အပိုင်း ၅၇
Viewers 12k

🧑‍⚕️Chapter 57


နေရောင်ခြည်မှာ အခန်းတွင်းရှိ လိုက်ကာများမှတဆင့် ထွင်းဖောက်ကျဆင်းလာခဲ့သည်။ အနီရင့်ရောင်အစည်းအဝေးစားပွဲဘေးတွင် အဖြူရောင်ကုတ်အင်္ကျီ၀တ်ဆင်ထားသော ဆရာဝန်များမှဝိုင်းရံထားကာ မျက်လုံးများအားလုံးသည် PPT ပြသနေသည့်ပေါ်သို့သာ ရောက်ရှိနေခဲ့သည်။

ဟောပြောသူ၏ တင်ဆက်မှုအပြီးတွင် အခန်းထဲ၌ လက်ခုပ်သြဘာသံများ ထွက်ပေါ်လာခဲ့သည်။ ကျန်းရွှိ သူ၏လေဆာပွိုင့်တာကို စားပွဲပေါ်တွင် အသာအယာချလိုက်ကာ ပရိုဂျက်တာမျက်နှာပြင်နားမှ ထွက်သွားခဲ့ပြီး အစည်းအဝေးခုံရှိရာသို့ ပြန်လျှောက်လာခဲ့သည်။

အစည်းအဝေးခုံရှည်ကြီးထိပ်တွင် ဒါရိုက်တာ ချွေ့ရှိပြီးကျန်းရွှိသူမ၏ဘေးတွင် ထိုင်လိုက်ရာ ခေါင်းကိုမော့လိုက်သည်နှင့် မျက်နှာချင်းဆိုင်မှ ရှန့်ဖန်းယွိ၏မျက်လုံးများကို တွေ့ဆုံလိုက်ရသည်။

သူနှင့် ရှန့်ဖန်းယွိတို့ နှစ်ဦးစလုံးမှာ ဒေါက်တာခန်း၏ခွဲစိတ်မှုနှင့် လူနာ၏အခြေအနေနှင့်ပတ်သက်သော သက်ဆိုင်ရာအစီအရင်ခံစာများကို အသီးသီးပေးခဲ့ကြပြီးဖြစ်သည်။ ဤကဲ့သို့သော အစီရင်ခံစာမျိုးမှာ ကျန်းရွှိအတွက် စားခြင်းသောက်ခြင်းထက် ပို၍ကွာခြားမှုမရှိဘဲ ရင်းနှီးနေသောအရာတစ်ခုဖြစ်လေသည်။ တစ်ခုတည်းသော ကွာခြားချက်မှာ အစီအရင်ခံစာထဲမှလူနာနှင့်သူ၏အခြေအနေတို့ တူညီနေကြခြင်းသာဖြစ်ပေမည်။

" မင်းတို့နှစ်ယောက်လုံး ကောင်းကောင်းပြောခဲ့ကြတာပဲ…သေသေချာချာစစ်ဆေးပြီးတော့ အချိန်တိုလေးအတွင်းမှာ ဒီလောက်ကောင်းအောင်လုပ်နိုင်ခဲ့ကြတယ်…" ဒါရိုက်တာချွေ့မှ စနောက်လိုက်သည်။

" မင်းတို့ဒီကိစ္စကို ဟိုးအရင်ထဲကသိထားလို့များ ကြိုတင်ပြင်ဆင်ခဲ့ကြတာလား…"

ကျန်းရွှိနှင့်ရှန့်ဖန်းယွိတို့ တစ်ဦးကိုတစ်ဦး တစ်ချက် ကြည့်လိုက်ပြီးနောက် အကြည့်ပြန်လွှဲလိုက်ကြသည့်အတွက် ဒါရိုက်တာချွေ့လည်းသတိမပြုမိခဲ့ချေ။

" ကျန်းရွှိ…" ဒါရိုက်တာချွေ့ကမေးလိုက်သည်။

"ဒီလိုလူနာမျိုးငါတို့ဆေးရုံမှာရှိလာခဲ့ရင် မင်းခွဲပေးနိုင်မယ်ထင်လား…" သူမ၏မေးခွန်းကိုအဆုံးသတ်လိုက်ပြီးနောက် ရှန့်ဖန်းယွိကိုကြည့်၍ မေးလိုက်ပြန်သည်

" မင်းဆိုရင်ကော လုပ်နိုင်မလား…"

" ကျွန်တော်ကြိုးစားကြည့်လို့ရပါတယ်…"

" ပြသနာမရှိပါဘူး…"

သူတို့နှစ်ဦးလုံး တပြိုင်နက်နီးပါး ပြောလုမတတ်ဖြစ်သွားခဲ့သည်။

ဒါရိုက်တာချွေ့ ရှန့်ဖန်းယွိကို အနည်းငယ်အဓိပ္ပါယ်ပါသောအကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်

" မင်းကကျန်းရွှိထက်ပိုပြီးယုံကြည်မှုရှိသလိုပဲ.."

ရှန့်ဖန်းယွိ သူဦးတည်ထားသည့်နေရာကို ပြန်ကြည့်ကာ " ကျွန်တော်အကောင်းဆုံးလုပ်မှာပါ…"

သူနှင့်ဒါရိုက်တာချွေ့တို့ နှစ်ဦးစလုံး လားရာတစ်ဖက်တည်းတွင် ထိုင်နေကြသော်လည်း ရှန့်ဖန်းယွိ သူ့ကိုကြည့်ကာ ကတိပေးသည်ကို ကျန်းရွှိသိနေခဲ့သည်။ ထိုကတိကို ထုချေလွှာထဲတွင်လည်း ရှန့်ဖန်းယွိပေးထားခဲ့ဖူးပြီးဖြစ်သည်။

ထို့ပြင် ရှန့်ဖန်းယွိမှ ခွဲစိတ်မှုအတွက် ဒေါက်တာခန်းကို နိုင်ငံခြားတွင်သွားတွေ့ရမည်ဆိုပါက ကုန်ကျစရိတ်အားလုံးကို သူခံမည်ဟုလည်း ပြောခဲ့သေးသည်။

အချို့သောအကြောင်းတစ်စုံတရာကြောင့် ကျန်းရွှိ ရုတ်တရက်ဆိုသလို အနည်းငယ်စိတ်ဆိုးသွားရသည်။ ဖြစ်နိုင်သည်မှာ ရှန့်ဖန်းယွိက သူ၏အထက်တန်းဆန်ကာ ခေါင်းမာသောအကျင့်ကို မုန်းနေသကဲ့သို့ သူကလည်း ရှန့်ဖန်းယွိ၏မိမိကိုယ်ကိုဖြောင့်မတ်ပုံဖမ်းကာ တဇွတ်ထိုးဆန်သည့်အကျင့်တို့ကို မုန်းနေခြင်းမျိုးဖြစ်ပေမည်။

အခုအချိန်၌ သူသည် ထန်ခယ်၏အိမ်တွင် နေထိုင်နေပြီဖြစ်သည့်အတွက် ရှန့်ဖန်းယွိသူ့ကို ညနေခင်းမည်သည့်အချိန်တွင် ပြန်လာမည်နည်းဟု မမေးနိုင်တော့ပေ။ မနက်ဖြန်အတွက် ခွဲစိတ်ရန်ရှိသည်များကို စီစဉ်ပြီးနောက် နာရီကို ကြည့်လိုက်ချိန်တွင် ရှစ်နာရီကျော်နေပြီဖြစ်ကြောင်း သိလိုက်ရလေသည်။

သူ အချိန်အတော်ကြာခန့်အထိ အလုပ်လုပ်နိုင်သေးသော်လည်း ယနေ့တွင် အနည်းငယ်စိတ်ရှုပ်နေခဲ့သည်။ ဆက်လက်အလုပ်လုပ်နေပါက အကျိုးမရှိ‌ကြောင်း ခံစားနေရသည့်အတွက် ရိုးရှင်းစွာပင် သူ၏ပစ္စည်းများကိုထုတ်ပိုးကာ ပြန်ရန်ပြင်ဆင်လိုက်သည်။

အပြင်သို့မထွက်ခင် ရှန့်ဖန်းယွိ၏အလုပ်ခုံနေရာသို့လှမ်းကြည့်လိုက်ရာ လူမရှိသည်ကို မြင်လိုက်ရသည်။

ပုံမှန်အတိုင်း ခေါင်းကိုငုံ့ကာ တက်စီခေါ်ရန်အတွက် ကားအရှုပ်ဆုံးဖြစ်သည့် ဆေးရုံဝင်ပေါက်သို့ လျှောက်လာခဲ့လိုက်သည်။ ကျန်းရွှိ လမ်းဆုံတွင်ရပ်နေမိပြီး ခဏအကြာတွင် အနောက်မှ ရုတ်တရက်တစ်စုံတစ်ခုက သူ့ကိုလာထိခဲ့သည်။

ကျန်းရွှိ အံ့ဩသွားသောကြောင့် အနောက်သို့လှည့်ကြည့်လိုက်ရာ သူ့ထက်အရပ်ရှည်သောယုန်ရုပ်ကြီးကို မြင်လိုက်ရသည်။ တွဲလဲကျနေသောနားရွက်များဖြင့် ယုန်ရုပ်ကြီးမှာ သူ၏အိပ်ရာပေါ်မှ ပန်းရောင်ယုန်ရုပ်ဟောင်းနှင့်ပင် ဆင်တူနေခဲ့လေသည်။

ယုန်၏လက်ထဲမှ လက်ကမ်းကြော်ငြာကို မြင်လိုက်ရသည့်အချိန်မှသာ ၎င်းမှာ ကုန်သည်အချို့၏ အရောင်းမြှင့်တင်ရေးနည်းဗျူဟာဖြစ်ကြောင်းကို ကျန်းရွှိသဘောပေါက်သွားခဲ့သည်။

မကြာသေးမီနှစ်များအတွင်း မြို့တော်အေတွင် ဆိုင်ကြီးဆိုင်ငယ်များ တိုးလာခဲ့လေရာ လုပ်ငန်းကို ဆုပ်ကိုင်ထားနိုင်ရန်အတွက် စီးပွားရေးလုပ်ငန်းများမှာ အကြံဉာဏ်မျိုးစုံဖြင့် ပေါ်ပေါက်လာခဲ့သည်။ ထို့အပြင် ဝန်ထမ်းများကို ဤသို့ဝတ်စေခြင်းမှာ အထူးအဆန်းမဟုတ်ကြတော့ဘဲ အများစုမှာ ကလေးငယ်များကို ဆွဲဆောင်လိုချိန်တွင် ဝတ်‌ဆင်လေ့ရှိကြသည်။

သို့သော်လည်း ယုန်ရုပ်မှာ ကျန်းရွှိ ယူရန်ခေါင်းမာနေသည်ဟုထင်လိုက်သည့်အတွက် စာရွက်ကို သူ၏လက်ထဲသို့ အမြန်ထည့်ပေးလိုက်သည်။ လက်ကမ်းစာစောင်များဝေငှရာတွင် သူထံ၌ အချို့သောပစ်မှတ်ပုံစံတစ်မျိုးမျိုးရှိမည်ဟု တွေးလိုက်မိသည့်အတွက် ကျန်းရွှိ ပေးလာသည့်လက်ကမ်းစာစောင်ကို သာမန်ကာလျှံကာယူလိုက်သည်။

လက်ကမ်းစာစောင်ပေါ်ရှိ စကားလုံးများကို မြင်လိုက်ရသည့်အချိန်မှသာ ထိုဝန်ထမ်း၏အရောင်းမြှင့်တင်နေသည့်နေရာမှာ အမှန်တကယ်ပင် ရှန်းဂျူစားသောက်ဆိုင်ဖြစ်ကြောင်းကို သိလိုက်ရလေသည်။

ရှန်းဂျူမှာ ကျီဟွားအနီးရှိ နေရာသေးသေးလေးမှ ဈေးအကြီးဆုံးစားသောက်ဆိုင်တစ်ခုဖြစ်ပြီး ၎င်းမှာ ဟင်းပွဲအရမကျသင့်ဘဲ လူအယောက်စီနှင့်ရှင်းရသောဆိုင်မျိုးဖြစ်သည်။ သူတို့၏ဆိုင်တွင် လူတစ်ယောက်ကို ၁၂၈၈ယွမ်ကျသင့်ပြီး ၎င်းမှာကျန်းရွှိ၏တစ်နေ့တာဝင်ငွေနှင့် တူညီလုနီးပါးပင်။

သူ၏မိသားစုမှာ မြို့တော်ဘီတွင်နေထိုင်ပြီး မိဘနှစ်ပါးစလုံးမှာ အလုပ်ကြိုးစားကြသည့် အချိန်တိုအလုပ်သမားများဖြစ်ကာ သူ့ကိုများစွာကူညီနိုင်သည့် ချမ်းသာသောမိသားစုမျိုးမဟုတ်ကြချေ။ ဤနှစ်များတစ်လျှောက်တွင် ကျန်းရွှိ၏လစာနှင့် အပိုဆုများကို ခရီးသွားခြင်းကဲ့သို့သော ကိစ္စအကြီးများတွင်သာ လုံးလုံးနီးပါးသုံးစွဲခဲ့လေရာ ကျန်းရွှိ ရှန်းဂျုသို့သွားခဲလှသည်။

မြို့တော်အေတွင် ချမ်းသာသည့်လူများ ပြတ်လပ်မှုမရှိသောကြောင့် ရှန်းဂျူမှာကောင်းကောင်းလည်ပတ်နေသည်ဟု ကျန်းရွှိထင်မိခဲ့သော်လည်း မထင်မှတ်ဘဲ ယခုအချိန်တွင် လမ်းပေါ်၌ ဝန်ထမ်းများကို လက်ကမ်းစာစောင်ဝေခိုင်းသည့်အခြေအနေထိ လျော့ကျသွားမည်ကိုမူ သူမထင်မိခဲ့ပါချေ။

ရုတ်တရက်ဆိုသလိုပင် ကျန်းရွှိ သူရှေ့မှ ယုန်ဝတ်စုံဝတ်ထားသည့်ဝန်ထမ်း မည်သူဖြစ်ကြောင်းကို သံသယဝင်မိသွားသည်။

သူ၏သံသယများ ထပ်များမလာနိုင်ခင်မှာပင် ယုန်ရုပ်မှ ရုတ်တရက်စာရွက်များထုတ်လာကာ မဲနှိုက်ခိုင်းလာသည်။ ကျန်းရွှိ မသိစိတ်မှ အနောက်သို့ဆုတ်လိုက်မိသော်လည်း ထိုယုန်မှာ သူ့နောက်သို့လိုက်မလာခဲ့ဘဲ နေရာတွင်ပင်ရှိနေကာ ခေါင်းငုံ့၍ မဲများကို လက်နှစ်ဖက်ဖြင့် ကိုင်ထားခဲ့သည်။

ကြီးမားသောခေါင်းဆောင်းကြီးကြောင့် အထဲမှလူကို သူမမြင်နိုင်သည့်တိုင် အကြောင်းတစ်ခုခုကြောင့် သူ၏ရှေ့မှ ယုန်ရုပ်မှာ အနည်းငယ်စိတ်ဆိုးသွားသည်ဟု ခံစားလိုက်ရသည်။

သူ့ရှေ့မှယုန်ရုပ်မှာ နှစ်ပေါင်းများစွာ အတူနေခဲ့သည့် ပန်းရောင်ယုန်နှင့် အလွန်တူခြင်းကြောင့် ဖြစ်နိုင်ပေမည်။ ကျန်းရွှိ အနည်းငယ်အပြစ်ရှိသလိုခံစားမိသွားသည်။

မည်သို့ပင်ဆိုစေကာမူ သူသည်အရွယ်ရောက်ပြီးသူတစ်ဦးဖြစ်နေကာ လမ်းမလယ်ခေါင်တွင် ရပ်နေသည့်အတွက် သူမဲနှိုက်ခဲ့ပါက ထိုယုန်ရုပ်မှာ မည်သည့်အရာများလုပ်နိုင်ပါမည်နည်း။

ထို့ကြောင့် သူ၏လက်ကို ဆန့်ထုတ်လိုက်ပြီး မဲကိုရွေးလိုက်သည်။

ပန်းရောင်ယုန်မှာ ချက်ချင်းဆိုသလို အသက်ဝင်လာသကဲ့သို့ပင် သူ၏ငိုက်ကျနေသောခေါင်းမှာ ထောင်မတ်လာသည်။ ကျန်းရွှိ အချို့သော အကြောင်းများကြောင့် ပျော်ရွှင်လာသည်ဟုပင် ခံစားလိုက်ရသည့်အတွက် မသိစိတ်မှ သတိထားနေမှုကိုပင် လျော့ချမိလိုက်လေသည်။

ကျန်းရွှိ ဝါးချောင်းအဆုံးတွင် ချိတ်ဆွဲထားသော စက္ကူစလစ်လေးတစ်ခုကို ထုတ်ယူလိုက်သည်။ သူဖြေကြည့်လိုက်ကာ အချိန်အတော်ကြာပြီးနောက် နာခံလိုပုံပေါ်နေသည့်ယုန်ရုပ်ကို ကြည့်လိုက်သည်။

" ရှန့်ဖန်းယွိ အရမ်းပျင်းနေတာလား…"

အဖြူအမည်းစာရွက်ပေါ်မှ ရေးသားထားသည်မှာ : မကြာသေးမီကမှ သင်နှင့်ပဋိပက္ခဖြစ်ခဲ့သော သူငယ်ချင်းကို ခွင့်လွှတ်ပါက အခမဲ့စားသောက်ခွင့်တစ်ကြိမ် ရရှိပါလိမ့်မည်…

ကျန်းရွှိ ထပ်မံ၍ ဝါးချောင်းအနည်းငယ်ကို ဆွဲထုတ်လိုက်လေရာ ၎င်းတို့ထံတွင် ချိတ်ဆွဲထားသော စာများအားလုံးမှာ အတူတူပင်ဖြစ်သည်။ သူဝါးချောင်းများနှင့်စာရွက်များအားလုံးကို ဘူးထဲသို့ပစ်ထည့်လိုက်ကာ လက်ယမ်း၍ တက်စီခေါ်ရန်ပြင်လိုက်သည်။

ရှန့်ဖန်းယွိ ခေါင်းဆောင်းကို ချွတ်ကာ ပန်းရောင်ယုန်ရုပ်၏ကတ္တီပါကြားမှ ကျန်းရွှိ၏လက်ကို လှမ်းဆွဲလိုက်ပြီး " ပျင်းနေတာမဟုတ်ပါဘူး ငါကဒီအတိုင်းမင်းနဲ့ထမင်းတစ်နပ်အတူစားချင်ရုံလေးပါကွာ.."

အရုပ်၏ခေါင်းဆောင်းမှာ အလွန်ပူလှပြီး ဆောင်းဦးနှောင်းပိုင်းသို့ရောက်နေသည်ပင် ရှန့်ဖန်းယွိ ချွေးများစွာထွက်နေသေးသည်။ သူ၏ဆံပင်များမှာ စိုစွတ်နေပြီး မှင်ကဲ့သို့ ပို၍ထူထပ်ကာ နက်မှောင်နေလေသည်။ သူ၏နဖူးပေါ်တွင် ချွေးပေါက်လေးများဖြင့် ဖုံးနေသည့်အတွက် လက်ကိုဆန့်၍ သုတ်ကာ ကျန်းရွှိကို စောင်းကြည့်နေရင်းမှ ပြုံးနေခဲ့သည်။

" ငါတောင်းပန်ပါတယ်နော် ထုချေလွှာလည်းရေးပြီးပါပြီ… နောက်ကြရင် မင်းကိုလုံးဝဒေါသမထွက်ဘူးလို့ ကတိပေးပါတယ်…လာပါ ငါဘိုကင်တင်ပြီးသွားပြီရယ်…"

ကျန်းရွှိ လှည့်လာကာ သူ့ကိုလက်ကမ်းစာစောင်ဖြင့် ပစ်ပေါက်လိုက်သည်။

" မင်းကိုညစာဖိတ်ကျွေးနိုင်ဖို့အတွက် ငါအရမ်းအလုပ်ကြိုးစားခဲ့ရတာကို ဘာလို့လိုက်မစားတာလဲလို့ …"

ကျန်းရွှိမှာ လက်ဖွာသူမဟုတ်ကြောင်းကို သူသေချာသိနေခဲ့ပြီး အကယ်၍ သူ့ကိုမမြင်ချင်လျှင်ပင် စားသောက်ဆိုင်၌ ပိုက်‌ဆံအလကားကုန်သွားရမည်ကို ထိုင်ကြည့်နေမည့်သူမဟုတ်ချေ။

သူထင်ထားသည့်အတိုင်းပင် ကျန်းရွှိ သူ၏နှစ်ရက်တာလစာအတွက် ရှန်းဂျူတွင် ညစာလိုက်စားပေးခဲ့သည်။

စားသောက်ဆိုင်၏ အပြင်အဆင်မှာ အထက်တန်းဆန်ကာ သက်တောင့်သက်သာ အရှိဆုံးအပိုင်းမှာ သူ၏အမှီအခိုကင်းသော သီးသန့်ခန်းအပြင်အဆင်ပင်ဖြစ်သည်။ ၎င်းမှာဆိတ်ငြိမ်ပြီး သက်သောင့်သက်သာရှိကာ ကမ္ဘာကြီးနှင့် အဆက်အသွယ်ပြတ်နေသလိုပင်။ ထို့အပြင် စားပွဲပေါ်တွင်လည်း နှင်းဆီပန်းများရှိနေသေးသည်။ မဟုတ်သေး။ ရှန်းဂျူ၏စားပွဲတွင် သူ့အတိုင်းတော့ နှင်းဆီနီကိုးဆယ့်ကိုးပွင့် ရှိမည်မဟုတ်သည့်အတွက် ကျန်းရွှိ ရှန့်ဖန်းယွိကို သံသယဝင်စွာ ကြည့်လိုက်မိသည်။

" နှင်းဆီပန်းက ငါဝယ်ခဲ့တာ…"

ကျန်းရွှိ : "...."

" ယုန်ဝတ်စုံ၊ပန်းတွေနဲ့ ဈေးကြီးတဲ့ညစာ.." ကျန်းရွှိ ၎င်းတို့ကို မှတ်ချက်မပေးမီ တစ်ခုပြီးတစ်ခု အကျဉ်းချုပ်ပေးလိုက်ကာ " ဒါကတကယ်ကိုပဲ တောင်းပန်ဖို့အတွက် ဖန်တရာတေနေတဲ့နည်းလမ်းပဲနော်…"

၎င်းကို အောက်ထပ်မှ အသည်းပုံဖယောင်းတိုင်နှင့်ပင် ယှဉ်ပြိုင်၍ရပေမည်။

" ဖန်တရာတေနေတာ…" ရှန့်ဖန်းယွိ သူ၏ဘဝကို သံသယအပြည့်ဖြင့် မေးခွန်းထုတ်မိသွားသည် " ဒါကို ထောင်ပေါင်က ငါငှားခဲ့တဲ့ရွှေတံဆိပ်ရ ချစ်ရေးချစ်ရာဆရာက ပေးထားတာလေ… ယွမ်၂၅၀တောင်ပေးခဲ့ရတာကွ.."

ရှန့်ဖန်းယွိပြောရင်းမှ ကျန်းရွှိအား ပြေစာပြရန် သူ၏ဖုန်းကို ထုတ်လိုက်သော်လည်း တစ်ဖက်သူမှ ဖုန်းကိုပြန်တွန်းထုတ်ကာ " တောင်းပန်တဲ့အချိန်ကြရင် သုံးရတာအဝါရောင်နှင်းဆီပန်းဆိုတာကော မင်းသိရဲ့လား…"

" ငါသိတယ်… ငါကနှင်းဆီပန်းအဝါတွေဝယ်မလို့ဘဲ ဒါပေမယ့် ရွှေတံဆိပ်ရဆရာပြောတာက အနီသုံးရင် ပိုအကျိုးသက်ရောက်နိုင်မယ်လို့ သူ့ရဲ့နာမည်ကိုရင်းပြီးပြောနိုင်တယ်တဲ့…"

" ယွမ်နှစ်ရာ့ငါးဆယ်က တကယ်တန်တာပဲ.."

ကျန်းရွှိ ရုတ်တရက်ဆိုသလို မကြာသေးမီကမှ ဝူရွေ့ သူ၏ကိုယ်ဝန်ဆောင်ဇနီးအတွက် သူ့လစာတစ်လစာနှင့်ညီမျှသော ရွှေအဆင့်ဆုရဆရာ၏ကိုယ်‌ဝန်ဆောင်သင်ကြားရေးအစီအစဉ်များဝယ်ပေးနိုင်ရန် နေ့စဉ်နေ့တိုင်းဆေးခန်းပြေးထိုင်လိုက် ခွဲခန်း‌များဝင်လိုက်ဖြင့် သေလုမတတ်အလုပ်လုပ်နေရသည်ဟု ညည်းညူဖူးသည်ကို အမှတ်ရသွားခဲ့သည်။

ကလေးဝမ်းတွင်း၌ပင် ပညာသင်ကြားရေး စတင်သင့်ကာ ကလေးမွေးဖွားပြီးချိန်မှစတင်ပါလျှင် နောက်ကျနေပြီဟူ၍ပင် သူ၏ဇနီးဖြစ်သူမှ နားပူနားဆာလုပ်နေသည်ဟုပင် ပြောခဲ့ဖူးလေသည်။

ထိုရွှေတံဆိပ်ရဆရာများမှာ လူများအားမည်သည့်အရာကျွေးထားသည်ကို ကျန်းရွှိနားမလည်နိုင်ခဲ့ပေ။

ကျန်းရွှိ ခေါင်းစောင်းကာ ရှန့်ဖန်းယွိ မည်သည့်နည်းဖြင့် ထိပ်တန်းကျောင်းသားဖြစ်လာရသည်နည်းကိုပင် စဉ်းစားနေမိသည်။ သေချာသလောက်ပင် ထိုသို့သောလူမျိုးမှ အသက်အရွယ်ကြီးမြင့်လာပါက တယ်လီဖုန်းအလိမ်များအကြိုက်ဖြစ်လာမည်ကို သူသိနေခဲ့သည်။

ထို့ကြောင့် သူအညှာအတာကင်းမဲ့စွာ ပြောလိုက်လေသည်။ " မင်းပိုက်ဆံမလိုချင်ရင်လည်း လိုအပ်နေတဲ့သူကိုပဲ သွားပေးလိုက်စမ်းပါ…"

" ဒါကတကယ်ကြီး ဖန်တရာတေနေတဲ့ နည်းလမ်းဟောင်းကြီးဖြစ်နေတာလားဟင်…"

ရှန့်ဖန်းယွိ၏ပုံစံမှာ အတော်လေးစိတ်ကျနေသည့်ပုံပင်။

ကျန်းရွှိ ရှန့်ဖန်းယွိ၏မျက်နှာပေါ်မှ ထိုအမူအရာကိုမြင်လိုက်ရသည့်အချိန်တွင် ခေါင်းညိတ်ပြတော့မည့် သူ၏ခေါင်းမှာ လေထဲတွင် ရပ်တန့်သွားခဲ့သည်။

" ဒါပေမယ့် အဆင်ပြေပါတယ်လေ ငါမင်းကိုခေါ်ထုတ်နိုင်လာခဲ့တာပဲဟာ… ငါကဒီနေ့တတိယလိုင်းအဆိုင်းဆိုတော့ အချိန်မရွေးပြန်ခေါ်ခံရမှာတော့ လန့်မိသား…"

တတိယအဆင့်အဆိုင်းမှာ တာဝန်ကျဆေးရုံခန်းထဲတွင် နေပေးရန်မလိုချေ။ များသောအားဖြင့် တတိယအဆင့်အဆိုင်းကို ဆေးရုံတွင်နေနေခြင်းမှာ အပိုတစ်ခုသာဖြစ်သော်လည်း ကျီဟွားတွင် လူနာများစွာနှင့်ဆရာဝန်များစွာရှိလေရာ ရှန့်ဖန်းယွိ ပေါ့ပေါ့တန်တန်သဘောမထားရဲဘဲ အချိန်ရှိတိုင်း ဖုန်းမှစာကိုသာစစ်နေရသည်။

" ဘာလို့ဒီနေ့ဖြစ်မှရမှာလဲ…"

" ယုန်ဝတ်စုံက ဒီနေ့ရောက်လာတာလေ…ငါမင်းကုတင်ပေါ်ကဟာနဲ့တူအောင် သီးသန့်အပ်ထားခဲ့တာ လိုရမယ်ရ မင်းငါ့ကိုမမြင်နိုင်အောင်ပေါ့… တကယ်လည်း မင်းငါ့ကိုမမြင်ခဲ့ပါဘူး…"

သူ ကျန်းရွှိ၏အကြည့်က သူ့ပေါ်မှကျော်သွားသည်ကိုကြည့်နေပြီး တက်စီခေါ်ရန် တိုက်ရိုက်ပင် ထွက်သွားကာ ရွေးချယ်စရာမရှိဘဲ လိုက်ခေါ်ရပြန်သည်။

ကျန်းရွှိမှ " ငါပြောတာက နက်ဖြန် ဒါမှမဟုတ် သန်ဘက်ခါထိစောင့်လို့ရတယ်လေ…"

" ငါနောက်တစ်နေ့ထိ မစောင့်ချင်တော့ဘူး…" ရှန့်ဖန်းယွိ နူးညံ့စွာပြောလိုက်သည် " မင်းမနက်စာမစားတာ မြင်ရတိုင်း ဗိုက်ထပ်အောင့်နေမှာကို စိုးရိမ်နေရတယ်…"

တလက်လက်ထနေသည့်အဖြူရောင်မြူခိုးများမှာ တရုတ်စတိုင်ထွင်းထားသော စားပွဲများနှင့် ကုလားထိုင်များကို ဖုံးအုပ်သွားခဲ့သည်။ ယဉ်ကျေးပျူငှာဟန်ရသော စားပွဲထိုးတစ်ဦးမှ အညိုရင့်ရောင်ဗန်းကို ကိုင်ဆောင်လာကာ ရှန့်ဖန်းယွိမှာထားသည်များကို နှင်းဆီပန်းများကြားတွင် ချပေးလိုက်သည်။

ဝမ်းရှီတို့ဖူး၊ ဂေါ်ဖီပြုတ်၊ ဗုဒ္ဓနံရံပေါ်သို့ဖြတ်ကျော်ခြင်းနှင့် အခြားအာဟာရဖြစ်စေမည့်ဟင်းပွဲများသာ ဖြစ်သည်။

ရှန့်ဖန်းယွိ အဘယ့်ကြောင့် သူ့ကိုစိုးရိမ်ပေးရသည်နည်းဟု မေးလိုက်ချင်မိသော်လည်း ထိုအတွေးဝင်လာသည်နှင့် ရုတ်တရက်ဆိုသလို သူ့ကိုမဲနှိုက်ခိုင်းသည့် စာရွက်ပေါ်မှ သူငယ်ချင်းဟူသောစကားလုံးကို အမှတ်ရသွားသည်။

ရှန့်ဖန်းယွိ အရင်တည်းက သူ့ကိုသူငယ်ချင်းအဖြစ် မှတ်ယူထားပြီးပြီလား…

ဒါမှမဟုတ် အခုမှ သူငယ်ချင်းလို့ သတ်မှတ်လိုက်တာလား…

သူမေးလိုက်ချင်မိသော်လည်း ပြောမထွက်လာခင်မှာပင် ရှန့်ဖန်းယွိ၏ဖုန်းမှာ မြည်လာခဲ့သည်။

ကျီဟွား၏နံပါတ်တစ်ကျီးပါးစပ်မှာ ဆေးရုံမှအရေးပေါ်ခေါ်ခြင်းကို ခံလိုက်ရသည်။ ရှန့်ဖန်းယွိ ဖုန်းချလိုက်ပြီးနောက် ထရပ်ကာ သူ၏ယုန်ဝတ်စုံကိုချွတ်လိုက်ပြီး ပြောလိုက်လေသည် " အရင်စားနှင့်နော် ငါ့ကိုခေါင်းထဲမထည့်နဲ့…"

" ဘာပြသနာလဲ…"

" ကုတင် ၂၃က သုံးမြွာပူးလူနာလေ…လူနာရှင်ကို ငါတာဝန်ကျကျမကျကျ ‌သူမွေးခန်းထဲဝင်သွားတာနဲ့ဖုန်းဆက်ဖို့ ပြောခဲ့တာ…"

ကျန်းရွှိလည်း ကုတင်နံပါတ်၂၃မှလူနာကို မှတ်မိသွားခဲ့သည်။ သူမ၏အခြေအနေမှာရှုပ်ထွေးကာ အဖွဲ့လိုက်အစည်းအဝေးများတွင် မကြာခဏဆိုသလို အရေးကြီးကိစ္စအဖြစ် တင်ပြခြင်းခံရသည်။

အမြွာကိုယ်ဝန်တည်ခြင်းမှာ အန္တရာယ်များပြီး ဆေးရုံမှ ဖြေရှင်းနည်းများစွာကို အကြံပြုခဲ့ပါသော်လည်း အများစုမှာ လူနာမှသဘောတူမည့်အရာမျိုးမဟုတ်ချေ။ ဘေးကင်းစေရန်အတွက် ဒါရိုက်တာရောရှန့်ဖန်းယွိကပါ သူမကိုဗိုက်ခွဲမေးရန်ပြောခဲ့သော်လည်း လူနာမှပုံမှန်အတိုင်းမွေးဖွားချင်သည့်အတွက် အဆုံး၌ သူတို့သူမကို ကြိုးစားခွင့်ပြုရန် ဆုံးဖြတ်လိုက်ကြသည်။