🧑⚕️Chapter 58
ဆေးရုံတွင် ဆရာဝန်များမှာ လူနာများအပေါ် အတင်းဖိအားပေးချုပ်ကိုင်ထားခြင်းမျိုး မရှိတတ်ကြချေ။ သို့သော်လည်း ရှန့်ဖန်းယွိထံတွင် ရွေးချယ်စရာမရှိဘဲ သူ၏ခေါင်းမာသောလူနာကို အပိုဆောင်းဂရုစိုက်ခြင်းမျိုးလုပ်ဆောင်နေခဲ့ရသည်။
" ငါအခုသွားရတော့မယ်…" ရှန့်ဖန်းယွိ ယုန်ဝတ်စုံကို သူ၏ခေါင်းမှ ဆွဲချွတ်နေခြင်းကို ရပ်တန့်၍ လှမ်းပြောလာသည်။
" တောင်းပန်ပါတယ် ဒီနေ့လည်းပြသနာလုပ်မိပြန်ပြီ…ငါတောင်းပန်တာကို လက်ခံပေးလို့ရမလားဟင်…မနက်ဖြန်ကြ ငါတစ်ခုခုထပ်စဉ်းစားပါ့မယ်…"
" ဟင့်အင်း ရပါတယ်…"
ရှန့်ဖန်းယွိ၏မျက်ခုံးမှာ ပင့်တက်သွားပြီး " မင်းငါ့ကိုစိတ်မဆိုးတော့ဘူးပေါ့…"
ကျန်းရွှိသူ့ကိုကြည့်ကာ ပြောလိုက်သည် " ကုတင်၂၃က မင်းကိုစောင့်နေတာနော်…"
" ကောင်းပြီလေ…" ရှန့်ဖန်းယွိ၏မျက်လုံးများမှာ အပြုံးကြောင့် ကော့တက်သွားကာ သူ၏ယုန်ဝတ်စုံကိုယူ၍ အမြန်ပေးထွက်သွားပြီး တံခါးမပိတ်ခင် လက်ပြနှုတ်ဆက်လိုက်ကာ " ငါခဏနေကြ မင်းကိုဖုန်းဆက်လိုက်မယ်…"
ကျန်းရွှိ အကြည့်လွှဲကာ သူ၏မျက်လုံးများမှာ ဝမ်းရှီတို့ဖူးပေါ်သို့သာ ပြန်လည်ရောက်ရှိသွားသည်။ အလွန်နူးညံ့သောတိုဟူးကို အဝါဖျော့ဖျော့ ကြက်စွပ်ပြုတ်ထဲတွင် ဖြန့်ကျဲကာ ဂန္ဓမာပန်းပွင့်ပုံသဏ္ဍာန်ဖော်ထားသည်။အလယ်တွင်မူ အနီရောင်ကို့ချီဘယ်ရီသီးကို သံပုရာစိမ်းရောင်မုန်ညှင်းဖြင့်ထုတ်ပိုးထားပြီး အရာအားလုံးမှာ လှပစွာအရောင်အသွေးစုံလင်နေခဲ့သည်။
ခဏကြာတိတ်ဆိတ်သွားပြီးနောက် ကျန်းရွှိ သူ၏တူချောင်းများကို ချလိုက်ပြီး စားပွဲထိုးကို ပြောလိုက်သည်
" ထုပ်လိုက်တော့…"
အလွန်လှပသောဟင်းလျာတစ်ခွက်မှာ မည်သည့်ပုံမှမဖော်ထားသောပါဆယ်ဘူးထဲရောက်သွားသည်ကို ကျန်းရွှိ နှုတ်ခမ်းတွန့်ကာကြည့်နေမိသည်။ ချက်ချင်းလိုပင် ၎င်းမှာ ဖုန်ထဲရောက်သွားသည့်ပုလဲတစ်လုံးကဲ့သို့ ဖြစ်သွားခဲ့ပြီး အိမ်ချက်ဟင်းနှင့်ပင် ခွဲ၍မရအောင် တူလုမတတ်ဖြစ်သွားရသည်။
၁၂၈၈ယွမ်တွင် ယွမ်၁၂၀၀မှာ အလှအပအတွက်ဖြစ်ပေလိမ့်မည်။
" လူကြီးမင်း…" စားပွဲထိုးမှ ထုပ်ပိုးထားသော ဟင်းလျာများကို ပေးကာ စားပွဲပေါ်ရှိ ပန်းများကို ကြည့်၍ စဉ်းစဉ်းစားစား ပြောလိုက်သည် " နှင်းဆီပန်းတွေအတွက်ကော ထုတ်ဖို့အိတ်လိုသေးလား…"
" ဟင့်အင်း.." ကျန်းရွှိ ၎င်းတို့ကို သူနှင့်အတူပြန်မယူသွားဘူးဟု ပြောလိုက်ချင်သော်လည်း ခဏအကြာတွင် ရပ်တန့်လိုက်သည်။ နူးညံ့သောနှင်းဆီပန်းများမှာ အပြည့်အဝပွင့်လန်းနေပြီး ကျန်းရွှိ ပန်းများမှချိုမြိန်သောအမွှေးနံ့ကိုပင် ရနေဆဲပင်။
နှင်းဆီပန်းများကို လက်တွင်ပိုက်ကာ ရုံးစီသို့ ပြန်လာသည့်လမ်းတွင် ကျန်းရွှိ မည်သည့်အတွက်ကြောင့် ပန်းစည်းကြီးကိုပါ ပြန်သယ်မိမှန်း မသိတော့ပေ။
ရုံးခန်းအတွင်းသို့ ဝင်လိုက်သည်နှင့် သန့်ရှင်းရေးအဒေါ်ကြီးထွက်လာသည်ကို မြင်သောကြောင့် အနည်းငယ်တုန့်ဆိုင်းသွားခဲ့သည်။ သူပန်းများကို သွားပစ်မည်အပြုတွင် ရင်းနှီးနေသည့်အသံတစ်ခု ထွက်ပေါ်လာသည်
" အစ်ကိုရွှိ… အစ်ကို့ကိုဘယ်သူနှင်းဆီပန်းတွေပေးလိုက်တာလဲ…"
ကျန်းရွှိ၏အတွေးများမှာ ရုတ်တရက်အနှောင့်အယှက်ပေးခံလိုက်ရသည်။ သူ့ကိုလှမ်းပြောလာသည့်လူမှာ ယွီစန်းဖြစ်နေသည့်အတွက်ကျန်းရွှိ မျက်လုံးကိုပင့်၍ ကြည့်လိုက်မိသည်။ တိုတောင်းသည့်ခဏတာအချိန်အတွင်း သန့်ရှင်းရေးအဒေါ်ကြီးမှာ လှည်းကိုတွန်းကာ ကျော်ဖြတ်သွားပြီဖြစ်သောကြောင့် ကျန်းရွှိ အဆုံး၌ ပန်းများကိုရုံးခန်းထဲသို့ ယူမသွားခင်အထိ ထိုနေရာတွင် ကို့ရို့ကားယားရပ်နေမိသည်။
" စားသောက်ဆိုင်က ပရိုမိုးရှင်းလုပ်တာ…"
" ဘယ်လိုဆိုင်မျိုးက ဒီလောက်နှင်းဆီပန်းတွေအများကြီးပေးမှာလဲ…" ယွီစန်းမယုံသည့်အပြင်ထူးထူးခြားခြားအတင်းအဖျင်းပြောနေချင်ခဲ့သည် ။" အစ်ကို့ကို တစ်ယောက်ယောက်လိုက်နေတာ ဟုတ်တယ်မလား…"
" မင်းလိုချင်ရင် ငါပေးလိုက်လို့ရတယ်.."
ယွီစန်းမှ " မေးတောင်မရေးရဲပါဘူးဗျာ… အနာဂတ်မရီးက ရိုက်သတ်နေဦးမယ်…"
ကျန်းရွှိ ရှန့်ဖန်းယွိ၏ခုံကိုလှမ်းကြည့်လိုက်ရာ ထိုင်ခုံမှာ လစ်ဟာနေကာ သူ၏အပေါ်ထပ်နှင့် ယုန်ဝတ်စုံကိုမူ တော်ရိလျော်ရိသာ ခုံနောက်တွင် ပစ်တင်ထားခဲ့သည်။ ကျန်းရွှိ ပါဆယ်ဘူးကိုချကာ မွေးလူနာဆောင်သို့သွားရန် ဦးတည်လိုက်သည်။
မွေးလူနာဆောင်မှာ ကျီဟွား၏အလုပ်အရှုပ်ဆုံးနေရာတစ်ခုဖြစ်ပြီး ဆေးဘက်ဆိုင်ရာအထောက်အပံ့အကန့်အသတ်ရှိခြင်းကြောင့် မွေးလူနာကုတင်များမှာ တစ်ခုနှင့်တစ်ခုကပ်နေခဲ့သည်။ သက်လတ်ပိုင်းအရွယ်ဇနီးသည်များနှင့် ကိုယ်ဝန်ဆောင်များ၏အသံများမှာ ကျန်းရွှိ၏နားထဲသို့ လွင့်ပျံလာပြီး သူရှာဖွေကြည့်ရာ ရှန့်ဖန်းယွိကိုမတွေ့သည့်အတွက် မွေးခန်းထဲမှဆရာဝန်ကို မေးလိုက်သည်။
" ကုတင်၂၃ကောဘယ်လိုနေလဲ…"
" ကလေးက ပြောင်းပြန်ထွက်လာပြီး ကောင်းကောင်းအလုပ်မဖြစ်တော့ ဒေါက်တာရှန့်ကခွဲမွေးဖို့ ဆုံးဖြတ်လိုက်တယ်…" မွေးခန်းတွင်းမှ ဆရာဝန်မှာ အပြင်ဘက်တံခါးကို တစ်ချက်ကြည့်ကာ " မကြာသေးခင်ကမှ လူနာကို ခွဲခန်းထဲပို့လိုက်ကြတာလေ…"
ပုံမှန်မွေးခြင်းမျိုးတွင် ကလေးမှာ ခေါင်းအရင်ထွက်လာတတ်ပြီး ကလေး၏ခေါင်းမှာ တင်ပါးဆုံရိုးသို့ ပထမဆုံးရောက်ရှိလာသည်နှင့် မွေးဖွားခြင်းလုပ်ငန်းစဉ်စတင်ပြီဖြစ်သည်။ ပြောင်းပြန်ထွက်လာခြင်းမှာမူ ကလေး၏တင်ပါးသို့မဟုတ် ခြေထောက်မှထွက်လာခြင်းမှာမူ ပုံမှန်ဖြစ်နေကြ သန္ဓသေားအနေအထားမူမမှန်ခြင်းမျိုးဖြစ်ကာ မွေးဖွားရန်ပို၍ခက်ခဲစေတတ်သည်။
ကျန်းရွှိ အနည်းငယ်အံ့ဩသွားမိသည်။ ကုတင်၂၃နှင့်သူမ၏မိသားစုမှာ အလွန်ခေါင်းမာကြရာ ခွဲမွေးရန်သဘောတူမည်ဟုပင် သူလုံးဝမထင်ထားမိခဲ့ပေ။
" သုံးမြွှာပူးဖြစ်နေတင်ကို အန္တရာယ်များနေပြီကို နာကျင်မှုကလည်း ပြင်းထန်လွန်းတယ်… ဒေါက်တာရှန့်က မိခင်ကိုပြောင်းဖို့ စည်းရုံးလိုက်မှပဲ လွှတ်ပေးလိုက်တော့တာ…"
မွေးခန်းတွင်းမှ ဆရာဝန်က ပြောလာသည်။
ကျန်းရွှိ ခေါင်းငြိမ့်ပြလိုက်ပြီး ရုံးခန်းတွင်းသို့ ပြန်သွားခဲ့သည်။ အချိန်အတန်ကြာပြီးနောက် ခွဲစိတ်မှုပြီးလုပြီဟု သူတွက်ချက်ထားသောအချိန်တွင် ပါဆယ်ဘူးကိုယူကာ မိုက်ခရိုဝေ့ထဲတွင် အဆင်သင့်နွှေးစားရန်အတွက် ခွဲစိတ်ခန်းမ၏စောင့်ဆိုင်းခန်းရှိရာသို့ ယူလာခဲ့လိုက်သည်။
ပါဆယ်ဘူးကို ဖွင့်တော့မည့်အချိန်၌ ရုတ်တရက်အလောတကြီးဖြစ်နေသောခြေသံများထွက်ပေါ်လာကာ သူနာပြု၏ပျာယာခတ်နေသံမှာ ထွက်ပေါ်လာသည်
" ကယ်ဆယ်ရေးအဖွဲ့… ကယ်ဆယ်ရေးအဖွဲ့ကို အသိပေးလိုက်တော့…"
ကျန်းရွှိ၏လက်မှာအားပျော့သွားကာ ဘူးမှာ စားပွဲပေါ်သို့ ကျဆင်းသွားရလေသည်။
.....
တစ်မိနစ်မတိုင်ခင် ခွဲစိတ်ခန်းအတွင်း။
တတိယမြောက်ကလေးကို ထုတ်လိုက်ပြီးနောက် ရှန့်ဖန်းယွိ ချက်ကြိုးကို ဖြတ်ချလိုက်သည်။ သူနာပြုမှ ကလေးကိုယူသွားခဲ့ကာ ရှန့်ဖန်းယွိ ခွဲစိတ်ခန်းသုံးကတ်ကြေးကို ချထားလိုက်ပြီး လူတိုင်းကို ပြောလိုက်သည်။
" မင်းတို့ကောင်းကောင်းလုပ်ခဲ့ကြတာပါ…အားလုံးကိုကျေးဇူးတင်ပါတယ်…" ထို့နောက်ပြုံးလျက် မိခင်ဖြစ်သူကို ပြောလိုက်သည်။ " မင်းလည်း ကောင်းကောင်းကြိုးစားခဲ့ပါတယ်…"
ကုတင်၂၃မှလူနာဖြစ်သည့် ဝမ်ချီမှာ ပင်ပန်းနွမ်းနယ်နေပုံရသော်လည်း ပျော်ရွှင်စွာ ပြုံးနေကာ သူမ၏ချွေးများရွှဲနစ်နေသောဆံပင်များမှာ နဖူးပေါ်တွင်ကပ်နေပြီး ထုံဆေးထိုးထားသောကြောင့် သူမ၏အောက်ပိုင်းမှနာကျင်မှုကို မခံစားနေရပေ။ အောင်အောင်မြင်မြင်မွေးဖွားနိုင်ခြင်း၏ ပျော်ရွှင်မှုတွင် နှစ်မြှုပ်နေပြီး သူမ၏ နှုတ်ခမ်းထောင့်များမှာ ဖြည်းညင်းစွာ ကွေးညွတ်သွားခဲ့သည်။
သုံးမြွှာပူးကိုယ်ဝန်မှာ လစေ့သည်အထိနေရန်ခက်ခဲကာ များသောအားဖြင့် လမစေ့ဘဲမွေးတတ်ကြပြီး ဝမ်ချီသည်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။ ကလေးမွေးဖွားပြီးနောက်တွင် ကလေးများကို ဖန်ပေါင်းချောင်တွင်ထည့်ကာ အထူးကြပ်မတ်ကုသဆောင်သို့ မပို့မီ သူမတစ်ကြိမ်သာ ကြည့်ခွင့်ရခဲ့သည်။
ဝမ်ချီ၏မျက်လုံးမှာအောက်သို့ရောက်နေကာ ခံစားချက်များထဲတွင် နစ်မြုပ်နေသည်ကို မြင်လိုက်ရသောကြောင့် ရှန့်ဖန်းယွိ သူမကို ချော့မော့လိုက်သည်။ " ဝမ်းမနည်းပါနဲ့…မကြာမီတွေ့ရတော့မှာပါ…"
ဝမ်ချီ ခေါင်းညိတ်ကာ သက်ပြင်းချလိုက်သည်။ ခဏအကြာ၌ သူမ ရုတ်တရက် မျက်မှောင်ကြုတ်ကာ ချောင်းဆိုးလာသည်။
ရှန့်ဖန်းယွိ မူလအစတုန်းက သားအိမ်အခြေအနေကိုကြည့်ကာ အချင်းကို ထုတ်ပေးရန် ပြင်ဆင်နေခဲ့သော်လည်း အသံကိုကြားလိုက်ရချိန်တွင် သူ၏အကြည့်မှာ ရုတ်တရက်ရပ်တန့်သွားခဲ့သည်။ ခဏအကြာတွင် ဝမ်ချီထပ်မံ၍ ချောင်းဆိုးလာခဲ့သည်။
ခြောက်ကပ်နေသောချောင်းဆိုးသံမှာ အထူးအဆန်းတစ်ခုမဟုတ်သော်လည်း ရှန့်ဖန်းယွိ၏မျက်လုံးများကို ကျုံ့သွားစေခဲ့သည်။
" အသံရှုပိုက်ထည့်ဖို့ပြင်လိုက်တော့…" သူ အလောတကြီးပြောလိုက်သည်။
" ဟမ်.." မေ့ဆေးဆရာဝန်မှာမူ ကြောင်အနေခဲ့သည်။
" အမြန်…" ရှန့်ဖန်းယွိ ထပ်ပြောလိုက်သည် " မြန်မြန်လုပ်…"
မေ့ဆေးဆရာဝန်မှ အသက်ရှုပိုက်ထည့်ရန်လုပ်လိုက်ချိန်တွင် မကြာသေးမီကမှ အကောင်းအတိုင်းရှိနေသည့်ဝမ်ချီမှာ မျက်လုံးလန်ကာ ရုတ်တရက် စတင်၍ပြင်းထန်စွာ တုန်ယင်လာခဲ့သည်။
ရှန့်ဖန်းယွိ ချက်ချင်းလိုပင် မျက်လုံးကိုပင့်ကာ ECG မော်နီတာထံသို့ကြည့်လိုက်သော်လည်း အသက်ပင်ပြန်မရှုနိုင်ခင် ခွဲစိတ်ခန်းအတွင်း ရုတ်တရက် ကျယ်လောင်သောအချက်ပေးသံ ပဲ့တင်ထပ်သွားကာ လွန်ခဲ့သောမိနစ်ဝက်ခန့်က တည်ငြိမ်ခဲ့သော ဒေတာအမျိုးမျိုးမှာ ကျဆင်းလာခဲ့သည်။ ခဏအတွင်းမှာပင် ECG မော်နီတာပေါ်၌ သုညလေးလုံးပေါ်လာခဲ့သည်။
P: pulse rate 0 beats/min
R: heart rate 0 beats/min
BP: blood pressure 0 mmHg
SpO2: blood oxygen saturation 0
နှလုံးဖောက်၍အသက်ရှုရပ်သွားခြင်း…
လူတိုင်း၏စိတ်ထဲတွင် ထွက်ပေါ်လာသော စူးရှသည့်အချက်ပေးသံနှင့်အတူ ခွဲစိတ်ခန်းတစ်ခုလုံးမှာ အထိတ်တလန့်အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။
" Epinephrine နှစ်မီလီဂရမ်ကို နှစ်ခါခွဲလိုက်…dexamethasone နှစ်ဆယ်မီလီကို သွေးကြောထဲထိုး…"
ရှန့်ဖန်းယွိ အင်္ကျီလက်ကို ခေါက်လိုက်ကာ အလွန်လျင်မြန်စွာ ပြောလိုက်ပြီး ဝမ်ချီ၏ရင်ဘတ်ကို စတင်ဖိလိုက်တော့သည်။
သူ၏ခန္ဓာကိုယ်မှာ နိမ့်ချည်မြင့်ချည်ဖြစ်နေသည်နှင့်အတူ ဖိထားသည်မှာလည်း စည်းချက်ကျကျနှင့် ပို၍ပြင်းထန်လာခဲ့သည်။ ဝမ်ချီ၏ သားအိမ်အတွင်းမှ အနက်ရောင်အခဲမဟုတ်သော သွေးများစီးဆင်းလာကာ ပြွန်တစ်ခုကို သူမ၏အသက်ရှုလမ်းကြောင်းအတွင်းသို့သွင်းလိုက်ရသည်။ စက်အကူအညီဖြင့် အသက်ရှုခြင်းကို စည်းချက်ညီညီ လုပ်ဆောင်နေချိန်တွင် ရှန့်ဖန်းယွိ၏နဖူးပေါ်၌ ချွေးများသီးနေခဲ့ပြီဖြစ်သည်။
အပြင်ပိုင်းရင်ဘတ်ကိုဖိခြင်းမှာ ခွန်အားအလွန်စိုက်ထုတ်ရသောအရာဖြစ်သောကြောင့် ရှန့်ဖန်းယွိတစ်ကိုယ်လုံး ချွေးများရွှဲနစ်နေခဲ့သည်။
" epinephrineထပ်ပေးလိုက်.." သူECG မော်နီတာကို တစ်ချက်ကြည့်လိုက်ပြီး အမြန်ညွှန်ကြားလိုက်သည် " လေးမီလီကို ခွဲပြီးပေးလိုက်…aminophylline တစ်ရာနှစ်ဆယ့်ငါးမီလီကို သွင်းပေးလိုက်တော့…ပြီးရင် အသက်ကယ်အဖွဲ့ကို အကြောင်းကြားလိုက်…" ထိုသို့ပြောပြီးနောက် နှုတ်ခမ်းကိုကိုက်ကာ " မိသားစုကိုလည်း အခြေအနေပြင်းထန်တဲ့အကြောင်းပြောလိုက်…"
" ဒါကရေမြွှာအရည်အဆုတ်ထဲဝင်သွားတာပဲ…"
ခွဲခန်းထဲမှသတင်းမှာ ခြေထောက်ပေါက်လာသကဲ့သို့ အပြင်သို့ရောက်လာသည်နှင့် ကျန်းရွှိ၏မေးမှာ တင်းကြပ်သွားကာ သူ၏နှလုံးမှာ ဗုံတစ်လုံးကဲ့သို့ ခုန်ပေါက်လာသည်။
ကလေးမီးဖွားရာ၌ အကြောက်ရဆုံးအခြေအနေနှစ်ခုမှာ သွေးသွန်ခြင်းနှင့် ရေမြွာအရည်နှင့်အခြားသောအရာများ အဆုတ်တွင်းဝင်ရောက်သွားခြင်းတို့ ဖြစ်သည်။
ထိုအခြေအနေမှာ အလွန်ရှားပါးကာ မပေါ်လာခင်အထိ မည်သည့်လက္ခဏာမျှ မပြတတ်ချေ။ ကြောက်စရာအကောင်းဆုံးအချက်မှာ ရောဂါလက္ခဏာများကို ခွဲခြားသတ်မှတ်ရန် အလွန်ခက်ခဲခြင်းပင် ဖြစ်သည်။ ရောဂါဖြစ်ပွားချိန်မှာ ပုံမှန်မဟုတ်သော လက္ခဏာများပြခြင်းမှ သေဆုံးချိန်အထိ အလွန်လျင်မြန်လှပြီး တစ်မိနစ်အတွင်းဖြစ်သွားနိုင်ကာ ဆရာဝန်များတုန့်ပြန်ရန်ပင် အချိန်မမီတတ်ကြချေ။
၎င်းမှာ မည်သည့်အမျိုးသမီးတွင်မဆို အကြောင်းရင်းမရှိဘဲ ဖြစ်ပွားတတ်ခြင်းကြောင့် " သေဆုံးခြင်းအတွက် ကံစမ်းမဲ.." ဟူ၍ အသိများကာ မမွေးဖွားခင် ကြိုတင်ခန့်မှန်းပြီး ရှောင်ရှားနိုင်ရန်မှာ လွန်စွာခက်ခဲလှသည်။ ပို၍ဆိုးသည့်အချက်မှာ သေဆုံးမှုနှုန်းမှာလည်း အလွန်မြင့်မားပြီး ချက်ချင်းလိုပင် အလျင်အမြန်သေဆုံးတတ်ကြသည်။
ထို့ကြောင့်ပင် အချို့သောဆရာဝန်များမှာ ဤရောဂါမှ လူနာတစ်ဦးကို ကယ်တင်နိုင်ပါက သူ၏တစ်ဘဝလုံး ထိုအကြောင်းကို ကြွားလုံးထုတ်ဖို့ လုံလောက်သည်ဟုပင် နောက်ပြောင်လေ့ရှိကြသည်။
" ဒေါက်တာကျန်း…"
ကျန်းရွှိရုတ်တရက်လှည့်ကြည့်လိုက်ချိန်တွင် တာဝန်ကျသူနာပြုဆရာမမှာ ကယ်တင်ရှင်ကို မြင်လိုက်ရသကဲ့သို့ ပြောလာခဲ့သည် " ဒေါက်တာကျန်း ဒေါက်တာလီကမိသားစုကို အခြေအနေပြင်းထန်ကြောင်းအသိပေးရင်းနဲ့ ပြသနာဖြစ်နေလို့ တစ်ချက်လောက်သွားကြည့်ပေးပါဦး…"
ကျန်းရွှိ ထွက်လာခဲ့ပြီး လူနာရှိနေသော ခွဲစိတ်ခန်းတံခါးသို့ရောက်သည်နှင့် ပြင်းထန်သည့်အငြင်းပွားသံကို ကြားလိုက်ရသည်။
" ဘာတွေဖြစ်နေတာလဲ ငါတို့ကသဘာဝအတိုင်းမွေးချင်တယ်လို့ ပြောခဲ့တာကို မင်းတို့ပဲ ပိုက်ဆံပိုလိုချင်လို့ ခွဲခန်းထဲခေါ်သွားကြတာလေ…အကောင်းအတိုင်းရှိနေတဲ့လူကို ခေါ်သွားပြီးတော့ အခုနာရီပိုင်းအတွင်းမှာကို အသက်အန္တရာယ်ရှိတယ်ဆိုပြီး ပြောလာရလား…"
ခင်ပွန်းဖြစ်ပုံရသူနှင့် လီရှန့်တို့မှာ အချင်းချင်းတွန်းထိုးကာ စကားများနေကြသည်။
" မင်းတို့ဒီနေ့ဖြေရှင်းချက်မပေးရင်တော့ ဘယ်သူမှမလွတ်စေရဘူးမှတ်…" ထို့နောက် အော်လိုက်ကာ " အဲဒီရှန့်ဖန်းယွိဆိုတဲ့ကောင်ကို ထွက်လာဖို့ပြောလိုက်…သူက ငါ့မိန်းမကိုခွဲမွေးစေချင်ခဲ့တာလေ… ဒီနေ့ သူ့ကိုသေအောင်မရိုက်သတ်ရရင် ငါယောင်္ကျားမဟုတ်တော့ဘူး…"
လီရှန့်မှာ ရှင်းပြရန် ကြိုးစားနေသော်လည်း အချည်းနှီးဖြစ်နေဆဲပင်။
" စိတ်လျော့ပါဦး…ရေမြွှာအရည်အဆုတ်ထဲဝင်သွားတယ်ဆိုတာ အရေးပေါ်ပြသနာပါ… ကျွန်တော်တို့ကယ်ဖို့အကောင်းဆုံးလုပ်…" စကားမဆုံးခင်မှာပင် ထိုသူမှ လီရှန့်ကို လက်သီးဖြင့်ထိုးကာ " ဒါရိုက်တာကိုခေါ်လိုက်…"
လီရှန့်ထိုးမိသွားသောကြောင့် အနောက်ကိုဆုတ်ကာ နာကျင်နေသည့်မျက်နှာကိုလက်ဖြင့်အုပ်ကိုင်ထားရသည်။ ထိုသူမှ ဆဲဆိုကာ နောက်တစ်ချက်ထိုးတော့မည့်အချိန်၌ ကျန်းရွှိ လက်သီးကိုတားဆီးလိုက်သည်။
ဝမ်ချီ၏ခင်ပွန်းမှ ခေါင်းစောင်းကာ ကျန်းရွှိကို မျက်လုံးစွေကြည့်လိုက်ပြီး " မင်းကဒါရိုက်တာလား…"
" အသက်အန္တရာယ်ရှိကြောင်းပြောတာ သေဆုံးကြောင်းပြောတာမဟုတ်ဘူး…" ပြောရင်းမှ ကျန်းရွှိ၏မျက်နှာမှာ မြစ်တစ်စင်းကဲ့သို့လေးလံလာကာ " ဒေါက်တာရှန့်က လူနာကိုကယ်ဖို့အကောင်းဆုံးလုပ်နေတယ်… မင်းနဲ့ရန်မဖြစ်နိုင်သေးဘူး…"
" ကယ်ဖို့…" ထိုသူမှာ အပြင်းအထန်ဒေါသထွက်သွားကာ သူ၏အသံမှာခေါင်းလောင်းတစ်လုံးကဲ့သို့ ကျယ်လောင်လာသည်။
" ချီးပဲ အသက်အန္တရာယ်ရှိနေတဲ့လူနာကို ဘယ်လိုကယ်ပေးမှာလဲ…မင်းတို့က ပိုက်ဆံထပ်တောင်းနေကြတာလား… အဲဒီဆရာဝန်ကိုပဲ ထွက်လာပြီးပေးခိုင်းလိုက်စမ်းပါ…သူကဘယ်လိုတောင်ခွဲစိတ်မှုကိုလုပ်ရတာလဲ…"
ကျန်းရွှိ သက်ပြင်းတစ်ချက်ချကာ ပြောလိုက်သည်
" ဘယ်သူကမှ လူနာကိုဒီရောဂါမဖြစ်စေချင်ဘူး…ဆရာဝန်တစ်ယောက်အနေနဲ့လည်း ဒီမမျှော်လင့်ဘဲဖြစ်လာတဲ့ရောဂါကို ကြိုတင်မခန့်မှန်းနိုင်ဘူးလေ…"
စကားပင်မဆုံးခင်မှာပင် ထိုသူမှ ထပ်ထိုးရန်ပြင်လာသည့်အတွက် လီရှန့် ကျန်းရွှိကို ကာကွယ်ရန် အလျင်အမြန်ကြိုးစားလိုက်သည်။ ကျန်းရွှိ သူ့ကိုအဝေးသို့ဖယ်ထုတ်ကာ ခေါင်းစောင်း၍ ပြင်းထန်သောလက်သီးချက်ကို ရှောင်တိမ်းလိုက်ပြီး ထိုသူ၏နှာခေါင်းကိုညွှန်ပြကာ " ကျေးဇူးပြုပြီး စိတ်ကိုလျော့ပါ… မင်းရဲ့ဇနီးက အသက်ရှိနေသေးတယ်…ရှန့်ဖန်းယွိတောင် လက်မလျော့သေးတာ မင်းကလက်လျော့နေပြီလား…"
" ဒေါက်တာကျန်း ဘာမှမပြောနဲ့တော့…" လီရှန့် သူ၏အင်္ကျီစကိုဆွဲကာ အသံကိုနှိမ့်၍ ပြောလိုက်သည် " ဒေါက်တာက ခွဲခန်းထဲမှာမဟုတ်တော့ အခြေအနေကိုမြင်ရတာမဟုတ်ဘူး…လူနာရဲ့အခြေအနေက မကယ်နိုင်လောက်…"
" ကယ်နိုင်လိမ့်မယ်…." ကျန်းရွှိ လှည့်ကာ ခွဲစိတ်ခန်းထဲသို့ ဝင်သွားလိုက်ပြီး သူ၏အသံမှာတုန်ယင်နေလျက် မျက်လုံးများသိသိသာသာပင် နီမြန်းနေသည်။
" သူ့ကိုကယ်နိုင်လိမ့်မယ်…"
မကယ်နိုင်ရင်တောင်မှ ရှန့်ဖန်းယွိရဲ့အမှားမဟုတ်ဘူး…
ခွဲစိတ်ခန်းစင်္ကြံတွင်မူ ယောက်ယက်ခပ်နေကြပြီး ကျန်းရွှိ ခွဲခန်းဝတ်စုံကိုလဲလှယ်ကာ လက်ကိုဆေးကြောလိုက်သည်။ သူ တံခါးကိုဖွင့်ပေးသည့် အာရုံခံကိရိယာကို နင်းရန် ခြေထောက်မြှောက်လိုက်ချိန်၌ ခဏတာရပ်တန့်သွားကာ ပြန်ဆုတ်လိုက်လေသည်။
ခွဲခန်းထဲတွင် ဆရာဝန်ပိုများလေ ပို၍ပရမ်းပတာဖြစ်လေဖြစ်ရာ ယခုသူဝင်သွားပါကလည်း အချည်းနှီးသာဖြစ်ပေမည်။ ရှန့်ဖန်းယွိသည်လည်း ခွဲစိတ်ခန်းထဲတွင် ရှိနေသေးသောကြောင့် ဤသည်ကပင် အသင့်လျော်ဆုံး ဆုံးဖြတ်ချက်ဖြစ်နိုင်သည်။ ကျန်းရွှိ အသက်ကိုဖြည်းညှင်းစွာ ရှူထုတ်လိုက်ပြီးနောက် အဝတ်လဲခန်းသို့ ပြန်လာခဲ့ကာ ရုံးကိုပြန်၍ အဖြေစောင့်ရန်သာ ရည်ရွယ်လိုက်သည်။
သို့သော်လည်း ခဏမျှတုန့်ဆိုင်းပြီးနောက် သူရပ်တန့်လိုက်ကာ သူ၏ပုံမှန်အဝတ်အစားများပါသည့်လော့ကာကို မဖွင့်ဘဲ နံရံကိုမီလျက် ထိုင်ချလိုက်သည်။
ဤကဲ့သို့ မမျှော်လင့်ထားသည့် အခြေအနေမျိုးနှင့် ကြုံရသည်မှာ သူ၏ပထမဆုံးအကြိမ်မဟုတ်ချေ။ သို့သော်လည်း ထိုအချိန်များ၌ သူ အမြဲလိုကယ်တင်ရန်ကိုပင် ရှေ့တန်းတင်ထားခဲ့ကာ သူ၏စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများအတွက် အပိုနေရာမရှိနေပေ။
ယနေ့မှသာ ခွဲစိတ်ခန်းအပြင်မှ စောင့်နေခြင်းသည် ခွဲစိတ်ကုတင်ဘေးတွင် ရပ်နေရခြင်းထက် ပို၍ စိတ်ဖိစီးစရာကောင်းကြောင်းကို သူသဘောပေါက်သွားခဲ့ရသည်။
သူကုတင်၂၃မှလူနာအတွက် စိတ်ပူနေမိသလို ရှန့်ဖန်းယွိကိုလည်း စိုးရိမ်နေမိသည်။
ကျန်းရွှိ ခေါင်းကို အနောက်သို့စောင်း၍ အဝတ်လဲခန်းနံရံကို မှီချလိုက်ပြီး ဖြစ်နိုင်သည်မှာ အေးစက်သောကြမ်းပြင်နှင့်နံရံများသည် သူ၏ယခုအချိန်၌ ပူပန်နေသောစိတ်များကို တည်ငြိမ်စေရန် ကူညီပေးနိုင်သည့် တစ်ခုတည်းသော အရာများဖြစ်နိုင်ခြင်းကြောင့်ပင်။