပ်ပြောသည်။ "ငါ ဒေါက်တာခန်းဆီကို အီးမေးလ်ပို့ပြီး ခွဲစိတ်မှုမတိုင်ခင် သူနဲ့ဆက်သွယ်ဖို့ ကြိုးစားကြည့်မယ်။"

"အကယ်၍ မင်းနိုင်ငံခြားမှာ သွားပြီး ခွဲ...."

"ရှန့်ဖန်းယွိ။" ကျန်းရွှိက သူ့အား ရုတ်တရက်ဖြတ်ပြောလိုက်သည်။

" ငါအခု မင်းနဲ့ ဒီကိစ္စကို မဆွေးနွေးချင်သေးဘူး။"

သူ့စိတ်ထဲ မည်သို့မည်ပုံခံစားနေရသည်ဆိုသည်ကို သူသေချာမသိပေ။ စာကြည့်ခန်းထဲတွက် အရုပ်များ၊ အင်္ကျီများနှင့် ပြည့်နေသည့် ကြီးမားသည့် ပလတ်စတစ်အိတ်များ အများအပြားရှိနေသည်ဆိုသည်သာ သူသတိရမိသည်။

သူတို့က သူမလေးအတွက် သိပ်မကြာသေးခင်ကပဲ လက်ဆောင်‌များ အမြောက်အများဝယ်ပေးခဲ့ကြပြီး ယခုတွင်တော့ သူမလေးအား မည်သို့အဆုံးသတ်ရမည်နည်းဟု တိုင်ပင်နေကြသည်။

"နောက်ကျနေပြီ။ ငါရေသွားချိုးတော့မယ်။" ‌ဟု ကျန်းရွှိက ပြောသည်။

ယနေ့အတွက် သူ ပင်ပန်းနေလေပြီ။ အလုပ်ပြီးသည်နှင့် ညစာသွားစားရသေးသည်။ ထို့နောက် ယခုကဲ့သို့သော သတင်းအား ရုတ်တရက်ကြီး လက်ခံရလိုက်သည်။ ထပ်ပြီး ဆိုဖာပေါ်တွင် မလှုပ်မယှက် လေးနာရီ‌ကြာထိုင်ကာ ခွဲစိတ်မှုလုပ်ငန်းစဉ်အား လေ့လာရန် အာရုံစိုက်ထားရသည်။

"အချိန်ဆွဲမနေနဲ့တော့။" ရှန့်ဖန်းယွိက မျက်ခုံးများအား ဖိနှိပ်ကာ "ကလေးကိစ္စကို မြန်မြန်ဖြေရှင်းမှ မစ်ချောင်ကို မင်းမြန်မြန်လိုက်နိုင်မှာ။"

သူ၏ နဂိုတည်းက ကျဆင်းနေသည့် စိတ်ခံစားချက်သည် ယခု အရက်၏လှုံ့ဆော်မှုအောက်တွင်ပို၍ လှိုင်းထန်လာခဲ့ပြီး သူပြောလိုက်သည့် စကားကြောင့် သူကိုယ်တိုင် အတန်ငယ် ထိတ်လန့်သွားခဲ့ရသည်။

သူပြောပြချင်ခဲ့တာက ..... အကယ်၍ သူသာ အဲ့ဒါက အောင်သွယ်တော်လုပ်သည့်ရှိုးဟုသာ သိရှိထားခဲ့ပါလျှင်၊ ကျန်းရွှိ အဲ့ဒီမှာ ပါဝင်ဖို့အတွက် သူကြိုးကြိုးစားစား တိုက်တွန်းခဲ့မည်မဟုတ်ပေ။

ကျန်းရွှိက ထိုစကားများကို ကြားလိုက်သည့်အခါ ထရပ်ရန်ပြင်နေသည်ပင် ရပ်တန့်သွားခဲ့ရသည်။ သူက ရှန့်ဖန်းယွိကို မယုံကြည်နိုင်စွာ ကြည့်လိုက်ကာ သူ့အသံမှာလည်း ဒေါသတို့က အနည်းငယ်စွန်းထင်းနေလေသည်။

"ငါတို့ တစ်ယောက်နဲ့တစ်ယောက် သိလာတာ ဆယ်နှစ်လောက်ရှိနေပြီ၊ ရှန့်ဖန်းယွိ။" သူက မေးလိုက်သည်။

"မင်းစိတ်ထဲ ငါက အဲ့ဒီလို လူစားမျိုးလား။"

"ကျန်းရွှိ.."

"ပါးစပ်ပိတ်ထား.."

သူက ဆတ်ခနဲထရပ်ကာ အိပ်ခန်းထဲသို့ ဒေါသတကြီးလျှောက်ဝင်သွား၍ သူ့နောက်မှ တံခါးအား ဆောင့်ပိတ်လိုက်သည်။ ရှန့်ဖန်းယွိက ထိုင်ခုံတွင်ထိုင်လျက်၊ သူမျက်နှာသူ စိတ်ရှုပ်စွာ ပွတ်သပ်နေ၏။

နာရီဝက်မျှကြာသည့်အခါ၊ တံခါးမှာ ကြမ်းတမ်းစွာ ဆွဲဖွင့်ခံလိုက်ရပြီး ဘေးနံရံအား ဘန်းခနဲ ကျယ်လောင်စွာ သွားရိုက်မိလေသည်။

ရှန့်ဖန်းယွိမော့ကြည့်လိုက်သည့်အခါ၊ ကျန်းရွှိက သူ၏ခရီးဆောင်အိတ်အားဆွဲကာ၊ တံခါးဝတွင် ဖိနပ်လဲနေလေသည်။

"မင်း ဘယ်သွားမလို့လဲ။" သူက ထရပ်လိုက်ပြီး "

နောက်ကျနေ ပြီဆိုရင်လည်း ငါတို့မနက်ဖြန်မှ ပြောလို့ရတယ်လေ။ လျှောက်ပြေးမနေပါနဲ့။"

ကျမ်းရွှိမှာ သူ့အား လျစ်လျူရှုထားလေသည်။ သူက "လစ်လိုက်‌တော့" ဟူသည့်စကားကိုသာ ဆိုကာ၊ တံခါးကို ဖွင့်သည်။ရှန့်ဖန်းယွိက သူ့နောက်မှ အလျင်အမြန်လိုက်ရန်ပြင်သည်။ သူက ဝိုင်‌သောက်ထားသဖြင့် အနည်းငယ် မူးဝေနေလေသည်။ ထို့ကြောင့် ရုတ်တရက် လှုပ်ရှားလိုက်သည့်အခါ၊စ်ကိုယ်လုံးချာချာလည်နေသကဲ့သို့ ခံစားလိုက်ရပြီး သတိမထားမိလိုက်သည့်အတွက် ကျမ်းရွှိ၏ဖိနပ်အား ခလုပ်တိုက်ကာလဲတော့သည်။

သူထလာသည့်အခါ ဓာတ်လှေကားတံခါးမှာ ပိတ်သွားပြီဖြစ်သည်။ သူက ဖိနပ်ကို မြန်မြန်လဲကာ လှေကားမှတစ်ဆင့် ပြေးဆင်းလေသည်။ ကားပါကင်ကွင်းသို့ရောက်သည့်အခါမှ ကျန်းရွှိက သူ့ကားသူမမောင်းသွားမှန်း သိလိုက်ရသည်။ သို့နှင့် အဆောက်အဦး၏ ဝင်ပေါက်သို့ ဆက်ပြေးသွားလေသည်။ ဝင်ပေါက်သို့ ရောက်သည့်အခါ၊ ကျန်းရွှိမှာ တက္ကစီတစ်စီးပေါ်သို့ တက်ကာ၊ သူ့အား ကားအိတ်ဇောပိုက်မှ အငွေ့ဖြင့်သာ ချန်ထားခဲ့ပြီဖြစ်သည်။

ရှန့်ဖန်းယွိသည် ရှပ်အင်္ကျီတစ်ထည်တည်းကိုသာ ဝတ်ထားသော်လည်း သူက ချွေးအလွန်အကျွံထွက်နေသည့်အပြင်၊ ခေါင်းထက်တွင်လည်းအပူငွေ့များ တထောင်းထောင်းပင်။ အချိန်မှာ ညသန်းခေါင်ပင်ရောက်နေပြီးဖြစ်ပြီး နေရာမှာလည်း တက္ကစီငှားရန် နေရာကောင်းမဟုတ်ပေ။

ရှန့်ဖန်းယွိ အသက်ပြင်းပြင်းရှုကာ သူ၏ ပုံပန်းသွင်ပြင်အား ဂရုမစိုက်တော့ပေ။ ဖြတ်သွားသည့်ကားများအား အသဲအသန်လှမ်းတားတော့သည်။ သူ့အနေနှင့် အမှန်တကယ်အလျင်လိုနေသည်အား တွေ့သွားသည့် မီးခိုးရောင်ကားတစ်စီးက သူ့‌အရှေ့တွင် ရပ်တန့်ပေးလိုက်သည်။ ယာဉ်မောင်းထိုင်ခုံရှိ ကြင်နာတတ်သည့်အကိုကြီးက ကားပြတင်းမှန်ကိုချကာ သူ့အားကြည့်၍ မေးလာသည်။

" လူငယ်လေး၊ ဘာတွေဖြစ်နေလို့လဲ။"

"အကိုကြီး။ ကျွန်တော့်ကို လမ်းကြုံတဲ့အနေနဲ့ ကားပေါ်လိုက်စီးခွင့်ပေးနိုင်မလား။" ရှန့်ဖန်းယွိက ကျန်းရွှိအားခေါ်တင်သွားသည့် တက္ကစီ၏နောက်အား လက်ညှိုးထိုးပြကာ၊ ခါးညွတ်၍ မောဟိုက်စွာပြောလာသည်။

"အဲ့ဒီကားနောက်ကို လိုက်ပေးလို့ရမလား။ ကျွန်တော် အကိုကြီးလိုသလောက် ပေးပါမယ်။"

ကားပေါ်မှ အကိုကြီးက သူ့အား လှမ်းကြည့်လိုက်သည်။ သူ့အရှေ့မှ လူငယ်လေးသည် အိမ်နေရင်းအဝတ်အစားများအား ဝတ်ထားဆဲပင်။ထို့ပြင် သူ့ကြည့်ရသည်မှာ တစ်စုံတစ်ယောက်အား နောက်မှလိုက်နေပုံရသည်။ သူက ခေါင်းညိတ်ပြကာ

"ကောင်းပြီလေ။ တက်လာခဲ့လိုက်။" ဟု ဆိုသည်။

ရှန့်ဖန်းယွိကားထဲထိုင်လိုက်သည်ကို မြင်ပြီးနောက်၊ သူက ကားလီဗာအားနင်းလိုက်ကာ ‌ဆိုသည်။

"မင်းမိန်းမနောက်ကို လိုက်နေတာမလား။ဟမ်.."

"မဟုတ်ပါဘူး..."

"အဲ့ဒါဆို မင်းကောင်မလေးလား။"

ယာဉ်မောင်း၏အသံမှာ အနည်းငယ် ပရောပရည်ဆန်လာလေသည်။ " စိတ်မပူပါနဲ့။ ဘာမှ ရှက်နေစရာမလိုဘူး။ အကိုကြီးမှာလည်း အတွေ့အကြုံရှိပါတယ်.. အကို့မိန်းမကလည်း ဒေါသကြီးတယ်လေ။ ညသန်းခေါင်ကြီး အိမ်ကနေ ထွက်ပြေးတတ်တယ်။"

ရှန့်ဖန်းယွိ၏နှလုံးသားမှာ ယခုလက်ရှိတွင် ဝရုန်းသုံးကားဖြစ်နေလေရာ သူက ယဉ်ယဉ်ကျေးကျေးပြောမနေနိုင်ပေ။ သူက စိတ်ပျက်လက်ပျက်ဖြင့် ယာဉ်မောင်းအကိုကြီးအား ပြုံးပြကာ ယွမ်နှစ်ရာအား လှမ်းပေးလိုက်သည်။

"မယူပါဘူး။ငါက တက္ကစီမောင်းသမားမှမဟုတ်တာ။ မင်းကို လမ်းကြုံကူညီပေးတာပဲ။"

သူက လက်‌ကို ခါယမ်းကာ "အိပ်ရာပေါ်မှာ ရန်ဖြစ်စကားများပြီး အိပ်ရာပေါ်မှာပဲ ပြန်ပြေလည်သွားတာပဲ။ မဖြေရှင်းနိုင်တဲ့ ကိစ္စမရှိပါဘူး။"

နောက်ကျသည်အထိ အလုပ်လုပ်နေပြီး အိမ်ပြန်ရန်ပြင်နေသည့်အကိုကြီးမှာ တူညီသည့် အရှုပ်တော်ပုံထဲ ကျရောက်နေပုံရသည့် ရှန့်ဖန်းယွိနှင့်တွေ့ဆုံခဲ့ရပြီး၊ သူ့‌အရှေ့မှ တက္ကစီအား မည်သည့်နည်းနှင့်မဆို အမီလိုက်မည်ဟု ကတိပေးလိုက်လေသည်။

ကျန်းရွှိသည် နောက်ကြည့်မှန်မှတဆင့် ရှန့်ဖန်းယွိကားတစ်စီးထဲဝင်သွားသည်ကို မြင်လိုက်ရသည့်အခါ ယာဉ်မောင်းအား ပြောလိုက်သည် "ဆရာ၊ အနောက်က ကားကို မျက်ခြေဖြတ်ပေးလို့ရမလား။ ကျွန်တော့်နောက်ကို လိုက်နေတာ။"

ရှန့်ဖန်းယွိ တွေ့ဆုံရသော နွေးထွေးသည့်နှလုံးသားပိုင်ရှင်အကိုကြီးမှာ ညရှစ်နာရီခွဲအချိန်၊စိတ်လှုပ်ရှားဖွယ်ရာ အငြင်းပွားမှုများပါဝင်သည့် မိသားစုဒရာမာ၏ဇာတ်ညွှန်းရေးနေသည်ဆိုလျှင်၊

ကျန်းရွှိ တွေ့ကြုံရသည့် ယာဉ်မောင်းသည်တော့ ရဲသားများနှင့် လူဆိုးဂိုဏ်းများပါဝင်သည့် ဟောင်ကောင်ရုပ်ရှင်များ၏ ပရိတ်သတ်ပင်။ လူလတ်ပိုင်းအရွယ် ယာဉ်မောင်းမှာ ကျန်းရွှိစကားကိုကြားသည့်အခါ သူ့မျက်လုံးများအား မှေးကျဉ်းကြည့်ကာ "စိတ်မပူပါနဲ့။" ဟု လေးနက်ခိုင်မာစွာ ကတိပေးလိုက်သည်။

ထို့နောက် သူက လီဗာကိုနင်းကာ ရုတ်တရက်ဆိုသလိုပင် အေ မြို့၏ အစောပိုင်းအချိန်များ၏ သွက်လက်၍ခန့်ညားသည့်လူတစ်ယောက်ဖြစ်လာလေသည်။

ကျန်းရွှိမှာ ကားကို ရုတ်တရက် အရှိန်ပြင်းစွာ‌ေ ဆာင့်ထွက်လိုက်သည့်အတွက် နောက်သို့ဆုတ်သွားရပြီး သူ့တစ်ကိုယ်လုံးမှာလည်း ထိုင်ခုံနှင့် ကပ်လျက်ရှိနေသည်။ ယာဉ်မောင်းဖြစ်သူက အမြင့်ဆုံးမြန်နှုန်းကန့်သတ်ချက်အား ကျော်လွန်ကာ၊ ယာဉ်များပြည့်နေသည့်လမ်းကြောတွင် လမ်းကြောတစ်ခုပြီးတစ်ခုပြောင်း၍ လမ်းသွယ်များတစ်ခုပြီးတစ်ခုဖြတ်သန်းသွားလေသည်။ ရင်တုန်စိတ်လှုပ်ရှားဖွယ်ရာ အကွေ့များ‌မြောက်များစွာကို ကျော်လွန်ပြီးသည့်နောက် သူက ကျန်းရွှိအား မေးလာသည်။

"မင်းဘယ်သွားမလို့လဲ။"

ကျန်းရွှိ: "..."

.....

အဆောက်အဦးတစ်ခု၏ တိတ်ဆိတ်နေသည့်ဝင်ပေါက်ရှေ့တွင် ဂန်းစတားနှင့်ရဲသား ရုပ်ရှင်ထဲ နစ်မွန်းနေသေးသည့် ယာဉ်မောင်းက ကားဘရိတ်ကိုနင်းလိုက်ကာ ကျန်းရွှိအား သူ၏ ရည်ရွယ်ရာနေရာသို့ ပို့ဆောင်ပေးလိုက်သည်။

သူက ကျန်းရွှိ၏ ခရီးဆောင်အား ကူညီကာ အောက်ချပေးလိုက်ပြီး သူ့လက်အစုံကိုပွတ်ကာ မေးလိုက်သည်။ "ငါ ကားမောင်းတာ ဘယ်လိုလဲ။"

ကျန်းရွိမှာ ထိုသူက ပိုက်ဆံပိုလိုချင်သည်ဟု ထင်ကာ သူ့ပိုက်ဆံအိတ်အား ထုတ်ရန်ပြင်သည်။ သို့သော် ယာဉ်မောင်းက အလျင်အမြန်ပင် ငြင်းဆိုလာလေသည်။ "ငါ ဘောက်ဆူးမယူဘူးနော်။" သူက နှလုံးခုန်နှုန်း မြင့်တက်လာမှုကြောင့် စိတ်လှုပ်ရှားနေပုံရသည်။ " ငါ ဒီအတိုင်း သိချင်ရုံပါ..... ငါကားမောင်းတာကို မင်းဘယ်လိုထင်လဲ။ ဘယ်လိုနေလဲ။"

ကျန်းရွှိမှာ ယခုရက်ပိုင်းအတွင်း သူ တက္ကစီငှားစီးတိုင်း အဘယ်ကြောင့် ရှန့်ဖန်းယွိကဲ့သို့ စိတ်ကူးယဉ်ဆန်သည့် ယာဉ်မောင်းမျိုးနှင့် တွေ့ရမှန်း နားမလည်နိုင်ပေ။

သူက ဝမ်းဗိုက်အတွင်းထဲ ဝရုန်းသုန်းကားဖြစ်နေသည်အား ငြိမ်သက်စေရန် ကြိုးစားရင်း၊ အန်ချင်စိတ်ကို ထိန်းချုပ်ကာ ဗလုံးဗထွေးဖြင့် ချီးကျူးလိုက်သည်။

"အရမ်းမိုက်တယ်။ နောက်တစ်ခါတော့ ဒီလိုမမောင်းပါနဲ့တော့။"

ကျန်းရွှိမှာ ထန်ခယ်၏အိမ်တံခါးထဲသို့ ခရီးဆောင်အိတ်တကားကားဖြင့် ဝင်သွားသည့်အချိန်တွင်၊ ရှန့်ဖန်းယွိအား ကားမောင်းပို့နေသည့် အကိုကြီးမှာ လမ်းဆုံလမ်းခွရှိ ကားရပ်နားရာနေရာတစ်ခုတွင် ကားရပ်ကာ မှင်တက်စွာကြည့်နေမိသည်။ သူနှင့် ရှန့်ဖန်းယွိတို့ အချင်းချင်းအချိန်အတန်ကြာအောင် ကြည့်နေမိပြီးမှ "မင်းရဲ့မိန်းမနောက် မင်းလိုက်မမီနိုင်လောက်တော့ဘူး။"

သူက ပြောနေရင်းဖြင့် ခေါင်းကိုကုတ်ကာ " အေ မြို့က တက္ကစီသမားတွေက တော်တော်လေးကြမ်းတယ်လို့ ကြားဖူးနေပေမယ့်၊ ဒီနေ့တော့ ငါတစ်ကယ်ကြီး လက်တွေ့ကြုံလိုက်ရတာပဲ။

" သူက ရှန့်ဖန်းယွိအား မေးလာသည်။ " မင်း ကားဘယ်ကိုသွားလိုက်သလဲဆိုတာ မြင်လိုက်ရလား။"

ရှန့်ဖန်းယွိမှာ မူလကတည်းက အနည်းငယ်ရှုပ်ထွေးနေရပြီး လမ်းပေါ်တွင်လည်း တက္ကစီများက ဆင်တူနေလေရာ၊ ကျန်းရွိအား မျက်ခြေမပြတ်မီတည်းက တက္ကစီများအား မခွဲခြားနိုင်ပါချေ။

"မင်းမိန်းမ ဘယ်ကိုသွားလဲဆိုတာ ခန့်မှန်းကြည့်ပါလား။"

အကိုကြီးက ထောက်ပြမေးမြန်းလေသည်။ "‌မင်း ယောက္ခမအိမ်ရော။"

ရှန့်ဖန်းယွိမှာ ကြိမ်ဖန်များစွာ ငြင်းဆိုပြီးသော်လည်း ထိုအကိုကြီးမှာ ဇနီးဖြစ်သူ ဒေါသတကြီးဖြင့်ထွက်ပြေးသွားသည်ဟုသာ စွဲမှတ်စွာခံယူထားလေသည်။ ရှန့်ဖန်းယွိမှာ သူနှင့်ငြင်းဆိုရန် စိတ်မပါတော့ပဲ ရေလိုက်ငါးလိုက်ဖြင့်သာ "မိဘတွေက အေ မြို့မှာမရှိဘူး။"

"မောင်နှမတွေရော။"

"သူက တစ်ဦးတည်းသောကလေး။"

*他 , သူ၊သူမ နှစ်မျိုးလုံးသုံး၍ရသည့် အသံထွက် ကိုအသုံးပြုထားသည့်အတွက် ယာဉ်မောင်းအကိုကြီးမှာ သတိမထားမိပေ။

"အဲ့ဒါဆို သူ့ညီအမတွေရော။" ယာဉ်မောင်းအကိုကြီးက မေးသည်။ "သူ့မှာရင်းနှီးတဲ့ ညီအမတွေရော မရှိဘူးလား။"

ရှန့်ဖန်းယွိက အသက်ဖြည်းဖြည်းရှုလိုက်ကာ ကားပြတင်းပေါက်မှန်အား ‌ချလိုက်သည်။ ဆောင်းဦးညသည် အေးစိမ့်လျက်ရှိကာ အေးမြသည့်လေညင်းက စိမ့်ဝင်လာပြီး သူ့ကိုယ်အား ပူလိုက်၊အေးလိုက်ဖြစ်သွားစေကာ ကြက်သီးမွှေးညင်းများပင် ထသွားရသည်။

အချိန်အနည်းငယ်ကြာပြီးနောက် သူက ထန်ခယ်အား ဖုန်းခေါ်လိုက်လေသည်။

ဖုန်းခေါ်ဆိုသူအား ထန်ခယ်မြင်သည့်အခါ အလင်း၏အလျင်ဖြင့် ဖုန်းမြည်သံအား လှမ်းပိတ်လိုက်ပြီး ရေချိုးခန်းတံခါးအား လှမ်းကြည့်လိုက်လေသည်။ ရေချိုးသံမှာ ကျယ်လောင်စွာကြားနေရပြီး ရပ်တန့်မည့်ပုံမပေါ်သေး‌။ သူက သက်ပြင်းတစ်ချက်ချကာ ဖုန်းအားယူ၍ ဝရန်တာသို့ ထွက်လာလေသည်။

"ရှန့်ဖန်းယွိ.."

"ငါပါ။" ရှန့်ဖန်းယွိက မေးလာသည်။

"ကျန်းရွှိ မင်းဆီမှာလား။"


_________