🧑⚕️Chapter 56
မနက်ခင်းတွင် ရှန်းဖန်းယွိ၏တောင်းပန်စကားကို ထန်ခယ်မှပြန်လည်ပြောပြသည်အား ကျန်းရွှိ နားထောင်ကာ မနေနိုင်စွာပင် နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားရသည်။
"နောက်တစ်ခေါက်ကျ၊ မင်း ဒီအတိုင်း အသံသွင်းထားလိုက်။ မင်းကိုယ်တိုင် ထပ်ပြောပြနေစရာမလိုတော့ဘူးပေါ့။"
" ဒါက တစ်ကယ်ကို ဆန်းကြယ်တဲ့အရာလို့ ငါထင်တယ်.." ထန့်ခယ်မှ ပြောသည်။
"ဒါက ရှန့်ဖန်းယွိလေ။ ငါသူ့ကို သိလာတဲ့ ဒီနှစ်တွေအတွင်း၊ သူဒီလောက်အထိ နှိမ့်ချတဲ့အသံနဲ့ပြောနေတာမျိုး ငါတစ်ခါမှ မကြားဖူးဘူး။" သူက ပြောနေရင်းပင် နောင်တများရလာသည်။ "ငါ အသံသွင်းထားပြီးတော့ သင်ကြားရေးအဖွဲ့ထဲမှာ ဖွင့်ပြလိုက်ရမှာ။ အဲ့ဒါက လုံးဝကို ထိတ်လန့်စရာဖြစ်သွားလိမ့်မယ်။"
ထန်ခယ်က မနေနိုင်ပဲ မေးမြန်းမိသည်။
"ကျန်းရွှိ မင်းသူ့ကို ဘယ်လိုဆေးမျိုး တိုက်ခဲ့တာလဲ။"
ကျန်းရွှိ မျက်လုံးကိုပင့်လိုက်ကာ ထန်ခယ်အား မည်သို့ ပြန်ဖြေရမှန်းမသိတော့ပေ။ သူကိုယ်တိုင်လည်း ရှန့်ဖန်းယွိက တောင်းပန်စကားအများအပြားဆိုခဲ့သည့်အပေါ် အံ့အားသင့်နေဆဲပင်။ ထန်ခယ်က ပေါ့ပေါ့ပါးပါးစကားဆိုရုံသာဆိုပြီး အကြောင်းပြချက်ကို မသိလိုသည်က သူ့အတွက်စိတ်ချမ်းသာရာရစေသည်။
သူထိုင်လိုက်သည့်အခါ ဤသည်က သူ၏စားပွဲမဟုတ်ကြောင်း သတိရသွားသည်။ စားပွဲက လွတ်နေကာ ရှန့်ဖန်းယွိဝယ်လာပေးသည့် မနက်စာလည်း ရှိမနေပေ။
သူ့ထံတွင် မကောင်းသည့် အစားအသောက်အကျင့်ဆိုးရှိသည်။ အတိတ်အချိန်များက၊ သူသည် အမြဲလိုလိုပင် မနက်စာမစားပေ။ ရှန့်ဖန်းယွိသူနှင့်အတူတူ ပြောင်းလာနေသည့်အခါမှ နေ့တိုင်းမနက်စာစားရန် သူဖိအားပေးခံရလေသည်။
ပြောရမည်မှာ ထူးဆန်းသည်၊ ရက်အနည်းငယ်မျှသာရှိသေးသော်လည်း ကျန်းရွှိ
ထံတွင် အလေ့အကျင့်အသစ်တစ်ခု ထပ်တိုးလာခဲ့ပြီဖြစ်သည်။
အချိန်အတန်ကြာအောင် ချိတုံချတုံဖြစ်နေပြီးမှ သူ ထန်ခယ်အား မေးလိုက်သည်။ "မင်း မနက်ဆို ဘာစားလေ့ရှိလဲ။"
"ငါ ဆေးရုံကန်တင်းကိုပဲ သွားတာ။" ထန်ခယ်က သူ၏အတွေးများအား သတိမထားမိပေ။ "ငါမင်းကို ပြောပြမယ်။ ငါတို့ဆေးရုံကန်တင်းက အစားအသောက်တွေက အရသာရှိတယ်။ အေ ဆေးတက္ကသိုလ်ကထက် ပိုပြီးကောင်းတယ်။"
ကျန်းရွှိ: "...."
သူက လက်ဆွဲအိတ်အား ကောက်ယူကာ သူ၏ယခင်အကျင့်ဟောင်းအတိုင်းပြန်နေရန် ဆုံးဖြတ်လိုက်သည်။
မနေ့ညက သူအင်မတန်စိတ်ဆိုးနေသဖြင့် ခံစားချက်များက လွန်ကဲစွာ တက်လိုက်ကျလိုက်ဖြစ်နေသည့်အတွက် ကားမောင်းသည့်အခါ မတော်တဆဖြစ်မည်ကိုစိုးရိမ်ကာ တက္ကစီစီးခဲ့လိုက်သည်။ ကျန်းရွှိ တက္ကစီစီး၍အိမ်သို့ပြန်ကာ သူ၏ကားကိုယူရန်နှင့် ဆေးရုံသို့ တက္ကစီငှားသွားရန် ရွေးချယ်စရာနှစ်ခုအား တခဏမျှစေ့စေ့တွေးနေပြီးနောက်၊ ပြတ်သားစွာပင် ဆေးရုံသို့ တက္ကစီစီးသွားရန် ရွေးချယ်လိုက်သည်။
ယခုလောလောဆယ်တွင် ရှန့်ဖန်းယွိအတွက်ကြောင့်နှင့် သူ၏နေထိုင်ရာအဆောက်အဦးကိုပင် မမြင်ချင်ပေ။
ထန်ခယ်၏အိမ်မှာ ကျီဟွားနှင့်ပို၍ အလှမ်းဝေးလေသည်။ ကျန်းရွှိ ရုံးခန်းထဲဝင်လာသည့်အချိန်တွင် သူ၏လုပ်ဖော်ကိုင်ဖက်အတော်များများက ရုံးခန်းထဲသို့ရောက်နေပြီဖြစ်ပြီး ကော်ဖီဖျော်ကာ မနက်စာစားနေကြသည်။ အဖွဲ့နှစ်၏ ရုံးခန်းအတွင်းမှ လေထုသည် အင်မတန်အသက်ဝင်နေပေသည်။ သူတို့က မနေ့က ထိတ်လန့်စရာဆောင်းပါးအကြောင်း ဆွေးနွေးနေကြသည်။
"အစ်ကိုရွှိ.." ယွီစန်းက သူလာသည်ကိုမြင်တော့ လှမ်းနှုတ်ဆက်သည်။ "မနေ့က ဆောင်းပါးကို ဖတ်ပြီးပြီလား။"
ကျန်းရွှိ ရှန့်ဖန်းယွိ၏ ထိုင်ခုံနေရာသို့ လှမ်းကြည့်လိုက်သည်။ သူတို့နှစ်ဦးမှာ ရုံးခန်း၏ အဝေးဆုံးဖြစ်သည့် ထောင့်နှစ်ထောင့်၌ထိုင်နေကြသည်။ သူ၏ဘက်မှကြည့်လျှင် ရှန့်ဖန်းယွိ၏ နောက်ကျောကိုသာ မြင်နိုင်လေသည်။ တစ်ဖက်လူက ယွီစန်းသူ့အား လှမ်းခေါ်သည့်အသံကိုကြားရက်နှင့် လှည့်မလာပေ။
"ကြည့်ပြီးပြီ။" ကျန်းရွှိ စကားစသတ်ကာ သူ့နေကာသို့ သွားလေသည်။ သူ၏ လက်ဆွဲအိတ်အားချလိုက်သည့်အခါမှ သူ့စားပွဲပေါ်တွင် ပဲနို့နှင့် ပူပူနွေးနွေးပေါက်စီတို့ကို တွေ့လိုက်ရသည်။
သူက ချက်ချင်းပင် ထိုအထုပ်များက သူ၏အိမ်အောက်ရှိ မနက်စာစားသည့်ဆိုင်မှ အထုပ်များဖြစ်ကြောင်း မှတ်မိလိုက်သည်။
"ကျွန်တော်တို့အားလုံး ဒီနေ့ အဲ့ဒီအကြောင်းကို ဆွေးနွေးနေကြတာ။" ယွီစန်းက သူ့နားနားတွင် ခပ်အုပ်အုပ်ပြောလာသည်။
"ကျွန်တော်မစစ်ဆေးခင်တုန်းကအထိ မသိခဲ့ဘူး။ ဒါပေမယ့် စစ်ဆေးကြည့်လိုက်တော့ ကျွန်တော်လန့်သွားပါလေရော။ တစ်ချို့အမျိုးသားတွေ ကိုယ်ဝန်ရနိုင်တယ်လို့ မထင်ထားခဲ့မိဘူး။ ကျွန်တော်ဒီကိစ္စမျိုး နည်းနည်းပဲ ရှာလို့တွေ့တယ်။ပြီးတော့ အားလုံးက နိုင်ငံရပ်ခြားကကြီးပဲ။ မနေ့က အောင်မြင်သွားတဲ့ ဆောင်းပါးကလွဲလို့ အရင်က ခွဲစိတ်မှုတွေအကုန် ကျရှုံးသွားတာချည်းပဲ။"
"ကျွန်တော်တို့ဆီမှာ ဘာလို့ ဒီလိုကိစ္စမျိုး မကြုံဖူးသေးတာလဲ စဉ်းစားကြည့်။ လူမျိုး၊ မျိုးရိုးဗီဇနဲ့ ဆိုင်လောက်သလား။"
ကျန်းရွှိက ယွီစန်းအား တိတ်ဆိတ်စွာပင် ကြည့်လိုက်သည်။
ထိုအရာက လူမျိုး၊မျိုးရိုးဗီဇနှင့် မည်သို့မျှ မဆက်ဆိုင်လောက်ပေ။ ထိုကဲ့သို့ဖြစ်ရပ်များက တရုတ်တွင်လည်း ရှိပြီး ယခု သူ့အရှေ့တွင် တစ်ယောက်က ထိုင်နေပေသည်။
သူက ယွီစန်း၏စကားများအား လျစ်လျူရှုကာ မေးလိုက်သည်။ "မင်း မနက်စာစားပြီးသွားပြီလား။"
"မစားရသေးဘူး။ ကန်တင်းက မနက်စာက စိတ်ပျက်စရာကြီး။ ကျွန်တော် ဒီတိုင်း ကော်ဖီပဲ သောက်လိုက်တော့မယ်။"
သူနှင့်အချိန်အကြာဆုံးရှိခဲ့သည့် ကျောင်းသားတစ်ယောက်အနေနှင့် မျော်လင့်ထားသကဲ့သို့ပင်၊ ယွီစန်းမှာ ကျန်းရွှိ၏အကျင့်ဆိုးများအား တီရှပ်တစ်ထည်ကဲ့သို့ ကောက်ဝတ်ထားလေသည်။
ကျန်းရွှိက စားပွဲပေါ်မှ ပဲနို့နှင့် ပေါက်စီများအား ယွီစန်း၏စားပွဲပေါ်သို့ တင်လိုက်ကာ "စားလိုက်" ဟု ဆိုလေသည်။
"ဝိုး။ အစ်ကိုကျန်းက တအားကြင်နာတတ်တာပဲ။"ဟု ယွီစန်းက ဆိုလေသည်။ သူက နှစ်ခါပင်မစဉ်းစားပဲ ပဲနို့အား အငုံကြီးကြီးနှစ်ငုံမျှသောက်ကာ ဆက်ပြောလေသည်။ "ဘယ်လို နေ့မျိုးတုန်း။ အကိုက ကျွန်တော့်ကို တစ်ကယ်ကြီး မနက်စာဝယ်လာပေးတယ်ပေါ့။"
ကျန်းရွှိမှာ မည်သည့်အသံမျှမပြုနိုင်သေးခင် ရုံးခန်းတံခါးအား ခေါက်နေသည့်အသံထွက်လာလေသည်။ စနောက်နေသည့် ဆရာဝန်များက လက်ထဲမှအရာများကိုချလိုက်ကာ လှမ်းကြည့်လိုက်သည့်အခါ ဒါရိုက်တာချွေ့အား တွေ့လိုက်ရလေသည်။
"မင်္ဂလာနံနက်ခင်းပါ၊ ဒါရိုက်တာ။"
လူအုပ်က တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်လာလေသည်။
ဒါရိုက်တာကချွေ့ အပြုံးဖြင့် ခွန်းတုံ့ပြန်ကာ "မနေ့က ဆောင်းပါးအကြောင်း မင်းတို့ဆွေးနွေးနေကြတာကို ခုလေးတင် တံခါးနားမှာ ကြားလိုက်ရတယ်။ မင်းတို့ သင်ယူဖို့ စိတ်အားထက်သန်နေတာ ကောင်းတယ်။"
နိုင်ငံ၏ ထိပ်တန်းဆေးရုံတစ်ခုဖြစ်သည့်အားလျော်စွာ ဌာနမှ နောက်ဆုံးရ သိပ္ပံနည်းကျ သုသေသနဆိုင်ရာ ဆွေးနွေးမှုများကို စီစဉ်ကျင်းပမည်ဖြစ်ပြီး ပါဝင်သူများမှာလည်း အဖွဲ့လိုက်အစည်းအဝေးမတိုင်မီ အချင်းချင်း အပြန်အလှန် အကြံပြုချက်များ ပေးကြမည်ဖြစ်သည်။ ထို့ကြောင့် ထိုကဲ့သို့ကိစ္စအသစ်များအတွက် အားလုံး၏စိတ်ဝင်စားမှုမှာ မြင့်တက်လျက်ရှိသည်။
"ကျန်းရွှိ၊ ရှန့်ဖန်းယွိ..."
ဒါရိုက်တာကချွေ့ နာမည်များ ခေါ်လိုက်သည်။
နှစ်ဦးသားက တစ်ချိန်တည်းမှာပင် "ဟုတ်ကဲ့"ဟူ၍ ပြန်လည်ဖြေကြားလိုက်ကြသည်။
ကျန်းရွှိက ရုတ်တရက် ရှန့်ဖန်းယွိအသံနှင့်သူ့အသံထပ်သွားသည်ကြောင့် နှုတ်ခမ်းဆူလိုက်မိသည်။
"ဘာဖြစ်လို့လဲ ဆရာမချွေ့" ရှန့်ဖန်းယွိက မေးသည်။
"မင်းတို့နှစ်ယောက် ဒေါက်တာခန်းရဲ့ဆောင်းပါးကိုဖတ်ပြီး ခွဲစိတ်မှုဗီဒီယိုကို ကြည့်ပြီးပြီလား။"
ရှန့်ဖန်းယွိ :"ကြည့်ပြီးပါပြီ။"
ဤအကြိမ်တွင် ရှန့်ဖန်းယွိအသံနှင့် တစ်ထပ်တည်းမကျစေရန် ကျန်းရွှိက တစ်စက္ကန့်မျှ တမင်ရပ်ကာ "ဟုတ်ကဲ့"ဟု ဖြေလိုက်သည်။
"ကောင်းတယ်။"
ဒါရိုက်တာကချွေ့ စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"အချိန်ယူပြီး ပြင်ဆင်ထားလိုက်။ ဌာနတစ်ခုလုံး မနက်ဖြန် လေးနာရီမှာ ဒီကိစ္စကိုလေ့လာဖို့ အစည်းအဝေးလုပ်မယ်။ မင်းတို့နှစ်ယောက် တစ်လှည့်စီ အစီအစဉ်တင်ပြပေးရမယ်။"
သူမက တာဝန်ပြီးသည်နှင့် အမြန်ပင် ထွက်ခွာသွားခဲ့သည်။ ထို့နောက် တိတ်ဆိတ်နေသည့် ရုံးခန်းမှာ တစ်ဖန် ပြန်လည် ယောက်ယက်ခတ်သွားလေသည်။ ကျုံးလန်က တစ်ဖက်မှ ညည်းညူကာ "နင်တို့ အချိန်တိုအတွင်း တင်ဆက်မှုကို လုပ်ရမယ့်အတွက် ကျေးဇူးပဲ။" သူမက ထပ်ပြောသည်။
"မနေ့ညက အဲ့ဒီဆောင်းပါးထွက်လာတဲ့အချိန် ရှစ်နာရီ၊ကိုးနာရီလောက်ရှ်ိနေပြီ။ အဲ့ဒါကို နင်တို့နှစ်ယောက်က ခွဲစိတ်မှုကို လေးနာရီကျော်ကြာအောင် ကြည့်လိုက်ကြသေးတယ်ပေါ့။"
ကျီဟွားဆေးရုံ၏ ဘုရင်များအတွက်တော့ မဆိုးလှပေ။
"ဒီအတိုင်း ကြည့်ဖြစ်သွားတာပါ။" ကျန်းရွှိက ပြောလိုက်သည်။
ရှန့်ဖန်းယွိက သူ့အား လှမ်းကြည့်လာလေသည်။ သူက မနေ့ညက တစ်ကြိမ်ထက်ပို၍ ကြည့်ခဲ့ကြောင်းတော့ မပြောတော့ပေ။
ဝူရွေ့က ပြုံးကာ သူ၏ ဂိုဂျီလက်ဖက်ရည်ကြမ်းကို တစ်ငုံမျှသောက်ကာ ပြောသည်။ "အဲ့ဒါက သူတို့အတွက်တော့ အလွယ်လေးပဲလေ။"
ယွီစန်းရှုံ့မဲ့ကာ ပြောလိုက်သည်။ " ဒေါက်တာရှန့်လုပ်မယ် မလုပ်ဘူးဆိုတာတော့ ပြောရခက်သား…ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အစ်ကိုရွှိရဲ့ပုံစံအရဆို သူမနေ့ညတည်းက ထုချေလွှာကို အဆင့်သင့်ဖြစ်နေလောက်ပြီ မဟုတ်ဘူးလား…"
ရှန့်ဖန်းယွိနှင့် ကျောင်းသားဘဝထဲကစ၍သူငယ်ချင်းဖြစ်ခဲ့ကြသော ကျန်းချန်မှ ဒေါသတကြီးပြောလိုက်သည်။
" စောပြီးတယ်ဆိုတိုင်း ကောင်းကောင်းလုပ်ထားတယ်မှ မဟုတ်တာပဲကို…"
" ကောင်းတယ်ပြောထားရင် ကောင်းလို့ပေါ့…" ယွီစန်း သူ့ကိုချော့မော့လိုက်ကာ " ငါထင်တာတော့ အစ်ကိုကျန်းက ပိုကောင်းတာလုပ်ထားမယ်ထင်တယ်…"
" အဲ့ဒါက မင်းရဲ့အမြင်နဲ့ပတ်သက်ရင် ပြသနာရှိနေတာကြောင့်လေ.." ကျန်းချန် မီးထဲသို့လောင်စာထပ်လောင်းလိုက်သော်လည်း ရှန့်ဖန်းယွိမှ သူ့ကိုကြည့်လာသော် အကြည့်တစ်ချက်ကိုမူ မမြင်မိလိုက်ချေ။ ကျန်းချန် အင်္ကျီလက်ကို ခေါက်တင်ကာ ယွီစန်းနှင့်ငြင်းခုံရန်ပြင်လိုက်ပြီး တစ်ဖက်လူမှာလည်း သွေးပူလာခဲ့သည်။
ကျန်းရွှိ ချက်ချင်းပင် လက်ကိုမြောက်ကာ သူ၏ထိုင်ခုံရှိရာသို့ ပြန်ဆွဲခေါ်လာခဲ့သည်။ တစ်ဖက်တွင်လည်း ရှန့်ဖန်းယွိမှ ပေါက်ကွဲလုမတတ်ဖြစ်နေသောကျန်းချန်ကိုတားလိုက်ပြီးနောက် ကျန်းရွှိရှိရာသို့ တိုက်ရိုက်ပင် ပြန်လျှောက်လာခဲ့သည်။
" ဘာလုပ်မလို့လဲ ရန်ဖြစ်ချင်တာလား…" ရှန့်ဖန်းယွိ သူ၏လက်ထဲမှ ပေါက်စီလုံးလေးကိုကြည့်ကာ သူ၏ကာကွယ်မှုကို မလိုအပ်သော ကျန်းရွှိကို ရှန့်ဖန်းယွိ အမြန်ကာကွယ်ပေးလိုက်သည်ကို ယွီစန်းမြင်လိုက်ရသည်။
ရှန့်ဖန်းယွိမှ " ငါ့နောက်လိုက်ခဲ့ ငါမင်းနဲ့ပြောစရာရှိတယ်…"
ကျန်းရွှိ သူ့ကိုမတူညီစွာကြည့်ကာ အရှေ့တွင်ရပ်နေသောယွီစန်းကို အဝေးသို့ တွန်းဖယ်လိုက်သည်။ သူတို့နှစ်ဦး ရုံးခန်းထဲမှထွက်သွားချိန်တွင် သူတို့၏နောက်မှ ယွီစန်းလှမ်းအော်လာသည်။
" သွား အစ်ကိုရွှိ သူ့ကိုရိုက်ပစ်လိုက်…"
" မင်းကိုယ်မင်းဆရာဝန်တစ်ယောက်လို့ကော တွေးသေးရဲ့လား…ငါတို့ရဲ့ဆရာဝန်ပုံရိပ်ကို မဖျက်စီးနေနဲ့…" ကျန်းချန် သူ့ကိုကြည့်၍ပြောလိုက်ပြီးနောက် ခေါင်းကိုပြန်လှည့်ကာ အော်လိုက်သည်။
" အစ်ကိုရှန့် ကျန်းရွှိကိုမှ မနိုင်ရင် ယောင်္ကျားမဟုတ်တော့ဘူးနော်.."
ကျန်းရွှိနှင့်ရှန့်ဖန်းယွိ : "....."
အနောက်မှတံခါးကို ပိတ်လိုက်ပြီးနောက် ရှန့်ဖန်းယွိမေးလိုက်လေသည်။ " ဘာလို့မနက်စာမစားတာလဲ…"
" စားပြီးသွားလို့…"
ရှန့်ဖန်းယွိ သူ့ကိုမယုံပေ။
" တခြားနေရာမှာဆိုရင်တော့ မတတ်နိုင်ပေမယ့် အခုကဆေးရုံမှာဆိုတော့ ရှောင်ထင်ကိုခေါ်ပြီး သွေးတွင်းသကြားပါဝင်မှုစစ်ခိုင်းလိုက်တာပေါ့…မင်းတကယ်စားခဲ့တယ်ဆို ငါဘာမှဆက်မပြောတော့ဘူး…"
" ဟင့်အင်း…"
" သွားချင်တာလား မသွားချင်တာလား…"
" မသွားချင်တာ.."
" မင်းရဲ့အစာအိမ်ပြသနာက မနက်စာမစားတာကနေစတာပဲ… ငါနဲ့စိတ်ဆိုးနေရုံလေးနဲ့ မနက်စာမစားဘဲတော့ မနေနဲ့…"
ရှန့်ဖန်းယွိ သူ၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်ရန် ကြိုးစားလာသော်လည်း ကျန်းရွှိ လက်ကိုရိုက်ထုတ်ရန် ကြိုးပမ်းလိုက်ကာ သူ၏ပါးလွှာသောမျက်မှန်ပေါ်တွင် ကြမ်းရှရှအလင်းမှာ ရောင်ပြန်ဟပ်နေသည်။
" ဘာတွေလာဂရုစိုက်ပြနေတာလဲ…"
" ငါကမင်းအတွက်တာဝန်ရှိတယ်လေ ဘာမှားလို့လဲ.."
" မင်းကိစ္စမင်းပဲဂရုစိုက်စမ်းပါ…"
ကျန်းရွှိ ယခုအချိန်၌ ယမန်နေ့ညမှရှန့်ဖန်းယွိမှာ အတုအယောင်ဖြစ်သည်ဟု သံသယဝင်နေမိပြီဖြစ်သည်။ ဤသည်မှာ ထိုအကြောင်းကြောင့် သို့မဟုတ် ထန်ခယ်၏ပြန်လည်ပြောပြခြင်းမှာ မှားယွင်းနေခြင်းကြောင့် ဖြစ်နိုင်ပေမည်။ ထို့အပြင် ဆားမည်မျှပေါင်းထည့်ထားသည် သို့မဟုတ် ရှာလကာရည်မည်မျှမြုပ်ထားသည်ကိုပါ သံသယဝင်နေမိပြီဖြစ်သည်။
ရှန့်ဖန်းယွိမှာ ရန်ပွဲရှာသည့်အချိန်တိုင်းလိုပင် ဤသို့ဖြစ်တတ်သည်ကို သူသိနေသည့်တိုင် သူလိုချင်သည့်အရာကို ပေးမည်မဟုတ်ပေ။
" ဒေါက်တာရှန့် မင်းရဲ့ ထုချေလွှာကိုပဲ ပြင်ဆင်နေလိုက်ပါ… ငါ့ရဲ့အစားအသောက် အနေအထိုင်နဲ့ပတ်သက်ပြီး မင်းစိတ်ပူနေဖို့မလိုပါဘူး…"
နာရီလက်တံမှာ ရှစ်ဂဏန်းနားသို့ နီးကပ်လာကာ လူနာလှည့်ရန်လာသည့်ကျောင်းသားများမှာ ရုံးခန်းရှေ့မှ ကော်ရစ်ဒါသို့ တစ်ဦးပြီးတစ်ဦး ရောက်ရှိလာကြသည်။ ကျန်းရွှိ ရှန့်ဖန်းယွိကိုကြည့်ကာ သူ၏လက်ကို ပြန်ရုတ်လိုက်ပြီးနောက် ရုံးခန်းစီသို့ ထွက်သွားလိုက်လေသည်။
ယွီစန်းမှ ချက်ချင်းလိုပင် သူ၏လက်ကိုကိုင်ကာ မေးလိုက်သည်။ " ဘယ်သူနိုင်သွားလဲ.."
ကျန်းရွှိ သူ၏ဖိုင်တွဲနှင့်ဘောပင်ကိုကိုင်ကာ အနောက်သို့ လှည့်မကြည့်ဘဲ ထွက်သွားခဲ့သည်။ ယွီစန်း ရှုပ်ထွေးနေဟန်ဖြင့် အနောက်မှလိုက်သွားချိန်တွင် ဘေးမှကျန်းချန််မှ ဝမ်းသာအားရဖြင့် " ဖြစ်နိုင်တာက…"
သူစကားပြောလိုက်သည့်အချိန်မှပင် အင်္ကျီရင်ဘတ်ထဲမှ ဘောပင်တစ်ချောင်းမှာ ခုန်ထွက်သွားခဲ့သည်။ ကျန်းချန် လက်သည်တရားခံကိုကြည့်ကာ မကျေမချမ်းဖြင့် " ရှန့်ဖန်းယွိ မင်းနိုင်လာတာတောင် ငါ့ဘောပင်ကို လာယူနေသေးတာလား…"
ရှန့်ဖန်းယွိ အနောက်သို့လှည့်ကြည့်ကာ လက်ယမ်းပြလိုက်ပြီး " ငါရှုံးလာတာဟ…"
ကျန်းချန် အင်္ကျီရင်ဘတ်ကို စမ်းကြည့်လိုက်ချိန်၌ ဘောပင်တစ်ချောင်းပဲကျန်တော့သည်ကို သိလိုက်သည်နှင့် ပို၍ပင် စိတ်တိုလာကာ " မင်းရှုံးလာတယ်ဆိုရင်လည်း ကျန်းရွှိရဲ့ဘောပင်ကိုယူလေ ဘာလို့ငါ့ဟာလာယူတာလဲ…"
ထပ်မံ၍ လက်ထောက်ပါရဂူနှစ်ဦးမှာ တစ်ဦးကိုတစ်ဦးမကြည့်ဘဲ ကော်ရစ်ဒါမှ အသီးသီးထွက်လာခဲ့လေသည်။
လူနာလှည့်ရာမှ ပြန်လာပြီးနောက် ကျန်းရွှိပစ္စည်းများပြင်ဆင်ကာ ခွဲစိတ်ခန်းသို့ သွားမည်အပြုတွင် ရှန့်ဖန်းယွိမှ တားမြစ်လာသည်။ သူမျက်လုံးပင့်ကာ ကြည့်လိုက်ချိန်တွင် ဂလူးကို့စ်ပုလင်းတစ်ဘူးမှာ သူ၏လက်ထဲသို့ ရောက်ရှိလာခဲ့သည်။
" မင်းဒါမသောက်လို့ကတော့ ဒီနေ့ခွဲခန်းမသွားရဘူးမှတ်…"
" ရှန့်ဖန်းယွိ မင်းကလူမိုက်လား…"
ရှန့်ဖန်းယွိ ပြန်မဖြေခဲ့သလို ဖယ်လည်းမပေးဘဲ ပြုံးနေသည့်ကျားတစ်ကောင်ကဲ့သို့ ပိတ်ရပ်နေခဲ့သည်။
ကျန်းရွှိ သူနှင့်ပြိုင်မငြင်းချင်သည့်အတွက် ပုလင်းအဖုံးကို အမြန်ဖွင့်ပြီး နှစ်ငုံ သုံးငုံဖြင့်အပြောင်ရှင်းလိုက်ကာ သူ၏အကြည့်များမှာ ရှန့်ဖန်းယွိပေါ်သို့ ကျရောက်နေခဲ့သည်။ ခဏအကြာတွင် ရုတ်တရက်ဆိုသလို ရှန့်ဖန်းယွိ ငရဲဘားမှညကို သတိရမိသွားသည်။
ထိုနေ့တွင်လည်း ကျန်းရွှိ သူ့ကိုတူညီသည့်အကြည့်ဖြင့် ကြည့်ခဲ့ဖူးသည်။ မီးရောင်မှာ ဖျော့တော့လွန်း၍သာ သူကျန်းရွှိ၏မျက်လုံးအောက်မှ မှဲ့လေးကိုမမြင်ခဲ့ရခြင်းဖြစ်လေသည်။
တစ်စုံတစ်ခုမှာ သူ၏လက်ဖဝါးအတွင်းသို့ ရောက်ရှိလာခဲ့သည်။ ရှန့်ဖန်းယွိ အသိပြန်ဝင်လာချိန်တွင် ကျန်းရွှိမှ ပုလင်းကို သူ့လက်ထဲထည့်ပေးကာ မေးလိုက်သည် " ဖယ်ပေးလို့ရပြီလား…"
သူဖယ်ပေးလိုက်သောကြောင့် ကျန်းရွှိ ချက်ချင်းပင်ထွက်သွားခဲ့သည်။ ကျန်းရွှိ သူ့ကိုကျော်သွားသည့်အချိန်၌ ရှန့်ဖန်းယွိ ရုတ်တရက်လှမ်းခေါ်မိလိုက်သည်။
" ကျန်းရွှိ…"
ကျန်းရွှိ စိတ်မပါလက်မပါလှည့်ကြည့်လိုက်ချိန်တွင် ရှန့်ဖန်းယွိမှ ဘေးဘီဝဲယာကိုကြည့်ကာ တစ်စုံတစ်ခုကို သူ၏ကုတ်အင်္ကျီအိတ်အတွင်းသို့ ထည့်ပေးလာခဲ့သည်။ ထို့နောက် ချက်ချင်းလိုပင် ရှန့်ဖန်းယွိ အင်္ကျီအိတ်ကပ်ထဲ လက်ထည့်ကာ မည်သည့်အရာမျှမဖြစ်ပျက်သကဲ့သို့ ခပ်အေးအေးပင် ထွက်သွားခဲ့သည်။ ကျန်းရွှိ ထိုပစ္စည်းကို ထုတ်ကြည့်လိုက်ချိန်၌ သူတောင့်ခဲသွားရသည်။
၎င်းမှာ လက်ရေးစာတစ်စောင် သို့မဟုတ် ထုချေလွှာတစ်စောင်ဟု ပို၍ဆိုနိုင်ပေမည်။
.........
" ဟားဟားဟား…" ထန်ခယ် ရှန့်ဖန်းယွိ၏စာကိုကိုင်ကာ အသည်းအသန်ရယ်မောနေရသောကြောင့် အသက်ပင်ကောင်းကောင်းမရှုနိုင်ခဲ့ပေ။
" ငါ့ရဲ့သက်တမ်းတလျောက်မှာ ရှန့်ဖန်းယွိရဲ့ထုချေလွှာကိုမြင်ရတာ ဘယ်လိုကုသိုလ်ထူးပါလိမ့်နော်…"
သူစာရွက်ကို ကိုင်ကာ အနိုင်ရသွားသည့်ဟန်ဖြင့် : " ထုချေလွှာ : ကျွန်ုပ် ရှန့်ဖန်းယွိသည် ယမန်နေ့ညတွင် အမူးလွန်ကာ ကျန်းရွှိကိုစိတ်ဆိုးအောင်လုပ်မိခဲ့သည့်အတွက် ဤထုချေလွှာကို တင်ပြလိုက်ပါသည်…"
ထန်ခယ် ပထမတစ်ကြောင်းကိုသာ ဖတ်ရသေးသော်လည်း ကျန်းရွှိမှ ထိုစာရွက်အထပ်လိုက်ကြီးကို လုယူသွားခဲ့သည်။ အနီရောင်နှင့်အဖြူရောင်စာရွက်ပေါ်တွင် ကျီဟွားဆေးရုံ၏တံဆိပ်ကို ရိုက်နှိပ်ထားကာ ရှန့်ဖန်းယွိ သပ်ရပ်စွာရေးသားထားပြီး စာရွက်ငါးရွက်လုံးတွင် ဆရာဝန်လက်ရေး(ပဲပင်ပေါက်ကြောင်ကုတ်)တစ်လုံးမျှ မပါဝင်ခဲ့ချေ။ အဆုံးတွင် ခွဲစိတ်မှုအစီအစဉ်ကိုပင် ပူးတွဲထားခဲ့သည်။
ထန်ခယ်မှ " ကျန်းရွှိ ဒီစာကို ဓာတ်ပုံရိုက်ပြီးတော့ မင်းရဲ့Momentမှာ သွားတင်ရအောင်.. မင်းတို့နှစ်ယောက်က နှစ်ပေါင်းများစွာကြာအောင် ပြိုင်ဆိုင်လာကြတာ ဒါနဲ့ဆို မင်းကိုအနိုင်ရတဲ့သူလို့ မှတ်လို့ရနေပြီနော်…" သူအံ့ဩနေခြင်းနှင့်ကြည်နူးခြင်းတို့ ရောယှက်နေကာ " ရှန့်ဖန်းယွိ သူ့ဘဝတစ်သက်လုံးမှ ဒီလိုစာမျိုးရေးတောင်ရေးဖူးပါ့မလားလို့ သံသယဝင်မိသားနော်…"
" စာအိတ်ရှိလား…"
" ရှိတာပေါ့ ရှိတယ် ရှိတယ်…"
ထန်ခယ် စာအိတ်တစ်ခုပေးလာသောကြောင့် ကျန်းရွှိ စာရွက်ငါးရွက်ကိုသပ်သပ်ရပ်ရပ်ခေါက်ထည့်လိုက်ပြီး စာအိတ်ကို သူ၏လက်ဆွဲအိတ်ထဲသို့ထည့်ကာ ပူးတွဲထားသောခွဲစိတ်မှုအစီအစဉ်ကို ထုတ်ယူလိုက်သည်။
သူတို့ယမန်နေ့ည စကားမများကြခင်တုန်းက ရှန့်ဖန်းယွိမှ ထိုညတွင် ခွဲစိတ်မှုအစီအစဉ်ဆွဲလာခဲ့ကြောင်းပြောကာ သူနှင့်ဆွေးနွေးခဲ့သည်။ ယနေ့မနက်တွင်မူ ထုချေလွှာအပြင် ခွဲစိတ်မှုအတွက် အစီအစဉ်ကိုပင် နှစ်ခုလုံးပေးလာခဲ့ရာ ယမန်နေ့ညတွင် ရှန့်ဖန်းယွိများစွာ မအိပ်ခဲ့ရသည်အား ကျန်းရွှိ သတိပြုမိသွားသည်။
ဒါပေမယ့် ဘာလို့လဲ…
" ဟမ့် ငါမင်းကို ပြောပြမယ်…"
ထန်ခယ် ခွဲစိတ်မှုအစီအစဉ်ကို လှန်လှောကြည့်လိုက်ပြီး " ရှန့်ဖန်းယွိက ထုချေလွှာရေးလာပြီဆိုတော့လည်း ခွင့်လွှတ်ပေးလိုက်ပါတော့ကွာ…ဒီအတိုင်း ဒေါသထွက်လို့ပြောလိုက်တဲ့စကားတချို့ပဲလေ…နောက်တစ်လှမ်းပြန်ဆုတ်ပြီး အခွင့်အရေးယူလိုက်ချည် ဘယ်လိုပဲဖြစ်ဖြစ် သူကမင်းကိုခွဲပေးမဲ့သူပဲဟာ…"
ကျန်းရွှိ အောက်ကိုသာ ငုံ့ကြည့်နေခဲ့သည်။
ထန်ခယ် တောင့်ခဲသွားပြီး " ဒါကဘယ်လိုတုန့်ပြန်မှုကြီးတုန်း…ကျန်းရွှိ မင်းမဟုတ်မှလွဲ… စိတ်ပြောင်းသွားပြီမလား…"
သူသည် ကျန်းရွှိ၏အကြောင်းကို ကောင်းကောင်းသိသူဖြစ်ပြီး အကယ်၍သာ ကျန်းရွှိ ကလေးကိုမလိုချင်ပါက ယမန်နေ့ညတွင်ပင် ရှန့်ဖန်းယွိနှင့် ခွဲစိတ်မှုအကြောင်းအလောတကြီးပြောမည့်သူဖြစ်သည်။ ယမန်နေ့ည ကျန်းရွှိနှင့် ဖုန်းပြောစဉ်အခါက အပြုအမူကို ပြန်လည်တွေးတောမိလိုက်သည်။ ကျန်းရွှိ စိတ်မလှုပ်ရှားနေခဲ့ခြင်းမှာ သူသည်သွေးအေးသူတစ်ယောက်ဖြစ်သည် သို့မဟုတ် အလွန်ရှော့ရနေခြင်းကြောင့် သို့မဟုတ် ပျော်ရွှင်နေခြင်းကြောင့် ချက်ချင်းမတုန့်ပြန်ခြင်းဖြစ်မည်ဟုသာ သူတွေးမိခဲ့သည်။
ယခုကြည့်ရသည်မှာ…
" တစ်လလောက်ပဲရှိသေးတာကို ကျန်းရွှိ…"
ထန်ခယ် လွန်ခဲ့သောတစ်လ ကျန်းရွှိကိုယ်ဝန်ရှိကြောင်းသိလိုက်ရစဉ်က အခြေအနေကို အမှတ်ရသွားသည်။ ကျန်းရွှိမှာ အလွန်စိတ်ရှုပ်နေကာ မဂ္ဂဇင်းထဲမှ အခြေအနေအကြောင်းကို ထပ်ခါတလဲလဲမေးခဲ့လေသည်။
" အခုမင်းဘာဖြစ်တာလဲ…ကလေးကို မွေးချင်တာလား… ဒါဘာကိုဆိုလိုလဲဆိုတာကော သိရဲ့လားကွာ…"
ကျန်းရွှိ ရပ်တန့်သွားပြီးမှ ပြောလိုက်သည်။ " ငါသိတယ်…"
ထန်ခယ် သူ့ကိုစိုးရိမ်တကြီးကြည့်ကာ မေးလိုက်သည်။
" ဘာတွေဖြစ်ခဲ့တာလဲ မင်းကအမြဲတမ်းဘယ်ကိစ္စမဆို ဆုံးဖြတ်ချက်ချပြီးတာနဲ့ ရဲရဲရင့်ရင့်လုပ်တတ်တာပါ… ဒီလိုတဇွတ်ထိုးလုပ်တတ်တဲ့သူမျိုးမဟုတ်ပါဘူး…"
" ထန်ခယ် ငါ့ကိုအချိန်နည်းနည်းလောက်ပေးပါ…" ကျန်းရွှိ သူ၏မျက်ရိုးကိုပွတ်ကာ ပြောလိုက်သည်
" ငါ့အတွေးတွေကို နေရာတကျထားဖို့လိုတယ်…"