အပိုင်း ၅၅
Viewers 12k

🧑‍⚕️Chapter 55
ငါမှားသွားပါတယ်လို့၊ ငါတောင်းပန်ပါတယ်လို့ သူ့ကိုပြောပေးပါ။


ထန်ခယ်က သူ့အားမဖြေပဲ ဦးစွာ မေးခွန်းထုတ်လေသည်။

"အရင်တစ်ခေါက်က မင်းတို့နှစ်ယောက် ငါ့ရှေ့မှာ တွန်းတွန်းထိုးထိုးလုပ်နေကြတာ... ငါ့ကို ရိုးရိုးသားသားပြောပြ။ အခု ကျန်းရွှိနဲ့မင်းနဲ့ အတူတူနေတာလား။"

အစောပိုင်းတုန်းက ကျန်းရွှိမှာ ပင်ပန်းနေသည့်မျက်နှာဖြင့် ခရီးဆောင်အိတ်အားဆွဲ၍ ရောက်လာလေသည်။ သူက ကျန်းရွှိကို မည်သည့်မေးခွန်းမျှ မမေးခဲ့သော်လည်း၊ ယခု ရှန့်ဖန်းယွိက ဖုန်းခေါ်လာလေသည်။ မည်မျှပင် တုံးအနေပါစေ ထန်ခယ် မည်သို့ဖြစ်ပျက်သွားသည်အား ခန့်မှန်းနိုင်လေသည်။

ကျန်းရွှိက တစ်ယောက်တည်းနေသည်။ ထို့ကြောင့် ကြီးကြီးမားမားတစ်စုံတစ်ခု ဖြစ်လာလျှင်တောင်၊ သူ့အိမ်မှာ တစ်ခြားသူတစ်ယောက် မရှိနေသရွေ့၊ သူ့ဆီသို့ ခရီးဆောင်အိတ်အားဆွဲကာ ပြေးလာစရာအကြောင်းမရှိပေ။

အရင်တစ်ခေါက် ကိုယ်ဝန်ဆောင်စမ်းသပ်မှုလုပ်စဉ်က နှစ်ဦးကြားရှိ စကားအသွားမှာ ထူးဆန်းနေလေသည်။ ထပ်ပြီး ယနေ့ဖြစ်ရပ်က ထန်ခယ်၏ သံသယများအား အတည်ပြုလိုက်သည်။

ကျန်းရွှိက သူ့ဘဝကြီးက အရမ်းကို ချောမွေ့နေလို့ သူ့ကိုယ်သူ ပြဿနာမတက်တက်အောင် လုပ်နေတာလား....

ထန်ခယ်မှာ ရှုပ်ထွေးနေရသည်။ "မင်းဘယ်လိုလုပ်ပြီး သူ့အိမ်မှာနေခွင့်ရအောင် သူ့ကိုလှည့်စားလိုက်တာလဲ။"

"အဲ့ဒီအကြောင်း မပြောလို့ရမလား။"

ရှန့်ဖန်းယွိက ဆက်ပြောလာသည်။ "ငါလာခဲ့လို့ရမလား။ ငါသူ့ကို တွေ့ချင်တယ်။"

"အရင်ဆုံးပြန်သွားလိုက်ဦး။ သူရေချိုးနေတုန်း။ ငါနောက်မှ သူ့ကိုမေးပြီး မင်းကို အကြောင်းကြားပေးမယ်။"

ရှန့်ဖန်းယွိမှာ ကျန်းရွှိ၏ဒေါသအားသိသည့်အတွက် မည်သည့်စကားမျှမပြောတော့ပဲ ဖုန်းချလိုက်လေသည်။ ထို့နောက် ယာဉ်မောင်းအစ်ကိုကြီးအား မေးလိုက်သည်။

"ကျွန်တော့်ကို ပြန်ပို့ပေးလို့ရမလား။ အနှောက်အယှက်ပေးမိပြီ။"

သူ၏ စိတ်ဓာတ်ကျနေသည့်မျက်နှာအားကြည့်ကာ ထိုအကိုကြီးက သူ့အား မနေနိုင်စွာ နှစ်သိမ့်ပေးလာသည်။

"အဆင်ပြေပါတယ်။ သေသေချာချာလေး တောင်းပန်လိုက်။ သူ မင်းကိုချစ်တာမို့ အမြဲခွင့်လွှတ်ပေးမှာပါ။"

ရှန့်ဖန်းယွိက ခေါင်းခါကာ ပြောသည်။

"အစ်ကိုကြီး၊ ကျွန်တော်တို့က တကယ်ပဲ ချစ်သူတွေမဟုတ်ဘူး။ အချစ်ဆိုတာကို ဖယ်ထားဦး၊ ဖြစ်နိုင်တာက သူ...... ဘယ်လိုပဲဖြစ်ဖြစ်၊ သူက ကျွန်တော့်ကို တော်တော်လေး စိတ်ဆိုးနေတာ။ မြင်တောင်မမြင်ချင်လောက်ဘူး။"

"အဲ့ဒီတော့ မင်းက သူ့ကို လိုက်နေတုန်းလား။" အကိုကြီးက ပြောလာသည်။

" အာ.... ညသန်းခေါင်ကြီးထပြီး လိုက်ပိုးဖို့ မိန်းကလေးတွေရဲ့ အိမ်ထဲဝင်တာက မကောင်းဘူးလေ။"

"မဟုတ်ဘူး။" ရှန့်ဖန်းယွိက ပြောသည်။ "ကျွန်တော်တို့က လုပ်ဖော်ကိုင်ဖက်တွေပါပဲ။ ပြောရရင် .....ပရောဂျက်တစ်ခုကို အတူတူလုပ်နေတာ။"

သူက သက်ပြင်းချလိုက်ကာ "ကျွန်တော်တို့ဆက်ဆံရေးက အစတည်းက ဆိုးနေတာ။ သူကလည်း ကျွန်တော်နဲ့အတူတူ တွဲမလုပ်ချင်ဘူး။ ဒီပရောဂျက်ကို အတူတူလုပ်ဖို့ သူ့ကို တွန်းအားပေးနေတဲ့ အရာတစ်ခုကြောင့်သာ။ ဒါပေမယ့် အခု အဲ့ဒီတွန်းအားကလည်း မရှိတော့ဘူးဆိုတော့ သူက လမ်းခွဲကြဖို့ ကြံစည်ထားလောက်တယ်။"

ညအချိန်ဖြစ်နေသည့်အပြင် အတင်းအဖျင်းများအား စိတ်အားထက်သန်သည့် အကိုကြီးတစ်ယောက်က ရင်ဖွင့်ပြောကြားရန် အကောင်းဆုံးအထောက်အကူဖြစ်နေ၍လားမသိ၊ ရှန့်ဖန်းယွိမှာ သူစိမ်းတစ်ယောက်အား အတော်များများပြောပြမိသွားသည်ကို ပြောပြီးခါမှ သတိထားမိလေသည်။

ထိုအစ်ကိုကြီးမှာ သူ့အား စူးစူးရှရှကြည့်နေကာ သူ၏မျက်ခုံးများမှာလည်း "川" သဏ္ဍာန် တွန့်လိမ်နေလေသည်။

ရှန့်ဖန်းယွိမှာ ယနေ့ညအတွက် သူစကားလွန်ထားမိပြီဟု ခံစားရသဖြင့် လက်ပြကာ " ကျွန်တော်က ဒီတိုင်း..."

"အစ်ကိုနားလည်ပါတယ်။ညီလေး။" ထိုအကိုကြီးက ဆက်ပြောလာသည်။ "မင်းက ဆက်လုပ်ချင်နေသေးတာ မဟုတ်လား။"

ရှန့်ဖန်းယွိ မည်သည့်စကားမျှ မဆိုလာပေ။

"သူက လမ်းခွဲချင်တယ်။ မင်းက လမ်းမခွဲချင်ဘူး။ အဲ့ဒါက ရန်ဖြစ်ရတဲ့ အကြောင်းအရင်းလား။"

ထိုအစ်ကိုကြီးက မေးလာသည်။

"မဟုတ်ပါဘူး။"

"ဒါဆို မင်းရဲ့လုပ်ဖော်ကိုင်ဖက်က ဒီလောက်တောင် စိတ်ဆိုးသွားရတာလဲ။ အရာရာတိုင်းမှာ အကြောင်းပြချက် ရှိတယ်လေ။"

ရှန့်ဖန်းယွိက ခဏလောက် တွေးတောကာ " ကျွန်တော် လမ်းခွဲသင့်တယ်လို့ ပြောပြီး သူစိတ်ဆိုးသွားတာပဲ။"

"ဒါက ယုတ္တိမကျပဲ နည်းနည်း လွဲနေသလိုပဲ။ မင်းပြောတော့ မင်းရဲ့လုပ်ဖော်ကိုင်ဖက်က လမ်းခွဲဖို့ကြံနေတာဆို။ သူက ဘာလို့ စိတ်ဆိုးသွားရတာတုန်း။" ထိုအစ်ကိုကြီးက ထောက်ပြလာသည်။

"ကျွန်တော်က ဆိုးဆိုးရွားရွား ပြောလိုက်မိတာ။" ရှန့်ဖန်းယွိက ဆက်ပြောသည်။ "ပြီးတော့ သူ့ကို စိတ်ဆိုးသွားစေမိတယ်။"

"ဟေး လူငယ်လေး။ မင်းက တာဝန်ရှိတဲ့လူလို့ထင်တာမို့ ငါမင်းကိုမေးမယ်။ မင်းရဲ့ လုပ်ဖော်ကိုင်ဖက်က သူ့ဘက်ကနေ လမ်းခွဲချင်ပါတယ်လို့ မင်းကို ပြောဖူးလား။"

ရှန့်ဖန်းယွိက ခေတ္တ တိတ်ဆိတ်သွားပြီး ခေါင်းကိုခါလိုက်သည်။ "ဒါပေမယ့် လမ်းခွဲတာက သူ့အတွက်ကောင်းတယ်လေ။"

"မင်းက သူမှမဟုတ်တာ။ သူကောင်းတယ်လို့ထင်မှန်း မင်းက ဘယ်လိုသိမှာလဲ။"

"ဒါပေမယ့် အရင်က သူ့သဘောထားက အရမ်းခိုင်မာလွန်းတယ်။"

"အရင်ကဆိုတာ အရင်ကပဲ။ ငါ့ကလေးဆို အချိန်တိုင်း ငိုလိုက်ရယ်လိုက်နဲ့။ ဦးထုပ်ကျသွားတဲ့အချိန်ခဏလေးအတွင်းတောင် ရာသီဥတုက ပြောင်းလဲသွားသေးတာပဲ။ လူတွေကရော သူတို့စိတ်ကို မပြောင်းနိုင်ဘူးလား။"

ထိုအစ်ကိုကြီးက ဆက်ပြောလာသည်။ "ငါ့စကားနားထောင်။ အရင်ဆုံး မင်းရဲ့လုပ်ဖော်ကိုင်ဖက်ကို တောင်းပန်ပြီးတော့ သူ့အနေနဲ့ မင်းနဲ့ လမ်းခွဲချင်လား၊ မခွဲချင်ဘူးလားလို့မေး။ အကယ်၍ သူက တစ်ကယ်ပဲ လမ်းခွဲချင်တာဆို ထားလိုက်တော့။ မဟုတ်ဘူးဆိုရင်တော့ မင်းအနေနဲ့ ပြတ်ပြတ်သားသားနဲ့ ပွင့်ပွင့်လင်းလင်းပြောသင့်တယ်။ လျှောက်ပြီး တွေးမနေပဲ ဆက်ဆံရေးကို ကောင်းအောင်လုပ်။ အရမ်းတွေလိုက်တွေးနေရင် နားလည်မှုလွဲသွားတတ်တယ်။"

ထိုအစ်ကိုကြီးပြောသည်မှာ မမှားပေ။ သို့သော် သူမသိသည်က ယခုကိစ္စမှာ ပူးပေါင်းလုပ်ဆောင်ရမည့်ပရောဂျက်မဟုတ်ပဲ ကလေးတစ်ယောက်ဖြစ်နေသည်။ ထို့အတွက် ကျန်းရွှိအနေနှင့် လမ်းမခွဲချင်ဘူးဆိုသည်မှာ လုံးဝမဖြစ်နိုင်သည့်အရာပေ။

ကျန်းရွှိက အရည်အချင်းရှိပြီး မျှော်မှန်းချက်များလည်းရှိသည်။ သူ့ဘဝ၏တန်ဖိုးအား သူ့အနေနှင့် နားလည်သဘောပေါက်ထားသည်မှာ ကလေးများများ မရှိရန်ပင်။ ကလေးများသည် သူ့အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုပင်။ ရှေ့ဆက်ရမည့်လမ်းအတွက် အတားအဆီးသာဖြစ်စေသည်။ ထို့အပြင် ရှန့်ဖန်းယွိမှာ ယခုကိစ္စတွင် သူ့အနေနှင့် တစ်ကိုယ်ကောင်းဆန်၍မရမှန်း သိရှိထားလေသည်။

သို့သော် သူ့အနေနှင့် လူစိမ်းတစ်ယောက်အား ရှင်းပြရန် အားအင်မရှိတော့ပါချေ။

ကားမှာ ကျန်းရွှိနေထိုင်ရာအဆောက်အဦးသို့ ပြန်လည်မောင်းနှင်လာခဲ့သည်။ ရှန့်ဖန်းယွိ မျက်လွှာချကာ ယွမ်နှစ်ရာအား ခုံအောက်တွင် အသာချခဲ့လေသည်။

ထိုအကိုကြီးမှာ သူ့အား မကူညီနိုင်သော်လည်း ရှန့်ဖန်းယွိအနေနှင့် ထိုသူ၏ကြင်နာမှုအား ခံစားမိလေသည်။ ထို့အပြင် ညသန်းခေါင်ကြီး သွားလိုက်ပြန်လိုက်လုပ်ရသည်မှာ ထိုသူအတွက် အမှန်ပင်မလွယ်ကူလှပေ။

ယာဉ်မောင်းအစ်ကိုကြီးမှာ ထွက်ခွာသွားသည့် သူ့နောက်ကျောအား လှမ်းကြည့်ရင်း သက်ပြင်းအသာချလိုက်သည်။

"လူငယ်တွေကတော့..... တကယ်ပဲ ဂနာမငြိမ်ကြပါလား။"

......

ကျန်းရွှိ ရေချိုးပြီးနောက် ရေချိုးခန်းထဲမှ ထွက်လာသည့်အခါ ဝရံတာအား တံတောင်ဆစ်များဖြင့်ထောက်လျက်မှီကာ အပြစ်ရှိသည့်ပုံပေါက်နေသည့် ထန်ခယ်အားတွေ့လိုက်ရသည်။ သူက ထန်ခယ်အနား လျှောက်သွားပြီး အဝတ်များအား အဝတ်လျှော်စက်ထဲသို့ ပစ်ထည့်လိုက်သည့်အခါ ထန်ခယ်ထံမှ အသံတိုးတိုးဖြင့် "ရှန့်ဖန်းယွိက ငါ့ဆီ ဖုန်းဆက်တိုက်ခေါ်နေတယ်။" ဟု ပြောသံကြားလိုက်ရသည်။

ပါဝါခလုတ်အားနှိပ်နေသည့် ကျန်းရွှိလက်များ ရပ်တန့်သွားသည်။ အချိန်ခဏကြာသည့်အခါမှ အဝတ်လျှော်စက်၏ အပေါ်အဖုံးအား ပိတ်ချလိုက်ပြီး ရေမည်မျှထည့်မည်နှင့် မည်သို့လျှော်မည်ကိုရွေးချယ်ကာ စတင်သည့်ခလုတ်အား နှိပ်လိုက်လေသည်။ အဝတ်လျှော်စက်အတွင်းမှ ရေကျသံမှာ ခဏချင်းပင် ကြားလိုက်ရသည်။ သူက ထန်ခယ်ဘက်သို့လှည့်ကာ "သူက ဆေးရုံဥက္ကဌရဲ့ပေါင်ကိုဖက်ဖို့ ကလေးကို ဖျက်ချချင်တယ်လို့ ထင်နေတာ။" ဟု ပြောပြလိုက်သည်။

သူက ဆိုဖာပေါ်ထိုင်ကာ ရေနွေးတစ်ငုံသောက်လိုက်ပြီး "ဒီနှစ်တွေအတွင်း၊ ငါ သူ့ရဲ့ဆေးပညာစွမ်းကို သံသယဝင်ရင် ဝင်ခဲ့မယ်၊ သူ့ရဲ့ အကျင့်စရိုက်ကိုတော့ ငါဘယ်တုန်းကမှ သံသယမဝင်ခဲ့ဖူးဘူး။"ဟုပြောသည်။ မျက်လွှာကိုချထားသဖြင့် သူ့အသံက သိမ်မွေ့နေလေသည်။

"ဒါပေမယ့် သူက ငါ့ကို တကယ်ကြီး အဲ့ဒီလိုမျိုး တွေးထားတာပဲ။"

ထန်ခယ်က သူ့ဘေးနားဝင်ထိုင်လိုက်ကာ ကျန်းရွှိ၏ပခုံးကိုပုတ်၍ "မင်းနားလည်မှုလွဲနေတာလည်း ဖြစ်နိုင်တာပဲလေ။"

ကျန်းရွိက မေးခွန်းထုတ်သည်။

"မင်း အခု သူ့ဘက်က ပြောပေးနေတာလား"

"မဟုတ်ဘူး။ ငါက နည်းနည်းထူးဆန်းနေတယ်လို့ ထင်ရုံပါ။ " ထန်ခယ်က ချိတုံချတုံဖြင့် "ငါသိတဲ့ကျန်းရွှိ ဆယ်နှစ်ကျော်လောက် အဆက်အဆံမရှိတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ဒီလိုစကားမျိုးပြောလိုက်လို့ ဒေါသတကြီးနဲ့ ညသန်းခေါင်ကြီး အိမ်ပေါ်ကဆင်းလာမယ့်လူမျိုးမဟုတ်ဘူး။"

သူက စကားကိုရပ်လိုက်ကာ မဝံ့မရဲဖြင့် " ဒီမှတ်ချက်တစ်ခုတည်းကြောင့် မင်းတကယ်ကြီး စိတ်ဆိုးနေတာလား"

ကျန်းရွှိ မဖြေသည်ကို တွေ့ရသည့်အခါ သူကဆက်ပြောလာသည်။

"ဒါမှမဟုတ် .... မင်း တခြားတစ်ခုခုအတွက် အကြောင်းပြချက်ရှာနေတာလား။"

"မင်းအတွေးလွန်နေပြီ။"

ကျန်းရွိက သူ့စကားကို ဖြတ်ပြောလိုက်သည်။

ထန်ခယ် စကားများကို ရပ်လိုက်ရသော်လည်း ဘာမှထပ်မံမပြောလာတော့ပေ။

အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားပြီးနောက် ကျန်းရွှိ ရေနွေးခွက်အား ကော်ဖီစားပွဲပေါ်တင်ကာ စကားစလိုက်သည်။

"ငါ အိပ်ရာဝင်တော့မယ်။ မနက်ဖြန် ခွဲစိတ်စရာ ရှိသေးတယ်။"

တံခါးကို ပိတ်လိုက်သည့်အခါ ခွက်ထဲမှ ရေမျက်နှာပြင်တွင် တုန်ခါ၍လှိုင်းထသွားသည်။ ညိမ့်ညောင်းသော ရေ‌လှိုင်းများက တစ်ဖြည်းဖြည်းပြန့်ကျဲကာ ပျောက်ကွယ်သွားလေ၏။

ထန်ခယ်မှာ သူ့နောက်ကျောအား ရှုပ်ထွေးနေသည့်အမူအရာဖြင့် စိုက်ကြည့်နေခဲ့သည်။

သူငယ်ချင်းအချင်းချင်း စိတ်ဆိုးစေသည့်စကားများကို ပြောသည်မှာ မမှားပေ။ ထို့ပြင် ပြိုင်ဘက်များအနေဖြင့် ဒေါသတကြီး ‌စကားပြောတတ်သည်ကိုလည်း နားလည်နိုင်ပေသည်။

သို့သော် ချွင်းချက်တစ်ခု ရှိနေသည်။

စကားပြောသည့်သူက အပြောခံရသူ၏ ဂရုထားရပါသူ ဖြစ်နေခဲ့လျှင် ထိုနာကျင်စေသည့်စကားများက ခွင့်မလွှတ်နိုင်စရာဖြစ်လာနိုင်ပေသည်။

ထန်ခယ် ဆက်လက်၍ မခန့်မှန်းရဲတော့ပေ။ သူ့အနေနှင့် အနည်းငယ် ထိလွယ်ရှလွယ်ဖြစ်နေသည်ဟု သူထင်မိသည်။ ကျန်းရွှိ ကိုယ်တိုင်ပင် ဤအကြောင်းအား တွေးမိမည်မဟုတ်၊ သူက အနည်းငယ် စိတ်ပူတတ်သည့်လူမျိုး၊ အတွေးလွန်တတ်သည့်လူမျိုးဖြစ်လေသည်။

သူ၏စိတ်အခြေအနေအား ချိန်ညှိပြီးသည်နောက် ရှန့်ဖန်းယွိ၏ဖုန်းနံပါတ်ကို နှိပ်ကာ ဖုန်းခေါ်လိုက်သည်။ တစ်ဖက်လူမှာ စောင့်ဆိုင်းနေသည့်ပုံပင်။ သူဖုန်းခေါ်ဆိုလိုက်သည်နှင့် တစ်ဖက်မှ ချက်ချင်း ဖုန်းကိုင်လိုက်လေသည်။

"ငါလာလို့ ရမလား။"

ထန်ခယ် ဝရံတာသို့ လျှောက်သွားကာ မှန်တံခါးအား ဆွဲပိတ်လိုက်သည်။ ထို့နောက် သူ့အသံကို တိုးကာ " မင်း ဘာတွေပြောမှာလဲဆိုတာ မင်းစဉ်းစားပြီးသွားပြီလား။"

ရှန့်ဖန်းယွိတွင် အဖြေမရှိပေ။

"မင်း ဒီကို လာတဲ့တဲ့အခါ ဘာပြောရမလဲဆိုတာတောင် မစဉ်းစားရသေးဘူးပေါ့။" ထန်ခယ် ဆက်ပြောသည်။

"သူ အိပ်ပျော်သွားပြီ။ ကိုယ်ဝန်ဆောင်တွေက တစ်ညလုံးမအိပ်ပဲမနေသင့်ဘူး။ ဆေးရုံကညဆိုင်းတွေကလည်း ရှောင်လို့မရဘူး။ သူ့ကို ဒီနေ့တော့ ပေးနားလိုက်ပါဦး။"

"...ကောင်းပြီလေ။"

ဖုန်း၏တစ်ဖက်မှ စိတ်ပျက်လက်ပျက်ဖြစ်နေသည့်အသံကို ကြားသည့်အခါ၊ ထန်ခယ် ခန်းစီးလိုက်ကာဆီသို့ လက်လှမ်းကာ သက်ပြင်းချ၍ ပြောသည်။

"ရှန့်ဖန်းယွိ၊ မင်းနဲ့ ကျန်းရွှိနဲ့ အဆင်မပြောတာကြောင့် ငါမင်းကို ဘယ်တုန်းကမှ သဘောမကျခဲ့ဖူးဘူး။ ဒါပေမယ့် ကျန်းရွိအတွက်နဲ့ ငါမင်းကို စကားနည်းနည်းပြောမှရတော့မယ်။"

"လွန်ခဲ့တဲ့ တစ်နှစ်၊နှစ်နှစ်လောက်က ကျန်းရွှိ လက်အောက်က တပည့်တစ်ယောက်က သူ့အနေနဲ့ ပုဂ္ဂလိကဆေးရုံတစ်ခုကို ဝင်ချင်တယ်လို့ ပြောလာတယ်။ မင်း ကျန်းရွှိ အကြောင်းသိပါတယ်။ သူက သူ့တပည့်ပေါ် အရမ်းတင်းကြပ်ပေမယ့် သူတတ်နိုင်သလောက် ကူညီတတ်တယ်ဆိုတာ။ အဲ့ဒီအချိန်တုန်းက သူတအား အလုပ်ရှုပ်နေခဲ့ပေမယ့် အချိန်ယူပြီးတော့ အဲ့ဒီကျောင်းသားနဲ့အတူတူ ငါ့ကို ထမင်းစားဖို့ ဖိတ်ပြီး သူ့ကို ငါ့ဆီက သင်ယူဖို့ပြောတယ်။"

"ထမင်းစားနေတဲ့အချိန်အတွင်း၊ အဲ့ဒီကျောင်းသားက သူ့ကို ဖားချင်တာနေမယ်။ အဲ့ဒါနဲ့ အဲ့ဒီကျောင်းသားက မင်းကအရည်အချင်း ဒီလောက်ကြီးရှိတာလဲမဟုတ်ဘူး။ ကျန်းရွှိနဲ့ အတူတူ ရပ်နိုင်တာက မင်းက ဆရာတွေကို မြှောက်ပင့်၊ ခေါင်းဆောင်တွေကို ‌မြှောက်ပင့်ပြီး လက်ဆောင်တွေပေးနေလို့ဆိုပြီး တမင်တကာ ပြောတယ်။

"အဲ့ဒီအချိန်မှာ ကျန်းရွိက ချက်ချင်း မျက်နာတည်သွားပြီး အဲ့ဒီကျောင်းသားကို အညှာအတာမရှိ ဝေဖန်ပါလေရော။ စိတ်ဝမ်းကွဲစေဖို့ တမင်တကာပြောဆိုတာက မကောင်းတဲ့နှလုံးသားရှိနေတဲ့လက္ခဏာပဲလို့ သူကပြောတယ်။ ကျောင်းသားက ချွေးတွေပါပြန်လာတာ။ ငါ့အထင် မင်းတို့ဆက်ဆံရေးက ဆိုးရွားနေတာမို့ ကျန်း
ရွှိကမင်းအတွက်ပြောပေးလိမ့်မယ်လို့ သူမထင်ထားတာဖြစ်လိမ့်မယ်။ "

"ကျန်းရွှိက မင်းအကြောင်းဘာပြောခဲ့လဲဆိုတာ မင်းသိလား။ " ထန်ခယ် ဆက်ပြောသည်။ "သူက မင်းက အဲ့ဒီလိုလူစားမျိုး မဟုတ်ဘူးလို့ပြောတာ။ မင်း ဒီနေ့ရှိနေတဲ့နေရာကို မင်းရဲ့အရည်အချင်းကိုသုံးပြီးရောက်လာတာတဲ့။"

"ကျန်းရွှိက မင်းလောက် ကောင်းကောင်းမမြင်နိုင်ဘူး။ သူက လူတွေကို ရိုးရိုးရှင်းရှင်းနဲ့ စိတ်ရင်းမှန်နဲ့ပဲ ကြည့်တတ်တယ်။ မင်းက လိမ္မာပါးနပ်ပြီးတော့ လူတွေအကြောင်းနောကျေအောင်သိတယ်။ ပြီးတော့ မင်းက မင်းအကြောင်း အားလုံးက ဖောက်ထွင်းမြင်နိုင်တယ်ဆိုတဲ့ မျက်နှာဖုံးကိုလည်း ကိုလည်း တပ်ထားသေးတယ်။ သူက မင်းကို မုန်းတယ်။ ဒါပေမယ့် သူမင်းကို ဒီလောက်မုန်းနေတာတောင် ကိုယ်ရေးကိုယ်တာကိစ္စနဲ့ ပြင်ပကိစ္စတွေကို ရှင်းရှင်းလင်းလင်းသိထားပြီး မင်းရဲ့ အကျင့်စရိုက်ကို ဘယ်တုန်းကမှ သံသယမဝင်ခဲ့ဖူးဘူး။"

တစ်ဖက်မှ ရှန့်ဖန်းယွိက အချိန်တော်တော်ကြာသည်အထိ တိတ်ဆိတ်နေပြီးမှ "ငါ့ သူ့ရဲ့အကျင့်စရိုက်ကို သံသယဝင်‌နေတာ မဟုတ်ဘူး။"

သူက ပြတင်းပေါက်အပြင်မှ အေးချမ်းလှသည့် လမင်းကြီးအား ကြည့်ကာ ကြမ်းပြင်ပေါ်ရှိ မွေ့ရာထက်တွင် လဲလျောင်းလိုက်သည်။ ထိုအိပ်ရာမှာ ကျန်းရွှိ သူ့အား မွေ့ရာအပိုတစ်ခုပေးခဲ့သည့်အချိန်တည်းက ပို၍နူးညံ့လာခဲ့သည်။ သို့သေည် သူ့ဘေးမှ ကုတင်ကတော့ လွတ်နေခဲ့သည်။

ရှန့်ဖန်းယွိမှာ သူပြောခဲ့သည့်စကားများက မပြောသင့်သည်အား သိရှိထားခဲ့သည်။

အရာအားလုံးမှာ ရုတ်ချည်းဆန်လွန်းလှသည်။

အကယ်၍ သူသာ အနားယူချိန်ပိုရခဲ့ပါက သူ၏တစ်ကိုယ်ကောင်းဆန်မှုအား ဖိနှိပ်လျော့ချကာ၊ ကလေးအားဖျက်ချသည်အပါအဝင် သူပြုလုပ်မည့် ဆုံးဖြတ်ချက်က မည်သို့ပင်ဖြစ်စေ ပို၍ ကြင်နာစွာနှင့် ပွင့်လင်းစွာပြောဆိုနိုင်မည်ဖြစ်သည်။

အကယ်၍ သူသာ အချိန်ပိုရှိခဲ့မည်ဆိုလျှင်၊ ကလေးလေးအတွက် အတူတကွနေထိုင်ကြသည့်ဖခင်နှစ်ယောက်အဖြစ်မဟုတ်ပဲ သူတို့၏ယခင်က ပြိုင်ဖက်များဖြစ်သည့် ဆက်ဆံရေးအား ပြန်သွားရမည်ဆိုလျှင်တောင် တည်ငြိမ်စွာ လက်ခံနိုင်မည်ဖြစ်သည်။

ကလေးကို ဖျက်ချသည်က မှန်ကန်သည်ဆိုတာ သူသိသည်။ ပထမဦးစွာ သူတို့အနေနှင့် ဤဆက်ဆံရေးမျိုး မရှိသင့်ကြောင်းလည်း သူသိသည်။ ထို့အပြင် ဤအရာက ကျန်းရွိအတွက် အကောင်းဆုံးသောအရာပင်။

သို့သော် ကိစ္စများက ရုတ်တရက်ဖြစ်သွားခဲ့သည်။ ထို့ပြင် ရှန့်ဖန်းယွိအနေနှင့် သူ၏တစ်ကိုယ်ကောင်းဆန်မှုအား ဖုံးကွယ်ရန်အချိန်နှင့် ကျိုးကြောင်ူဆီလျော်စွာ တွေးခေါ်နိုင်ရန် အချိန်လည်းမရှိခဲ့ပေ။

ယခုတွင်တော့ ကျန်းရွှိသည် အချိန်မရွေး သူနှင့် ကလေးအား ရှင်းထုတ်နိုင်ပြီဖြစ်သည်။

အကယ်၍ ကျန်းရွှိကိုယ်ဝန်ရှိနေသည်ကို သိရှိခဲ့ရသည့် လွန်ခဲ့သည့်လအနည်းငယ်ကသာဆိုလျှင် ယခုအခြေအနေက အားလုံးအတွက် ပျော်ရွှင်ရသည့် ကိစ္စဖြစ်ပေလိမ့်မည်။ သို့သော် ယခုအချိန်တွင်တော့ ရှန့်ဖန်းယွိအနေဖြင့် လုံးဝကို မပျော်ရွှင်‌နိုင်ပေ။

ကျန်းရွှိက သူ့အားထားရစ်ခဲ့ကာ လက်ထပ်ပြီး မိသားစုတစ်ခုထူထောင်သည်အား သူမလိုလားကြောင်း သိရှိလိုက်ရသည်မှာ နာကျင်ဖွယ်ရာကောင်းလှသည်။

သူလိုချင်သည်က ကလေး၏တည်ရှိမှုတစ်ခုတည်းသာမဟုတ်ပေ၊ ကျန်းရွှိလည်း ‌အတူရှိနေရန် လိုအပ်သည်။

လွန်ခဲ့သည့် ဆယ်နှစ်လောက်တုန်းကကဲ့သို့ပင်၊ သူတို့သည် တစ်ဦးနှင့်တစ်ဦး ပြိုင်ဖက်များဖြစ်ကြကာ မည်သူကမျှ သူတို့ကြားဝင်ရောက်စွက်ဖက်နိုင်စွမ်းမရှိသကဲ့သို့၊ မည်သူကမျှ သူတို့၏ယှဉ်ပြိုင်ခြင်းအား မလွှမ်းမိုးနိုင်ပေ။

သူ့အနေနှင့် ကျန်းရွှိအား အဘယ်ကြောင့် ပိုင်ဆိုင်လိုစိတ်ပြင်းပြနေရသည်ကို သူနားမလည်နိုင်ပေ။

ရှန့်ဖန်းယွိမှာ ကျန်းရွှိထံတွင် ဥက္ကဌဖြစ်သူနှင့် ဆက်ဆံရေးတစ်ခုအစပြုရန် ရည်ရွယ်ချက်မရှိသည်ကို သိရှိထားသည်။ သို့သော် သူ၏ ပြင်းပြသည့်ပိုင်စိုးလိုစိတ်နှင့် စိတ်မလုံမခြုံဖြစ်မှုက သူ့စကားများအား အလှည့်အပြောင်းဖြစ်စေခဲ့သည်။ ဤထင်မြင်ယူဆချက်မှာ ကြားရန်ခက်ခဲလှသော်လည်း စမ်းသပ်ပြောဆိုရန် အကောင်းဆုံးဖြစ်သည်။မဟုတ်ပါက သူက ကျန်းရွှိအား "ငါ့ကို မလိုချင်တော့တာလား" ဟု မေးမြန်းမိလိမ့်မည်။

သူက ကျန်းရွိ ဤမျှလောက်စိတ်ဆိုးသွားမည်ဟု မမျှော်လင့်ထားမိရုံသာ။

"သူ့ကို ငါတောင်းပန်ပါတယ်လို့၊ ငါမှားသွားပါတယ်လို့‌ ပြောပေးပါ။ " ရှန့်ဖန်းယွိအား အသက်ကိုဖြည်းညှင်းစွားရှုရှိုက်လိုက်ကာ "ငါ အဲ့ဒီစကားတွေ မပြောခဲ့သင့်ဘူး။ ပြီးတော့ ငါ အရက်လည်း ‌မသောက်ခဲ့သင့်ဘူးလို့။"

ယခင်က သူမူးသွားကာ ဤကလေးအား သူတို့ရခဲ့သဖြင့် ကျန်းရွှိအား ဒေါသထွက်စေခဲ့သည်။ ယခုနောက်တစ်ကြိမ် သူမူးလာကာ သူမပြောချင်သည့်စကားများအား ပြောခဲ့မိပြီး ကျန်းရွှိအား စိတ်ဆိုးစေမိပြန်သည်။

"သူ့ကို ဗွေမယူပါနဲ့လို့။"

ရှန့်ဖန်းယွိက ကျန်းရွှိ၏ကုတင်ထက်ရှိ ပန်းရောင်ယုန်ရုပ်အားကြည့်ကာ ပြောလိုက်သည်။

"ဟုတ်ပြီလား။"

_________